အခန်း (၁၄၂)
Vol. 10 Ch. 142
လမင်းကြီးက ကောင်းကင်ပေါ်တွင် ထိန်ထိန်သာနေသည်မှာ အထီးကျန်ဆန်လွန်းလှသည်။ ညက မှောင်မဲလွန်းလှပြီး အရိပ်ရှိနေသော နေရာတချို့တွင်တော့ ကိုယ့်လက်ကိုယ် ပြန်မြင်ရန်ပင် ခက်ခဲလွန်းလှသည်။
မကောင်းဆိုးဝါးတောင်တန်းတွင် အဖွဲ့လိုက် ခွဲထားသော မြင်းဓားပြများက ပတ်ပတ်လည်တွင် ရှိနေပြီး တစ်ဖွဲ့လျှင် လူ (၄) ယောက် ရှိနေသည်။ တချို့က မီးအိမ်များကိုကိုင်ပြီး တောင်တက်လမ်းကြောင်းတွင် ကင်းလှည့်နေကြသည်။
တချို့ကတော့ ကျောက်တုံးများ၏ အနောက်ဘက်နှင့် သစ်ပင်ကြီးများ၏ အနောက်ဘက်တွင် အလစ်ချောင်း တိုက်ခိုက်ခံရမှာကို ကြောက်ရွံ့နေသည့်အလား စစ်ဆေးကြည့်နေကြသည်။
မည်သို့ဖြစ်စေကာမူ သူတို့က ပင်ပန်းနွမ်းနယ်နေကြ၏။ ကြိုကြားကြိုကြား စနောက်ကျီစယ်သံများနှင့် ရယ်သံများကိုလည်း ကြားနေရသည်။ သူတို့က အိပ်ရာထဲတွင် သိုင်းပညာအကြောင်း ပြောနေကြပုံရ၏။
ကျိလော်ကျူးက မကောင်းဆိုးဝါးတောင်တန်းကို အုပ်စိုးထားခဲ့သည့် အချိန်ကတည်းကစပြီး ဤနေရာက လုံးဝတိုက်ခိုက်ခံခဲ့ရခြင်း မရှိချေ။ သူ ဝေ့ကျင်းအဆင့်သို့ ရောက်သွားပြီး သေမင်းပင်လယ်ထဲတွင် အရှင်သခင်တစ်ယောက် ဖြစ်လာပြီးနောက် မကောင်းဆိုးဝါးတောင်တန်းက ပို၍ကြောက်စရာကောင်းသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
သူတို့၏ဌာနချုပ်သို့ ပြန်ရောက်လာပြီးနောက် မြင်းဓားပြများ အားလုံးက သတိထားမှုကို လျှော့ချလိုက်ကြသည်။ သူတို့ကတော့ စိတ်လက်ပေါ့ပါးစွာ နေထိုင်ကြ၏။ သူတို့က တိုက်ခိုက်ခံရလိမ့်မည်ဟု မည်သူကမျှ တွေးမထားကြသော်လည်း ကင်းလှည့်ခြင်းကတော့ ပုံမှန်လုပ်ရိုးလုပ်စဉ် တာဝန်တစ်ခုသာ ဖြစ်သည်။
အဖွဲ့တစ်ဖွဲ့ချင်းဆီ၏ ခေါင်းဆောင်များက မျက်လုံးတံခါးပွင့်နေပြီး ကျန် (၃)ယောက်ကတော့ သာမန် ချီစုဆောင်းရေးအဆင့် ဓားပြများ ဖြစ်ကြသည်။ ထိုအချိန်တွင် အငယ်ဆုံး မြင်းဓားပြတစ်ယောက်က အပြုံးနှင့်ပြောလိုက်၏။
"ခေါင်းဆောင် ကျွန်တော်က အပေါ့သွားချင်တယ်... "
"မင်းက အလကားနေ အပေါ့သွားချင်နေတာပဲ ။ သွား သွား မြန်မြန်သွား... "
ခေါင်းဆောင်က လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
ထိုအချိန်တွင် သစ်ပင်အနောက်ဘက်မှနေ၍ အသံတိုးတိုးကို ကြားလိုက်ရသည်။ ခေါင်းဆောင်က တခြားနှစ်ယောက်ကိုကြည့်၍ ရယ်လိုက်၏။
"သူက အရမ်းငယ်သေးတော့ ဒီလိုပဲ ။ အသံကို နားထောင်ကြည့်လိုက်... "
ထိုအချိန်တွင် အမှောင်ထဲမှနေ၍ ဓားတစ်လက် ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုဓားက အလွန်ထူးခြားပြီး ကြောက်စရာကောင်းလွန်းလှ၏။ ဓားပြခေါင်းဆောင်က ထိုဓားချက်ကို ရှောင်တိမ်းနိုင်ခြင်း မရှိသော်လည်း သူ့ဓားနှင့်ခုခံရန် ရွေးချယ်လိုက်သည်။
ထိုအရာက သူ၏တိုက်ခိုက်ရေး အတွေ့အကြုံများအရ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း မသိစိတ်က ပြောပြနေခဲ့သည်။ သို့သော် ထိုအရာက ပုံမှန်အခြေအနေများတွင်သာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်နေသည်။
"ချွမ်... "
သူ၏ဓားက စိန်ပွင့်တစ်ခုကို တိုက်ခိုက်မိလိုက်သလို ခံစားလိုက်ရ၏။ သို့သော် စိန်ပွင့်တစ်ခု မဟုတ်ဘဲ ထိုအရာက လက်တစ်ဖက် ဖြစ်နေသည်။ ဓားသွားက ခေါင်းဆောင်၏ဦးခေါင်းကို ဖြတ်သွားခဲ့၏။ သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ်ကြီးက လှုပ်ရှားနေခဲ့သည်။
ဖြစ်ပျက်ခဲ့သည့် အရာများက အလွန်လျင်မြန်လွန်းလှသည့်အတွက် ခေါင်းပြတ်ကြီး ပြုတ်ကျသွားသည်ကို မြင်သည့်အချိန်ထိအောင် တခြားလူများက လှုပ်ရှားနိုင်ခြင်း မရှိကြပေ။ သူတို့က အော်ဟစ်ရန် ကြိုးစားလိုက်သည့်အချိန်တွင် သစ်ပင်ပေါ်မှနေ၍ အရိပ်တစ်ခု ခုန်ဆင်းလာပြီး မြင်းဓားပြတစ်ယောက်၏ လည်ပင်းကို ဓားနှင့်ထိုးစိုက်လိုက်သည်။
တခြားတစ်ဖက်မှာနေ၍ နောက်ထပ် အရိပ်တစ်ခုလည်း ထွက်ပေါ်လာခဲ့၏။ ထိုအရိပ်က ပန်းခူးသည့် အမူအရာမျိုးနှင့် ထိုမြင်းဓားပြ၏ သွေးကြောများကို ပိတ်ဆို့လိုက်သည်။
အပေါ့သွားရာမှ ပြန်လာသော မြင်းဓားပြက ထိုအရာကို မြင်သည့်အခါ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး တခြားလူများကို သတိပေးရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် ဓားတစ်ချောင်းရောက်လာပြီး ထိုဓားက သူ့ခန္ဓာကိုယ်ကို (၂)ပိုင်း ဖြတ်ပစ်ခဲ့၏။
သူ၏ခန္ဓာကိုယ်က လဲကျမသွားခင် သူ၏အော်သံကို စခန်းထဲတွင် ရှိနေသော တခြားလူများက ကြားမည်ဟု တွေးထားခဲ့သည်။ သို့သော် ဘာကြောင့် တုံ့ပြန်မှု မရှိရသနည်း။
ကျန်းဟွေက လဲကျသွားသော အစောင့်ကိုကြည့်ပြီး စိတ်ဝင်တစား ရေရွတ်လိုက်၏။
" အစ်ကိုကြီး ဘာလို့သူက တိုးတိုးလေးရေရွတ်နေရတာလဲ... "
သူက အားစိုက်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း ဘာကြောင့် သရဲစီးခံနေရသလို ဖြစ်နေရသနည်း။
" သူက ထင်ယောင်ထင်မှား ဖြစ်သွားတာ ဖြစ်မယ်... "
မုန့်ချီက ကျန်းဟွေကို အလေးအနက် ပြောလိုက်သည်။
အမှန်အတိုင်း ပြောရလျှင်တော့ သံသရာကမ္ဘာကြီးထဲမှ ထွက်လာပြီး ကောင်းကင်ပင်လယ် အရင်းအမြစ်ထဲသို့ ရောက်လာပြီးနောက် သူ၏ပြောင်းလဲမှုကျင့်စဉ်က သိသိသာသာ တိုးတက်လာခဲ့သည်။
သူကတော့ ရန်သူ၏ အကြားအာရုံကိုပင် နှောင့်ယှက်နိုင်သော အစွမ်းမျိုးရှိသည်။ ထို့ကြောင့်လည်း ဓားပြက အစွမ်းကုန်အော်ဟစ်ရမည့်အစား တိုးတိုးလေးသာ ရေရွတ်မိခြင်း ဖြစ်သည်။
ကျန်းဟွေက ခေါင်းညိတ်ပြလိုက်ပြီး အသက်ရှင်နေသော တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။
"အစ်ကိုကြီး ကျွန်တော်က ဒီတစ်ယောက်ကို အသက်ရှင်ရက် ဖမ်းထားခဲ့တယ်... "
"ကောင်းတယ်..။ ငါတို့က စခန်းထဲမှာရှိတဲ့လူတွေကအကြောင်း စစ်ဆေးဖို့ လူတစ်ယောက်လိုတယ်... "
ထို့နောက် မုန့်ချီက ထိုဓားပြကို ကျောက်တုံးကြီးတစ်ခု၏နောက်သို့ ဆွဲခေါ်သွားခဲ့ပြီး ကူချန်းချင်ကတော့ အလောင်း (၃) ခုကို တောင်ကုန်းပေါ်မှ ဆွဲချနေခဲ့သည်။ မဟုတ်လျှင် ခြေရာလက်ရာများ တွေ့သွားနိုင်၏။ အဝေးတွင် ကင်းမျှော်စင်တစ်ခု ရှိနေသည်။
ကျောက်တုံးကြီး၏ အနောက်တွင် မုန့်ချီက သူ၏စိတ်ဝိညာဉ်ကို ထုတ်လွှတ်လိုက်ပြီး ထိုမြင်းဓားပြ၏ သွေးကြောမှတ်များကို ဖွင့်ပေးလိုက်သည်။
"စခန်းထဲမှာ ဘာတွေရှိလဲဆိုတာ ပြောစမ်း... "
မုန့်ချီက မြင်းဓားပြကို စိုက်ကြည့်လိုက်သည်။
မြင်းဓားပြက အော်ငိုချင်နေသော်လည်း မုန့်ချီနှင့် မျက်လုံးချင်း ဆုံမိသွားသည့်အချိန်တွင် သူ့စိတ်တစ်ခုလုံးက မျက်လုံးထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရပြီး ထိုမေးခွန်းကိုသာ အာရုံစိုက်မိခဲ့သည်။
ထိုအရာက ပြောင်းလဲမှုကျင့်စဉ်၏ နည်းလမ်းတစ်ခု ဖြစ်သည်။ အကယ်၍ အဆင့်နိမ့်သော လူတစ်ယောက်ဆိုလျှင် သတင်းစုံစမ်းရန်အတွက် အကောင်းဆုံး အသုံးချ၍ ရနိုင်သည်။ အကယ်၍ ပြောင်းလဲမှုကျင့်စဉ်က ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်နှင့် ယှဉ်လိုက်မည်ဆိုလျှင် အတော်လေး အားနည်းသော်လည်း မုန့်ချီတို့အတွက်တော့ သိသာသော အကူအညီတစ်ခု ပေးနိုင်သည်။
"ကျန်းဟွေ …
ဒီနေရာက ဆီတွေ လှောင်ထားတဲ့ စားစရာဂိုထောင်ပဲ ။ မင်းက ကြိုးတစ်ချောင်းယူပြီး ဆီတွေသုတ်လိုက်... ။ ပြီးတော့ တခြားနေရာတွေမှာ လိုက်ပြီးတော့ ဆီနဲ့လောင်းလိုက်... ။ မင်းက ဒီနေရာကနေ ကြိုးကို မီးရှို့ပြီးသွားရင် ဒီကနေထွက်ပြီး ဟိုနေရာမှာပုန်းနေ... "
မုန့်ချီက စခန်း၏မြေပုံကို အကြမ်းမျဉ်း ရေးဆွဲပေးလိုက်ပြီး ကျန်းဟွေ လုပ်ဆောင်ရမည့် တာဝန်နှင့် ထွက်ပြေးမည့် လမ်းကြောင်းကို ပြသလိုက်သည်။
"နားလည်ပြီလား... "
"ဟုတ်ကဲ့... "
ကျန်းဟွေက အလေးအနက် ပြန်ဖြေလိုက်သည်။
မုန့်ချီက ကူချန်းချင်ကို လှည့်ကြည့်လိုက်၏။
"မကောင်းဆိုးဝါးသခင်ကန်းကျိက တော်တော်လေးကို ကြောက်တတ်တယ်... ။ သူက တံခါး (၇) ပေါက်အဆင့် ပညာရှင် (၂) ယောက်ရဲ့ကြားထဲမှာရှိတယ်..။ လက်(၂)ဖက်တည်းနဲ့ လက် (၄) ဖက်ကို ရင်ဆိုင်ဖို့က မလုံလောက်သေးဘူး... ။ ငါက သူတို့အားလုံးကို မနိုင်လောက်ဘူး... ။ ဒီတော့ ဒီနေရာမှာ အခြေအနေ စောင့်ကြည့်ကြမယ်... ။ စခန်းမီးလောင်သွားတဲ့အချိန်ကျရင် ငါတို့က ကန်းကျိဆီကို တိုက်ရိုက်ဝင်သွားပြီး သူ့ခေါင်းကို ဖြတ်ပစ်လိုက်မယ်... ။ တတ်နိုင်သမျှ မြန်မြန်လုပ်ကြတာပေါ့... "
"လမ်းလွှဲတဲ့ နည်းလမ်းလား... "
ကူချန်းချင်က မေးလိုက်သည်။
"ဟုတ်တယ်... ။ အဖွဲ့ကို ကစဉ်ကလျား ဖြစ်အောင်လုပ်ပြီး ခေါင်းဆောင်ကို သတ်ရမယ်လေ..။ ကန်းကျိက ကျိလော်ကျူးရဲ့ လက်အောက်ခံတစ်ယောက်ဖြစ်ပြီး ဒီစခန်းမှာ ခေါင်းဆောင်တစ်ယောက်ပဲ ။ ငါတို့က သူ့ကို အရင်ဆုံးရအောင် ယူရလိမ့်မယ်... ။ ပြီးရင်တော့ စခန်းထဲမှာ ရှုပ်ထွေးမှုတွေ ပေါ်လာမှာပဲ ။ အနည်းဆုံးတော့ တံခါး (၇) ပေါက်အဆင့် ပညာရှင် (၂) ယောက်ထဲက တစ်ယောက်က မီးလောင်တာကို စစ်ဆေးဖို့ သွားလိမ့်မယ်... ။ သူတို့က တစ်ခုခုမှားနေကြောင်း သိသွားပြီး ပြန်လာတဲ့အချိန်ထိဆိုရင် ငါတို့က ကန်းကျိနဲ့ တံခါး(၇) ပေါက်အဆင့် ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ဖို့တော့ အချိန်လုံလုံလောက်လောက်ရမှာပါ... "
မုန့်ချီက အသေးစိတ် ရှင်းပြလိုက်သည်။
ကူချန်းချင်၏ မျက်လုံးထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေခဲ့၏။
"အရမ်းကောင်းတယ်... ။ ငါက ကန်းကျိကို ရင်ဆိုင်လိုက်မယ်... "
ကန်းကျိနှင့် ယှဉ်လိုက်မည်ဆိုလျှင် မျက်လုံးတံခါးပွင့်နေသော သူက ကြီးမားသော ကွာဟမှုကြီးတစ်ခု မရှိသေးပေ။ သူသာ သိုင်းကွက်တိုင်းကို အစွမ်းကုန် တိုက်ခိုက်လိုက်မည်ဆိုလျှင် မုန့်ချီက တံခါး (၇) ပေါက်အဆင့် ပညာရှင်ကို ရင်ဆိုင်ပြီးသွားသည့်အချိန်ထိသူ့ကို စောင့်နေနိုင်သေးသည်။ သူကတော့ အကြောက်အလန့်မရှိဘဲ လှုပ်ရှားမှုတိုင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်၏။
မုန့်ချီတို့က ကင်းမျှော်စင်၏ အဝေးမှနေ၍ စခန်းထဲသို့ ခိုးဝင်သွားကြသည်။ ကျန်းဟွေ တစ်ယောက်တည်းကသာ အစောင့်မရှိသော စားစရာသိုလှောင်ရုံသို့ သွားခဲ့သည်။
ထိုအချိန်တွင် မုန့်ချီကတော့ ပြောင်းလဲမှုကျင့်စဉ်ကိုသုံး၍ ကူချန်းချင်နှင့်အတူ ကန်းကျိရှိနေသောနေရာသို့ တိုက်ရိုက်ရောက်လာခဲ့သည်။ သူတို့က ထိုနေရာတွင် အရိပ်ကျနေသော နေရာတစ်ခု တွေ့လိုက်ရပြီး ပုန်းအောင်းနေခဲ့သည်။
လမ်းတလျှောက်တွင် ကင်းမျှော်စင် ရှိနေသည့်အတွက် သူတို့က ကင်းလှည့်နေသော လူများကို တိုက်ရိုက်ပုန်းအောင်းနေ၍ မရနိုင်ပေ။ ထို့ကြောင့် အရိပ်နှင့် ပြောင်းလဲမှုကျင့်စဉ်ကိုသုံးပြီး သူတို့က ထိုမြင်းဓားပြများကို ရှောင်တိမ်းနိုင်ခဲ့ကြ၏။
သူတို့အဖွဲ့ကတော့ ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်အတွက် ကန်းကျိက အိမ်ကောင်းကောင်းတစ်လုံး ဆောက်ထားခဲ့သည်။ ထိုအရာက အပြင်ဘက်တွင် အလွန်ကြီးကျယ် ခမ်းနားသည်။ ဘေးတွင်တော့ တံခါး (၇) ပေါက်အဆင့် ပညာရှင် (၂)ယောက် နေထိုင်သော အိမ် (၂) လုံးရှိသည်။
ကျိလော်ကျူးကတော့ တစ်ယောက်တည်းသမား ဖြစ်သည့်အတွက် မိသားစုအစား တစ်ယောက်တည်းသာ နေတတ်သည်။ သူကတော့ ဌာနချုပ်၏ အလယ်ခန်းမထဲတွင် နေထိုင်၏။
သူက နယ်မြေကို (၃) ပိုင်းခွဲထားသည်။ တစ်ခုက ဟယ်လာမှ ငိုကြွေးခြင်း အကြီးအကဲအတွက်ဖြစ်ပြီး တစ်ခုကတော့ သူ၏လက်အောက်ငယ်သားများအတွက် ဖြစ်သည်။ နောက်ဆုံးတစ်ခုကတော့ ဤနေရာဖြစ်သည်။
အရိပ်ထဲတွင် မုန့်ချီက ကူချန်းချင်ကို ငြိမ်ငြိမ်နေရန် အချက်ပြလိုက်ပြီး သူ့ကို စိတ်ဝိညာဉ်နှင့် ဖုံးကွယ်ပေးထားသည်။ ထို့နောက် သူက ကန်းကျိအထဲတွင် ရှိမရှိ စစ်ဆေးရန် အမိုးပေါ်သို့ ခုန်တက်လိုက်၏။
"ဒီလောက်နောက်ကျနေတာကိုတောင် သူတို့က အစည်းအဝေးလုပ်နေသေးတယ်... "
ကန်းကျိက အိမ်အလယ်တွင် ထိုင်နေပြီး ယပ်တောင်ကိုခတ်၍ လက်အောက်ငယ်သားများကို အမိန့်ပေးနေကြောင်း မြင်လိုက်ရသည်။
"ကူမိသားစုရဲ့ကိစ္စတွေကို သေမင်းပင်လယ်ထဲမှာရှိတဲ့ လူတိုင်း သိသွားပါစေ ။ သူတို့က အပြင်လူတွေမဟုတ်ကြဘူး... ။ သူတို့က မိသားစုတွေပဲ ။ တကယ်လို့ သူတို့သာ ငါတို့ရဲ့အမိန့်ကို ဆန့်ကျင်ရဲမယ်ဆိုရင် ဒီကိစ္စကို အရင်ဆုံးနမူနာဖြစ်ပါစေ…"
ကန်းကျိက အပြုံးနှင့် ပြောလိုက်သည်။ သူကတော့ အလွန်ထူးခြားသော မျက်နှာပုံစံကြောင့် မှတ်မိရန် အတော်လေး လွယ်ကူလှသည်။
ထိုစကားကိုကြားသည့်အခါ မုန့်ချီက ပို၍ဒေါသထွက်သွားခဲ့သော်လည်း ဒေါသကို ဖိနှိပ်နိုင်ခဲ့သည်။ သူက ကန်းကျိကို သတ်လိုက်ပြီးနောက် သူလုပ်ရမည့် အရာများကို စဉ်းစားရန် လိုအပ်နေသေး၏။
ထို့နောက် သူက ကူချန်းချင်ဆီကို ပြန်သွားခဲ့ပြီး ကန်းကျိက အထဲတွင် ရှိနေကြောင်း လက်ဟန်ခြေဟန်နှင့် အချက်ပြလိုက်သည်။ ခဏကြာစောင့်နေပြီးနောက် ကောင်းကင်ပေါ်သို့တက်လာသော မီးတောက်ကြီးများကို တွေ့လိုက်ရသည်။ အော်သံတစ်ခုကိုလည်း ကြားလိုက်ရ၏။
"မီးဟေ့ မီး မီး... "
ရုတ်တရက်ဆိုသလို စခန်းတစ်ခုလုံးက အုပ်အော်သောင်းနင်း ဖြစ်သွားပြီး လူပေါင်းများစွာ၏ အော်သံများ ထွက်ပေါ်လာခဲ့သည်။
တချို့ကတော့ မီးငြှိမ်းရန် ချက်ချင်းထွက်သွားပြီး တချို့ကတော့ အံ့ဩနေကြသည်။ တချို့ကတော့ အမိန့်ကို စောင့်နေကြ၏။ ကန်းကျိ၏ အကူတစ်ယောက်ဖြစ်သော တံခါး(၇) ပေါက်အဆင့် ပညာရှင်တစ်ယောက်က မီးတောက်ကို စစ်ဆေးရန် ထွက်သွားသည်။ ထိုနေရာတွင် ရန်သူရှိမရှိ စစ်ဆေးရန်လည်း လိုအပ်နေသေး၏။
"အချိန်ကျပြီ…"
ထို့နောက် သူက ပြောင်းလဲမှုကျင့်စဉ်ကို သုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် လွှမ်းခြုံ၍ အမိုးပေါ်သို့ ခုန်တက်လိုက်သည်။ ကူချန်းချင်ကလည်း သူ့နောက်မှ လိုက်လာခဲ့၏။
ကန်းကျိက အလွန်သတိထားနေခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် မြင်းဓားပြ ဒါဇင်ပေါင်းများစွာ ဝိုင်းရံနေပြီး ထိုလူအများစုကတော့ တံခါး (၂) ပေါက် ၊ တံခါး (၄)ပေါက် ပွင့်နေသူများ ဖြစ်ကြသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ပြောင်းလဲမှုကျင့်စဉ်က ကောင်းမွန်စွာ အလုပ်မဖြစ်နိုင်ပေ။
သူက တံခါး (၇) ပေါက်ပွင့်နေသော ပညာရှင်ကို အဝေးသို့ ပို့နိုင်ခဲ့သည်မှာ ကံကောင်းသွား၏။ မုန့်ချီကတော့ သူ စီစဉ်ထားသလို အလစ်ချောင်းတိုက်ခိုက်မှု အဆင်ပြေသည့်အတွက် အတော်လေး ကျေနပ်နေခဲ့သည်။
"ငါတို့တွေက ဘာမှကြောက်စရာမလိုဘူး... "
မုန့်ချီက ကူချန်းချင်၏ မျက်လုံးကို စိုက်ကြည့်လိုက်ပြီး အံကြိတ်လိုက်သည်။ ထို့နောက် သူက ဓားသွားအတူ အောက်သို့ ခုန်ဆင်းလိုက်၏။
သေချာပြင်ဆင်ထားသော ကန်းကျိက နောက်ကိုခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။ သူက ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်း (၃) ခုထွက်ပေါ်လာပြီး တခြားသော မြင်းဓားပြများကလည်း ရှေ့ထွက်လာကြ၏။
အောက်သို့ ကျဆင်းလာသည့်အချိန်တွင် မုန့်ချီက မြေပေါ်သို့ ရောက်သွားသည်နှင့် လျှို့ဝှက်လက်နက် (၃) ခုကို ရင်ဆိုင်လိုက်ရသည်။ သို့သော် သူ့လက်ကတော့ တံတိုင်းတစ်ခုသဖွယ်ဖြစ်နေပြီး လက်နှစ်ဖက်ကို လှုပ်ရှားလိုက်သည်။ သူကတော့ ရပ်တန့်နေခြင်းမရှိဘဲ ထိုဓားသွားများဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့၏။
သူ၏ဘယ်လက်ကိုသုံးပြီး မျက်နှာနှင့် လည်ပင်းကို ကာကွယ်၍ နံရံဆီသို့ ပြေးဝင်သွားခဲ့သည်။ ရှေ့တွင် ရှိနေသော ဓားပြကတော့ အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး နောက်သို့ လွင့်သွားခဲ့သည်။
သူတို့၏ လက်နက်များကပင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ကြောင်း တွေ့လိုက်ရ၏။ သူ၏ရွှေရောင်အရေပြားပေါ်တွင် ရှိနေသော ဒဏ်ရာများ အားလုံးကလည်း သွေးတစ်စက်ပင် ကျဆင်းစေနိုင်ခြင်း မရှိချေ။ တချို့လက်နက်များကတော့ သူ့ကြွက်သားများကြားထဲတွင် ညပ်နေခဲ့၏။
"ဝှီး... "
မုန့်ချီက နေမင်းနီ မကောင်းဆိုးဝါးဓားကိုကိုင်ပြီး အလွန်ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်သည်။ တခဏအတွင်း ခေါင်းပြတ်များက လေထဲသို့လွင့်သွားပြီး ကျန်ရှိနေသော ခန္ဓာကိုယ်များဆီမှ သွေးများ စီးထွက်လာခဲ့သည်။
ခန္ဓာကိုယ်များကလည်း လဲကျသွားခဲ့ပြီး လမ်းတလျှောက်တွင် ရှိနေသော ရန်သူများအားလုံးက ဘေးသို့ရှဲသွားကြသည်။ သူက လေနတ်ဘုရား ခြေလှမ်းသိုင်းကို သုံးနေပြီး ကန်းကျိဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့၏။
ထိုမြင်ကွင်းကြောင့် ကန်းကျိက အလွန်ကြောက်လန့်သွားပုံရသည်။ သူက မုန့်ချီကို စိုက်ကြည့်နေမိခဲ့၏။
ထိုအချိန်တွင် အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခုပေါ်လာပြီး မုန့်ချီ၏ နေမင်းနီ မကောင်းဆိုးဝါးဓားကို ကာကွယ်လိုက်သည်။ သူက နောက်ပြန်ဆုတ်သွားလိုက်သည့် အချိန်တွင် ဓားတစ်လက် ကိုင်ထားသော ပညာရှင်တစ်ယောက်ကို တွေ့လိုက်ရသည်။
သူကတော့ ကျန်ရှိနေသော တံခါး (၇) ပေါက်အဆင့်ပညာရှင် ဖြစ်သည်။ ထိုအရာကို မြင်သည့်အခါ တခြားမြင်းဓားပြများ အားလုံးက မုန့်ချီ၏ အနောက်ဘက်မှနေ၍ ဝိုင်းရံနေကြသည်။
ထိုအချိန်တွင် ကူချန်းချင်က ခြံဝန်းထဲသို့ ပေါ့ပါးစွာ ကျရောက်လာပြီး ကန်းကျိဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။
မုန့်ချီကလည်း တံခါး (၇) ပေါက်အဆင့် ပညာရှင်ဆီသို့ ပြေးဝင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ သူ၏ဓားသွားက လှုပ်ရှားလိုက်သည့်အချိန်တွင် အနီရောင် ဖုန်မှုန့်လေးများ ကျဆင်းလာခဲ့လေသည်။
Translated by Hein Htet