အခန်း (၁၃၈)
Vol. 10 Ch. 138
မုန့်ချီက အနည်းငယ် ရှုံ့မဲ့သွားမိသည်။ ထိုအရာက သူ့အလုပ် မဟုတ်ချေ။ သို့သော် ထိုမိန်းကလေး၏ အလွန်ကြောက်စရာကောင်းသော နတ်ဆိုးရနံ့များကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားနေရသေးသည်။
ပို၍ထူးခြားသည်မှာ ဦးလေးဝမ်ဟုခေါ်သော သူ၏အစေခံကြီးက နတ်ဆိုးရနံ့ အနည်းငယ်သာ သယ်ဆောင်ထားသော်လည်း သူ့ဆီမှ ကြောက်စရာကောင်းသော အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်လာနေသည်။ ထိုခံစားချက်က ယွမ်မုန်ကျိနှင့် အန်ကုံရှဲ့တို့ဆီမှ ခံစားရသော ခံစားမှုထက်ပင် ပို၍ ဆိုးရွားနေသေး၏။
သူက နေမင်းနီ မကောင်းဆိုးဝါးဓားကို ဝှေ့ယမ်းပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်က သူအများဆုံး အသုံးပြုနေသော သိုင်းကွက်တစ်ခုဖြစ်ပြီး အကျွမ်းကျင်ဆုံးလည်း ဖြစ်သည်။ သူက ထိုသိုင်းကွက်အတွက် သူ၏စွမ်းအားများ အားလုံးကို သုံးရန် ပြင်ဆင်ထားခဲ့၏။
ထိုအချိန်တွင် မိန်းကလေး၏ နောက်မှနေ၍ အနီရောင် အမြှီးတစ်ချောင်း ပေါ်လာခဲ့သည်။ သူမ၏ပုံစံက ကြောက်စရာမကောင်းဘဲ ပို၍ဆွဲဆောင်မှုရှိနေသည်။ သူ့စိတ်ထဲတွင်လည်း အတွေးတစ်ခု ပေါ်လာခဲ့၏။
ထိုမိန်းကလေးက အမှန်တကယ်ကို မြေခွေးတစ်ကောင်ဖြစ်သည်။ သို့သော် မြေခွေးငယ်လေး တစ်ကောင်သာ ဖြစ်ပုံရသည်။ အစောပိုင်းတွင်တော့ သူမက ဧည့်ဝတ်ကျေပွန်မှုကို ပြသရန်အတွက် လူသားများကို မစားရန် ဦးလေးဝမ်ကိုပင် တားဆီးနေခဲ့သေးသည်။
ယခုတော့ သူမကိုယ်တိုင်က ကလေးမှန်ကြောင်းပြောပြနေသော မိခင်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူမက မည်မျှအဆင့်မြင့်ပြီး မည်မျှထိန်းသိမ်းထားကြောင်း ပြသချင်နေပုံရ၏။ သူမက ထိုကဲ့သို့သော မြေခွေးတစ်ကောင်ဖြစ်သည်။
ကူချန်းချင်က ဓားကို ဆွဲထုတ်လိုက်သော်လည်း နတ်ဆိုးရနံ့ကြောင့် တစ်ကိုယ်လုံး တုန်လှုပ်နေခဲ့သည်။
ကျန်းဟွေကတော့ ပြုံးနေပြီး သူ့လက်ထဲတွင် ပန်းပွင့်လေးတစ်ပွင့် လှုပ်ရှားနေခဲ့၏။ သူကတော့ အလွန်တည်ငြိမ်အေးချမ်းနေပြီး ထိုကဲ့သို့ အခြေအနေ၏ သက်ရောက်မှုကို မခံရပေ။ သူက ချီစုဆောင်းရေးအဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားခဲ့သော်လည်း ယခုချိန်တွင် သူ့အစွမ်းက ကူညီပေးနိုင်ခြင်း မရှိပေ။
အဖြူရောင်ဝတ်စုံဝတ်ထားသော မိန်းကလေး၏ နောက်ဘက်မှနေ၍ ထွက်နေသော အနီရင့်ရောင် အမြီး(၅)ချောင်းက ညင်သာစွာ လှုပ်ရှားနေကြသည်။ သူမက အဖြူရောင်လက်သည်းများကို လေထဲသို့ မြှောက်လိုက်ရာ လက်သည်းများက ဓားသွားများကဲ့သို့ ချွန်ထက်နေကြောင်း တွေ့လိုက်ရသည်။ သူမ၏ပုံစံက သံလျက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။
ဦးလေးဝမ်ကလည်း ရှေ့ထွက်လာပြီး သူမ၏ရှေ့တွင် ရပ်လိုက်သည်။ သူ၏ ပတ်ပတ်လည်တွင် အနက်ရောင်လေလှိုင်းတစ်ခု ထွက်ပေါ်လာနေပြီး လူသေများ၏ မျက်နှာများ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့သည်။
ထိုမျက်နှာများက အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသည့် အမူအယာနှင့် မုန့်ချီတို့ဆီကို ပျံသန်းသွားခဲ့ကြသည်။ လူဆိုးတစ်ယောက်ကို ကူညီခြင်းက မကောင်းဆိုးဝါး ဆန်ခြင်း ပေလော။ သူတို့က ကျားနတ်ဆိုးများပေလော။
သူက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို သုံးတော့မည့်အချိန်တွင် သူ့ရှေ့၌ အရိပ်တစ်ခု ပေါ်လာခဲ့သည်။ အလွန်ငယ်ရွယ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ဟုန်နန်က သူနှင့် ဦးလေးဝမ်တို့၏ ကြားထဲတွင် ရပ်လိုက်၏။
သူက လက်အုပ်ချီ၍ အသံတိုးတိုးနှင့် ရေရွတ်လိုက်သည်။
"အော်မီတော်ဖော် ...
လူသားတွေက လောဘကြီးလာရင် တိတ်ဆိတ်ငြိမ်သက်တဲ့ ကမ္ဘာကြီးတစ်ခုကို ပြန်သွားနိုင်ဖို့ အခွင့်အရေး မရှိနိုင်တော့ဘူး ...။ ဒကာကြီး တို့ (၂)ယောက် ကျေးဇူးပြုပြီး ရပ်လိုက်ပါ ...။ ကိုယ်တော်ကပဲ ဒကာကြီးတို့ရဲ့ပြဿနာကို ဖြေရှင်းပေးပါရစေ ...."
မုန့်ချီက ရွေးချယ်စရာမရှိဘဲ ဘေးသို့ ပြန်ဆုတ်လိုက်မိသည်။ မုန့်ချီက ဟုန်နန်ကို ထိခိုက်မိမှာ စိုးသည့်အတွက် သူ့ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။
သို့သော် ဦးလေးဝမ်နှင့်မြေခွေးမလေးကတော့ ရပ်တန့်မည့်ပုံ မရှိချေ။ သူတို့က တစ်ဖက်ခြမ်းတွင် ရပ်နေပြီး ဟုန်နန်ကို တိုက်ခိုက်လိုက်ကြသည်။
"ငါက ဗောဓိတဗ္ပအဆင့်ကို ရောက်သွားပြီဆိုရင် ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ တိုက်ပွဲတွေ ၊ တိုက်ခိုက်မှုတွေ အားလုံးအတွက် အဆုံးသတ်ပေးရလိမ့်မယ် ..။ အဲဒီနောက် သက်ရှိလူသားတွေအားလုံးက ကမ္ဘာကြီးရဲ့ဆိုးယုတ်မှုတွေကို ဆက်ပြီး မခံစားစေရတော့ဘူး ..။ သူတို့တွေက ဝမ်းနည်းမှုတွေ ပျောက်ကင်းပြီး အလုံးစုံ ပြီးပြည့်စုံခြင်းကို ရရှိနိုင်လိမ့်မယ် ..."
အလွန်သိမ်မွေ့ညင်သာသော အသံကို ကြားလိုက်ရသည့်အချိန်တွင် မုန့်ချီက မျက်လုံးပြူးသွားပြီး လက်ထဲတွင် ရှိနေသော ဓားရှည်နှင့် တိုက်ခိုက်လိုက်သည်။
ထိုကိုယ်တော်ဆီကို ပျံသန်းလာသော တေစ္ဆနှစ်ယောက်ကလည်း တိုက်ခိုက်လိုက်ကြ၏။ သူတို့၏ လက်(၂)ဖက်နှင့် လက်သည်းများက ဟုန်နန်ကို တိုက်ခိုက်လိုက်သည့်အချိန်တွင် ရေမြုပ်တစ်ခုကို တိုက်ခိုက်လိုက်ရသလို ဖြစ်သွားပြီး ခုခံ၍ မရဘဲ ပျက်စီးသွားခဲ့သည်။
သို့သော် ဟုန်နန်ကတော့ ပျောက်ကွယ်သွားခြင်း မရှိချေ။ သူကတော့ ခေါင်းငုံ့ပြီး အသံတိုးတိုးနှင့် ဆက်လက် ရေရွတ်နေခဲ့၏။ သူက သက်ရှိတစ်ယောက်အဖြစ် သူတို့အားလုံးက မြင်နိုင်ကြားနိုင် ခံစားမိနိုင်သည်။
ထိုအချိန်တွင် မုန့်ချီက တစ်စုံတစ်ခုကို သတိရသွားခဲ့၏။ သူ့ခန္ဓာကိုယ်က ဤနေရာတွင် ရှိနေသော်လည်း သူ၏စိတ်ဝိညာဉ်ကတော့ ဤနေရာ၏ အဝေးတွင် ရောက်နေသလို ခံစားလိုက်ရသည်။ ကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်းက သူနှင့် တစ်သားတည်း ပေါင်းစပ်နေသလို ဖြစ်နေခဲ့၏။
သူက ကူချန်းချင်နှင့် ကျန်းဟွေတို့ကို လှည့်ကြည့်လိုက်သည်။ သူတို့ အားလုံးကလည်း ထိုခံစားမှုများကို ခံစားမိနေခဲ့၏။
မြေခွေးမလေးက သူမ၏လက်သည်းကို ရုတ်သိမ်းလိုက်ပြီး အလွန်ရှုပ်ထွေးနေသော အမူအယာနှင့် ဟုန်နန်ကို လှည့်ကြည့်လိုက်သည်။
ဦးလေးဝမ်ကလည်း ကြောက်ရွံ့ထိတ်လန့်ပြီး သံသယဝင်နေသော အမူအရာနှင့် ဖြစ်နေခဲ့၏။ သူက နောက်ထပ်လှုပ်ရှားရဲခြင်း မရှိပေ။ ကျန်းကွမ်ကလည်း အံ့ဩမှင်တက်သွားခဲ့၏။ သူက နတ်ဆိုးများကို ကူညီရန် စဉ်းစားထားခဲ့သော်လည်း ချက်ချင်းပင် လက်လျှော့လိုက်သည်။
"နင် နင် နင်က..."
မြေခွေးမလေးက တုန်လှုပ်နေပြီး ဟုန်နန်ကို လက်ညှိုးထိုး၍ တစ်စုံတစ်ခု မှတ်မိသွားပုံရသည်။
"နင် နင်က လန်ကီ ကျောင်းတော်ကပဲ ..."
"လန်ကီ ကျောင်းတော်ဟုတ်လား ..."
မုန့်ချီက ဟုန်နန်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်မိသည်။
သူက လန်ကီကျောင်းတော်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်နေခြင်းပေလော။
"ကမ္ဘာကြီးက နီးကပ်နေမယ်ဆိုရင်တောင် ကမ္ဘာကြီးရဲ့ အဆုံးသတ်ကတော့ အနီးနားမှာပဲ ရှိနေတယ် ...။ အဲဒါသူတို့ကျောင်းတော်လား ...."
ဟုန်နန်က မြေခွေးမလေးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"အော်မီတော်ဖော် ..
ဒကာမလေးနှင့် ကိုယ်တော်က တွေ့ဖို့ ကံပါလာမှတော့ ဒီကံတရားက အနီးနားမှာပဲ ရှိတယ်လေ ...။ ဒကာမလေး သတ်ဖြတ်ချင်နေတဲ့စိတ်ကို လက်လျော့လိုက်ပါတော့..”
“ဟူး ငါ့မှာ ဘာသဲလွန်စ မရှိဘူးလို့ ထင်မနေနဲ့ ...။ နီးစပ်ခြင်းကျင့်စဉ်ဆိုတာက လျှို့ဝှက်ချက်တစ်ခုမှ မဟုတ်တာ ...."
မြေခွေးမလေးက ပြန်ပြောလိုက်သည်။ သူမက ဒေါသထွက်နေသော်လည်း တခြားမည်သည့် စကားမျှ မပြောနိုင်ခဲ့ပေ။
သူမက အသံတိုးတိုးနှင့် တစ်ယောက်တည်း ရေရွတ်နေခဲ့၏။ လန်ကီကျောင်းမှ လူတစ်ယောက်ကသာ အနားတွင် ရှိနေလျှင် သူမက ဟုန်နန်ကို ထိခိုက်အောင် မလုပ်ရဲသလို သူ၏အကာအကွယ်အောက်တွင် ရှိနေသော သူများကိုလည်း ထိခိုက်အောင် မလုပ်ရဲပေ။
တစ်ခုတည်းသော နည်းလမ်းကတော့ ဤကမ္ဘာကြီးကို အုပ်ချုပ်ပေးရန် ဝေ့ကျင်းအဆင့် သို့မဟုတ် ဓမ္မကာရအဆင့် မကောင်းဆိုးဝါးများကို တောင်းဆိုခြင်းသာဖြစ်၏။
ဟုန်နန်ကတော့ အနည်းငယ်လေးပင် ဒေါသထွက်နေခြင်း မရှိပေ။ သူက အပြုံးနှင့် ပြောလိုက်၏။
"ဟုတ်ပါတယ်...။ ဒကာမလေးပြောတာ မှန်ပါတယ်..။ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး...."
မြေခွေးမလေးက အလွန်ဒေါသထွက်လာခဲ့၏။
"မျက်နှာနှစ်ဖက်နဲ့ တော်တော်ဟန်ဆောင်ကောင်းတာပဲ...။ ဒီကမ္ဘာကြီးထဲမှာ ငါတို့က ဘာမှမလုပ်ရဲဘူးလို့ မထင်နဲ့...။ တကယ်လို့ နင်သာ ငါ့ကို တိုက်ခိုက်မယ်ဆိုရင် ငါက အဲဒီအတွက် နင့်ကိုပြန်သတ်နိုင်တာပဲမဟုတ်လား....”
“ဟူး........"
လန်ကီ ကျောင်းတော်မှ ကိုယ်တော်က လူတစ်ယောက်ကို ဒေါသထွက်သည့်အတွက် သတ်ပစ်နိုင်မည်လော။
မုန့်ချီကတော့ ဓားကို ကိုင်ထားရင်း တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဟူသောခုတ်ချက်၏ ကွဲပြားမှုများကို စဉ်းစားနေခဲ့သည်။
"အော်မီတော်ဖော် ..
ကိုယ်တော်က ဒကာမလေးကိုမသတ်ပါဘူး...။ ကိုယ်တော်က ဒကာကြီးတို့ရဲ့ လူသတ်ချင်စိတ်တွေအတွက် တရားစာရွတ်ဆိုပေးပါ့မယ်....."
ဟုန်နန်၏အပြုံးက အလွန်ထူးခြားလွန်းလှသည်။
"ဟူး..။ ငါက ဘယ်လိုဖြစ်ပြီး ရေစက်ပါတဲ့လူတစ်ယောက် ဖြစ်သွားရတာလဲ...."
မြေခွေးမလေးက ဒေါသတကြီး ထိုင်လိုက်ပြီး ဦးလေးဝမ်ကလည်း နောက်ဆုတ်သွားခဲ့သည်။
ဟုန်နန်က မုန့်ချီနှင့် တစ်ခြားလူများကို လှည့်ကြည့်လိုက်ပြီး သူတို့ကို ထိုင်စေခဲ့၏။ ထို့နောက် သူလည်း တင်ပျဉ်ခွေထိုင်နေပြီး မိုးကြိုးကျင့်စဉ်ကို စတင်ရွတ်ဆိုနေခဲ့သည်။ ထိုရွတ်ဆိုသံက ကျောင်းဆောင်ငယ်လေးထဲတွင် ပျံ့နှံ့နေပြီး မကောင်းဆိုးဝါး စိတ်ဆန္ဒများကို တည်ငြိမ်စေခဲ့သည်။
ထိုကဲ့သို့ ဆက်လက်သွားနေသည့်အတွက် မုန့်ချီက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူ့ကိုယ်သူလည်း ထိန်းချုပ်နိုင်သွား၏။ ဦးလေးဝမ်က အန္တရာယ်များသောလူတစ်ယောက်ဖြစ်သည်။ အကယ်၍ သူကသာ တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဆိုလျှင် ဘာကြောင့်မရပ်ရမည်နည်း။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ အပြင်ဘက်တွင်လည်း သဲမုန်တိုင်းက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့၏။
"အရာအားလုံးက အိမ်မက်တစ်ခုလို ပုံရိပ်ယောင်တစ်ခုလို..ရေပူဖောင်းတစ်ခုလို အရိပ်တစ်ခုလိုပါပဲ...။ အရာအားလုံးက ရေပွက်ပမာ ပျက်စီးသွားရမှာပါ...."
ဟုန်နန်၏ ရွတ်ဆိုမှုက တည်ငြိမ်အေးချမ်းသော ကျောင်းဆောင်ငယ်လေးကို တည်ငြိမ်အေးချမ်းသောနေရာအဖြစ် ပြောင်းလဲပေးခဲ့သည်။
မြေခွေးမလေးကတော့ ရွတ်ဖတ်မှုကို မကြားရစေရန် နားကို လက်နှစ်ဖက်နှင့် အုပ်ထား၏။ အပြင်ဘက်တွင် ကမ္ဘာပျက်နေသဖွယ် တိုက်ခတ်နေသော မုန်တိုင်းများလည်း ပျောက်ကွယ်သွား၏။
သူမက အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး မတ်တပ်ရပ်၍ ပြောလိုက်သည်။
"ငါက နင့်ရဲ့အသံကို မကြားချင်တော့ဘူး..။ တော်တော်လေး စိတ်ရှုပ်ဖို့ကောင်းတယ်..။ ငါ့အနားမှာ ခြင်အကောင်(၅၀၀)လောက်ဝိုင်းပြီး ကိုက်နေသလိုပဲ..."
သူမက ကျောင်းဆောင်ထဲမှ ထွက်သွားပြီး ဦးလေးဝမ်လည်း နောက်မှ လိုက်လာခဲ့သည်။ သူမ ထွက်မသွားခင် မုန့်ချီကို ပြန်လှည့်ကြည့်လိုက်၏။
သူမ၏အကြည့်ကြောင့် မုန့်ချီက တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်း ထသွားခဲ့သည်။ ကျန်းကွမ်ကလည်း သူတို့၏နောက်မှ လိုက်သွားခဲ့၏။
“အော်မီတော်ဖော်...
ငါ့ရဲ့ဂရုဏာကြောင့် ညီတော်တို့က ထိခိုက်ရတော့မယ်...."
ဟုန်နန်က မုန့်ချီကို အပြုံးနှင့်ပြောလိုက်သည်။
မုန့်ချီက ခေါင်းခါပြလိုက်၏။
"တကယ်လို့ ရေစက်ပါမယ်ဆိုရင်တော့ ကျွန်တော်တို့က ပြန်တွေ့ဦးမှာပါ...။ တကယ်လို့ ကျွန်တော်သာ အစ်ကိုတော်ရဲ့နေရာမှာဆိုရင်လည်း သေချာပေါက် ကူညီပေးမှာပါ...."
ထိုအရာက ဆိုးရွားသော ကံကြမ္မာတစ်ခုသာဖြစ်သည်။ သူကတော့ ထိုအရာမျိုးကို မလိုချင်ခဲ့ပေ။
ဟုန်နန်က ကျေနပ်စွာ ကြည့်လိုက်၏။
"မင်းက တကယ့်ကို စိတ်ထားကောင်းတာပဲ...။ မင်းက အနာဂတ်မှာ ဗောဒိတဗ္ပလျှို့ဝှက်ချက်တွေကို သေချာပေါက် သင်ကြားနိုင်လိမ့်မယ်...”
“အစ်ကိုတော်က လန်ကီကျောင်းတော်က မျိုးဆက်တစ်ယောက်လား...."
မုန့်ချီက ဦးလေးဝမ်တို့ကို စိုးရိမ်နေခြင်း မရှိဘဲ မေးလိုက်သည်။
ဟုန်နန်က ခေါင်းညိတ်ပြလိုက်၏။
"အစ်ကိုတော်တို့က ဒီနေ့ ဒီနေရာမှာတွေ့ဖို့ သေချာပေါက် ကံပါလာတာပဲ။ ဒါပေမယ့် လန်ကီကျောင်းတော်ဆိုတာကလည်း ပြောပြလို့မရနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး...."
သူကတော့ ငြင်းဆန်နေခြင်းမရှိဘဲ အသိအမှတ်ပြုလိုက်သည်။
"စောနတုန်းက အစ်ကိုတော်ရဲ့နီးစပ်ခြင်းကျင့်စဉ်က တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်....။ အဲဒါကရော လန်ကီကျောင်းတော်ရဲ့ လျှို့ဝှက်ချက်ပဲလား..."
ကျန်းဟွေက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဟုန်နန်က တည်ငြိမ်စွာ ပြောလိုက်၏။
"လန်ကီကျောင်းတော်မှာ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး..။ အဲဒါက မတူကွဲပြားတဲ့လမ်းကို လျှောက်နေရုံပါပဲ...။ တကယ်လို့ ညီတော်တို့ကသာသိဖို့ ရေစက်ရှိမယ်ဆိုရင် တစ်ချိန်ချိန် ရှာတွေ့ပါလိမ့်မယ်..."
သူ၏စကားကို ကြားသည့်အခါ လက်ရှိအချိန်တွင် ဟုန်နန်က ကျောင်းတော်၏အကြောင်းကို မပြောလိုသေးကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို မေးခွန်းထပ်မမေးတော့ပေ။ လန်ကီကျောင်းတော်က မည်ကဲ့သို့ ထူးခြားသည့်လမ်းကို လျှောက်နေကြောင်း သူတို့က ခန့်မှန်းကြည့်နေခဲ့၏။
"အဲဒါက အင်မော်တယ်လမ်းကြောင်းလား...။ ဒါပေမယ့် သူတို့နဲ့ ပတ်သက်တဲ့သတင်းတွေ ပျံ့နှံတာကိုလည်း မမြင်ဖူးဘူး....။ ဒါက အကျိုးများစေတဲ့ လမ်းကြောင်းလား...။ ဒါမှမဟုတ် ဆန္ဒလမ်းကြောင်းလား...."
နှစ်ခုလုံးကတော့ အသုံးပြု၍ ရနိုင်သည်။ အစောပိုင်းတွင် သူက ကန္တာရထဲတွင် ကျောင်းဆောင်များ ဆောက်လုပ်ရန် ဆုတောင်းထားသည်ဟု ဟုန်နန်က ပြောခဲ့သည်။ သို့သော် ဒါနနှင့်သီလ လမ်းကြောင်းကလည်း နီးစပ်ခြင်းကျင့်စဉ်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုမရှိပေ။
မုန့်ချီကတော့ ဗုဒ္ဓလမ်းစဉ်နှင့် ပတ်သက်ပြီး အနည်းငယ်လေးသာ သိနေတော့သလို ရုတ်တရက် ခံစားလိုက်ရ၏။ သူကတော့ ဘုန်းတော်ကြီးအတုတစ်ပါးကဲ့သို့ ဖြစ်နေသည်။ မဟုတ်လျှင် သူက ကျမ်းစာများထဲတွင် လန်ကီကျောင်းတော်၏ ထူးခြားမှုများကို နားလည်နိုင်မည်ဖြစ်၏။
ခဏကြာတိတ်ဆိတ်သွားပြီးနောက် ကူချန်းချင်က မျက်မှောင်ကြုတ်လိုက်မိသည်။
"အဲဒီနတ်ဆိုးနှစ်ယောက်က တန်ဟန်ကဖြစ်နိုင်တယ်...။ တကယ်လို့ ငါတို့သာတန်ဟန်ကိုသွားမယ်ဆိုရင် အန္တရာယ်များနိုင်တယ်..."
ထိုအရာကို မုန့်ချီကိုယ်တိုင်လည်း စိုးရိမ်နေခြင်းဖြစ်သည်။
"ငါတို့က တန်ဟန်ကိုသွားတာနဲ့တင် အန္တရာယ်များတာ မဟုတ်ဘူး...။ ငါတို့တွေ ကျောင်းဆောင်ထဲကနေ ထွက်သွားပြီး သိပ်မကြာခင်ဦးလေးဝမ်နဲ့ မြေခွေးမလေးကို မတော်တဆ တွေ့နိုင်သေးတယ်...။ သူတို့က ဘယ်ကိုသွားလဲဆိုတာ ငါတို့မသိဘူး..."
နတ်ဆိုးသူတော်စဉ်၏ စိတ်ဆန္ဒက အမှန်တကယ် ပြဿနာများသည်။ မုန့်ချီကတော့ မကျေမနပ် ဖြစ်နေခဲ့၏။ သို့သော် ထိုအရာက တစ်စုံတစ်ယောက်၏ ဆန္ဒဖြစ်နေခဲ့သည့် အတွက် သူလုပ်နိုင်သောအရာမရှိချေ။ သူကတော့ လူသေတစ်ယောက်ကို မည်သို့အပြစ်တင်ရမည်နည်း။ သူ၏ကံကြမ္မာက ဘာကြောင့် ဤမျှဆိုးဝါးနေကြောင်းသာ သိချင်နေခဲ့သည်။
ရုတ်တရက်ဆိုသလို အကျိုးတရားနှင့် အကြောင်းတရားဟူသောအရာကို မှတ်မိသွားခဲ့၏။ အနတ္တကျိန်စာဖျက် ဓားပညာက အစွမ်းအထက်ဆုံး ဓားပညာတစ်ခု ဖြစ်သည်။ သံသရာအရှင်သခင်၏စကားအရ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ပြိုင်ဘက်ကင်းဓားသိုင်းပညာတစ်ခုလည်း ဖြစ်၏။
ပြိုင်ဘက်က ပို၍အဆင့်မြင့်သော လူတစ်ယောက်မဟုတ်လျှင် ထိုအရာကို ခုခံရန်အထူးနည်းလမ်းများကို အသုံးပြုရမည်ဖြစ်၏။ ထိုအရာ သေဆုံးသွားပြီးနောက် အသုံးပြုသူက ရန်သူ၏အကြီးမားဆုံး အကြောင်းတရားနှင့် အကျိုးတရားများကို ခံစားရပါလိမ့်မည်။
အကယ်၍ ထိုအကြောင်းတရားနှင့်အကျိုးတရားများကိုသာ ဖြေရှင်းနိုင်ခြင်း မရှိလျှင် အသုံးပြုသူ၏ ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်လာနိုင်၏။
"ငါက ဒီဓားကို ဘယ်လိုအသုံးပြုရမလဲဆိုတာတောင် သေချာမသိသေးဘူး...။ အကျိုးအကြောင်းတွေကိုတော့ စပြီးခံစားနေရပြီ..."
မုန့်ချီက မသက်မသာ ခံစားနေရ၏။
ဆရာတူအစ်ကိုကြီးနှင့် အစ်ကိုကူတို့၏စကားကို ကြားရသည့်အခါ ကျန်းဟွေက ပြောလိုက်သည်။
"ဦးလေးဝမ်က ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက် ထင်တယ်..."
ထိုအရာက မုန့်ချီ စိုးရိမ်နေသောအရာတစ်ခု ဖြစ်သည်။ သူက မိုးကြိုးမုန်တိုင်း တိုက်ခတ်သည့်အချိန်ကို စောင့်ရမည်လော။ သို့မဟုတ် သူ့ဆရာနှင့် အကြီးအကဲများ ဤနေရာသို့ ရောက်လာမည့်အချိန်ကို စောင့်ရမည်လော။
သို့သော် ဤနေရာက သေမင်းပင်လယ် သဲကန္တာရတစ်ခုဖြစ်ပြီး အိုအေစစ်တစ်ခု မဟုတ်ချေ။ နောက်ထပ်နှစ်အနည်းငယ်ကြာမှသာ မိုးကြိုးမုန်တိုင်းတစ်ခုပင် ဖြစ်လာနိုင်သည်။ အကယ်၍ သူကသာ သူ့ဆရာနှင့် အကြီးအကဲများကို တွေ့ရမည်ဆိုလျှင်လည်း ရှောင်လင်သို့ ပြန်ခေါ်သွားနိုင်သည်။
တိုးတိုးလေး ရွတ်ဆိုနေသော ဟုန်နန်က ပြောလိုက်၏။
"ဒါက အစ်ကိုတော် ဖန်တီးထားတဲ့ အကြောင်းတရားတစ်ခုပဲ...။ ဒီတော့ အစ်ကိုတော်က ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်...။ ညီလေးကျန်းတင် အစ်ကိုတော်က မင်းတို့ကို တန်ဟန်မှာရှိတဲ့ အိုအေစစ်တစ်ခုဆီ ခေါ်သွားပေးမယ်....။ ကမ္ဘာကြီးကို နတ်ဆိုးတွေ အုပ်ချုပ်နေတဲ့ခေတ် မဟုတ်တော့ပါဘူး...။ တကယ်လို့ နတ်ဆိုးတွေက ကောင်းကင်ပင်လယ် အရင်းအမြစ်မှာ ရှိနေသေးရင်တောင် သူတို့က သိုင်းပညာရှင်တွေ ဝိုင်းဝန်းတိုက်ခိုက်တာကို မလိုချင်ကြဘူး..။ ဒီတော့ သူတို့က တစ်ခြားနေရာတွေမှာ လူသားတွေကို တိုက်ခိုက်မှာမဟုတ်ဘူး..”
“ကျေးဇူးတင်ပါတယ် အစ်ကိုတော်...."
မုန့်ချီက ချက်ချင်း ပြန်ဖြေလိုက်သည်။ တစ်ချိန်တည်းတွင် သူက ဟုန်နန်ကို လှည့်ကြည့်လိုက်၏။
"ကောင်းကင်ပင်လယ် အရင်းအမြစ်ဟုတ်လား...”
“နတ်ဆိုးတွေက ကမ္ဘာကြီးကို ဒုက္ခပေးတဲ့အချိန်မှာ လူသားဧကရာဇ်က နတ်ဆိုးတွေကို ဖိနှိပ်ခဲ့တယ်...။ အဲဒါကြောင့် မကောင်းဆိုးဝါးတွေအားလုံး နောက်ဆုတ်သွားကြတယ်...။ အဲဒီအချိန်ကတည်းကစပြီး သူတို့က လျှို့ဝှက်နေရာကြီးတွေမှာ ပုန်းအောင်းနေကြတယ်...။ အဲဒါကိုတော့ အလှတရားနယ်မြေလို့ နာမည်ပေးထားတယ်...”
“နတ်ဆိုးတွေ စုစည်းနေတဲ့နေရာတွေကိုတော့ ကောင်းကင်ပင်လယ်အရင်းအမြစ်လို့ လူသိများတယ်...။ နတ်ဆိုးတွေ စုစည်းနေတဲ့နေရာတွေကိုတော့ ကောင်းကင်နတ်ဆိုး အရင်းအမြစ်လို့ လူသိများတယ်..။ နတ်ဆိုးသူတော်စင်အရင်းအမြစ်၊ ဂူ(၉)လုံးအရင်းအမြစ်နဲ့ ကောင်းကင်ထပ်တူအရင်းအမြစ်တွေလို့လည်း နာမည် ကြီးတယ်....။ အမြီး(၉)ချောင်း မြေခွေးမျိုးနွယ်ကတော့ တန်ဟန်မှာရှိတဲ့ ကောင်းကင်ပင်လယ် အရင်းအမြစ်မှာ နေထိုင်ကြတယ်...။ အဲဒါက ရွှေ့ပြောင်းနိုင်တဲ့ လျှို့ဝှက်နေရာတစ်ခုပဲ…”
ဟုန်နန်က ပြောလိုက်သည်။
သူကတော့ ထိုအရာနှင့် ရင်းနှီးနေခဲ့သည်မှာ တောင်ပေါ်မှ ဆင်းလာသည့်အချိန်တွင် ထိုနေရာများကို ဖြတ်ကျော်လိုက်ရခြင်းကြောင့် ဖြစ်သည်။
သူမသိသေးသော သတင်းများကို သိလိုက်ရသည့်အတွက် မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
"အစ်ကိုတော်…
ဒါဆိုလည်း အခုပဲသွားကြတော့မလား.."
သူတို့နှင့်အတူဟုန်နန်ရှိနေသည့်အတွက် သူတို့က နတ်ဆိုးများကို စိုးရိမ်စရာ မလိုတော့ပေ။
"သွားကြစို့...."
ဟုန်နန်က ပုတီးကိုကိုင်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
Translated by Hein Htet.