အခန်း (၁၂၈)
Vol. 9 Ch. 128
"ရှေးစကားပုံတစ်ခုရှိတယ်လေ..။ အခြေအနေကို နားလည်တဲ့သူကမှ ဉာဏ်ကောင်းတဲ့လူလို့ ပြောကြတယ်... ။ ခင်ဗျားလို ဓားပြကြီးတန်းကျိက ဒီလိုလူစိမ်းနယ်မြေထဲမှာ မြင်းဓားပြအဖွဲ့တွေကို တစ်ယောက်တည်း စုစည်းနိုင်တာနဲ့တင် တော်တော်လေး လေးစားဖို့ကောင်းနေပြီ…"
မုန့်ချီကတော့ ရှန့်ကျွေကို အပြုံးနှင့် ပြောလိုက်သည်။
ရှန့်ကျွေကတော့ အနည်းငယ် စိုးရိမ်နေသည့်အသံနှင့် ပြန်ပြောလိုက်၏။
"မင်းက ကိုယ့်စကားကိုယ်တည်ရမယ်…"
"ကျုပ်က ဗုဒ္ဓရှေ့မှာသစ္စာဆိုပါတယ်... "
မုန့်ချီက သစ္စာဆိုလိုက်သည်။ သို့သော် တာအိုဘိုးဘေးနှင့် ဗုဒ္ဓများရှိနေသော ကမ္ဘာကြီးထဲတွင် သူက ပို၍သတိထားရန် လိုအပ်သည်။ သူကတော့ ထိုကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်သည်မှာ ကံကောင်းသွား၏။
ရှန့်ကျွေက သက်ပြင်းချပြီး ပြောလိုက်သည်။
"မနေ့တုန်းက ခေါင်းဖြူငှက်တစ်ကောင်ဆီကနေ သတင်းရောက်လာခဲ့တယ်... ။ လေပေါ်ပျံဝဲဟို ယွမ်မုန်ကျိက ချီလီလမ်းကြောင်းမှာ မင်းရဲ့ဆရာတူညီလေးကို ဖမ်းသွားတယ်... ။ အဲဒါက ပိုမီနယ်မြေနဲ့ ဆက်သွယ်ထားတဲ့ ချီလီလမ်းကြောင်းပဲ ။ သူက မင်းရဲ့ညီကို ဓားစာခံအနေနဲ့ မကောင်းဆိုးဝါးတောင်တန်းဆီကို ပို့ချင်နေတာ... "
လေပေါ်ပျံဝဲဟို ဟူသည်မှာ ကျိလော်ကျူး၏ လက်အောက်ခံ တစ်ယောက်ဖြစ်ပြီး ရာပေါင်းများစွာသော မြင်းဓားပြခေါင်းဆောင်များထဲတွင် နာမည်ကျော်တစ်ယောက် ဖြစ်သည်။ သူကလည်း တံခါး (၉) ပေါက်ပွင့်နေသော ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်သည်။
ပြောရမည်ဆိုလျှင် သူတို့နှစ်ယောက်လုံးက ချီလဲ့ချိုင့်ဝှမ်းတွင် ဘုရင်များဖြစ်ကြပြီး သူတို့လုပ်ချင်သည့် အရာအားလုံးကို လုပ်နိုင်ကြသည်။ ကျန်းဟွေကတော့ အလွန်ရိုးသားဖြူစင်ပြီး သိုင်းလောကတွင် အစိမ်းသက်သက် ဖြစ်သည်။ သူက မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေး အမိန့်အကြောင်းကိုလည်း မသိချေ။ ထို့ကြောင့်လည်း အဖမ်းခံလိုက်ရသည်မှာ သာမန်သာ ဖြစ်သည်။
မကောင်းဆိုးဝါးတောင်တန်းကို ကူကျားတောင်ထိပ်ဟုလည်း ခေါ်ပြီး သေမင်းပင်လယ် သဲကန္တာရ၏ အရှေ့တောင်ဘက်တွင်လည်း တည်ရှိသည်။ ထိုနေရာတွင် ကျိလော်ကျူး၏ စခန်းရှိနေသည့်အတွက် ထိုနာမည်ကို ပေးထားခဲ့ခြင်း ဖြစ်၏။
ထိုနေရာက အန်ကုံရှဲ့ကို မုန့်ချီ သတ်လိုက်သော အိုအေစစ်နှင့် အလွန်နီးကပ်နေသည်။ ပထမကတည်းက ထိုအန်ကုံရှဲ့က ထိုလမ်းကြောင်းကို ရွေးချယ်ခဲ့သည်မှာ လိုအပ်လျှင် မကောင်းဆိုးဝါးတောင်တန်း၌ ပုန်းအောင်းနေလိုခြင်းကြောင့် ဖြစ်သည်။
"ကျုပ်ရဲ့ဆရာတူညီလေးကို မကောင်းဆိုးဝါးတောင်တန်းဆီပို့ဖို့ အဆင်သင့်ဖြစ်နေပြီလား... "
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
ရှန့်ကျွေက သူ့ကို လိမ်ပြောလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ယွမ်မုန်ကျိကသာ သူ၏ဆရာတူညီလေးကို ဓားစာခံအဖြစ် အသုံးပြုချင်နေသည်ဆိုလျှင် သိပ်မကြာခင် လူတိုင်းက ထိုသတင်းကို သိသွားတော့မည် ဖြစ်သည်။
ကူချန်းချင်ကလည်း အခြေအနေကို သေချာ စဉ်းစားကြည့်နေခဲ့၏။
"ချီလီလမ်းကြောင်းနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဒီနေရာက မကောင်းဆိုးဝါးတောင်ကြားနဲ့ တော်တော်လေးနီးတယ်... ။ ငါတို့က လမ်းတစ်ဝက်မှာ သူတို့ကို နှောင့်ယှက်လို့ ရနိုင်တယ်... ။ ဒါပေမယ့် ယွမ်မုန်ကျိကသာ ဓားစာခံပို့မယ်ဆိုတဲ့ကိစ္စက ငါတို့ကိုဖမ်းမယ့် ထောင်ချောက်ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ...”
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
"ငါလည်း အဲဒီလိုပဲ တွေးမိတယ်...။ မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်က ငါ့ကိုဦးတည်နေတာ..။ သူက ကျိလော်ကျူးရဲ့ ကတိကို ငါ့ရဲ့ဆရာတူညီလေးနဲ့ အလဲအလှယ်လုပ်နိုင်မှာ မဟုတ်ဘူး... ။ တကယ်လို့ အကျိုးအမြတ်များများ လိုချင်တယ်ဆိုရင် ယွမ်မုန်ကျိက ငါ့ရဲ့ဆရာတူညီလေးဆီကနေတဆင့် ငါ့ကို သေချာပေါက်ဖမ်းမိဖို့ မျှော်လင့်နေလိမ့်မယ်..။ ချီလီလမ်းကြောင်းကနေ မကောင်းဆိုးဝါးတောင်တန်းကိုသွားဖို့ ဘယ်လောက်ကြာမလဲ... "
သူက ရှန့်ကျွေကို မေးလိုက်သည်။ သူက ထိုနေရာကို လုံးဝ မရောက်ဖူးသေးသည့် အတွက် ကူချန်းချင်ကလည်း အချိန်ကို ခန့်မှန်းရုံသာ တတ်နိုင်သည်။
"ပုံမှန်အရှိန်နဲ့ သွားမယ်ဆိုရင်တော့ ချီလီလမ်းကြောင်းကနေ မကောင်းဆိုးဝါးတောင်ထိပ်ကို (၁၄) ရက် ၊ (၁၅) ရက်လောက် အချိန်ပေးရလိမ့်မယ်..။ ဘယ်လိုပဲဖြစ်ဖြစ် သေမင်းပင်လယ်ကန္တာရထဲမှာ အန္တရာယ်တွေ အများကြီးရှိတယ်... ။ လမ်းကြောင်း (၃) ခုထဲမှာ သူတို့တွေ သေချာပေါက် ဖြတ်သွားရမယ့်နေရာ (၂)ခု ၊ (၃)ခုလောက် ရှိတယ်...။ မင်းကသာ သူတို့သွားမယ့်လမ်းကြောင်းကို ဖော်ထုတ်နိုင်မယ်ဆိုရင် သူတို့ကို လမ်းတစ်ဝက်ကနေ ဖြတ်တိုက်ဖို့ အချိန်လုံလောက်တယ်... "
ရှန့်ကျွေက ထိုအရာအားလုံးကို ပြောပြနေခဲ့သည်။ သူ့အတွက်တော့ မြန်မြန်သေလေလေ ပိုကောင်းလေလေ ဖြစ်၏။
မုန့်ချီက တွေဝေစွာ ပြောလိုက်သည်။
"တကယ်လို့ သူကသာ ကျုပ်တို့ကို လမ်းတစ်ဝက်မှာ တားစေချင်တယ်ဆိုရင် ယွမ်မုန်ကျိက ဒီသတင်းကို သေချာပေါက် ဖုံးကွယ်ထားမှာ မဟုတ်နိုင်ဘူး... ။ မဟုတ်ရင် ကျုပ်တို့က မကောင်းဆိုးဝါးတောင်ထိပ်ရဲ့ရှေ့မှာပဲ သူတို့ကို တားနိုင်လိမ့်မယ်... "
မကောင်းဆိုးဝါးတောင်ထိပ်က ကျိလော်ကျူး၏ စခန်းဖြစ်နေသည့်အတွက် မုန့်ချီနှင့် ကူချန်းချင်တို့က ဝင်သွားရဲခြင်း မရှိကြပေ။ အကယ်၍ သူတို့ကသာ သူ၏ဆရာတူညီလေးကို ကယ်တင်ချင်သည်ဆိုလျှင် အကောင်းဆုံး အခွင့်အရေးကတော့ မကောင်းဆိုးဝါးတောင်ကြား၏ ရှေ့တွင် ရှိနေသော အိုအေစစ် ဖြစ်သည်။
တစ်ဖက်တွင်တော့ ယွမ်မုန်ကျိက တံခါး (၉) ပေါက်ပွင့်နေသည့် ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူသာ မြန်မြန်သွားမည်ဆိုလျှင် ကျန်းဟွေကို အိုအေစစ်ထဲသို့ ခေါ်သွားမည့်အစား တိုက်ရိုက်ခေါ်သွား၍ပင် ရနိုင်သေးသည်။
"ယွမ်မုန်ကျိက တော်တော်လေးကို မာနကြီးတယ်... ။ ပြီးတော့ သူ့အတွက် အချိန်ကလည်း ကန့်သတ်ချက်ရှိတယ်..။ သူက ကျန်းဟွေကို သေချာပေါက် လူအများကြီးနဲ့ပို့ဖို့ ရွေးချယ်မှာပဲ...။ ဒါက မင်းကို ထောက်ချောက်ဆင်ဖို့ ပြင်ထားတာလည်း ဖြစ်နိုင်တယ်..."
ရှန့်ကျွေက ထူးဆန်းစွာ ပြုံးလိုက်သည်။
မုန့်ချီက အံ့သြသွားခဲ့၏။
"အချိန်က ကန့်သတ်ချက် ရှိနေတာလား..။ ကျုပ်တို့ရဲ့အချိန်က ကန့်သတ်ချက်ရှိနေတာ မဟုတ်ဘူးလား... "
ရှန့်ကျွေကတော့ အနည်းငယ် စိတ်သက်သာရာ ရသွားပုံပေါ်သည်။ သူက ရယ်လိုက်၏။
"ကိုရင်လေး …
မင်းပုံစံက ဂိုဏ်းကြီးတစ်ဂိုဏ်းက တပည့်တစ်ယောက်ပုံစံနဲ့ မတူပါလား... "
"ဟမ်... "
မုန့်ချီက ပို၍ပင် ရှုပ်ထွေးသွားခဲ့၏။
ရှန့်ကျွေက ပြုံးလိုက်သည်။
"ငိုကြွေးခြင်းအကြီးအကဲက သိုင်းလောကမှာ နောက်တစ်ကြိမ် ပေါ်လာလိမ့်မယ်လို့ ရှောင်လင်က ထင်ထားမှာ မဟုတ်ဘူး... ။ ဒါကြောင့် မင်းနဲ့မင်းဆရာက ဒုက္ခရောက်တာ..။ တကယ်လို့ သူတို့သာ သိသွားမယ်ဆိုရင် သူတို့က လာမကူဘဲ နေကြမှာလား...”
“ဒီနေရာက မင်းတို့ရဲ့အာဏာ မသက်ရောက်နိုင်တဲ့ အနောက်ပိုင်းနယ်မြေကြီး ဖြစ်နေမှတော့ သူတို့က သတင်းကို ချက်ချင်းရမှာ မဟုတ်ဘူး..။ ဒါပေမဲ့ ရှောင်လင်နဲ့ ပတ်သက်နေတဲ့ ကုန်သည်တွေ ကန္တာရတေလေတွေရှိတယ်...။ သူတို့က ဒီသတင်းကိုပို့လိုက်မှာပဲ….”
“အခြေအနေအရဆိုရင် ဒီသတင်းက ရှောင်လင်ကိုရောက်သွားဖို့ အများဆုံး (၁၀)ရက်လောက် အချိန်ပေးရလိမ့်မယ်..။ အဲဒါပြီးရင်တော့ ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေတဲ့ ဘုန်းတော်ကြီးတွေက မင်းတို့ကိုကူညီဖို့ ရောက်လာလိမ့်မယ်..။ ဖြစ်နိုင်ခြေရှိတာကတော့ ကုံမျိုးဆက် ဘုန်းတော်ကြီးတစ်ပါးကတောင် မင်းတို့ကို လာပြီးတော့ ကူညီပေးနိုင်တယ်... ။ တကယ်လို့ သူတို့ကသာ နေရောညပါ ခရီးထွက်လာမယ်ဆိုရင်တော့ (၁၀)ရက်အတွင်း သေမင်းပင်လယ်ကန္တာရကို ရောက်လာလိမ့်မယ်... "
ရွှမ်ပိုင်က သေမင်းပင်လယ်ကန္တာရ၏ အစွန်သို့ရောက်လာရန် နှစ်ဝက်ခန့် အချိန်ယူခဲ့သည်မှာ တခြားသော ဘုန်းတော်ကြီးများက ဤကိစ္စနှင့် ပတ်သက်၍ ပင်မဂိုဏ်းကြီး အသီးသီးဆီသို့ ပို့ပြီးသွားသည့်အချိန်အထိ စောင့်နေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူက မုန့်ချီနှင့် ကျန်းဟွေတို့ နှစ်ယောက်ကိုလည်း ခေါ်လာခဲ့ရသေးသည်။
အကယ်၍ ရွှမ်ပိုင် တစ်ယောက်တည်းသာဆိုလျှင်တော့ သူက လဝက်ပင် အချိန်ပေးရမည် မဟုတ်ချေ။ လက်ရှိအခြေအနေအရ ပြောရမည်ဆိုလျှင် သူက ငိုကြွေးခြင်းအကြီးအကဲနှင့် အချိန်ဆွဲ၍ တိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်။ သူတို့က သေမင်းပင်လယ်ကန္တာရထဲတွင် တိုက်ခိုက်နေသည်မှာ မိုင်ထောင်ပေါင်းများစွာပင် မကတော့ပေ။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
"သူတို့က တကယ်ပဲ အလျင်လိုနေတာပဲ ။ ဒါပေမယ့် ရှောင်လင်က ငါတို့ကို လာကယ်မယ်ဆိုတာ သိနေတာကိုတောင် ယွမ်မုန်ကျိက ဒီလိုလုပ်ရဲတဲ့ သတ္တိရှိနေတာပဲ…"
"ယွမ်မုန်ကျိက ရှောင်လင်ကိုယ်တော်တွေကို တည်ကြက်လုပ်ထားတာ ဖြစ်နိုင်တယ်..။ အကူအညီလာပေးတဲ့ ဘုန်းတော်ကြီးတွေက ဒီသတင်းကို သေချာပေါက်သိမှာပဲ ။ အဲဒီအချိန်ကျရင် ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေတဲ့ ဘုန်းတော်ကြီးတွေ ဒါမှမဟုတ် ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်နေတဲ့ ဘုန်းတော်ကြီးတွေက သူ့ဆီကို လိုက်သွားလိမ့်မယ်...။ အဲဒါဆိုရင်တော့ ပြီးသွားပြီပဲ …”
“သူက ဘာကိုကြောက်နေရမှာလဲ... ။ တကယ်လို့ သူသာ မင်းကို (၁၅) ရက် ၊ (၁၆)ရက်အတွင်း မျှားခေါ်ဖို့ အဆင်မပြေဘူးဆိုရင် သူက ကိုရင်လေးကိုသတ်ပြီး ပိုမီနယ်မြေထဲမှာ ပုန်းနေလို့ရတယ်လေ...။ သေမင်းပင်လယ်ကန္တာရထဲမှာ ကြမ်းတမ်းခက်ခဲတဲ့ နယ်မြေတွေ အများကြီးရှိတယ်... ။ အဲဒီအချိန်ကျရင် ဘယ်ဘုန်းတော်ကြီးကမှ သူ့ကို ရှာတွေ့မှာမဟုတ်ဘူး...။ သူက အချိန်ကြာမှ သိုင်းလောကမှာပြန်ပေါ်လာပြီး သူ့ရဲ့အဖွဲ့တွေကို ပြန်စုစည်းလိုက်လို့ရတယ်...။ ဒါဆိုရင်တော့ သူက အနှေးနဲ့အမြန် သူရဲကောင်းတစ်ယောက် ဖြစ်လာမှာပဲလေ... "
ရှန့်ကျွေက အားရပါးရရယ်ပြီး ပြောလိုက်၏။
ကူချန်းချင်က မုန့်ချီကို ရှင်းပြလိုက်သည်။
"တစ်ခုရှိတာက သေမင်းပင်လယ်ကန္တာရကြီးက အရမ်းကိုကျယ်ပြီး ပုန်းစရာနေရာတွေ အများကြီးရှိတယ်...။ နောက်တစ်ခုကတော့ မင်းတို့ကျောင်းတော်မှာရှိတဲ့ ထိပ်တန်းဘုန်းတော်ကြီးတွေက ဒီနေရာမှာအကြာကြီး မနေနိုင်ကြဘူး... ။ ဓမ္မကာရအဆင့် အင်မော်တယ်တွေက သူ့ကို တိုက်ခိုက်မယ်ဆိုရင်တော့ အမိဖမ်းနိုင်လိမ့်မယ်... ။ ဒါပေမယ့် အသူရာဘုန်းတော်ကြီးမန်နန်ကတောင် အနောက်ပိုင်းနယ်မြေကို ဝင်လာပြီးသွားရင် အကြာကြီးမနေနိုင်ဘူး... "
"ဟူး...ငါနားလည်ပြီ…"
မုန့်ချီက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။
ထို့ကြောင့်လည်း မြင်းဓားပြများက နှင်းတောင်ဂိုဏ်းကဲ့သို့သော နယ်မြေခံဂိုဏ်းကြီးများကို ရန်မစလိုကြခြင်း ဖြစ်သည်။ သို့သော် သူတို့က အလယ်ပိုင်းနယ်မြေထဲတွင် ရှိနေသော ရှောင်လင်နှင့် တခြားဂိုဏ်းကြီးများကို တွေ့ရသည့် အချိန်မျိုးတွင်တော့ အကြောက်အလန့် မရှိကြပေ။
"ဒါကြောင့် သူတို့က မင်းရဲ့ဆရာတူညီလေးကို မကောင်းဆိုးဝါးတောင်တန်းဆီ မပို့ခင် အချိန်မီကယ်တင်ဖို့လိုတယ်... "
ယွမ်မုန်ကျိ၏ အစီအစဉ်က ဓားစာခံလုပ်ထားလိုခြင်း မဟုတ်ချေ။ ပြောရမည်ဆိုလျှင် မုန့်ချီက ကျန်းဟွေကို ဂရုစိုက်မစိုက် သိလိုခြင်းသာ ဖြစ်သည်။
သူပြောလိုက်ပြီးနောက် မုန့်ချီက ရှန့်ကျွေကို စိုက်ကြည့်လိုက်၏။
"ခင်ဗျားက သေချာအသေးစိတ် ရှင်းပြနေတာပဲ ။ ခင်ဗျားရဲ့ရည်ရွယ်ချက်က ဘာလဲ.."
ရှန့်ကျွေက အပြုံးနှင့် ပြောလိုက်၏။
"ငါက သိပ်မကြာခင် သေတော့မှာပဲလေ..။ ငါ့မှာ ဘာရည်ရွယ်ချက် ရှိနိုင်ဦးမှာလဲ... ။ မင်းက သူ့ကို ကယ်ချင်တယ်ဆိုရင်တော့ ငါ့ကိုမြန်မြန်သတ်လိုက်တာကလွဲရင် ဘာများရှိနိုင်ဦးမှာလဲ..။ မင်းကို ယွမ်မုန်ကျိနဲ့ တခြားမြင်းဓားပြတွေက သတ်ပစ်ပါလိမ့်မယ်..။ မဟုတ်ရင်တောင် မင်းရဲ့ဆရာတူညီလေး အသတ်ခံရတာကို ကြည့်နေရလိမ့်မယ်... ။ အဲဒီအချိန်ကျရင် မင်းက နောင်တရပြီး တစ်ဘဝလုံး အပြစ်ရှိသလို ခံစားနေရမှာ...။ မင်းရဲ့အဆုံးသတ်ကို တွေးမိလိုက်တဲ့အချိန်မှာ ငါက မနေနိုင်ဘဲ ရယ်မိတယ်လေ..။ ဟား ဟား ဟား ဟား …"
သူ၏ရယ်သံထဲတွင် အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။
မုန့်ချီကတော့ သူရယ်ပြီးသွားသည့် အချိန်ထိ စောင့်နေပြီး ပြောလိုက်၏။
"ယွမ်မုန်ကျိက ဘယ်လမ်းကို ရွေးချယ်မယ်လို့ ခင်ဗျားထင်လဲ... "
"မင်းက တကယ်ပဲ သွားချင်တာလား... "
ရှန့်ကျွေက မုန့်ချီသေသွားရန် အမှန်တကယ် မျှော်လင့်နေခဲ့သည်။
ထို့ကြောင့် သူက ထူးဆန်းစွာ ပြောလိုက်၏။
"ငိုကြွေးခြင်းအကြီးအကဲက ကန္တာရထဲမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသေးတယ်.။ သူက တခြားအရာတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူး..။ အခုဟယ်လာမှာ မူမမှန်တဲ့အရာတွေ ဖြစ်နေတယ်.။ ရန်ရှိချီက အဲဒါကို ဖြေရှင်းဖို့ ကြိုးစားနေတယ်... ။ အစ်ကိုကြီးကျိုးလုကလည်း သူ့ကို ကူညီပေးဖို့သွားတယ်... "
ရန်ရှိချီက ဟယ်လာတွင် တစ်ဦးတည်းသော ဝေ့ကျင်းအဆင့် ပညာရှင်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သေမင်းပင်လယ်ကန္တာရထဲရှိ မြင်းဓားပြများထဲတွင် ထိုကဲ့သို့ ပညာရှင် (၄) ယောက် ၊ (၅) ယောက်ခန့် ရှိသည်။ ဟယ်လာကို မပြောနှင့် အနောက်ပိုင်း နယ်မြေကြီးကပင် အလွန်ကြီးမားသော နိုင်ငံကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။
သူက ခံစားချက်ကင်းမဲ့နေသော မုန့်ချီ၏မျက်နှာကိုကြည့်ပြီး ဆက်ပြောလိုက်၏။
"ယွမ်မုန်ကျိက မင်းကို လာကယ်စေချင်နေမှတော့ မင်းထွက်ပြေးဖို့ မလွယ်တဲ့ လမ်းကြောင်းကို ရွေးချယ်လိမ့်မယ်... ။ ဒါကြောင့် သူက ကွမ်ယွဲ့- ပိုတ - ပိုင်ရှန် - ငါးပင်လယ် - တန်ဟန်လမ်းကြောင်းကို ရွေးချယ်လိမ့်မယ်... ။ သူတို့တွေထဲမှာ ငါးပင်လယ်ကတော့ အစည်းကားဆုံး နယ်မြေတစ်ခုပဲ ။ ဒါကြောင့် အဲဒီလိုနေရာမျိုးမှာ မင်းက ပုန်းပြီး တိုက်ခိုက်ဖို့ ကောင်းတယ်လေ... ။ ယွမ်မုန်ကျိကလည်း သေချာပေါက် အဲဒီလိုပဲ တွေးထားလိမ့်မယ်... "
သူက တခြားအရာ အနည်းငယ်ကို မေးလိုက်ပြီးနောက် မုန့်ချီက သူ့အဖြေကို ကျေနပ်သွားခဲ့သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ဓားပြကြီးတန်းကျိ ….
ကျုပ်က ခင်ဗျားကို အခုချက်ချင်းပဲ သတ်ပေးပါ့မယ်... "
မျက်လုံးထဲတွင် မုန်းတီးမှုများ ပြည့်နေသော ရှန့်ကျွေက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါက မင်းကို ငရဲပြည်မှာစောင့်နေမယ်... "
မုန့်ချီ၏ အနီရောင်ဓားသွားဆီမှ အလင်းတန်းများ ထွက်ပေါ်လာသည့်အချိန်တွင် ရှန့်ကျွေ၏ လည်ပင်းမှနေ၍ သွေးများ ဖြာထွက်လာခဲ့၏။ သူ၏သွေးများက ဖြည်းညင်းစွာ စီးကျလာနေပြီး မျက်လုံးပွင့်၍ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သူက မုန့်ချီသေမည့်အချိန်ကို စောင့်ကြည့်နေချင်သေးပုံ ရ၏။
မုန့်ချီက သူ၏ရေခဲပေါ်တယ်ဓားကို ကောက်လိုက်ပြီး ကူချန်းချင်ကို ပြန်လှည့်ကြည့်လိုက်သည်။
"ချန်းချင် …
အန္တရာယ်များပေမယ့် ငါကတော့ ကြိုးစားကြည့်ရမှာပဲ ။ မဟုတ်ရင် ငါ့ဘဝတလျှောက်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေရလိမ့်မယ်... ။ ဒါပေမဲ့ ဒါက မင်းနဲ့ မသက်ဆိုင်တော့ဘူး... ။ မင်းက ဝေးဝေးနေတာ ပိုကောင်းမယ်... "
သိုင်းသမားတစ်ယောက်၏ ရင်ထဲတွင် အဖုအထစ်တစ်ခု ရှိလာခြင်းက သူတို့၏သိုင်းပညာ တိုးတက်မှုကို နှောင့်နှေးသွားစေနိုင်သည်။ ထိုအရာက သူတို့အတွက် တစ်ဘဝလုံးစာ နတ်ဆိုးတစ်ခု ဖြစ်လာနိုင်၏။
ကူချန်းချင်က အံကြိတ်ပြီး ပြောလိုက်သည်။
"တကယ်လို့ ငါက တိုက်ပွဲထဲမှာ ဝင်ပါမယ်ဆိုရင်တော့ စွမ်းအားမလုံလောက်တဲ့အတွက် မင်းကို အနှောင့်အယှက်ပဲ ဖြစ်စေလိမ့်မယ်..။ ဒါပေမယ့် ငါက မင်းနဲ့သွားချင်တယ်... ။ ငါက ငါးပင်လယ်ကို ရင်းနှီးနေမှတော့ မင်းအတွက် တစ်ခုခု ကူညီပေးနိုင်ပါသေးတယ်..။ ဥပမာအနေနဲ့ပြောရရင် နားဖို့နေရာ ရှာဖွေတာမျိုး၊ထွက်ပြေးဖို့လမ်းကြောင်း ရှာဖွေတာမျိုးပေါ့..။ ပြီးတော့ သူတို့က ငါ့ကိုမသိမှတော့ သတိထားမိမှာလည်း မဟုတ်ဘူးလေ... ။ ငါက အဆင်ပြေမှာပါ... "
မုန့်ချီက သူ့မျက်လုံးထဲကို စိုက်ကြည့်လိုက်ရာ ခေါင်းမာနေသော မျက်လုံးတစ်စုံထဲတွင် မျှော်လင့်ချက်များ ပြည့်နေကြောင်း မြင်လိုက်ရသည်။ သူက ခဏကြာ စဉ်းစားလိုက်၏။
"ကောင်းပြီလေ... ။ ဒါဆိုရင် အကူအညီပေးတာတွေကလွဲရင် အောင်မြင်တာ ကျရှုံးတာတွေက မင်းနဲ့ဘာမှမဆိုင်ဘူး... ။ မင်းက ပွဲကြည့်သူတစ်ယောက်လိုပဲ နေရမယ်... ။ အဆင်ပြေလား... "
ရလဒ်အနေနှင့် သူက ကူချန်းချင်ကို ပြဿနာထဲ ဆွဲမခေါ်ချင်ခဲ့ပေ။
ကူချန်းချင်က ခေါင်းညိတ်ပြလိုက်၏။
"ငါနားလည်ပါတယ်... ။ ကျေးဇူးပြုပြီး သတိထားပါ...။ မင်းသာ အသက်ရှင်နေမယ်ဆိုရင် လက်တုံ့ပြန်ဖို့ အခွင့်အရေးရှိနိုင်သေးတယ်... "
ညာလက်တွင် ဓားမောက်ကို ကိုင်၍ ဘယ်လက်တွင် ဓားရှည်ကို ကိုင်ထားသော မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
" လူကယ်တာနဲ့ လူသတ်တာက မတူဘူးလေ... ။ မတူညီတဲ့အစွမ်းတွေ လိုအပ်တယ်... ။ ငါ့မှာ အခွင့်အရေးတစ်ခု ရှိမယ်လို့ ယုံကြည်ပါတယ်... "
ထို့နောက် မုန့်ချီနှင့် ကူချန်းချင်တို့က ရှန့်ကျွေနှင့် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များ၏ တဲများကို ရှာဖွေလိုက်ကြသည်။ မုန့်ချီကတော့ အလွန်ဝမ်းသာသွားခဲ့၏။ ရှန့်ကျွေက သူ၏ပိုင်ဆိုင်မှု အများစုကို သူနှင့်အတူ ယူလာခဲ့ခြင်းကြောင့် ဖြစ်သည်။
"ဒီမှာ မြေစာချုပ်(၃) နဲ့ လော့ယန်မှာ ရှိတဲ့အိမ် (၂) အိမ်ရဲ့ စာချုပ်တွေရှိတယ်... ။ ဓားပြကြီးတန်းကျိက သူ့ရဲ့အလုပ်ကို စွန့်လွှတ်ဖို့ စဉ်းစားနေခဲ့တာပဲ။ ပြီးတော့ သူက အလယ်ပိုင်းနယ်မြေထဲမှာ အနားယူဖို့ စဉ်းစားထားတာ ဖြစ်မယ်... "
မုန့်ချီက သူ့လက်ထဲတွင်ရှိနေသော စာရွက်များကိုကြည့်ပြီး ပြုံးလိုက်သည်။
အမှန်အတိုင်းပြောရလျှင် မည်သူကမျှ တစ်ဘဝလုံး ဓားပြအဖြစ် မနေလိုကြပေ။ သူတို့၏ အဓိကရည်ရွယ်ချက်က ချမ်းသာကြွယ်ဝမှု ၊ မိန်းမလှလေးများနှင့် သိုင်းကျမ်းများ ဖြစ်သည်။ အကယ်၍ သူတို့ရှာဖွေနေသော အရာများကို ရသွားပြီဆိုလျှင် သူတို့က မြင်းဓားပြမလုပ်တော့ပဲ သာမန်ဘဝနှင့်သာ အေးအေးဆေးဆေး နေထိုင်လိုကြသည်။
မြင်းဓားပြခေါင်းဆောင် ဖြစ်သည့် သူ့ဆီတွင်တော့ ကန့်သတ်ချက်များစွာ ရှိနေသည်။ ဥပမာအနေနှင့်ပြောရလျှင် သူက အလွန်ချမ်းသာကြွယ်ဝနေလျှင်ပင် သူ၏နောက်လိုက်များကို လုံးဝ စွန့်မပစ်နိုင်ပေ။
ထို့ကြောင့်လည်း ရှန့်ကျွေက သူ ခိုးယူဓားပြတိုက်ထားသော ချမ်းသာကြွယ်ဝမှု အများစုကို ထိုစာရွက် (၅) ရွက်နှင့် တိတ်တဆိတ် လဲလှယ်ထားခြင်း ဖြစ်သည်။ ထိုအရာက ကျန်ရှိနေသောဘဝတွင် ကျယ်ပြန့်သောနယ်မြေများ ၊ ကြီးကျယ်ခမ်းနားသော အိမ်များနှင့် အနားယူရန် စဉ်းစားထားခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် မြင်းဓားပြများအားလုံးက သူတို့၏အဖော်များကို လုံးဝ မယုံကြည်ကြပေ။ ထို့ကြောင့် ရှန့်ကျွေက ကျန်ရှိနေသော ချမ်းသာကြွယ်ဝမှုများကို အလွယ်တကူ သယ်ဆောင်သွား၍ ရနိုင်သော အဖိုးတန် လက်ဝတ်ရတနာများအဖြစ် ပြောင်းလဲထားခဲ့သည်။ ထို့ကြောင့် မုန့်ချီက အတော်လေး ကံကောင်းသွားခဲ့၏။
မုန့်ချီနှင့် ကူချန်းချင်တို့က ကောင်းမွန်စွာ ပူးပေါင်းနိုင်ခဲ့သည်။ မုန့်ချီက ရှန့်ကျွေ၏ ပိုင်ဆိုင်မှုကိုသာ အဓိက စိတ်ဝင်စားနေပြီး ကူချန်းချင်ကတော့ တခြားသော မြင်းဓားပြ(၄) ယောက်၏ ပိုင်ဆိုင်မှုများကို ယူဆောင်နေခဲ့သည်။ ထိုအရာက သူတို့ရသင့်ရထိုက်သော အရာများဖြစ်၏။
မုန့်ချီက ထိုအိမ်စာချုပ်များနှင့် မြေစာချုပ်များကို သိမ်းလိုက်သည်။ ထိုသို့ဆိုလျှင် ရှောင်လင်မှ ထွက်သွားပြီးနောက် သူ၏ အနာဂတ်တွင် ကောင်းမွန်သော နေရာတစ်ခု ရသွားနိုင်၏။
ထို့နောက် သူက ရှန့်ကျွေ၏ဓားကို ကောက်ယူလိုက်သည်။ ဓားကိုယ်ထည်ကို သေချာသုတ်လိုက်ရာ ထိန်းချုပ်ထားသော ဓားချီစွမ်းအင်များကို ခံစားမိနေခဲ့၏။ ထိုဓားက သာမန်သံနှင့် ဖန်တီးထားသလို ထင်မှတ်ရသော်လည်း သွေးစီးကြောင်းတချို့ ဖုံးကွယ်နေသည်။
သူက လက်ကို ဓားနှင့် ဖြတ်ကြည့်လိုက်ပြီးနောက် ဓားက သွေးကို စုပ်သွားကြောင်း ခံစားမိသည့်အခါ ထိုအရာက ရေခဲပေါ်တယ်ဓားကဲ့သို့ ကောင်းမွန်သော သန့်စင်လက်နက်တစ်ခု ဖြစ်ကြောင်း သေချာသွားခဲ့သည်။
"သွေးစုပ်နိုင်စွမ်း.... "
မုန့်ချီကတော့ ဓားပေါ်တွင် ရှိနေသော စကားလုံးများကို ဖတ်ကြည့်ပြီး အတော်လေး ကျေနပ်သွားခဲ့သည်။
"ဒီဓားကို ကံကြမ္မာအမှတ်တွေနဲ့ လဲလို့ရပြီ…"
အလွန်ဝမ်းသာနေသော မုန့်ချီက ရှန့်ကျွေ၏ တဲထဲသို့ ဝင်သွားပြီး သူတွေ့သော သိုင်းကျမ်းများ အားလုံးကို သိမ်းယူလိုက်သည်။
“ဟုန်ချုဓားသိုင်း ၊ ရန်ညှိုးနှစ်ဖက်ဓားသိုင်း ၊ ကျိုးမိသားစု၏ ဓားမြန်သိုင်း ၊ အလင်းတန်း (၃)သွယ်ကျင့်စဉ် ၊ ကြည်လင်နှလုံးသားကျင့်စဉ် ..”
မုန့်ချီက အလွန်ဝမ်းသာနေပြီး သိုင်းကျမ်းများ၏နာမည်ကို တစ်ခုပြီးတစ်ခု ဖတ်ကြည့်နေခဲ့သည်။ ထိုအရာများကို ဖတ်ကြည့်နေရင်း ထိုသိုင်းကျမ်းများ အားလုံးက ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်များနှင့် ဓားသိုင်းကျမ်းများဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူတို့က စုစုပေါင်း (၄) ခုရှိနေပြီး နေရောင်ခြည် လှိုင်း (၃) သွယ်ကတော့ ရှန့်ကျွေ၏အသေခံ ဓားသိုင်းပညာတစ်ခု ဖြစ်နိုင်သည်။ ထို့ကြောင့် သူက အားရပါးရ ရယ်လိုက်မိ၏။
"ဟား ဟား ဟား ဟား ဟား ဟား...
သူရဲကောင်းတစ်ယောက် လုပ်ရတာ ဆုလာဘ်က တော်တော်ကောင်းတာပဲ ။ ဒါကြောင့်လည်း သူရဲကောင်းတွေက လူဆိုးဓားပြတွေကို ရှင်းပစ်ကြတာကိုး... ။ ရှေးဟောင်းဒဏ္ဍာရီတွေက ငါ့ကိုမလိမ်ခဲ့ဘူး... "
Translated by Hein Htet.