အခန်း (၁၄၃)
Vol. 10 Ch. 143
ရုပ်ပုံများကို ကြည့်၍ စိတ်ဝိညာဉ်လွှဲပြောင်းမှုမျိုးကို ရရှိနိုင်သော်လည်း နားလည်ရန် အလွန်ခက်ခဲလှသည်။ လိင်မှုကိစ္စကို အလွန်တပ်မက်နေသော လူငယ်တစ်ယောက်က မိန်းကလေးတစ်ယောက်ကို လက်ထပ်ပြီးနောက် ရှက်ရွံ့နေသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသလိုမျိုး ဖြစ်သည်။
လူတစ်ချို့အတွက်တော့ အလွန်ကြီးမားသော ခြံဝန်းကြီး တစ်ခုကို ပိုင်ဆိုင်လိုက်ပြီးနောက် ရှင်ဘုရင်တစ်ယောက် ဖြစ်ချင်သော ခံစားမှုမျိုးလည်း ဖြစ်သည်။ တစ်ချို့ကတော့ တခြားလူများ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည့် အစွမ်းမျိုးကို လိုချင်နေသည်။ တစ်ချို့ကတော့ ကန့်သတ်ထားသော နယ်မြေ တစ်ခုထဲတွင် အရာအားလုံးကို ပိုင်စိုးချင်စိတ်ရှိသည်။
မီးခိုရောင်ဆံပင်နှင့် ပညာရှင်ကတော့ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသော ဓားအလင်းရောင်ကို စိုက်ကြည့်နေမိသည်။ ကျိလော်ကျူးက သူ့ရှေ့တွင် ဒူးထောက်နေပြီး သူ့ကို ခွင့်လွှတ်ပေးရန် တောင်းဆိုနေကြောင်း မြင်နေရသည်။
တစ်ချိန်တုန်းကတော့ သူက မြင်းဓားပြများကြားထဲတွင် မတော်တဆ နာမည်ကျော်ကြားလာခဲ့သော ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ကံဆိုးစွာပင် ကျိလော်ကျူးက သူ့ကို ပစ်မှတ်ထားခဲ့ပြီး သူ့လက်အောက်သို့ ဝင်စေခဲ့၏။
ထို့ကြောင့် သူက ကျိလော်ကျူးကို တိုက်ခိုက်ပြီး မကောင်းဆိုးဝါး တောင်တန်းကို အုပ်စိုးရန် အမြဲလိုလို ဆန္ဒ ရှိနေခဲ့သည်။ ထိုသို့ဆိုလျှင် သူက မြင်းဓားပြအဖွဲ့များ၏ အစွမ်းထက်ဆုံး ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်လာနိုင်သည်။
ရုတ်တရက် ဆိုသလို ရင်ဘတ်မှ နာကျင်မှုကြောင့် အစစ်အမှန်လောကဆီသို့ ပြန်ရောက်လာခဲ့သည်။ ဓားသွားတစ်ခုက သူ၏အရေပြားကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်နေကြောင်း တွေ့လိုက်ရ၏။ သူက တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့သော မြင်းဓားပြတစ်ယောက် ဖြစ်သည်။
လက်ရှိသူ၏အစွမ်းအရ မုန့်ချီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည် မဟုတ်ကြောင်း သိနေ၏။ လက်ရှိအချိန်တွင် သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ တန်ပြန်တိုက်ခိုက်ရန်သာ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို နောက်သို့လှန်ချလိုက်ပြီး လက်ထဲတွင် ကိုင်ထားသော ဓားနှင့် မုန့်ချီကို အသေခံ၍ ခုတ်ချလိုက်၏။ ထိုခုတ်ချက်က အရိုးထဲတွင် စိမ့်သွားစေနိုင်သည့် အစွမ်းမျိုးပင် ရှိနေသည်။
မုန့်ချီဆီ၌ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ် ရှိနေသည်ကိုပင် တစ်ကိုယ်လုံး တုန်လှုပ်သွားသေးသည်။ ထိုဓားချက်တစ်ခုတည်းနှင့် မုန့်ချီက တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အေးခဲသွားသလို ထင်မှတ်ရပြီး လှုပ်ရှားမှုကလည်း နှေးကွေးသွားခဲ့သည်။
"သူ့ရဲ့ဓားပညာကလည်း စိတ်ဝိညာဉ်လွှဲပြောင်းမှုကနေ ဆင်းသက်လာတာပဲလား ...."
ထိုဓားဆန္ဒများနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် မုန့်ချီက အေးခဲသွားသလို ခံစားလိုက်ရသည်။
"ချွမ်...."
ဓားချက်က မုန့်ချီ၏ရင်ဘတ် ညာဘက်ခြမ်းသို့ ကျရောက်လာသည့်အတွက် တောက်ပသော ရွှေရောင်အလင်းတန်းပေါ်တွင် အက်ကွဲကြောင်းလေး တစ်ခု ပေါ်လာခဲ့သည်။
ထိုဓားဒဏ်ရာက အရိုးထိအောင် ရောက်နေပြီး ဓားသွားက ကြွက်သားများနှင့် ထောက်သွားခဲ့၏။ ဓားထိပ်ဖျားမှနေ၍ သွေးများ စီးကျလာနေခဲ့သည်။ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ ကာကွယ်မှုသာ မရှိလျှင် သူ၏စွမ်းရည်က ကြောက်စရာ အကောင်းဆုံးဖြစ်သွားနိုင်သည်။ ထိုအရာက မုန့်ချီ၏ အသက်ကိုပင် ယူသွားနိုင်၏။
သို့သော် မီးခိုရောင်ဆံပင်နှင့် အဘိုးအိုကတော့ သူ့ထက်ပို၍ အစွမ်းထက်နေခြင်း မဟုတ်ချေ။ နှေးကွေးသွားခဲ့သော ဓားချက်ကြောင့် မုန့်ချီက သူ့ကို အသေမသတ်နိုင်ခဲ့သော်လည်း ထိုလူ၏ဗိုက်ကိုတော့ ဓားနှင့်ခုတ်နိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အူများ ထွက်ကျလာခဲ့၏။ သူ၏ ဒဏ်ရာက အဆပေါင်းများစွာပို၍ ဆိုးရွားနေသည်။ သူ့ဆီတွင်တော့ မုန့်ချီကဲ့သို့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ကာကွယ်မှုမျိုး မရှိခဲ့ပေ။
မုန့်ချီက စိတ်ဝိညာဉ်လွှဲပြောင်းမှု ဆက်ခံထားရသော ပညာရှင်တစ်ယောက်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းတော့ မဟုတ်ချေ ။ ကူရှောင်စန်း၏ အဂတိ လက်ညှိုးက ပို၍ကြောက်စရာကောင်း၏။
သို့သော် မြင်းဓားပြတစ်ယောက်က ထိုအစွမ်းမျိုး ရှိလိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။ ဘာကြောင့် ထိုမျှ ထူးခြားဆန်းကြယ်သော လှုပ်ရှားမှုမျိုးကို သူတို့က ကျွမ်းကျင်ရန် လွယ်ကူနေရသနည်း။ ထိုအရာက မတော်တဆမှုတစ်ခုသာ ဖြစ်နိုင်သည်။
မုန့်ချီကတော့ နောက်ဆုတ်ရန် ရွေးချယ်ခဲ့ခြင်း မရှိဘဲ ရှေ့ဆက်၍ တိုးခဲ့၏။ သူက တိုက်ပွဲကို မြန်မြန်အဆုံးသတ်ချင်နေပြီး အချိန်ဆွဲ၍ တိုက်ခိုက်လိုခြင်း မရှိချေ။ ထို့ကြောင့် သူက တွေဝေနေခြင်း မရှိသလို ကြောက်လန့်နေခြင်းလည်း မရှိချေ။
သူက ဒဏ်ရာကို လျစ်လျူရှူလိုက်ပြီး ဓားသွားနှင့် သူ့မျက်နှာကို ချိန်လိုက်၏။ ထိုအချိန်၌ မျက်ခုံးကြားထဲတွင် အနည်းငယ် ဖောင်းလာပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သည်။ ထို့နောက် ပြိုင်ဘက်ကို ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်၏။
တစ်ဖန် ဘယ်လက်နှင့် ရေခဲပေါ်တယ်ဓားကို ဆွဲထုတ်လိုက်ပြီး အပေါ်သို့ မြှောက်လိုက်သည်။ ထိုအရာက ဖိတ်ခေါ်နေသော အမူအရာတစ်ခု ဖြစ်၏။
မီးခိုရောင်ဆံပင်နှင့် ပညာရှင်ကလည်း သူ့ဓားနှင့် ခုခံလိုက်သည်။ သူက ဒဏ်ရာကို တည်ငြိမ်အောင် ကြိုးစားနေသည့်အချိန်တွင် နားထဲ၌ အူသွားသလို ခံစားလိုက်ရ၏။ သွေးအမြောက်အများ ဆုံးရှုံးထားရသည့်အတွက် သူ၏ခေါင်းထဲတွင် မူးဝေလာပြီး ပို၍ပင် ဒယိမ်းဒယိုင်ဖြစ်လာခဲ့သည်။
သူက မိန်းမောနေသည့်အချိန်တွင် ဓားအလင်းတန်းတစ်ခုက သူ့ဆီကို ရောက်လာကြောင်း တွေ့လိုက်ရ၏။ ထိုဓားက အလွန်သန့်စင်တောက်ပပြီး သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။ ထိုအရာက ယမမင်း၏ ဆင့်ခေါ်မှုကဲ့သို့ ထင်မှတ်ရသည်။ သူက ဓားနှင့် ကာကွယ်ရန် အလွန်နောက်ကျသွားပြီဖြစ်၏။
မုန့်ချီကတော့ သူ့ကို လှည့်မကြည့်တော့ပဲ ဓားကို ရုတ်သိမ်း၍ ကန်းကျိဆီကို ပြေးဝင်သွားခဲ့သည်။ သူ၏မျက်ခုံးကြားထဲတွင်တော့ သွေးများ စီးကျလာနေပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေခဲ့၏။
ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များက သူတို့ဆီကို ရောက်လာကြသည့် အချိန်တွင် တိုက်ပွဲလျင်မြန်စွာ ပြီးဆုံးသွားသည့်အတွက် ကျန်ရှိနေသော မြင်းဓားပြများက အံ့ဩနေကြ၏။ သို့သော် ထိုတိုက်ပွဲကတော့ ရပ်တန့်၍ ရမည့်ပုံ မရှိသေးပေ။ တံခါး(၈)ပေါက်အဆင့် ခေါင်းဆောင်များ၏ လက်အောက်တွင် နံပါတ်(၁) တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်သော လော်အေသက် မရှိတော့ပေ။
"ဒါက ဘယ်လိုဖြစ်ရတာလဲ ...."
လော်ဟွေ့က အလွန်အံ့ဩစရာကောင်းသောအရာတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ဝေ့ကျင်းအဆင့် ဓားပညာတစ်ခုကို အမွေဆက်ခံရထားခဲ့သည်။ သူက အရိုးအေး ဓားကွက်ကို လေ့ကျင့်ထားခဲ့၏။ တံခါး (၈)ပေါက်အဆင့် ရှိနေသော ခေါင်းဆောင်များကပင် သူနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သေချာပေါက် အနိုင်ရမည်ဟု မပြောနိုင်ကြပေ။ သို့သော် ထိုလူငယ်လေးကတော့ မိနစ်အနည်းငယ်အတွင်း သူ့ကို သတ်ပစ်နိုင်ခဲ့သည်။
"တော်တော်လေးကို ကြောက်စရာ ကောင်းတာပဲ ...."
ခဏကြာပြီးနောက် သူတို့၏ ခြေလှမ်းများက နှေးကွေးသွားကြသည်။ သူတို့၏ အဖော်များက မုန့်ချီဆီကို အရင်ဆုံး ပြေးဝင်သွားအောင် စောင့်ဆိုင်းနေကြ၏။
သူတို့ကဲ့သို့ပင် လော်ဟွေ့က ဓားချက်(၂)ချက်အတွင်း သေဆုံးသွားလိမ့်မည်ဟု ကန်းကျိကလည်း မထင်ထားခဲ့ပေ။ သူကတော့ ပြင်ဆင်ထားခဲ့သော အရာများကို သုံးရန်ပင် မတွေးမိတော့ပေ။ သူ့စိတ်ထဲတွင် အကြောက်တရားများသာ လွှမ်းမိုးလာခဲ့၏။ သူက ထိုလူငယ်ကို ရင်ဆိုင်ရဲခြင်း မရှိတော့ပဲ ချက်ချင်း လှည့်ပြေးသွားခဲ့သည်။ သူက ခြံဝန်းထဲမှ ထွက်ပြေးပြီး မြင်းဓားပြများဆီသို့သွားရန် စီစဉ်ထားခဲ့၏။
မုန့်ချီက လေအရိပ်ဖမ်းဆီးခြင်း သိုင်းကွက်ကို သုံးလိုက်သည်။ တခဏအတွင်း သူတို့၏ အကွာအဝေးက နီးကပ်လာခဲ့၏။ ကန်းကျိကတော့ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့ပြီး အစွမ်းကုန် ပြေးနေခဲ့သည်။ သူကတော့ နောက်မှလိုက်လာသော မကောင်းဆိုးဝါးကိုသာ မျက်ခြေပြတ်ချင်နေ၏။
ထိုအချိန်တွင် ကူချန်းချင်က သူ့ရှေ့တွင် ပေါ်လာပြီး သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့သည်။ ကန်းကျိက သူ၏ပရိယာယ် မာယာများကိုသာ ဂုဏ်ယူနေခြင်းဖြစ်ပြီး သူ၏သိုင်းပညာကို ဂုဏ်ယူနေခြင်း မဟုတ်ချေ။ သူက သူသေကိုယ်သေ တိုက်ခိုက်လိုခြင်း လုံးဝမရှိချေ။
ဒေါသများ၊ လက်တုန့်ပြန်ချင်စိတ်များ ပြည့်နေသောကူချန်းချင်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူက ဘေးတစ်ဖက်မှနေ၍ ကျော်သွားရန် ကြိုးစားလိုက်သည်။ သူက ကျောက်တုံးတစ်တုံးနှင့် မာကျောသော နေရာတစ်ခု၏ ကြားထဲတွင် ပိတ်မိနေသည့်အလား သူ့ဘဝတစ်လျှောက်လုံးတွင် ထိုမျှစိတ်ဓာတ်ကျဖွယ် အခြေအနေမျိုးကို လုံးဝမကြုံဖူးသေးချေ။
ထိုအချိန်တွင် ခြံဝန်း၏အပြင်ဘက်မှနေ၍ အရိပ်တစ်ခု ပျံသန်းလာခဲ့သည်။ ထိုအရိပ်က ဧရာမ သိန်းငှက်ကြီး တစ်ကောင်ကဲ့သို့ မုန့်ချီ၏ခေါင်းကို လက်သည်းနှင့် ကုတ်လိုက်၏။
"ခေါင်းဆောင်ဟုန် ပြန်လာပြီ .."
ထိုအရာက အခြေအနေလွှဲမှားနေကြောင်း နားလည်သွားသော တံခါး (၇)ပေါက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။ သူက ပြန်လှည့်လာခဲ့ခြင်းဖြစ်၏။ သူ့ကို မြင်သည့်အချိန်တွင် တခြားသော မြင်းဓားပြများကလည်း အော်ဟစ်ပြီး ပြေးဝင်လာကြ၏။
လော်ဟွေ့နှင့် အတူတူနေခဲ့ဖူးသည့်အတွက် ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုကို သုံးရန် စွမ်းအင်အမြောက်အများ လိုအပ်ကြောင်း သူတို့က သိနေကြသည်။ ယခု သူတို့ဆီတွင် အစွမ်းထက်သော ပညာရှင်တစ်ယောက် ရှိနေသည့်အတွက် သူတို့၏ အကြောက်တရားများက ပျောက်ကွယ်သွားပြီး အကျိုးအမြတ်များ ရရှိရန်သာ မျှော်လင့်နေကြသည်။
ကန်းကျိကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ နောက်ဆုံးတွင်တော့ လူတစ်ယောက်က သူ့ကို လာကယ်နေပါပြီ။ သူက ချက်ချင်းပင် ကိုယ်ရှိန်သတ်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်၏။ ထို့နောက် သံယပ်တောင်နှင့် ကူချန်းချင်၏မျက်နှာကို ရိုက်ချလိုက်သည်။
ထိုလူငယ်က လူကောင်းတစ်ယောက်ဖြစ်ပုံရသော်လည်း သူနှင့် အငြိုးအတေးများ ရှိပုံရသည်။ သူ့နောက်မှ လိုက်လာသော မကောင်းဆိုးဝါးကလည်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် သို့မဟုတ် ပြိုင်ဘက်ကင်း မိုးကြိုးကျင့်စဉ်ကို ကျွမ်းကျင်ထားပုံရသည်။
သူက သူတို့၏ အဆင့်အတန်းကို မခန့်မှန်းမိပဲ နေမည်လော။ မူလတုန်းကတော့ သူတို့က တစ်လကြာသွားသော်လည်း သတင်းမကြားရသည့်အတွက် အလယ်ပိုင်းနယ်မြေကို ပြန်သွားပြီဟု တွေးမိခဲ့သည်။ ထိုသတင်းကလည်း ပျံ့နှံ့နေသည့်အတွက် သူက သတိလွှတ်သွားခဲ့ခြင်းဖြစ်၏။ သူတို့ (၂)ယောက်က တန်ဟန်တွင် ရှိနေမည်ဟု မည်သူကရော တွေးမိမည်နည်း။
"ဒီကလေးက ခရီးသွားနေတဲ့အချိန်မှာ မျက်လုံးတံခါးပွင့်နေရုံပဲ ရှိနေသေးတယ်..။ အခုတော့ သူက တံခါး (၄)ပေါက် ပွင့်တဲ့အဆင့်ကို ရောက်နေပြီ .။ ဒါပေမယ့် သူက တံခါး (၇)ပေါက် အဆင့်ရှိတဲ့ ပညာရှင် တစ်ယောက်ထက်တောင် ပိုပြီးတော့ အစွမ်းထက်နေသေးတယ် ."
ကူချန်းချင်ကတော့ ကန်းကျိ၏ တိုက်ခိုက်မှုကို ဆက်လက်ခုခံနေခဲ့သည်။ သူက မျှော်လင့်နေခဲ့သော အရာတစ်ခုကို ရရှိသွားသည့်အလား စိတ်သက်သာရာ ရနေပုံရ၏။ သူက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သူ့ဓားနှင့် ကန်းကျိ၏ သေစေနိုင်သော နေရာ(၄)ခုကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ထိုအရာက ထိပ်တန်းဓား(၅)ကွက်ဖြစ်ပြီး ကူမိသားစု၏ အစွမ်းထက်ဆုံး ဓားသိုင်းပညာတစ်ခုလည်း ဖြစ်သည်။ သူက သူ့အသက်ကို စွန့်လွှတ်ရန် ပြင်ဆင်ထားခြင်း မရှိလျှင် ထိုဓားသိုင်းကို အသုံးပြု၍ မရနိုင်ပေ။
တံခါး(၇)ပေါက်အဆင့် ပညာရှင်က သိန်းငှက်တစ်ကောင်ကဲ့သို့ ပျံသန်းလာသည်ကို မြင်သည့်အချိန်တွင် မုန့်ချီက အံ့ဩသွားခြင်းမရှိချေ။ သူက စိတ်ဝိညာဉ်ကို ဆူးတစ်ချောင်းအဖြစ် စုစည်းပြီး ပြိုင်ဖက်ကို တိုက်ခိုက်လိုက်သည်။
ထို့နောက် ဘယ်လက်တွင် ရှိနေသော ဓားကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်မှ ရောက်လာသော လက်သည်းကို ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်နှင့် ရင်ဆိုင်လိုက်၏။ သူကတော့ မည်သည့်အရာကိုမျှဂရုမစိုက်နိုင်တော့ပေ။
သူက သိမ်းငှက်လက်သည်းနှင့် ရင်ဆိုင်ရာတွင် လုံးဝခုခံခြင်းမရှိဘဲ ရှေ့တိုး၍ တိုက်ခိုက်လိုက်၏။ အလွန်ကြောက်စရာကောင်းသော ဓားအလင်းရောင်က မြင်းဓားပြများအားလုံး၏ရှေ့တွင် နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။
ထိုအလင်းရောင် ပေါ်လာသည့်အချိန်တွင် အဖြေတစ်ခုလည်း ပေါ်လာခဲ့၏ ။ ထိုဓားက နောက်ပြန်ဆုတ်ရန်လည်း မလိုအပ်တော့ပေ။
တံခါး(၇)ပေါက်အဆင့် ပညာရှင်ကတော့ အပေါ်ဘက်မှ တိုက်ခိုက်ရသော သိမ်းငှက်လက်သည်း တိုက်ခိုက်မှုကို လေ့ကျင့်ထားသည်။ အကယ်၍ သူသာ မြေပြင်ပေါ်၌ တိုက်ခိုက်နေမည် ဆိုလျှင် ကိစ္စမရှိချေ။ သို့သော် လေထဲတွင်တော့ ထိုတိုက်ခိုက်မှုက အလွန်အရေးပါ၏။
အလွန်တောက်ပသော ဓားအလင်းရောင်ကြောင့် သူတို့အားလုံးက မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။ ဓားအလင်းရောင် မှေးမှိန်သွားသည့်အချိန်တွင် လူတစ်ယောက်က လဲကျသွားပြီး အနိုင်ရသူတစ်ယောက်တည်းသာ ရပ်နေခဲ့၏။
ထိုအရာကတော့ နဖူးကို လက်နှင့်အုပ်ထားသော မုန့်ချီဖြစ်သည်။ သူ၏မျက်ခုံးကြားထဲတွင်တော့ အလွန်နက်ရှိုင်းသော ကုတ်ရာကြီးတစ်ခုရှိသည်။ ထိုကုတ်ရာကြောင့် သူ၏မျက်နှာပေါ်တွင် သွေးများ ပြည့်နှက်နေခဲ့၏။
ထိုအရာက တစ်လက်မပင်မရှိသော်လည်း ရန်သူ၏ တိုက်ခိုက်မှုကိုတော့ လုံးဝတားဆီးနိုင်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သည့်အချိန်တွင် သိန်းငှက်လက်သည်းဆီတွင် အားနည်းချက်များ ပေါ်လာခဲ့ရ၏။ သူ၏ရွှေခေါင်းလောင်း အကာအကွယ်ကလည်း ပျက်စီးသွားရပြီး နဖူးပေါ်တွင်စုတ်ပြဲသွားရသည်။
အကယ်၍ ပြိုင်ဘက်ကသာ သူ့အသက်ကို မနှမြောလျှင် သူနှင့် မုန့်ချီတို့ (၂)ယောက်လုံး သေဆုံးသွားနိုင်သည်။ ထိုသိုင်းကွက်က သူသေကိုယ်သေ တိုက်ခိုက်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး ရဲရင့်သူကသာ အနိုင်ရနိုင်သည်။
ရေခဲပေါ်တယ်ဓားကို ရုတ်သိမ်းလိုက်ပြီးနောက် မုန့်ချီက ဓားပေါ်တွင် ရှိနေသော သွေးများကို ကြည့်လိုက်သည်။ ထို့နောက် သူက ကန်းကျိဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်သွားခဲ့၏။
ကျန်ရှိနေသော တံခါး(၇)ပေါက်အဆင့် ပညာရှင်လည်း အသတ်ခံလိုက်ရပြီ ဖြစ်သည်။ အခန်းထဲတွင် နောက်ထပ် တံခါး(၇)ပေါက်အဆင့် ရှိနေသော ပညာရှင်တစ်ယောက်မျှ မကျန်တော့ပေ။
အစောပိုင်းတွင် တိုက်ခိုက်ရန် အသင့်ဖြစ်နေသော မြင်းဓားပြများအားလုံးက အံ့ဩသွားကြသည်။ ထိုမကောင်းဆိုးဝါးက သူတို့ရှေ့တွင် တံခါး (၇)ပေါက်အဆင့် ပညာရှင်များအားလုံးကို သတ်ပစ်လိုက်သည်မှာ ကြက်ကလေး၊ ငှက်ကလေးများကို သတ်လိုက်သလို ဖြစ်နေသည်။ အကယ်၍ သူတို့ကသာ သွားရောက်စိန်ခေါ်နေလျှင် ဘာလုပ်နိုင်မည်နည်း။
မည်သူက အရင်ဆုံးသွား၍ အသေခံမည်နည်း။ အကယ်၍ သူတို့က သေမှာကို မကြောက်လျှင်ပင် လူသားသဘာဝ အကြောက်တရားများ ရှိနေသေး၏။ အချိန်တိုအတွင်း တံခါး(၇)ပေါက်အဆင့် ပညာရှင်(၂)ယောက်ကို သုတ်သင်ရှင်းလင်းနိုင်သည့်အတွက် သူတို့၏စိတ်ပိုင်းဆိုင်ရာခွန်အားက အတော်လေး အားနည်းသွားကြသည်။
သူတို့က ချက်ချင်းပင် လူခွဲသွားကြပြီး သူတို့၏ခြံဝန်းထဲမှထွက်၍ သူတို့၏ အိမ်ကို ပြေးသွားကြသည်။ သူတို့က ဓားပြတိုက်ထားသော ပစ္စည်းများကို ယူပြီး ဤမကောင်းဆိုးဝါး၏ လက်ထဲမှ ဝေးဝေးပြေးချင်စိတ်သာ ရှိနေခဲ့၏။
ကန်းကျိကတော့ အလွန်ကြောက်လန့်သွားသည့်အတွက် ဒူးပင်မခိုင်တော့ပေ။ သူက ကူချန်းချင်၏ အကြောက်အလန့်မရှိ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရင်း တစ်ကိုယ်လုံးတုန်လှုပ်နေခဲ့၏။ သူက ထွက်ပြေးရန် အခွင့်အရေးတစ်ခု တွေ့သည့်အချိန်တွင် မုန့်ချီက ဖမ်းမိသွားသည်။
တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က သူ့ရှေ့တွင် ရောက်လာပြီး တားဆီးထားသည့်အတွက် သူလည်း မြေပေါ်သို့ လဲကျသွားခဲ့၏။ အမှန်အတိုင်းပြောရလျှင် သူ့ဆီ၌ အသက်ကယ်နည်းလမ်းတစ်ချို့ ရှိနေသေးသည်။
တစ်ချို့သောနည်းလမ်းများက မုန့်ချီနှင့် ကူချန်းချင်တို့ကိုမသတ်နိုင်သော်လည်း သူ ထွက်ပြေးနိုင်အောင် ကူညီပေးနိုင်သည်။ သို့သော် တံခါး(၇)ပေါက်အဆင့် ပညာရှင်(၂)ယောက် သေဆုံးသွားသည့်အတွက် သူက အလွန်ကြောက်လန့်သွားခဲ့ပြီး ထိုအရာများကို အသုံးပြုရန်ပင် သတိမရတော့ပေ။ သူ့စိတ်ထဲတွင် ထွက်ပြေးချင်စိတ်သာ ရှိနေခဲ့၏။
ကူချန်းချင်က သူ့ဆီကိုရောက်လာပြီး သူ၏သွေးကြောအားလုံးကို ပိတ်လိုက်သည်။
"ငါတို့က သူ့ကို ခေါ်သွားမှာလား...."
ကူချန်းချင်က မုန့်ချီကိုမော့ကြည့်လိုက်သည်။ သူက နေရာတစ်ခု ရှာပြီး ကန်းကျိကို သေချာနှိပ်စက်ချင်နေ၏။ သို့သော် သူတို့ထွက်ပြေးရန် အစီအစဉ် ရှိနေသေးသည်။
မုန့်ချီ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိချေ။
"ငါတို့က ထွက်ပြေးမှာ မဟုတ်ဘူး..."
ထွက်ပြေးခြင်းဟူသည်မှာ သူတို့လုပ်ခဲ့သောအရာများကို ရင်မဆိုင်ရဲသည့်အရူးများ လုပ်ဆောင်ခြင်းသာ ဖြစ်သည်။
ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်က တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်ကဲ့သို့ စွမ်းအားမြောက်များစွာ မကုန်သော်လည်း သာမာန်သိုင်းကွက်များကို မယှဉ်နိုင်ပေ။
သေမျိုးဖုန်မှုန့် ကျဆင်းခြင်းနှင့် ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို (၂)ကြိမ် သုံးလိုက်ပြီးနောက် မုန့်ချီ၏စွမ်းအားများက သိသိသာသာ လျော့ကျနေခဲ့သည်။ သူက ယခုတစ်ကြိမ် စွန့်လွှတ်မှုကျင့်စဉ်ကို မသုံးလျှင် အစွမ်းထက်သော မြင်းဓားပြများကို အနိုင်ရနိုင်တော့မည်မဟုတ်ချေ။
သို့သော် ယခုတော့ တခြားစခန်းတွင် ရှိနေသော မြင်းဓားပြများကလည်း တစ်စုံတစ်ခု လွဲမှားကြောင်း သိသွားသည့်အတွက် စုရုံးနေကြသည်။ သူတို့က စုစုပေါင်းလူ(၁၀၀)ခန့် ရှိနေပြီး သူတို့ထဲတွင် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များလည်း နည်းပါးမှု မရှိချေ။
"အကုန်လုံးပေါင်းပြီး ငါတို့ရဲ့ဆရာကြီးကို ကယ်ကြမယ်..."
လူတစ်ယောက်က အော်ဟစ်လိုက်၏။
သူတို့က မည်သည့်အရာကို လုပ်နိုင်မည်ဖြစ်ကြောင်း သေချာမသိသော်လည်း ရဲစွမ်းသတ္တိ ရှိနေကြသေးသည်။ သူတို့က စုပေါင်းအစွမ်းကိုသုံးပြီး ပတ်ပတ်လည်မှနေ၍ ကန်းကျိကို ကယ်တင်ရန် ကြိုးစားလာကြ၏။
ထိုအချိန်တွင် အလောင်းတစ်လောင်းက မြေပေါ်သို့ပြုတ်ကျလာခဲ့သည်။
"အဲဒါက ဆရာကြီးလော်ပဲ...။ ဆရာကြီးလော်က သေသွားပြီလား...."
အာမေဍိတ်သံများ ထွက်ပေါ်လာပြီး မြင်းဓားပြများ၏ခြေလှမ်းများက နှေးကွေးသွားခဲ့သည်။ သူတို့ ၏ရှေ့တွင် ရှိနေသော ခြံဝန်းက ကျားရဲအသိုက်တစ်ခုသဖွယ် ပြောင်းလဲသွားသလို ထင်မှတ်ရ၏။
နောက်ထပ်အလောင်းတစ်ခုက သူတို့၏ရှေ့တွင် ပေါ်လာခဲ့သည်။
"ဒါက ခေါင်းဆောင်ဟုန်ပဲ....။ ခေါင်းဆောင်ဟုန်ကလည်း သေသွားပြီ..."
တီးတိုးအသံများ ထွက်ပေါ်လာခဲ့ပြီး မြင်းဓားပြများက ခြေလှမ်းများ ရပ်သွားကြသည်။ သူတို့စခန်းတွင် ရှိနေသော တံခါး(၇)ပေါက်အဆင့် ပညာရှင်(၂)ယောက်က သေဆုံးသွားပြီဖြစ်သည်။ ရန်သူက မည်မျှကြောက်စရာကောင်းနေသနည်း။ ထိုအရာက ကျားရဲအသိုက်တစ်ခု မဟုတ်ဘဲ နဂါးကန်တစ်ခုဖြစ်နေသည်။
ထိုလူသေအလောင်းနှစ်ခုကို ပစ်လိုက်ပြီး နောက် မုန့်ချီက သူ၏အင်္ကျီလက်ကို စုတ်ဖြဲလိုက်ပြီး ရွှေရောင်ခန္ဓာကိုယ်ပေါ်ရှိ သွေးထွက်နေသော ဒဏ်ရာများကို ပြသလိုက်သည်။ သူက ခြံဝန်း၏အပြင်ဘက်တံခါးရှေ့သို့ ကန်းကျိကို ဆွဲခေါ်လာခဲ့၏။ ထို့နောက် သူက မြင်းဓားပြ(၁ဝဝ)ကျော်၏ရှေ့တွင် အော်ဟစ်လိုက်သည်။
ခြံဝန်းထဲမှ လူတစ်ယောက် ထွက်လာသည်ကို မြင်သည့်အခါ မြင်းဓားပြများက နောက်ဆုတ်သွားခဲ့ကြ၏။ ထိုအရာက ဘယ်ဘက်ပုခုံးနှင့် ညာဘက်ပုခုံးတွင် သွေးများစီးကျနေသော လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် အကြောက်တရားအနည်းငယ်လေးပင် မရှိပေ။ သို့သော် အတော်လေး ကြောက်စရာကောင်း၏။ သူက ငရဲမှတက်လာသော ငရဲသားတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။
မုန့်ချီက သူ့ဓားကိုဝှေ့ယမ်းလိုက်၏။
"ဒီနေ့ငါက မကောင်းဆိုးဝါးတောင်တန်းကို ဖျက်စီးပစ်မယ်..။ ဒီအလောင်း(၃)လောင်းကတော့ နမူနာပဲ..."
ထို့နောက် သူက အနီးဆုံးတွင် ရှိနေသော မြင်းဓားပြတစ်ယောက်ဆီသို့ ပြေးဝင်သွားပြီး ဓားနှင့်ခုတ်ချလိုက်သည်။ သွေးများက ပတ်ပတ်လည်သို့ ပြန့်ကျဲသွားခဲ့၏။
"သူက မိုးကြိုးဓား မကောင်းဆိုးဝါးကိုယ်တော်ပဲ..."
ပထမတွင်တော့ အနီးအနားတွင် ရှိနေသော မြင်းဓားပြများအားလုံးက အံ့ဩမှင်တက်သွားကြသည်။ ထို့နောက် သူတို့က အခြေအနေကို နားလည်သွားပြီး အသက်ရှင်ခွင့်ရရန်အတွက် ထွက်ပြေး သွားကြ၏။
တံခါး(၇)ပေါက် ပွင့်နေသော ပညာရှင်များကပင် ခုခံနိုင်ခြင်းမရှိဘဲ သတ်ပစ်ခံလိုက်ရသည်။ သူတို့က ဘာလုပ်နိုင်မည်နည်း။ ထို့ပြင် ကန်းကျိကလည်း အသတ်ခံရမည့်ပုံရှိသည်။ တစ်ဖက်လူဆီတွင် ဝေ့ကျင်းအဆင့်စွမ်းရည်လည်း ရှိနေပုံရ၏။
မြင်းဓားပြများက အဝေးသို့ ထွက်ပြေးသွားကြပြီး ပစ္စည်းများကို ယူဆောင်နေကြသည်။ နောက်တွင် ရှိနေသောမြင်းဓားပြများကလည်း ပြိုလဲလုနီးပါး ဖြစ်နေ၏။ သူတို့ကလည်း မသေချင်ကြသည့်အတွက် ထွက်ပြေးသွားကြလေသည်။
မုန့်ချီက သူ၏ဓားကြီးကို ဝှေ့ယမ်းပြီး မြင်းဓားပြများ၏နောက်သို့ တိရစ္ဆာန်မောင်းသည့်ပမာ လိုက်လံတိုက်ခိုက်နေခဲ့၏။
ကျန်းချင်ကတော့ တံခါးရှေ့တွင် ရပ်နေပြီး ထိုမြင်ကွင်းကို မှင်တက်စွာ ကြည့်နေမိခဲ့သည်။ မုန့်ချီတစ်ယောက်တည်းကြောင့် လူ(၁ဝဝ)ခန့်က အသက်လု၍ ပြေးနေသည်ကို မြင်သည့်အခါ သူလည်း အံ့ဩနေခဲ့လေသည်။
Translated by Hein Htet.