← Chapters

အခန်း (၁၄၁)

Vol. 10 Ch. 141

အခန်း (၁၄၁)

Vol. 10 Ch. 141

မုန့်ချီနှင့် သူ၏ ရင်ထဲတွင် အပူလှိုင်းများ တောက်လောင်လာခဲ့သည်။ မီးဖိုချောင်ကို လှမ်းကြည့်နေသော ကျန်းဟွေကပင် အလွန်စိုးရိမ်နေသော အမူအရာနှင့် ကူချန်းချင်ကို လှည့်ကြည့်လိုက်မိ၏။

"မိသားစုနဲ့ မဆိုင်ဘူး… မိသားစုနဲ့ လုံးဝမဆိုင်ဘူးလေ…."

မုန့်ချီက အတိတ်ဘဝတွင် အလွန်တည်ငြိမ်သော ဘဝတစ်ခု ရှိခဲ့သည်။ သူကတော့ မိသားစုဝင်တစ်ယောက် ဆုံးရှုံးရသည့် ဝမ်းနည်းကြေကွဲမှုကို ဝေးဝေးဝါးဝါးသာ ခံစားဖူးခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူက ထိုကဲ့သို့ အရာမျိုးကို လုံးဝမကြုံဖူးချေ။

သူ့ဆရာ၏ မိသားစုများက အသတ်ခံလိုက်ရသည့်အတွက် လက်တုံ့ပြန်သည့် အကြောင်းကို သိလိုက်ရသည့်အချိန်တွင် သူက ဝမ်းနည်ကြေကွဲမှုကို ခံစားမိခဲ့သည်။ ယခုတော့ သူ၏ ခံစားချက်များက လုံးဝကို မတူညီနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကူချန်းချင်၏ မိသားစုက သူလုပ်ခဲ့သော အရာများကြောင့် အသတ်ခံခဲ့ရခြင်းဖြစ်၏။

သူ၏ ဒေါသများက မီးတောက်များကဲ့သို့ တောက်လောင်လာပြီး နှလုံးသားမဲ့သော မြင်းဓားပြများကို တစ်စစီ ဖျက်စီးပစ်ချင်နေပြီး တရားခံကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ချင်နေ၏။

မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး ကူချန်းချင်၏ ပုခုံးကို ပုတ်လိုက်သည်။

"ချန်းချင်… မကျေမနပ်ဖြစ်မနေနဲ့။ ဒါက ကောလာဟလလည်း ဖြစ်နိုင်ပါသေးတယ်…"

ကူချန်းချင်က အားတင်း၍ ပြောလိုက်၏။

"ဟုတ်တယ်။ ဒါက ကောလာဟလလည်း ဖြစ်နိုင်ပါတယ်။ ကူရဲတိုက်က လူတွေက ဝေ့ကျင်းအဆင့်ကို မရောက်သေးပေမဲ့ ငါတို့က လူတိုင်းလေးစားရတဲ့ မိသားစုတစ်ခုပဲလေ။ ငါတို့က ဒီလောက်အလွယ်တကူ မကျရှုံးနိုင်ပါဘူး။ ပြီးတော့ ရှန့်တူလျောင်က ကျိလော်ကျူးကို အမြဲတမ်း မုန်းနေတာလေ။ ကျိလော်ကျူးရဲ့ လူတွေက ဒီလိုလုပ်ရပ်မျိုး လုပ်တာကို သူက ဘယ်လိုလုပ်ပြီး ကြည့်နေမှာလဲ…"

သူက စကားများစွာ ပြောနေပြီး သူကြားခဲ့သော သတင်းက ကောလာဟလဖြစ်နေရန် ဆင်ခြေများစွာ ရှာဖွေနေ၏။ ထိုကဲ့သို့ ခံစားချက်များ မြင့်မားနေသည့်အချိန်တွင် သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောနိုင်ခြင်း မရှိတော့ချေ။

သူတို့က တိတ်ဆိတ်ငြိမ်သက်သော ဆိုင်ထောင့်နေရာတွင် ထိုင်နေပြီး တခြားသူများကတော့ စကားပြောနေကြသည်မှာ ကံကောင်းသွားသည်။ မည်သူကမျှ သူတို့ကို သတိမထားမိကြပေ။ အကယ်၍ သူတို့ကို တစ်စုံတစ်ယောက်က သတိထားမိသွားလျှင်ပင် မုန့်ချီကတော့ ကြောက်လန့်နေခြင်း မရှိချေ။

သူတို့ဆီမှ ကြားခဲ့ရသော သတင်းများအရ ကျင်းကန်ကျောင်းတော်က အညံ့ခံလိုက်ပြီဖြစ်ကြောင်း သူတို့က သိနေသည်။ မုန့်ချီ၏ ဆရာနှင့် တခြားလူများကလည်း ပိုမီတွင် ဆက်၍ ရှိနေသေး၏။

မြင်းဓားပြများကတော့ သူတို့၏ စခန်းတွင် ကာကွယ်ခြင်း သို့မဟုတ် ပုန်းအောင်းနေခြင်းများသာ လုပ်ဆောင်နိုင်ပါလိမ့်မည်။ မည်သူကမျှ ယခုလိုအချိန်မျိုးတွင် သူတို့ကို မခြိမ်းခြောက်နိုင်တော့ပေ။

"ဟူး…ကူမိသားစုလို နာမည်ကျော်မိသားစုတစ်ခုက မကောင်းဆိုးဝါးသခင် ကန်းကျိရဲ့ စာတစ်စောင်ကြောင့် ရှင်းပစ်ခံရတာလား။ ဒီလိုမိသားစုကို တခြားဘယ်သူကရော လုပ်နိုင်မှာလဲ…"

ကုန်သည်တစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်သည်။

ထိုကုန်သည်ကိုယ်တိုင်လည်း အဆင့်အတန်းမြင့်သော မိသားစုတစ်ခုမှ ရောက်လာခြင်း ဖြစ်နိုင်သည်။ သူကတော့ ကူမိသားစု၏ အခြေအနေအတွက် သနားနေသလို ခံစားနေရပြီး သူတို့ကို စာနာပေးနေပုံရသည်။

ထိုစကားကို ကြားသည့်အချိန်တွင် ကူချန်းချင်ကတော့ သတိလစ်သွားမတတ် ဖြစ်သွားပြီး နောက်သို့ ယိမ်းယိုင်သွားခဲ့သည်။ သူက လေထဲကို စိုက်ကြည့်နေသော်လည်း မျက်လုံးများထဲတွင် မီးတောက်များ ဖြစ်နေခဲ့၏။

စကားပြောနေသော ကုန်သည်က သတင်းစုံသော ကန္တာရ တေလေတစ်ယောက် ဖြစ်သည်။ သူက သက်ပြင်းချ၍ ပြောလိုက်သည်။

"အဲဒါက သူ့သားရဲ့ အမှားပဲ။ တကယ်လို့ သူသာ နှင်းတောင်ဂိုဏ်းက လူတွေနဲ့ ဆက်ရှိနေပြီး ကျိလော်ကျူးရဲ့လက်အောက်မှာရှိတဲ့ မြင်းဓားပြတွေကို သတ်လိုက်မယ်ဆိုရင်တောင် ဒီလိုအရာမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ရှန့်တူလျောင်ကလည်း မျှော်လင့်ချက်ရှိနေတဲ့အတွက် ကူရဲတိုက်ကို ပိုပြီးတော့ ကာကွယ်ပေးနိုင်သေးတယ်…”

“ဒါပေမယ့် သူကတော့ အလယ်ပိုင်းနယ်မြေက ကိုရင်လေးနဲ့ ပူးပေါင်းပြီး သေမင်းပင်လယ်ကန္တာရထဲမှာ တံခါး(၉)ပေါက်ပွင့်နေတဲ့ ပညာရှင်(၂)ယောက်ကို သတ်ပစ်လိုက်တယ်။ အဲဒါက အသူရာကျောင်းတော်ကို ဒေါသထွက်စေတာပဲ။ သူက နယ်မြေသခင် တစ်ယောက်ဖြစ်တဲ့အတွင် အဲဒီလိုအရေးမပါတဲ့ ကိစ္စမျိုးကို ဂရုမစိုက်ရင်တောင် ရှန့်တူလျောင်ကတော့ ကူရဲတိုက်က လူတစ်ယောက်ကို ကာကွယ်ပေးမှာ မဟုတ်ဘူး…”

“တကယ်လို့ သူတို့ရဲ့ဆက်နွယ်မှုကြောင့်သာ မဟုတ်လျှင် ငိုကြွေးခြင်းအကြီးအကဲက သူ့မိသားစုထဲမှာ ရှိတဲ့ လူတိုင်းကို သတ်ပစ်တာ ကြာလောက်ပြီ။ ဒါကြောင့် မကောင်းဆိုးဝါးသခင် ကန်းကျိက သူ့ရဲ့ခေါင်းဖြူငှက်နဲ့ စာ(၂)စောင် ပို့ခဲ့တယ်။ တစ်စောင်က ရှန့်တူလျောင်ဆီ ပို့ပြီး သူ့ကို တလေးတစား တောင်းဆိုခဲ့တာ။ တခြားတစ်စောင်ကတော့ ကူမိသားစုရဲ့ ခေါင်းဆောင်ဆီကို ပို့ခဲ့တာပဲ။ သူက အလွန်အကျွံ မတောင်းဆိုပါဘူး။ ကူချန်းချင်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ မိသားစုကိုပဲ တောင်းဆိုခဲ့တာ…”

“ကျိလော်ကျူးရဲ့လက်တုံ့ပြန်နိုင်စွမ်းကို စဉ်းစားပြီး ရှန့်တူလျောင်ရဲ့ အကာအကွယ်ကိုလည်း လိုချင်နေသေးတဲ့အတွက် ကူမိသားစုခေါင်းဆောင်ကလည်း လက်ခံလိုက်ရတယ်…”

“ဒါက ဉာဏ်ကောင်းတဲ့ လုပ်ရပ်ပါပဲ။ မဟုတ်ရင် ကျိလော်ကျူးက မိသားစုတစ်ခုလုံးကို သတ်ပစ်လိမ့်မယ်… "

ကူရဲတိုက်နှင့် မကောင်းဆိုးဝါးတောင်ကြားက ဆန့်ကျင်ဘက်တွင် တည်ရှိနေသော်လည်း ခေါင်းဖြူငှက်ကတော့ တစ်လအတွင်း နှစ်ကြိမ်ခန့် သွား၍ ရနိုင်သေးသည်။

သူ့မိသားစုကလည်း တူညီသောအရာမျိုးကို ကြုံလိုက်ရသည့်အလား ကုန်သည်က သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူတို့ကတော့ အနည်းငယ်ကိုသာ စတေးပြီး အများစုကို ကယ်တင်နိုင်ခဲ့သည်။ သူက စိတ်ပျက်လက်ပျက်နှင့် ထပ်ပြောလိုက်၏။

"သေမင်းပင်လယ်ထဲမှာ တရားမျှတမှုမှ မရှိတာ။ သေခြင်းရှင်ခြင်းကို စွမ်းအားနဲ့ပဲ ဆုံးဖြတ်နိုင်တယ်လေ…"

"ဟားဟားဟား…။ မင်းက ကုန်သည်တစ်ယောက်ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီလေ။ အခုအချိန်ထိ အဲဒါကို နားမလည်နိုင်သေးဘူးလား။ လက်သီးကမှ တရားမျှတမှုပဲ။ ပြီးရင် ‌ငွေကြေးနဲ့ အစွမ်းက တရားမျှတမှုပဲ…"

ကန္တာရတေလေတစ်ယောက်က ကြောက်စရာကောင်းစွာ ရယ်လိုက်သည်။

"ဒါကြောင့်လည်း ငါတို့ရဲ့ ကျင်းအင်ပါယာက ပိုပြီးတော့ ကောင်းနေတာ။ မျိုးနွယ်တွေက သူတို့ရဲ့ ဂုဏ်သတင်းကိုပဲ စိတ်ပူနေဖို့ လိုအပ်တယ်။ တခြားအရာတွေကတော့ အကြောင်းပြချက်မျိုးစုံနဲ့ ရှိနေကြတာပဲ…"

ကုန်သည်က ခေါင်းခါပြလိုက်သည်။

ကျင်းအင်ပါယာထဲတွင် မကောင်းဆိုးဝါးမျိုးနွယ်များကိုတော့ အထက်တန်းလွှာ မိသားစုများနှင့် နာမည်ကျော်ကလန်ကြီးများက ဖိနှိပ်ထားကြသည်။ သူတို့က မကောင်းသည့်လုပ်ရပ်များကို မလုပ်ခင် နှစ်ကြိမ်ခန့် ပြန်လည်စဉ်းစားရန် လိုအပ်၏။

သူတို့ ပြောသည့်စကားကို နားထောင်နေရင်း ကူချန်းချင်က အံကြိတ်လိုက်မိသည်။ သူက အားစိုက်ထားသည့်အတွက် သွားကြိတ်သံကိုပင် ကြားနေရ၏။ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးထဲမှနေ၍ သွေးများ စီးကျလာနေသည်။

"ငါက တစ်ခုခုမှားတာများ လုပ်ခဲ့မိလို့လား။ ငါက အမှားလုပ်ခဲ့မိလို့လား…"

သူက မုန့်ချီကို မေးနေသည့်အလား ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် သူ၏ မျက်လုံးများက ဝေဝါးနေပြီး မည်သူ့ကို မေးနေကြောင်း သေချာမ‌သိချေ။

မုန့်ချီ၏ ရင်ထဲတွင်လည်း သွေးများ စီးကျလာနေသလို ခံစားနေရ၏။ သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။

"မမှားပါဘူး။ မင်းက မှားတဲ့အရာ ဘာမှမလုပ်ခဲ့ဘူး။ သူတို့ကမှ မကောင်းဆိုးဝါးဆန်တာ…"

ကူချန်းချင်က မတ်တပ်ရပ်လိုက်ပြီး နောက်တစ်ကြိမ် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"ညီလေး ကျန်းတင်… ကျေးဇူးပြုပြီး ငါ့အတွက် အမှန်တရားကို ရှာဖွေပေးပါ…"

သူ၏ မျက်လုံးထဲတွင် တည်ငြိမ်မှုမရှိဘဲ စိုးရိမ်မှုများသာ ပြည့်နှက်နေသည်။ မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး လမ်းပေါ်သို့ ထွက်သွားခဲ့၏။ သူက လူငယ်လေးတစ်ယောက်ကို ဆွဲခေါ်ပြီး ငွေစတချို့ပေး၍ သတင်းများ စုံစမ်းကြည့်ခဲ့သည်။

ခဏကြာပြီးနောက် မုန့်ချီက တည်းခိုခန်းသို့ ပြန်ရောက်လာသည့်အချိန်တွင် သူတို့၏ စားပွဲပေါ်တွင် သူတို့မှာထားသော ကြက်ပေါင်များ၊ စားစရာများ ပြည့်နေကြောင်း မြင်လိုက်ရသည်။ သို့သော် စားစရာများအားလုံးက အေးစက်နေပြီး တစ်ယောက်မျှ ထိမထားကြပေ။

ကျန်းဟွေကပင် ကျမ်းစာတိုက်ထဲမှ သင်ယူထားခဲ့သော ပုံပြင်များနှင့် သူ့ကို နှစ်သိမ့်ပေးနေခဲ့သည်။

"အဲဒီသတင်းတွေ အားလုံးက မှန်နေတယ်…"

မုန့်ချီက စိုးရွံ့စွာ ပြောလိုက်ရသည်။ သူ၏လက်ကလည်း ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားခဲ့၏။ သူက ထိုမြင်းဓားပြများကို တစ်စစီ ရှင်းပစ်ချင်နေခဲ့သည်။

"ငါ့ရဲ့မိဘတွေ ၊ ဝမ်းကွဲတွေအားလုံး ဘယ်လိုသေသွားကြတာလဲ…"

ကူချန်းချင်က ထိုမေးခွန်းကို မေးရန် (၃)ကြိမ်တိတိ ရပ်တန့်ခဲ့ရသည်။ သူက အဖြေကို ကြားရမှာလည်း ကြောက်နေခဲ့၏။

မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်၍ လှမ်းအော်လိုက်သည်။

"စားပွဲထိုးကောင်လေး…

စားစရာတွေကို ငါတို့အခန်းထဲ ယူလာခဲ့လိုက်…"

ဤနေရာက စကားပြောရန် သင့်တော်သော နေရာတစ်ခု မဟုတ်ချေ။ ကူချန်းချင်ကတော့ ဖုတ်ကောင် တစ်ကောင်ကဲ့သို့ မတ်တပ်ရပ်လိုက်ပြီး ဒယိမ်းဒယိုင်နှင့် အပေါ်ထပ်ကို လိုက်လာခဲ့၏။

မုန့်ချီက တံခါးကို ပိတ်လိုက်ပြီး အနားတွင် မည်သူမျှ မရှိကြောင်းစစ်ဆေးပြီးမှ ပြောလိုက်သည်။

"သူတို့ကို မကောင်းဆိုးဝါးတောင်တန်းဆီ ပို့လိုက်တဲ့အချိန်မှာ မင်းမိဘတွေက ဘာဖြစ်မလဲဆိုတာ သိနေကြတယ်။ သူတို့က အရှက်ကွဲမခံချင်ကြတဲ့အတွက် သူတို့ကို မသတ်ခင် မင်းရဲ့ဝမ်းကွဲညီအစ်ကိုမောင်နှမတွေကို အရင်ဆုံး သတ်ပစ်ခဲ့တယ်…"

ကူချန်းချင်က သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးထဲမှနေ၍ မျက်ရည်များ စီးကျလာနေပြီး ရှိုက်၍ ငိုကြွေးနေခဲ့သည်။

"ငါ့အဖေက မိသားစုအတွက် ဘဝတစ်ခုလုံးကို ရင်းပေးထားရတာ။ သူ့မှာ ကျန်းမာရေးပြဿနာတွေလည်း အများကြီးရှိတယ်။ မိုးရွာတဲ့ အချိန်တိုင်း တစ်ကိုယ်လုံး ကိုက်ခဲနေပြီး အိပ်လို့တောင် မရနိုင်ဘူး။ ငါ့အမေကတော့ ‌စာပေကျွမ်းကျင်တဲ့ မိသားစုတစ်ခုက ရောက်လာခဲ့တဲ့ အစစ်အမှန် မိန်းမလှလေးတစ်ယောက်ပဲ။ သူက ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ဘူး။ သူက ငါတို့ရဲ့ ကိစ္စအဝဝကိုပဲ စိုးရိမ်ပေးတတ်တာ…”

“ငါ့ရဲ့ညီလေးကတော့ (၁၀)နှစ်ပဲရှိသေးတယ်။ သူက အတော်လေး အစွမ်းထက်တဲ့ လူငယ်လေး တစ်ယောက်ပဲ။ ငါ့ညီမဆိုလည်း ငယ်ငယ်လေးပဲ ရှိသေးတယ်။ သူက တော်တော်လေးကို ချစ်စရာကောင်းတယ်။ အမြဲတမ်း ငါ့နောက်ကို ပတ်လိုက်နေတာ။ သူတို့တွေကို ဘယ်လိုဖြစ်ပြီး သတ်နိုင်ရတာလဲ…။ သူတို့တွေကို ဘယ်လိုဖြစ်ပြီး လုပ်နိုင်ရတာလဲ…."

"ချန်းချင်…"

မုန့်ချီက တစ်စုံတစ်ခု ပြော‌ချင်နေသော်လည်း ယခုလို အခြေအနေမျိုးတွင် နှစ်သိမ့်ရန် စကားလုံး ရှာမရခဲ့ချေ။

ကူချန်းချင်က ခေါင်းငုံ့ပြီး ငိုကြွေးနေခဲ့၏။

"ငါက အသက်(၂၀)အရွယ်မှာ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်တယ်။ မိသားစုထဲမှာလည်း တော်တော်လေး အဆင့်အတန်းမြင့်တယ်။ ငါ့အဖေက ငါ့ဆီကနေ မျှော်လင့်ထားတာတွေ အများကြီးပဲ။ ဒါပေမယ့် ငါကတော့ သူတို့တွေကို ဒုက္ခပေးခဲ့မိတယ်…"

သူက ရုတ်တရက်ဆိုသလို ခေါင်းမော့လိုက်ပြီး မျက်ရည်များပြည့်နေသော မျက်လုံးများနှင့် မုန့်ချီကို စိုက်ကြည့်နေခဲ့၏။

"ငါက သူရဲကောင်းဓားသမားတစ်ယောက်ဖြစ်ချင်တာ မှားသွားတာလား။ တကယ်လို့ ငါ့မိသားစုကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် ငါက ဘယ်လိုဓားသမားတစ်ယောက် ဖြစ်လာမှာလဲ…"

သူ၏ လေသံထဲတွင် သံသယများ ၊ ရှုပ်ထွေးမှုများ ပြည့်နှက်‌နေသည်။

မုန့်ချီက ကူချန်းချင်ကို စိုက်ကြည့်လိုက်၏။

"ဒါတွေအားလုံးက ငါ့ကြောင့် ဖြစ်လာတာ။ တကယ်လို့ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ငါ့ကိုပဲ အပြစ်တင်လိုက်ပါ။ သူရဲကောင်း ဓားသမားတစ်ယောက် ဖြစ်ရတာက ဘာမှမမှားဘူး။ ငါတို့ရဲ့ တစ်ခုတည်းသော အမှားက ဓားပြတွေလို ရက်စက်ကြမ်းကြုတ်မှုမရှိခဲ့တာပဲ။ တကယ်လို့ ငါတို့က ဓားသမားကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဓားပြတွေထက် ပိုဉာဏ်ကောင်းဖို့လိုသလို သနားညှာတာမှုလည်း ကင်းမဲ့ရလိမ့်မယ်။ ငါတို့က သူတို့တွေ အားလုံးကို သတ်ပစ်ပြီး တစ်ယောက်မျှ အသက်ရှင်ခွင့်ပေးလို့မရဘူး…"

ထိုအရာကတော့ သူ့ခေါင်းထဲတွင် ပေါ်လာသော ယုံကြည်မှုတစ်ခုဖြစ်သည်။

"အဲဒီလိုလား… "

ကူချန်းချင်က မသေမချာ အမူအရာနှင့် ပြန်မေးလိုက်သည်။

"မင်းက လက်တုံ့မပြန်ချင်ဘူးလား…"

မုန့်ချီက တမင်တကာ ရည်ရွယ်၍ မေးလိုက်၏။ ကူချန်းချင်က ကိုယ့်ကိုယ်ကိုယ် အပြစ်ဆက်မတင်စေရန် သူက ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ကူချန်းချင်က နီရဲနေသော မျက်လုံးများနှင့် ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။

"သေချာပေါက် လက်တုံ့ပြန်မယ်။ ငါက ငါ့မိသားစုကို သတ်ဖြတ်ဖို့အတွက် တာဝန်ရှိတဲ့ကောင်တွေ အကုန်လုံးကို သတ်ပစ်ချင်တယ်။ မကောင်းဆိုးဝါးသခင်… သူက ငါ့ရဲ့ ကမ္ဘာမကြေရန်သူပဲ။ ငါက သူ့ခေါင်းကို ဖြတ်ပြီးမှပဲ မိသားစုရဲ့ ရှေ့မှာ ဒူးထောက်ကန်တော့မယ်…"

ဒေါသ၊ အမုန်းတရားများ၊ လက်တုံ့ပြန်ချင်စိတ်များကြောင့် သူ၏ အသက်ရှင်လိုစိတ်များ ပြင်းထန်လာရသည်။

မုန့်ချီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

"မင်းက တစ်ခုတော့ နားလည်ထားရမယ်။ ငါတို့မှာ မင်းမိသားစုအတွက် လက်တုံ့ပြန်နိုင်တဲ့ အစွမ်းမျိုးတော့ ရှိတယ်။ မင်းဆီမှာ စွမ်းအားရှိမှပဲ တရားမျှတမှုကို ယူဆောင်ပေးနိုင်လိမ့်မယ်…"

"မင်းပြောတာ မှန်တယ်။ ငါက နောက်တစ်ခု နားလည်သွားပြီ။ ငါက ဒီလို သူခိုးဓားပြတွေကို သနားညှာတာပေးနေလို့ ဘာအကျိုးမှမရှိဘူး။ သူတို့က သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေထက် (၁၀)ဆပြန်ပြီး ပေးဆပ်ရမယ်။ ဒါမှလည်း သူတို့က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကြမှာ…"

ကူချန်းချင်က မုန်းတီးစွာ ပြောလိုက်သည်။

မုန့်ချီကတော့ ငြင်းဆန်ခဲ့ခြင်း မရှိဘဲ သူလည်း ထိုစကားကို တစ်စိတ်တစ်ပိုင်း သဘောတူနေသည်။ အပြစ်ပေးမှုနှင့် သနားညှာတာမှုက ယှဉ်တွဲ၍ ရှိနိုင်ကြောင်း သူကတော့ ယုံကြည်နေခဲ့၏။

အမှားသေးသေးလေးများကို ခွင့်လွှတ်၍ ရနိုင်ပြီး သေးငယ်စွာ အပြစ်ပေး၍ ရနိုင်သည်။ သို့သော် အဆိုးဆုံးအရာများကိုတော့ ပြင်းထန်စွာ အပြစ်ပေးရပါလိမ့်မည်။ ထိုအချိန်ကျမှသာ တခြားလူများက တစ်စုံတစ်ခုကို မလုပ်ခင် နှစ်ကြိမ်ပြန်၍ စဉ်းစားမိမည်ဖြစ်သည်။ သနားညှာတာခြင်းက ထိုကဲ့သို့ အခြေအနေမျိုးအတွက် အသုံးမဝင်လှပေ။

မုန့်ချီက စားပွဲပေါ်တွင် ရှိနေသော စားစရာများကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ငါတို့က လက်တုံ့ပြန်ချင်နေမှတော့ ငါတို့ရဲ့စွမ်းအားတွေကို အရင်ဆုံး ပြန်ဖြည့်ရမယ်။ ပြီးရင် ငါတို့က ဘာလုပ်ကြမလဲ…"

ကူချန်းချင်က မုန့်ချီ၏ အစီအစဉ်ကို မျှော်လင့်နေခဲ့သည်။ မုန့်ချီက နေမင်းနီမကောင်းဆိုးဝါးဓားကို ဆွဲထုတ်လိုက်၏။

"ငါတို့က မကောင်းဆိုးဝါးတောင်တန်းကို သွားကြမယ်။"

“ဘယ်လို…”

ကူချန်းချင်က လက်တုံ့ပြန်ချင်နေသော်လည်း ယခုချက်ချင်းသွားရန် မျှော်လင့်မထားခဲ့ပေ။ သူတို့၏ စွမ်းအားများက ကွာဟချက်ရှိနေသေး၏။

"ဒါတွေအားလုံးက ငါ့ကြောင့်ဖြစ်လာတာ။ ဒီတော့ ငါက မင်းလက်တုံ့ပြန်ဖို့အတွက် ကူညီပေးမယ်။ အခုမကောင်းဆိုးဝါးတောင်ကြားမှာ တံခါး(၄)ပေါက်ပွင့်နေတဲ့ မကောင်းဆိုးဝါးသခင်နဲ့ တံခါး(၇)ပေါက်ပွင့်နေတဲ့ ပညာရှင်(၂)ယောက်ပဲ ရှိတယ်။ ကျန်တဲ့ မြင်းဓားပြတွေကတော့ တံခါး(၆)ပေါက် အနည်းနှင့်အများ ပွင့်နေမှာပဲ။ သူတို့ဘက်မှာ အရေအတွက်ရှိနေပေမယ့် ငါတို့မှာ အခွင့်အရေးမရှိတာတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ ငါတို့က ကျိလော်ကျူးရဲ့ အဆင့်မြင့် လက်ထောက် တစ်ယောက်ကို ရှင်းပစ်နိုင်ပါလိမ့်မယ်…"

မုန့်ချီက အလေးအနက် ထပ်ပြောလိုက်သည်။

"သူတို့ မလုပ်နိုင်ဘူး ဆိုတာကို သိမှပဲ ဓားပြတွေက တရားမျှတမှုကို နားလည်လာလိမ့်မယ်။ အဲဒါဆိုရင် သူတို့က မကောင်းဆိုးဝါးတောင်တန်းပေါ်မှာတောင် မကောင်းမှုလုပ်ဖို့ သေချာစဉ်းစားလာကြလိမ့်မယ်… "

သူကတော့ သူ့ဆရာနှင့် တခြားအကြီးအကဲများကို အကူအညီတောင်းရန် စဉ်းစားမထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကတော့ ပုံမှန်အခြေအနေမျိုးတွင် လူသတ်သည့် အပြစ်ကို ချိုးဖောက်လိမ့်မည် မဟုတ်ချေ။ သူတို့က မကောင်းဆိုးဝါးသခင်ကို ရှောင်လင်သို့ ခေါ်လာပြီး တောင်အနောက်ဘက်တွင် ချုပ်နှောင်၍ သူ၏ အပြစ်ကို ပေးဆပ်ခိုင်းရန် ကြိုးစားမည်သာဖြစ်သည်။

"မင်းပြောတာမှန်တယ်…။ ငါတို့က မကောင်းဆိုးဝါး တောင်ကြားကို တိုက်ခိုက်ဖို့ သတ္တိရှိနေမယ်လို့ မကောင်းဆိုးဝါးသခင်က လုံးဝထင်ထားမှာ မဟုတ်ဘူး။ "

ကူချန်းချင်က ပြောလိုက်သည်။

မုန့်ချီက သူ့ဓားသွားနှင့် မကောင်းဆိုဝါးတောင်တန်းရှိရာကို ချိန်ပြီး ပြောလိုက်သည်။

"ငါတို့လုပ်ရမဲ့ အရာတွေက အန္တရာယ်တွေများတယ်။ ဒါပေမယ့် ငါမကြောက်ဘူး။ ငါက မကောင်းဆိုးဝါးသခင်ကို သတ်ပစ်မယ်။ သူ့ခေါင်းကိုဖြတ်ပြီး သူတို့ရဲ့ စခန်းကို ဖျက်ဆီးပစ်မယ်။ မင်းရော……"

"ငါကတော့ သေမှာကို ပိုပြီးတော့တောင် မကြောက်သေးတယ်။ ငါက ဘာကို ကြောက်နေရမှာလဲ…"

ကူချန်းချင်၏ မျက်နှာလေးက ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း မျက်လုံးထဲတွင် မီးဝင်းဝင်းတောက်နေခဲ့သည်။

"ကျွန်တော်လည်း သွားမယ်။ အစ်ကိုကြီးက ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့အတွက် အစ်ကိုကူရဲ့ မိသားစုက သေသွားခဲ့တာ…"

ကျန်းဟွေက အလေးအနက်ပြောလိုက်သည်။

မုန့်ချီက ခဏကြာစဉ်းစားပြီး ပြန်ဖြေလိုက်၏။

"ကောင်းပြီလေ…။ မင်းက သူတို့ရဲ့ စခန်းကို တိတ်တဆိတ်မီးရှိူ့ရမယ်။ သူတို့နဲ့ ထိပ်တိုက် တိုက်ခိုက်လို့တော့ မရဘူး… "

"ဟုတ်ကဲ့ပါ…"

ကျန်းဟွေက ခေါင်းညိတ်ပြလိုက်သည်။

မုန့်ချီက သူ့ဓားကို သိမ်းလိုက်ပြီး ထိုင်လိုက်၏။

"စားကြစို့…။ ငါတို့ စားပြီးသွားရင် မကောင်းဆိုးဝါးတောင်တန်းကို တစ်စစီ ဖျက်ဆီးပစ်ကြမယ်…”

Translated by Hein Htet

All Chapters