← Chapters

အခန်း (၁၄၄)

Vol. 10 Ch. 144

အခန်း (၁၄၄)

Vol. 10 Ch. 144

မုန့်ချီက အလွန်ကြောက်စရာကောင်းသော်လည်း အမှန်အတိုင်းပြောရလျှင်တော့ သူက သတ်ရလွယ်ကူသော ပစ်မှတ်များကိုသာ ရွေးချယ်နေခြင်းဖြစ်၏။

ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် သူက ချီစုဆောင်း‌ရေးအဆင့် ဓားပြများကိုသာ သုတ်သင်နေခြင်းဖြစ်ပြီး တစ်ကြိမ်တည်းနှင့် သတ်ပစ်၍ ရနိုင်သူများကို စစ်ဆေး၍ တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ လိုက်လံသတ်ဖြတ်နေမှုကြောင့် မြင်းဓားပြများအားလုံးက ပတ်ပတ်လည်သို့ ပြန့်ကျဲသွားကြသည်။

ထို့ပြင် လောင်ကျွမ်းနေသော မီးတောက်များက အရှုပ်‌အထွေးကို ပိုကြီးလာစေပြီး မကောင်းဆိုးဝါး တောင်တန်းကြီးတစ်လုံးက ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ အခြေအနေကို နားမလည်သေးသော မြင်းဓားပြများကပင် သူတို့၏ နောက်မှနေ၍ ပြေးလိုက်သွားကြ၏။ သူတို့ကို ကြည့်ရသည်မှာ ဆီပူအိုးထဲသို့ တင်လိုက်သော ပုရွက်ဆိတ်များကဲ့သို့ဖြစ်သည်။ ‌

တချို့ကတော့ သူတို့၏ အိမ်သို့ ပြန်ပြေးသွားကြပြီး သူတို့၏ လက်ဝတ်ရတနာများကို အလျင်အမြန်ထုတ်ပိုး၍ ချက်ချင်းထွက်ပြေးသွားကြသည်။ တချို့ကတော့ စခန်းတံခါးဆီသို့သာ အတည့်အတိုင်း ထွက်ပြေးသွားကြ၏။ လူအနည်းစုကတော့ နေရာတိုင်းတွင် ‌မီးမွှေးနေပြီး စခန်းထဲရှိ ပိုင်ဆိုင်မှုများကို သိမ်းကြုံးယူနေကြသည်။

စခန်းတစ်ခုလုံးတွင် အော်ဟစ်သံများ ပြည့်နှက်နေပြီး မီးတောက်များ လောင်ကျွမ်းနေသည်မှာ အသူရာငရဲကြီးတစ်ခုကဲ့သို့ ထင်မှတ်ရ၏။

မြင်းဓားပြတစ်ယောက်ကို သတ်ပစ်လိုက်ပြီးနောက် မုန့်ချီက ဆက်မလိုက်တော့ပဲ သူတို့ကို ထွက်ပြေးခွင့်ပေးလိုက်သည်။ လက်ရှိအချိန်တွင် ကျိလော်ကျူး ကိုယ်တိုင်ပြန်လာခြင်းက လွဲလျှင် မည်သူမျှ အ‌ခြေအနေကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ သို့သော် မုန့်ချီကလည်း သူ၏အစွမ်းနှင့် မြင်းဓားပြတိုင်းကို သတ်ပစ်ရန်လည်း လုံးဝမဖြစ်နိုင်ပေ။

ခဏကြာပြီးနောက် စခန်းတစ်ခုလုံး ရှင်းလင်းသွားပြီး မြင်းဓားပြရာပေါင်းများစွာက တောင်တန်းများကြားထဲတွင် ပျောက်ကွယ်သွားကြသည်။ မုန့်ချီက သွေးစွန်းနေသော ဓားကို ယူပြီး သူ့ဆရာတူ ညီလေးကို တီးတိုးလှမ်းခေါ်လိုက်၏။

ထို့နောက် သူက ကန်းကျိ၏ ခြံဝန်းထဲသို့ ပြန်လျှောက်သွားခဲ့ပြီး သူ၏ ပိုင်ဆိုင်မှုများကို ယူဆောင်နေခဲ့သည်။ မုန့်ချီကတော့ တံခါး(၇)ပေါက် ပွင့်နေသော ပညာရှင်နှစ်ယောက်၏ ပိုင်ဆိုင်မှုများကိုတော့ ရှာဖွေရန် စိတ်ဝင်စားခြင်း မရှိသေးချေ။

သို့သော် ထိုခြံဝန်း(၃)ခုက မြင်းဓားပြများ စတင် ပြိုကွဲသွားသည့်နေရာဖြစ်သည်။ မည်သည့် မြင်းဓားပြကမှ ပစ္စည်းများကို ယူဆောင်ခြင်းမရှိသည့်အတွက် ဤနေရာ‌တွင် ပစ္စည်းများ ကျန်ရှိနေနိုင်သေးသည်။ ထို့ကြောင့် ထိုခြံဝန်း(၃)ခုကသာ ရှာဖွေရန် ထိုက်တန်၏။

"အစ်ကိုကြီး…

အစ်ကိုကြီးက မကောင်းဆိုးဝါးတောင်တန်းကို တစ်ယောက်တည်း ရှင်းလိုက်တာဆိုတော့ သေချာပေါက် နာမည်ကျော်တော့မယ်…"

ကျန်းဟွေက အတော်လေးစိတ်လှုပ်ရှားစွာ ခုန်နေခဲ့သည်။ သူကတော့ သိုင်းလောက အရေးများကို အလွန်စိတ်ဝင်စားနေခဲ့၏။

ဖုန်များ၊ မီးခိုးများနှင့် တစ်ကိုယ်လုံးညစ်ပတ်ပေတူးနေသော သူ့ဆရာတူ ညီလေးကိုကြည့်ပြီး မုန့်ချီက အားရပါးရရယ်လိုက်၏။

"မကောင်းဆိုးဝါးတောင်တန်းကို ဖျက်ဆီးလိုက်တာက ငါတို့(၃)ယောက်ပါ။ အစ်ကိုတစ်ယောက်တည်း မဟုတ်ပါဘူး ။ ညီလေး…မင်းလည်း သိပ်မကြာခင် နာမည်ကြီးတော့မှာပါ…"

"တကယ်ပဲလား…"

ကျန်း‌ဟွေက ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ သူက နာမည်ကြီးမှုကို စိတ်မဝင်စားသော်လည်း ပျော်ရွှင်နေသည်။

"ဟုတ်တယ်…။ ညီလေးက သူတို့ရဲ့ စခန်းကို မီးရှို့ပြီး နှောင့်ယှက်ခဲ့တဲ့ သူရဲကောင်းကြီးတစ်ယောက်ပဲလေ…"

မုန့်ချီက သူ၏ဆရာတူညီလေးကို ချီးကျူးနေခဲ့၏။

ကျန်းဟွေက ဝမ်းသာအားရ ခေါင်းညိတ်ပြီး ကျေနပ်စွာ ပြောလိုက်သည်။

"ကျွန်တော်က ဘယ်လိုနာမည်မျိုးကို ရမှာလဲ။ အစ်ကိုကြီးကို သူတို့က မိုးကြိုးဓား မကောင်းဆိုးဝါးကိုယ်တော်လို့ ခေါ်တာ ကြားလိုက်တယ်…"

“ဟမ်…”

မုန့်ချီအတွက်တော့ ထိုအရာက သူသတ်မှတ်ထားသောအရာနှင့် အတော်လေးကို ကွဲပြားနေသည်။ သူကတော့ မိုးကြိုးဓားသခင် သို့မဟုတ် ဆန်းကြယ်ကိုယ်တော်ဟူသော အဆင့်မြင့်သည့် နာမည်များကို လိုချင်နေခဲ့၏။

သူတို့က စကားပြောနေရင်း ကန်းကျိ၏ ခြံဝန်းထဲသို့ ပြန်ရောက်လာသည့် အချိန်တွင် ကူချန်းချင်က ကန်းကျိကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူကတော့ သူ၏ အမုန်းတရားများကို ထွက်ပေါက်ပေးနေခဲ့၏။

"မင်းပြန်လာပြီလား…"

သူကတော့ အသိစိတ် ပြန်မဝင်လာသေးသည့်အလား မေးလိုက်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"မြင်းဓားပြတွေ အားလုံးကို မောင်းထုတ်လိုက်ပြီ။ သတင်းပြန့်မသွားသေးခင် အချိန်ထိ မကောင်းဆိုးဝါးတောင်တန်းမှာရှိတဲ့ စခန်းက လုံခြုံနေလိမ့်မယ်။ မင်းက လုပ်ချင်တာ လုပ်လို့ရတယ်။ ငါကတော့ ပစ္စည်းတွေကို သွားရှာလိုက်ဦးမယ်…"

ကူချန်းချင်က ကန်းကျိကို နှိပ်စက်ရန် စီစဉ်နေကြောင်း သူသိသည်။ ထို့ကြောင့် သူ၏ လက်ရှိခံစားချက်ကို နားလည်နေခဲ့၏။

ကူချန်းချင်က ခေါင်းညိတ်ပြလိုက်ပြီး ကန်းကျိကို ပြန်လှည့်ကြည့်လိုက်သည်။

"ခင်ဗျားရဲ့သားသမီးတွေက အနောက်ဘက်အခန်းထဲမှာ ရှိတယ်ဆိုတာ ကျူပ်သိတယ်။ ကျုပ်က သူတို့ကို သတ်ပစ်တဲ့အချိန် ခင်ဗျားကို ထိုင်ကြည့်ခိုင်းမယ်…"

သူကတော့ အကြောင်းပြချက်တစ်ခု ပေးချင်နေပုံရ၏။ ထိုအရာက ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ခြင်းဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် မီးထေင်ဟပ်နေသည့်အတွက် သူ့ပုံစံက လက်တုံ့ပြန်ချင်နေသော နတ်ဆိုးတစ်ကောင်နှင့် တူညီနေသည်။

ကန်းကျိကတော့ တဝူးဝူး အော်ဟစ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကူချန်းချင်က သူ၏ အသံသွေးကြောများအားလုံးကို ပိတ်ဆို့ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

မုန့်ချီက အံ့ဩသွားခဲ့ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း မည်သည့်စကားပြောရမှန်း မသိချေ။

"အစ်ကိုကူ……"

ကျန်းဟွေ၏ အမူအရာကလည်း ပြောင်းလဲသွားခဲ့၏။ သူက စကားပြောရန် ပြင်လိုက်စဉ် မုန့်ချီက သူ့ပါးစပ်ကို ပိတ်ပြီး ခြံဝန်းထဲမှ ‌ဆွဲထုတ်သွားကြောင်း တွေ့လိုက်ရသည်။ ထို့နောက် တံခါးကို ပိတ်ပြီး ကူချန်းချင်ကို အတွင်းထဲ၌ ချန်ထားခဲ့လိုက်သည်။

"အစ်ကိုကြီး…

ကန်းကျိက သူလုပ်ခဲ့တဲ့ အရာတွေအတွက် ပြန်ပေးရမှာလေ။ ဒါပေမယ့် ကူချန်းချင်က သူ့ရဲ့မိသားစုတစ်ခုလုံးကို သတ်လိုက်မယ်ဆိုရင်တော့ မဟုတ်တော့ဘူး။ သူ့ရဲ့ အပြစ်တွေအတွက် ငရဲမှာ ဒုက္ခခံရလိမ့်မယ်…"

ကျန်းဟွေက စိတ်လိုလက်ရ ပြောလိုက်သည်။ မုန့်ချီနှင့်ယှဉ်လိုက်မည်ဆိုလျှင် သူက ဘုန်းတော်ကြီးတစ်ပါးနှင့် ပို၍ တူညီနေသည်။ မုန့်ချီက စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်၏။

"ငါသိတယ်…။ ဒါပေမယ့် ငါ့မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရမယ်ဆိုရင် ငါကိုယ်တိုင် ဘာလုပ်မိမလဲဆိုတာ သိလား… "

"အစ်ကိုကြီးဆိုရင်ရော ဘာလုပ်မှာလဲ…"

ကျန်းဟွေ၏အာရုံက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

မုန့်ချီက အံကြိတ်၍ ခါးသီးစွာပြောလိုက်၏။

"သူ့မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်…"

ကျန်းဟွေက မျက်လုံးပြူးသွားပြီး လက်တုံ့ပြန်လိုသည့်အစွမ်းကြောင့် ရှုပ်ထွေးနေပုံရသည်။

မုန့်ချီက သူ့ပုခုံးကို ပုတ်လိုက်၏။

"ညီလေး….ချန်းချင်ကိုပဲ သူ့ဘာသာ ဖြေရှင်ခိုင်းလိုက်ပါ။ တကယ်လို့ သူ့လက်နဲ့ ဆန္ဒရှိတဲ့အတိုင်း မိသားစုတစ်လုံးကို လက်တုံ့ပြန်မှပဲ သူက လွတ်မြောက်နိုင်လိမ့်မယ်။ မဟုတ်ရင် သူ့ရဲ့အနာဂတ်ကို လက်တုံ့ပြန်ချင်စိတ်က ဖုံးကွယ်နေလိမ့်မယ်…"

ကျန်းဟွေက ကူချန်းချင်ကို သနားညှာတာစွာ ပြန်လှည့်ကြည့်လိုက်မိသည်။ သူ့ရင်ထဲတွင်လည်း အပူလှိုင်းများ ထွက်ပေါ်လာနေခဲ့၏။ သူက သက်ပြင်းချလိုက်မိသည်။

မုန့်ချီကတော့ အလောင်းနှစ်လောင်းကို အဝေးသို့ ဆွဲယူသွားပြီး ရတနာများကို စတင်ရှာဖွေလိုက်၏။ တိုက်ပွဲဖြစ်သည်မှာ ညသန်းခေါင်ယံဖြစ်သည့်အတွက် တံခါး(၇)ပေါက်အဆင့် ပညာရှင်နှစ်ယောက်က သူတို့နှင့်အတူ လက်စွပ်များ၊ ကျောက်စိမ်းဆွဲပြားများက လွဲလျှင် မည်သည့်ရတနာကိုမျှ ယူဆောင်လာခြင်းမရှိကြပေ။

မြင်းဓားပြတစ်ယောက် ကိုင်ထားသော ဓားကတော့ ရေခဲသံနှင့် ထုလုပ်ထားပုံရသည်။ ထိုဓားဆီမှ အေးခဲမှုကို ခံစားနေရပြီး ရေခဲပေါ်တယ်ဓား၏ အစွမ်းနှင့် တူညီနေ၏။ မုန့်ချီက နေမင်းနီမကောင်းဆိုဝါးဓားကို နောက်ကျောမှ ထုတ်လိုက်ပြီး ခါးတွင် ချိတ်လိုက်သည်။ ထို့နောက် ထိုဓားကို သူ၏နောက်ကျောတွင် ချိတ်လိုက်ပြီးနောက်ထပ်ခြံဝန်းတစ်ခုဆီသို့ လျှောက်သွားခဲ့၏။

တံခါး(၇)ပေါက်အဆင့် ပညာရှင်နှစ်ယောက် နေထိုင်ခဲ့သော အခန်းထဲတွင်တော့ ကျောက်မျက်ရတနာအိတ်(၃)အိတ်၊ ရွှေတုံးများ၊ ငွေတိုက်စာရွက်များနှင့် စာချုပ်များကို တွေ့လိုက်ရသည်။

“ရေခဲလေလှိုင်းဓားသိုင်းလား…”

မုန့်ချီက ထိုအရာကို ဖတ်ကြည့်လိုက်ရာ တံခါး(၇)ပေါက်အဆင့် ပညာရှင် အသုံးပြုခဲ့သော ဝေ့ကျင်းအဆင့် ဓားသိုင်းဖြစ်ကြောင်း နားလည်သွားသည်။

သူက ဓားသိုင်းပညာ အမြောက်အများကို စုစည်းပြီး ထိုဝေ့ကျင်းအဆင့် ဓားသိုင်းနှင့် ပေါင်းစပ်၍ ထူးခြားသော ကိုယ်ပိုင်သိုင်းကျမ်းတစ်ခုကို ဖန်တီးရန် (၁၀)နှစ်အချိန်ပေးခဲ့ရသည်။ အမှန်အတိုင်းပြောရလျှင် ထိုအရာက ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အသုံးဝင်သော သိုင်းကျမ်းစာအုပ်တစ်ခုအဖြစ် သူက ပြောင်းလဲထားခဲ့ခြင်းဖြစ်သည်။

ထိုအရာက အနာဂတ်တွင် လက်ဆင့်ကမ်းပေးရန် အသုံးပြုနိုင်ပြီး သူ့ကို နာမည်ကျော်ကြားလာစေနိုင်သည်။ ထိုသိုင်းကျမ်းက ဉာဏ်အလင်းပွင့်မှုအဆင့် ဓားသိုင်းပညာအားလုံး၏ အားနည်းချက်ကို ဖုံးကွယ်ပေးနိုင်သည့်အတွက် သူလည်း ကျေနပ်သွားခဲ့သည်။

သူ၏ ဝေ့ကျင်းအဆင့် ဓားသိုင်းပညာကတော့ စိတ်ဝိညာဉ်လွှဲပြောင်းမှုသာ ဖြစ်သည့်အတွက် ချရေးမထားခဲ့သည်မှာ ကံဆိုးသွားသည်။ ထို့ပြင် သူစုဆောင်းထားခဲ့သော ဓားသိုင်းပညာများကလည်း သူ၏ အရင်းနှီးဆုံး မိတ်ဆွေများဆီသို့ ပို့ဆောင်ထားသည့်အတွက် တခြားသူများ ယူဆောင်သွားခြင်း သို့မဟုတ် မီးထဲတွင် ဖျက်ဆီးခံရခြင်း ဖြစ်နိုင်သည်။

စာရွက်များကို တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်နေပြီးနောက် မုန့်ချီက သိုင်းကျမ်းထဲမှနေ၍ အနက်ရောင်သားရေအပိုင်းအစတစ်ခု ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူက ထိုအရာကို အနီးကပ်ကြည့်လိုက်ရာ ထိုသားရေပြားပေါ်တွင် သ‌င်္ကေတများစွာ ရှိနေသော်လည်း မည်သည့်အရာများဖြစ်ကြောင်း မသိချေ။

သူက မျက်မှောင်ကြုတ်လိုက်မိပြီး အခန်းထဲတွင် ရှိနေသော တခြားစာရွက်အပိုင်းအစများကို ဖတ်ကြည့်လိုက်ရာ မည်သည့်အရာဖြစ်ကြောင်း နားလည်သွားခဲ့၏။

တံခါး(၇)ပေါက် ပွင့်နေသော ပညာရှင်က အလွန်လျှို့ဝှက်ဆန်းကြယ်သော နေရာကို ရောက်သွားခဲ့ပြီး နှင်းရေခဲထိုးဖောက်ခြင်းဟူသည့် ကျင့်စဉ်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိခဲ့သည်။ သို့သော် သူက ထိုနေရာသို့ နောက်တစ်ကြိမ် ဝင်ခွင့်ရရန် အခွင့်အရေးမရှိခဲ့ပေ။

ထိုတံဆိပ်များက မည်သည့်အရာကို ဆိုလိုနေကြောင်း သူက ခွဲခြားစိတ်ဖြာနိုင်ခြင်း မရှိချေ။ သူလုပ်နိုင်သည်မှာ ထိုအရာများကို သိုင်းကျမ်းထဲတွင် ချရေးထားခဲ့ပြီး စုံစမ်းမေးမြန်းရန် အခွင့်အရေးကို စောင့်နေခြင်းသာ ဖြစ်သည်။

မုန့်ချီက ပြုံးလိုက်မိပြီး ထိုသိုင်းကျမ်းနှင့် အနက်ရောင် သားရေပြားလေးကို သိမ်းလိုက်သည်။ တခြားအရာများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုသားရေပြားလေးထဲတွင် လျှို့ဝှက်ချက်များ ရှိနိုင်သည်။ သူကတော့ နောက်တစ်ကြိမ် သံသရာတာဝန် စတင်သည့်အချိန်၌ သံသရာအရှင်သခင်ကို မေးမြန်း၍ ရနိုင်သည်။

"ညီလေး…ဖမ်းထားလိုက်…"

မုန့်ချီက ရတနာအိတ်တစ်အိတ်၊ ရွှေတုံးများနှင့် ငွေတိုက်စာရွက်များ ထည့်ထားသော အိတ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။

ကျန်းဟွေက ပန်းခူးလက်ညှိုးသိုင်းကို လေ့ကျင့်နေသည့်အတွက် ထိုသိုင်းကျမ်းများက သူ့အတွက် မလိုသေးပေ။ ကျန်းဟွေက အတွေ့အကြုံ မရှိသော်လည်း ပိုင်ဆိုင်မှု၏ အရေးပါမှုကို သေချာနားလည်ထားသည်။ သူက ထိုအရာများကို ဝမ်းမြောက်ဝမ်းသာ သိမ်းဆည်းထားလိုက်၏။

မုန့်ချီက နောက်ထပ်ခြံဝန်းတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် ရုတ်တရက် နားထဲ၌ ငိုရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရ၏။

“သရဲလား…”

ကျန်းဟွေက ထိတ်လန့်သွားခဲ့သည်။ သူ့လက်ထဲတွင် ကိုင်ထားသော ပုတီးဆီမှ တည်ငြိမ်‌အေးချမ်းသော အလင်းရောင်များလည်း ထွက်ပေါ်လာနေခဲ့၏။ သူကတော့ ထိတ်လန့်ခြင်းတစ်ဝက် ၊ စိတ်လှုပ်ရှားခြင်း တစ်ဝက်နှင့် မုန့်ချီ၏ နောက်တွင် ပုန်းနေခဲ့၏။

မုန့်ချီကတော့ အသံထွက်ပေါ်လာသည့် အခန်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ‌မဲ့လိုက်မိ၏။

"မင်းကို အဲဒီပုတီးက ကာကွယ်ပေးနေမှတော့ ဘယ်မကောင်းဆိုးဝါးကို ကြောက်နေရဦးမှာလဲ…”

သူက ထိုအရာကို တွေးလိုက်မိသော်လည်း နေမင်းနီမကောင်းဆိုးဝါးဓားကို ဆုပ်ကိုင်လိုက်သည်။ ထိုနေရာတွင် တစ်စုံတစ်ခု ရှိနေမည်ဟု သူလည်း စဉ်းစားမိလိုက်၏။

ခဏကြာ နားထောင်နေပြီးနောက် မုန့်ချီက သက်ပြင်းချမိလိုက်ပြီး ကျန်းဟွေကို ပြန်လှည့်ကြည့်လိုက်သည်။

“သရဲလား…ဘယ်မှာလဲ သရဲက…”

သူက တံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်လိုက်သည့်အချိန်တွင် အဝတ်အစား ပါးပါးလေးသာ ဝတ်ဆင်ထားသော မိန်းမပျို တစ်ယောက်က အိပ်ရာထဲတွင် တရှုံ့ရှုံ့ ငိုကြွေးနေကြောင်း တွေ့လိုက်ရသည်။

"ကျွန်...ကျွန်မကို မသတ်ပါနဲ့။ ကျွန်မက မြင်းဓားပြတစ်ယောက် မဟုတ်ပါဘူး။ ကျွန်မက ဒီနေရာကို အတင်းအဓမ္မ အခေါ်ခံထားရတာပါ…”

သူမက ကြောက်လန့်တကြား ပြောလိုက်သည်။

သူမက သိုင်းပညာမတတ်ကြောင်း တွေ့လိုက်ရသည့်အချိန်တွင် သူမကို အတင်းအကြပ် ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း မုန့်ချီက သေချာသွားခဲ့၏။ သူမ ပြောသည့်အရာက မှန်ကန်နေသည်။

မုန့်ချီက လက်အုပ်ချီ၍ ပြောလိုက်၏။

"အော်မီတော်ဖော်…

ကိုယ်တော်တို့က ဒကာမလေးကို လာကယ်တာပါ…"

"ကျွန်မကို လာကယ်တာလား…"

သူမက မော့ကြည့်လိုက်ရာ တံခါးဘေးတွင် ရပ်နေသော ကိုရင်လေး နှစ်ပါးကိုတွေ့လိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ‌သွေများပေပွနေပြီး အဝတ်အစားများက စုတ်ပြဲနေသော်လည်း ရုပ်ရည်ကတော့ မဆိုးလှပေ။

"အော်မီတော်ဖော်…

ကျွန်တော့်ရဲ့ ဆရာတူ အစ်ကိုကြီးနဲ့ ကျွန်တော်တို့က ရှောင်လင်ကိုယ်တော်တွေပါ…"

ကျန်းဟွေက ကြင်နာစွာ ပြောလိုက်သည်။ သူတို့၏ နာမည်ကို သိသွားပြီး အပြင်ဘက်မှ အခြေအနေကို ကြားထားသည့်အတွက် မိန်းမပျိုက မျက်ရည်တွေကို သုတ်လိုက်၏။

"မငိုပါနဲ့တော့ ဒကာမလေး…။ မီးတောက်တွေက ပျံ့နှံ့လာပြီ။ မင်းတို့ပိုင်ဆိုင်တာတွေကို ထုတ်ပိုးပြီး မကောင်းဆိုးဝါးတောင်ကြားကနေ ထွက်လာခဲ့ပါတော့…"

မုန့်ချီက သူမကို သတိပေးလိုက်သည်။

သူမ၏ အခြေအနေကို ကြည့်၍ စခန်းထဲတွင် သူမကဲ့သို့ ပြန်ပေးဆွဲခံထားရသော မိန်းမပျို အတော်များများရှိနေပုံရသည်။ သူက သူတို့ကို မီးတောထဲမှ ကယ်တင်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ အဖမ်းခံရခြင်းသာ မဟုတ်လျှင်တော့ မုန့်ချီက ထိုအရာမျိုးကို အလွန်အမင်း စိုးရိမ်နေမည် မဟုတ်ချေ။ သို့သော် ယခုအချိန်တွင်တော့ သူက သူတို့ကို ပစ်မထားခဲ့နိုင်ပေ။ သူက သေချာပေါက် ဖြေရှင်းပေးရမည်ဖြစ်၏။

မိန်းမပျိုက အလျင်အမြန်မတ်တပ်ရပ်လိုက်ပြီး သူတို့ကို ဦးညွတ်လိုက်သည်။

"ကျွန်မက အနောက်ပိုင်းနယ်မြေထဲမှာရှိတဲ့ ဆွေမျိုးတွေဆီ လာလည်ဖို့ ကျင်းအင်ပါယာကနေ ရောက်လာခဲ့တာပါ။ ဒါပေမယ့် လမ်းမှာ မြင်းဓားပြတစ်ယောက်က ဖမ်းခေါ်လာပြီး သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် ဖျော်ဖြေပေးနေရတယ်။ ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

ထိုစကားကို ပြောသည့်အချိန်တွင် သူမ၏ ဝမ်းနည်းမှုများကို ထိန်းမထားနိုင်တော့ပေ။ လှပသော သူမ၏ဘဝလေးက ရုပ်ဆိုးအကျည်းတန်သွားကြောင်း တွေးလိုက်မိသည့်အချိန်တွင် သူမက အသက်ဆက်ရှင်လိုစိတ်ပင် မရှိတော့ပေ။

သူမက အတော်လေးကို ချောမောလှပ၏။ ထို့ကြောင့် တံခါး(၇)ပေါက်အဆင့် ရှိသော ပညာရှင်က သူ့ကို ဖျော်ဖြေပေးရန် ခေါ်ထားခြင်း ဖြစ်နိုင်သည်။

မုန့်ချီက သက်ပြင်းချလိုက်မိ၏။

"ဒကာမလေး…

ဘာမှမစိုးရိမ်ပါနဲ့။ အသက်ရှင်နေထိုင်ဖို့အတွက် တန်ဖိုးရှိတဲ့အရာတွေ ရှာကြည့်ပါဦး။ ပြီးတော့ ဒကာမလေးရဲ့ ဆွေမျိုးတွေနဲ့ ဆက်သွယ်လိုက်မယ်ဆိုရင် မိန်းကလေးက ကျင်းအင်ပါယာကို ပြန်ဖို့အတွက် လမ်းစတစ်‌ခု တွေ့နိုင်ပါတယ်…"

"ကောင်းပါပြီ…"

မိန်းမပျိုက ခေါင်းညိတ်ပြလိုက်၏။ အနာဂတ်တွင် မည်သို့ဖြစ်စေကာမူ သူမ၏ဘဝက မြင်းဓားပြစခန်း‌တွင် နေရခြင်းထက် ပိုကောင်းနိုင်ပါသေး၏။

မုန့်ချီက ရွှေစတချို့၊ ငွေစတချို့နှင့် ကျောက်မျက်ရတနာတစ်အိတ်ကို ချန်ထားပေးခဲ့လိုက်သည်။ ထို့နောက် သူက စခန်း၏ အလယ်သို့လျှောက်သွားပြီး အစွမ်းကုန် အော်ဟစ်လိုက်၏။

"ရှောင်လင်ကိုယ်တော်ကျန်းတင်က မကောင်းဆိုးဝါးတောင်တန်းကြီးကို ရှင်းပစ်လိုက်ပြီ။ အပြစ်မရှိတဲ့သူတွေအားလုံး ထွက်လာခဲ့ကြ…"

မုန့်ချီက (၃)ကြိမ်တိတိ အော်ဟစ်လိုက်ရာ မိန်းမပျိုများက တအိအိ ငိုရှိုက်နေရင်း ထွက်လာကြသည်။ မုန့်ချီက ပထမဆုံးမိန်းမပျိုကို သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ပေးလိုက်၏။ သူ၏ လမ်းညွန်မှုနှင့် သူမက ထိုမိန်းကလေးများကို ခြံဝန်းထဲတွင် ထိုပညာရှင်များ၏ ပိုင်ဆိုင်မှုကို ရှာဖွေခိုင်းလိုက်၏။ တချို့ကတော့ မည်သည့်အရာမျှ လုယက်ထားခြင်း မရှိချေ။ ထို့နောက် သူတို့ကို အညီအမျှ ခွဲဝေပေးလိုက်ပြီး အနာဂတ်ရပ်တည်နိုင်ရန် ကူညီပေးလိုက်သည်။

မုန့်ချီက သွေးကြောများနှင့် ပတ်သက်သော ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကျမ်း(၃)ခုနှင့် ချီစုဆောင်းရေးအဆင့် သိုင်းကျမ်း(၅)ခုကိုသာ တွေ့ခဲ့သည်။ တစ်ခုကတော့ သိမ်းငှက်လက်သည်းသိုင်းပညာ ရှိနေသော တံခါး(၇)ပေါက်အဆင့် ပညာရှင်၏ လက်နက်ဖြစ်သည်။ သူကတော့ သန့်စင်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားခဲ့ခြင်းမရှိပေ။

မိန်းမပျိုများကို အားပေးနေသည့်အချိန်တွင် ကူချန်းချင်က တစ်ကိုယ်လုံး သွေးများပေပွနေသည့် ပုံစံနှင့် ခြံဝန်းထဲမှ ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများပေပွနေခဲ့သော်လည်း အလွန်တည်ငြိမ်အေးချမ်းနေ၏။

"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်…"

သူက ဒူးထောက်၍ အရိုအသေပေးလိုက်သည်။

မုန့်ချီက သူ့ကို ထူပေး၍ ပြောလိုက်၏။

"မင်းက လက်တုံ့ပြန်ပြီးသွားပြီလေ။ အခုက စပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ မင်းမိသားစုရဲ့ မျှော်လင့်ချက်အတိုင်း ဆက်ပြီး အသက်ရှင်နေပါ…"

"ကောင်းပါပြီ…။ ငါက အစစ်အမှန် သူရဲကောင်တစ်ယောက်ဖြစ်လာစေရမယ်။ မကောင်းတဲ့သူတွေအားလုံးကို သုတ်သင်ရှင်းလင်းမယ်…"

ကူချန်းချင်က တိုးတိုးလေး သက်ပြင်းချလိုက်ပြီး သူ၏ မျက်လုံးထဲတွင် စိတ်ဓာတ်ခိုင်မာမှုများ ပြည့်နှက်နေသည်။

သူရဲကောင်းတစ်ယောက် လုပ်ဆောင်ရန်မှာ သူ၏ အိပ်မက်တစ်ခုဖြစ်သည့်အပြင် သူ့မိဘများ၏ မျှော်လင့်ချက်လည်း ဖြစ်သည်။ သူကတော့ လုံးဝလက်မလျှော့နိုင်ပေ။ သူက မကောင်းသူများအားလုံးကို သုတ်သင်ရှင်းလင်းမည်ဟု ပြောလိုက်သည့် အချိန်တွင် မုန့်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

"ချန်းချင်…

သေမင်းပင်လယ်ကြီးက အရမ်းအန္တရာယ်များတယ်။ မင်းက ငါနဲ့အတူ ကျင်းအင်ပါယာထဲကို ပြန်လိုက်ခဲ့ပါ။ မင်းက ဝေ့ကျင်းအဆင့်ကို ရောက်တဲ့အချိန်ကျမှ ကျိလော်ကျူးနဲ့ သူ့ရဲ့အဖွဲ့သားတွေကို ရှင်းပစ်ပေါ့… "

"ငါ့အမေက ကျင်းအင်ပါယာထဲမှာ မွေးလာတာ။ ငါလည်း ငါ့အဘိုးရဲ့ အုတ်ဂူဆီကို သွားချင်သေးတယ်…"

ကူချန်းချင်က ဝမ်းနည်းစွာ ပြောလိုက်၏။ မြင်းဓားပြများက သူ့မိသားစု၏ ခန္ဓာကိုယ်ကို မြေခွေးစာ ကျွေးလိုက်ခြင်းဖြစ်သည်။ ရလဒ်အနေနှင့် သူကတော့ သူတို့ကို မြေမြှုပ်ပေးရန် ရှာ‌ဖွေ၍ပင် မရနိုင်တော့ပေ။

"တကယ်လို့ မင်းမှာ ပြဿနာရှိတယ်ဆိုရင် ငါ့ကို အချိန်မရွေး ပြောပါ…။ ငါက ဘယ်လောက်ဝေးဝေး မင်းကို လာပြီး ကူညီပေးမယ်…"

မုန့်ချီက ခေါင်းငုံ့၍ ပြောလိုက်လေသည်။

Translated by Hein Htet.

All Chapters