← Chapters

အခန်း (၁၃၂)

Vol. 9 Ch. 132

အခန်း (၁၃၂)

Vol. 9 Ch. 132

မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး သိုင်းကွက်တချို့ကို စမ်းသပ်ကြည့်နေခဲ့သည်။ သူကတော့ သူ၏ဓားပညာကို လေ့ကျင့်ချင်ယောင်ဆောင်နေခဲ့၏။ ထိုအချိန်တွင် မလုံ့တလုံ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက် ရောက်လာခဲ့သည်။

သူမက လှပမှုမရှိသော်လည်း တဏှာရမ္မက်များကို ဖိတ်ခေါ်နိုင်သည့် ခန္ဓာကိုယ် အချိုးအစားမျိုးရှိ၏။ သူမ၏အင်္ကျီက အတော်လေးကို လည်ဟိုက်နေပြီး ရင်သားတစ်ခြမ်းက ပေါ်နေခဲ့သည်။

"ခေါင်းဆောင်(၅)…

ခေါင်းဆောင်‌(၄)ကိုရော မြင်မိသေးလား…"

သူမက အသံတိုးတိုးနှင့် မေးလိုက်၏။

မုန့်ချီက အတော်လေးကို ရုပ်ချောပြီး ကူချန်းချင်ထက်ပင် ပို၍ ချောမောနေသည်။ သို့သော် သူကတော့ တစ်ယောက်တည်း သီးခြားနေခြင်းကိုသာ သဘောကျပြီး လိုအပ်လျှင် လူသတ်နိုင်သည့် စိတ်အခြေအနေမျိုး ရှိသည်။ သူက နေကျပင်လယ် လူသတ်သမား ဝမ်ဟုန်နှင့် တွေ့ခဲ့ရသည့်အချိန်တွင်ပင် မည်သည့်စကားမျှ မပြောခဲ့ဘဲ ဓားထုတ်၍ တိုက်ခိုက်ခဲ့သည်။

သူ့ပုံစံကို ကြည့်ရသည်မှာ မည်သည့်အရာကိုမျှ အကြောက်အလန့်ရှိပုံ မရချေ။ သူ့လို ယောကျ်ားမျိုးကတော့ သူမ၏အသုံးတော်ခံမည့်သူမျိုး မဟုတ်သည့်အတွက် သူမက တလေးတစားသာ ဆက်ဆံရဲသည်။ ထိုကဲ့သို့ လူငယ်မျိုးနှင့် အဝေးတွင် ခွာနေခြင်းက ပိုကောင်း၏။

မုန့်ချီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"မတွေ့မိဘူး…"

ထိုမိန်းကလေးက ယာယီမှင်တက်သွား၏။ မုန့်ချီ၏ ရုပ်ရည်နှင့် ဓားသိုင်း လေ့ကျင့်နေသော သူ့ပုံစံကိုကြည့်၍ သူမ၏ရင်ထဲတွင်လည်း ရမ္မက်မီးများ ၊ ဆန္ဒများ တဖွားဖွား ပေါ်လာရသည်။ သူမက သူ့ကို အရှင်လတ်လတ်ဝါး စားချင်နေခဲ့၏။

သူမက အားတင်းပြီး အသံတိုးတိုးနှင့်ပြောလိုက်သည်။

"ခေါင်းဆောင်(၅)…

အကုန်လုံးက ငါးပင်လယ်ကို သွားပြီး ပျော်ပါးနေကြတယ်လေ။ ခေါင်းဆောင်(၅)က ဘာလို့ သူတို့နဲ့ လိုက်မသွားရတာလဲ……"

"ငါက ဓားပညာပဲ လေ့ကျင့်ချင်တာ… "

မုန့်ချီက အေးစက်စွာ ပြောလိုက်သည်။

"ခဏလောက် အနားယူလိုက်မယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး…"

သူမက မုန့်ချီ၏ အနားသို့ ဖြည်းညင်းစွာ ကပ်လာပြီး အသံကလည်း တဖြည်းဖြည်းပို၍ ဆွဲဆောင်မှုရှိလာသည်။

"ခေါင်းဆောင်(၅)က တော်တော်လေး ငယ်ပါသေးတယ်။ မိန်းကလေးတစ်ယောက်နဲ့ အတူတူနေဖူးတဲ့ အတွေ့အကြုံရသွားပြီလား…"

မုန့်ချီက သူမကို စိုက်ကြည့်ပြီး သူ့ဓားနှင့် ချိန်လိုက်သည်။

"မင်းရဲ့ခြေလှမ်းမှာ အမှား(၇)ခု ရှိတယ်။ မင်းလုပ်လိုက်တဲ့ အမှားတစ်ခုချင်းဆီတိုင်းက မင်းကိုသတ်ဖို့အတွက် ထင်ရှားတဲ့ နည်းလမ်းတစ်ခု ပေးနေတာပဲ။ ဒီနေရာနဲ့ ဒီနေရာ.."

သူက စကားပြောနေရင်း ဓားနှင့် တစ်နေရာပြီး တစ်နေရာ လှမ်းချိန်လိုက်သည်။

အလွန်အေးစက်သော ဓားအလင်းရောင်ကြောင့် သူမက ရင်ထဲတွင် အေးစက်သွားသလို ခံစားနေရ၏။ သူမက အလွန်ကြောက်လန့်သွားခဲ့သည့်အတွက် ရမ္မက်ဆန္ဒများအားလုံးပင် ပျောက်ကွယ်သွားရသည်။ နောက်ဆုံးတော့ သူလည်း ရှက်ကိုးရှက်ကန်း အမူအရာနှင့် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် မနည်းထိန်းချုပ်လိုက်ရသည်။

"ကျွန်မရဲ့သိုင်းပညာက တော်တော်လေး နိမ့်တယ်။ ကျွန်မကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက အခုချက်ချင်းပဲ အခန်းထဲက ထွက်သွားပြီး လေ့ကျင့်ပါတော့မယ်…"

သူမက ချက်ချင်း ထွက်သွားခဲ့ပြီး တစ္ဆေသရဲတစ်ကောင်ကို မြင်သည့်အလား ထွက်ပြေးသည်မှာ အလွန်လျင်မြန်လှသည်။

"ငါကတော့ သူတို့ကို ခြောက်လှန့်ဖို့အတွက် ဓားသိုင်းအရူးတစ်ယောက်လို ဟန်ဆောင်ရမှာကို မသိခဲ့ဘူး…"

ကူချန်းချင်က သက်ပြင်းချလိုက်မိသည်။ သူက ထိုအရာများကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည်ဟု သူ၏ ခံစားချက်များက ပြောပြနေ၏။

မုန့်ချီက ဓားကိုသိမ်းပြီး အပြုံးနှင့် ပြောလိုက်၏။

"မင်းက ဒီလိုလုပ်စရာမလိုပါဘူး…"

ထိုအရာကတော့ သူတို့အပေါ် တခြားသူများ၏ အမြင်သက်သက်သာ ဖြစ်သည်။ မည်သူကရော မသက်ဆိုင်သည့် လူတစ်ယောက်ကို အတင်းအကြပ် လုပ်ဆောင်ရဲမည်နည်း။ ပို၍အရေးကြီးသည်မှာ တခြားလူများက သူတို့ကို မည်သို့ ထင်မှတ်ထားလဲ ဟူသော အမြင်ဖြစ်သည်။

တချို့သော လုပ်ရပ်များ ၊ အပြုအမူများက သူတို့၏စိတ်ထဲတွင် အတင့်ရဲမှု၊ ရက်ရောမှု ၊ ရက်စက်ကြမ်းကြုတ်မှု၊ ကြောက်လန့်မှုနှင့် သဘောကောင်းမှုဟူသော အခြေအနေများကို ဖန်တီးပေးနိုင်သည်။ ထိုအရာက တခြားသူများကို လှည့်စားနိုင်သော အရာများဖြစ်၏။

ကူချန်းချင်က စဉ်းစားလိုက်ပြီး သက်ပြင်းချမိလိုက်သည်။

"မင်းပြောတာ မှန်တယ်။ တကယ်လို့ ငါသာ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် သူတို့က ငါ့ကို ဒီလိုမျိုး ပြောမှာပဲ…။ ‘ခေါင်းဆောင်(၅)……ခေါင်းဆောင်ရဲ့ ဓားပညာက အတော်လေးကောင်းတယ်။ လာပါဦး ငါ့လက်ကိုကိုင်ပြီး ငါ့ကို ဖြည်းဖြည်းချင်း သင်ပေးပါဦးလို့.’ ပြောမှာပဲ။ ငါသာ ဒါတွေကို စောစောသိခဲ့မယ်ဆိုရင် အေးတိအေးစက် ပုံစံမျိုး ဟန်ဆောင်ထားပါတယ်။ အခုမှတော့ အရမ်းနောက်ကျသွားပြီ…"

မုန့်ချီက ပြုံးလိုက်သည်။

လူတစ်ယောက်အပေါ် အမြင်ပြောင်းလဲရန်အတွက် စလာသည့်အချိန်ကတည်းကစပြီး တဖြည်းဖြည်း တည်ဆောက်သွားမှသာ အကျိုးသက်ရောက်မှုရှိပါလိမ့်မည်။ သူက မတ်တပ်ရပ်လိုက်၏။

"ကျုံးယာရှီကို သွားရှာလိုက်။ ပြီးတော့ သူ့ကို ဒီစကားပြောလိုက်…"

ကျုံးယာရှီကတော့ ကုံရှယွဲ့နှင့် အိပ်ရာထဲတွင် ချစ်ကြည်နူးနေကြသည်။ သူ့ပုံစံက ပင်ပန်းနေပုံရသော်လည်း အတော်လေးကို တက်ကြွနေခဲ့၏။ သူ‌က ခေါင်းဆောင်အသစ်(၂)ယောက်ကို မြင်သည့်အခါ ရှုပ်ထွေးစွာ မေးလိုက်သည်။

"ညီလေးမုန့်နဲ့ညီလေးကူ…မင်းတို့က တစ်ခုခုလိုအပ်လို့လား…"

"ချန်းချင်က ကျွန်တော့်ကို ဒီနေရာခေါ်လာခဲ့တာ…."

မုန့်ချီက အေးစက်စွာ ပြန်ဖြေလိုက်သည်။ ကူချန်းချင်က ပြုံးလိုက်၏။

"ခေါင်းဆောင်…

ကျွန်တော်က တစ်ခုခုကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ တွေးမိလို့ပါ။ ဒါကြောင့် ခေါင်းဆောင်နဲ့ ဆွေးနွေးဖို့အတွက် ဒီနေရာကို ရောက်လာတာ… "

"ဘယ်လိုပြင်ဆင်ထားချင်တာလဲ…"

ကျုံးယာရှီက ပို၍ပင် ရှုပ်‌ထွေးသွားခဲ့သည်။

ကူချန်းချင်က အပြုံးနှင့် ပြောလိုက်၏။

"ခေါင်းဆောင်…

ခေါင်းဆောင်က အစီအစဉ်(၂)အတွက် ကြိုပြီး စဉ်းစားမထားဘူးလား။ မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့် ထုတ်ထားတဲ့ ခေါင်းတုံးလေးက ကျွန်တော်တို့လက်ထဲကို ရောက်လာပြီဆိုပါစို့။ ယွမ်မုန်ကျိက သူ့ကို ပြန်ပေးစေချင်တယ်ဆိုရင် ခေါင်းဆောင်က ဘာလုပ်မှာလဲ…."

မုန့်ချီကတော့ လမ်းတစ်လျှောက်တွင် ထိုအခေါ်အဝေါ်များကို သိနေသည့်အတွက် အံကြိတ်ထားမိသော်လည်း ထူးထူးခြားခြား အမူအရာမျိုးမပြချေ။

ကျုံးယာရှီက တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။

"မင်းပြောတဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ်…”

သူက ဤနေရာသို့ ရောက်လာသည်မှာ အခွင့်အရေးငယ်လေး တစ်ခုအတွက်သာ ဖြစ်သည်။ အကယ်၍ သူသာ ကံကောင်းသွားမည်ဆိုလျှင် ဘာဆက်လုပ်ရမည်နည်း။ အကယ်၍ အခွင့်အရေးက ရောက်လာပြီး သူကိုယ်တိုင်က အဆင်သင့်မရှိလျှင် သူက သေချာပေါက် နောင်တရပါလိမ့်မည်။

ငါးပင်လယ်မြို့က အပြင်ဘက်နှင့် တူညီနေခြင်းမရှိချေ။ အကယ်၍ အပြင်တွင် ဆိုလျှင်တော့ သူတို့က ကိုရင်လေးကို ခေါ်ပြီး အိုအေစစ်များ၊ ကန္တာရထဲတွင် ပုန်းအောင်းနေ၍ ရနိုင်သည်။ ထိုအချိန်ရောက်လာလျှင် ယွမ်မုန်ကျိက ပိုင်ပါကျန်းကို အသုံးချပြီး မြို့တံခါးများကို သေချာပေါက် ပိတ်ခိုင်းမည်ဖြစ်သည်။ သူတို့က အစီအစဉ်များကို ကြိုတင်လုပ်ဆောင်ထားသင့်၏။

"အဲဒီခေါင်းတုံး‌လေးက တော်တော်လေးကို ကောက်ကျစ်စဉ်းလဲတယ်…။ ပြီးတော့ သူ့မှာ လှည့်ကွက်တွေလည်း အများကြီးပဲ။ သူ့ရဲ့သိုင်းပညာကလည်း တော်တော်အစွမ်းထက်တယ်။ တကယ်လို့ ငါတို့သာ သူ့ကို ဖမ်းချင်တယ်ဆိုရင် သူ ဒဏ်ရာမရခင် ယွမ်မုန်ကျိကို ဆိုးဆိုးရွားရွား လုပ်နိုင်ပါစေလို့ မျှော်လင့်ရမယ်။ ဒါပေမယ့် အဲဒါကလည်း အရမ်းကြီး မျှော်လင့်ချက်တော့ မရှိဘူး…"

ကူချန်းချင်ကတော့ လေသံပြောင်းလဲမှုမရှိဘဲ သူ၏ အစီအစဉ်ကို အရင်ဆုံး ပြောပြလိုက်သည်။

“ဒါပေမယ့် ကျွန်တော်တို့က လက်ဗလာနဲ့ ထွက်သွားရမယ်လို့ ဆိုလိုနေတာလဲမဟုတ်ဘူးလေ။ မြို့ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်။ ပြီးတော့ ဒီတစ်ကြိမ် အခွင့်အရေးစောင့်နေတဲ့ သူတွေလည်း အများကြီးရှိတယ်။ သူတို့ကလည်း အခြေအနေတွေကို စောင့်ကြည့်နေကြတာပဲ။ နည်းနည်းလောက် ပွတ်တိုက်မိတာနဲ့ မီးပွင့်လာနိုင်ပြီး ပြဿနာတွေ၊ တိုက်ပွဲတွေဖြစ်လာလိမ့်မယ်။ ခေါင်းတုံးလေးက အဲဒီလို အခွင့်အရေးမျိုးကို သေချာပေါက် စောင့်နေမှာပဲ…"

"ခေါင်းဆောင်…

ကျွန်တော်တို့ကလည်း အဲဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချလို့ရတယ်လေ။ ငါးပင်လယ်မြို့က သေမင်းပင်လယ် ကန္တာရထဲမှာ လူအထူထပ်ဆုံး နေရာတစ်ခုပဲ။ ဒီနေရာမှာ ဘယ်လိုထိန်းချုပ်လို့ရမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ…"

ကျုံးယာရှီ၏ မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့သည်။ သူက လက်ခုပ်တီးပြီး ပြောလိုက်၏။

"ညီလေးကူ …

မင်းကမှ ငါတို့အဖွဲ့ထဲက လိုအပ်နေတဲ့အရာမျိုးပဲ။ မင်းက တော်တော်လေးကို ဉာဏ်ကောင်းလွန်းတယ်… "

ကူချန်းချင်ကတော့ အကြံပေးတစ်ယောက်ကဲ့သို့ လုပ်ဆောင်နေပြီး သူ၏ မူလအကျင့်စရိုက်နှင့် ကိုက်ညီမှုမရှိချေ။ သို့သော် ထိုအရာက လက်ရှိအလျင်လိုတတ်သော မုန့်ချီ၏အခြေအနေမျိုးနှင့်လည်း ကိုက်ညီမှုမရှိနိုင်ပေ။

ကျုံးယာရှီက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး ရှေ့ပြန်နောက်ပြန် လျှောက်နေခဲ့သည်။ တောင်ပိုင်းနယ်မြေ၏ အထင်ကရနေရာတစ်ခု ဖြစ်သည့်အတွက် ငါးပင်လယ်က ကံကောင်းမှုများစွာ စုဝေးနေသည်။ သူတို့က ကျိလော်ကျူးနှင့် ရှန့်တူလျောင်တို့ကဲ့သို့ နယ်မြေသခင်များကို အခွန်အခများ ပေးရသော်လည်း ဤနေရာတွင် ကုန်သည်ကြီးများစွာ ရှိနေကြသည်။

ကျုံးယာရှီကတော့ ယခုလေးမှ အဖွဲ့လိုက် တိုက်ပွဲတစ်ပွဲတွင် ရှုံးနိမ့်ထားသည့်အတွက် ပို၍များပြားသော လူများကို ခေါ်ရန် လိုအပ်နေ၏။ သို့သော် လူတိုင်းက ညီလေးကူနှင့် ညီလေးမုန့်တို့ကဲ့သို့ ငွေအစား အခွင့်အရေးနှင့် အောင်မြင်မှုကို ရှာဖွေနေကြခြင်း မရှိချေ။

အကယ်၍ ထိုအရာကသာ သူတို့အတွက် လုံလောက်အောင် ကံကောင်းသွားမည်ဆိုရင် သူတို့က မြင်းဓားပြအဖြစ်မှပင် နှုတ်ထွက်သွား၍ ရနိုင်သည်။

ကူချန်းချင်က ပြုံးလိုက်၏။

"ခေါင်းဆောင်…

ဒါကြောင့် ကျွန်တော်တို့ကလည်း ထွက်လမ်းတစ်ခု ရှာဖွေဖို့ ပြင်ဆင်ထားရမယ်လို့ အကြံပေးတာ…"

"မင်းက တကယ့်ကို ဉာဏ်ကောင်းလွန်းတယ်။ ငါက ငါ့ရဲ့မိတ်‌ဆွေတချို့နဲ့ သွားတွေ့ပြီး အစီအစဉ်တွေလုပ်လိုက်မယ်…"

ကျုံးယာရှီက လက်မထောင်ပြလိုက်၏။

ကူချန်းချင်က သူ့ကို ချက်ချင်းတားလိုက်သည်။

"ခေါင်းဆောင်…

ခေါင်းဆောင်က သေမင်းပင်လယ်ထဲမှာ နာမည်ကြီးတယ်လေ။ တကယ်လို့ ခေါင်းဆောင်ကိုယ်တိုင် လုပ်လိုက်မယ်ဆိုရင် မျက်လုံးပေါင်းများစွာက သတိထားမိသွားလိမ့်မယ်။ ဒီတော့ ဒီကိစ္စကို ကျွန်တော်နဲ့ ညီလေးမုန့်ကိုပဲ တာဝန်ပေးလိုက်ပါ.."

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် သူ့စကားက သင့်တော်ကြောင်း ကျုံးယာရှီက တွေ့လိုက်ရသည်။ သူက သေမင်းပင်လယ် ကန္တာရထဲတွင် ထင်ရှားမှုမရှိသော်လည်း သူ့ကို တခြားအဖွဲ့များက သိနေကြသည်။ တခြားလူများ မပြောနှင့် ဝမ်ဟုန်တစ်ယောက်တည်းကပင် သူ၏ လှုပ်ရှားမှုတိုင်းကို သေချာပေါက် စောင့်ကြည့်နေနိုင်‌သည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ရှာတွေ့သွားပြီး သူတို့ထွက်ပြေးမည့်လမ်းကို တားဆီးထားမည်ဆိုလျှင် ပြဿနာကြီးများ ဖြစ်လာနိုင်၏။ သူက ခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့(၂)ယောက်က မရင်းနှီးတဲ့ မျက်နှာတွေပဲ။ ဒါပေမယ့် ပြဿနာတစ်ခု ရှိနိုင်တယ်။ ငါတို့ကို အကူအညီပေးနိုင်တဲ့သူတွေကို မင်းတို့ သွားတွေ့လို့ရမှာ မဟုတ်လောက်ဘူး။ သူတို့က မင်းတို့ကို မယုံလောက်ဘူး… "

"ကျွန်တော်တို့ကို မိတ်ဆက်တဲ့သဘော သွားခိုင်းလို့ရော မရနိုင်ဘူးလား...။ ကျွန်တော်တို့ကသာ ခေါင်းဆောင်ဆီက ပစ္စည်းတစ်ခုခုကို ပြလိုက်မယ်ဆိုရင် သူတို့က ကျွန်တော်တို့ကို ယုံကြည်မှာပဲလေ… "

ကျုံးယာရှီက အံကြိတ်ပြီး စဉ်းစားနေခဲ့သည်။

"ညီအစ်ကိုတို့…

ငါက ဒီတာဝန်ကို မင်းတို့ကိုပဲ ပေးလိုက်တော့မယ်။ ဒါက ငါတို့အဖွဲ့ရဲ့ ရှင်သန်မှုနဲ့ သက်ဆိုင်တယ်။ မင်းက သေချာပေါက် အောင်မြင်မှရမယ်…"

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုသာ ယုံကြည်ထားလိုက်ပါ…"

ကူချန်းချင်က အပြုံးနှင့်ပြောလိုက်သည်။

ကျုံးယာရှီက ခေါင်းညိတ်ပြလိုက်၏။

"အနောက်ဘက်လမ်းပေါ်မှာရှိတဲ့ အဘိုးချောင် တည်းခိုဆောင်ကိုသွားပြီး …"

သူ့စကားမဆုံးသေးခင် ကူချန်းချင်က ဖြတ်ပြောလိုက်သည်။

"အရက်သမားရှဲ့ကို သွားရှာရမှာလား…"

"မင်းက သူ့ကို သိလို့လား…"

ကျုံးယာရှီက သူ့ကို ကြည့်ပြီး အံ့ဩသွားခဲ့သည်။

ကူချန်းချင်က ပြုံးလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက မိသားစုအကြီးအကဲတစ်ယောက်နှင့်အတူ ဒီနေရာကို ရောက်လာဖူးတယ်။ အဘိုးချောင် တည်းခိုဆောင်မှာရှိတဲ့ အရက်သမားရှဲ့က မကောင်းတဲ့ လုပ်ရပ်တွေကို လုပ်တာ အများဆုံး လူတစ်ယောက်လို့ ပြောတယ်။ သူနဲ့ ‌အပေးအယူတည့်သွားပြီဆိုရင် သူက လုံးဝသစ္စာမဖောက်တတ်ဘူး။ တကယ်လို့ တစ်ယောက်ယောက်ကို သတ်ဖို့ လိုအပ်နေတာပဲဖြစ်ဖြစ်၊ ငွေကြေးပို့ဆောင်မှုပဲဖြစ်ဖြစ်၊ သတင်းအချက်အလက် စုံစမ်းဖို့ ထွက်ပြေးဖို့ လမ်းကြောင်းရှာတာပဲဖြစ်ဖြစ် သူ့ကို ယုံယုံကြည်ကြည် အပ်နှံလို့ရတယ်။ ကျိလော်ကျူးနဲ့ ရှန့်တုလျောင်တို့ကတောင် သူ့ကို မထိရဲကြဘူး…"

"ဟုတ်တယ်…။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းကမှ အရက်သမားရှဲ့က ဒီနေရာကို ရောက်လာခဲ့တာ။ သူ့ရဲ့နောက်ကြောင်းက မရှင်းဘူး။ ဆရာကြီးကျိလော်နဲ့ ရှန့်တုလျောင်တို့ကတောင် သူ့ကို ရန်မစရဲဘူး…"

ကျုံးယာရှီက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"အရက်သမားရှဲ့က ဝေ့ကျင်းအဆင့်ပညာရှင်တစ်ယောက်လို့တောင် ပြောကြတာပဲ…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ထိုစကားလုံးကို ရင်းနှီးနေပုံရ၏။

အနည်းငယ်ဆွေးနွေးနေပြီးနောက် ကျုံးယာရှီက သူ၏လည်ပင်း‌တွင် ဆွဲထားသော ကျောက်စိမ်းပြားတစ်ခုကို ဖြုတ်ပေးလိုက်သည်။ သူ၏ ကျောက်စိမ်းပြားပေါ်တွင် အက်ကွဲကြောင်းလေးတစ်ခုရှိနေ၏။

"ငါက သူ့ရဲ့အကူအညီနဲ့ ငွေမည်းတွေကို ခဝါချဖူးတယ်။ ‌ဒါကြောင့် ငါတို့က အသိအကျွမ်းတွေလို့ ပြောလို့ရတယ်။ ဒါကို သူ့ဆီယူသွားလိုက်။ သူက မှတ်မိလိမ့်မယ်.. "

သူတို့ထွက်သွားတော့မည့်အချိန်တွင် ကျုံးယာရှီက ကူချန်းချင်ကို အနားသို့ဆွဲခေါ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ညီလေးမုန့်က အရမ်းကို မဆင်မခြင်လုပ်လွန်းတယ်။ မင်းက သူ့ကို တစ်ချိန်လုံး စောင့်ကြည့်ထားဦး။ တကယ်လို့ မင်းတစ်ယောက်တည်းသွားလို့ အရမ်းအန္တရာယ်မများဘူးဆိုရင် ငါက သူ့ကို နေခဲ့ခိုင်းလိုက်မယ်…"

"ဘာမှစိတ်မပူပါနဲ့ ခေါင်းဆောင်…။ ကျွန်တော်က သူနဲ့သိတာ တော်တော်လေး ကြာနေပါပြီ…"

ကူချန်းချင်က တည်ငြိမ်စွာ ပြောလိုက်သည်။

နားတံခါး ပွင့်နေသည့်အတွက် သူတို့၏ စကားကို ကြားနေသော မုန့်ချီကတော့ စိတ်ထဲတွင် တစ်ယောက်တည်း တွေးနေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူတို့က အချင်းချင်းသိ‌သည်မှာ (၁၀)ရက်ခန့်သာ ရှိသေး၏။ သူက တစ်ယောက်တည်း ရယ်လိုက်မိသည်။

နောက်ဆုံးတွင်တော့ ကူချန်းချင်ကလည်း သူ့ဆီမှ တစ်စုံတစ်ခုကို သင်ကြားခဲ့ပုံရသည်။ သူက အလိမ်အညာများကို ကောင်းမွန်စွာ ပြောနိုင်နေပြီဖြစ်၏။ အကယ်၍ အရက်သမားရှဲ့က သူတို့ကို သစ္စာဖောက်သွားမည်ဆိုလျှင်ပင် တခြားသူများကတော့ သူတို့၏ အဆင့်အတန်းကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။ ယခုတော့ သူတို့က ကျုံးယာရှီ၏ လက်အောက်ငယ်သားများ ဖြစ်ကြ၏။

သူတို့က ကျုံးယာရှီ၏ တာဝန်ပေးချက်အရ ထွက်ပြေးရန် လမ်းကြောင်းရှာဖွေရခြင်း ဖြစ်သည်။ သူတို့၏ဓားများကို ယူလိုက်ပြီး လူများ ရှုပ်ထွေးနေသော လမ်းပေါ်သို့ ထွက်လာခဲ့ကြ၏။

သူတို့က အနောက်ဘက်လမ်းပေါ်သို့ ဝင်လာခဲ့ကြသည့်အချိန်တွင် စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားသော လူများကို တွေ့လိုက်ရသည်။ သူတို့ကတော့ မျက်နှာပျက်နေပြီး တစ်စုံတစ်ခုကို အလျင်လိုနေပုံရ၏။

အဘိုးချောင် တည်းခိုဆောင်က ခပ်နိမ့်နိမ့်ဖြစ်ပြီး အတွင်းထဲတွင် စားပွဲပေါင်းများစွာ ရှိနေသည်။ အလင်းရောင်က မှေးမှိန်နေပြီး အထဲတွင် လူများပြည့်နေ၏။

ကူချန်းချင်ကတော့ ထိုဧည့်သည်များ၏ အလယ်မှ လျှောက်သွားပြီး သူ့ကို လေးထောင့်စားပွဲတစ်ခုဆီသို့ ဦးတည်ခေါ်သွားခဲ့သည်။ ထိုနေရာတွင် အရက်သောက်နေသော လူတစ်ယောက်ရှိ၏။ သူက လက်ထဲတွင် အရက်အိုးတစ်အိုးကို ကိုင်ပြီး ထိုင်နေသည်။

"နှစ်ပေါင်းများစွာကြာသွားပေမယ့် ဒီနေရာက မပြောင်းလဲသေးဘူးပဲ…"

ကူချန်းချင်က မုန့်ချီကို ပြောလိုက်သည်။ ထို့နောက် သူက ရှေ့တွင်ရှိနေသော စားပွဲတွင် ထိုင်လိုက်၏။

အရက်သမားရှဲ့က ဖြည်းညင်းစွာ ခေါင်းမော့ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ဘာမှမပြောရင် ထွက်သွားတော့…"

သူ့ပုံစံက ထူးခြားပုံမရချေ။ သူကတော့ အလွန်အကျွံ အရက်မူးနေပုံမရဘဲ ထက်မြက်သော မျက်လုံးများနဲ့ ပတ်ပတ်လည်ကို စိုက်ကြည့်နေ၏။

"လူတွေ အများကြီး သတိမထားမိဘဲ ဒီမြို့ထဲကနေ အလွယ်တကူ ထွက်သွားနိုင်မယ့် လမ်းကြောင်းတစ်ခုလိုချင်တယ်…"

ကူချန်းချင်က အသံတိုးတိုးနှင့် ပြောလိုက်၏။

အရက်သမားရှဲ့က ယာယီငြိမ်သက်သွားခဲ့သည်။ သူက အရက်ကို ဖြည်းဖြည်းချင်းသောက်၍ ပြန်ပြောလိုက်၏။

"ငွေစ ငါးသောင်း… အလျှော့အတင်း မရှိဘူး။ ငါ့ကို အခုချက်ချင်း (၂)သောင်းပေးရမယ်။ မင်းတို့အဆင်သင့်ဖြစ်တဲ့အချိန်ကျရင် ငါ့ကို အနည်းဆုံး တစ်နာရီကြိုပြီး ပြောထားရမယ်။ ကျန်တဲ့ (၃)သောင်းကို မင်းတို့ထွက်သွားပြီးမှ ပေးရမယ်…"

ကူချန်းချင်က ရတနာအိတ်လေးကို ထုတ်ပြီး အရက်သမားရှဲ့ကို ပေးလိုက်သည်။

"ဒီထဲမှာ ငွေစ (၂)သောင်းကျော်ပါတယ်…"

ထိုအရာက ကျုံးယာရှီ သူတို့ကို ပေးလိုက်သော ငွေစများဖြစ်သည်။ ထို့ကြောင့် သူတို့က နှမြောနေစရာ မလိုအပ်ပေ။

အရက်သမားရှဲ့က ငွေအိတ်ကို ဖွင့်လိုက်ပြီး နောက်ဆုံးတွင်တော့ သူတို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူက ပထမဆုံးအကြိမ် သူတို့(၂)ယောက်ကို စိုက်ကြည့်လိုက်၏။

"မင်းတို့က တော်တော်လေးကို ရုပ်ချောပြီး ငယ်သေးတာပဲ။ မင်းတို့က အလယ်ပိုင်းနယ်မြေက မဟုတ်လား။ ဒါမှမဟုတ် နှင်းတောင်တန်းမှာရှိတဲ့ မြောက်ပိုင်း အိုအေစစ်ကလား…"

သူကတော့ ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။

"မင်းတို့က သဲပင်လယ်တည်းခိုဆောင်ကို ဖြတ်မလာခဲ့ရဘူးလား။ ချမ်းနင်က အရမ်းလှနေသေးလား။ အရမ်းကို ဆွဲဆောင်မှု ရှိနေသေးတာလား…"

သူကတော့ မူးယစ်ရီဝေနေသော မျက်လုံးများနှင့် ဆက်၍ မေးနေခဲ့သည်။

ချူချမ်းနင် အကြောင်းပြောသည့်အချိန်တွင် သူ၏အမူအရာက ထူးဆန်းနေခဲ့၏။ သူ၏ အသံထဲတွင် သိမ်မွေ့ညင်သာမှုများ ပြည့်နှက်နေပြီး မျက်လုံးများက နူးညံ့နေခဲ့သည်။ သူ့ပုံစံက အချစ်ဦးကို တမ်းတနေသော လူငယ်လေး တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။

ထိုအခြေအနေကို မုန့်ချီက နားလည်သွားခဲ့သည်။ ထို့ကြောင့်လည်း သူက ရင်းနှီးနေသလို ခံစားရခြင်းဖြစ်၏။ အမည်မသိ နောက်ခံရှိနေပြီး ဝေ့ကျင်းအဆင့်ဟု သံသယဝင်ခံနေရသည်။ ထိုအရာက ချူချမ်းနင်နှင့် အတူတူသာဖြစ်၏။

Translated by Hein Htet.

All Chapters