အခန်း (၁၃၁)
Vol. 9 Ch. 131
ငါးပင်လယ်ဟူသည်မှာ သေမင်းပင်လယ် သဲကန္တာရထဲတွင် သာမန်မဟုတ်သည့် ရေကန်ကြီးတစ်ခု ဖြစ်သည်။ ရေလှိုင်းများက အချင်းချင်း ရိုက်ခတ်နေပြီး အလွန်များပြားသော မြူခိုးများ ထွက်ပေါ်လာနေခဲ့၏။ ပတ်ပတ်လည်တွင် အစိမ်းရောင်မြက်ပင်များ ၊ သစ်ပင်များလည်း ပြည့်နှက်နေသည်။
ထိုအရာက သေမင်းပင်လယ် ကန္တာရ၏ တောင်ဘက်ပိုင်းတွင် အလွန်ကြီးမားသော နယ်မြေတစ်ခုလည်း ဖြစ်၏။ လမ်းကြောင်းပေါင်းများစွာ ပေါင်းစုံလာသည့်အတွက် အလွန်စည်ကားသိုက်မြိုက်သော နေရာတစ်ခုလည်း ဖြစ်သည်။
ပထမဆုံးအကြိမ် ငါးပင်လယ်သို့ ရောက်လာခဲ့သည့်အချိန်တွင် မုန့်ချီတို့အားလုံးက အစိုဓာတ်များကြောင့် ခန္ဓာကိုယ်က အားအင်များ တက်ကြွလာကြသလို ခံစားနေရသည်။ ဤနေရာက အလယ်ပိုင်းနယ်မြေနှင့် ယှဉ်လိုက်မည်ဆိုလျှင် ခြောက်ကပ်နေသေးသော်လည်း လမ်းတလျှောက်တွင် ကြုံတွေ့ခဲ့ရသော သဲမှုန့်များ ၊ ကျောက်ခဲများကြားထဲတွင် သွားလာရခြင်းထက် ပို၍ သက်သောင့်သက်သာ ရှိသည်။
"ဟူး... ငါက ငါးပင်လယ်ကို ရောက်လာတဲ့အချိန်တိုင်း ဒီမှာ အမြဲနေချင်စိတ် ပေါက်တယ်..."
ကျုံးယာရှီက ရေကန်အနားတွင် ရှိနေသော ကျောက်တုံးမြို့လေးကို လက်ညှိုးထိုးပြလိုက်သည်။
မြို့ထဲတွင် ရှိနေသော အိမ်များကို စနစ်တကျ တန်းစီ၍ ဆောက်ထားပြီး မြို့ထဲတွင် နေထိုင်သော လူပမာဏ များပြားကြောင်း သိသာနေသည်။ တချို့ကတော့ အလယ်ပိုင်းနယ်မြေမှ လူများကဲ့သို့ ဝတ်ဆင်ထားပြီး တချို့ကတော့ ကန္တာရတေလေများကဲ့သို့ ဝတ်ဆင်ထားသည်။
တချို့ကတော့ အနောက်ပိုင်းနယ်မြေမှ မိန်းကလေးများကဲ့သို့ ဝတ်ဆင်ထားပြီး ရောင်စုံဦးထုတ်များ ၊ ရောင်စုံအင်္ကျီများ ဝတ်ဆင်ထားကြ၏။ တချို့ကတော့ ဆွဲဆောင်မှုရှိသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် မိန်းမလှလေးများ ဖြစ်ကြသည်။
ဤနေရာတွင် ပျော်စရာ အလွန်များပြားလွန်းလှပြီး ခရီးသွားတစ်ယောက်ချင်းဆီက ပျော်ပါးရာ အသိုင်းအဝိုင်းတစ်ခုကို ပြန်ရောက်လာသလို ခံစားလိုက်ရသည်။ ထို့ကြောင့်လည်း ကျုံးယာရှီက ဤနေရာတွင် အမြဲနေချင်သည်ဟု ပြောနေခြင်း ဖြစ်သည်။
မုန့်ချီကလည်း ရက်ပေါင်းများစွာကြာအောင် သေမင်းပင်လယ် ကန္တာရကို ဖြတ်ကျော်လာခဲ့ရခြင်း ဖြစ်သည်။ လမ်းတလျှောက်တွင် အလွန်ကြမ်းတမ်းခက်ထန်သော မြင်းဓားပြများကလွဲလျှင် တခြားကြည့်စရာမြင်ကွင်းမျိုး မရှိခဲ့ချေ။
ယခု ငါးပင်လယ်မြို့၏ အပြင်ဘက်သို့ ရောက်လာပြီး လူ့အသိုင်းအဝိုင်းတစ်ခုကို ပြန်မြင်လိုက်ရသည့်အချိန်တွင် သူ၏ရင်ထဲ၌ ရှိနေသော စိတ်ဆန္ဒတစ်ချို့ကို ခံစားလိုက်ရသည်။ ယခင်တုန်းကတော့ သူက ငရဲပြည်ကို ရောက်ခဲ့ရသလို ခံစားလိုက်ရပြီး ယခုတော့ သန့်စင်သော ဗုဒ္ဓနယ်မြေကို ပြန်ရောက်လာသလို ခံစားလိုက်ရ၏။
သူ့စိတ်ထဲ၌ ငြိမ်းအေးသွားသည့်အချိန်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်တို့၏ အနှစ်သာရများအပေါ် ပို၍နားလည်လာခဲ့သည်။
ထို့ကြောင့်လည်း ဂိုဏ်းကြီးများတွင် ရှိနေသော တပည့်များက နောက်ပိုင်း မျိုးဆက်များကို မျှော်လင့်ထားကြခြင်း ဖြစ်သည်။ လူသားကမ္ဘာကြီး၏ အခြေအနေအမှန်ကို မသိရလျှင် စိတ်နှင့် ဆန္ဒကို ထုဆစ်နိုင်လိမ့်မည် မဟုတ်ချေ။ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ရှိနေသေးလျှင်တော့ အဆင်ပြေ၏။
သို့သော် ဝေ့ကျင်းအဆင့်ကို ရောက်လာပြီးနောက် လူသားမျိုးနွယ်စုအပေါ် နားလည်မှု ၊ သဘာဝတရားကြီးအပေါ် နားလည်မှုနှင့် တရားဓမ္မတရားများကို နားလည်မှုမရှိလျှင် အလွန်ကြီးမားသော အားနည်းချက်ကြီးများ ဖြစ်လာပါလိမ့်မည်။
မုန့်ချီနှင့် ကူချန်းချင်တို့က သူတို့မျိုးနွယ်စုမှ ထွက်လာသည့် အချိန်ကတည်းကစပြီး ထိုကဲ့သို့သော ကမ္ဘာကြီးကို မမြင်ဖူးသေးကြောင်း ကျုံးယာရှီက သိနေခဲ့၏။ သူတို့ကတော့ သေမင်းပင်လယ် သဲကန္တာရထဲတွင် အဖွဲ့ဖွဲ့ပြီး မည်သို့ လုယက်ရမည်ဖြစ်ကြောင်းကိုသာ သိနေခဲ့သည်။
သူက မြင်းပေါ်မှဆင်းပြီး ကြာပွတ်ကို ဝှေ့ယမ်းလိုက်၏။
"ပိုင်ပါကျန်းက အလယ်ပိုင်းနယ်မြေကို အရမ်းသဘောကျတာ.. ။ ငါးပင်လယ်မှာရှိတဲ့ အဆောက်အဦးတွေကို မြစ်အရှေ့ပိုင်းမှာရှိတဲ့ ပုံစံအတိုင်း တည်ဆောက်ထားတာ... ။ ဒါကြောင့် ဒီနေရာကို မြစ်အရှေ့ပိုင်းနယ်မြေလို့ ခေါ်ကြတယ်... "
ပိုင်ပါကျန်းက ငါးပင်လယ်၏ အုပ်ချုပ်သူတစ်ယောက် ဖြစ်သည်။ သူက တံခါး (၉)ပေါက် ပွင့်နေပြီး မိတ်ဆွေအမြောက်အမြား ရှိ၏။ ထို့ပြင် တခြားမြင်းဓားပြများ ခေါင်းဆောင်များနှင့်လည်း အလွန်ရင်းနှီးသည်။
သူက ငါးပင်လယ်ကဲ့သို့သော ကြွယ်ဝချမ်းသာသည့် နေရာတစ်ခုကို အုပ်စိုးနိုင်လောက်သည့် အစွမ်းမျိုးလည်း ရှိသည်။ ယွမ်မုန်ကျိကဲ့သို့သော မြင်းဓားပြခေါင်းဆောင် (၄) ယောက် ၊ (၅) ယောက်ကပင် သူ့ကိုရင်ဆိုင်ရန် ခက်ခဲသည်။
ထို့ပြင် သေမင်းပင်လယ်ထဲ၌ အုပ်စိုးနေကြသော ဝေ့ကျင်းတစ်ဝက် အဆင့် ပညာရှင်မှနေ၍ ဝေ့ကျင်းအဆင့် ပညာရှင်များ အားလုံးက ရည်မှန်းချက် ကြီးမားသူများ ဖြစ်ကြသည်။ မုန့်ချီကတော့ သူ့စကားကို အကြွင်းမဲ့ထောက်ခံ၏။
ဤနေရာတွင် ရှိနေသော တည်ဆောက်ပုံများက တခြားအိုအေစစ်များကဲ့သို့ အဝါရောင်များ မဟုတ်ကြပေ။ ဤနေရာတွင် ရှိနေသော နေအိမ်အများစုကို အဖြူရောင်နံရံများ ၊ အနက်ရောင်အုတ်များနှင့် တည်ဆောက်ထားကြသည်။ ထိုအရာများက မြစ်အရှေ့ပိုင်းနှင့် တထပ်တည်းနီးပါး ဖြစ်ကြ၏။
သို့သော် ရှောင်လင်ကတော့ ယန်ကျိမြစ်မြောက်ပိုင်းတွင် ရှိနေပြီး ရွှမ်ပိုင်က သူတို့ကို မြစ်အရှေ့ပိုင်းသို့ လုံးဝခေါ်သွားဖူးခြင်း မရှိချေ။ သူတို့ထွက်လာသည့် အချိန်ကတည်းကစပြီး အနောက်ဘက်ကို လာခဲ့ရခြင်း ဖြစ်သည်။ မုန့်ချီကတော့ သူမြင်ခဲ့ ကြားခဲ့ဖူးသည့်အရာများအရ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် မုန့်ချီက ကွဲပြားမှုတချို့ကိုတော့ တွေ့မြင်နေရသေး၏။ ငါးပင်လယ်မြို့က ကြီးမားမှုမရှိသော်လည်း လမ်းတလျှောက် မြင်ခဲ့ရသည့် တခြားမြို့ကြီးများထက် ပို၍စည်ကားသည်။ ယွမ်မုန်ကျိနှင့် သူ့အဖွဲ့သားများက မြို့ထဲတွင် ကျန်းဟွေကို ခေါ်ထားနိုင်၏။
တခြားသော မြင်းဓားပြများကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာနေကြ၏။ ဤနေရာတွင် အလွန်များပြားသော မြင်းဓားပြများ ရှိနေသည့်အတွက် သူတို့အားလုံးက မြို့ထဲကို မဝင်နိုင်ကြပေ။ မဟုတ်လျှင် ပြဿနာများ ဖြစ်လာနိုင်သည်။
သူတို့က မြို့အပြင်ဘက်တွင် အချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်ကြ၏။ ထို့ကြောင့် သူတို့က ထိပ်တန်းပညာရှင် တစ်ဒါဇင်ခန့်ကိုသာ ရွေးချယ်ပြီး တခြားလူများကိုတော့ အပြင်ဘက်တွင် ရှိနေသော စခန်းများထဲတွင် ချန်ထားခဲ့ကြသည်။
ကျုံးယာရှီကတော့ ထိုကဲ့သို့ အတွေးမျိုး မရှိချေ။ ဝမ်ဟုန်နှင့် တိုက်ပွဲအတောအတွင်း သူတို့က ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုနှင့် ကြုံခဲ့ရသည်။ ယခု သူတို့ဆီ၌ ခေါင်းဆောင် (၅) ယောက် အပါအဝင် လူ (၂၀)ပင် မရှိတော့ချေ။ ထို့ကြောင့် သူက ညီအစ်ကိုများအားလုံးကို မြို့ထဲသို့ ခေါ်သွားမည်ဆိုလျှင်လည်း ထိခိုက်စရာ အကြောင်း မရှိချေ။
သူတို့အားလုံးက ငါးပင်လယ်၏ ပျော်စရာများကို ခံစားနိုင်ပြီး သူတို့၏ဆန္ဒများကို အပျော်မယ်များအပေါ် ဖွင့်ထုတ်ပစ်၍ ရနိုင်သည်။ သူတို့၏စိတ်ခွန်အားကိုလည်း ပြန်လည်မြှင့်တင်ရန် လိုအပ်နေ၏။
သူတို့က မြင်းပေါ်မှ ဆင်းလိုက်ပြီး တံခါးကိုဖြတ်၍ ဝင်သွားခဲ့သည်။ ဤနေရာတွင် မြို့သူမြို့သားများက ပို၍များပြားနေကြ၏။ ရောင်စုံဝတ်စုံများ ၊ ချွေးရနံ့များ ၊ တိရစ္ဆာန်များနှင့် မိန်းကလေးငယ်များ၏ ရနံ့များကလည်း သူတို့၏ နှာခေါင်းမှနေ၍ ရနေကြသည်။
ကျုံးယာရှီ၏နောက်မှ လျှောက်လာနေသော မုန့်ချီကတော့ စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိခဲ့သည်။ သို့သော် သူ၏မျက်နှာအမူအရာကတော့ မြို့ကြီးတစ်မြို့ကို ပထမဆုံး မြင်ဖူးသော လူတယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။
"ဒါက ခေါင်းဆောင်ကျုံး မဟုတ်ဘူးလား... ။ ဘာလို့ လူနည်းနည်းလေးပဲ ခေါ်လာရတာလဲ... "
အလွန်ကျယ်လောင်သော အသံတစ်ခုကြောင့် မုန့်ချီက လှည့်ကြည့်လိုက်မိသည်။
ထိုအချိန်တွင် တိဗက်များကဲ့သို့ ဝတ်ဆင်ထားသော လူတစ်ဒါဇင်ခန့်ကို တွေ့လိုက်ရပြီး သူတို့၏ခါးတွင်လည်း အလွန်ကြီးမားသော ဓားကောက်ကြီးတစ်လက်ဆီကို ချိတ်ထားကြသည်။ သူတို့၏ ရင်ဘတ်တွင်တော့ အဝတ်မရှိဘဲ ရင်ဘတ်မွှေးများ ထူထဲစွာ ပေါက်ရောက်နေသည်။
ကျုံးယာရှီက အံကြိတ်လိုက်၏။
"ဒါက မင်းလုပ်ခဲ့တဲ့ ကျေးဇူးတွေကြောင့်လေ... "
မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။
"ခေါင်းဆောင် သူက ဝမ်ဟုန်လား... "
"ဟုတ်တယ်... "
ကျုံးယာရှီက ဝမ်ဟုန်ကို စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။ အကယ်၍ ငါးပင်လယ်ထဲ၌ စည်းမျဉ်းများသာ မရှိလျှင် သူက စဉ်းစားမနေဘဲ တိုက်ခိုက်လိုက်မည် ဖြစ်သည်။
ကျုံးယာရှီ၏ စကားသံမဆုံးသေးခင် မုန့်ချီ၏ ဘယ်လက်ထဲတွင် ရှိနေသော ဓားက လှုပ်ရှားသွား၏။ ထိုဓားချက်က မြွေတစ်ကောင်ကဲ့သို့ လျင်မြန်လွန်းလှသည်။ ထိုဓားက ဝမ်ဟုန်၏လည်ပင်းကို တည့်တည့် ဦးတည်သွားခဲ့၏။
ဝမ်ဟုန်က ထိုအရာကို မျှော်လင့်မထားခဲ့သည့်အတွက် ရှောင်တိမ်းရန် ခက်ခဲနေ၏။ သူက တံခါး (၆) ပေါက် ပွင့်နေသည့်အတွက် သတ်ဖြတ်ချင်စိတ်များကို အာရုံခံနိုင်သည်မှာ ကံကောင်းသွားသည်။ သူက မုန့်ချီ၏ဓားချက်ကို ရှောင်တိမ်းလိုက်ပြီး သူ၏ဓားကောက်ကြီးကို ဆွဲထုတ်လိုက်သည်။ သူ၏လည်ပင်းတွင်လည်း ဓားသွားနှင့် အနည်းငယ် ရှမိသွားသည့်အတွက် သွေးများ နီရဲလာခဲ့၏။
ကျုံးယာရှီကပင် အံ့သြသွားခဲ့သည်။ ညီလေးမုန့်က မြင်းဓားပြအသစ်တစ်ယောက် ဖြစ်သည့်အတွက် နာမည်ကျော်ကြားလိုကြောင်း သူ သိနေသည်။ ထို့ကြောင့် သူက စည်းမျဉ်းများကို မလေးမစား လုပ်နေခြင်းဖြစ်၏။
သို့သော် ဤအရာက များပြားလှသည်။ ဝမ်ဟုန်က တံခါး(၆)ပေါက် ပွင့်နေသော ပညာရှင် တစ်ယောက်ဖြစ်ပြီး ဤနေရာက ငါးပင်လယ်ထဲတွင် ဖြစ်နေသည်။ ထိုအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် ကျုံးယာရှီနှင့် တခြားလူများ၏ မျက်လုံးထဲတွင် မုန့်ချီ၏အကျင့်စရိုက်ကို ရှင်းရှင်းလင်းလင်း နားလည်သွားကြသည်။
"ဒီကောင့်ကို သွားပြီး ရှုပ်လို့မရဘူး... ။ သူက တော်တော်လေးကို ရူးလွန်းတယ်...”
“ညီလေးမုန့် ရပ်လိုက်... "
ကျုံးယာရှီက ချက်ချင်းပင် အော်ပြောလိုက်သည်။ ဝမ်ဟုန်ကို သူကိုယ်တိုင် သတ်ပစ်ချင်နေသော်လည်း ငါးပင်လယ်၏ အုပ်ချုပ်သူ ပိုင်ပါကျန်းကို ဒေါသထွက်အောင်လုပ်ရန် မလိုအပ်ချေ။
မုန့်ချီက ဓားကိုရုတ်သိမ်း၍ ရပ်လိုက်၏။ ဝမ်ဟုန်နှင့် သူ့လူများကတော့ လက်နက်များကိုထုတ်ပြီး အဖွဲ့လိုက် တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။ ဝမ်ဟုန်ကလည်း ငါးပင်လယ်၏ အုပ်ချုပ်သူကို ရန်မစရဲပေ။
သူက ဒေါသများကိုဖိနှိပ်ပြီး ပြောလိုက်၏။
"ခေါင်းဆောင်ကျုံး မင်းက ဘာတွေစဉ်းစားနေတာလဲ... "
သူက ထိုပုံစံဖြစ်သွားသည်ကို မြင်သည့်အခါ ကျုံးယာရှီက ဝမ်းသာနေခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ဒီညီလေးက ငါတို့ရဲ့အဖွဲ့ကို အခုမှ ရောက်လာတာ...။ သူက စည်းမျဉ်းတွေနဲ့ မရင်းနှီးဘူး..။ ကျေးဇူးပြုပြီး ခေါင်းဆောင်ဝမ်က သူ့ကိုခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်... "
"လူသစ်လား... "
ဝမ်ဟုန်နှင့် တခြားလူများကတော့ အကြောင်းပြချက်ကို တွေ့သွားပုံရ၏။ ထိုကဲ့သို့ မဆင်မခြင်လုပ်တတ်သော လူတစ်ယောက်က ညအချိန်တွင် သူတို့ဆီသို့ရောက်လာပြီး လုပ်ကြံသတ်ဖြတ်မှာကိုလည်း စတင်စိုးရိမ်လာကြသည်။ သူတို့က ညအချိန်တွင်ပင် သတိထားနေရန် လိုအပ်၏။
ဓားထုတ်သံများ တိုက်ခိုက်လိုက်သည့် အသံများက သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော လူများကို လှုပ်ရှားသွားစေခဲ့သည်။
…………….
စားသောက်ဆိုင်တစ်ခု၏ အပေါ်ထပ်တွင် ရှိနေသော ယွမ်မုန်ကျိကလည်း လမ်းပေါ်တွင် ရှိနေသော အဖြစ်အပျက်ကို မြင်လိုက်ရ၏။
"ဆရာ ဘာတွေဖြစ်နေတာလဲ... "
လူငယ်တစ်ယောက်က ရှုပ်ထွေးစွာ မေးလိုက်သည်။ သူက နဖူးပေါ်တွင် အဖြုရောင် အဝတ်စတစ်ခုကို စည်းထားပြီး မျက်မှောင်ကြုတ်နေခဲ့၏။ သူ့လက်ထဲတွင်လည်း ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည်။
ယွမ်မုန်ကျိက အပြုံးနှင့် ပြောလိုက်၏။
"အဖွဲ့တစ်ဖွဲ့မှာရှိတဲ့ လူသစ်လေးက ရန်စနေတာပါ...။ သူက တော်တော်လေးကို မဆင်မခြင်လုပ်တတ်တဲ့ ကြွက်တစ်ကောင်ပဲ…"
သူကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသည့် ခံစားချက်များ ရှိနေပြီး ကမ္ဘာကြီးတစ်ခုလုံးက သူ့စိတ်ကူးထဲတွင် ရှိနေသလို ခံစားရသည်။
"လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကလည်း ဆရာက အဲဒီလိုမျိုးပဲလေ... "
လူငယ်က အပြုံးနှင့် ပြောလိုက်၏။
တစ်ချိန်တုန်းက ယွမ်မုန်ကျိက မြင်းဓားပြများထဲတွင် လက်ရှိမုန့်ချီ၏ပုံစံမျိုး ဖြစ်သည်။ သူကိုယ်တိုင်ကလည်း ချမ်းသာကြွယ်ဝမှု ၊ မိန်းမလှလေးများနှင့် စွမ်းအားအတွက် သူ၏မူလမျိုးနွယ်စုမှ ထွက်လာခဲ့ခြင်း ဖြစ်၏။
မဆင်မခြင် လုပ်တတ်ပြီး ရည်မှန်းချက်ကြီးခြင်းကြောင့် သိပ်မကြာခင် သူကိုယ်တိုင်လည်း မြင်းဓားပြများ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ ယွမ်မုန်ကျိ၏ ပထမတိုက်ပွဲကလည်း ငါးပင်လယ်ထဲတွင်သာ ဖြစ်၏။
သူက လမ်းမပေါ်တွင် တံခါး (၆) ပေါက်ပွင့်နေသော မြင်းဓားပြတစ်ယောက်ကို သတ်ပစ်ခဲ့ပြီး ငါးပင်လယ်အုပ်ချုပ်သူ၏ လုပ်ကြံသတ်ဖြတ်မှုကိုပင် အကြောက်အလန့်မရှိဘဲ ထွက်သွားခဲ့သည်။
လုပ်ကြံသတ်ဖြတ်ရေး သမားများက သူ့နောက်ကို လိုက်လာသော်လည်း အဆုံးသတ်တွင်တော့ သူက ထိုလူများအားလုံးကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် ယွမ်မုန်ကျိက သေမင်းပင်လယ်ထဲတွင် နာမည်ကျော်ဓားပြတစ်ယောက်ဖြစ်လာပြီး သူ့ကို လက် (၁၀၀) ပိုင်ရှင်ဟုခေါ်ကြသည်။
ယခုတော့ သူ၏မောက်မာမူများက တိုးမြှင့်လာသော်လည်း ယခင်တုန်းကကဲ့သို့ အတွေးမျိုး မရှိတော့ချေ။ ကျိလော်ကျူးက သူ လိုက်နာရမည့် စည်းမျဉ်းများကို သင်ကြားပေးထားခဲ့၏။
ယွမ်မုန်ကျိက အောက်တွင် ရှိနေသော မုန့်ချီကို စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ထိုလူငယ်က သူနှင့်တူသည်ဟု တွေးနေမိခဲ့၏။ ထို့နောက် သူကပြန်လှည့်ပြီး ပြောလိုက်သည်။
"တူမို …မင်းလည်း အတူတူပါပဲ…"
တူမိုက သူ့လက်အောက်တွင် ရှိနေသော တံခါး (၇) ပေါက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။ သူကတော့ ယခုတစ်ကြိမ် မကောင်းဆိုးဝါး တောင်တန်းဆီသို့ ဓားစာခံ ပို့ဆောင်ရာတွင် အဖွဲ့ကြီးတစ်ခုကို ခေါ်မလာခဲ့ပေ။
ထို့ကြောင့် သူ၏ လက်ထောက်များ ၊ တံခါး (၆) ပေါက် တခြားပညာရှင်များ အားလုံးကို ချီလီလမ်းကြောင်းတွင် ချန်ထားခဲ့သည်။ ယခုတော့ တူမိုနှင့် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ဒါဇင်ခန့်သာ ပါလာခဲ့၏။ သူက သူ့အစွမ်းအပေါ် အလွန်ယုံကြည်ချက် ရှိသည်။
"ကျွန်တော်က ဆရာနဲ့တွေ့ခဲ့တာ ကံကောင်းသွားတာပါ... ။ မဟုတ်ရင် ကျွန်တော်ရဲ့အလောင်းကိုပဲ တွေ့ရတော့မှာ... "
တူမိုက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။ အညှာအတာကင်းမဲ့သော သူများက သူတို့ထက် ပို၍အစွမ်းထက်သော လူတစ်ယောက်ကို မတွေ့မချင်း အန္တရာယ်များသော ဘဝတွင်သာ နေထိုင်ကြသည်။
သူက ရပ်၍ မေးလိုက်၏။
"ဆရာ .. ကျွန်တော်တို့က မနက်ဖြန် ငါးပင်လယ်ကနေ ထွက်သွားကြမှာလား "
"နောက်ရက်ကျမှ သွားမယ်... "
ယွမ်မုန်ကျိက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါးပင်လယ်ပြီးသွားရင် တန်ဟန်ကိုရောက်မယ်... ။ အဲဒီနေရာမှာ မြေမျက်နှာသွင်ပြင် အခြေအနေတွေက တော်တော်လေးရှုပ်ထွေးတယ်... ။ အဲဒါဆိုရင် သူတို့တွေက ထွက်ပြေးဖို့ လွယ်သွားလိမ့်မယ်..။ ဒီနေရာမှာ နောက်ထပ် (၅) ရက်လောက် ထပ်စောင့်ကြတာပေါ့... ။ ပြီးရင်တော့ ငါတို့က ထွက်သွားပြီး ကိုရင်လေးကို သတ်လိုက်မယ်... ။ ပြီးရင် ချီလီကိုပြန်ပြီး ပုန်းနေလို့ရပြီ…"
အလွန်ရိုးရှင်းသော မြေမျက်နှာသွင်ပြင် အခြေအနေကြောင့် သူက ကွမ်ယွဲ့မှနေ၍ ငါးပင်လယ် ၊ တန်ဟန်လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် မုန့်ချီနှင့် တခြားလူများက ထွက်ပြေးရန် ခက်ခဲ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ပုန်းရန်နေရာ မရှိချေ။
သို့သော် တန်ဟန်တွင်တော့ တောင်ကြားများစွာ ရှိနေသည်။ သူတို့က သူတို့ကို ရှာတွေ့ရန် ခက်ခဲပြီး အလွယ်တကူ အလစ်ချောင်း တိုက်ခိုက်နိုင်၏။ ထို့ပြင် တန်ဟန်၏ ပတ်ပတ်လည်တွင် အန္တရာယ်များသော နေရာတစ်ခုရှိနေပြီး သူကိုယ်တိုင်ပင် ဝင်မသွားရဲပေ။
သူက မည်သူ့ကိုမျှ မကြောက်သော်လည်း သူကိုယ်တိုင်က မုန့်ချီသတ်ခဲ့သော အန်ကုံရှဲ့ထက် ပို၍အားနည်းကြောင်း ကောင်းကောင်းကြီး သိနေသည်။ ထိုအရာက မတော်တဆဖြစ်နိုင်ကြောင်း သိနေသော်လည်း သူကတော့ အဆိုးဆုံးကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်နေသေး၏။
သူက တစ်ယောက်ချင်းတိုက်ပွဲတွင် သူ့ကိုသတ်နိုင်ရန် မသေချာသလို ဖမ်းရန်လည်း မသေချာပေ။ ထို့ပြင် သူက ဝေ့ကျင်းအဆင့်ကို မရောက်သေးသည့်အတွက် အလစ်ချောင်း တိုက်ခိုက်ခံရနိုင်ချေကို ကြိုတင်တွေးထားမည်ဆိုလျှင်ပင် ထိခိုက်မှုက ကြီးနိုင်သေးသည်။
ဥပမာအနေနှင့် ပြောရလျှင် သူတို့က တောင်ကြားတစ်ခုကို ဖြတ်သန်းနေသည့်အချိန် တောင်ထိပ်ပေါ်မှ ကျောက်တုံးကြီးများ ကျလာမည်ဆိုလျှင် သူတို့အတွက် အန္တရာယ်ရှိနိုင်သည်။
ယွမ်မုန်ကျိကတော့ အလွန်ခေါင်းမာသည့်အတွက် တူမိုက သူ့အမိန့်ကို မဆန့်ကျင်ရဲပေ။ သူက အပြုံးနှင့်ပြောလိုက်၏။
"ဆရာ …
သူတို့က ကိုရင်လေးကိုကယ်ဖို့အတွက် ကျွန်တော်တို့က အခွင့်အရေးတစ်ခု ဖန်တီးပေးသင့်လား... "
ယွမ်မုန်ကျိက ခဏကြာ စဉ်းစားနေခဲ့၏။
"အခု ငါတို့က ဒီကိုရောက်နေပြီ။ ငါက မြို့စားပိုင်ပါကျန်းကို သေချာပေါက် သွားလည်ရမယ်... ။ ပြီးရင်တော့ အနားမှာရှိတဲ့ တခြားအဖွဲ့က ညီအစ်ကိုတွေကို ဖိတ်ခေါ်ပေးဖို့ သူ့ကို တောင်းဆိုလိုက်မယ်... ။ ပြီးရင်တော့ အတူတူပျော်ကျတာပေါ့."
ပျော်ပွဲရွှင်ပွဲက ပို၍ရှုပ်ထွေးလေလေ သူတို့လှုပ်ရှားရန် အခွင့်အရေး ပိုများလေလေ ဖြစ်သည်။ တခြားအဖွဲ့မှ လူများကလည်း သူတို့၏နောက်မှ လိုက်လာသည်မှာ ထိုအကြောင်းအရာကို သိနေခြင်းကြောင့် ဖြစ်၏။ အကယ်၍ သူတို့ကသာ သူတို့၏အစွမ်းကို သိသွားလျှင် ငါးပင်လယ်ထဲမှ ထွက်သွားကြပါလိမ့်မည်။
"ကောင်းပါပြီဆရာ... ။ ကျွန်တော်ကအခုပဲ သွားတွေ့လိုက်ပါမယ်... "
တူမိုက တာဝန်ကို လက်ခံလိုက်ပြီးနောက် ချက်ချင်း ထွက်သွားခဲ့သည်။
ယွမ်မုန်ကျိက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
"အဲဒီကိုရင်လေးက တစ်ခုခုထူးခြားတာများရှိလား... "
"ဘာမှမရှိပါဘူး... ။ သူက သောက်လိုက်စားလိုက်နဲ့ ဘာမှအကြောက်အလန့်မရှိ အိပ်နေနိုင်တယ်... ။ ဒါက ထောင်ချောက်တစ်ခုဖြစ်မယ်လို့တောင် ကျွန်တော်က စိုးရိမ်နေမိတယ်... "
တူမိုက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဒါပေမဲ့ တစ်ခါတရံ သူက လေထဲကို စိုက်ကြည့်နေပြီး သူ့ဆရာနဲ့ ဆရာတူအစ်ကိုကြီးကို သွားရှာရမယ်လို့ အော်ဟစ်နေတတ်တယ်... ။ အဲဒီအချိန်မျိုးကျမှပဲ သူ့ပုံစံက ဓားစာခံတစ်ယောက်နဲ့တူတာ... "
ယွမ်မုန်ကျိက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး..။ သူတို့က တိုက်ခိုက်နေကြသေးတယ်လို့ ပိုမီကနေ သတင်းရတယ်..။ သူတို့က အခုသေမင်းပင်လယ်ရဲ့ အတွင်းထဲမှာ ရှိတယ်... "
………..
မိတ်ဆွေပေါင်းများစွာ၏ အကူအညီနှင့် ကျုံးယာရှီက ခြံဝန်းတစ်ခုကို ငှားလိုက်သည်။ ထို့နောက် သူ၏ညီအစ်ကိုများကို ငွေစများ ပေးလိုက်ပြီး စိတ်ဖြေဖျောက်ရန် ခွင့်ပေးလိုက်သည်။
မုန့်ချီကတော့ အခန်းထဲတွင် တိတ်တဆိတ် နေခဲ့ပြီး သာမန်လူသားဘဝကို ရောက်လာပြီးနောက် ကြုံခဲ့ရသည့် အတွေ့အကြုံများကို စဉ်းစားနေခဲ့၏။
"ဒေါက် ဒေါက် ဒေါက်... "
ကူချန်းချင်က တံခါးခေါက်လိုက်သည်။
"ဝင်လာခဲ့ပါ... ။ ဘာလို့ အလျင်လိုနေရတာလဲ... "
မုန့်ချီက ပြောလိုက်သည်။
ကူချန်းချင်က မသက်မသာ ပြောလိုက်၏။
"အဖွဲ့ထဲမှာ မိန်းကလေးဓားပြ (၂) ယောက်ရှိတယ်... ။ သူတို့က တော်တော်လေး ခေါင်းမာပြီး ခဏခဏနှောင့်ယှက်နေတာ... ။ ငါက မခံနိုင်တော့ဘူး... "
ဤနယ်မြေထဲတွင် မိန်းကလေးဓားပြ များများစားစား မရှိပေ။ သူတို့အတွက် အနားယူခွင့်ရသော နေ့ရက်များကလည်း အလွန်ရှားပါးလှသည်။ အစွမ်းထက်သည့် လူတစ်ယောက်အတွက်တော့ အနာဂတ်ရှိနိုင်ပြီး အားနည်းသူများကတော့ လက်ရှိအချိန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခြင်းကလွဲလျှင် တခြားအရာကို မျှော်လင့်၍ မရပေ။
သူတို့ကတော့ ယနေ့တွင် အရက်သောက်ပြီး နောက်နေ့တွင် အရာအားလုံးကို မေ့ပစ်တတ်ကြသည်။ ထို့ကြောင့် ဓားပြမိန်းကလေးများက လိင်မှုကိစ္စနှင့် ပတ်သက်၍ အတော်လေး ပွင့်လင်းကြသည်။ သူတို့က အချိန်မရွေး သေဆုံးသွားနိုင်သည့်အတွက် သူတို့၏ဆန္ဒကို ထိန်းချုပ်ထားခြင်း မရှိချေ။
ကျုံးယာရှီ၏ အဖွဲ့ထဲတွင် မိန်းကလေး (၃) ယောက်ရှိသည်။ ကုံရှယွဲ့ကတော့ သူတစ်ယောက်တည်း အပိုင်ဖြစ်ပြီး မည်သူကမျှ သူမကို မထိရဲကြပေ။ သို့သော် တခြားသော မိန်းမပျိုနှစ်ယောက်ကတော့ လိင်မှုကိစ္စများ ပတ်သက်ရန် အတော်လေး လွယ်ကူလှသည်။
သူတို့ကတော့ ဆန္ဒများ ဖြေဖျောက်ရန်အတွက် လူငယ်များကို မကြာခဏ လိုက်ရှာတတ်၏။ အစ်မကြီးများ ဖြစ်သည့်အတွက် ငယ်ရွယ်ချောမောသော ကောင်လေးများကို ပို၍စိတ်ဝင်စားကြသည်။ ထို့ကြောင့် မုန့်ချီနှင့် ကူချန်းချင်တို့က တခြားသော ကြမ်းတမ်းခက်ထန်သည့် ဓားပြများထက် ပို၍ရေပန်းစားနေကြ၏။
"မင်းက ခုခံစရာမှ မလိုတာ..။ မင်းက ကြိုက်တယ်ဆိုရင် ဘာလို့မလှုပ်ရှားရတာလဲ... "
မုန့်ချီက စနောက်၍ ပြောလိုက်သည်။
ကူချန်းချင်က အခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ သူကတော့ သူ၏လူပျိုဘဝကို ကာကွယ်ချင်နေပုံရသည်။
"သူတို့ရောက်လာပြီ ။ ငါ့ကို ဒီမှာပုန်းခွင့်ပေးပါ... ။ မင်းက ဂရုစိုက်ဦး... "
"ဘာမှမစိုးရိမ်ပါနဲ့... ။ နေရာတိုင်းမှာ နည်းလမ်းတွေရှိတယ်... ။ ငါ့မှာလည်းရှိတာပဲ "
မုန့်ချီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
Translated by Hein Htet