အခန်း (၁၃၃)
Vol. 9 Ch. 133
ခဏတာစဉ်းစားလိုက်ပြီးနောက် မုန့်ချီက မျက်နှာသေနှင့် ပြောလိုက်သည်။
"ကျွန်တော်တို့က မြောက်ဘက်ကနေ ရောက်နေတာ...။ ဒါပေမယ့် သဲမြန်မြို့ကို တကယ်ပဲ ဖြတ်လာခဲ့တယ်...။ ချူချမ်းနင်က တကယ်ကို လှတာပဲ...။ ဒါပေမယ့် သူကတော့ ငွေကိုပဲ စိတ်ဝင်စားတဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်နေတယ်...."
"ဟုတ်တယ်။ အဲဒါကမှ တကယ့်အစစ်အမှန်သူပဲ...။ ကျောက်မျက်ရတနာတွေ ၊ ရွှေငွေရတနာတွေ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို မြင်တဲ့အချိန်တိုင်း သူ့ရဲ့မျက်နှာက အလှတရားတွေနဲ့ ပြည့်နေတယ်...။ သူ့ရဲ့မျက်လုံးတွေထဲမှာ ပြောပြလို့မရနိုင်တဲ့ ဆွဲဆောင်မှုတွေရှိတယ်...."
အရက်သမားရှဲ့က ရုတ်တရက် ဝမ်းသာလာပြီး မရပ်မနား စကားပြောနေခဲ့သည်။
"မင်းတို့သိလား...။ အဲဒါက သူ့အတွက် အလှပဆုံး အခိုက်အတန့် မဟုတ်သေးဘူး...။ သူအရက်မူးနေတဲ့ အချိန်ကျရင် မင်းတို့က တွေ့ရလိမ့်မယ်...."
နောက်ဆုံးတွင်တော့ သူက စကားကို တုံးတိရပ်ချလိုက်သည်။
သူက စားပွဲပေါ်တွင် မှောက်ကျသွားပြီး ဟောက်သံများပင် ထွက်လာခဲ့၏။ ကြည့်ရသည်မှာ ချူချမ်းနင်အကြောင်း ပြောခဲ့သည့်အတွက် အိမ်မက်ထဲတွင် သူမနှင့်တွေ့ဆုံနေကြောင်း အိမ်မက်မက်နေပုံရသည်။
မုန့်ချီက တန်ဖိုးရှိသော အချက်အလက်များကို ထပ်မရတော့သည့်အတွက် အဘိုးအိုချောင် တည်းခိုဆောင်ထဲမှထွက်လာခဲ့သည်။ သူတို့ထွက်လာသည့်အချိန်တွင် အရက်သမားရှဲ့၏ အနားတွင် အဖြူရောင်လက်ကလေး တစ်ဖက်ပေါ်လာသည်။ ထို့နောက် သူ့နားရွက်ကို အားနှင့် ဆွဲခေါ်သွားလိုက်၏။
“ဝါး ..."
အရက်သမားရှဲ့က သန်းလိုက်သည်။
…………..
သူတို့နေထိုင်သောနေရာသို့ပြန်ရောက်လာပြီးနောက် ကျုံးယာရှီက အလွန်စိတ်လှုပ်ရှားနေကြောင်း မုန့်ချီက မြင်လိုက်ရသည်။ ကုံရှယွဲ့ကလည်း အလွန်စိတ်လှုပ်ရှားနေသော အမူအရာဖြင့် သူ့အနားတွင် စောင့်နေခဲ့၏။
"ခေါင်းဆောင် ဘာဖြစ်လို့လဲ..."
ကူချန်းချင်က မေးလိုက်ပြီး မုန့်ချီ၏မျက်လုံးထဲတွင်တော့ သဲလွန်စ အနည်းငယ်ကို သိနေခဲ့သည်။
ကျုံးယာရှီက အပြုံးနှင့်ပြောလိုက်သည်။
"ယွမ်မုန်ကျိနဲ့ မြို့စားမင်းပိုင်တို့က ငါတို့ကိုဖိတ်ခေါ်ထားတယ်....။ သူတို့က ညီအစ်ကိုတွေအားလုံးကို မြို့စားရဲတိုက်မှာ စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ထားတာ...။ ငါတို့တွေက လမ်းတစ်လျှောက် လိုက်လာခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း ပြောတယ်..."
"လိုက်လာပေးတာ..ဟုတ်လား...."
မုန့်ချီကတော့ အလွန်စိတ်ဝင်စားသွားသည့် အမူအရာမျိုးနှင့် မေးလိုက်သည်။ ယွမ်မုန်ကျိက တစ်စုံတစ်ခုကို စဉ်းစားနေသည်မှာ သေချာသည်။
ကျုံးယာရှီက သက်ပြင်းချလိုက်၏။
"ဟုတ်တယ်...။ စားသောက်ပွဲ ပြီးသွားရင် ငါတို့တွေကို ထွက်သွားဖို့ အတွက် ပွင့်ပွင့်လင်းလင်း တောင်းဆိုချင်နေတာဖြစ်မယ်...။ မင်းတို့က ရတနာတွေကို မပေးရသေးဘူး မဟုတ်လား...."
"ကျွန်တော်တို့က ထွက်ပြေးဖို့လမ်းကြောင်းအတွက် ကြိုပေးပြီးသွားပြီ...။ စုစုပေါင်း ငွေစ(၅)သောင်းပေးရမယ်....။ ကျန်တာကိုတော့ ထွက်ပြေးပြီးသွားမှပဲ ပေးရလိမ့်မယ်....."
ကူချန်းချင်၏သတင်းကြောင့် ကျူံးယာရှီက အတော်လေး စိတ်ပျက်သွားခဲ့၏။
"ဒါပေမယ့် ခေါင်းဆောင် တကယ်လို့ ယွမ်မုန်ကျိက ကျွန်တော်တို့ကို ထွက်သွားဖို့ တွန်းအားပေးမယ်ဆိုရင်တောင် သူ့အမိန့်ကို မနာခံဘဲ ပြဿနာရှာတဲ့သူတွေ ရှိနေဦးမှာပဲ...။ ဒါဆိုရင် ကျွန်တော်တို့ အစီအစဉ်အတိုင်းဆက်ပြီး လှုပ်ရှားလို့ရတယ်...."
"ဟုတ်တယ်။ ဒီလူတွေထဲမှာ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေတဲ့သူတွေ (၇ဝ)လောက်ပါတယ်....။ အဲဒီထဲမှာ တံခါး(၇)ပေါက်အဆင့် ပညာရှင်တွေ တံခါး(၈)ပေါက်အဆင့် ပညာရှင်တွေတောင်ပါတယ်..။ သူတို့တွေက သူ့အမိန့်ကို ဘာလို့လက်ခံကြမှာလဲ...။ ပိုင်ပါကျန်းရဲ့ အကူအညီရှိနေရင်တောင် သူတို့အားလုံးကိုတော့ အမိန့်ပေးဖို့ခက်လိမ့်မယ်..။ တကယ်လို့ ယွမ်မုန်ကျိက သံတူတစ်ချောင်းဆိုရင်တောင် သံတွေအများကြီးကို တစ်ချိန်တည်း ထုနိုင်မှာမဟုတ်ဘူး..."
ကျုံးယာရှီက ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။ သူကတော့ တစ်ခြားသူများကို တွန်းအားပေးရန် လိုအပ်နေ၏။
"ညီလေးမုန့်…
မင်းနဲ့ ညီမလေးယွဲ့တို့က ဒီည ငါနဲ့အတူလိုက်ခဲ့ကြ...။ တကယ်လို့ တစ်ခုခုမှားနေမယ်ဆို အလျင်စလို မလုပ်ကြနဲ့....။ ညီလေးကူနဲ့ ညီလေးဝူတို့က ဒီနေရာမှာနေခဲ့ကြ....။ ပြီးတော့ မင်းတို့တွေက လူရလာရင် ထွက်ပြေးဖို့ အဆင်သင့်ပြင်ထားကြ....."
ထိုအရာက ပျော်ရွှင်စရာစားသောက်ပွဲတစ်ခု မဟုတ်သည့်အတွက် သူ၏အကောင်းဆုံး တိုက်ခိုက်ရေးသမားများကို သေချာပေါက် ခေါ်သွားရပါလိမ့်မည်။ မုန့်ချီက မဆင်မခြင်လုပ်တတ်သော်လည်း အတော်လေးအစွမ်းထက်သည်။
ဝူရုံက ကုံရှယွဲ့ထက် ပို၍အဆင့်မြင့်သော်လည်း သူမက ပို၍ အစွမ်းထက်သည်။ မည်သို့ဖြစ်စေကာမူ သူတို့က လုယူရန်အတွက် လူများ လိုအပ်နေသေး၏။ ထို့ကျေုံးယာရှီက ဝူရုံတို့ကို စီစဉ်ရန် ချန်ထားခဲ့ခြင်းဖြစ်သည်။
ထိုစားသောက်ပွဲကိုကြားသည့်အခါ ယွမ်မုန်ကျိ စီစဉ်နေသော အကြောင်းအရာများကို မုန့်ချီက အကြမ်းဖျင်း နားလည်သွားခဲ့သည်။အကယ်၍ ကျုံးယာရှီက သူ့ကို မလိုက်ခိုင်းပင်လျှင် သူကတော့ အကြောင်းပြချက်ပေးပြီး ပူးပေါင်းရန် စဉ်းစားထားခဲ့၏။ ထို့ကြောင့် သူက ငြင်းဆန်ခြင်း မရှိချေ။
"ခေါင်းဆောင်ရဲ့သဘောအတိုင်းပါပဲ...”
“ကောင်းတယ်။ အခုတော့ သွားပြီး အနားယူကြစို့ ..။ ဒီညငါတို့ထွက်သွားပြီးရင် ညီလေးကူက အဘိုးချောင် တည်းခိုဆောင်ကို နောက်တစ်ကြိမ် ထပ်သွားပြီး အရက်သမားရှဲ့ကို အစီအစဉ် လုပ်ဖို့ ပြောထားလိုက်...."
ကျုံးယာရှီက ခေါင်းဆောင်တစ်ယောက် လုပ်သင့်သောအရည်အချင်းများ ရှိသည်။
သူ့အခန်းထဲတွင်တော့ မုန့်ချီက အထုပ်များကိုသိမ်းပြီး လက်နောက်ပစ်၍ ရှေ့ပြန်နောက်ပြန် လျှောက်နေခဲ့၏။ သူ့စိတ်ထဲတွင်လည်း အတွေးများစွာ ရှိနေသည့်အတွက် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်ရန် ခက်ခဲနေခဲ့သည်။
"တကယ်လို့ ငါ့မှာ အရိုးပျော့ဆေးလို အဆိပ်တစ်ခုရှိမယ်ဆို ပိုပြီးလွယ်ကူနိုင်တယ်..."
မုန့်ချီက သက်ပြင်းချလိုက်မိ၏။ ယခုတစ်ကြိမ်တော့ သူက အချိန်သိပ်မရခဲ့ဘဲ ကန္တာရထဲတွင် အချိန်လု၍ လှုပ်ရှားနေရခြင်းဖြစ်သည်။ အိုအေစစ်ထဲတွင် အခွင့်အရေးတစ်ချို့ ရခဲ့သော်လည်း လှည့်စားရန် ခက်ခဲနေခဲ့၏။
ယွမ်မုန်ကျိကတော့ သေချာပြင်ဆင်ပြီး စောင့်နေခြင်းဖြစ်သည့်အတွက် အလစ်ချောင်း တိုက်ခိုက်ရန် အခွင့်အရေးမရှိနိုင်ပေ။ အကယ်၍ အချိန်များများ ရခဲ့မည်ဆိုလျှင် သူက နည်းလမ်းတစ်ခု ရှာဖွေ၍ ရနိုင်သေး၏။ သူက မြေမျက်နှာသွင်ပြင် အခြေအနေကို စစ်ဆေးပြီး ယွမ်မုန်ကျိ၏ အစီအစဉ်အတိုင်း ကျန်းဟွေကို ကယ်တင်၍ ရနိုင်သည်။
"ဒါပေမယ့် ဒီတစ်ကြိမ်တော့ မလုံလောက်တော့ဘူး ..”
ထိုကဲ့သို့ စည်းကားသော စားသောက်ပွဲတစ်ခုတွင် နှာခေါင်းတံခါးက သေချာပေါက် နှောင့်ယှက်ခံရပါလိမ့်မည်။
ထိုအချိန်မျိုးတွင် အရောင်မရှိ အနံ့မရှိသည့် အရိုးပျော့ဆေးက အတွင်းအားများကို ပျောက်ကွယ်သွားစေနိူင်ပြီး အကောင်းမွန်ဆုံး ရလဒ်တစ်ခုကို ရနိုင်၏။ ယွမ်မုန်ကျိဆီတွင်တော့ ကြမ်းတမ်း သဲမုန်တိုင်းကဲ့သို့သော သိုင်းပညာမျိုး မရှိသည့်အတွက် အဆိပ်များကို ခုခံရန် မဖြစ်နိုင်ပေ။
နှလုံး (၇)သွယ်အဆိပ်ကတော့ အရောင်မရှိ အနံ့မရှိသော်လည်း အလွန်အမင်း ပြင်းထန်လွန်းလှသည်။ လူတိုင်းကို သက်ရောက်စေနိုင်၏။ အထူးသဖြင့် သိုင်းပညာမရှိသောသူများဖြစ်သည်။ ထိုအရာက သာမန်အစေခံများအတွက် အလွန်ထိခိုက်ပါလိမ့်မည်။
ထိုအရာက သူ၏ အခြေခံကျင့်ဝတ်များကို ဖောက်ဖျက်နေပြီး သာမန်လူများက လျင်မြန်စွာ အဆိပ်မိသွားစေနိူင်သည့်အတွက် ယွမ်မုန်ကျိနှင့် တခြားလူများက သတိထားမိသွားနိူင်သည်။ ထို့နောက် သူက အခွင့်အရေးမရှိနိုင်ဘဲ မြင်းဓားပြများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရနိုင်သည်။
ပို၍ထူးခြားသည်မှာ ယွမ်မုန်ကျိက အဆိပ်များကို ရင်ဆိုင်ရန် ပြင်ဆင်ထားနိုင်သည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် သူက ကျန်းဟွေကို ကယ်တင်လိမ့်မည်ဟု သူတို့က တွေးထားပုံရ၏။ ထို့ကြောင့် အရာအားလုံးကို သေချာ စဉ်းစားထားနိုင်သည်။
"ငါက အခြေအနေကို စောင့်ကြည့်ရမယ် ...."
မုန့်ချီက သက်ပြင်းချလိုက်မိသည်။ သူက ပဋိပက္ခများကို အခွင့်ကောင်းယူပြီး ကျုံးယာရှီနှင့် ယွမ်မုန်ကျိတို့ကဲ့သို့ အဖွဲ့များကြားထဲတွင် ပြဿနာ ဖြစ်စေရန် မျှော်လင့်နေခဲ့သည်။
ထိုအခွင့်အရေးကိုလည်း သေချာပေါက် ဖန်တီးရမည်ဖြစ်၏။ ထိုအခွင့်အရေးသာ မရှိလျှင် မုန့်ချီက ပိတ်မိသွားနိုင်ပြီး နောက်ပိုင်းကျမှ ဂိုဏ်းတူ ညီလေး အတွက် လက်တုန့်ပြန်ရန် ကြိုးစားရပါလိမ့်မည်။
အတွေးများကို ဖယ်ရှားလိုက်ပြီးနောက် မုန့်ချီက တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး စတင်လေ့ကျင့်နေခဲ့၏။ ယခုလိုအခြေအနေမျိုးတွင် စိုးရိမ်နေခြင်းက အသုံးမဝင်လှပေ။ ထိုအရာက သူ၏ဆုံးဖြတ်ချက်များကို သက်ရောက်စေနိုင်၏။
တဖြည်းဖြည်း မှောင်ရီပျိုးချိန်ရောက်လာသည့်အချိန်တွင် မုန့်ချီက တံခါးခေါက်သံကို ကြားလိုက်ရသည်။ ထိုအရာက ကူချန်းချင်ဖြစ်၏။
"ကျုံးယာရှီက အခုပဲသွားဖို့ခေါ်နေတယ် ...."
ကူချန်းချင်က ပြောလိုက်သည်။
"သတိထား ...။မဆင်မခြင်မလုပ်နဲ့ ..."
"ဘာမှစိတ်မပူပါနဲ့ ...။ ငါက အဲဒီလိုလုံးဝမလုပ်ဘူး ...."
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
သူက ခြံဝန်းထဲကို ဖြတ်လာသည့်အချိန်တွင် လေပြင်းများ တိုက်ခတ်နေကြောင်း ခံစားလိုက်ရသည်။ လေထဲတွင် မိုးရနံ့များလည်း ပါဝင်နေခဲ့၏။ ထို့ကြောင့် သူက အလွန်အံ့ဩသွားခဲ့ပြီး ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ကြီးက နီရဲနေကြောင်း တွေ့နေရသည်။
"မုန်တိုင်းတစ်ခု ရောက်လာနေပြီပဲ ..."
မုန့်ချီ၏အမူအယာက အလွန်ထူးဆန်းသွားခဲ့သည်။ သူကတော့ အံ့ဩမှုနှင့် ဝမ်းသာမှုတစ်လှည့်ဆီ ဖြစ်နေ၏။ ယခုတော့ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
ထိုအရာကတော့ သူဖတ်ထားခဲ့သော စာအုပ်တစ်အုပ်၏ ခေါင်းစဉ်ဖြစ်၏။ အိုအေစစ်နယ်မြေများတွင် ရှိနေသော ရာသီဥတုပြောင်းလဲမှုကို လေ့လာခြင်း ဟူသော အရာဖြစ်သည်။ငါးပင်လယ်က အလွန်ကြီးမားသော ရေကန်ကြီးများ ရှိနေပြီး အိုအေစစ်တစ်ခု ဟု သတ်မှတ်နိုင်သည်။
ကူချန်းချင်ကလည်း ခေါင်းပေါ်ကို ကြည့်ပြီး ဝမ်းသာသွားခဲ့၏။
"ဟုတ်တယ် ...။ မုန်တိုင်းလာနေပြီ..။ဒါက ပုံမှန်ရာသီဥတုတစ်ခုပါပဲ ...။မင်းက ဘာဖြစ်လို့လဲ ...."
ပုံမှန်အားဖြင့် ထိုကဲ့သို့ ရာသီဥတုမျိုးက အပူရှိန်အမြင့်ဆုံးရောက်လာသည့်အချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မုန့်ချီကတော့ ခံစားချက်များကို ရုတ်သိမ်းလိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။ သူက ပို၍ စိတ်အေးသွားပုံရ၏။
"အချိန်တော့ ရောက်လာပြီ..."
"ဘာအချိန်ရောက်လာတာလဲ ..."
ကူချန်းချင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
မုန့်ချီကတော့ သူ့ကို ပြန်မဖြေဘဲ ကျုံးယာရှီတို့ဆီကို လျှောက်သွားခဲ့၏။
"မိုးတွေရွာလာပြီ...။မိုးကြိုးတွေလည်းရောက်လာပြီ ....။မင်းတို့ရဲ့ အစီအစဉ်တွေကို မမေ့စေနဲ့ ...."
"နောက်တစ်ကြိမ် ဝေဝေဝါးဝါး ပြောသွားပြန်ပြီ ..."
ကူချန်းချင်ကတော့ အတော်လေး မကျေမနပ် ဖြစ်သွားခဲ့သည်။ သူက ထိုကဲ့သို့ စကားမျိုးကြောင့် မုန့်ချီကို လက်သီးနှင့် ထိုးချင်နေ၏။ သို့သော် သူလည်း စိတ်လျှော့ပြီး အဘိုးချောင်၏ တည်းခိုဆောင်ဆီသို့ ထွက်သွားခဲ့သည်။
စားသောက်ပွဲက အတော်လေးကို စည်းကားလှ၏။ ကျုံးယာရှီကတော့ ဖိအားများကြောင့် တိတ်ဆိတ်နေခဲ့သည်။ မုန့်ချီ၏ မျက်နှာအမူအယာကလည်း အေးစက်နေပြီး ဘယ်လက်က ဓားကို ဆုပ်ကိုင်ထားခဲ့၏။
မြို့စားရဲတိုက်ထဲတွင် ...
အစေခံတစ်ယောက်က သူတို့ကို ခန်းမကြီးထဲသို့ ခေါ်ဆောင်သွားပြီး သူတို့၏နေရာကို လိုက်ပြခဲ့၏။ ထိုနေရာတွင် မြင်းဓားပြများကို ကိုယ့်စားပွဲနှင့်ကိုယ် သီးခြားစီ နေရာချထားပေးကြောင်း ကျုံးယာရှီက တွေ့လိုက်ရသည်။
ပိုင်ပါကျန်းက အလယ်ပိုင်းနယ်မြေတွင် ရှိနေသော အဆောင်အယောင်များကိုသဘော ကျသည့်အတွက် ရှေးဟောင်းပုံစံ ပြင်ဆင်ထားပြီး သူတို့ကိုတော့ စားပွဲဝိုင်းများ အစား လေးထောင့်စားပွဲ၏ ပတ်ပတ်လည်တွင် နေရာချပေးထားသည်။
တခြားသောခေါင်းဆောင်များကဲ့သို့ ကျုံးယာရှီက စားပွဲရှေ့တွင် ထိုင်နေပြီး မုန့်ချီနှင့် ကုံရှယွဲ့တို့ကတော့ သူ့နောက်တွင် ထိုင်နေကြသည်။ ရင်းနှီးသော မျက်နှာပေါင်းများစွာကို မြင်လိုက်ရပြီး စနစ်ကျသော အစေခံများ၏ အခြေအနေများကို တွေ့လိုက်ရသည့်အချိန်တွင် ကျုံးယာရှီကတော့ ရုတ်တရက်ထိတ်လန့်သွားခဲ့သည်။
ကြည့်ရသည်မှာ ယွမ်မုန်ကျိနှင့် ပိုင်ပါကျန်းတို့က သူနှင့် တခြား မြင်းဓားပြခေါင်းဆောင်များအပေါ် အလွန်သတိထားနေကြပုံပေါ်သည်။ ထို့ကြောင့် ဧည်သည်အရေအတွက်ကိုပင် တိတိကျကျ တွက်ချက်ထားခြင်းဖြစ်၏။
"ငါတို့က ဒီနေရာမှာ ပြဿနာ မရှာသင့်တော့ဘူး ...."
သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
"ခေါင်းဆောင်ကျုံး …
ကျုပ်တို့က ထပ်ပြီး ရေစက်ဆုံပြန်ပြီ ..."
အဝေးမှနေ၍ ဝမ်ဟုန်၏ အသံကို ကြားလိုက်ရ၏။ သူတို့၏ ထိုင်ခုံက အတော်လေးကို နီးကပ်နေကြသည်။
မုန့်ချီကတော့ ဘယ်လက်ကို ဓားပေါ်သို့ တင်ထားပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားခဲ့၏။ ထို့ကြောင့် ဝမ်ဟုန်ကတော့ အနည်းငယ် ကြောက်လန့်နေခဲ့သည်။
သူ့ရှေ့တွင် ရှိနေသော နေရာကို မြင်သည့်အခါ ဝမ်ဟုန်က တစ်စုံတစ်ခုကို စိတ်ဝင်စားသွား၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
"ညီလေးမုန့် ...
မင်းက တကယ်ပဲ နာမည်ကျော်ချင်တာလား ..။ အခုဆို အခွင့်အရေးရပြီလေ..။ တကယ်လို့ မင်းသာ ဒီနေရာမှာရှိတဲ့ ခေါင်းဆောင်ကို အနိုင်ရမယ်ဆိုရင် သေချာပေါက် နာမည်ကျော်လိမ့်မယ် .။ တကယ်လို့ မင်းသာ ဆရာကြီးယွမ်မုန်ကို အနိုင်ရမယ်ဆိုရင် မင်းရဲ့နာမည်က သေမင်းပင်လယ် တစ်ခုလုံးမှာ ကျော်ကြားလာလိမ့်မယ်..."
"ဝမ်ဟုန်...အပိုတွေမပြောနဲ့ ...."
ကျုံးယာရှီက ပြန်ပြောလိုက်သည်။ သူကတော့ ထိုစကားကြောင့် မှင်တက်သွားမိ၏။ မုန့်ချီက ထိုမြင်းဓားပြခေါင်းဆောင်များကို သေချာပေါက် စိန်ခေါ်ရဲမည်ဖြစ်ကြောင်း သူက သိနေခဲ့သည်။ သို့သော် ထိုအရာက ယွမ်မုန်ကျိကို သေချာပေါက် စိတ်ရှုပ်သွားစေနိုင်၏။
ဝမ်ဟုန်က မုန့်ချီကို ကြည့်လိုက်ပြီး အလွန်တည်ငြိမ်စွာ အကြံပေးလိုက်သည်။
"ညီလေးမုန့်...
မင်းက ငါတို့ရဲ့ စည်းမျဉ်းတွေကို အကြိမ်ပေါင်းများစွာ ဖောက်ဖျက်ခဲ့တာပဲ ...။ နောက်တစ်ကြိမ် ဖောက်ဖျက်လိုက်တာနဲ့ မင်းက အောင်မြင်တော့မယ် ..။ ဆရာကြီး ယွမ်မုန်ကိုသာ အနိုင်တိုက်လိုက် ...။ ငါတို့အားလုံးက မင်းကို အညံ့ခံမယ် ...။ ဒါမှမဟုတ်ရင်လည်း မင်းက ထိပ်တန်းခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ်လို့ ငါပြောရဲတယ် ...."
မုန့်ချီက မျက်လုံးမှိတ်နေပြီး သူ၏အတွင်းအား၊ ချီစွမ်းအင် ၊ ဝိညာဉ်နှင့် စိတ်ဆန္ဒများအားလုံးကို စုစည်းလိုက်သည်။ သူကတော့ အချိန်ကို စောင့်နေရန် လိုအပ်၏။
မုန့်ချီက တည်ငြိမ်နေသည်ကို မြင်သည့်အခါ ကျုံးယာရှီက စိတ်အေးသွားခဲ့သည်။ ထိုသို့ဆိုရာတွင် ဝမ်ဟုန်ကတော့ ဆက်၍ ဖျောင်းဖျနေသေး၏။
ခဏကြာပြီးနောက် အစိမ်းရောင်မျက်လုံးနှင့် အဝါရောင် မုတ်ဆိတ်မွှေးရှိနေသော ယွမ်မုန်ကျိက တူမိုနှင့်အတူ ရောက်လာခဲ့သည်။ ကျန်းဟွေကလည်း သူ့နောက်မှ ပါလာခဲ့၏။
ငါးပင်လယ်မြို့၏ မြို့စားမင်း ပိုင်ပါကျန်းကလည်း သူ့ဘေးတွင် လာထိုင်ခဲ့သည်။ ပိုင်ပါကျန်းက ဟန်မျိုးနွယ်တစ်ဝက် ဖြစ်သည့်အတွက် သူ၏ ရုပ်ရည် လက္ခဏာများက ကျောက်ရုပ်ထုနှင့် အတော်လေးကို တူညီလှသည်။ သူက အသက် (၅၀)ကျော် ရှိနေပြီး ဆံပင်အားလုံးက အဖြူရောင်ဖြစ်နေ၏။
သူက အရပ်ရှည်ရှည်နှင့် ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားပြီး လေလှိုင်းထဲတွင် အင်္ကျီလက်များက လှုပ်ရှားနေခဲ့သည်။သူ့ပုံစံက ရှေးဟောင်းစာသင်သား တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။
မုန့်ချီက မျက်လုံးဖွင့်၍ ကျန်းဟွေကို ကြည့်လိုက်၏။ သူ့ပုံစံက အလွန်ထူးခြားနေပြီး သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် စိတ်ခံစားချက်တချို့သာ ရှိနေသည်။ ထိုပုံစံကို မြင်သည့်အခါ မုန့်ချီက အတော်လေးကို စိတ်အေးသွားခဲ့၏။
ပိုင်ပါကျန်းနှင့် ယွမ်မုန့်ကျိတို့က တစ်ပြိုင်နက်တည်း ထိုင်လိုက်ပြီးနောက် မြင်းဓားပြများက ကျန်းဟွေကို အနားတွင် ချုပ်နှောင်လိုက်သည်။ ကျန်းဟွေကတော့ စားပွဲပေါ်တွင် ရှိနေသော စားစရာကိုသာ စိုက်ကြည့်နေခဲ့၏။
"ဒီအရူးလေးကတော့ ...."
မုန့်ချီက အပြုံးနှင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ထို့နောက် သူက နောက်တစ်ကြိမ် မျက်လုံးမှိတ်လိုက်ပြီး သူ၏ လေ့ကျင့်မှုကို အရှိန်ထိန်းထားခဲ့သည်။
ထိုအချိန်တွင် ယွမ်မုန်ကျိက ချောင်းဟန့်လိုက်ပြီး အောက်တွင် ရှိနေသော မြင်းဓားပြများကို စကားပြောရန်ပြင်လိုက်သည်။
"ဂျိမ်း...."
အလွန်ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုက အပေါ်ဘက်မှ ထွက်ပေါ်လာပြီး ယွမ်မုန်ကျိကို နှုတ်ဆက်လိုက်သည်။
ရဲတိုက်၏ အပြင်ဘက်တွင်တော့ အနက်ရောင်တိမ်တိုက်ကြီးများ ထွက်ပေါ်လာပြီး လျှပ်စီးကြောင်းများကလည်း ငွေရောင်မြွေများကဲ့သို့ ကြမ်းတမ်းခက်ထန်စွာ လှုပ်ရှားနေကြသည်။ ယွမ်မုန်ကျိက နောက်တစ်ကြိမ် ချောင်းဟန့်လိုက်ပြီး လူတိုင်းကို လှမ်းကြည့်လိုက်သည်။
သို့သော် ထိုအချိန်တွင် အလွန်ငယ်ရွယ်သော မြင်းဓားပြလေး တစ်ယောက်က အဆောက်အဦး၏ အလယ်သို့ လျှောက်လာကြောင်း မြင်လိုက်ရ၏။ သူ့လက်ထဲတွင်လည်း ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။
ထိုအချိန်တွင် မုန့်ချီက ရေခဲပေါ်တယ်ဓားကို မြှောက်လိုက်ပြီး ယွမ်မုန်ကျိကို ချိန်ထားကြောင်း မြင်လိုက်ရသည့်အတွက် ကျူံးယာရှီက အတော်လေး ကြောက်လန့်သွားခဲ့၏။
"ကျုပ်က ခင်ဗျားကို စိန်ခေါ်ချင်တယ် ..."
"ဟမ်...."
ဝမ်ဟုန်အပါအဝင် လူတိုင်းက သူ့ကို ကြောင်၍ ကြည့်နေမိကြလေ၏။
Translated by Hein Htet.