← Chapters

အခန်း (၁၃၆)

Vol. 10 Ch. 136

အခန်း (၁၃၆)

Vol. 10 Ch. 136

အသံပျောက်ကွယ်သွားသည့်အချိန်တွင် အလွန်သိပ်သည်းသော ‌မြူ‌ခိုးများကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ငှက်မွေးအင်္ကျီဝတ်ဆင်ထားသော လူကလည်း ပျောက်ကွယ်သွားခဲ့၏။

လှေလေးကတော့ ရေကန်ပေါ်တွင် ဆက်၍ ရှိနေသေးပြီး ကူချန်းချင်နှင့် ကျန်းဟွေတို့က မုန့်ချီ၏အနားတွင်ထိုင်၍ သူတို့၏ ချီစွမ်းအင်များကို လှည့်ပတ်နေကြသည်။ အနောက်တွင် ရှိနေသော လှေသမားကတော့ လေကိုအားပြု၍ မြားတစ်စင်းကဲ့သို့ လျင်မြန်စွာ လှော်ခတ်နေသေးသည်။

လှိုင်းများထနေသော ရေကန်လေးကိုကြည့်ပြီး မုန့်ချီက အိပ်မက်တစ်ခုကဲ့သို့ ခံစားလိုက်ရသော်လည်း အိပ်မက်တစ်ခု မဟုတ်ချေ။ ငှက်မွေးအင်္ကျီဝတ်ဆင်ထားသော လူက သူ၏ အိမ်မက်ထဲတွင် ပေါ်လာသလို ထင်မှတ်ရ၏။ သူနိုးလာသည့်အချိန်တွင် ထိုလူက ပျောက်ကွယ်သွားသော်လည်း သူ့လက်ထဲတွင် အဝါရောင်တံဆိပ်လေးတစ်ခု ရှိနေခဲ့သည်။

တံဆိပ်ပေါ်တွင်တော့ ရှုပ်ထွေးသော ပုံစံကွက်များ ရှိနေသည့်အတွက် ဤနေရာတွင် တစ်စုံတစ်ယောက်ရှိနေခဲ့ကြောင်း သူ့ကို သတိပေးနေခဲ့၏။ အလွန်လျှို့ဝှက်ဆန်းကြယ်သောလူက ကူချန်းချင်နှင့်ကျန်းဟွေတို့ကို နှောင့်ယှက်ခဲ့ခြင်းမရှိသလို မုန့်ချီကို သတိထားနေရအောင်လည်း လုပ်ဆောင်ခဲ့ခြင်း မရှိချေ။ ထိုကဲ့သို့သော အစွမ်းအရ သူက သာမန်လူတစ်ယောက် မဟုတ်ကြောင်း သိသာနေသည်။

"သူက ဘယ်အဖွဲ့အစည်းက လူတစ်ယောက်လဲ…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး လက်ထဲတွင် တံဆိပ်လေးကို တိတ်တဆိတ် ကိုင်ကြည့်နေခဲ့သည်။

"ဒီလိုစဉ်းစားခွင့်ပေးတာလည်း ကောင်းတာပါပဲ…"

အလွန်လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းက အရက်သမားရှဲ့၏ နောက်ကွယ်တွင် ရှိနေခြင်းဖြစ်ကြောင်း မုန့်ချီက အကြမ်းဖျင်းခန့်မှန်းမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်နှင့်သာ ဆက်သွယ်ဖူးခဲ့၏။ တခြားလူများက မုန့်ချီကို စောင့်ကြည့်နေရန် လုံးဝမဖြစ်နိုင်ပေ။

"ချူချမ်းနင်ကရော အဲဒီအဖွဲ့ဝင်တစ်ယောက်ပဲလား…"

မုန့်ချီက သဲပင်လယ်တည်းခိုဆောင်တွင် ရှိနေသော မိန်းမလှလေးကို စဉ်းစားမိခဲ့သည်။

"တကယ်လို့ သူ့ဆီမှာသာ ဝေ့ကျင်းအဆင့်အစွမ်းမျိုး ရှိနေပြီး ဒီအဖွဲ့အစည်းရဲ့ အဖွဲ့သားတစ်ယောက် ဆိုရင်တော့ ဒီအဖွဲ့အစည်းက တကယ့်ကို အစွမ်းထက်နိုင်တယ်။ သူတို့က ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကိုတောင် တည်းခိုဆောင်ပိုင်ရှင် လုပ်ခိုင်းနိုင်တဲ့ အရည်အချင်းမျိုးရှိတယ်…"

ခဏကြာ စဉ်းစားတွေးတောနေပြီးနောက် မုန့်ချီက သဲလွန်စများ မရခဲ့ပေ။ ထို့ကြောင့် သူ့စိတ်ကို ထိန်းချုပ်လိုက်၏။ ထို့နောက် သူက ဆက်လက်လေ့ကျင့်ရန် အာရုံစိုက်လိုက်ပြီး သူ၏စွမ်းအင်များ ပြန်ရရန် ကြိုးစားနေခဲ့သည်။

ညအလယ်သို့ ရောက်သည့်အချိန်တွင် မုန့်ချီက စွမ်းအားတချို့ပြန်ရလာပြီး နောက်တစ်ကြိမ် တိုက်ခိုက်နိုင်စွမ်း ရှိလာခဲ့၏။ ထိုအချိန်တွင် လေလှိုင်းများ၊ မိုးရေစက်များ ရပ်တန့်သွားပြီး လမင်းကြီးက တိမ်တိုက်များထဲမှ ထိုးဖောက်လာခဲ့သည်။ ထို့ကြောင့် မြေပြင်ပေါ်တွင် နို့နှစ်ရောင် အလင်းတန်းများ ကျဆင်းလာနေခဲ့၏။

"ငါတို့ရောက်ပြီ..."

လှေသမားက လှေကို ကမ်းခြေတွင် ရပ်လိုက်ပြီး မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။

မုန့်ချီက ရှန့်ကျွေဆီမှ ရလာသော ငွေအိတ်ကို ဝမ်းနည်းစွာ ထုတ်လိုက်ပြီး အဖိုးတန်ကျောက်မျက်ရတနာ တချို့ကို ထုတ်လိုက်သည်။ ထို့နောက် သူက လှေသမားကို ပေးလိုက်၏။

"ဒါဆို လုံလောက်ပြီလား…"

မြင်းဓားပြများက ရွှေငွေများကို သယ်ဆောင်ရန် မသင့်တော်သည့်အတွက် အဖိုးတန်ကျောက်မျက်ရတနာများကို လဲလှယ်ထားတတ်ကြသည်။ ထို့ကြောင့် အမျိုးစုံသော ကျောက်မျက်ရတနာများက အနောက်ပိုင်းနယ်မြေထဲတွင် ငွေကြေးအဖြစ် သတ်မှတ်နိုင်၏။ ထိုအရာက တူညီသော သတ်မှတ်ချက်များ ရှိနေသော်လည်း တစ်နေရာနှင့်တစ်နေရာ ကွဲပြားသည်။

မုန့်ချီကတော့ အရေးကြီးနေသည့်အတွက် ထိုအရာကို ဂရုစိုက်နေရန် အချိန်မရခဲ့ပေ။ ရှန့်ကျွေ၏ ကျောက်မျက်ရတနာများက ကျုံးယာရှီ၏ ကျောက်မျက်ရတနာများထက်ပင် အရည်အသွေး ပိုကောင်းနေသည်။

လှေသမားက ကြည့်လိုက်ပြီး သေချာရေတွက်လိုက်၏။ ထို့နောက် မုန့်ချီကို ကျောက်မျက်ရတနာ(၂)ခုပြန်ပေးလိုက်သည်။

"အရမ်းများနေတယ်…"

"သူက တော်တော်လေး ရိုးသားတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက မထင်မှတ်ဘဲ ကံကောင်းလာခဲ့တာလေ…"

မုန့်ချီကတော့ ပို၍ စိတ်အေးသွားသလို ခံစားလိုက်ရ၏။ မူလတုန်းကတော့ သူက ဝမ်းနည်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အစီအစဉ်တွင် ပြောင်းလဲမှုများစွာ ရှိနေပြီး ကျုံးယာရှီ၏ ကြွယ်ဝချမ်းသာမှုကို လုယုရန် မအောင်မြင်ခဲ့ပေ။

"အစ်ကိုကြီး…ကျွန်တော်တို့က ဘယ်ကိုသွားကြမှာလဲ။ ဆရာက အခုအချိန်ထိ ပိုမီမှာပဲ ရှိနေသေးတယ်…"

လှေသမားအဝေးသို့ ထွက်သွားပြီးနောက် ကျန်းဟွေက မုန့်ချီကို စိုက်ကြည့်ပြီး မေးလိုက်သည်။

မုန့်ချီက သေချာစဉ်းစား၍ ပြောလိုက်၏။

"ညီလေး ဘာမှမစိုးရိမ်နဲ့။ ဆရာ့ရဲ့အစွမ်းက တော်တော်လေး ကြောက်စရာ ကောင်းတယ်။ ပြီးတော့ ဆရာက ကံကောင်းပါတယ်။ သူက ငိုကြွေးခြင်းအကြီးအကဲကို အနိုင်ရနိုင်မှာပါ။ ငါတို့က တန်ဟန်မှာ ရက်နည်းနည်းလောက် ပုန်းနေပြီးမှ သူ့နေရာကို စုံစမ်းကြတာပေါ့…"

နှစ်ဖက်စလုံးက (၁၀)ရက်ကျော် တိုက်ခိုက်နေကြသည့်အတွက် သူတို့က အနားယူရန် လိုအပ်နေသေးသည်။ လက်ရှိအချိန်တွင် မည်သည့်အရာမျှ ပြောင်းလဲမှုမရှိနိုင်ကြောင်း မုန့်ချီကတော့ ယုံကြည်နေခဲ့၏။ ရှောင်လင်၏ အကူအညီများ ရောက်လာနေသည့်အတွက် ငိုကြွေးခြင်းအကြီးအကဲက သေချာပေါက် နောက်ဆုတ်သွားပါလိမ့်မည်။

"အခု မေးစရာရှိ‌တာက ညီလေးကို ဆရာ့ဆီ ဘယ်လိုပြန်ပို့ပြီး ငါက ဘယ်လို ထွက်ပြေးရတော့မှာလဲ…"

မုန့်ချီက အတော်လေး စိတ်ပျက်သွားခဲ့၏။

ကျန်းဟွေက မျက်နှာပျက်နေသော်လည်း သူ့ခေါင်းထဲတွင်တော့ ကြည်လင်နေခဲ့သည်။ သူ၏ ဆရာတူအစ်ကိုကြီးက သူ့ကို ကယ်တင်ရန် ပြဿနာများကို ရင်ဆိုင်ခဲ့ရကြောင်း သူသိနေသည်။ အကယ်၍ သူတို့ကသာ နောက်ပိုင်းနေ့ရက်များ၌ ပုန်းမနေလျှင် အလွန်အန္တရာယ်များပါလိမ့်မည်။

ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပါပြီ။ ဒါဆိုလည်း တန်ဟန်ကို သွားကြတာပေါ့…"

ထိုစကားကို ပြောလိုက်ပြီးနောက် သူက မုန့်ချီကို စိုက်ကြည့်လိုက်သည်။

"အစ်ကိုကြီး ဘယ်အချိန်တုန်းကများ မိုးကြိုးဆင့်ခေါ်မှုကို တတ်မြောက်သွားတာလဲ...။ အဲဒါက ဝေ့ကျင်းအဆင့် သိုင်းကွက်မဟုတ်ဘူးလား… "

“ဘုရားရေ…

မင်းက အခုမှ အဲ့တာကို နားလည်သွားတာပဲ…”

မုန့်ချီကတော့ ဘာပြောရမှန်မသိတော့ပေ။ မူလတုန်းကတော့ သူက တည်ငြိမ်နေသော်လည်း ယခုတော့ ရယ်ချင်သွားခဲ့၏။

မုန့်ချီက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ကြင်နာစွာ ပြောလိုက်သည်။

"ငါက ထွက်ပြေးနေတဲ့အချိန်မှာ ကံကောင်းတဲ့ အရာတစ်ခုနဲ့ ကြုံခဲ့ရတယ်… "

“အော်….ကံကောင်းတဲ့အရာတစ်ခုကို တွေ့ခဲ့ရတာလား…"

ကျန်းဟွေ၏ မျက်လုံးများက ပို၍ပင် ဝင်းလက်တောက်ပလာခဲ့သည်။ တခြားသူများဆီမှ သူနားထောင်ခဲ့ဖူးသော ပုံပြင်များထဲတွင် သိုင်းလောက‌၌ ကျင်လည်နေသူများက ထိုကဲ့သို့ ကံတရားမျိုးကို ကြုံရနိုင်သည်။

အနားတွင် ရှိနေသော ကူချန်းချင်ကလည်း စဉ်းစားကြည့်လိုက်၏။

“ကြည့်ရတာ ကောင်းကင်မိုးကြိုးက ညီလေးမုန့်ဆီကနေ ရောက်လာတာပဲ ဖြစ်ရမယ်။ အဲဒါက ဝေ့ကျင်းအဆင့် တိုက်ခိုက်ရေးစွမ်းအား တစ်စိတ်တစ်ပိုင်းပဲ။ သူက ဘယ်လို ကံကောင်းမှုတွေ ကြုံခဲ့တယ်ဆိုတာ ငါတောင်မသိခဲ့ဘူး…”

သူတို့က အလွန်စိတ်ဝင်စားနေကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီကတော့ သူတို့ကို အာရုံလွှဲလိုက်သည်။

"ညီလေးမုန့်… မင်းက ဘာတွေ ရယ်နေတာလဲ…"

ကူချန်းချင်က သံသယဝင်စွာ မေးလိုက်၏။

မုန့်ချီက ရှေ့ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ညီလေးကို ကယ်လာပြီး မြင်းဓားပြတွေ ဝိုင်းရံတိုက်ခိုက်မှုကနေ လွတ်လာတဲ့ အချိန်ကတည်းကစပြီး ငါတို့က လွတ်မြောက်ပြီလို့ ခံစားလိုက်ရတယ်…။ ဒါက ရယ်ဖို့ မထိုက်တန်ဘူးလား….."

"တကယ့်ကို ရယ်ဖို့ထိုက်တန်ပါတယ်...ဟားဟားဟား…"

ကူချန်းချင်ကလည်း အလွန်ဝမ်းသာသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကတော့ ထိုကဲ့သို့ သစ္စာရှိသော မိတ်‌ဆွေတစ်ယောက်ကို ရခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုအချိန်တွင် မုန့်ချီက တစ်စုံတစ်ခုလွဲမှားနေသလို ခံစားလိုက်ရသည်။ သူက ပြောလိုက်၏။

"အခုအချိန်မှာ မြင်းဓားပြအဖွဲ့တွေသာ လာပြီးတော့ တားမယ်ဆိုရင် အခြေအနေက တော်တော်လေး ဆိုးသွားနိုင်တယ်…"

သူက ထိုအတွေးကို ဖယ်ရှားပြီး ရယ်လိုက်သည်။

"ငါတို့က ဒီနေရာမှာ အကြာကြီးနေလို့ မရနိုင်ဘူး။ တန်ဟန်ကို မြန်မြန်သွားမှ ဖြစ်မယ်။ တကယ်လို့ ငါတို့သာ ဒီနေ့ထွက်မသွားဘူးဆိုရင် ငါတို့ရဲ့ နာမည်က သေမင်းပင်လယ်ထဲမှာ ကျန်နေလိမ့်မယ်…"

ကူချန်းချင်ကလည်း ရယ်လိုက်သည်။

"ငါတို့က ဘာတွေဖြစ်လာမလဲဆိုတာ မသိဘူးလေ။ ဒါပေမယ့် မင်းက လူငယ်မှတ်တမ်းမှာ ပါလာနိုင်တယ် ဆိုတာတော့သိတယ်။ တကယ်လို့ မင်းရဲ့ အတွေ့အကြုံတွေကသာ လူသိရှင်ကြား ပျံ့နှံ့သွားမယ်ဆိုရင် မင်းက နာမည်ကြီးလာမှာပဲ…"

မုန့်ချီက တံခါး(၉)ပေါက်ပွင့်နေသော ပညာရှင်(၂)ယောက်ကို အနိုင်ရခဲ့သည်။ ထိုအရာက မုန့်ချီ၏ အစွမ်းကို ပြသနိုင်ခဲ့၏။ သူ၏ အစွမ်းကြောင့် သူက လူငယ်မှတ်တမ်းတွင် သေချာပေါက် ပါလာနိုင်သည်။ သူက မည်သို့အဆင့် ဝင်လာစေကာမူ သူ့ဆီတွင် အစစ်အမှန်စွမ်းအားတစ်ခု ရှိနေရုံနှင့်ပြီးဆုံးသွားပြီဖြစ်သည်။

"သူတို့က ငါ့ကို နာမည်ကောင်းလေးပေးဖို့ မျှော်လင့်ရတာပဲ……"

မုန့်ချီက တီးတိုးရေရွတ်လိုက်ပြီး ကိုယ်ဖော့ပညာကို သုံး၍ အိုအေစစ်၏ အစွန်သို့ ပြေးသွားခဲ့သည်။

အလွန်ပြင်းထန်သော သဲမုန်တိုင်းများက မုန့်ချီ၏ မျက်နှာကို တိုက်ခတ်နေသည်။ မုန့်ချီက မျက်လုံးတံခါးနှင့် နားတံခါးက ပွင့်နေသော်လည်း (၁၅) မီတာပတ်ပတ်လည်၏ အပြင်ဘက်တွင် ရှိနေသော အခြေအနေကို စစ်ဆေးရန် ခက်ခဲနေသည်။

ငါးပင်လယ်ထဲမှ ထွက်လာပြီး နေ့တစ်ဝက်ခန့် အတောအတွင်း တန်ဟန်သို့ သွားသော လမ်းတွင် အစစ်အမှန် သဲမုန်တိုင်းတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ကမ္ဘာမြေကြီး၏ အစွမ်းက အတော်လေးကို ကြောက်စရာကောင်း၏။

သဲမှုန့်များက ကောင်းကင်ကြီး တစ်ခုလုံးကို မည်းမှောင်သွားသည်အထိ အစွမ်းထက်လှပြီး လူတိုင်းကို သဲထဲတွင် မြှုပ်နှံပစ်နိုင်သည့် အစွမ်းမျိုးရှိသည်။ မုန့်ချီ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုသဲမုန်တိုင်းများကို ကာကွယ်ထားခဲ့၏။

ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ကျေးဇူးကြောင့် သူက ကနဦးသဲမုန်တိုင်းများ၏ သက်ရောက်မှုအနည်းငယ်သာ ခံရသည်။ သို့သော် ရေဓာတ်ခမ်းခြောက်မှု၊ လည်ချောင်းခြောက်ကပ်မှုနှင့် တခြားသော လက္ခဏာများကိုတော့ လက်ရှိရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်က တားဆီးနိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူလည်း အံကြိတ်ခံရုံသာ ရှိ၏။

ကျန်းဟွေနှင့် ကူချန်းချင်တို့ကတော့ သူ့လို မဟုတ်သည့်အတွက် ပို၍ အခြေအနေ ဆိုးရွားကြသည်။ သူတို့ဆီတွင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်မရှိသလို မီးပျံလွှား၏ ရှေ့တွင် လေ့ကျင့်သည့် အတွေ့အကြုံလည်း မရှိကြပေ။ ထို့ကြောင့် သူတို့က မျက်နှာကို အဝတ်နှင့်အုပ်ပြီး ခက်ခက်ခဲခဲ ဆက်သွားနေကြရ၏။

"ငါတို့က ကျောက်တုံးကြီးတွေကို ရှာပြီး နောက်မှာ ပုန်းနေရမယ်…"

မုန့်ချီက ကူချန်းချင်နှင့် ကျန်းဟွေတို့ကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။ သူက အဆင်ပြေသော်လည်း သဲမုန်တိုင်းများက ပို၍ ပြင်းထန်လာမည်ဆိုလျှင် သူတို့က လူကွဲသွားနိုင်သည်။

ကျန်းဟွေက မုန့်ချီ၏ နောက်တွင် တိတ်တဆိတ်ပုန်းနေခဲ့၏။ သူက ဆရာတူအစ်ကိုကြီးကို အကာအကွယ်တစ်ခုသဖွယ် သတ်မှတ်ပြီး လေလှိုင်းများကို တားဆီးနေခဲ့၏။ သူက ရုတ်တရက်ပြောလိုက်သည်။

"ဆရာတူအစ်ကိုကြီး…အရှေ့မှာ အလင်းရောင်ရှိတယ်ထင်တယ်…"

“အလင်းရောင်လား….”

မုန့်ချီက အံ့ဩသွားခဲ့သည်။

သို့သော် သဲမုန်တိုင်း၏ နောက်ဘက်တွင် အနောက်ရောင်အရိပ်တစ်ခုကို သူလည်း အမှန်တကယ် မြင်လိုက်ရသည်။ ထိုအရာက အိမ်တစ်လုံးဖြစ်နိုင်ပြီး အတွင်းထဲမှနေ၍ အလင်းတန်းများ ထွက်ပေါ်လာပုံရသည်။

"ဒီနေရာက အိုအေစစ်တစ်ခု မဟုတ်ဘူးလေ။ ဘယ်လိုဖြစ်ပြီး အဆောက်အဦးတစ်ခု ရှိနေရတာလဲ…"

မုန့်ချီက ဇဝေဇဝါဖြစ်သွားသည်။ သို့သော် လက်ရှိ ကူချန်းချင်နှင့် ကျန်းဟွေတို့၏ အခြေအနေကို စဉ်းစားမိလိုက်သည့်အခါ ဆက်သွားရန် မသင့်တော်ကြောင်း တွေးမိလိုက်သည်။ ထို့နောက် သူလည်း‌ ခေါင်းညိတ်ပြလိုက်၏။

"ငါတို့က သဲမုန်တိုင်းတွေကို ဖယ်ရှားဖို့အတွက် ဆက်သွားကြမယ်။ ဒါပေမဲ့ သတိထားရမယ်…”

“ဒါက အိုအေစစ်ထဲမှာ ပျက်စီးနေတဲ့ အဆောက်အဦးပျက်တစ်ခု ဖြစ်နိုင်တယ်လေ…"

ကူချန်းချင်က ပြောလိုက်၏။

အနောက်ပိုင်းနယ်မြေထဲတွင် ရေအရင်းအမြစ်ပြောင်းလဲမှုနှင့် သဲမုန်တိုင်းများ တိုက်စားမှုကြောင့် အိုအေစစ်များကို သဲများ ဖုံးလွှမ်းသွားပြီး အဆောက်အဦးများစွာကို စွန့်ပစ်ထားခဲ့ကြသည်။ ကူချန်းချင်က ထိုအရာများကို မြင်ခဲ့ဖူး၏။

"မင်းပြောတာလည်း ဟုတ်နိုင်တယ်…"

မုန့်ချီကတော့ ထိုမျှ စိုးရိမ်နေခြင်းမရှိချေ။ သူက လေကို ဆန့်ကျင်ပြီး ရထားတစ်စီးကဲ့သို့ ရှေ့မှဦးဆောင်ထွက်သွားခဲ့၏။

အလွန်ပြင်းထန်သော သဲမုန်တိုင်းကို ဖြတ်ကျော်လာနေရင်း သူ့ရှေ့တွင် ရှိသော အဆောက်အဦးက အပျက်အစီးတစ်ခု မဟုတ်သည့်အတွက် မုန့်ချီက မှင်တက်သွားခဲ့သည်။ ထိုအရာက ကျောင်းဆောင်အသစ်တစ်ခုဖြစ်၏။ ထိုကျောင်းဆောင်က ကြီးမားခြင်းမရှိသလို ဆန်းကြယ်ခြင်းလည်း မရှိချေ။

သဲကန္တာရထဲရှိ သာမန်ကျောက်တုံးများနှင့် တည်ဆောက်ထားသော အဆောက်အဦးတစ်ခုသာ ဖြစ်သည်။ ထိုအရာက မီးခိုးရောင် ဖြစ်နေပြီး တောက်ပမှုမရှိချေ။ သို့သော် အလွန်ပြင်းထန်သော သဲမုန်တိုင်းထဲ၌ ထိုအရာကို မြင်လိုက်ရသည့်အချိန်တွင် သူ့စိတ်နှင့်ခန္ဓာကိုယ်က ငြိမ်းအေးသွားသလို ခံစားလိုက်ရသည်။ အတွင်းထဲတွင်လည်း အဖြူရောင်မီးအိမ်ငယ်လေးတစ်ခု ရှိနေ၏။

"ဒီနေရာမှာ သေတော့ မသေနိုင်လောက်ဘူးမဟုတ်လား…"

မုန့်ချီ၏ အာရုံများက သက်ရောက်ခံလိုက်ရသည်။ ထို့ကြောင့် သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ကျောင်းဆောင်၏ တံခါးကို ညင်သာစွာ ခေါက်လိုက်၏။

"အော်မီတော်ဖော်…

သဲမုန်တိုင်းက တော်တော်လေးကို ပြင်းထန်တာပဲ။ မင်းတို့(၃)ယောက်က အားနားမနေပါနဲ့…"

ကျောင်းဆောင်ထဲမှနေ၍ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

မုန့်ချီက ကျောင်းဆောင်တံခါးကို တွန်းဖွင့်လိုက်ရာ ပမထဆုံးမြင်လိုက်ရသည်မှာ ဗုဒ္ဓဆင်းတုတော်တစ်ခု ဖြစ်သည်။ ထိုဆင်းတုတော်၏ မျက်နှာတော်က အလွန်ကြင်နာသနားတတ်သော မျက်နှာတော်မျိုးဖြစ်သည်။ နဖူးပေါ်တွင်တော့ နိဗ္ဗာန အမှတ်အသားတစ်ခု ရှိနေပြီး ရှေ့ဘက်တွင် အဖြူရောင်မီးအိမ်လေးတစ်ခုက လှုပ်ရမ်းနေပြီး ကျောင်းဆောင်တစ်ခုလုံးကို ထွန်းညှိပေးထားသည်။

ထိုဆင်းတုတော်၏ ရှေ့တွင် ကိုယ်တော်တစ်ပါးက တင်ပျဉ်ခွေထိုင်နေကြောင်း သူက မြင်လိုက်ရသည်။ ထိုကိုယ်တော်က အသက်(၂၀)ဝန်းကျင်သာ ရှိသေးသော်လည်း တည်ငြိမ်အေးချမ်းသည့် အသွင်အပြင်မျိုး ရှိသည်။ ထို့ကြောင့် မုန့်ချီက ဖုံးကွယ်ချင်နေသော်လည်း မအောင်မြင်ခဲ့ပေ။

"အော်မီတော်ဖော်……

ကျွန်တော်တို့ကို ခိုလှုံခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

မုန့်ချီက လက်အုပ်ချီ၍ ပြောလိုက်၏။

သူက (၁၀)ရက်ကျော် ခေါင်းမရိတ်ခဲ့ရသည့်အတွက် အနက်ရောင်ဆံပင်များ ပေါက်နေသော်လည်း ရှောင်လင်အခေါ်အဝေါ်အတိုင်းသာ ဆက်၍ သုံးနေသေးသည်။

ထိုကိုယ်တော်က အပြုံးနှင့်ပြောလိုက်၏။

"ညီတော်လေး…ဘာမှအားမနာပါနဲ့။ အစ်ကိုတော်က ဒီသဲကန္တာရထဲမှာ ကျောင်းဆောင်တစ်ခု ဆောက်ထားတယ်ဆိုတာ လမ်းပျောက်နေတဲ့သူတွေကို အကာအကွယ်ပေးချင်လို့ပါ။ သန့်စင်တဲ့နယ်မြေဆိုတာက နေရာတိုင်းမှာရှိတယ်လေ။ ရှုပ်ထွေးနေတဲ့ ကမ္ဘာကြီးထဲမှာ ရှိနေသလို နှလုံးသားထဲမှာလည်း ရှိတယ်။ ဒါက လူတိုင်းရဲ့ အနားမှာရှိနေပါတယ်…"

"အစ်ကိုတော်… ဒီကျောင်းဆောင်ကို အစ်ကိုတော်က ဆောက်ထားတာလား…"

မုန့်ချီက အံ့ဩမှင်တက်သွားခဲ့သည်။ သို့သော် သူတို့ကတော့ ဓမ္မနာမည်များကို မသိကြသည့်အတွက် ဗုဒ္ဓသားတော်များ၏ အခေါ်အဝေါ်အတိုင်း အစ်ကိုတော် ညီတော်ဟုသာ ခေါ်နေကြ၏။

ထိုကိုယ်တော်က မုန့်ချီတို့(၃)ယောက်ကို ထိုင်ရန်အချက်ပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"အစ်ကိုတော်က ဒီကိုရောက်နေတာ (၆)လကျော်နေပြီ။ ပြီးတော့ ဒီကျောင်းဆောင်ကို လက်ဗလာနဲ့ တည်ဆောက်ထားတာ… "

"ဒါက တော်တော်လေးကို အကျိုးများတဲ့ လုပ်ရပ်ပဲ…"

ကျန်းဟွေက လေးလေးစားစား ပြောလိုက်သည်။

မုန့်ချီက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။

“သူက ခြိုးခြံချွေတာရေး ကိုယ်တော်တစ်ပါးများလား…”

ထိုကိုယ်တော်က အပြုံးနှင့် ပြောလိုက်သည်။

"အစ်ကိုတော် တောင်ပေါ်ကနေ ဆင်းလာခဲ့တဲ့အချိန် ဗုဒ္ဓရဲ့အရှေ့မှာ သစ္စာဆိုခဲ့တယ်။ အစ်ကိုတော်က အနောက်ပိုင်းနယ်မြေထဲမှာရှိတဲ့ သဲကန္တာရထဲမှာ ဗုဒ္ဓကျောင်းဆောင်(၄၉)ခု တည်ဆောက်မယ်လို့ သစ္စာဆိုခဲ့တယ်။ အဲဒီကျောင်းဆောင်‌တွေက လမ်းသွားလမ်းလာတွေအတွက် အကာအကွယ်အဖြစ် လုပ်ဆောင်ပေးနိုင်မှာပေါ့…"

သူက ထိုနေရာတွင် ရပ်၍ ပြောလိုက်သည်။

"အဲဒါက ကုသိုလ်အတွက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကိုယ်တော်ရဲ့ ဓမ္မနာမည်က ဟုန်နန်လို့ခေါ်တယ်။ ဒီက ညီတော်လေး(၂)ယောက်နဲ့ ဒကာတော်ရဲ့ နာမည်ကို သိခွင့်ရှိမလား…"

"ကျွန်တော့်နာမည်ကတော့ ကျန်းတင်ပါ။ သူကတော့ ကျွန်တော့်ရဲ့ ဆရာတူညီလေး ကျန်းဟွေပါ။ ဒါကတော့ ကူရဲတိုက်က ကူချန်းချင်ပါ…"

မုန့်ချီက သူတို့ကို တစ်ယောက်ချင်းဆီ မိတ်ဆက်ပေးလိုက်သည်။

"အစ်ကိုတော်က ဘယ်ဂိုဏ်းကလဲ ပြောပြလို့ရမလား…”

ဟုန်နန်က စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက်ပြုံးလိုက်သည်။

"မကောင်းဆိုးဝါးဝိညာဉ်တွေကိုလည်း ဒီနေရာမှာ တားမြစ်မထားပါဘူး။ ကျေးဇူးပြုပြီး ဝင်လာပါ ဒကာကြီး…"

“မကောင်းဆိုးဝါး ဝိညာဉ်လား.….”

မုန့်ချီနှင့် ကူချန်းချင်တို့က အံ့သြမှင်တက်သွားကြပြီး တံခါးဆီကို လှည့်ကြည့်လိုက်ကြသည်။

"အဲဒါက မကောင်းဆိုးဝါးတစ်ကောင်လား…."

ကျန်းဟွေ၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှုကြောင့် တောက်ပလာခဲ့သည်။

တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် အထုတ်အပိုးများနှင့် လူတစ်ယောက်ဝင်လာခဲ့၏။ သူက ခပ်သွယ်သွယ် မျက်နှာရှိနေပြီး မျက်ခုံးများက တွန့်နေသည့်အတွက် တခြားသူများနှင့် ကွဲပြားနေသည်။

"အစ်ကိုကြီး ကျန်းကွမ်…"

ကျန်းဟွေက အံ့ဩသွားခဲ့၏။

မုန့်ချီက ထိုလူကို မှတ်မိနေသည်။ ထိုအရာကတော့ ကျောင်းတော်မှ ထုတ်ပယ်ခံလိုက်ရသော ကျန်းကွမ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူက ရူးသွပ်သွားသည့်အတွက် မုန့်ချီကို တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သူက ရှောင်လင်တွင် ရှိနေသော တောင်အနောက်ဘက်လျှို့ဝှက်လမ်းကြောင်းမှ ထွက်သွားခဲ့၏။

သူက မကောင်းဆိုးဝါးတစ်ဝက်အဖြစ် ပြောင်းလဲနေကြောင်း သူ့ဆရာက ပြောခဲ့ဖူးသည်။

Translated by Hein Htet

All Chapters