အခန်း (၁၃၀)
Vol. 9 Ch. 130
"သူတို့က ငါ့နယ်မြေကို ညစ်ပတ်အောင် လာလုပ်နေတာ။ ဒီအတွက် အသက်တစ်သက် ပေးရလိမ့်မယ်။ တကယ်လို့ မင်းတို့က ဒီမှာဆက်နေမယ်ဆိုရင် ငါက မင်းတို့အားလုံးကို သတ်ပစ်ဦးမှာပဲ…"
မုန့်ချီက ဓားရှည်ကို မြှောက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“သေစမ်း…သတိထား….”
မြင်းဓားပြတစ်ယောက်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ဓားရှည်က အလွန်လျင်မြန်သော အရှိန်နှင့် ရောက်လာခဲ့၏။ သူ၏ လည်ပင်းကို ဓားသွားက ထိုးဖောက်သွားပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။
"သူက စည်းမျဉ်းတွေကို တော်တော် မလေးမစားလုပ်နေတာပဲ…"
ထိုအရာက အနီးအနားတွင် ရှိသော မြင်းဓားပြများ၏ စိတ်ထဲတွင် ပေါ်လာသည့် တစ်ခုတည်းသော အတွေးသာ ဖြစ်သည်။
မုန့်ချီကတော့ စကားတစ်ခွန်းမျှ မပြောဘဲ ချီစုဆောင်းရေးအဆင့်တွင် ရှိနေသော တခြားမြင်းဓားပြများကို လျှပ်စီးကြောင်းသဖွယ် လျင်မြန်စွာ သတ်ပစ်ခဲ့သည်။ မြင်းဓားပြအဖွဲ့များကတော့ ရှောင်တိမ်းရန်အချိန် မရခဲ့ကြပေ။
"ဒါက မင်းတို့ရွေးချယ်လိုက်တဲ့ ရလဒ်ပဲ…"
မုန့်ချီက အေးစက်စွာ ပြောလိုက်ပြီး ရေခဲပေါ်တယ်ဓားကို ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်သည်။
"မင်းတို့က ငါ့ကို လူသတ်ဖို့ လှုံ့ဆော်နေသလိုပဲ…"
ကူချန်းချင်က မြေပေါ်တွင် ရှိနေသော အလောင်းများကို ကြည့်ပြီးပြောလိုက်သည်။ သို့သော် တခြားသော မြင်းဓားပြများကတော့ မကျေမချမ်းဖြစ်နေကြောင်း သူက ကြားနေရ၏။
တဲဆီသို့ ပြန်လာပြီးနောက် သူတို့က အချင်းချင်း ကြည့်ပြီး တိတ်ဆိတ်နေကြသည်။ သူတို့၏ အခြေအနေကို စဉ်းစားကြည့်လိုက်ပြီး သူတို့က မြင်းဓားပြများကြားထဲတွင် နေနိုင်သည်မှာ ထူးဆန်းသလို ခံစားနေရ၏။ သူတို့ကတော့ တခြားသူများကို နှစ်သိမ့်နိုင်ရုံသာရှိသည်။
"ဒီမြင်းဓားပြတွေမှာ စာနာထောက်ထားမှုမရှိကြဘူး။ ဒီတော့ တချို့တလေကို သတ်ပစ်တာက ကောင်းတယ်…"
ကူချန်းချင်က အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။ မုန့်ချီက လူသတ်မိခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေလိမ့်မည်ဟု သူက စဉ်းစားမိခဲ့ခြင်းဖြစ်၏။
မုန့်ချီကတော့ အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"အဲဒီအစား ငါတို့က ဓားသိုင်းပညာကိုပဲ ဆက်ပြီးဆွေးနွေးရအောင်…"
အလွန်အားနည်းသော လူများကို သတ်ပစ်ရသည်မှာ လွယ်ကူလှသည်။ သို့သော် ကုန်သည်များနှင့် အပြစ်ကင်းသောသူများ သတ်ပစ်ခံရသည့် ဖြစ်စဉ်များက အလွန်များပြားလွန်းလှ၏။ သူတို့အားလုံးကို ရှင်းပစ်ရန် လုံးဝဖြစ်နိုင်ပုံ မရချေ။ ထို့ကြောင့် သူက အမှန်တကယ်ကို စိတ်ပျက်နေမိ၏။ သို့သော် ထိုအရာက လူသတ်မိသည့် အတွက်ကြောင့်တော့ မဟုတ်ချေ။
ထို့နောက် ကူချန်းချင်က ရပ်လိုက်ပြီး မုန့်ချီနှင့် ဓားသိုင်းပညာများကို ဆက်၍ ဆွေးနွေးခဲ့၏။ သူတို့(၂)ယောက်က အချင်းချင်း စကားပြောနေပြီးနောက် လက်ရည်စမ်းရန် ပြင်လိုက်စဉ် တဲအပြင်ဘက်မှနေ၍ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။
"ညီအစ်ကိုတို့…ကျုံးယာရှီက မင်းတို့ဆီကို လာလည်တယ်…"
"ကျုံးယာရှီ…ဟုတ်လား…"
မုန့်ချီနှင့် ကူချန်းချင်တို့က အချင်းချင်း စိုက်ကြည့်လိုက်မိပြီး အံ့ဩသွားသလို ခံစားလိုက်ရသည်။ သူက အစွမ်းထက်သော အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး တံခါး(၆)ပေါက်ပွင့်နေသည်ဟု ဆိုကြ၏။
ခဏအကြာ မှင်တက်သွားပြီးနောက် မုန့်ချီက ကျုံးယာရှီ၏ ရည်ရွယ်ချက်ကို အနည်းငယ် ခန့်မှန်းမိလိုက်သည်။ သူတို့အဖွဲ့ထဲသို့ ခေါ်ရန်အတွက် မုန့်ချီတို့ကို လာခေါ်ခြင်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေကာမူ မည်သည့်အဖွဲ့မျှ မဟုတ်သော်လည်း သူတို့၏အစွမ်းက လုံလောက်အောင် အစွမ်းထက်နေသည်။
သူတို့၏ အဖွဲ့များ ပို၍အစွမ်းထက်လာစေရန်အတွက် လူသစ်များကို မခေါ်ချင်သော မြင်းဓားပြအဖွဲ့ တစ်ဖွဲ့မျှ မရှိချေ။ သူတို့၏ ခေါင်းဆောင်ကသာ လူသစ်များကို ခေါ်နိုင်သည့် အရည်အချင်းရှိလျှင် သူတို့က ခေါ်ဆောင်ကြ၏။
သူတို့က တဲအပြင်သို့ ထွက်သွားပြီး ကျုံးယာရှီကို စိုက်ကြည့်နေခဲ့သည်။ ကျုံးယာရှီဆီတွင် မုတ်ဆိတ်မွေးရေးရေး ရှိနေပြီး သူက သာမန် ကန္တာရတေလေတစ်ယောက်ကဲ့သို့ ဝတ်စားထားသည်။
သူနှင့်အတူ ပါလာသော မိန်းမပျိုများကတော့ မျက်နှာပေါ်တွင် သဲကာများ လွှမ်းခြုံထားသော်လည်း ဆွဲဆောင်မှု ရှိနေသေး၏။ သူတို့၏ ခန္ဓာကိုယ်က အတော်လေးကို ဆွဲဆောင်မှုရှိလွန်းလှသည်။
"ဒါကတော့ ကုံရှယွဲ့လို့ခေါ်တယ်။ ငါတို့ရဲ့ တတိယခေါင်းဆောင်လေ…"
ကျုံးယာရှီက မိတ်ဆက်ပေးလိုက်သည်။
ထို့နောက် သူက အပြုံးနှင့်ပြောလိုက်၏။
"အခု လူတွေအများကြီးရှိနေတော့ တော်တော်လေးကို ရက်စက်ကြမ်းကြုတ်ပြီး စိတ်ပျက်ဖို့ ကောင်းတယ်။ မင်းသတ်လိုက်တာကတော့ တကယ့်ကို ကောင်းပါတယ်။ တကယ်လို့ မင်းမလုပ်ဘူးဆိုရင်တောင် ငါက သူတို့တွေကို သင်ခန်းစာပေးဖို့ စဉ်းစားထားတာ။ ငါတို့လိုလူတွေက အကျိုးစီးပွားကိုပဲ မြင်ကြတယ်လေ။ သူတို့က အသက်သေရမည့် အဖြစ်ကို မစဉ်းစားထားကြဘူး… "
သူတို့ကို မိတ်ဆက်ပေးလိုက်ပြီးနောက် ကျုံးယာရှီက သူ၏ အစစ်အမှန် ရည်ရွယ်ချက်ကို ပြောလိုက်သည်။
"မင်းတို့က တော်တော်လေးကို အစွမ်းထက်ပြီး ဆင်ခြင်နိုင်စွမ်းရှိတယ် ။ ငါတို့က စရိုက်ခြင်းတူတယ်။ ဒါကြောင့် မင်းက ငါတို့အဖွဲ့ကို ပူးပေါင်းစေချင်တယ်။ မင်းတို့က ခေါင်းဆောင်(၄)နဲ့ ခေါင်းဆောင်(၅)တို့ ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုသဘောရလဲ…."
သူ့အဖွဲ့က တခြားအဖွဲ့တစ်ဖွဲ့နှင့် တိုက်ခိုက်ခဲ့ရသည့်အတွက် လူအများအပြား ဆုံးရှုံးခဲ့ရသည်။ ယခု သူအပါအဝင် ခေါင်းဆောင်(၃)ယောက်သာ ကျန်နေတော့၏။ ထို့ကြောင့် သူက လူသစ်များကို ခေါ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထို့ပြင် ထိုလူငယ်မြင်းဓားပြများကတော့ စည်းမျဉ်းများကို ဂရုမစိုက်ပဲ စွမ်းအားများ ပြည့်ဝနေကြသည်။ သူတို့က အဖွဲ့အတွက် အစစ်အမှန်သွေးသစ်များဖြစ်လာနိုင်၏။
မြင်းဓားပြတစ်ယောက်ဖြစ်လာနိုင်သည့် နည်းလမ်း(၂)ခုသာ ရှိသည်။ ပထမနည်းလမ်းကတော့ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများစွာတွင် အသက်ရှင်နိုင်ပြီး အစစ်အမှန် ပညာရှင်တစ်ယောက်ဖြစ်လာနိုင်ခြင်းဖြစ်သည်။ နောက်ဆုံးတွင်တော့ ထိုလူများအားလုံးအတွက် သေရေးရှင်ရေးက အရေးမပါတော့ပေ။ သူတို့ကတော့ ဘေးကင်းလုံခြုံမှုကိုပင် စိတ်မဝင်စားသူများ ဖြစ်လာတတ်ကြသည်။
ဒုတိယတစ်မျိုးကတော့ မုန့်ချီနှင့် ကူချန်းချင်တို့ကဲ့သို့ ဖြစ်ပြီး သတ္တိရှိရှိနှင့် သူတို့ကို လမ်းပိတ်သည့်လူတိုင်းကို ရှင်းပစ်တတ်သည့် လူစားမျိုးဖြစ်သည်။ ထိုလမ်းကြောင်းကို သွားသောလူများကတော့ လွတ်လပ်ပြီး ချမ်းသာကြွယ်ဝမှုကို လိုလားသော မြင်းဓားပြများဖြစ်ကြပြီး သူတို့ဆီတွင် ရဲစွမ်းသတ္တိရှိမှုများ ပြည့်နှက်နေသည်။
အကယ်၍ သူတို့ကိုသာ ကောင်းကောင်းအသုံးချနိုင်မည်ဆိုလျှင် ကိစ္စရပ်ပေါင်းများစွာတွင် အောင်မြင်နိုင်သည်။ မုန့်ချီကတော့ ဒုတိယအမျိုးအစား ဟန်ဆောင်နေခြင်းဖြစ်ပြီး ထိုအရာကို မည်သို့တုံ့ပြန်ရမည်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိနေသည်။
"ဒါကတော့ ခင်ဗျားရဲ့ သိုင်းပညာအပေါ် မူတည်မှာပဲ ခေါင်းဆောင်ကျုံး…။ ကျုပ်က ဘာလို့ ခင်ဗျားကို ခေါင်ဆောင်အဖြစ် လက်ခံရမှာလဲ။ ခင်ဗျားက အစွမ်းကို အရင်ဆုံးပြသင့်တယ်…"
မုန့်ချီက မည်သည့်အရာကို ပြောချင်နေကြောင်း ကျုံးယာရှီက ကောင်းကောင်းကြီး သိနေခဲ့သည်။ ထိုလူငယ်က ထိုကဲ့သို့ လူတစ်ယောက်ဖြစ်ကြောင်း သူက ခန့်မှန်းထားပြီးသား ဖြစ်၏။
သူက အပြုံးနှင့် ပြောလိုက်သည်။
"ညီအစ်ကို…ဒါဆိုလည်း လက်ရည်စမ်းကြတာပေါ။ မက်းက သိရပါလိမ်မယ်…..။"
သူ၏အမူအရာက အတော်လေးကို တည်ငြိမ်နေခဲ့သည်။ ရင်ထဲတွင်တော့ သတိထားနေခဲ့၏။ အကယ်၍ သူကသာ ထိုလူငယ်ကို လွှမ်းမိုးနိုင်ခြင်း မရှိလျှင် ထိုလူငယ်၏ သတ်ပစ်ခြင်းကို ခံရနိုင်သည်။ သူ့အဖွဲ့ကိုလည်း ထိုလူငယ်က သိမ်းပိုက်သွားနိုင်၏။
မုန့်ချီက ဘယ်လက်နှင့် ဓားကို ဆွဲထုတ်လိုက်သည်။ နေရောင်အောက်တွင် ဓားအလင်းရောင်က တလက်လက် တောက်ပနေခဲ့၏။
ကျုံးယာရှီက ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရပြီး ချက်ချင်းပင် ချီးကျူးလိုက်မိသည်။
“ကောင်းလိုက်တဲ့ဓား…”
ထိုအရာက အမှန်တကယ်ကို သန့်စင်လက်နက်အဆင့် ဓားရှည်တစ်လက်ဖြစ်သည်။ ထို့ကြောင့်လည်း ဤလူငယ်က ထိုကဲ့သို့ ကောင်းမွန်သော သိုင်းပညာတစ်ခု ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သည်။
သူက အနောက်ပိုင်းနယ်မြေထဲတွင်ရှိနေသော မျိုးနွယ်စု သို့မဟုတ် ကလန်တစ်ခုမှ လက်ရွေးစင်တစ်ယောက် ဖြစ်နိုင်၏။ သူက နာမည်ကျော်ကြားမှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် သေမင်းပင်လယ်ထဲကို သေချာပေါက် ရောက်လာခြင်း ဖြစ်နိုင်သည်။
ကျုံးယာရှီကလည်း သူ့လက်နက်ကို ဆွဲထုတ်လိုက်၏။ ထိုအရာကတော့ သူ မကြာခဏ အသုံးပြုခဲ့သော မြင်းဓားကောက်ကြီးတစ်ခုဖြစ်သည်။ ထိုအရာက အနီရင့်ရောင် ဓားတစ်လက်ဖြစ်ပြီး လူထောင်ပေါင်းများစွာ၏ သွေးများ စွန်းပေနေသည့်အလား ထင်မှတ်ရ၏။
“သန့်စင်လက်နက်တစ်ခု…ပြီးတော့ မကောင်းဆိုးဝါးစွမ်းအားတွေနဲ့ ထုဆစ်ထားတဲ့ဓားတစ်ချောင်းပဲ.…”
မုန့်ချီက ရေရွတ်လိုက်မိသည်။ သို့သော် သူက စောင့်မနေခဲ့ပေ။ ဓားသွားနှင့် ကျုံးယာရှီ၏ မျက်ခုံးကြားထဲကို လှမ်းထိုးလိုက်သည်။ ထိုအရာက လော်ချင်း၏ သိုင်းပညာအတွေ့အကြုံများဆီမှ ရရှိထားသော ဓားသိုင်းကွက်တစ်ခုဖြစ်၏။
ကျုံးယာရှီက ဘယ်ဘက်သို့ ရှောင်လိုက်ပြီး သူ့ဓားနှင့် ခုခံလိုက်သည်။ သိပ်မကြာခင် တိုက်ခိုက်မှုက အတော်လေးပြင်းထန်လာခဲ့သည်။ ကျုံးယာရှီ၏ ဓားပညာက အတော်လေး ထူးခြားပြီး အနောက်ပိုင်းနယ်မြေထဲတွင် သာမန်သာဖြစ်သော်လည်း အလယ်ပိုင်းနယ်မြေအတွက်တော့ အတော်လေး ထူးခြားလှသည်။
သူ၏ဓားပညာက အရှိန်အဟုန်နှင့် ရောက်လာခြင်း ဖြစ်ပြီး လှုပ်ရှားမှုတိုင်းက အညှာအတာကင်းမဲ့စွာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုအရာက သူသေကိုယ်သေ တိုက်ခိုက်နေသော တိုက်ပွဲတစ်ခုပမာ ထင်မှတ်ရ၏။
မုန့်ချီ၏ ဓားရှည်သိုင်းပညာက သူ၏ ဓားမောက်သိုင်းပညာထက် ပို၍ နိမ့်ကျသည်။ ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်းဓားပညာနှင့် သွေးဓားပညာတို့က ချီစုဆောင်းရေးအဆင့်သာ ရှိသေးသော်လည်း သူကတော့ တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်၏ အနှစ်သာရများနှင့် ပေါင်းစပ်ထားခဲ့သည့်အတွက်သူ၏ ဓားပညာက ချီစုဆောင်းရေးအဆင့်ထက် ကျော်လွန်နေခဲ့၏။
သူ၏ ဓားရှည်ပညာကတော့ ချီစုဆောင်းရေးအဆင့်ထက်ပင် ကျော်လွန်နေခဲ့သည်။ သူကတော့ အခြေခံဓားပညာများကိုသာ လေ့လာထားခဲ့ပြီး တိုက်ပွဲများမှတဆင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကတော့ အသေခံသိုင်းကွက်တစ်ခုဖြစ်ပြီး ထိုအရာကို လေ့ကျင့်ရန် အတော်လေး အချိန်ပေးခဲ့ရသည်။
တုကူးဓား (၉)ကွက်ကိုတော့ အသုံးပြုရန် ဝေးကွာနေသေးသည်။ ဟန်ချူးဓားပညာကို လွန်ခဲ့သော ရက်ပေါင်းများစွာက ရရှိထားခဲ့သော်လည်း သူက အမှန်တကယ် မလေ့ကျင့်ရသေးဘဲ ဖတ်ကြည့်ရုံသာ ရှိသေးသည်။
သို့သော် မုန့်ချီဆီတွင် လုံလောက်သော အတွေ့အကြုံရှိနေ၏။ ကျိုးမိသားစု၏ ဓားမြန်သိုင်းကတော့ လော်ချင်းနှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင် လေ့ကျင့်ခဲ့ရသော အတွေ့အကြုံများကြောင့် လျင်မြန်စွာ နားလည်လာခဲ့သည်။ ထို့ပြင် သူ၏ သွေးဓားသိုင်းပညာကလည်း လျင်မြန်မှုတွင် နာမည်ကျော်ကြားသည်။ ထို့ကျေုံးယာရှီ၏ ဓားပညာက သူ့အတွက်တော့ ထူးဆန်းနေခြင်းမရှိချေ။
သူတို့၏ တိုက်ပွဲက တဖြည်းဖြည်းပို၍ မြန်လာနေခဲ့၏။ ထို့ကြောင့် ကုံရှယွဲ့နှင့် ကူချန်းချင်တို့ (၂)ယောက်စလုံးက ချွေးစေးများပျံလာကြပြီး သူတို့၏ အဖော်များအတွက် စိုးရိမ်နေကြသည်။
သူတို့၏ ခေါင်းဆောင်က အလွန်ကြောက်စရာကောင်းသော လူငယ်ကြောင့် ထိခိုက်သွားမှာကို ကုံရှယွဲ့ကလည်း စိုးရိမ်နေခဲ့၏။
ကူချန်းချင်ကတော့ မုန့်ချီ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို သုံးလိုက်မှာကိုသာ စိုးရိမ်နေခဲ့သည်။ အကယ်၍ သူသာ သုံးလိုက်မည်ဆိုလျှင် မြင်းဓားပြများက သူ့အကြောင်းကို သိသွားနိုင်သည်။
ယွမ်မုန်ကျိနှင့် သူ၏လက်အောက်ငယ်သားများက ဤနေရာနှင့် မလှမ်းမကမ်းတွင် ရှိနေကြ၏။ ထိုကဲ့သို့ တိုက်ပွဲမျိုးတွင် မုန့်ချီ၏ ဓားပညာက လျင်မြန်စွာ တိုးတက်လာရသည်။ တဖြည်းဖြည်းနှင့် သူက တုကူးဓား(၉)ကွက်၏ ဆန်းကြယ်မှုများကိုလည်း စတင်နားလည်လာခဲ့၏။
ထိုအချိန်တွင် သူ၏ ဓားက လေထဲကို ရုတ်တရက် လှမ်းထိုးလိုက်သည်။
“ချွမ်….”
ကျုံးယာရှီ၏ ဓားကို အလိုလို တားဆီးလိုက်ပြီး ဓားသွား၏ အရှိန်က ရပ်တန့်သွားခဲ့သည်။ ထိုအချိန်တွင် မုန့်ချီက ဓားချက်ပေါင်းများစွာကို ဆက်တိုက် တိုက်ခိုက်လိုက်၏။
ကျုံးယာရှီက ပင့်သက်ရှိုက်မိလိုက်ပြီး သူ၏ဓားပညာကို ရုတ်ချည်း ပြောင်းလဲလိုက်သည်။ သူက ပို၍ ကြောက်စရာကောင်းပြီး ပို၍ ပြင်းထန်လာ၏။ ကန္တာရထဲတွင် လေပူလှိုင်းကြီးတစ်ခု တိုက်ခတ်လာနေသလို ခံစားရသည်။
မုန့်ချီကလည်း အလွန်ကြောက်စရာကောင်းသော စွမ်းအားကို ချက်ချင်း ခံစားမိလိုက်၏။ ထိုအချိန်တွင် သူက တုကူးဓား(၉)ကွက်၏ ဆန်းကြယ်မှုများကို ပထမဆုံးအကြိမ် ခံစားမိလာခြင်းဖြစ်သည်။ သို့သော် ပထမဆုံး အသုံးပြုခြင်း ဖြစ်သည့်အတွက် ကျရှုံးသွားခဲ့သေး၏။
သူ၏ ဓားပညာအုတ်မြစ်က အလွန်နည်းပါးနေသေးသည်။ ထိုအရာက တုကူးဓား(၉)ကွက်ကို အသုံးပြုနိုင်သည့် အခြေခံလိုအပ်ချက်နှင့် မကိုက်ညီသေးပေ။ အနှစ်သာရများကို မတော်တဆ နားလည်မှုက မလုံလောက်သေးပေ။ သူက နေ့စဉ်နှင့်အမျှ လေ့ကျင့်ရန် လိုအပ်နေသေး၏။
ကျုံးယာရှီ၏ တိုက်ခိုက်မှုကို တားဆီးရန်မဖြစ်နိုင်ကြောင်းမြင်သည့်အခါ မုန့်ချီက ကျယ်လောင်စွာ ပြောလိုက်၏။
“ရပ်လိုက်….”
လျှပ်စီးပြောင်းလဲမှုကို သုံးပြီး မုန့်ချီက နောက်ဆုတ်သွားခဲ့သည်။ သူ့လက်ထဲတွင် ကိုင်ထားသော ဓားရှည်ကိုလည်း အောက်သို့ချလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။
"ခေါင်းဆောင်က တကယ့်ကို ထူးခြားပါတယ်။ ကျွန်တော်က အလျှော့ပေးပါပြီ…"
ကျုံးယာရှီက အားရပါးရရယ်ပြီး ပြောလိုက်၏။
"မင်းရဲ့ ဘယ်လက်ဓားသိုင်းကလည်း တော်တော်လေး ထူးဆန်းတာပဲ။ အဲဒါက ညာလက်ဓားသမားတွေနဲ့ တော်တော်လေး ကွဲပြားတယ်။ မင်း တိုက်ခိုက်လိုက်တဲ့ ရှုထောင့်တိုင်းက တော်တော်လေး ထူးဆန်းတယ်… "
မုန့်ချီက ထိုအဖွဲ့ထဲတွင် နာမည်ကြီးသွားသည်မှာ အံ့ဩစရာတော့ မရှိချေ။ နောက်ပိုင်းလူငယ်ထဲတွင် ထိုကဲ့သို့ လူငယ်များစွာ ရှိနေ၏။ သူက ပြောလိုက်သည်။
"ဒါဆိုရင် ညီလေးမုန့်…အခုကစပြီး မင်းက ငါတို့ရဲ့ ခေါင်းဆောင်(၄)ဖြစ်လာပြီ…"
"နံပါတ်(၄)လား…."
မုန့်ချီက ခေါင်းခါ၍ ပြောလိုက်သည်။
"အစ်ကိုကြီးကူက ကျွန်တော့်ထက် ပိုပြီးတော့ အသက်ကြီးတယ်။ ဒီတော့ ကျွန်တော်က ခေါင်းဆောင်(၅)ပဲ ဖြစ်သင့်ပါတယ်…"
မုန့်ချီက လက်ခံလိုက်သည်ကို မြင်သည့်အခါ ကျုံးယာရှီက ပို၍ပင် ပျော်ရွှင်သွားခဲ့၏။
"ညီလေးကူ…မင်းကရော ဘယ်လို သဘောရလဲ…"
"ညီလေးမုန့်က အဆင်ပြေတယ်ဆိုရင် ကျွန်တော်လည်း အဆင်ပြေပါတယ်…"
ကူချန်းချင်က ပြောလိုက်၏။
ကျုံးယာရှီက သူ့ဓားကို ဓားအိမ်ထဲသို့ ထည့်၍ အပြုံးနှင့်ပြောလိုက်သည်။
"အခု ငါတို့မှာ ညီအစ်ကို အသစ်(၂)ယောက် ရှိလာပြီ။ ဒါက ငါတို့ကို မိုးကြိုးယက္ခက ကောင်းချီးပေးတာပဲ။ မင်းတို့က ကျေးဇူးပြုပြီး ငါ့ရဲ့တဲကို လိုက်ခဲ့ကြပါ။ မင်းတို့က ငါတို့နဲ့ အတူတူစားသောက်ပြီး ညီအစ်ကိုတွေနဲ့ မိတ်ဆက်ပေးမယ်…"
မိုးကြိုးယက္ခဟူသည်မှာ ကျင်းကန်ကျောင်းတော်၏ ကိုးကွယ်ယုံကြည်မှုတစ်ခု ဖြစ်ကြောင်း မုန့်ချီက နားလည်နေသည်။ အနောက်ပိုင်းနယ်မြေထဲတွင်တော့ ဗုဒ္ဓနှင့်နတ်ဆိုးများက အလယ်ပိုင်းနယ်မြေနှင့် ကွဲပြားကြသည်။ ကျင်းကန်ကျောင်းတော်နှင့် ပျော်ရွှင်ခြင်းကျောင်းတော်တို့က လွှမ်းမိုးမှုအရှိဆုံး ကျောင်းဆောင်(၂)ခုဖြစ်သည်။
မုန့်ချီနှင့် ကူချန်းချင်တို့ကို ကျုံးယာရှီက ခေါ်သွားကြောင်း မြင်သည့်အခါ အဝေးတွင် ရှိနေသော မြင်းဓားပြခေါင်းဆောင်တချို့ကတော့ စိတ်ဓာတ်ကျသွားကြသည်။ မြင်းဓားပြတိုင်းက လူသစ်များကို အလွန်အလေးထားကြ၏။ သူတို့ကသာ ထိုလူသစ်များ၏ အခက်အခဲကို ကူညီပေးနိုင်မည်ဆိုလျှင် သူတို့က အဖွဲ့ထဲကို ရောက်လာနိုင်ကြသည်။
တဲထဲတွင်တော့ ကျုံးယာရှီက အော်ပြောလိုက်သည်။
"ညီအစ်ကိုတို့…ငါတို့ရဲ့ ခေါင်းဆောင်အသစ်တွေကို လာပြီးတော့ နှုတ်ဆက်လိုက်ဦး။ ဒါက နံပါတ်(၄)၊ ဒါက နံပါတ်(၅)… "
မြင်းဓားပြပေါင်းများစွာက သူတို့၏ခေါင်းဆောင်အသစ်များကို ကျယ်လောင်စွာ အော်ဟစ်မိတ်ဆက်လိုက်ကြသည်။
ထို့နောက် ကျုံးယာရှီက သတ်လတ်ပိုင်း လူကြီးတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။
"ဒါကတော့ ငါတို့ရဲ့ ခေါင်းဆောင်(၂) ဝူရုံလို့ ခေါ်တယ်… "
သူတို့၏ နာမည်နှင့် ရုပ်ရည်က ပုံမှန်သာဖြစ်သည်။ ထိုလူနှင့်ပတ်သက်ပြီး ထူးဆန်းသည့်အရာ မရှိချေ။ သူတို့၏ ရှေ့တွင်ရှိနေသော စားပွဲပေါ်တွင်တော့ ကြက်ပေါင်များနှင့် အလွန်ကြီးမားသော အရက်အိုးကြီးကို ချထားခဲ့သည်။
မုန့်ချီကတော့ အသားကိုသာစားပြီး အရက်ကိုတော့ မသောက်ခဲ့ပေ။
"ညီလေးမုန့်…မင်းက ဘာလို့အရက်မသောက်ရတာလဲ…"
ကျုံးယာရှီက အပြုံးနှင့်မေးလိုက်၏ ။
မုန့်ချီကတော့ သွေးအေးလူသတ်သမားတစ်ယောက်ပမာ ပြန်ဖြေလိုက်သည်။
"အရက်က ကျွန်တော့်ရဲ့လက်တွေကို မတည်ငြိမ်အောင် လုပ်ပစ်နိုင်တယ်။ မတည်ငြိမ်တဲ့ လက်တစ်ဖက်က လျင်မြန်တဲ့ ဓားကို ကိုင်ဖို့ မဖြစ်နိုင်ဘူး။ ဓားက မမြန်မှတော့ လူသတ်လို့လည်း မရနိုင်ဘူး…"
"ကောင်းလိုက်တာ….။ ဒါကြောင့်လည်း မင်းက အသက်ငယ်ငယ်လေးနဲ့ ဒီလိုထူးခြားတဲ့ ဓားပညာကို လေ့ကျင့်နိုင်တာပဲ… "
ကျုံးယာရှီက လက်ခုပ်တီး၍ ပြောလိုက်သည်။
မုန့်ချီက ပြုံးလိုက်၏။
“ငါက အရက်မူးသွားမယ်ဆိုရင် ငါ့ရဲ့နောက်ကြောင်းတွေ ပေါ်သွားမှာပဲ စိုးတာ..”
ခဏကြာပြီးနောက် ကျုံးယာရှီက သက်ပြင်းချပြီး ပြောလိုက်သည်။
"ရှက်စရာကောင်းလိုက်တာ။ အရင်တုန်းကတော့ ငါ့မှာ ညီအစ်ကိုတွေ အများကြီး ရှိခဲ့တယ်။ အခုတော့ အရင်တုန်းကလို မဟုတ်တော့ဘူး။ ငါက တော်တော်လေး အပြစ်ရှိသလို ခံစားနေရတယ်…"
"ခေါင်းဆောင်…
ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ဘယ်သူက တိုက်ခိုက်ခဲ့တာလဲ…"
မုန့်ချီက သွေးအေးသော ပုံစံနှင့်တည့်တည့်သာ ပြောလိုက်သည်။
ကျုံးယာရှီက ခေါင်းခါပြလိုက်၏။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က နေကျပင်လယ်အဖွဲ့ခေါင်းဆောင် ဝမ်ဟုန်က ငါတို့ကို အလစ်ချောင်းပြီး တိုက်ခိုက်ခဲ့တယ်။ ငါကလည်း တော်တော်လေးကို မဆင်မခြင်လုပ်ခဲ့မိတယ်… "
"ခေါင်းဆောင်…ဝမ်ဟုန်က ဘယ်နေရာမှာလဲ။ ကျွန်တော် သူ့ကို သွားသတ်မယ်… "
မုန့်ချီက ချက်ချင်းပင် မတ်တပ်ရပ်လိုက်၏။ သူကတော့ သူ၏ အကျင့်စရိုက်တစ်ခုကို ပုံဖော်နေခြင်းဖြစ်သည်။
ကျုံးယာရှီက လက်ကာပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ညီလေးမုန့်...။ ငါက မင်းရဲ့စိတ်ဓာတ်ကို တကာ်ပဲလေးစားတယ်။ ဒါပေမယ့် ငါတို့က စိုးရိမ်နေလို့ မဖြစ်ဘူး။ ဝမ်ဟုန်က ငါနဲ့ အဆင့်အတူတူပဲ။ ပြီးတော့ သူ့ဆီမှာလည်း ခေါင်းဆောင်(၇)ယောက် (၈)ယောက်လောက် ရှိတယ်။ ဒီတော့ မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့် ထုတ်ထားတဲ့ ခေါင်းတုံးလေးကို အရင်ဆုံး ရှာကြရအောင်။ ငါတို့က အစ်ကိုကြီးကျိလော်ရဲ့အခွင့်အရေးကို ရပြီဆိုမှ သူတို့ကို ဖြည်းဖြည်းချင်း တုံ့ပြန်လို့ရတယ်။ ငါက ငါးပင်လယ်မှာ ဝမ်ဟုန်နဲ့ သေချာပေါက် တွေ့ရမှာပါ။ သူလည်း အဲဒီကို သွားနေလောက်တယ်…"
မုန့်ချီကလည်း တီးတိုးကျိန်ဆဲလိုက်၏။
"အဲဒီခေါင်းတုံးက တော်တော်လေး အပုန်းကောင်းတာပဲ…"
ကျုံးယာရှီက အရက်ကို ကျေနပ်စွာ သောက်နေပြီး တခြားအရာများကို ပြောနေခဲ့၏။
နောက်နှစ်ရက် အတောအတွင်း သူတို့က လှုပ်ရှားသင့်ကြောင်းကူချန်းချင်က မုန့်ချီကို လာပြောခဲ့သည်။ မုန့်ချီကတော့ သူ့ကို ဆက်စောင့်နေရန် ပြောခဲ့ပြီး အေးအေးဆေးဆေး အချိန်ယူခိုင်းခဲ့၏။ အချိန်ခဏကြာစောင့်နေပြီးနောက် သူတို့က ငါးပင်လယ်ကို ရောက်လာခဲ့ကြလေသည်။
Translated by Hein Htet