အခန်း (၁၃၄)
Vol. 9 Ch. 134
ခန်းမကြီးတစ်ခုလုံးက လုံးဝတိတ်ဆိတ်သွားခဲ့သည်။ အများစုက မုန့်ချီကို မသိခဲ့ကြပေ။ သူက ဤမျှမဆင်မခြင်လုပ်တတ်ပြီး အလွန်မောက်မာလိမ့်မည်ဟု သူတို့လည်း မယုံကြည်နိုင်ကြပေ။
"သူက ဘယ်သူ့ကို စိန်ခေါ်နေတာလဲ…"
"မင်းက သေမင်းပင်လယ်ကန္တာရထဲမှာ တံခါး(၉)ပေါက်အဆင့် ပညာရှင်ကို စိန်ခေါ်နေတာပဲ။ ဒီအရူးက ဘယ်နေရာကနေ ရောက်လာတာလဲ..."
မုန့်ချီနှင့် တိုက်ခိုက်ခဲ့ဖူးသော ဝမ်ဟုန်က ပို၍ပင် မယုံကြည်နိုင် ဖြစ်နေ၏။ မုန့်ချီ၏ သိုင်းကွက်များ၊ စွမ်းအားနှင့် ဓားပညာများကိုကြည့်၍ မုန့်ချီက အများဆုံး တံခါး(၄)ပေါက် ပွင့်နေသော လူတစ်ယောက်ဖြစ်မည်ဟုသာ သူက တွက်ဆမိခဲ့သည်။
“မုန့်ချီလို အသက်အရွယ်မျိုးမှာ သူက ဂိုဏ်းကြီးတစ်ခုခုရဲ့ ဆက်ခံသူ ဖြစ်နိုင်တယ်။ ပြီးတော့ သူက ထူးခြားတဲ့ အတွေ့အကြုံတွေ ရှိနေတဲ့ လူငယ်တွေကိုတောင် ယှဉ်နိုင်တယ်။ ဒါပေမယ့် ဘာလို့ မုန့်ချီက ဆရာကြီးယွမ့်မုန့်ကို စိန်ခေါ်ရဲရတာလဲ…”
မူလတုန်းကတော့ သူက ယွမ်မုန်ကျိကို စိန်ခေါ်ရန်အတွက် မုန့်ချီကို လှောင်ပြောင်သရော်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက တခြားသော နာမည်ကျော် မြင်းဓားပြများကို စိန်ခေါ်ရန် လှုံ့ဆော်လိုခြင်းကြောင့်ဖြစ်၏။ ထိုသို့ဆိုလျှင် မုန့်ချီက လူတိုင်းကို ရန်ပြုမိနိုင်ပြီး နေရာတွင် အသတ်ခံရနိုင်သည်။
သို့သော် သူက ဆရာကြီး ယွမ်မုန့်ကို စိန်ခေါ်ရဲလိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။ ထိုအချိန်တွင် သူကိုယ်တိုင်က အိပ်မက်မက်နေသလို ခံစားနေရ၏။ သိပ်မကြာခင် သူလည်း အိပ်မက်ထဲမှ နိုးထလာခဲ့သည်။ သူက မုန့်ချီကို အရူးတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့၏။
“မောက်မာမှုဆိုတာ ကန့်သတ်ချက် ရှိသင့်တယ်…”
အတိတ်တုန်းကတော့ စည်းကမ်းမရှိသော မြင်းဓားပြအသစ်လေးများက သူတို့၏ စွမ်းရည်ထက် ကျော်လွန်သော အရာများကို လုပ်ဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် တိုက်ပွဲများအစား သူတို့၏အစွမ်းကို နေရာတိုင်းတွင် ပြသကြ၏။
ပြောရမည်ဆိုလျှင် သူတို့က တိုက်ခိုက်ရန် တားမြစ်ထားသောနေရာများကို တိုက်ခိုက်ခြင်း၊ ထိပ်တန်းပညာရှင်များ ကာကွယ်ပေးနေသော မြင်းဓားပြခေါင်းဆောင်များကို တိုက်ခိုက်ခြင်း သို့မဟုတ် တစ်စုံတစ်ယောက်ကို သတ်ပစ်ခြင်းများ ဆက်တိုက် လုပ်ဆောင်ရဲကြသည်။
သို့သော် သူတို့၏ ပြိုင်ဘက်နှင့် သူတို့ကိုယ်တိုင်၏ ကြားထဲတွင် အလွန်ကြီးမားသော ကွာဟမှုများရှိနေသည့် အချိန်တွင်တော့ သူတို့က အနိုင်မရနိုင်တော့ပေ။ သူတို့က ကိုယ့်ကိုယ်ကိုယ် တိုးတက်လာစေရန်အတွက် သေချာပေါက်ကြိုးစားရန် လိုအပ်သည်။ မဟုတ်လျှင် သူတို့၏ ပြိုင်ဘက်ကို သတ်ရန် အဆိပ်များကို အသုံးပြုကြရမည်ဖြစ်၏။
သို့သော် သူတို့ကတော့ ပြိုင်ဘက်များကို တိုက်ရိုက်စိန်ခေါ်ရဲခြင်း လုံးဝမရှိချေ။ တစ်စုံတစ်ယောက် သေဆုံးသွားသည့် အချိန်တွင် ရလာသော ဂုဏ်သတင်းက ဘာလုပ်ရမည်နည်း။
သို့သော် ယခုတော့ ဝမ်ဟုန်က လုံးဝမမြင်ဖူးသော မြင်းဓားပြအသစ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက နာမည်ကျော်ကြားမှုအတွက် ဆရာကြီးယွမ်မုန့်ကို ဘာကြောင့်များ စိန်ခေါ်နိုင်ရတာလဲ။ ဆရာကြီးယွမ်မုန့်က တိုက်ပွဲအတွင်း သူ့ကို ညှာတာပေးနိုင်တဲ့ လူကောင်းတစ်ယောက်လို့ တွေးနေတာလား…။
“ဒီလိုမိုက်မဲတဲ့သူတွေက မြန်မြန်သေသွားသင့်တယ်…”
ဝမ်ဟုန်က စိတ်အေးသွားခဲ့သည်။ သူကတော့ မုန့်ချီကဲ့သို့ လူမျိုးကို မျက်လုံးဒေါက်ထောက်ကြည့်နေရန် လိုအပ်ပြီး တစ်ချိန်လုံး စိုးရိမ်ထိတ်လန့်နေရနိုင်သည်။ သူ့ကို မြွေဟောက်တစ်ကောင်က အမှောင်ထဲမှနေ၍ စိုက်ကြည့်နေသလို ခံစားနေရပြီး သူ့ကို သတ်ရန် အခွင့်အရေး ရှာခံနေရသည့် အခြေအနေမျိုးဖြစ်သည်။
သို့သော် ယခုတော့ အရာအားလုံးက ပြီးဆုံးသွားခဲ့၏။ ကျုံးယာရှီ၏ မျက်နှာအမူအရာကတော့ အလွန်အံ့ဩသွားပြီး ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။
“သူက ယွမ်မုန်ကျိကို တကယ်ပဲ စိန်ခေါ်ခဲ့တာလား…။ ငါတို့က မသိပါဘူးလို့ ဆရာကြီးယွမ်မုန့်ကို ပြောလိုက်ရမလား…”
သူက အလွန်နောင်တရနေခဲ့ပြီး ရင်ထဲတွင်တော့ နာကျင်နေရသည်။ သူက ထိုလူငယ်ကို သူတို့၏ အဖွဲ့ထဲသို့ ခေါ်ဆောင်ရန် မည်သို့ကြိုးစားခဲ့ရသနည်း။
“မဟုတ်သေးဘူး ။ မြေခွေးတစ်ကောင်သာဆိုရင် ရင်မဆိုင်နိုင်တဲ့ ရန်သူတစ်ယောက်နဲ့ တွေ့ရပြီဆိုရင် နောက်ပြန်ဆုတ်ဖို့ ရွေးချယ်ပြီး အစီအစဉ်တွေ ချမှတ်မှာပဲ။ သူက လုံးဝကို ရူးသွားလောက်ပြီ။ ငါက ဘယ်လိုရှင်းပြရမလဲ…”
ကျုံးယာရှီက အလွန်စိုးရိမ်နေခဲ့သည်။ အကယ်၍ သူကသာ လူအများကြားထဲ၌ မဟုတ်လျှင် ထွက်ပြေးနိုင်ဦးမည် ဖြစ်၏။
“ငါက သူ့ကို တားလိုက်မယ်ဆိုရင်တော့ အခြေအနေကို တားဆီးနိုင်ဦးမယ်။ ဒါမှမဟုတ် သူ့ကို မသိချင်ယောင်ဆောင်နေရမလား…”
သူ့စိတ်ထဲ၌ ရှုပ်ထွေးနေသည့်အချိန်တွင် ကုံရှယွဲ့၏ မျက်လုံးထဲတွင်လည်း အတော်လေးကို ဇဝေဇဝါ ဖြစ်နေခဲ့သည်။
"မောင်လေးမုန့်က တော်တော်လေးကို ချောတာပဲ။ ဒါပေမယ့် သူက ဘာလို့ ဒီလောက်တောင် ရူးရတာလဲ…။ သူ့မှာ ရုပ်ချောတာလေးတစ်ခုပဲ ရှိတာလား.."
ကျုံးယာရှီက မုန့်ချီကို ပြန်ဆွဲခေါ်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး အန္တရာယ်များသော အခြေအနေကို ရပ်တန့်ရန် တောင်းပန်တော့မည့်အချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသော တူမိုက ရှေ့ထွက်လာ၍ အေးစက်စွာ ပြောလိုက်သည်။
"မင်းက ငါ့ရဲ့အစ်ကိုကြီးကို စိန်ခေါ်ချင်တယ်ဆိုရင် ငါ့ကိုအနိုင်ရဖို့ လိုတယ်…"
အကယ်၍ ဆရာကြီးယွမ်မုန့်ကိုသာ အလွယ်တကူ စိန်ခေါ်၍ ရမည်ဆိုရင် သူ့လူများက ဘာလုပ်ရမည်နည်း။ သို့သော် သူကတော့ ထိုအရာကို သတိထားနေသေး၏။
"ဒီကောင်လေးရဲ့ သိုင်းပညာက တော်တော်လေး အစွမ်းထက်နိုင်တယ်။ သူက ငါတို့ရဲ့ ဆရာကြီးကိုတောင် စိန်ခေါ်ရဲတယ်။ ဒါကြောင့် ငါ ရှေ့ထွက်ပြီး ရင်ဆိုင်မယ်ဆိုရင် ပိုကောင်းမယ်။ သာမန်ဉာဏ်အလင်းပွင့်တဲ့လူတွေကို ထွက်ခိုင်းလိုက်တာက အန္တရာယ်များလွန်းတယ်… "
အကယ်၍ ယွမ်မုန့်ကျိတို့အဖွဲ့ကသာ စိန်ခေါ်မှုကို လက်မခံလျှင် သေချာပေါက် မျက်နှာပျက်ရပါလိမ့်မည်။ ဤနေရာတွင် မည်သူမျှမရှိလျှင်ပင် သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် စိန်ခေါ်မှုကို လက်ခံရမည်ဖြစ်သည်။ သူက မုန့်ချီဆီသို့ ပြေးသွားပြီး ဓားနှင့် ပိုင်းဖြတ်ပစ်ချင်နေသည်။
ယွမ်မုန်ကျိကတော့ လက်ထဲတွင် ရွှေရောင်ခွက်ကို ကစားနေခဲ့၏။ သို့သော် မုန့်ချီက သူ၏အစွမ်းနှင့် အခွင့်အာဏာကို စိန်ခေါ်ရဲသည့်အတွက် အလွန်ဒေါသထွက်နေခဲ့သည်။ ထို့ပြင် သူက အလွန်အမင်းကို အတင့်ရဲလွန်းလှ၏။
သူကိုယ်တိုင်က ငါးပင်လယ်မြို့ထဲတွင်လည်း ရန်သူများကို တိုက်ခိုက်ရဲပြီး အစွမ်းထက်သော နောက်ခံရှိနေသည့် လူတစ်ယောက်ကို သတ်၍ထွက်ပြေးခဲ့သည်။ သို့သော် သူ့ထက် ပို၍ အစွမ်းထက်သော ခေါင်းဆောင်များကိုတော့ လုံးဝစိန်မခေါ်ခဲ့ပေ။
သူက သူ့ရန်သူနှင့် အဆင့်တူဖြစ်လာမှသာ ထိုသို့စိန်ခေါ်ရဲခြင်းဖြစ်သည်။
“သူက ဘာလို့များ အတင့်ရဲနေရတာလဲ…”
ယွမ်မုန်ကျိက သေမင်းပင်လယ်ထဲတွင် နာမည်ကျော် လူတစ်ယောက်ဖြစ်သည့်အတွက် သူ၏ ဂုဏ်သိက္ခာကို စဉ်းစားရန် လိုအပ်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားပြီး စိန်ခေါ်မှုကို လက်မခံခဲ့ပေ။ ထိုအစား တူမိုကိုသာ လှည့်ကြည့်လိုက်၏။
မုန့်ချီ ထွက်လာသည့်အချိန်တွင် ကျန်းဟွေ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။ မုန့်ချီကတော့ အေးစက်စွာ ပြောလိုက်၏။
"ခင်ဗျားက ကျုပ်ရဲ့စိန်ခေါ်မှုနဲ့ ထိုက်တန်လို့လား…"
ထိုအချိန်တွင် လူအုပ်ကြီးထဲမှနေ၍ အုတ်အော်သောင်းနင်း အသံများ ကြားလိုက်ရသည်။ သေမင်းပင်လယ်ကန္တာရထဲတွင် အသက်(၃၀)အတွင်း တံခါး(၇)ပေါက် ပွင့်နေသော မြင်းဓားပြအနည်းငယ်သာ ရှိသည်။ အန်ကုံရှဲ့ကဲ့သို့သော အစွမ်းထက်ပညာရှင်များကလွဲလျှင် တူမိုက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
သူ၏ သိုင်းပညာက သူ၏ မျိုးနွယ်စုမှဖြစ်ပြီး သူ၏ ဓားသိုင်းပညာက အတော်လေးကြောက်စရာကောင်းသည်။
"မင်းက ဒီလိုလူတစ်ယောက်ကို အထင်သေးနေတာလား။ မင်းက အခုမှ တံခါး(၄)ပေါက် ပွင့်နေတာလေ။ မင်းက လုံးဝကို အရူးတစ်ယောက်ပဲ။ မင်းမှာ ထူးခြားတဲ့ အတွေ့အကြုံတွေ ရှိနေတာနဲ့ပဲ မင်းက အစွမ်းထက်တဲ့လူ တစ်ယောက်ဖြစ်သွားပြီလို့ တွေးနေတာလား… "
အတွေ့အကြုံများစွာ ရှိနေသည့်အတွက် မုန့်ချီက ရင့်ကျက်တည်ငြိမ်သော လူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူကတော့ ဂိုဏ်းကြီးတစ်ဂိုဏ်းတွင် ထူးချွန်သော တပည့်တစ်ယောက်ဟုပင် သတ်မှတ်နိုင်၏။ သူက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် တံခါး(၄)ပေါက်ပွင့်နေခဲ့သည်။
အကယ်၍ သူကသာ အခြေခံမကောင်းသော မြင်းဓားပြအဖွဲ့သားတစ်ယောက်သာ ဖြစ်နေမည်ဆိုလျှင် ထူးခြားသော အတွေ့အကြုံများရရှိခြင်းကြောင့်သာ နာမည်ထွက်ပေါ်လာနိုင်ခြင်းဖြစ်သည်။
တူမိုက ဒေါသကို ထိန်းချုပ်ပြီး လှေကားမှ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ သူက စကားပြောပြီး မုန့်ချီကို တိုက်ခိုက်တော့မည့်အချိန်တွင် မုန့်ချီကတော့ လေလှိုင်းသဖွယ် လှုပ်ရှားလိုက်သည်။ သူက တူမိုကို တိုက်ရိုက်ဖြတ်ကျော်သွားခဲ့ပြီး နေမင်းနီ မကောင်းဆိုးဝါးဓားနှင့် ယွမ်မုန်ကျိကို တိုက်ခိုက်လိုက်၏။
သူက ထိုအရာကို မျှော်လင့်ထားခဲ့သော်လည်း တုံ့ပြန်မှုက အနည်းငယ် နှေးကွေးနေသည်။ တူမိုက တံခါး(၇)ပေါက် ပွင့်နေသည့်အတွက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြားနိုင်ပြီး သတိမလွတ်ခဲ့ပေ။ သူက ဓားကို ဝှေ့ယမ်းလိုက်ပြီး မုန့်ချီကို တားဆီးလိုက်၏။
ထိုဓားက မုန့်ချီကို တိုက်ခိုက်လိုက်မိသည့်အချိန်တွင် လေပူဖောင်းတစ်ခုကို တိုက်ခိုက်လိုက်ရသည့်အလား ချက်ချင်းကို ပျောက်ကွယ်သွားခဲ့သည်။ တူမိုက အလွန်ထိတ်လန့်ပြီး ဒေါသထွက်သွားခဲ့၏။
“ပုံမှန်အားဖြင့် ငါက ဒီလိုပုံရိပ်ယောင်တွေ သက်ရောက်တာကို မခံရပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါက အလျင်စလိုဖြစ်နေတယ်။ ဒါကြောင့် ငါ့ရဲ့ခံစားမှုတွေကနေ လှုပ်ရှားမှုကို ပြောဖို့အချိန်မရခဲ့ဘူး။ ရလဒ်အနေနဲ့ ငါက သူ့ရဲ့လှည့်ကွက်ထဲကို ရောက်သွားတာပဲ…”
သူက ဓားသွားကို ပြန်ယူပြီး သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သည်။ သူ့စိတ်ထဲတွင်လည်း မသက်မသာ ခံစားလိုက်ရ၏။
“သူက ဘယ်လိုဖြစ်ပြီး ပုံရိပ်ယောင်တွေ ဖန်တီးနိုင်ရတာလဲ။ သူက ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေတာများလား။ သူ့အသက်က ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒါက လုံးဝမဖြစ်နိုင်ဘူး…သတိထား…အစ်ကိုကြီး…”
သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
လေထဲတွင် မုန့်ချီ၏ ပုံရိပ်က ပေါ်လာခဲ့၏။ သူက အတွင်းအား၊ ချီစွမ်းအင်၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများအားလုံးကို နေမင်းနီမကောင်းဆိုးဝါးဓားထဲသို့ ပေါင်းထည့်လိုက်သည်။
မုန့်ချီ၏ ပုံရိပ်ယောင်များက တူမိုကို အရူးလုပ်လိုက်သည့် အချိန်တွင် ယွမ်မုန်ကျိက အနည်းငယ် အံ့ဩနေသည်။ သို့သော် သူကတော့ ထိုအကြောင်းအရာကြောင့် သက်ရောက်ခံရခြင်းမရှိချေ။ သူက အထင်သေးနေသော်လည်း သူ့အစွမ်းက အမြင့်ဆုံးအဆင့် ရှိနေသည်။ ထို့ကြောင့် သူက ပုံရိပ်ယောင်များ၏ သက်ရောက်မှုကို မခံရပေ။
"ဒါက ဆီလျော်မှုရှိပါတယ်လေ။ ဒီလိုလှည့်ကွက်တွေသာ မရှိရင် သူက အန်ကုံရှဲ့ကို ဘယ်လိုသတ်နိုင်မှာလဲ…"
မုန့်ချီဖြစ်ကြောင်း နားလည်သွားသည့်အချိန်တွင် သူက တည်ငြိမ်သွားသည်။ သူက လက်နှစ်ဖက်နှင့် ဓားသွားကို ဖမ်းထားရန် ပြင်လိုက်၏။
“ပုံရိပ်ယောင်တွေကလွဲရင် မုန့်ချီရဲ့လှုပ်ရှားမှုတွေ ၊ အရှိန်အဝါတွေအရ အများဆုံး တံခါး(၄)ပေါက်ပဲ ရှိနိုင်တယ်…”
ယွမ်မုန်ကျိ၏ ဧရာမလက်နှစ်ဖက်က သာမန်မြင်းဓားပြများကဲ့သို့ အမာရွတ်များ မရှိဘဲ ချော့မွေ့နေသည်။ သူတို့ကတော့ ကျောက်စိမ်းနှင့် ဖန်တီးထားသော လက်တစ်စုံကဲ့သို့ ထင်မှတ်ရ၏။
ယွမ်မုန်ကျိကတော့ သူ၏ လက်တစ်စုံအတွက် အလွန်ကျေနပ်နေခဲ့သည်။ သူက ချီလီလမ်းကြောင်းတွင် နာမည်ကျော် မြင်းဓားပြအဖွဲ့များ၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး သူ၏ ရေလှိုင်းခွဲ(၃၆)သွယ် သိုင်းပညာနှင့် လူတိုင်းကို အနိုင်ရခဲ့သည်။ သူက ပတ်ပတ်လည် အိုအေစစ်များကိုလည်း အုပ်စိုးနိုင်ခဲ့၏။
ထို့ပြင် သူက တံခါး(၉)ပေါက် ပညာရှင် တစ်ယောက်ဖြစ်ပြီး သေမင်းပင်လယ်ထဲတွင် နာမည်ကျော်ကြသော လရေခဲဓား ချန်းကွမ်ကိုပင် သတ်ပစ်နိုင်ခဲ့သည်။ ချန်းကွမ်က ယွမ်မုန်ကျိ၏ နောက်သို့ ကီလိုမီတာတစ်ထောင်ကျော် လိုက်လာခဲ့ပြီးနောက် သူက ချန်းကွမ်၏လည်ပင်းကို ထိုလက်နှစ်ဖက်နှင့် ညှစ်သတ်ပစ်ခဲ့ခြင်းဖြစ်သည်။
မြောက်ပိုင်းကျွန်းအင်ပါယာထဲတွင် ရှိနေသော တောင်တန်းဂိုဏ်း၏ အမွေဆက်ခံသူ ဝူချန်းကျိက မကောင်းဆိုးဝါးဆန်သော လုပ်ရပ်များကို မုန်းတီးသည့်အတွက် သူ၏ ရန်သူများ ဖြစ်ခဲ့သည်။ တခြားလူများကို တရားမျှတမှု ယူဆောင်ပေးရန်အတွက် တံခါး(၇)ပေါက် ပွင့်နေသော သူက ယွမ်မုန်ကျိကို စိန်ခေါ်ခဲ့သည်။
ဝူချန်းကျိဆီတွင် ထူးချွန်သောစွမ်းရည်များ ရှိနေသော်လည်း ယွမ်မုန်ကျိကတော့ သူ့လည်ပင်းကိုညှစ်ပြီး သတ်ပစ်နိုင်ခဲ့သည်။ ယနေ့တော့ သူက ပင်မသိုင်းဂိုဏ်းကြီး တစ်ခု၏ အမွေဆက်သူတစ်ယောက်၏ လည်ပင်းကို ထပ်မံချိုးပစ်ရဦးမည်ဖြစ်သည်။
သူ့ဆီတွင် ဓားတစ်လက် ရှိနေသော်လည်း သူ၏ အစစ်အမှန်နာမည်က မီးခိုးရောင်ကျောက်စိမ်းလက်ဖြစ်သည်။
ဓားသွားက လင်းလက်သွား၏။ အလင်းရောင်များက တောက်ပခြင်းမရှိသလို မှေးမှိန်ခြင်းမရှိပေ။ ထိုအရာက လမ်းပေါ်တွင် မြင်တွေ့နိုင်သော သာမန်ဓားတစ်လက်ပမာ ထင်မှတ်ရ၏။
ထိုဓားသွား၏ အလင်းရောင် ထွက်ပေါ်လာသည့်အချိန်တွင် ကျုံးယာရှီကတော့ မြင်းဓားပြများ မီးရှို့သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် သူ့ဇနီးနှင့် ကလေးများကို အမှတ်ရသွားခဲ့သည်။ သူက အလွန်ဒေါသထွက်ပြီး စိတ်ဓာတ်ကျသွားခဲ့၏။ သူက ထိုလူများကို လက်တုံ့ပြန်ချင်နေခဲ့သော်လည်း သူကိုယ်တိုင်က အလုပ်မှထွက်ပြီး မြင်းဓားပြတစ်ယောက်ဖြစ်လာခဲ့သည်။
ကုံရှယွဲ့ကလည်း သူမ ချစ်မြတ်နိုးခဲ့သောအရာများကို ပြန်လည်အမှတ်ရလာခဲ့သည်။ တစ်နေ့တွင် သူမက သင့်တော်သော လူတစ်ယောက်နှင့် လက်ထပ်ချင်ခဲ့၏။ သို့သော် မြင်းဓားပြများက သူမ၏ ပျော်ရွှင်သော ဘဝကို ဖျက်ဆီးခဲ့သည်။ သူတို့အားလုံးဆီတွင် ဝမ်းနည်းမှုများ၊ ရင်ထဲရှိ မမေ့နိုင်သော ဒဏ်ရာများအားလုံး ပေါ်လာခဲ့ကြ၏။
အနီရောင်ဓားအလင်းတန်း ပေါ်လာခဲ့သည့်အချိန်တွင် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက ငြိမ်သက်သွားသလို ထင်မှတ်ရ၏။
ယွမ်မုန်ကျိကလည်း အနည်းငယ် စိတ်လွတ်သွားခဲ့ပြီး မျက်လုံးတစ်ဖက်လပ်နှင့် ကျိလော်ကျူးကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။ ကျိလော်ကျူးက လက်နောက်ပစ်၍ သူ့ဆီကို လျှောက်လာခဲ့သည်။ ကျိလော်ကျူး၏ ရှေ့တွင် သူက အလွန်သေးငယ်သွားသလို ခံစားလိုက်ရပြီး မြေပေါ်တွင် ဒူးထောက်နေရ၏။
"မင်းက ဘယ်တော့မှ သိမ်းသွင်းလို့ မရနိုင်တဲ့ မြေခွေးတစ်ကောင်ဆိုတာ ငါသိတယ်။ မင်းက ကိုယ့်ရဲ့သခင်ကိုတောင် ပြန်စားမည့် ကောင်မျိူးပဲ။ ဒါပေမယ့် ငါက မကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ မင်းက ငါ့ကို လုံးဝဖမ်းနိုင်မှာ မဟုတ်ဘူး။ ငါ့အတွက်တော့ မင်းက အမြဲတမ်းခွေးတစ်ကောင်ပဲ…"
ကျိလော်ကျူးက ခြောက်ကပ်စွာ ပြောလိုက်သည်။
"အခုတော့ မင်းက အစာကို ပြသရမည့် အချိန်ပဲ…"
ယွမ်မုန်ကျိက ခေါင်းမော့ကြည့်လိုက်သည်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် ကျိလော်ကျူးက အလွန်အရပ်မြင့်နေသည့်အတွက် ယွမ်မုန်ကျိက ရှက်ရွံ့နေခဲ့၏။ ကျိလော်ကျူးက နတ်ဘုရားတစ်ယောက် သို့မဟုတ် ကောင်းကင်မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေသလို ထင်မှတ်ရသည့်အတွက် အညံ့ခံရုံသာရှိသည်။ ထိုကဲ့သို့ အကြောက်တရားများက သူ့ရင်ထဲမှ ထွက်ပေါ်လာခဲ့၏။
ထိုအချိန်တွင် သူ့နားထဲ၌ ကောင်းကင်မိုးကြိုးတစ်ခု ပေါက်ကွဲလာသည်ကို ကြားလိုက်ရပြီး တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားခဲ့သည်။
မုန့်ချီ၏ ဘယ်လက်ပေါ်တွင်ရှိနေသော ခရမ်းရောင်မိုးကြိုးအမှတ်အသားကလည်း ကြီးမားလာခဲ့သည်။ ထိုအချိန်တွင် ခန်းမထဲ၌ ရှိနေသော လူတိုင်းက နတ်ဘုရားတစ်ပါး၏ ခြိမ်းခြောက်မှု သို့မဟုတ် ကောင်းကင်မိုးကြိုး၏ အစွမ်းကို ကျော်လွှားရန် ခက်ခဲနေကြသည်။
သူတို့က ကြောက်လန့်တုန်လှုပ်နေကြပြီး စိတ်ထဲတွင် ဝေဝါးသွားသည့်အတွက် အရာအားလုံးကို မေ့လျော့သွားခဲ့သည်။
မိုးကြိုးများ ကျဆင်းလာသည့်အချိန်တွင် ကူချန်းချင်က တစ်ကိုယ်လုံး စိုရွှဲနေခဲ့၏။ သူကတော့ အဘိုးချောင် တည်းခိုဆောင်ဆီသို့ လျင်မြန်စွာ သွားခဲ့ပြီးနောက် ဝူရုံ၏ ံသယဝင်ခြင်းကို ရှောင်တိမ်းရန်အတွက် သူ၏ ခြံထဲကို ပြန်သွားခဲ့သည်။
ရုတ်တရက်ဆိုသလို ကောင်းကင်ပေါ်၌ အလင်းတန်းများ တောက်ပလာခဲ့သည်။ ငါးပင်လယ်တစ်ခုလုံးကလည်း နေ့အချိန်အလား လင်းလက်တောက်ပသွားခဲ့၏။ ကူချန်းချင်က သတိလက်လွတ် ခေါင်းမော့ကြည့်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ပေါ်မှနေ၍ မိုးကြိုးစပါးအုံးမြွေကြီးတစ်ကောင်ကဲ့သို့ လှုပ်ရှားလာသော ငွေရောင်အလင်းတန်းကြီးတစ်ခု ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ အလွန်ကြောက်စရာကောင်းသော အစွမ်းက မြို့စားရဲတိုက်ကို တည့်တည့်တိုက်ခိုက်လိုက်၏။
“ဗုန်း…”
မိုးကြိုးအလင်းရောင်က အလွန်ကျယ်လောင်သော အသံနှင့်အတူ ကျရောက်လာခဲ့သည်။ ထို့ကြောင့် ကူချန်းချင်ကပင် နတ်ဘုရားအပြစ်ပေးမှုမှ လွတ်မြောက်ချင်နေသည့်အလား တစ်ကိုယ်လုံးတုန်ယင်နေခဲ့သည်။
"မိုးတွေရွာပြီး မိုးကြိုးတွေပစ်နေပြီ…"
သူက မုန့်ချီပြောခဲ့သော စကားကို တီးတိုးရေရွတ်နေခဲ့၏။
အဘိုးချောင် တည်းခိုဆောင်ထဲတွင် …
အရက်သမားရှဲ့နှင့် တခြားလူများကလည်း ပြတင်းပေါက်မှနေ၍ ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်ကြသည်။ သူတို့ကလည်း အလွန်ကြောက်စရာကောင်းသော သွေးရောင်မိုးကြိုးကြီးကို စိုက်ကြည့်နေမိကြ၏။ ထိုအရာက လုံးဝမထင်ထားသည့်အတွက် မည်သူကမျှ လုံးဝစကားမပြောနိုင်ကြပေ။ သူတို့အားလုံးက အလွန်ထိတ်လန့်နေကြ၏။
“မလုပ်နဲ့…”
ဓားဝိညာဉ်၏ တိုက်ခိုက်မှုကို ခံလိုက်ရသည့်အချိန်တွင် ယွမ်မုန်ကျိက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်၏ ပုံရိပ်ယောင်ထဲမှ နိုးထလာခဲ့၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ဆီကို ကျရောက်လာတော့မည့် ဓားကို လက်ဝါးနှစ်ဖက်နှင့် ခုခံရန် ပြင်ဆင်လိုက်သည်။
ရုတ်တရက်ဆိုသလို သူ၏ မျက်လုံးများက ဝင်းလက်တောက်ပလာပြီး အမိုးကို ဖြတ်ကျော်လာသော ငွေရောင်မိုးကြိုးအလင်းတန်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက ဓားပေါ်သို့ ကျရောက်လာပြီး အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်၏။ သူမြင်လိုက်ရသည်မှာ အရာအားလုံး ဖြူဖွေးနေသည့် မြင်ကွင်းတစ်ခုသာ ဖြစ်သည်။
ထိုအချိန်တွင် အလွန်များပြားသော မိုးကြိုးများက သူ့လက်ဆီသို့ ကျရောက်လာကြောင်း တွေ့လိုက်ရသည်။
“ဂျိမ်း…”
ကျယ်လောင်သော မိုးခြိမ်းသံကြီးကို ကြားလိုက်ရသည့်အချိန်တွင် သူက အလွန်နောင်တရနေခဲ့သည်။
“ဒီလိုကမ္ဘာမြေကြီးရဲ့ စွမ်းအားတွေကို ဘယ်သူကများ ခုခံနိုင်မှာလဲ…”
“ဝေ့ကျင်း အဆင့်လား……”
ထိုအရာက သူ၏ နောက်ဆုံးအတွေးတစ်ခုသာ ဖြစ်သွားခဲ့လေသည်။
Translated by Hein Htet.