အခန်း (၁၄၀)
Vol. 10 Ch. 140
ကောင်းကင်အရင်းအမြစ် နယ်မြေတစ်ခုလုံးကို ဖန်တီးနိုင်သော နတ်ဆိုး အခြေအနေများက မုန့်ချီတို့ကို အနည်းငယ်လေးသာ သက်ရောက်စေနိုင်ခဲ့သည်။ ထိုအရာက နေရာတိုင်းတွင် တည်ရှိနေခြင်း မဟုတ်ချေ။
သူက တိုက်ခိုက်မှုကို ရပ်တန့်လိုက်သလို အခြေအနေမျိုးသာဖြစ်၏။ သို့မဟုတ် လန်ကီကျောင်းတော်မှ အဆင့်မြင့်ကိုယ်တော်၏ တိုက်ခိုက်မှုကို မလိုချင်သည့်အတွက်လည်း ဖြစ်သည်။ မုန့်ချီကတော့ ဒုတိယတစ်ခုကိုသာ ခံစားမိခဲ့၏။
အလွန်တည်ငြိမ်အေးချမ်းသော နယ်မြေတစ်ခုလုံးကို အုပ်စိုးနိုင်သည့် နတ်ဆိုးများတွင် ထူးခြားသော မှော်လက်များ ရှိနိုင်သည်။ ထိုအရာက ရှောင်လင်၏ အနတ္တဓားနှင့် ကျိကျန်း စံအိမ်မှ ဓားများကဲ့သို့ဖြစ်သည်။
သို့သော် မုန့်ချီကတော့ ပြဿနာတက်မှာ စိုးသည့်အတွက် ပါးစပ်ပိတ်နေခဲ့ပြီး ဘာကြောင့် သူတို့က ယခုထိ မှော်လက်များကို မသုံးကြောင်း မမေးခဲ့ပေ။ သူက ကူချန်းချင်နှင့် ကျန်းဝေတို့ကို လက်နှင့် ထိန်းထားခဲ့ပြီး ဟုန်နန်၏ နောက်မှ တည်ငြိမ်စွာ လိုက်လာခဲ့သည်။
သူတို့က မြစ်ကမ်းအတိုင်း လျှောက်လာပြီး အပြာရောင်ရေကန်ဆီသို့ ဦးတည်၍ လျှောက်လာခဲ့သည်။ ရေကန်က တောင်ပေါ်တွင် ရှိနေပြီး သဘာဝတရားကြီးကို ဆန့်ကျင်နေခဲ့၏။ အောက်ကို စီးကျလာရမည့်အစား အပေါ်သို့ တက်သွားခဲ့သည်။
မုန့်ချီနှင့် ဟုန်နန်တို့က တောင်ပေါ်သို့ ရောက်လာသည့်အချိန်တွင် ကောင်းကင်ကြီးက ရုတ်တရက် တောက်ပလာသည်။ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မည်ဆိုလျှင် အလွန်ထူးခြားသော မြေခွေးများက ပျောက်ကွယ်သွားကြောင်း နားလည်သွား၏။
ဤနေရာတွင်တော့ ကြီးကျယ်ခမ်းနားခြင်း မရှိသလို ရှုပ်ထွေးခြင်း မရှိသည့် ကျောင်းဆောင်တစ်ခုသာ ထူးဆန်းစွာ ရပ်နေခဲ့၏။ အဝေးမှနေ၍ ခေါင်းလောင်းသံကိုလည်း ကြားနေရသည်။
အပေါ်ဘက်တွင် ရှိနေသော ကျောင်းဆောင်ဆီမှ လမ်းကျဉ်းလေး တစ်ခု ရှိနေပြီး မုန့်ချီတို့ လျှောက်လှမ်းလာအောင် စောင့်ဆိုင်းနေပုံရသည်။
ဟုန်နန်က ပင့်သက်ရှိုက်လိုက်မိပြီး ဖြည်းညင်းစွာ ဒူးထောက်လိုက်၏။ ထို့နောက် အရိုအသေ ပေးလိုက်သည်။
"အစ်ကိုတော် ဟုန်နန် ..ဘာဖြစ်တာလဲ.."
မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်၏။
မြေခွေးများ ပျောက်ကွယ်သွားပြီးနောက် ကူချန်းချင်နှင့် ကျန်းဝေတို့ကလည်း တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။ သူတို့က ဟုန်နန်ကို ရှုပ်ထွေးစွာ ကြည့်နေမိကြ၏။
ဟုန်နန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါက ကျောင်းတော်ထဲကနေ ပထမဆုံးထွက်လာတဲ့ အချိန်မှာ သစ္စာဆိုခဲ့တယ်။ ငါက ဗုဒ္ဓကျောင်းတော်တစ်ခုကို တွေ့ရတဲ့ အချိန်တိုင်း ခြေ (၃)လှမ်းတိုင်းမှာ ဒူးထောက် အရိုအသေပေးရမယ် ....”
“ဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူးလား ..."
မုန့်ချီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
ဟုန်နန်က အပြုံးနှင့် ခေါင်းခါပြလိုက်၏။
"ကျောင်းတော်က ငါ့ရဲ့နှလုံးသားထဲမှာ ရှိနေတာလေ .။ တခြားနေရာမှာ ရှိနေတာ မဟုတ်ဘူး ..။ ငါသာ မြင်နိုင်တယ်ဆိုရင် အဲဒါက အစစ်အမှန်ကျောင်းတော်တစ်ခုပါပဲ.."
"အော်...."
မုန့်ချီကတော့ ပြည့်ပြည့်ဝဝ နားမလည်နိုင်ခဲ့ပေ။
ဟုန်နန်က မုန့်ချီကို ကြည့်ပြီး ပြောလိုက်၏။
"ရှောင်လင်မှာ တရား ဓမ္မ ရှိတယ်..။ အဲဒါက ဗုဒ္ဓရဲ့အဆုံးအမတွေ အတိုင်းသွားနေတဲ့ အရာတစ်ခုပဲ မဟုတ်လား...။ အခု ဒီကျောင်းဆောင်က ဒီလမ်းပေါ်မှာ မရှိရင်တောင် အမှန်တကယ် ရှိနေတယ်လို့ ငါက ခံစားမိနေတယ်..။ ဒီကျောင်းတော်က ဘယ်နေရာမှာမှ ရှိနေတာ မဟုတ်ဘဲ ငါ့ရဲ့ရင်ထဲမှာပဲ ရှိနေတာ ..."
မုန့်ချီက ခေါင်းညိတ်ပြလိုက်မိပြီး ရန်ပင်းမျိုးနွယ်စု၏ သဘောတရားကို အမှတ်ရသွားခဲ့သည်။
အရာအားလုံးက မည်သည့်နေရာတွင်မျှ ရှိနေခြင်း မဟုတ်ဘဲ စိတ်ထဲတွင်သာ ရှိနေခြင်း ဖြစ်သည်။ သူက ဟုန်နန်၏ ရွေးချယ်မှုကို သံသယဝင်စရာ မလိုအပ်ပေ။
"ဒေါင်..."
အဝေးမှနေ၍ ခေါင်းလောင်းသံကို ကြားနေရသည်။ ဟုန်နန်ကတော့ ခြေ (၃)လှမ်း လှမ်းလိုက်တိုင်း ဒူးထောက် အရိုအသေ ပေးနေခဲ့၏။
သို့သော် မုန့်ချီကတော့ ထိုကဲ့သို့ အရာမျိုးကို မလိုအပ်ချေ။ သူ့ဆီတွင် အစစ်အမှန် ဗုဒ္ဓနှလုံးသားလည်း ပိုင်ဆိုင်ထားခြင်း မရှိချေ။ ထို့ကြောင့် သူကတော့ တိတ်တဆိတ် လိုက်လာပြီး ထူးခြားသော မြင်ကွင်းများကို ခံစားကြည့်နေခဲ့သည်။
ထိုကဲ့သို့သော ငြိမ်းအေးမှုက ကောင်းကင်ပေါ်မှ ကျရောက်လာခြင်း မဟုတ်သလို ဗုဒ္ဓကျမ်းစာများကို ဖတ်ရှုနေခြင်းကြောင့်လည်း မဟုတ်ချေ။ ထိုအရာက ဟုန်နန်၏ ယုံကြည်သက်ဝင်မှုမှ ရောက်လာခြင်း ဖြစ်သည်။ တောင်တက် လမ်းက ရှည်လျားသော်လည်း ဟုန်နန်ကတော့ စိတ်မရှည်သလို ဖြစ်နေခြင်း မရှိချေ။
သူတို့က လမ်းလျှောက်လာသည့်အချိန်တွင် မုန့်ချီက သူ၏ ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူတို့က မည်သူနှင့်မှ တိုက်ခိုက်ရခြင်း မရှိသော်လည်း လုပ်စရာ မရှိခြင်းကြောင့် ဖြစ်၏။
သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့် (၅)ကို ပြီးဆုံးနိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ချင်နေသည်။ အဆင့်(၅)ကို ပြီးဆုံးသွားမှသာ အဆင့် (၆)ကို စတင် လေ့ကျင့်နိုင်မည်ဖြစ်၏။ ထို့နောက်တွင်မှ သူက နှာခေါင်းတံခါးနှင့် တခြားသော တံခါးပေါက်များကို အာရုံစိုက်နိုင်မည်ဖြစ်သည်။ မဟုတ်လျှင် သူလည်း ရပ်တန့်နေရမည်ဖြစ်၏။
ဉာဏ်အလင်းပွင့်မှုအဆင့် အတောအတွင်း ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ် အဆင့် (၅)က မျက်လုံးတံခါး၊ နားတံခါးများနှင့် ပတ်သက်နေသည်။ အဆင့်(၆)ကတော့ နှာခေါင်းတံခါး၊ ပါးစပ်တံခါးများနှင့် ပတ်သက်နေ၏။ အဆင့်(၇)ကတော့ ယင်နှင့် ယန်ကို လှည့်ပတ်ရခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အတွင်း အပြင် စွမ်းအားများကို တစ်ပတ်ပြည့်အောင်လှည့်ပတ် ရခြင်းဖြစ်သည်။
အဆင့် (၈)ကတော့ မျက်ခုံးကြား ပင်မတံခါးကို အာရုံစိုက်ရခြင်းဖြစ်ပြီး သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး ဝေ့ကျင်း တစ်ဝက်အဆင့်ကို တက်လှမ်းရခြင်း ဖြစ်သည်။
သူက အချိန်မည်မျှ လျှောက်လာမိကြောင်း မသိသော်လည်း မုန့်ချီက ကူချန်းချင်နှင့် ကျန်းဝေတို့ကို လှည့်ကြည့်ပြီး မသေမချာမေးလိုက်သည်။
"ဒီနေရာမှာ လေ့ကျင့်တာက တော်တော်လေး အကျိုးရှိပြီး လျင်မြန်တယ်ဆိုတာ သတိထားမိလား ...။ ငါက (၂)နာရီပဲ လေ့ကျင့်ရသေးပေမယ့် တစ်ရက်စာ လေ့ကျင့်မှုလည်း ညီမျှနေတယ် ..."
"တကယ်ပဲလား ...."
ကူချန်းချင်က ထိုအခြေအနေထဲတွင် နစ်မျောနေခဲ့သည်။ သူက လေ့ကျင့်ရန် လုံးဝမတွေးမိခဲ့ပေ။
မုန့်ချီ၏စကားကို ကြားသည့်အခါ သူလည်း အနည်းငယ် စိတ်ဝင်စားသွား၏။ သူက ချီစွမ်းအင်များကို လေ့ကျင့်ကြည့်ရန် ကြိုးစားကြည့်လိုက်ပြီးနောက် မုန့်ချီ၏ စကားကို ထောက်ခံလိုက်သည်။
"မင်းပြောတာ ဟုတ်တယ်..။ ဒါက ချီစွမ်းအင်လေ့ကျင့်ဖို့အတွက် နေရာကောင်းတစ်ခုပဲ"
"ဟုတ်တယ်။ တော်တော်လေးကို မြန်တယ် ..."
ကျန်းဟွေကလည်း ခေါင်းညိတ်ပြလိုက်ပြီး အတော်လေး ကျေနပ်နေပုံရသည်။
ထိုအချိန်တွင် ဟုန်နန်ကတော့ ပုံမှန်အတိုင်း အရိုအသေ ပေးနေသေး၏။ သူကတော့ သူတို့၏ စကားများကို လုံးဝလျစ်လျူရှုထားပုံရသည်။ သူ၏ထင်မြင်ချက်ကို အတည်ပြုလိုက်ပြီးနောက် မုန့်ချီက အလွန်ဝမ်းသာသွားခဲ့သည်။ သူက အချိန်ဖြုန်းမနေတော့ဘဲ ချီစွမ်းအင်များကို စတင်လေ့ကျင့်နေ၏။သူတို့က ဤနေရာတွင် အနှောင့်အယှက်မရှိသလို ရန်သူများကို ခုခံရန်လည်း မလိုအပ်ပေ။
တစ်ရက်ကုန်ဆုံးသွားပြီးနောက် သူ၏အရေပြားပေါ်တွင် ရွှေရောင် အလင်းတန်းများ လင်းလက်တောက်ပလာခဲ့သည်။
"ဖောက် ...ဖောက်...ဖောက်ဖောက်..."
ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော အသံများကလည်း ပြောင်းလဲသွား၏။ အဆုံးသတ်တွင်တော့ ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကြီးနှင့် ပေါင်းစပ်သွားခဲ့သည်။မုန့်ချီက လော်ဟန့်ကိုယ်တော်တစ်ပါးကဲ့သို့ ဖြစ်လာခဲ့၏။
အလင်းတန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အချိန်တွင် မုန့်ချီက မျက်လုံး ဖွင့်ကြည့်လိုက်သည်။ သူက ရွှေခေါင်းလောင်းအကာအကွယ် အဆင့် (၅) ကို အောင်မြင်သွားပြီဖြစ်ကြောင်း သိသွားခဲ့၏။
သူ့ဆီတွင် ကောင်းကင်မိုးကြိုးစွမ်းအားများနှင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးလိုက်သော ချီစွမ်းအင်များ ၊ အနတ္တကျိန်စာဖျက်ဓားပညာ၏ အစစ်အမှန်စွမ်းအားများကို ပေါင်းစပ်လိုက်မည်ဆိုလျှင်သူ၏ ခန္ဓာကိုယ်က အဆပေါင်းများစွာ ပို၍ အစွမ်းထက်လာသည်။
သူ၏ ရင်ဘတ်အလယ်တွင် ရှိနေသော အားနည်းချက်က ပျောက်ကွယ်သွားသည့်အပြင် နောက်ကျောတွင် ရှိနေသော အားနည်းချက်ကလည်း မူလတုန်းကကဲ့သို့ အားနည်းနေခြင်း မရှိတော့ချေ။ ခန္ဓာကိုယ်ပေါ်တွင် အားနည်းချက် (၁၃) ခုသာ ကျန်နေတော့၏။
ထိုအရာကတော့ မွေးရာပါ တံခါး (၉)ပေါက် ၊ ဒန်တျန် ၊ နဖူး၊ မျက်ခုံးကြားနှင့် လည်ချောင်းတို့ ဖြစ်သည်။ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်များ တိုးတက်လာသည်နှင့်အမျှ ထိုအရာများကလည်း ပျောက်ကွယ်သွားပါလိမ့်မည်။ သူက ဓမ္မကာရအဆင့်ကို မရောက်ခင် အားနည်းချက်တစ်ခုသာ ကျန်နေတော့မည်ဖြစ်၏။
"ဒီနေရာမှာ တစ်ရက် လေ့ကျင့်တာက တစ်လလေ့ကျင့်တာနဲ့ ညီမျှတယ် ..."
မုန့်ချီက ဝမ်းသာအားရ ပြောလိုက်သည်။
သူ၏ရွှေခေါင်းလောင်း အကာအကွယ် အဆင့်(၅)က ပြည့်စုံရန် နီးကပ်နေပြီး တစ်လ လေ့ကျင့်ရန် လိုအပ်နေသည်။ ယခုတော့ ကောင်းကင်ပင်လယ် အရင်းအမြစ်ထဲတွင် လေ့ကျင့်၍ ပြီးဆုံးသွားမည်ဟု သူလည်း ထင်မထားခဲ့ပေ။
ဟုန်နန်ကတော့ လမ်းတစ်လျှောက်တွင် ကျောင်းတော်ကို အရိုအသေပေးနေသေး၏။ သူက ကျောင်းတော်ထဲမှ ထွက်တော့မည့်အချိန်တွင် ရေကန်၊ မြေပြင်ကြီးနှင့် ကျောင်းတော်များအားလုံးက စတင်လှုပ်ရှားလာကြသည်။ထို့ နောက် သူတို့က မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွား၏။
မုန့်ချီက ပတ်ပတ်လည်ကို စိုက်ကြည့်ပြီး အံ့ဩနေသလို ခံစားနေရသည်။ သူကတော့ ကျောက်တုံးများ ပြည့်နှက်နေသော တောင်ကြားတစ်ခုနှင့် အလွန်ရှုပ်ထွေးသော ပတ်ဝန်းကျင်ကိုသာ တွေ့လိုက်ရသည်။ ယခင်တုန်းက တွေ့ခဲ့ရသော အလှတရားများက အိမ်မက်တစ်ခုပမာ ဖြစ်နေခဲ့၏။
"ဒါက အိမ်မက်တစ်ခုလိုပါပဲလား...."
မုန့်ချီက သက်ပြင်းချလိုက်သည်။
ဟုန်နန်က အပြုံးနှင့် ပြောလိုက်၏။
"နတ်ဆိုးကိုးကွယ်သူ ဒကာကြီးတွေက ကောင်းကင်အရင်းအမြစ်ပင်လယ်ကို စွန့်ပစ်ပြီးသွားပြီ..။ အစ်ကိုတော်က မင်းတို့ကို တန်ဟန်မှာရှိတဲ့ အိုအေစစ်ဆီ လိုက်ပို့ပြီးသွားရင် တာဝန်ကျေပြီ…”
သူတို့က တန်ဟန်ထဲသို့ ဝင်ရောက်လာနေပြီဖြစ်သည်။ သူတို့က အိုအေစစ်ဆီသို့ နာရီအနည်းငယ်သာသွားရန် လိုတော့၏။
"အစ်ကိုတော်ဟုန်နန်ရဲ့ နီးစပ်ခြင်းစွမ်းရည်ကို ကျေးဇူးတင်ပါတယ်...။ နတ်ဆိုးတွေက နောက်ဆုတ်သွားပြီ...."
မုန့်ချီက ဟုန်နန်ကို ကျေးဇူးတင် စကားပြောလိုက်သည်။
ဟုန်နန်က လက်အုပ်ချီပြီး ကျိုးနွံစွာပြောလိုက်၏။
"အော်မီတော်ဖော်...
သူတို့ရဲ့ရင်ထဲမှာကြင်နာသနားမှုတွေ ရှိနေပါသေးတယ်...။ ဒါကြောင့် သူတို့က လက်လျော့ဖို့ ဆုံးဖြတ်လိုက်တာ။ မဟုတ်ရင် အစ်ကိုတော်က နေ့ဝက်လောက်ပဲ ခံနိုင်ရည်ရှိလိမ့်မယ်...။ ဒါဆိုရင်တော့ အစ်ကိုတော်လည်း ဘာလုပ်ရမလဲ သိမှာမဟုတ်ဘူး...."
ကူချန်းချင်နှင့် ကျန်းဟွေတို့ကလည်း ဟုန်နန်ကို ကျေးဇူးတင် စကားပြောလိုက်ကြသည်။
"ငါတို့က တန်ဟန်အိုအေစစ်ကို ရောက်တဲ့အချိန်ကျရင် မကောင်းဆိုးဝါးတောင်ကြားက တောင်ဘက်မှာရှိမယ်...။ အရှေ့ဘက်မှာတော့ သဲမြန်မြို့ရှိမယ်....။ တကယ်လို့ ငါတို့ကသာ ဆင်ဆင်ခြင်ခြင်နေမယ်ဆိုရင် မြင်းဓားပြတွေရဲ့လက်ကနေ လွတ်ပါပြီ...."
ဟုန်နန်က တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး သူတို့ကို ပြောလိုက်သည်။
"တောင်ကြားထဲမှာ တစ်ရက်က အစစ်အမှန်ကမ္ဘာကြီးထဲမှာ နှစ်ပေါင်းတစ်ထောင်နဲ့ ညီမျှတယ်..။ ကောင်းကင်အရင်းအမြစ်ပင်လယ်ကြီးက အဲဒီလိုအခြေအနေမျိုး မဟုတ်ပေမယ့် တူညီတဲ့အကျိုးသက်ရောက်မှုရှိတယ်...။ ညီလေးကျန်းတင် မင်းတို့က အချိန် လမ်းပျောက်မသွားဖို့ မျှော်လင့်ပါတယ်..”
“တောင်ကြားထဲမှာ တစ်ရက်က အစစ်အမှန်ကမ္ဘာထဲမှာ နှစ်ပေါင်းတစ်ထောင်နဲ့ ညီမျှတာလား..."
ပထမတွင် မုန့်ချီက ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် နားလည်သွားခဲ့သည်။
"ဒါကြောင့်လည်း ကောင်းကင်အရင်းအမြစ်ပင်လယ်ကြီးထဲမှာ
တစ်ရက်လေ့ကျင့်တာက အပြင်ဘက်မှာ တစ်လလေ့ကျင့်တာနဲ့ ညီမျှနေတာကိုး...။ ဒီတော့ အပြင်ဘက်ကမ္ဘာကြီးထဲမှာ တစ်လကြာသွားပြီပဲ...."
တစ်လကြာသွားပြီ ဖြစ်သည့်အတွက် ရှောင်လင်၏စစ်ကူများက ဤနေရာ သေချာပေါက် ရောက်နေပြီဖြစ်သည်။ သူတို့က ဆရာ့ကိုကယ်တင်နိုင်ပြီး သူတို့ကိုရှာဖွေရန် ကျင်းကန်ကျောင်းတော်ကိုပင် သွားနိုင်သည်။ ထိုသို့ဆိုလျှင်တော့ အခြေအနေက ကောင်း၏။
သူက ရှောင်လင်ကို ပြန်သွားရန် မလိုတော့သလို တစ်လကြာ ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။ သူတို့က အလယ်ပိုင်းနယ်မြေသို့ ပြန်သွားသည်ဟု မြင်းဓားပြများကလည်း တွေးမိနိုင်သည့်အတွက် သူတို့၏နောက်ကို ဆက်မလိုက်နိုင်တော့ပေ။ သူက ဆရာတူညီလေးကို ရှောင်လင်တောင်ခြေသို့ ပြန်ခေါ်သွားမည်ဆိုလျှင် သူ့အတွက် အဆင်ပြေသွားနိုင်၏။
အခြေအနေ အလှည့်အပြောင်းများကို စဉ်းစားလိုက်ပြီးနောက် မုန့်ချီက ပြုံးလိုက်မိသည်။ သိပ်မကြာခင် သူတို့(၄)ယောက်က အိုအေစစ်ကိုရောက်လာပြီး အလယ်တွင် ရှိနေသော မြို့ဆီသို့ ရောက်လာကြ၏။
ငါးပင်လယ်တွင် သူတို့၏ရုပ်ရည်များကို ပြောင်းလဲထားပြီး လူအရေအတွက်ကလည်း မတူတော့သည့်အတွက် မုန့်ချီက ဓားပြများ မှတ်မိသွားမှာကို ကြောက်မနေတော့ပေ။ သူက ဟုန်နန်ကို သူတို့နှင့်အတူ စားသောက်ရန် ဖိတ်ခေါ်လိုက်သည်။
ဟုန်နန်က အပြုံးနှင့် ခေါင်းခါပြလိုက်၏။
"အော်မီတော်ဖော် ....
ငါတို့ရဲ့ရေစက်က ဒီလောက်ပါပဲ...။ အခုငါတို့တွေ လမ်းခွဲဖို့ အချိန်ရောက်ပြီ...။ ငါ့လို ဆင်းရဲတဲ့ ကိုရင်တစ်ယောက်က တစ်ခြားကိစ္စကို လုပ်စရာ ရှိနေသေးတယ်....။ ဒီတော့ နှုတ်ဆက်ခဲ့ပါတယ်..."
သူက ခေါင်းမာသော ကိုယ်တော်တစ်ပါးဖြစ်ကြောင်း မုန့်ချီက သိနေသည်။ ထို့ကြောင့် သူက အတင်းအကျပ် တိုက်တွန်းမနေခဲ့ပေ။ သူက လက်အုပ်ချီ၍ ပြောလိုက်၏။
"အော်မီတော်ဖော် …အစ်ကိုတော်ဟုန်နန် …
တကယ်လို့ ကျွန်တော်တို့ကူညီနိုင်တာ တစ်ခုခုရှိရင် ကျေးဇူးပြုပြီးပြောပါ…”
“ကောင်းပါပြီ ။ တကယ်လို့ ငါတို့မှာထပ်တွေ့ဖို့ ရေစက်ရှိမယ်ဆိုရင် ထပ်တွေ့ရမှာပေါ့...."
ဟုန်နန်က သူတို့(၃)ယောက်ကို အပြုံးနှင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် ပြန်လှည့်သွားခဲ့၏။
"လန်ကီကျောင်းတော်က တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ....."
ကူချန်းချင်က သက်ပြင်းချ၍ ပြောလိုက်သည်။
မုန့်ချီကလည်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက တည်းခိုဆောင်ကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ငါတို့က တစ်လတိတိ ဘာမှမစားရသေးဘူး။ အထဲကို သွားကြရအောင်...."
အမှန်အတိုင်းပြောရလျှင်တော့ တစ်ရက်သာ ရှိသေးသည်။ ကူချန်းချင်က ရှုံ့မဲ့သွားခဲ့၏။
"အစ်ကိုကြီး …
အစ်ကိုကြီးက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေပြီလေ...။ စည်းမျဉ်းစည်းကမ်းတွေအရ အသားမစားသင့်တော့ဘူး..."
ကျန်းဟွေက မုန့်ချီကို အလေးအနက် ပြောလိုက်သည်။
မုန့်ချီ၏အမူအရာက ရုတ်တရက် အေးစက်သွားခဲ့သည်။ သူကတော့ ရှောင်လင်ကျောင်းတော်သား တစ်ယောက်ကဲ့သို့ မခံစားရပေ။
"အဟမ်း..အဟမ်း......အဟမ်း...."
မုန့်ချီက ချောင်းဟန့်ပြီး ပြောလိုက်၏။
"ညီလေး…
အစ်ကိုကြီးက ရှောင်လင်ကိုပြန်သွားပြီး ကျမ်းစာခြံဝန်းနဲ့ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းမှာ မှတ်တမ်းတင်ပြီးမှပဲ အစစ်အမှန် ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်မှာလေ။ အဲဒါပြီးမှပဲ ဉာဏ်အလင်းပွင့်မှုအဆင့် စည်းမျဉ်းတွေကို လိုက်နာရမှာပေါ့..."
"အဲဒီလိုလား…”
ကျန်းဟွေက ရှုပ်ထွေးစွာ ခေါင်းကုတ်လိုက်မိ၏။
"ဟုတ်တယ်။ အဲဒီလိုပဲ..."
မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။
"ဒါဆိုလည်း ကောင်းပါပြီ.."
ကျန်းဟွေက ဝမ်းသာအားရ ပြောလိုက်သည်။
“ဒါဆိုရင် ဘာကိုစောင့်နေတာလဲ… သွားကြစို့…”
မုန့်ချီက ပြုံးလိုက်ပြီး တည်းခိုဆောင်ထဲသို့ အရင်ဆုံး ဝင်သွားခဲ့သည်။ သူတို့က အလွယ်တကူ ရှောင်ပြေးနိုင်သော ထောင့်နေရာတွင် ထိုင်လိုက်ပြီး အသားကင်တစ်ချို့ကို မှာလိုက်သည်။ ထို့နောက် သူက တစ်ခြားစားပွဲဝိုင်းများကို လှည့်ကြည့်ပြီး တစ်လအတွင်း လွတ်သွားသော သတင်းများကို နားထောင်ရန် နားစွင့်နေခဲ့သည်။
ကူချန်းချင်ကလည်း အလားတူလုပ်ဆောင်နေခဲ့၏။ သူက အခုချိန်ထိ နားတံခါးမပွင့်သေးသော်လည်း ထိုလူများက ကျယ်လောင်စွာ ပြောနေသည့်အတွက် အသံကို ကြားနေရသည်။
ကျန်းဟွေတစ်ယောက်တည်းကသာ မီးဖိုချောင်ကို စိုက်ကြည့်ပြီး စားစရာကို စောင့်နေခဲ့၏။
"ကျင်းကန်ကျောင်းတော်က တကယ်ပဲ အညံ့ခံလိုက်တာလား...။ ဟုတ်တယ်...။ ပြင်ပကိစ္စတွေကို တာဝန်ယူရတဲ့ ဓမ္မဘုရင်လုံကုံက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်...။ သူ့ရဲ့ခန္ဓာကိုယ်ကို ရှောင်လင်ဘုန်းတော်ကြီး (၃)ယောက်ရှေ့မှာ ပြထားပြီး ဓမ္မဘုရင်လုံကုံက လောဘကြီးတဲ့အတွက် ရှောင်လင်ထိပ်သီးသိုင်းပညာကို သူလျှိုလွှတ်ပြီး ခိုးယူခိုင်းတာလို့ အကြောင်းပြချက်ပေးခဲ့တယ်...”
“သူ့ကို ဖမ်းမိသွားတဲ့အချိန်မှာ တံခါးပိတ်လေ့ကျင့်နေတဲ့ငိုကြွေးခြင်းအကြီးအကဲဆီကိုသွားပြီး နတ်ဘုရားကိုယ်တော်ရွှမ်ပိုင်ကိုသတ်ဖို့ တောင်းဆိုခဲ့တယ်...။ ပြီးတော့ သူက ကျောင်းတော်နှစ်ခုရဲ့ကြားထဲမှာ ပြဿနာဖြစ်နေစေချင်တာလေ..”
“ရွှမ်ပိုင်ကတော့ အသက်ရှင်နေသေးတဲ့အပြင် ငိုကြွေးခြင်းအကြီးအကဲနဲ့ (၁ဝ)ရက်ကြာ တိုက်ခိုက်ပြီး အနိုင်ရသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ..။ ရွှမ်ပိုင်က ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားပေမယ့် ဒီတိုက်ပွဲကြောင့် ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်သွားပြီ...။ ဒါကြောင့် သူ့ရဲ့လှည့်ကွက်တွေ ပေါ်သွားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားတာ...."
"ကိုယ့်ကိုယ်ကို သတ်သေသွားတာ လား...။ ဓမ္မဘုရင်လုံကုံက ကောင်းကင်(၇)သွယ် ဝေ့ကျင်းအဆင့်ကို ရောက်နေတဲ့ သိုင်းသခင်တစ်ယောက်လေ....။ သူက တစ်ခြား ဆရာကြီးတွေကို သေချာပေါက် ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။ ဒါက သူလုပ်ထားတဲ့အရာတွေနဲ့ ထိုက်တန်ပါတယ်...”
“နတ်ဘုရားကိုယ်တော်(၃)ပါးကရော ဘာပြောသေးလဲ...."
"သူတို့က ဘာပြောနိုင်မှာလဲ...။ ကျင်းကန်ကျောင်းတော်ရဲ့ သိုင်းသခင်တစ်ယောက်ကတောင် သူ့ကိုယ်သူ သတ်သေသွားပြီဆိုမှတော့ ရှောင်လင်ကလည်း ဘာမှမလုပ်နိုင်တော့ဘူးလေ...။ ဒါကြောင့် သူတို့က ငြိမ်ငြိမ်းချမ်းချမ်းနဲ့ ထွက်သွားကြတယ်..."
ထိုစကားကို ကြားသည့်အခါ မုန့်ချီက စိတ်အေးသွားခဲ့သည်။ သူ့ဆရာက အဆင်ပြေနေသည့်အပြင် ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်သွားခဲ့သည်။
"ဒါဆိုရင် ရှောင်လင်တပည့်(၂)ယောက်ကကော ဘယ်နေရာကို ရောက်သွားတာလဲ...."
"သေမင်းပင်လယ်ထဲမှာ ပြဿနာတွေ တက်ခဲ့ပြီး သူတို့က ပျောက်နေတာ...."
"သူတို့ကို မကောင်းဆိုးဝါးတောင်တန်းမှာရှိတဲ့ မြင်းဓားပြတွေက ဖမ်းပြီး သတ်သွားပြီလား ....."
"မဖြစ်နိုင်ဘူး။ အဲဒီကိုရင်လေး(၂)ပါးက သေမင်းပင်လယ်ထဲကို ရောက်သွားတဲ့အချိန် နာမည်ကျော်မြင်းဓားပြတွေ အားလုံးတောင် ပုန်းနေရတာ...။ မကောင်းဆိုးဝါးတောင်ကြားမှာရှိတဲ့ တံခါး(၈)ပေါက်နဲ့ တံခါး(၉)ပေါက်ရှိနေတဲ့ ခေါင်းဆောင်တွေတောင် ပုန်းနေကြတယ်...။ အခု မကောင်းဆိုးဝါးသခင် ကန်းကျိနဲ့ တံခါး(၇)ပေါက် ပွင့်နေတဲ့ ခေါင်းဆောင်နှစ်ယောက်ပဲ ကျန်နေတော့တယ်...”
“မင်းပြောတာ ဟုတ်တယ်။ တကယ်လို့ သူတို့ကသာ ရှောင်လင်တပည့်တွေကို ဖမ်းနိုင်မယ်ဆိုရင် ဘာလို့ ကူချန်းချင်ရဲ့မိဘဆွေမျိုးတွေကို သတ်ပစ်မှာလဲ...."
ရုတ်တရက်ဆိုသလို ကူချန်းချင်၏တူက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏မျက်နှာအမူအရာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး မျက်လုံးများက ဝေဝါးသွားခဲ့၏။
Translated by Hein Htet.