← Chapters

အခန်း (၁၃၉)

Vol. 10 Ch. 139

အခန်း (၁၃၉)

Vol. 10 Ch. 139

ကောင်းကင်ပေါ်တွင် အပြာရောင် အလင်းတန်းများ တောက်ပနေပြီး တိမ်တိုက်တစ်ခုမျှ မရှိချေ။ မုန့်ချီ၊ ကျန်းဟွေနှင့် ကူချန်းချင်တို့က ဟုန်နန်၏ နောက်မှ လိုက်လာကြပြီး တန်ဟန်သို့သွားသော ကျောက်ခဲလမ်းလေးပေါ်တွင် လျှောက်နေကြသည်။

မုန့်ချီနှင့် ယှဉ်လိုက်မည်ဆိုလျှင် ကျန်းဟွေနှင့် ကူချန်းချင်တို့က သူတို့၏ အစွမ်းကို အားကုန်သုံးထားခြင်း မရှိသော်လည်း သူတို့၏ ကိုယ်ဖော့ပညာက အားနည်းကြခြင်း မရှိချေ။ ထို့ကြောင့် သူတို့က မြန်မြန်လျှောက်နိုင်ကြသည်။

တစ်ဖက်တွင်တော့ ဟုန်နန်က ပုံမှန်လမ်းလျှောက်နေသလိုသာ ထင်မှတ်ရသော်လည်း နောက်ကျကျန်နေခဲ့ခြင်း မရှိချေ။ သူ လမ်းလျှောက်လာသည့်အချိန်တိုင်း ခြေလှမ်းအောက်တွင် ကြာပန်းလေးများ ပွင့်လန်းလာသလို ထင်မှတ်ရ၏။

နာရီပေါင်းများစွာ ကြာပြီးနောက် သူတို့က အလွန်ကျယ်ပြောလှသော ကန္တာရကြီးထဲတွင် ကျောက်တုံး၊ ကျောက်စိုင်ကြီးများကို ပို၍ တွေ့လာရသည်။ မြေမျက်နှာသွင်ပြင်ကလည်း အနိမ့်အမြင့် များပြားလာသည့်အတွက် သူတို့က တန်ဟန်နှင့် မဝေးတော့ကြောင်း မုန့်ချီက ပြောနိုင်သည်။

ထိုအချိန်တွင် ကောင်းကင်ကြီးက ရုတ်တရက် မည်းမှောင်သွား၏။ အနက်ရောင် တိမ်တိုက်ကြီးများက ကောင်းကင်ကြီးကို လွှမ်းခြုံထားသလို ထင်မှတ်ရပြီး ကောင်းကင်ပေါ်တွင် ကန့်လန့်ကာကြီးတစ်ခု လွှမ်းခြုံထားသလို ဖြစ်လာခဲ့၏။ ရာသီဥတုကလည်း အေးစက်လာသည်။

"အော်မီတော်ဖော်…

ညီတော်တို့က အစ်ကိုတော့်အနားကို ကပ်လာကြပါ။ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို မခံရစေနဲ့။ တကယ်လို့ မင်းတို့ရဲ့ ခံစားချက်တွေကိုသာ မထိခိုက်ဘူးဆိုရင် မင်းတို့က ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်မှာပါ… "

ဟုန်နန်က ပြောလိုက်သည်။

"ကောင်းပါပြီ အစ်ကိုတော် ဟုန်နန်…"

မုန့်ချီက လက်အုပ်ချီ၍ ပြန်ပြောလိုက်သည်။ သူတို့က ကောင်းကင်ပင်လယ် အရင်းအမြစ်နားဆီသို့ ချဉ်းကပ်လာခြင်းပေလော။ ပူလောင်နေသော နေမင်းကြီးအစား အေးစက်နေသော ရာသီဥတုအခြေအနေက ကောင်းကင်ပင်လယ်အရင်းအမြစ်၏ ကျေးဇူးကြောင့် ဖြစ်လာခြင်းပေလော။

ကျန်းဟွေက ပတ်ပတ်လည်ကို စိတ်ဝင်တစား လှည့်ကြည့်နေသည်။

"အစ်ကိုတော်ဟုန်နန်…

ကျွန်တော်တို့က အခုထိ တန်ဟန်ကို မရောက်သေးဘူးလေ။ ကောင်းကင်ပင်လယ် အရင်းအမြစ်က ဒီနေရာကို ရွေ့လာတာများလား…"

ဟုန်နန်က ပြန်မဖြေနိုင်ခင် အလွန်တိတ်ဆိတ်ခြောက်ကပ်‌နေသော ကန္တာရထဲရှိ မြင်ကွင်းများနှင့် ရာသီဥတုများက ပြောင်းလဲသွားခဲ့သည်။ ဘေးနှစ်ဖက်တွင် စိမ်းပြာရောင်တောင်တန်းကြီးများ ထွက်ပေါ်လာပြီး အလွန်ကြီးမားသော မြစ်ကြီးတစ်စင်း ရှိနေခဲ့သည်။

ရေများက အလွန်ကြည်လင်နေသည့်အတွက် အောက်ခြေကိုပင် မြင်နေရ၏။ ထိုအရာက သူတို့တွေ့ခဲ့ဖူးသော မြစ်များကဲ့သို့ မဟုတ်ဘဲ အောက်ခြေတွင် ရှိနေသော ကျောက်ခဲလေးများကပင် တစ်ပုံစံတည်း ဖြစ်နေကြသည်။

တေးသီငှက်များကလည်း အစိမ်းရောင်မြက်ခင်းများကြားထဲတွင် ပျံသန်းနေပြီး မြစ်ကမ်းပါးတွင် နားနေကြ၏။ ထိုနေရာတွင် ပန်းပွင့်လေးများ၊ သစ်ပင်လေးများ ပြည့်နှက်နေသည်။ ထိုနေရာမှနေ၍ ကောင်းကင်ကြီးပေါ်သို့ မော့ကြည့်လိုက်မည်ဆိုလျှင် မြူခိုးများ လွှမ်းခြုံနေကြောင်း တွေ့ရပါလိမ့်မည်။

အနီးကပ် ကြည့်လိုက်မည်ဆိုလျှင်တော့ အပေါ်မှ စီးဆင်းလာသော မြစ်ကြီးက အလွန်ကျယ်ပြန့်သော ရေကန်ကြီး‌တစ်ခုထဲသို့ ပေါင်းစုံသွားကြောင်း တွေ့လိုက်ရသည်။ ရေကန်ကြီးက ပြာလဲ့လဲ့အလင်းရောင် ဖြစ်နေပြီး ကြည်လင်တောက်ပနေသည့်အတွက် ကောင်းကင်ဘုံ၌ ရှိနေသော ပင်လယ်တစ်စင်းပမာ ထင်မှတ်ရ၏။

“ကောင်းကင်ပင်လယ် အရင်းအမြစ်….

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီ၏ ခေါင်းထဲ၌ စကားလုံး(၃)ခု ပေါ်လာခဲ့သည်။ သူက နောက်ထပ် စကားပုံတစ်ခုကိုလည်း အမှတ်ရသွားခဲ့\။

“ရုတ်တရက်ဆိုသလို သစ်ပင်ပန်းမန်တွေ ပြည့်နှက်နေတဲ့ သစ်တောတစ်ခုကို ဖြတ်ကျော်ရမယ်။ ခြေလှမ်းရာပေါင်းများစွာ ရှိတဲ့ မြစ်တစ်စင်းလည်း ရှိနေတယ်။ ရနံ့တွေက တခြားသစ်ပင်တွေနဲ့ မတူဘဲ မွှေးပျံ့နေတယ်။ မြက်ပင်တွေက ကြီးထွားနေပြီး ပန်းပင်တွေက ငွားငွားစွင့်စွင့် ပွင့်လန်းနေကြတယ်။ ဂူတစ်ဂူထဲကို ဝင်သွားလိုက်မယ်ဆိုရင်အစမှာ လိုဏ်ခေါင်းက အရမ်းကျဉ်းတယ်။ လူတစ်ယောက် လျှောက်သာရုံပဲ ရှိတယ်။ ပေပေါင်းများစွာ လျှောက်လှမ်းပြီးသွားရင် ရုတ်တရက် ကျယ်လာလိမ့်မယ်…”

အလွန်တိတ်ဆိတ်ခြောက်ကပ်နေသော ကန္တာရထဲတွင် ထိုကဲ့သို့ အံ့ဩဖွယ် မြင်ကွင်းမျိုးကို မြင်လိုက်ရသည့်အတွက် သူတို့က ဥယျာဉ်တစ်ခုထဲသို့ လျှောက်လှမ်းလာနေသလို ခံစားနေရလေသည်။

"အော်မီတော်ဖော်…

ကောင်းကင်ပင်လယ် အရင်းအမြစ်က လွတ်လပ်စွာ ရွေ့လျားနိုင်တဲ့ နေရာတွေထဲမှာ တော်တော်လေးကို ရှားပါးတဲ့ နေရာတစ်ခုပဲ။ ဒီနေ့ တန်ဟန်မှာရှိနေပေမဲ့ မနက်ဖြန် အရှေ့ပင်လယ်ကို ရောက်သွားနိုင်တယ်။ မင်းတို့က သူ့ရဲ့ဝင်ပေါက်ကို မထင်မှတ်ဘဲ မတွေ့ရဘူးဆိုရင် ဝင်ခွင့်ရမှာ မဟုတ်ဘူး။ တကယ်လို့ ပိုင်ရှင်က အဲဒါကို မြင်စေချင်တယ် ဆိုရင်တော့ မင်းတို့က မြင်ရလိမ့်မယ်။ ပိုင်ရှင်က မင်းတို့ကို လုံးဝမတွေ့စေချင်ရင် မင်းတို့က တည့်တည့်ဖြတ်သွားရင်တောင် သတိထားမိမှာ မဟုတ်ဘူး…"

ဟုန်နန်ကတော့ ထိုအရာကို ရှင်းပြနေခဲ့သည်။ မည်သို့ဖြစ်စေကာမူ တစ်ရက်အတွင်း တန်ဟန်မှ အရှေ့ပင်လယ်ကို ခရီးသွားရန် လုံးဝမဖြစ်နိုင်ပေ။

"ဒါက အစစ်အမှန်ကမ္ဘာကြီးတစ်ခုလို့တောင် မခံစားရတော့ဘူး…"

မုန့်ချီက ဟုန်နန်၏ နောက်မှလိုက်လာရင်း ကျန်းဟွေကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။ သူနှင့် ကူချန်းချင်တို့ကတော့ ပတ်ဝန်းကျင် မြင်ကွင်းများကိုသာ အာရုံစိုက်နေကြသည်။

“ခစ်…ခစ်…ခစ်…လူလာနေပြီပဲ…"

ပန်းပင်လေးများ ကြားထဲမှနေ၍ မိန်းမလှလေးများ ရောက်လာကြသည်။ သူတို့ကတော့ မြစ်ကမ်းအတိုင်း လျှောက်လာကြသော မုန့်ချီတို့အဖွဲ့ကို ကြည့်‌နေကြ၏။ သူတို့၏ ပုံစံကို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာအတွင်းလူသားတစ်ယောက်ကို မမြင်ဖူးသလို ထင်မှတ်ရသည်။

အလွန်ငယ်ရွယ်သော မိန်းမပျိုတစ်ယောက်ကတော့ အတင့်ရဲသော မျက်လုံးများနှင့် သူတို့ကို စိုက်ကြည့်ပြီး မြူစွယ်လိုက်သည်။

"ကောင်လေးတို့ … ဒီလောက်အကြာကြီး ခရီးသွားခဲ့ရတော့ ပင်ပန်းနေမှာပေါ့။ ကျွန်မအိမ်မှာ ခဏနားပြီး ရေနွေးကြမ်းလေး ဘာလေး သောက်ပါလား…"

ဟုန်နန်ကတော့ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေပြီး ထိုမိန်းမပျိုများကို လုံးဝအလေးမထားခဲ့ပေ။ သူ့အတွက်တော့ သူတို့အားလုံးက အရိုးစုများပမာ ထင်မှတ်ရ၏။

မုန့်ချီကတော့ အနတ္တကျိန်စာဖျက် ဓားပညာ၏ တန်ပြန်သက်ရောက်မှု ခံစားခဲ့ရသည့် အခြေအနေများကို ပြန်လည်အမှတ်ရသွားခဲ့သည်။ သူ၏ ခံစားချက်များက လှုပ်ခတ်သွားခြင်း မရှိချေ။ သူက တည်ငြိမ်စွာ ဖြတ်ကျော်သွားခဲ့၏။

ကျန်းဟွေကတော့ အလွန်ငယ်သေးသည့်အတွက် မိန်းမပျိုများအပေါ်ထူးခြားသည့် ခံစားချက်များ ပေါ်မလာခဲ့ပေ။ ကူချန်းချင်ကသာ တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။

"မကောင်းဆိုးဝါးတွေ တစ်ယောက်မှ မမြင်ဘူး။ ဘာစကားမှ မကြားဘူး… "

မိန်းမပျိုများ သူတို့ဆီကို တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းလာကြပြီး သူတို့၏ အဝတ်အစားများကို ဆွဲချွတ်ရန် ကြိုးစားနေကြသည်။ သူတို့ကို အိမ်သို့ခေါ်သွားရန် ကြိုးစားနေကြ၏။ သို့သော် မိန်းမပျိုများ၏လက်က အနားကို ရောက်လာသည့် အချိန်တိုင်း မည်သည့်အရာကိုမျှ ဖမ်းဆုပ်မိခဲ့ခြင်းမရှိချေ။

သူတို့က ယာယီမှင်တက်သွားခဲ့ပြီး သိပ်မကြာခင် အပြုံးများက အစားထိုး ဝင်ရောက်လာခဲ့သည်။ ထိုမိန်းမပျိုများက သူတို့ဝတ်ဆင်ထားသော အဝတ်အစားများကို ချွတ်ချလိုက်၏။ သူတို့၏ အဝတ်အစားများကို ချွတ်လိုက်သည့်အချိန်တွင် အလွန်ဆွဲဆောင်မှုရှိပြီး ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်များ ပေါ်လာကြ၏။

တချို့ကတော့ သူတို့၏ ဆံနွယ်လေးများကို သပ်နေပြီး တချို့ကတော့ နှုတ်ခမ်းကို လျှာနှင့်သပ်၍ မြူစွယ်နေကြသည်။ တချို့ကတော့ ထူးခြားသော ကိုယ်ဟန်အမူအရာမျိုး ရှိနေကြ၏။ တချို့ကတော့ သူတို့၏ ရင်သားများကို လက်နှစ်ဖက်နှင့်ကိုင်၍ မြူစွယ်နေကြသည်။ တချို့ကတော့ အသံတိုးတိုးနှင့် ငြီးငြူနေကြ၏။

ချက်ချင်းဆိုသလိုပင် မုန့်ချီတို့အားလုံးက ရမ္မက်ဆန္ဒများ ပြည့်နှက်နေသော မကောင်းဆိုးဝါးရေကန်တစ်ခုထဲကို ကျရောက်သွားသလို ခံစားလိုက်ရသည်။ ထိုအပြုအမူများက အလွန်ဆွဲဆောင်မှု ပြင်းထန်လွန်းလှသည့်အတွက် သူတို့က ခုခံရန် ခက်ခဲနေခဲ့၏။

သို့သော် ထိုအရာက တဏှာရမ္မက်များသာဖြစ်သည်။ ထိုရနံ့များက ညှီစို့စို့ ဖြစ်နေသော်လည်း လေထဲတွင်တော့ ထူးခြားသော အငွေ့အသက်များ လွှမ်းခြုံနေခဲ့၏။ ‌

"အော်မီတော်ဖော်…

အရာဝတ္ထုဆိုတာက မရှိခြင်းတရားကနေ ဆင်းသက်လာတာ။ အရာဝတ္ထုဆိုတာက မရှိခြင်းတရားနဲ့ ကွဲကွာလို့ မရနိုင်ဘူး။ မရှိခြင်းတရားဆိုတာကလည်း အရာဝတ္ထုတွေနဲ့ ကွဲကွာလို့ မရနိုင်ဘူး။ အရာဝတ္ထုဆိုမှတော့ ဗလာဖြစ်နေပြီ။ ဗလာဆိုတာကလည်း အရာဝတ္ထုပဲ။ အာရုံခံစားမှုတွေ ၊ အတွေးတွေ၊လုပ်ဆောင်မှုတွေ၊ အသိဉာဏ်တွေအားလုံးက အဲဒီလိုပါပဲ…"

ဟုန်နန်ကတော့ ကျမ်းစာများကို အသံတိုးတိုးနှင့်ရွတ်ဆိုနေခဲ့သည်။

မုန့်ချီက ထိုအပိုင်းတွင် အလွန်ကျွမ်းကျင်သော်လည်း မြေခွေးမိန်းမပျိုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ခံနိုင်ရည်မရှိသေးပေ။ သူလည်း အချိန်မဖြုန်းတော့ဘဲ အနတ္တကျိန်စာဖျက် ဓားပညာကို သုံးပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူလည်း ခေါင်းငုံ့ပြီး ဟုန်နန်ကဲ့သို့ တူညီ‌သောကျမ်းစာကို ရွတ်ဖတ်နေခဲ့သည်။

တစ်ဖက်တွင် ကျန်းဟွေကတော့ မျက်လုံးပြူလေးနှင့် ထိုမိန်းမပျိုများကို စိတ်ဝင်တစား လိုက်ကြည့်နေခဲ့၏။ သူ၏မျက်လုံးထဲတွင်တော့ တဏှာရမ္မက်များ အနည်းငယ်လေးပင် ခံစားနေရခြင်း မရှိဘဲ အတော်လေး အံ့ဩနေပုံရသည်။ သူ့ပုံစံက တိတ်ဆိတ်သော ရေလှိုင်းတစ်ခုပမာ အေးချမ်းနေသလို ခံစားနေရ၏။

တဖက်တွင် ရှိနေသော ကူချန်းချင်ကတော့ အသက်ကို အမောတကော ရှူနေရသည်။ သူက မျက်လုံးကို မှိတ်လိုက်ပြီး ဗုဒ္ဓ၏အဆိုအမိန့်များကို ရွတ်ဆိုနေခဲ့၏။ သူက လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားပြီး ထိုမြူစွယ်မှုကို ခုခံရန် အတင်းအကြပ် ကြိုးစားနေရသည်။

"နင်က နောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ…"

အလွန်ချိုသာသော အသံတစ်ခုနှင့်အတူ အဝတ်ဗလာ ဖြစ်နေသော မြေခွေးမိန်းမပျိုများနှင့် မကောင်းဆိုးဝါးပုံရိပ်ယောင်များက ရုတ်တရက် ပျောက်ကွယ်သွားသည်။

သူတို့၏ နေရာတွင် လှပစွာ ဝတ်ဆင်ထားသော မိန်းမပျိုလေးများသာ အစားထိုး ဝင်ရောက်လာခဲ့သည်။ တချို့က မျက်နှာကို ဖုံးအုပ်ထားပြီး အစောပိုင်းပေါ်လာခဲ့သော ပုံရိပ်ယောင်များကြောင့် ရှက်ရွံ့နေကြောင်းသိသာသည်။ မိန်းမပျိုတချို့၏ မျက်နှာကတော့ နီရဲနေခဲ့၏။ သူတို့က မုန့်ချီတို့အဖွဲ့ကို ကြည့်ပြီး နှုတ်ခမ်းကို လျှာနှင့်သပ်နေမိကြသည်။

ဘာကြောင့်မှန်း မသိသော်လည်း ယခင်တုန်းက သူ့ကို ဆွဲဆောင်ရန်ကြိုးစားနေသော မိန်းမပျိုများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခုမိန်းမပျိုများက မုန့်ချီအတွက် ပို၍ ဆွဲဆောင်မှုရှိနေသည်။

"အော်မီတော်ဖော်… သူတို့တွေက မသိနိုင်တာ ကံကောင်းသွားတယ်… "

မုန့်ချီက စိတ်ထဲတွင် တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူ့ရှေ့တွင် မြင်နေရသူများက လေလှိုင်းနှင့်အတူ သူတို့ဆီကို အေးအေးဆေးဆေး လျှောက်လှမ်းလာကြသည်။ ထိုအရာကတော့ အစောပိုင်းတွင် သူတို့နှင့် တွေ့ခဲ့သော မြေခွေးမိန်းမပျိုဖြစ်၏။

သူမက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော မျက်နှာလေးတစ်ခု ပိုင်ဆိုင်ထားသည်။ သူမ၏လက်နှစ်ဖက်နှင့် လည်ပင်းတစ်စိတ်တစ်ပိုင်းကိုသာ အဝတ်အစားထဲမှ မြင်နေရသည်။ အဖြူရောင်ဝတ်စုံလေးကလည်း သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အပိုအလိုမရှိ တိတိကျကျ ရှိနေခဲ့၏။

မြေခွေးမိန်းမပျိုလေးကတော့ အလွန်သန့်စင်ပြီး လှပသည်။ ယခု သူမ ဝတ်ဆင်ထားသည့် ပုံစံကြောင့် သူမက ပို၍ဆွဲဆောင်မှု ရှိနေပြီး တခြားသော နည်းလမ်းများထက်ပင် ဆွဲဆောင်မှု ရှိနေသည်။ အဖြူရောင်လည်ပင်းလေးနှင့် သေးသွယ်သော လက်ချောင်းလေးများက သဘာဝအလှတရားများပမာ ထင်မှတ်ရသည်။

သူမ၏ရုပ်ရည်က ရှေးရိုးဆန်နေခြင်း မရှိသော်လည်း တခြားသူများက သူမ၏ အဝတ်အစားများကို တစစီဆုတ်ဖြဲပစ်ချင်လောက်အောင် ရူးသွပ်သွားစေနိုင်သည်။ အစောပိုင်းတွင် တွေ့ခဲ့သော အဝတ်ဗလာ မိန်းမပျိုများနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမက အဆပေါင်းများစွာ ပို၍ဆွဲဆောင်မှုရှိသည်။

မုန့်ချီက တံတွေးမြိုချလိုက်မိပြီး ထိုမိန်းကလေးကို ဆက်မကြည့်ရဲတော့ပေ။ သူက အကြည့်ကို ချက်ချင်းလွှဲလိုက်၏။ မြေခွေးမိသားစုတစ်ခုလုံးက သူတို့၏အလှတရားများနှင့် အစွမ်းကုန် မြူစွယ်နေကြသည်။ ထိုအရာမျိုးကို နာမည်ကျော် ဘုန်းတော်ကြီးများ၊ တာအိုသခင်များကသာ ရင်ဆိုင်နိုင်ကြသည်။

သူ၏ကျင့်စဉ်အဆင့်ကတော့ ထိုကဲ့သို့ ခံစားမှုများကို ရင်ဆိုင်ရန် လိုအပ်နေသေးသည်။ အကယ်၍ သူက အနတ္တကျိန်စာဖျက် ဓားပညာကို လေ့ကျင့်ထားမည်ဆိုလျှင်ပင် လုံးဝမဖြစ်နိုင်ပုံရသည်။ သူ၏အတွေးများကပင် လှုပ်ရှားလာရ၏။

နောက်ဆုံးတွင်တော့ သူကိုယ်တိုင် သတိမထားမိဘဲ သူ့စိတ်က တခြားတစ်နေရာသို့ ရောက်သွားခဲ့သည်။ သူက ရှေ့တွင် ရှိနေသော မြေခွေးမိန်းမပျိုလေးကိုပင် မေ့လျော့သွားခဲ့၏။

ကူချန်းချင်ကလည်း မြေခွေးမိန်းမပျိုလေးကို မကြည့်ရဲတော့ပေ။ သူက မြေပြင်ကိုသာ စိုက်ကြည့်နေပြီး လမ်းတွင် ကျနေသော ငွေစများကို ‌ရှာဖွေနေသလို ထင်မှတ်ရ၏။ ကျန်းဟွေကတော့ ဟုန်နန်ကဲ့သို့ သူမကို ရိုးရိုးသားသား စိုက်ကြည့်နေခဲ့သည်။

"အော်မိတော်ဖော်…

ဒကာမလေးရဲ့ ရင်ထဲမှာ မကျေနပ်မှုတွေ ရှိနေတယ်။ ဒီတော့ ဒကာမလေးက တည်ငြိမ်ဖို့ ခက်လိမ့်မယ်…"

ဟုန်နန်က ပြောလိုက်ပြီး မြေခွေးမိန်းမပျိုလေးကို ထပ်မကြည့်တော့ပေ။

ခဏကြာပြီးနောက် သူတို့(၄)ယောက်က မည်သည့်ပြဿနာမျှမကြုံရဘဲ မြေခွေးမိန်းမပျိုများကို ဖြတ်ကျော်သွားနိုင်ခဲ့ကြသည်။

သူမကတော့ အလွန်ဒေါသထွက်နေသည့်အတွက် ခြေဆောင့်လိုက်မိသည်။

"ကောင်းကင်ပင်လယ် အရင်းအမြစ်မှာ ဘယ်သူမှ မရှိဘူးလို့‌ ထင်နေတာလား…”

အဝေးမှနေ၍ တစ္ဆေတစ်ကောင်ကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကြီးက မည်းမှောင်လာခဲ့သည်။ ထိုအချိန်တွင် မြေခွေးခေါင်းတစ်ခုပေါ်လာပြီး လေထဲတွင်လည်း တောင်အမြင့်ကြီးတစ်လုံးကို ဝါးမြိုနိုင်လောက်သည့် ပါးစပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ သူ့နောက်တွင် အဖြူရောင် အမြီး(၈)ချောင်းလည်း ပေါ်လာခဲ့၏။

သူ၏မြေခွေးနတ်ဆိုးရနံ့က အလွန်ကြောက်စရာကောင်းပြီး ငရဲပြည်မှ ကောင်းကင်ပေါ်ထိအောင် ပျံ့နှံ့သွားနိုင်သည်။ ထိုအရာက မုန့်ချီမြင်ဖူးသမျှ နတ်ဆိုးရနံ့များထဲတွင် ကြောက်စရာအကောင်းဆုံးဖြစ်၏။

အလွန်ကြောက်စရာကောင်းသော မြေခွေးနတ်ဆိုးရနံ့ကြောင့် မုန့်ချီ၏ ခန္ဓာကိုယ်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို သုံးလိုက်တော့မည့်အချိန်တွင် ဟုန်နန်က ခုခံမှုမလုပ်ရန် သတိပေးခဲ့ကြောင်း အမှတ်ရသွားခဲ့၏။

ထို့ကြောင့် သူ့စိတ်ထဲတွင် လျော့ချလိုက်၏။ သူ၏ အစွမ်းများအားလုံးကိုလည်း ဖယ်ရှားလိုက်သည်။ သူက ဒူးထောက်ကျသွားတော့မလို ဖြစ်သွားသော ကူချန်းချင်ကို ဘယ်လက်နှင့် ထိန်းထားပေးလိုက်ပြီး ညာလက်နှင့် ကျန်းဟွေကို ကိုင်ထားပေးခဲ့သည်။ ထို့နောက် သူတို့တည်ငြိမ်သွားစေရန် စွမ်းအားများ ပို့ဆောင်ပေးလိုက်၏။

ကူချန်းချင်က ဉာဏ်ကောင်းသော လူတစ်ယောက်ဖြစ်သော်လည်း သူ၏ ဆန္ဒများကို ခုခံရန် အလွန်ခက်ခဲနေသေးသည်။ သူ၏ ဆရာတူ ညီလေးကတော့ မိန်းမလှလေးများ၏ မြူဆွယ်ဖျားယောင်းမှုကို ခုခံရာတွင် အနည်းငယ် ပို၍သာသေးသည်။

"အော်မီတော်ဖော်… အတိတ်တုန်းက အကျိုးတရားတွေ အကြောင်းတရားတွေကို ဘာလို့များ တွယ်ကပ်နေရသေးတာလဲ… "

ဟုန်နန်က သက်ပြင်းချလိုက်သည်။ သူက ရှေ့ကို ဆက်လျှောက်သွားသည်မှာ မြင်းတစ်ကောင်စီးသွားခြင်းထက်ပင် ပို၍ လျင်မြန်နေသေးသည်။ မုန့်ချီကလည်း ဟုန်နန်၏ နောက်မှ ပေါ့ပေါ့ပါးပါး လိုက်သွားခဲ့၏။

ကျိလော်ကျူး၏ မကောင်းဆိုးဝါးတောင်ကြားတွင်…

"ကန်းကျိ …

မင်းက အဲဒီကောင်ကို ရှာဖို့ သေချာပေါက် လူထပ်လွှတ်ရမယ်…"

ကျောကုန်းတွင် အဖုကြီးရှိနေသော အသားမည်းမည်းလူက ပြောလိုက်သည်။

သူ၏ ရုပ်ရည်ဖြစ်စေ၊ အဝတ်အစားဖြစ်စေ ၊ သူ့ပုံစံက လယ်သမားတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူ၏မျက်ခုံးကြားထဲတွင်လည်း လက်မအရွယ် အစင်းကြောင်းကြီးတစ်ခု ရှိသည်။

အသက်(၃၀)ဝန်းကျင်ရှိပြီး အလယ်ပိုင်းနယ်မြေမှ စာသင်သားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော လူက ယပ်တောင်ကို ခတ်ပြီး ရယ်လိုက်၏။

"ခေါင်းဆောင်ယုဟွမ်…

မင်းက ခေါင်းဆောင်လော်ရဲ့ တူပဲလေ။ ဒါကြောင့် မင်းရဲ့အလုပ်က ငါတို့ရဲ့ အလုပ်ပဲပေါ့။ ငါတို့ခေါင်းဆောင်က ဟယ်လာမှာရှိတဲ့ ရှောင်လင်တပ်ကူတွေရဲ့ လက်ထဲကနေ ထွက်ပြေးနေပေမယ့် မင်းစကားက ငါတို့ရဲ့ အမိန့်ပါပဲ…။ ဒါပေမဲ့ ဒီလောက်လည်း အလေးထားမနေပါနဲ့။ ဒါက ကလေးတစ်ယောက်ကို လိုက်ဖမ်းရတာနဲ့ အတူတူပါပဲ…"

ထိုလယ်သမားပုံစံလူက ဟီလီယန်တောင်တန်းမှ လူဆိုး(၇၂)ယောက်၏ ခေါင်းဆောင် လေလွင့်ရာမ ယုဟွမ်တောင်ဖြစ်သည်။ သူက လူငယ်မှတ်တမ်းတွင် အဆင့်(၄၁) ဖြစ်ပြီး အသက်(၃၅)နှစ် ကျော်သွားသည့်အတွက် အလိုလို အဆင့်ကျလာခြင်းဖြစ်သည်။

ကန်းကျိ၏ စကားကို ကြားသည့်အချိန်တွင် သူက ပြန်မဖြေရဲပေ။ ထိုအစား ပြောလိုက်၏။

"ငါက ဘယ်သူ့ကို ရန်စမိလဲဆိုတာတောင် မသိခဲ့ဘူး။ ငါတို့တွေ ဓားပြတိုက်ခဲ့တဲ့အချိန် အဲဒီကောင်လေးက ဘယ်လိုလွတ်သွားလဲဆိုတာ ငါလည်းမသိခဲ့ဘူး။အခု သူက အစွမ်းထက်တဲ့ သိုင်းပညာတွေနဲ့ ငါတို့ကို လာပြီးတော့ လက်စားချေခဲ့တယ်။ သူက ငါတို့ထဲက (၁၈)ယောက်ကို သတ်ပြီးသွားပြီ။ ငါက တန်ဟန်အထိ သူ့နောက်ကို လိုက်သွားပေမဲ့ ခြေရာလက်ရာတောင် ရှာ‌မတွေ့တော့‌ဘူး။ ဒါကြောင့် မကောင်းဆိုးဝါး တောင်တန်းကို လာပြီး မင်းတို့ကို အကူအညီ လာတောင်းတာ… "

ယုဟွမ်တောင်၏စကားကို ကြားသည့်အခါ ကန်းကျိက တည်ငြိမ်သွားခဲ့၏။

"ကျေးဇူးပြုပြီး အဲဒီကောင်လေးရဲ့ ရုပ်ရည်အသွင်အပြင်ကို သေချာပြောပြပါ။ ဒါဆိုရင် သူ့ကို လိုက်ရှာဖို့အတွက် ပိုပြီးလွယ်လိမ့်မယ်…"

"ကိစ္စမရှိပါဘူး။ မင်းက ဦးလေးလော်ရဲ့ ထိပ်တန်းအကြံပေးတစ်ယောက်ပဲလေ။ ငါက မင်းကို အရာအားလုံး လွှဲထားလိုက်မယ်…"

ယုဟွမ်တောင်ဆီတွင် မာနများ မရှိတော့ပေ။

"စကားမစပ် မင်းက ရှောင်လင်ရဲ့ စစ်ကူတွေ ရောက်လာပြီလို့ ပြောခဲ့တာလား…။ ဘယ်သူရောက်လာတာလဲ…"

ကန်းကျိက သက်ပြင်းချလိုက်သည်။

"ရှောင်လင်က ဒီကိစ္စကို အရမ်းအလေးထားနေတယ်။ သူတို့က ဓမ္မခြံဝန်းရဲ့ တိုက်အုပ်ကိုယ်တော် ကုံကျန်းနှင့် စည်းကမ်းထိန်းသိမ်းရေးခြံဝန်းရဲ့ တိုက်အုပ်ကိုယ်တော် ဝူကျင်းတို့ကို လွှတ်လိုက်တယ်…"

“ကုံကျန်း….ဟုတ်လား…။ သူက ဓမ္မကာရအဆင့်ကို မရောက်သေးပေမဲ့ မြေပြင်မှတ်တမ်းမှာ အဆင့်(၃၀) ရှိတယ်လေ… "

ယုဟွမ်တောင်က မျက်မှောင်ကြုတ်လိုက်မိသည်။ ကုံကျန်းက ထိပ်တန်းဘုန်းတော်ကြီး အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်၏။

ကန်းကျိက ယပ်တောင်ခတ်ပြီး ပြောလိုက်၏။

"အဲဒါက အမှန်ပဲလေ။ ထိပ်တန်းသိုင်းပညာ တတ်မြောက်ထားတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို သာမန်ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ… "

ဝေ့ကျင်းအဆင့် အထွဋ်အထိပ်အဆင့်ကို ရောက်နေသော သာမန်လူတစ်ယောက်က အောင်မြင်သွားမည်ဆိုလျှင်ပင် စွန့်စားခန်းများစွာ လုပ်ဆောင်ပြီးမှ ရရှိနိုင်သည်။ လူအနည်းစုကသာ ရှေးဟောင်းနတ်ဘုရားများ၊ အင်မော်တယ်များ၏ အမွေဆက်ခံမှုကို ရကြ၏။ သူတို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် သာမန်ဝေ့ကျင်းအဆင့် အထွဋ်အထိပ် ပညာရှင်များက အနည်းနှင့်အများ ပို၍နိမ့်ကျ‌နေသည်။

"ဘိုးဘေးက ဟယ်လာကို ပြန်ရောက်နေပြီဆိုမှတော့ အဲဒီကိစ္စကို နောက်ထပ်စဉ်းစားဖို့ မလိုတော့ဘူး…"

ယုဟွမ်တောင်က သက်ပြင်းချလိုက်သည်။

ကန်းကျိက နှာခေါင်းရှုံ့လိုက်၏။

"ငါလည်း ရှောင်လင်က လူတွေအကြောင်း မစဉ်းစားရဲတော့တာတော့ အမှန်ပဲ။ အဲဒီခေါင်းတုံးလေးကိုရော ဘာလုပ်လို့ရတော့မှာလဲ။ ဒါပေမယ့် ငါရှာတွေ့ထားတာ တစ်ခုတော့ ရှိတယ်။ သူနှင့်အတူ ပါလာတဲ့ လူတစ်ယောက်က ကူရဲတိုက်က ကူချန်းချင်ဆိုတာကို လူတချို့ မှတ်မိကြတယ်။ အန်ကုံသေသွားတဲ့ နေ့မှာလည်း သူရှိနေတယ်။ သူက တည်းခိုဆောင်ထဲကနေ အလျင်အမြန် ထွက်သွားတာကို မြင်တဲ့ သူရှိတယ်။ တကယ်လို့ ငါတို့ကသာ သူ့ကို မရှင်းဘူးဆိုရင် ငါတို့မကောင်းဆိုးဝါးတောင်ကြားက စွမ်းရည်မရှိဘူးလို့ ထင်ကြလိမ့်မယ်…"

"မင်းက ဘာလုပ်ချင်တာလဲ…"

ယုဟွမ်တောင်ကတော့ ဝမ်းနည်းနေသေးပုံရသည်။

ကန်းကျိက ပြုံးလိုက်၏။

"အပြင်လူကို ကူညီပေးဖို့အတွက် အနောက်ပိုင်းနယ်မြေထဲက လူတွေကို အနိုင်ကျင့်တယ် ဆိုတာက အဆိုးရွားဆုံးပြစ်မှုတစ်ခုပဲ။ ရှန့်တူလျောင်က ကူရဲတိုက်ကို ကာကွယ်ပေးမလားဆိုတာ ငါကြည့်ချင်သေးတယ်…"

"သူတို့ကို အရမ်းကြီး တွန်းအားမပေးနဲ့ဦး…။ ရှန့်တူလျောင်ကလည်း ဒေါသကြီးတယ်"

ယုဟွမ်တောင်က ခေါင်းခါပြလိုက်သည်။

"စိတ်မပူပါနဲ့ …။ ငါက ကူရဲတိုက်ကို တွန်းအားပေးမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဝေ့ကျင်းအဆင့်ကို တက်လှမ်းနိုင်တဲ့ မိသားစုကြီးတစ်ခုလေ။ သူတို့မှာ နောက်ခံတချို့ရှိနိုင်တာပဲ…"

ကန်းကျိက ရယ်လိုက်ပြီး သူ၏ အမူအရာက အေးစက်သွားခဲ့သည်။

"ငါက သူတို့ဆီကို စာတစ်စောင် ပို့ပြီးသွားပြီ။ ကူချန်းချင်နဲ့ ပတ်သက်တဲ့ ဆွေမျိုးတွေ အားလုံးကို ငါတို့ဆီကို လက်လွှဲပေးဖို့ တောင်းဆိုထားတာ။ သူတို့တွေကို သတိပေးတဲ့အနေနဲ့ သေမင်းပင်လယ်ကန္တာရထဲမှာ သုတ်သင်ပစ်မယ်…"

Translated by Hein Htet.

All Chapters