အခန်း (၁၃၅)
Vol. 9 Ch. 135
ထိုကဲ့သို့ မိုးကြိုးမုန်တိုင်းများ ကျဆင်းနေသည့် အချိန်တွင် ကျုံးယာရှီနှင့် တခြားလူများ အားလုံးကတော့ မိုးကြိုးနတ်ဘုရား၏ ခြိမ်းခြောက်မှုကြောင့် အတော်လေး ကြောက်လန့်တုန်လှုပ်နေကြသည်။ သူတို့အားလုံးက ငြိမ်သက်သွားကြ၏။
သူတို့ မျက်လုံးထဲတွင် ပေါ်လာသည်မှာ ကောင်းကင်ပေါ်မှ ကျဆင်းလာသော မိုးကြိုးကြီးတစ်ခုသာ ဖြစ်သည်။ ထိုမိုးကြိုးကြီးက အမိုးကို ထိုးဖောက်ပြီး ခန်းမထဲသို့ ကျရောက်လာသည့်အတွက် ခန်းမကြီးတစ်ခုလုံးက နေ့အချိန်အလား လင်းလက်တောက်ပနေပြီး မိုးကြိုးစပါးအုံးမြွေကြီးကဲ့သို့ လှုပ်ရှားနေခဲ့သည်။
အလွန်အံ့ဩစရာကောင်းသော ငွေရောင်အလင်းတန်းကြီးကို ကြည့်ပြီး ကျုံးယာရှီကတော့ ထွက်ပြေးရန်အတွေးမျိုးပင်ပေါ်လာခဲ့သည်။
"ဝေ့ကျင်းအဆင့်…ဝေ့ကျင်းအဆင့် …"
သူ့ခါးတွင် ချိတ်ထားသော သူ့ဓားဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမိုးကြိုး၏အစွမ်းက သူ၏ အနှစ်သာရများကို ထိခိုက်သွားစေပုံရ၏။
သို့သော် ထိုအသံက ကျုံးယာရှီကို မိန်းမောနေရာမှ လွတ်မြောက်အောင် လှုပ်ရှားပေးနိုင်စွမ်း မရှိချေ။ သူ့မျက်လုံးထဲတွင် ပေါ်လာသည်မှာ မိုးကြိုးအရိပ်တစ်ခုသာ ဖြစ်၏။ သူ့ရှေ့တွင် ပေါ်နေသော မြင်ကွင်းများကလည်း ဒဏ္ဍာရီထဲမှ နတ်ဘုရားများ ထွက်ပေါ်လာနေသလို ထင်မှတ်နေရသည်။
ငါးပင်လယ်၏ အရှင်သခင်ဖြစ်သော ပိုင်ပါကျန်းကလည်း အလားတူ ခံစားလိုက်ရသည်။ သူက ယွမ်မုန်ကျိနှင့် (၃)မီတာခန့်အကွာတွင်သာ ရှိနေသည့်အတွက် ကောင်းကင်(၉)သွယ် မိုးကြိုးနတ်ဘုရား၏ အစွမ်းကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
စပါးအုံးမြွေကြီးတစ်ကောင်ကဲ့သို့ ကျဆင်းလာသော မိုးကြိုးအလင်းတန်းကိုကြည့်ပြီး သူ၏လက်နှစ်ဖက်စလုံးက တုန်ယင်နေခဲ့သည်။ သူကတော့ ရှေ့ကို ခြေတစ်လှမ်းမျှပင် မထွက်ရဲချေ။ သူကလည်း ဝေ့ကျင်းအဆင့် ပညာရှင်၏ ဒေါသကို ကြောက်လန့်နေပြီး သူကိုယ်တိုင် မိုးကြိုးလက်ဝါး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရမှာကို ကြောက်လန့်နေခဲ့သည်။
တူမိုက ယွမ်မုန်ကျိကို သစ္စာရှိသော်လည်း ထိုကဲ့သို့ အစွမ်းထက်သော မိုးကြိုးအစွမ်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ့ကို ကယ်တင်ရန် ကြောက်လန့်သွားခဲ့သည်။ ယခုလိုအချိန်မျိုးတွင် ပြေးဝင်သွားခြင်းက သူကိုယ်တိုင် သေတွင်းထဲသို့ ပြေးသွားသလို ဖြစ်သွားပါလိမ့်မည်။
ယွမ်မုန်ကျိက လေထဲသို့ မော့ကြည့်နေပြီး ငွေရောင်မိုးကြိုးမြွေကြီးကတော့ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။ ခဏကြာပြီးနောက် သူက မြေပေါ်သို့ လဲကျသွားပြီး တခြားလူများကတော့ သူ့ကို ကြည့်ပင်မကြည့်ရဲကြပေ။
သူ၏ ခန္ဓာကိုယ်က မည်းတူးသွားခဲ့ပြီး သူ၏ ဓားကလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အရာဝတ္ထုများဖြစ်စေ၊ အရေပြားဖြစ်စေ တစ်ခုမျှ အကောင်းတိုင်း မကျန်တော့ပေ။
သူ၏ဆံပင်နှင့် အဝတ်အစားများက ဆက်လက် လောင်ကျွမ်းနေသေးပြီး မျက်လုံးးပြူး၍ သေဆုံးနေခဲ့၏။ သူ၏မျက်လုံးထဲတွင် ခံစားချက် တစ်စုံတစ်ရာမျှမရှိခဲ့ပေ။ သူ၏ မျက်ခုံးကြားထဲတွင် ဓားအမှတ်အသားတစ်ခု ရှိနေပြီး မျက်ခုံးအလယ်တည့်တည့်ကို ထိုးဖောက်သွားခဲ့ပုံရ၏။
မိုးကြိုးစပါးအုံးမြွေကြီးက ဆက်လက်လှုပ်ရှားနေသေးသည့်အတွက် သူ၏ဒဏ်ရာများက မည်းတူးနေပြီး သွေးတစ်စက်မျှ ထွက်လာခြင်း မရှိချေ။
မုန့်ချီက ယွမ်မုန်ကျိ၏ ရှေ့တွင် ရပ်နေပြီး ညာလက်တွင် နေမင်းနီမကောင်းဆိုးဝါးဓားကို ကိုင်ထားသည်။ သူ၏ ပတ်လည်တွင်လည်း မိုးကြိုးအနည်းငယ် ရှိနေခဲ့၏။ ကျုံးယာရှီနှင့်တခြားလူများ၏ မျက်လုံးထဲတွင်တော့ သူက အလွန်ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်နေသည်။
"အစ်ကိုကြီး…
အစ်ကိုကြီးက ကျွန်တော့်ကို လာကယ်မယ်ဆိုတာ သိတယ်…"
ကျန်းဟွေက မုန့်ချီကို ကြည့်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။
ကျန်းဟွေကို ခေါ်လာသော မြင်းဓားပြက သူ့ကို လှမ်းခေါ်တော့မည့် အချိန်တွင် မုန့်ချီ၏အကြည့်ကြောင့် သူ၏ခြေထောက်နှစ်ဖက်က ပျော့ခွေသွားသလို ခံစားလိုက်ရ၏။ သူ၏ဆရာတူညီလေးကို ကယ်တင်ရာတွင် မည်သူက မုန့်ချီကို တားဆီးရဲမည်နည်း။
တံခါး(၉)ပေါက်ပွင့်နေသော ဆရာကြီးယွမ်မုန့်ကပင် ထိုနေရာ၌ လဲကျသေဆုံးနေခဲ့သည်။
"သွားကြစို့…"
မုန့်ချီက ကျန်းဟွေကို အပြုံးနှင့် ပြောလိုက်သည်။
ထို့နောက် သူက နောက်ကျောတွင် နေမင်းနီမကောင်းဆိုးဝါးဓားကို သိမ်းလိုက်ပြီး ရေခဲပေါ်တယ်ဓားကိုတော့ ခါးတွင် ချိတ်လိုက်သည်။ သူက ပိုင်ပါကျန်း ၊ တူမို၊ ကျုံးယာရှီနှင့် တခြားမြင်းဓားပြများကို လှည့်ပင်မကြည့်ခဲ့ပေ။ ခန်းမထဲတွင် မည်သူမျှ မရှိသလိုထင်မှတ်ရ၏။ ဤနေရာတွင် ကျန်ရှိနေသည့် လူများကတော့ သူအလေးထားစရာ မလိုအပ်သောလူများဖြစ်ကြသည်။
"ကောင်းပါပြီ…"
ကျန်းဟွေက ခေါင်းညိတ်ပြလိုက်ပြီး မိုးကြိုးကြောင့် မည်းတူးနေသော အလောင်းကို သနားစဖွယ် စိုက်ကြည့်လိုက်သည်။ မုန့်ချီက ပြန်လှည့်သွားပြီး အပြင်သို့ အေးအေးဆေးဆေး ထွက်သွားခဲ့၏။
ကျန်းဟွေကတော့ သူ့နောက်မှ အမီလိုက်လာပြီး သူတို့ခွဲခွာသွားပြီးနောက် ကြုံခဲ့ရသည့် အခြေအနေများကို ပြောပြနေခဲ့သည်။ သူတို့က မည်သူမျှမရှိသည့်အလား ထွက်သွားသည်ကို ကြည့်နေရင်း တံခါး(၉)ပေါက်ပွင့်နေသော ပိုင်ပါကျန်းဖြစ်စေ၊ အလွန်သစ္စာရှိသော တူမို ဖြစ်စေ တစ်ယောက်မျှ တုံပြန်ခဲ့ကြခြင်းမရှိချေ။
ထိုအစား သူတို့၏ မျက်နှာပေါ်တွင် စိတ်အေးချမ်းမှုသာ ပေါ်လာခဲ့၏။ ထို(၂)ယောက်က ထွက်သွားသည်မှာ ပိုကောင်းသည်။ သူတို့သာ ဝင်မရှုပ်မိလျှင် အရာအားလုံးက အဆင်ပြေနိုင်၏။ ဤကမ္ဘာကြီးထဲတွင် သေမှာ မကြောက်သောသူ တစ်ယောက်မျှမရှိချေ။ အကယ်၍ ရွေးချယ်ခွင့်သာ ရှိနေမည်ဆိုလျှင် မည်သူက အသေခံဦးမည်နည်း။
ကျုံးယာရှီတို့အားလုံးကတော့ ပို၍ပင် ရှက်ရွံ့သွားခဲ့၏။ တချို့က နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်နေပြီး တချို့ကတော့ ကြောက်လန့်တကြား လဲကျသွားကြသည်။ မည်သူကမျှ မုန့်ချီကို စိုက်မကြည့်ရဲကြပေ။ ယခုတော့ ထိုကိုရင်လေးက ဘာကြောင့် မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေး အမိန့်ထုတ်သင့်ကြောင်း သူတို့လည်း ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့၏။
သူက သူတို့ကို မသတ်ခဲ့သည့်အတွက် ကျေးဇူးတင်ရမည်ဟု ဆိုရပါလိမ့်မည်။ မည်သူကရော သူ့ကို သွား၍ ပြဿနာရှာရဲဦးမည်နည်း။ ဝေ့ကျင်းအဆင့်နှင့် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များ၏ ကွာဟမှုက သာမန်လူသားတစ်ယောက်နှင့် အင်မော်တယ်တစ်ယောက်ကဲ့သို့ ကွာခြားလွန်းလှသည်။
အစောပိုင်းတိုက်ပွဲတွင် မုန့်ချီ၏ အစွမ်းက တံခါး(၄)ပေါက်ထက် လျော့နည်းနိုင်ကြောင်း ပိုင်ပါကျန်းက ပြောနိုင်သည်။ သို့သော် သူ၏ ဓားချက်တစ်ချက်ကတော့ ဝေ့ကျင်းအဆင့် ဓားပညာတစ်ခုဖြစ်ပြီး အဆင့်မြင့်သော ပညာရှင်များကို စိန်ခေါ်နိုင်စွမ်း ရှိ၏။
ယွမ်မုန်ကျိကို သတ်လိုက်သော မိုးကြိုးအစွမ်းကတော့ အဆောင်တစ်ခု သို့မဟုတ် တစ်ခါသုံး အစွမ်းထက်သော လက်နက်တစ်ခု၏ အကျိုးသက်ရောက်မှုဖြစ်နိုင်သည်။ သူ့ဆီတွင် ထိုအရာများ ထပ်ရှိမရှိ မည်သူကမျှ မသိချေ။ ထို့ကြောင့် မည်သူကမျှ ယွမ်မုန်ကျိကို ကယ်တင်ရန်အတွက် သူတို့၏ အသက်ကို စတေးလိမ့်မည်မဟုတ်ချေ။
သူတို့က ကျိလော်ကျူးနှင့်တခြားသော ဝေ့ကျင်းအဆင့် ပညာရှင်များကို သတင်းပို့ပြီး ကိုယ်တိုင် ရင်ဆိုင်ခိုင်းလိုက်သည်မှာ ပိုကောင်းသည်။ ထို့ကြောင့် အစွမ်းထက်သော မြင်းဓားပြများကပင် မုန့်ချီထွက်သွားသည်ကိုသာ မသက်မသာ ကြည့်နေကြရသည်။ မည်သူကမျှ စကားတစ်ခွန်းမျှ မပြောခဲ့သလို တားဆီးရန် ကြိုးစားခဲ့ခြင်းလည်း မရှိချေ။ အမှန်အတိုင်းပြောရလျှင် သူတို့အားလုံးက အလွန် ကြောက်လန့်နေသည့်အတွက် စိုက်ပင်မကြည့်ရဲကြချေ။
သူက နောက်ကျောတွင် ဓားမောက်တစ်ချောင်းနှင့် ဓားရှည်တစ်လက်ကို ကန့်လန့်ဖြတ်လွယ်ထားပြီး ခါးတွင် ဓားမောက်တစ်ချောင်းကို ချိတ်ထားသည်။ ဘယ်လက်တွင် ဓားရှည်တစ်ချောင်းကို ကိုင်ကာ ခန်းမထဲမှနေ၍ အေးအေးဆေးဆေး ထွက်လာပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
မုန့်ချီ၏ နောက်ကျောကိုတော့ မြင်းဓားပြများ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မှတ်မိနေခဲ့ကြ၏။ ကျုံးယာရှီ၊ ကုံရှယွဲ့နှင့် တခြားလူများအားလုံးက သူ့ကို သေချာမှတ်မိနေကြသည်။
အချိန်တော်တော်ကြာပြီးနောက် တစ်စုံတစ်ယောက်က ပြောလိုက်၏။
"ကမ္ဘာမြေကြီးရဲ့အစွမ်းက တော်တော်လေး ကြောက်စရာကောင်းတာပဲ။ သူက မိုးကြိုးစွမ်းအားတွေကိုတောင် သုံးနိုင်မယ်လို့ မထင်ထားခဲ့ဘူး…"
မုန့်ချီက အစစ်အမှန် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဟုတ်မဟုတ် မြင်းဓားပြ အများစုက ဂရုမစိုက်ကြပေ။ အရေးကြီးဆုံးအရာကတော့ သူ့ဆီတွင် ဝေ့ကျင်းအဆင့် အစွမ်းမျိုး ရှိနေ၏။ မည်သို့ဖြစ်စေကာမူ သူက နောက်တစ်ကြိမ် သုံးနိုင် မသုံးနိုင် အလောင်းအစား မလုပ်ရဲပေ။
"ထင်ထားတဲ့အတိုင်းဆိုရင် မုန့်ချီနဲ့ ကျန်းတင်တို့ရဲ့ နာမည်က သေမင်းပင်လယ်ထဲမှာ ပျံ့နှံ့သွားတော့မယ်.. "
ကျုံးယာရှီက ကောက်ချက်ချလိုက်သည်။
ယွမ်မုန်ကျိကဲ့သို့ တံခါး(၉)ပေါက် ပွင့်နေသော ထိပ်တန်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်ရန် သိုင်းကွက်တစ်ကွက်တည်းသာ သုံးခဲ့သည်။ ထိုအရာက လူငယ်မှတ်တမ်း၏ အောက်ခြေတွင် ရှိနေသော ပညာရှင်များပင် မလုပ်နိုင်သော အရာတစ်ခုဖြစ်၏။
ကူရှောင်စန်းကဲ့သို့သော လူငယ်မှတ်တမ်းတွင် ထူးချွန်ထက်မြက်သည့် လူမျိုးကပင် တံခါး(၉)ပေါက် ပွင့်နေသော ပညာရှင်များကိုသတ်ရန် သိုင်းကွက် နှစ်ကွက် သုံးကွက် သုံးရပါလိမ့်မည်။
မြို့စားရဲတိုက်၏ အပြင်ဘက် အမှောင်ထဲသို့ ရောက်သွားသည့်အချိန်ထိ ကျန်းဟွေကတော့ သူ၏ သိုင်းလောက အတွေ့အကြုံများကို ပြောပြနေသေးသည်။
မုန့်ချီကတော့ ရုတ်တရက်ဆိုသလို သူ့အနားတွင် တစ်ကိုယ်လုံး တုန်နေပြီး ခန္ဓာကိုယ်က လဲကျလုမတတ် အားနည်းသွားသည်ကို မြင်လိုက်ရ၏။
"အစ်ကိုကြီး ဘာဖြစ်တာလဲ…"
ကျန်းဟွေက စိုးရိမ်စွာ မေးလိုက်သည်။
မုန့်ချီက အားတင်း၍ ပြောလိုက်၏။
"နည်းနည်းလေး ပင်ပန်းသွားတာပါ… "
မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နေသည့်အချိန်တွင် သူက မိုးကြိုးစွမ်းအားကို (၃)ကြိမ်အသုံးပြုနိုင်ကြောင်း သံသရာအရှင်သခင်က ပြောခဲ့သည်။ သို့သော် ထိုအရာက စွမ်းအင်အမြောက်အများ ကုန်ဆုံးရမည်ဟု လုံးဝ မပြောခဲ့ပေ။ သူက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် သူ၏ စွမ်းအားများကို အလုံးစုံ သုံးလိုက်ပြီးနောက် သာမန် တိုက်ခိုက်စွမ်းရည် ရှိနေသေးသည်။
သို့သော် ယခုတော့ လမ်းလျှောက်ခြင်းကလွဲလျှင် မည်သည့်အစွမ်းမျှ မကျန်တော့ပေ။ အစောပိုင်းတွင် ပတ်ပတ်လည်၌ အလွန်ကြောက်စရာကောင်းသော ရန်သူများစွာ ရှိနေသည့်အတွက် သူသာ အားနည်းသွားကြောင်း ပြသလိုက်မည်ဆိုလျှင် ဓားပေါင်းများစွာ၏ သုတ်သင်ရှင်းလင်းခြင်းကိုခံရပါလိမ့်မည်။
ထို့ကြောင့် မုန့်ချီက သူ့ကိုယ်သူ အားတင်းခဲ့ပြီး ထိပ်တန်းပညာရှင်တစ်ယောက်ကဲ့သို့ ဟန်ဆောင်ခဲ့ခြင်းဖြစ်၏။ သူက မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ကျန်ရှိနေသော မိုးကြိုးစွမ်းအင်များကို အားကိုးပြီး ထွက်လာခဲ့ရခြင်းဖြစ်၏။
ထင်ထားသည့်အတိုင်း သူ၏ လုပ်ရပ်က သူတို့ကို ခြိမ်းခြောက်နိုင်ခဲ့၏။ သူ၏ အခြေအနေအရ သူ့ဆီ၌ စွမ်းအားအနည်းငယ် ရှိနေသေးလျှင်ပင် ထိုကဲ့သို့ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။
သူက ဓားပြများကို ဓားနှင့် ချိန်ပြီး ပြောမိဦးမည် ဖြစ်၏။
"တကယ်လို့ ကျုပ်သာ လက်တုံ့ပြန်ချင်တယ်ဆိုရင် နေရာမှာပဲ ချက်ချင်းလုပ်လို့ရတယ်။ ဒါပေမယ့် ခင်ဗျားတို့တွေက ကျုပ်ရဲ့ဓားနဲ့ မထိုက်တန်တဲ့ ခွေးကလေး၊ ကြက်ကလေးတွေပဲ။ ဘယ်သူက ကျုပ်ကိုလာပြီး တိုက်ခိုက်ရဲမှာလဲ…"
သို့သော် သူက ဒဏ်ရာရနေသည့်အတွက် ထိုကဲ့သို့ ရန်စသည့်အလုပ်မျိုးကို မလုပ်ခဲ့ပေ။ အကယ်၍ မဆင်မခြင်လုပ်တတ်သော လူတစ်ယောက်ကသာ သူ၏ စိန်ခေါ်မှုကို တုံ့ပြန်လိုက်မည်ဆိုလျှင် သူကိုယ်တိုင် ဒုက္ခရောက် သွားပါလိမ့်မည်။
ကျန်းဟွေက မုန့်ချီကို လျင်မြန်စွာ တွဲလိုက်သည်။ ထို့နောက် သူက မုန့်ချီဆီတွင် ဆေးပင်တစ်ရာ ဆေးလုံးကို တွေ့သွားသည့်အတွက် သူ့ကို တိုက်လိုက်၏။ တဖန် သူကလည်း ပန်းခူးလက်ညှိုးသိုင်း၏ ကိုယ်ဖော့ပညာကို သုံးပြီး မုန့်ချီနှင့်အတူ အဘိုးအိုချောင်၏ တည်းခိုဆောင်ဆီသို့ အလျင်အမြန်ထွက်သွားခဲ့သည်။
ဆေးလုံးသောက်လိုက်ပြီးနောက် မုန့်ချီ၏ ခေါင်းထဲတွင် အသံမျိုးစုံကို ကြားလိုက်ရသည်။ သူကတော့ သူ၏စိတ်ကို ထိန်းချုပ်ပြီး အသံများကို လစ်လျူရှုလိုက်၏။ ထို့နောက် တစ်စုံတစ်ခုက နွေးထွေးသော စီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တဖြည်းဖြည်း အားဖြည့်ပေးနေကြောင်း ခံစားမိလိုက်၏။
ထိုအချိန်တွင် သူတို့၏ ခေါင်းပေါ်တွင် မိုးများရွာချနေပြီး မိုကြိုးများ ပစ်နေသေးသည်။ လမ်းပေါ်တွင်တော့ လူအနည်းငယ် ရှိနေပြီး သူတို့ကတော့ အဘိုးအိုချောင်၏ တည်းခိုဆောင်ဆီသို့ လျင်မြန်စွာရောက်လာကြ၏။ မုန့်ချီကလည်း ဆေးလုံးများ၏ ကျေးဇူးကြောင့် စွမ်းအားတချို့ကို ပြန်ရလာခဲ့၏။
ထို့နောက် သူက တံခါးကိုဖြတ်၍ ဝင်လာပြီး ဘယ်လက်တွင် ဓားကိုင်ထားသော အရက်သမားရှဲ့အနားကို ကပ်လာခဲ့၏။ သူပြသလိုက်သော အစွမ်းက အနည်းငယ် မဟုတ်ချေ။ မဟုတ်လျှင် အရက်သမားရှဲ့ကလည်း သူ့ကို တစ်ခုခု ပြဿနာရှာနိုင်၏။
မြို့စားရဲတိုက်ပေါ်တွင် အလွန်ကြီးမားသော မိုးကြိုးကြီးကို မြင်လိုက်ရသည့်အချိန်၌ ကူချန်းချင်က အဘိုးချောင်၏ တည်းခိုဆောင်ဆီသို့ ပြန်ရောက်လာခဲ့၏။ မုန့်ချီက လျှို့ဝှက်လက်နက်အကူအညီနှင့် ကျန်းဟွေကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း သူက ယုံကြည်နေခဲ့၏။
ထိုအရာကို နားလည်နေသည့်အတွက် သူက ယုံကြည်ချက်ရှိရှိ စောင့်နေခဲ့သည်။ မုန့်ချီက လက်ထဲတွင် ဓားကိုကိုင်ပြီး အေးအေးဆေးဆေး လျှောက်လာကြောင်း မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲတွင် ချီးကျူးလိုက်မိ၏။ မုန့်ချီက အမှန်တကယ်ကို ထူးခြားလွန်းလှသည်။
"မြို့ထဲကနေ ထွက်သွားကြစို့…"
မုန့်ချီကတော့ နောက်ထပ် အချိန်ဆွဲမနေချင်တော့ပေ။ ထို့ပြင် သူ့နာမည်ကိုလည်း ပေါ်သွားလိုခြင်း မရှိချေ။
အရက်သမားရှဲ့က ပြောလိုက်၏။
"အဝတ်အစားလဲဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ…"
သူတို့က ဓားများကို ဖုံးကွယ်လိုက်ပြီး နယ်မြေခံများကဲ့သို့ ပြောင်းလဲလိုက်ပြီးနောက် အရက်သမားရှဲ့က သူတို့ကို အနီးဆုံးတွင် ရှိနေသော မြို့တံခါးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့က မြို့၏ အစွန်သို့ ရောက်လာသည့်အချိန်တွင် မုန့်ချီက သူ၏ ဓားလက်ကိုင်ကို လွှတ်လိုက်၏။ သူ့ဆီတွင် စွမ်းအားတချို့ ပြန်ရလာနေပြီဖြစ်သည်။
တံခါးစောင့် ရဲမက်များက စကားတစ်ခွန်းမျှ သူတို့ကို စစ်ဆေးမေးမြန်းခဲ့ခြင်းမရှိချေ။ သူတို့က တံခါးကို တိတ်တဆိတ် ဖွင့်ပေးလိုက်ပြီး သူတို့ထွက်သွားသည်ကို ကြည့်နေခဲ့၏။
ငါးပင်လယ်မြို့က အလွန်သေးငယ်သည့်အတွက် တံခါးဖွင့်ပေးရသည့် ဖြစ်စဉ်က ပြဿနာမများပေ။ မြို့အပြင်ဘက်သို့ ရောက်သည့်အချိန်တွင်တော့ မုန့်ချီက အရက်သမားရှဲ့၏ စွမ်းရည်ကို ပို၍ နားလည်သွားခဲ့သည်။ သူက ရေကန်ဆီသို့ ခေါ်သွားခဲ့ပြီး ထိုနေရာတွင် လှေငယ်လေးတစ်စီးရှိနေ၏။
"လှေပေါ်ကို ရောက်ရင် ဘာမှမမေးနဲ့။ မင်းတို့က တစ်ဖက်ကမ်းကို ရောက်သွားလိမ့်မယ်။ အဲဒီကနေ သွားမယ်ဆိုရင် တန်ဟန်ကို တစ်ရက်လောက်ပဲ သွားရလိမ့်မယ်။ တန်ဟန်က တော်တော်လေးကို ရှုပ်ထွေးတဲ့ နေရာတစ်ခုပဲ။ အဲဒီမှာ မင်းတို့ကို ဘယ်သူမျှ ရှာမတွေ့နိုင်ဘူး…"
အရက်သမားရှဲ့က အသံတိုးတိုးနှင့်ပြောလိုက်ပြီး သူ၏ အမူအရာက အလွန်လေးနက်နေခဲ့သည်။
ဤအချိန်အတောအတွင်း မည်သူကမျှ သူတို့ကို ရှာတွေ့မည် မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ နောက်ထပ် (၆)ရက်ခန့် ကြာလျှင် ရှောင်လင်မှ စစ်ကူများ ရောက်လာပါလိမ့်မည်။ ထိုအချိန်ကျလျှင် မည်သူကရော ရှောင်လင်၏ ဆက်ခံသူများကို ရှာရဲကြဦးမည်နည်း။
"ဒါဆိုရင် ကျွန်တော်က အခုပဲ ကျန်တဲ့ ပိုက်ဆံကို ပေးရတော့မှာလား…"
မုန့်ချီက တည်ငြိမ်စွာမေးလိုက်၏။
အရက်သမားရှဲ့က ခေါင်းခါပြလိုက်သည်။
"တစ်ဖက်ကမ်းကို ရောက်တဲ့အချိန်ကျမှ လှေသမားကို ပေးလိုက်။ မင်းတို့က မပေးမှာကို စိုးရိမ်စရာ မလိုပါဘူး။ အခုအချိန်အထိ ငါ့ကို လိမ်ပြောခဲ့တဲ့ သူတွေအားလုံးက ငါးပင်လယ်ရဲ့ အောက်ကို ရောက်သွားပြီ…"
မုန့်ချီက သူ့နောက်တွင် ရှိနေသော စွမ်းအားစုကို တိတ်တဆိတ် ခန့်မှန်းမိခဲ့သည့်အတွက် စကားတစ်ခွန်းမျှ မပြောတော့ပေ။ ကူချန်းချင်၊ကျန်းဟွေနှင့် သူက လှေပေါ်သို့ တက်လိုက်ကြသည်။
လှေပေါ်တွင်တော့ အသားမည်းမည်းနှင့် လှေသမားတစ်ယောက် ရှိနေပြီး သူက ဝါးခမောက်တစ်လုံးကို ဆောင်းထားသည်။ သူ့ပုံစံက အလယ်ပိုင်းနယ်မြေမှ လူတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။
သူကတော့ လှေအနောက်ဘက်တွင် လှော်တက်နှစ်ချောင်းကို ကျွမ်းကျင်စွာ လှော်နေခဲ့သည်။ ထိုအချိန်တွင် မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး ချီစွမ်းအင်များကို လှည့်ပတ်နေခဲ့၏။ သူက စွမ်းအားများပြန်ရလာရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။ ကူချန်းချင်နှင့် ကျန်းဟွေတို့ကလည်း တိတ်တဆိတ် ငြိမ်သက်နေကြ၏။
ထိုအချိန်တွင် သူတို့ကို မြူခိုးများက ရုတ်တရက် လွှမ်းခြုံသွားခဲ့၏။ မုန့်ချီက သူ၏ ဓားကို ချက်ချင်းဆွဲထုတ်လိုက်ပြီး ရှေ့တည့်တည့်ကို သတိထား၍ စိုက်ကြည့်နေလိုက်သည်။
"မစိုးရိမ်ပါနဲ့။ ငါက ထိခိုက်အောင်မလုပ်ပါဘူး…"
သူတို့က အိပ်မက်ထဲသို့ ရောက်နေသည့်အလား နားထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် ငှက်မွေးဝတ်စုံနှင့် လူတစ်ယောက်က မုန့်ချီ၏ ရှေ့တွင် ပေါ်လာသော်လည်း သူ၏ရုပ်ရည်ကိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရပေ။
"ခင်ဗျားက ဘာလုပ်ချင်နေတာလဲ…"
မုန့်ချီက တိုးတိုးလေး မေးလိုက်၏။ ကျန်းဟွေနှင့် ကူချန်းချင်တို့ကတော့ သူ့အနားတွင် လျင်မြန်စွာ အိပ်ပျော်နေကြပုံရသည်။
ထိုလူက အပြုံးနှင့် ပြောလိုက်၏။
"မင်းက တော်တော်လေး အလားအလာရှိတဲ့ လူတစ်ယောက်လို့ ငါတို့က တွေးမိတယ်။ မင်းက ငါတို့အဖွဲ့အစည်းနဲ့ ပူးပေါင်းချင်လား…"
"အဖွဲ့အစည်းဟုတ်လား…ခင်ဗျားတို့က ဘယ်လိုအဖွဲ့အစည်းမျိုးလဲ…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။
"မင်းက အဖွဲ့ထဲဝင်ဖို့ သဘောတူပြီး အသက်နဲ့ ထပ်တူသစ္စာဆိုမှပဲ ပြောပြနိုင်မယ်.."
ထိုလူက အေးအေးဆေးဆေး ပြောလိုက်သည်။
"ကျုပ်က အဲဒီလို အခြေအနေမျိုးကို လက်ခံမယ်လို့ ခင်ဗျားက ထင်နေတာလား…"
မုန့်ချီက အပြုံးနှင့် ပြန်ပြောလိုက်၏။
ထိုလူက ရယ်လိုက်သည်။
"ငါတို့အဖွဲ့အစည်းက စွမ်းအားအရမ်းကြီးတယ်။ ငါတို့ဆီမှာ မင်းကို ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ အရင်းအမြစ် အလုံအလောက်ရှိတယ်။ မင်းက နောက်တစ်ကြိမ် မစဉ်းစားတော့ဘူးလား… "
"သူတို့ရဲ့လူခေါ်စီးပွားရေးက ဒီလိုမျိုးလည်း ရှိသေးတာပဲလား...."
မုန့်ချီက စိတ်ထဲတွင် တွေးနေမိပြီး ထိုလူကိုတော့ ပြန်မဖြေခဲ့ပေ။
ထိုလူက သက်ပြင်းချလိုက်၏။
"မင်းက ဒီလောက်အချိန်တိုလေးအတွင်း ဆုံးဖြတ်လို့ရမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ငါက မင်းကို တံဆိပ်တစ်ခုပေးခဲ့မယ်။ တကယ်လို့ မင်းက ဆုံးဖြတ်ပြီးသွားပြီဆိုရင် ဒီတံဆိပ်ကို ဖျက်ဆီးလိုက်။ အဲဒီအချိန်ကျရင် လူတစ်ယောက်က မင်းကိုလာတွေ့လိမ့်မယ်…"
Translated by Hein Htet.