အခန်း (၁၃၇)
Vol. 10 Ch. 137
ရ
အသံကြားသည့်အတွက် ကျန်းကွမ်က လှည့်ကြည့်လိုက်ရာ မုန့်ချီနှင့် ကျန်းဟွေတို့ကို မြင်လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။
"မင်းပါလား… ညီလေးကျန်းတင်။ ဒီလိုထူးဆန်းတဲ့ နေရာမျိုးမှာ ဒီလိုမိတ်ဆွေဟောင်း တစ်ယောက်နဲ့ ပြန်တွေ့ရမယ်လို့ ငါလည်း မထင်ထားဘူး။ မင်းတို့ အဆင်ပြေရဲ့လား.."
သူက မုန့်ချီဆီသို့ တည့်တည့်ပင် လျှောက်လာခဲ့သည်။ သူ၏ မျက်နှာနှင့် လက်ခုံပေါ်တွင်လည်း အနက်ရောင် အကြေးခွံအလွှာတစ်ခု ပေါ်လာ၏။ သူ့ပုံစံက ကြောက်စရာကောင်းသော နတ်ဆိုးရနံ့များနှင့် ခြိမ်းခြောက်နေသည့် မြွေဟောက် တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
မုန့်ချီက စေတီလေးထဲတွင် နတ်ဆိုးရနံ့နှင့် လေ့ကျင့်ထားခဲ့သည့်အတွက် စိတ်လွတ်သွားခဲ့ခြင်း မရှိချေ။ သူက ဓားသွားကို ဆွဲထုတ်ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ ထို့နောက် သူ၏ စွမ်းအားများ အားလုံးကို စုစည်းလိုက်သည်။
"အော်မီတော်ဖော်…
နတ်ဆိုးရနံ့တွေက မင်းကို တိုက်ခိုက်တဲ့အချိန်ကျရင် မင်းကိုယ်တိုင်လည်း အသိစိတ် လွတ်သွားလိမ့်မယ်။ ဒကာလေး ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ…. "
ဟုန်နန်က ဝင်၍ ပြောလိုက်သည်။
ကျောင်းဆောင်ငယ်လေး၏ အတွင်းထဲတွင် အလွန်ကြည်လင်သော သူ့အသံက လူတိုင်း၏ ရင်ထဲကို ထိုးဖောက်လာခဲ့၏။ ကြည်လင်အေးချမ်းသော အာရုံဦးအချိန်တွင် ခေါင်းလောင်းသံတစ်ခုကို ကြားလိုက်ရသည့်အလား ခေါင်းထဲတွင် ငြိမ်းအေးသွားကြသည်။
ကျန်းကွမ်က ချက်ချင်း ရပ်လိုက်၏။ သူက အလွန်အန္တရာယ်များသော မုန့်ချီနှင့် ကရုဏာရှင် ဟုန်နန်တို့ကို တစ်လှည့်ဆီ စိုက်ကြည့်လိုက်သည်။ သူ၏ အစွမ်းကို သုံးသပ်ကြည့်လိုက်ပြီးနောက် သူလည်း ရပ်လိုက်ပြီး သူတို့၏ ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
မုန့်ချီကလည်း စတင်တိုက်ခိုက်ခဲ့ခြင်းမရှိချေ။ ကျန်းကွမ်က နတ်ဆိုးရနံ့များအားလုံးကို ပြသခဲ့သည့်အချိန်တွင် ထိုအရာက အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းသည်။ ကျန်းကွမ်၏ အစွမ်းက အန်ကုံရှဲ့နှင့် ယွမ်မုန်ကျိတို့ထက် နိမ့်ကျသော်လည်း အလွန်အမင်း ကွာဟလိမ့်မည် မဟုတ်ချေ။
တိုက်ပွဲချီစွမ်းအင်များကို သုံးသပ်ကြည့်လိုက်လျှင် ကျန်းကွမ်၏ အစွမ်းက တံခါး(၈)ပေါက်ခန့် ရှိနိုင်သည်။ ထို့ကြောင့် မုန့်ချီက မိုးကြိုးမုန်တိုင်းထဲ၌ မရှိလျှင်ပင် စိတ်ဓာတ်ကျရန်တော့ မလိုအပ်သေးပေ။
ထို့ပြင် ကျန်းကွမ်က တောင်အနောက်ဘက်တွင် နတ်ဆိုးများ၊ တစ္ဆေများနှင့် မည်သို့ ပူးပေါင်းခဲ့ကြောင်း၊ လျှို့ဝှက်လမ်းကြောင်း အကြောင်းကို မည်သို့သိနေကြောင်း မုန့်ချီက မေးချင်နေခဲ့သည်။ ထို့ပြင် အစ်ကိုကြီးကျန်းချန်၏ ကိစ္စက သူနှင့် ပတ်သက်မှုရှိမရှိ သိချင်ခဲ့၏။ ရှောင်လင်ကျောင်းတော်ထဲတွင် ရှိနေစဉ် သူ့ကို တစ်စုံတစ်ယောက်က ထိန်းချုပ်ပြီး တိုက်ခိုက်ခဲ့ခြင်း ဟုတ်မဟုတ်ကိုလည်း သိနေခဲ့၏။
ကူချန်းချင်နှင့် ကျန်းဟွေတို့ အနားတွင် ရှိနေသည့်အတွက် သူကတော့ မကြောက်ခဲ့ပေ။ ထိုသို့ဆိုရာတွင် သူက ကျန်းကွမ်ကို အနိုင်ရနိုင်မည်ဟု မသေချာပေ။ အကယ်၍ သူသာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားမည်ဆိုလျှင် အမှန်တရားကိုမသိသော မြင်းဓားပြများနှင့် တွေ့သွားသည့်အချိန်၌ ပြဿနာကြီး တစ်ခုတက်နိုင်သည်။
“သူ့ရဲ့ စွမ်းအားတွေက တော်တော်လေးကို မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ…”
မုန့်ချီက အံ့ဩသွားခဲ့သည်။
“ငါက သံသရာကမ္ဘာကြီးထဲမှာ ထူးခြားတဲ့အရာတွေ၊ ထူးခြားတဲ့တွေ့ဆုံမှုတွေကို ရခဲ့ပေမယ့် အခုမှ တံခါး(၄)ပေါက်ပဲ ပွင့်သေးတယ်။ ငါက ချီစုဆောင်းရေးအဆင့်ကို ရောက်တဲ့အချိန်မှာ ကျန်းကွမ်ကတော့ လေ့ကျင့်ရေး နည်းလမ်းတောင် မသိသေးဘူးလေ။ ဒါပေမယ့် အခုတော့ သူ့ရဲ့အစွမ်းကတော့ တံခါး(၈)ပေါက်နီးပါး ဖြစ်နေပြီ ။ ဒါက ဆရာပြောသလို နတ်ဆိုးတစ်ဝက် ပြောင်းလဲသွားတဲ့ ရလဒ်ကြောင့်လား…။ ဒီလိုသာဆိုရင်တော့ စွန့်စားမှုကလည်း အရမ်းကြီးနိုင်တယ်…။ သံသရာအရှင်ဆီမှာ ကံကြမ္မာအမှတ် အလုံအလောက်ပေးလိုက်ပြီး တံခါး(၈)ပေါက် ပွင့်လာအောင် လုပ်လိုက်တာကမှ ပိုပြီးတော့ ကောင်းဦးမယ်…”
ကျန်းဟွေကလည်း ကျန်းကွမ်ကို တိတ်တဆိတ်ကြည့်နေခဲ့သည်။ သူက စိတ်ဝင်စားနေသော်လည်း မေးခွန်းမမေးရဲပေ။ သူက မုန့်ချီကို မကြာခဏ စိုက်ကြည့်နေခဲ့၏။ အလွန်အစွမ်းထက်သော သူ၏အစ်ကိုကြီးက စကားပြောရန် မျှော်လင့်နေခဲ့သည်။
"အော်မီတော်ဖော်…
သက်ရှိတိုင်းက သေရမှာပဲလေ။ ဒကာလေးက ဘာလို့ ဒီလောက်လူတွေအများကြီးကို သတ်ပစ်ခဲ့ရတာလဲ။ ဘာလို့အပြစ်တွေကို ထပ်ပြီးယူချင်နေရတာလဲ…"
ဟုန်နန်က နောက်တစ်ကြိမ် ပြောလိုက်ပြန်သည်။ သူက ကျန်းကွမ်၏ အထုတ်ကို သနားကြင်နာစွာ ကြည့်နေခဲ့၏။
ကျန်းကွမ်က သူ့အထုတ်ကို ဖွင့်လိုက်သည့်အချိန်တွင် အထုတ်ထဲ၌ ခေါင်း(၂)လုံးကို မြင်လိုက်ရသည်။ သူက အပြုံးနှင့် ကျေနပ်စွာ ပြောလိုက်၏။
"သူတို့တွေက ငါ့မိဘတွေ၊ ငါ့ရဲ့မိသားစု အားလုံးကို သတ်ပစ်ခဲ့တယ်။ အရာအားလုံးမှာ အကျိုးအကြောင်းဆိုတာ ရှိတာပဲလေ။ ဒါက သူတို့နဲ့ ထိုက်တန်တဲ့ အရာပဲ။ ငါက အခုလေးပဲ လူ(၁၈)ယောက်ကို သတ်ပြီးသွားပြီ။ ဒါပေမယ့် ငါက စုစုပေါင်း(၅၄)ယောက် သတ်ဖို့ ကျန်နေသေးတယ်…"
"အော်မီတော်ဖော်…
လက်တုံ့ပြန်ခြင်းဆိုတာက ရပ်တန့်နိုင်မှာမဟုတ်ဘူး။ ငါ့အပြစ်ပါပဲ… ငါ့အပြစ်တွေပါပဲ.."
"ဒကာလေး…
ဒကာလေးက အသူရာပင်လယ်ထဲကို ကျရောက်နေပြီ။ ဒကာကြီးရဲ့ စွဲလမ်းမှုတွေကို ဖယ်ရှားပြီး ကိုယ်တော်နဲ့အတူ ဒီနယ်မြေထဲမှာ ကျောင်းဆောင်တွေ တည်ဆောက်ကြရင် မကောင်းဘူးလား…"
ဟုန်နန်က သက်ပြင်းချလိုက်မိသည်။ သူကတော့ ကျန်းကွမ်ကို ဖျောင်းဖျရန် သူ၏ တာဝန်များကို လုပ်ဆောင်နေ၏။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
"ဟီလီယမ်တောင်တန်းမှ ဓားပြ(၇၂)ယောက်…ငိုကြွေးခြင်းအကြီးအကဲရဲ့ တပည့်ကြီး ယုဟွမ်တောင်ရဲ့ လက်အောက်ငယ်သားတွေလား…။ သူတို့က ကျန်းကွမ်ကို မိဘမဲ့ဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါကြောင့်လည်း ကျန်းကွမ်ကို သေမင်းပင်လယ်ထဲမှာ တွေ့ရတာ။ သူက ဒီနေရာကို မဖြစ်မနေ ရောက်လာမှာပဲ.."
ဟုန်နန်၏ တိုက်တွန်းမှုကြောင့် ကျန်းကွမ်က ရယ်လိုက်သည်။
"ငါ့ရဲ့မိဘတွေ အသတ်ခံလိုက်ရတဲ့ အချိန်မှာ ငါ့ရဲ့ဆရာကလည်း အဲဒီစကားတွေကို ပြောခဲ့တယ်။ မနေ့တုန်းက အကြောင်းတရားက ဒီနေ့အကျိုးတရားပဲ။ ဒါက ဗုဒ္ဓရဲ့ လမ်းညွှန်မှုပဲလေ…"
"အရာအားလုံးမှာ အကြောင်းအကျိုးဆိုတာ ရှိပါတယ်။ ဒကာလေးက အဲဒီစည်းမျဉ်းနိယာမတွေကို ရှင်းပစ်ဖို့ ခက်ခဲနိုင်တယ်။ ဒကာလေးက နားလည်ပြီလား…"
ဟုန်နန်က သူ့ကို ပြန်ပြောလိုက်သည်။ သူ့အသံကတော့ ခေါင်းလောင်းသံ တစ်ခုပမာ ကြည်လင်လွန်းလှ၏။ သူက သူ၏ ဘိုးဘေးများ၊ နာမည်ကျော် ဘုန်းတော်ကြီးများကဲ့သို့ သူ့ကို ဖျောင်းဖျပြောဆိုနေခြင်းဖြစ်သည်။
"အခု ဒကာလေးရဲ့ ရန်ငြိုးတွေကို ဖယ်ရှားလိုက်ပါတော့.…။ လက်တုံ့ပြန်ချင်နေတဲ့ စွဲလမ်းမှုတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် ချက်ချင်း ဗုဒ္ဓသားတော်တစ်ယောက် ဖြစ်သွားနိုင်တယ်…"
ဗုဒ္ဓကျမ်းစာများနှင့် ပတ်သက်ပြီး စကားပြောဆိုရာတွင် ကျန်းကွမ်က ဟုန်နန်ကို မယှဉ်နိုင်ပေ။
ခဏကြာ ငြင်းခုန်နေပြီးနောက် ကျန်းကွမ်က ပြောစရာ စကားလုံးမရှိတော့ပေ။ သူက စကားမပြောတော့ပဲ မြေပြင်ကိုသာ စိုက်ကြည့်နေခဲ့သည်။
ဟုန်နန်ကတော့ စကားပြောလိုက်သည့် အချိန်တိုင်း ကြာပန်းလေးတစ်ပွင့် ပွင့်လာသလို ထင်မှတ်ရသည်။ သို့သော် သူက ကျန်းကွမ်ကို လက်ခံအောင် လုပ်ဆောင်နိုင်ခြင်း မရှိချေ။ သူလည်း စိတ်ပျက်သွားခဲ့ပြီး မျက်စိမှိတ်၍ ပုတီးစိပ်နေ၏။
ဟုန်နန်၏ အပြုအမူကြောင့် မုန့်ချီက တိုးတိုးလေး ရယ်လိုက်မိသည်။ သူက ဟုန်နန်ကို နာမည်ကျော် ဘုန်းတော်ကြီးတစ်ပါးအဖြစ် သတ်မှတ်ထားပြီး သူ့အသက်ကိုပင် မေ့လျော့ထားခဲ့၏။ သို့သော် ယနေ့တော့ ဟုန်နန်က ဗုဒ္ဓကျင့်စဉ်များကို ကျွမ်းကျင်ပြီး ဆန္ဒများ မရှိတော့သော်လည်း ယခုတော့ သူက အရာအားလုံးကို လျစ်လျှူမရှုနိုင်သေးကြောင်း တွေ့လိုက်ရသည်။
ထို့ကြောင့် သူက စိတ်ပျက်နေခြင်းဖြစ်၏။ သူက အသက်(၂၀)ဝန်းကျင်သာ ရှိနေသေးသည်။
မုန့်ချီက သက်ပြင်းချလိုက်မိပြီး ဟုန်နန်ကို ကြည့်နေရာမှ ကျန်းကွမ်ကိုကြည့်၍ ပြောလိုက်သည်။
"အော်မီတော်ဖော်… အစ်ကိုကြီးကျန်းကွမ်
အဲဒီနေ့က တောင်အနောက်ဘက်မှာ တွေ့လိုက်ရတဲ့အချိန် အစ်ကိုကြီးက လျှို့ဝှက်လမ်းကြောင်းကနေ ထွက်သွားတာကို တွေ့လိုက်တယ်။ ကျွန်တော်က အစ်ကိုကြီးနဲ့ တွေ့ရမှာကို ကြောက်နေတာ။ ဒါပေမယ့် ဒီနေ့တော့ ဒီနေရာမှာ တွေ့ရတဲ့အတွက် တော်တော်လေး အံ့ဩသွားတယ်…"
သူကတော့ အချက်အလက်များကို နှိုက်ထုတ်နေခဲ့သည်။
ကျန်းကွမ်က ခနဲ့သလို ပြောလိုက်၏။
"ငါ့ကို ကျောင်းတော်ကနေ ထုတ်ပယ်လိုက်တဲ့ အချိန်မှာ ငါ့ရဲ့ဓမ္မနာမည်က ပျောက်ကွယ်သွားပြီ။ အခု ငါက မူလနာမည်ကိုပဲ သုံးနေပြီ။ ဒါပေမယ့် ငါ့ကို မင်းကြိုက်သလို ခေါ်လို့ရတယ်။ မင်းရဲ့ကျေးဇူးကြောင့် ငါက ထူးခြားတဲ့အရာတစ်ခုကို တွေ့ခဲ့ရတယ်။ ပြီးတော့ လက်တုံ့ပြန်ဖို့ အစွမ်းတွေ ရခဲ့တယ်… "
သူက လူသားနာမည်ကိုတော့ ပြောပြခဲ့ခြင်းမရှိချေ။
“ထုတ်ပယ်လိုက်တဲ့ညမှာ ထူးခြားတဲ့ အရာနဲ့ တွေ့ခဲ့ရတာလား…”
မုန့်ချီက တီးတိုးရေရွတ်လိုက်မိသည်။
ကျန်းကွမ်က အပြုံးနှင့် ပြောလိုက်၏။
"ငါက မင်းကို ပြောပြမယ်လို့ထင်နေတာလား…."
“ထူးခြားတဲ့အရာဆိုတာက နတ်ဆိုးတစ်ဝက် ခန္ဓာကိုယ်ကို ပြောတာပဲဖြစ်မယ်။ အဲဒါက အရမ်းကို စွန့်စားရတယ်။ အဲဒါနဲ့ ဘာလုပ်နိုင်မှာလဲ…”
မုန့်ချီကတော့ စိတ်ပျက်နေခြင်းမရှိချေ။ သူကတော့ စွန့်စားရသည့် အခြေအနေကို ခန့်မှန်းကြည့်နေခဲ့သည်။
ကျန်းကွမ်က ရုတ်တရက်ဆိုသလို တည်ငြိမ်လာခဲ့၏။ သူက ပြောလိုက်သည်။
"တိုက်ခိုက်ရေး ကိုယ်တော်တစ်ပါးဖြစ်သွားတာကလည်း အဓိပ္ပာယ်မရှိဘူးလေ။ ဘာလို့လဲဆိုတော့ မင်းက သူတို့သင်ပေးတဲ့ ကျင့်စဉ်တွေကိုပဲ လေ့ကျင့်နိုင်တာ။ ဒါပေမဲ့ ငါလိုချင်တဲ့အရာက လက်တုံ့ပြန်နိုင်ဖို့ပဲ။ ငါက လုံးဝနောင်တမရဘူး။ ငါက ငရဲကျရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး…”
“ဒကာလေးရဲ့ခန္ဓာကိုယ်က ရှန့်လျှူကလန်ရဲ့ နတ်ဆိုးရနံ့တွေကြောင့် အရမ်းကို နာကျင်နေရတယ်။ ဒကာလေးက နေ့လယ် နှစ်နာရီကို ရောက်တဲ့အချိန်တိုင်း အဆိပ်တစ်ထောင်ရဲ့ နှိပ်စက်မှုကို ခံရလိမ့်မယ်…။ ဆောင်းတွင်းရောက်တဲ့အချိန်မှာ နာကျင်မှုတွေကို ခံစားရပြီး တခြားလူတွေကို တောင်းပန်နေလိမ့်မယ်။ အဲဒီအချိန်ကျမှ လမ်းမှန်ကို ပြန်သွားလို့ မရနိုင်တော့ဘူး… "
ဟုန်နန်က မျက်လုံးဖွင့်လိုက်ပြီး ကျန်းကွမ်ကို နောက်တစ်ကြိမ် ဖျောင်းဖျလိုက်သည်။
"ဒကာလေး…
တကယ်လို့ ဗုဒ္ဓလမ်းစဉ်ကို ပြန်သွားပြီး ဒီနယ်မြေထဲမှာ ကျောင်းဆောင်တစ်ခု တည်ဆောက်မယ်ဆိုရင် ကိုယ်တော်က ဒကာလေးကို ဓမ္မတရားတွေ ပို့ချပေးမယ်။ နတ်ဆိုရနံ့တွေ ပျောက်သွားအောင်လည်း ကူညီပေးနိုင်တယ်။ ပြီးတော့ ဒကာလေးကို လမ်းမှန်ရောက်အောင် ညွှန်ကြားပေးနိုင်တယ်…"
“ရှန့်လျှူ…ဟုတ်လား…။ အရင်ဘဝတုန်းက ငါကြားခဲ့ဖူးတဲ့ ဒဏ္ဍာရီထဲက ခေါင်း(၉)လုံး မြွေနတ်ဘုရားလား…”
မုန့်ချီက အနည်းငယ် အံ့ဩသွားခဲ့သည်။
သိပ်မကြာခင် ထိုအရာက ဘာမျှမဟုတ်ကြောင်း နားလည်သွားခဲ့၏။ ဤနေရာက အစစ်အမှန်ဗုဒ္ဓနှင့် တာအိုဘိုးဘေးများပင် ရှိနေ၏။
ကျန်းကွမ်က မချိပြုံး ပြုံးပြီး ပြန်ဖြေလိုက်၏။
"ငါက လက်တုံ့ပြန်ပြီးသွားရင်တော့ မင်းကို လာရှာပါ့မယ်။ ကိုယ်တော် .. အဲဒါကရော အဆင်ပြေရဲ့လား။ အဲဒီအချိန်ကျမှ ဗုဒ္ဓရဲ့အဆုံးအမတွေကို လေ့ကျင့်ပြီး အပြစ်တွေကို ဖယ်ရှားဖို့လည်း အရမ်းနောက်မကျသေးဘူး ထင်တယ်… "
"အော်မီတော်ဖော်… ကိုယ်တော့်ရဲ့ အပြစ်တွေပါပဲ…"
မည်သို့ဖြစ်စေကာမူ ဟုန်နန်က သူ့ကို ဖျောင်းဖျရန် အလွန်ငယ်ရွယ်နေသေးသည်။
ကျန်းကွမ်က သူ့ကို လျစ်လျှူရှုလိုက်ပြီး မုန့်ချီကို လှည့်၍ မေးလိုက်၏။
"အစ်ကိုကြီးကျန်းချန်က ကျင်းကန်ကျောင်းတော်အတွက် သိုင်းကျမ်းတွေ ခိုးယူပေးတာ မိသွားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ငါကြားတယ်။ အဲဒါက အမှန်ပဲလား…"
ရှောင်လင်ကျောင်းတော်က တခြားဂိုဏ်းများ အားလုံးသို့ သတင်းပို့ထားသည့်အတွက် ထိုအရာကို လူတိုင်းက သိနေသည်။
"ကျွန်တော်ကရော ပြောပြမယ်လို့ ထင်နေတာလား…"
မုန့်ချီက ကျန်းကွမ်ကဲ့သို့ ပြန်ဖြေလိုက်သည်။ မည်သို့ဖြစ်စေကာမူ သူက ကျန်းချန်၏ အမှုကိစ္စတွင် ပါဝင်နေခဲ့၏။ ကျန်းကွမ်နှင့် ကျန်းချန်တို့က ပတ်သက်နေနိုင်သည့်အတွက် သူက ပြဿနာမတက်စေရန် အသေးစိတ်ကို ပြောပြလိုခြင်း မရှိချေ။
"ငါက ဟီလီယန်တောင်ရဲ့ အနားမှာကြားခဲ့တာ။ မင်းက ဘာများ ဖုံးကွယ်စရာရှိနေလို့လဲ…"
ကျန်းကွမ်က မျက်နှာသေနှင့်မေးလိုက်သည်။
မုန့်ချီက ပို၍ပင် ဇဝေဇဝါဖြစ်နေခဲ့၏။
"တကယ်လို့ မင်းသာ ကျန်းချန်နဲ့ အဆက်အသွယ်မရှိရင် ဘာလို့ ဒီမေးခွန်းကို မေးနေရတာလဲ…"
သူက ခဏကြာ စဉ်စားပြီး ပြောလိုက်သည်။
"ဆရာတူအစ်ကိုကြီး ကျန်းရုံက သိုင်းကျမ်းတွေ ခိုးတဲ့အတွက် အဖမ်းခံလိုက်ရတယ်။ ပြီးတော့ သူနဲ့ ဆရာတူ ဂိုဏ်းတူ အစ်ကိုကြီးကျန်းချန်တို့ရဲ့ ပတ်သက်မှုက ပေါ်သွားတယ်လေ။ သူက လွတ်ဖို့ အခွင့်အရေးမရှိတဲ့အတွက် သူ့ကိုယ်သူ သတ်သေသွားတာ… "
“ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား….”
ကျန်းကွမ်က အသံတိုးတိုးနှင့် ရေရွတ်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်ပြီး စကားဆက်မပြောတော့ပေ။
"အော်မီတော်ဖော်…။ ဒီနေရာမှာ နတ်ဆိုးတွေကိုလည်း တားမြစ်မထားပါဘူး။ ဒကာကြီးတို့ (၂)ယောက် ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ… "
ဟုန်နန်က အပြင်ဘက်တွင် ရှိနေသော လူ(၂)ယောက်ကို နောက်တစ်ကြိမ် ပြောလိုက်ပြန်သည်။
ဟုန်နန်၏ အာရုံခံနိုင်စွမ်းကြောင့် မုန့်ချီက နောက်တစ်ကြိမ် အတော်လေး ထိတ်လန့်သွားပြန်သည်။ သူက တံခါး(၄)ပေါက်ပွင့်နေသော်လည်း အပြင်ဘက်တွေ မည်သည့်အရာများ ဖြစ်နေကြောင်း မသိသေးပေ။ သို့သော် ဟုန်နန်က သိနေ၏။
“နောက်ထပ် နတ်ဆိုးတွေလား ။ စေတီလေးထဲမှာရှိတဲ့ နတ်ဆိုးတွေကလွဲရင် ငါ့ဘဝမှာ နတ်ဆိုးတွေကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ…”
အလွန်နက်ရှိုင်းသော သေမင်းပင်လယ်ကန္တာရထဲတွင် အစွမ်းထက်သော နတ်ဆိုးများစွာ ပုန်းအောင်းနေကြသော်လည်း သူတို့၏နေရာသို့ ဝင်သွားရန် ခက်ခဲသည်။ သို့သော် ဤနေရာက သေမင်းပင်လယ် ကန္တာရ၏ နက်ရှိုင်းသော နေရာမဟုတ်ပေ။
"နေဦး…။ တန်ဟန်ရဲ့ မြေမျက်နှာသွင်ပြင် အခြေအနေက အရမ်းရှုပ်ထွေးတယ်။ ဒီတော့ ခက်ခဲတယ်ဆိုတဲ့ နေရာတွေက အဲဒီနေရာတွေကို ပြောချင်တာလား…"
ကျန်းဟွေကလည်း တောက်ပသော မျက်လုံးများနှင့် တံခါးကို စိုက်ကြည့်နေခဲ့သည်။ သူက တီးတိုးပြောလိုက်၏။
"အစ်ကိုကြီး …အဲဒါက မြေခွေးနတ်ဆိုးများ ဖြစ်နိုင်မလား။ အစ်ကိုကူ .. အဲဒါက အိပ်ရာထဲမှာ ညအချိန် မီးအိမ်ထွန်းဖို့ ကူညီပေးနိုင်တဲ့ မိန်းမလှလေး တစ်ယောက် ဖြစ်နိုင်တယ်လေ…”
သူ့ဆီတွင်တော့ မည်သည့် တဏှာရမ္မက်မျှမရှိဘဲ ကောင်လေးတစ်ယောက်၏ ရိုးသားသော စိတ်ဆန္ဒဖြင့်သာ ပြောလိုက်ခြင်းဖြစ်၏။
“ဟူး……ငါက သူ့ကို သရဲပုံပြင်တွေ အခုထိ မပြောဖူးသေးပါဘူး… "
မုန့်ချီကတော့ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပေ။ တံခါးပွင့်သွားပြီးနောက် လူကြီးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ဝင်လာခဲ့သည်။ အနားတွင်ရှိနေသော လူတိုင်းက ထိုမိန်းကလေးကို သတိထားမိကြ၏။
သူမက အသက်(၁၆) (၁၇)သာရှိသေးပြီး နှုတ်ခမ်းရဲရဲလေးနှင့် မိန်းမလှလေးတစ်ယောက် ဖြစ်သည်။ သူမက ရှက်တတ်ပုံရသော်လည်း အလွန်လှပသည်။ အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိ၏။ ရုပ်ရည်အရ ကျန်းကျိဝေနှင့် ကူရှောင်စန်းတို့ကသာ သူမကို ယှဉ်နိုင်ကြသည်။
အစွမ်းအရ ပြောရမည်ဆိုလျှင်လည်း အလွန်လှပသော ကျန်းကျိဝေနှင့် ကောက်ကျစ်စဉ်းလဲသော ကူရှောင်စန်းတို့ကပင် သူမထက် နိမ့်ကျနိုင်သည်။ သို့သော် မတူညီသော လူများဆီတွင် မတူညီသော အစွမ်းမျိုး ရှိသည်။ သို့သော် မုန့်ချီကတော့ သူမကို မကြောက်ပေ။
“သူက တကယ်ပဲ မြေခွေးနတ်ဆိုးပဲ…”
မုန့်ချီက တီးတိုးရေရွတ်လိုက်မိသည်။
“လူသားတွေလား….”
မီးခိုးရောင်ဆံပင်နှင့် အဘိုးအိုက စာသင်သားတစ်ယောက်ပုံစံ ရှိနေသည်။ သို့သော် သူက မုန့်ချီတို့ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့ကို အရှင်လတ်လတ် စားသုံးချင်နေပုံရ၏။
"ဦးလေးဝမ်…
ဆရာက ကျွန်မတို့ကို သဲမုန်တိုင်းထဲမှ ခဏအကာအကွယ်ယူဖို့ ခွင့်ပြုထားမှတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်သင့်တယ်လေ…"
မိန်းမပျိုက အပြုံးနှင့် ပြောလိုက်သည်။
ဦးလေးဝမ်က ခေါင်းညိတ်ပြီး ကျန်းကွမ်ကို လှည့်ကြည့်လိုက်သည်။ သူက မေးလိုက်၏။
"ရှန့်လျှူကလန်က ဘယ်အကြီးအကဲက မင်းရဲ့ခန္ဓာကိုယ်ထဲကို ရောက်နေတာလဲ… "
"အသက်(၉)သွယ် နတ်ဆိုးအကြီးအကဲပါ…"
အစစ်အမှန်နတ်ဆိုးများ၏ ရှေ့တွင် ကျန်းကွမ်၏ နတ်ဆိုးရနံ့က ဖိနှိပ်ခံထားရသည်။ သူကတော့ သူတို့ကို အတော်လေး လေးစားနေပုံရ၏။
"အသက်(၉)သွယ် နတ်ဆိုး အကြီးအကဲလား…။ သူ့ကို ရှောင်လင်ကျောင်းတော်၏ တောင်အနောက်ဘက်မှာ ဖိနှိပ်ထားတာ မဟုတ်ဘူးလား။ နင်က ရှောင်လင်ကလား."
မိန်းမပျိုက စိတ်ဝင်တစားမေးလိုက်သည်။
ကျန်းကွမ်က ထူးဆန်းစွာ ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ်…။ ဒီက မိတ်ဆွေတို့ကရော ကောင်းကင်ပင်လယ် အရင်းအမြစ်ကနေ ရောက်လာတာလား…"
"နင်က ငါတို့ဆီကို အကူအညီတောင်းဖို့ ကောင်းကင်ပင်လယ်အရင်းအမြစ်ဆီကို သွားမလို့လား…"
ထိုမိန်းကလေးက သူ့မေးခွန်းကို ပြန်ဖြေရမည့်အစား အပြုံးနှင့် မေးလိုက်သည်။
ဦးလေးဝမ်က ချောင်းဟန့်၍ ပြောလိုက်၏။
"ဒီနေရာမှာ လူတွေအများကြီး ရှိတယ်။ ငါတို့က တခြားနေရာကို သွားပြီးမှ စကားပြောသင့်တယ်…"
သူတို့က လျှို့ဝှက်အသံပို့ဆောင်မှုနှင့်ပြောနေသော်လည်း သူတို့၏ စကားပြောဆိုမှုကို တခြားသူများက ခိုးနားထောင်၍ ရနိုင်သည်။ အထူးသဖြင့် ထိုကိုယ်တော်၏ အစွမ်းကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ မိန်းမပျိုက ချက်ချင်းပင် ထိုင်ချလိုက်သည်။
ခဏကြာပြီးနောက် သူမက လှုပ်ရှားလာပြန်၏။ သူမက မုန့်ချီတို့ကို ကြည့်ပြီး ကျန်းကွမ်ကို မေးလိုက်သည်။
"သူတို့ထဲမှာ ကိုယ်တော်တွေပါတယ်။ သူတို့တွေကရော ရှောင်လင်ကျောင်းတော်ကနေ ရောက်လာတာလား…"
ကျန်းကွမ်ကတော့ မုန့်ချီနှင့် ကျန်းဟွေတို့ကြောင့် သူမကို လှည့်စားရဲခြင်းမရှိချေ။ သူက သူတို့ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"သူတို့က ရှောင်လင်ရဲ့ဆက်ခံသူတွေပါ… "
ကျန်းချန်နှင့်ပတ်သက်သော အချက်အလက်ကို ကြားလိုက်ရသည့်အချိန်တွင် သူတို့နှစ်ယောက်ကို ရွှမ်ပိုင်က တပည့်အဖြစ် လက်ခံလိုက်ကြောင်း သူလည်း အသေအချာ ကြားလိုက်ရသည်။ သူတို့က ရွှမ်ပိုင်၏ တပည့်များ ဖြစ်နေသည့် အတွက်ကြောင့်သာ ရွှမ်ပိုင်နှင့်အတူ ကျင်းကန်ကျောင်းတော်ကို စုံစမ်းရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
"ရှောင်လင်ရဲ့ ဆက်ခံသူတွေလား…"
မိန်းမပျိုက ပြုံးလိုက်ပြီး မုန့်ချီကို စိုက်ကြည့်ကာ မေးလိုက်သည်။
"နင်က ဓားရှည်တစ်ချောင်းနဲ့ ဓားမောက်တစ်ချောင်းကို သယ်ထားတယ်ဆိုတော့ အနတ္တကျိန်စာဖျက်ဓားပညာနဲ့ ဓမ္မဓားပညာတို့ကို သင်ထားတာလား… "
"ဘာမှမပြောနိုင်ဘူး…"
မုန့်ချီကတော့ ရင်ထဲတွင် ရေရွတ်လိုက်သည်။
"ရှောင်လင်ကျောင်းတော်ရဲ့ ဝေ့ကျင်းအဆင့် ဓားပညာတွေထဲမှာ အနတ္တကျိန်စာဖျက် ဓားပညာတစ်ခုပဲ ရှိနေပေမယ့် ဉာဏ်အလင်းပွင့်မှုအဆင့်မှာတော့ ဓားပညာတွေ အများကြီးရှိတယ်။ ပြီးတော့ သာမန်ဓားသိုင်းပညာတစ်ခု ဆိုရင်တော့ ပြောမနေနဲ့တော့။ နင်တို့တွေက ဘာလို့ အနတ္တကျိန်စာဖျက်ဓားပညာနှင့် ဓမ္မဓားသိုင်းကိုပဲ ခန့်မှန်းနေရတာလဲ။ ငါ့ပုံစံက အရမ်းအစွမ်းထက်တယ်လို့ ထင်နေလို့လား…"
မုန့်ချီက ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။ သို့သော် သူက ကျန်းဟွေကို မေ့လျော့သွားခဲ့၏။
သူက ရိုးရိုးသားသား ပြန်ဖြေခဲ့သည်။
"ဆရာတူအစ်ကိုကြီးက ဓားရှည်သိုင်းပညာကို လေ့ကျင့်မထားခဲ့ဘူး။ ဓားရှည်ကတော့ သူ့ရဲ့ဆုလာဘ်ဆောင်ပဲ။ ဒါပေမယ့် သူက အနတ္တကျိန်စာဖျက်ဓားပညာကိုတော့ တကယ်ပဲ လေ့ကျင့်ထားတယ်… "
ဘုန်းတော်ကြီးများက မလိမ်တတ်ပေ။ မိန်းမပျိုက ရုတ်တရက်ဆိုသလို ဒေါသထွက်သွားခဲ့၏။ သူမက မတ်တပ်ရပ်ပြီး ကျယ်လောင်စွာ အော်လိုက်၏။
"နတ်ဆိုးသူတော်စင်ရဲ့ စိတ်ဆန္ဒအရ အနတ္တကျိန်စာဖျက် ဓားပညာလေ့လာတဲ့ လူတိုင်းကို သတ်ပစ်ရမယ်…"
“သေစမ်း….
ငါက ဘယ်သူ့ကိုများ ဒေါသထွက်အောင် လုပ်မိပြန်တာလဲ…”
မုန့်ချီက ရင်ထဲတွင် နာကျင်သွားသလို ခံစားလိုက်ရ၏။ သူက အနတ္တကျိန်စာဖျက် ဓားပညာ၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုအချိန်တွင် ပေါ်လာသော မြင်ကွင်းများကို အမှတ်ရသွားခဲ့သည်။
“သနားကြင်နာတတ်ပြီး ကရုဏာရှိသူ မဝင်ရ”ဟူသော စာသားဖြစ်သည်။ ထိုအတွင်းထဲတွင်တော့ လောင်ကျွမ်းနေသော မီးတောက်တစ်ခုရှိ၏။ ထို့ပြင် စာလုံးသေးသေးနှင့် ရေးထားသော စကားလုံးတချို့လည်းရှိနေ၏။
"ကျေးဇူးမသိတတ်တဲ့ သူတွေကို သတ်ပစ်လိုက်. "
Translated by Hein Htet