← Chapters

အခန်း (၁၄၅)

Vol. 10 Ch. 145

အခန်း (၁၄၅)

Vol. 10 Ch. 145

သူတို့က မကောင်းဆိုးဝါးတောင်တန်းမှ သိပ်မကြာခင် ထွက်သွားတော့မည်ဖြစ်ကြောင်း သေချာနေသည့်အတွက် အဖမ်းခံထားရသော မိန်းကလေးများ အဆင်ပြေချောမွေ့စေရန် ပိုင်ဆိုင်ထားသော အရာများကို ခွဲဝေပေးခဲ့သည်။ ထို့နောက် ကျန်ရှိနေသော မြင်းများကို သွားရောက်ရှာဖွေခဲ့၏။

သူတို့က မြင်းစီးတတ်သူများကို မြင်းသမား အဖွဲ့တစ်ဖွဲ့၊ မြင်းမစီးတတ်သူများကို အဖွဲ့တစ်ဖွဲ့ဆီ ခွဲပေးလိုက်သည်။ မုန့်ချီကတော့ သူတို့၏ လုပ်ဆောင်နိုင်စွမ်းကို အတော်လေး ချီးကျူးနေမိ၏။

"ကောင်းပြီလေ။ အခုပဲ ငါတို့က တန်ဟန်မှာရှိတဲ့ အိုအေစစ်ကို သွားကြစို့။ ငါတို့က မနက်ဖြန် အဲဒီကို ရောက်မယ်ထင်တယ်…"

မိန်းမပျိုများ၏ ရှေ့တွင် မုန့်ချီက လူကြီးလူကောင်းတစ်ယောက်သဖွယ် လုပ်ဆောင်နေရ၏။

တန်ဟန်က မကောင်းဆိုးဝါးတောင်တန်းနှင့် ဝေးကွာနေခြင်းမရှိဘဲ အများဆုံး (၃)နာရီ (၄)နာရီခန့်ခရီးသာ ရှိသည်။ သို့သော် သူတို့ကတော့ မြင်းစီးကျွမ်းကျင်သော မြင်းဓားပြများကို မယှဉ်နိုင်ကြပေ။ အကယ်၍ သူတို့က အခက်အခဲများကို ခံနိုင်ရည်ရှိမည်ဆိုလျှင်တော့ မနက်ဖြန် ထိုနေရာသို့ ရောက်နိုင်ပါလိမ့်မည်။

အကယ်၍ ယနေ့ဆက်၍ ကြာသွားမည်ဆိုရင် မြင်းဓားပြများက ဤနေရာသို့ ပြန်လာနိုင်ပြီး သူတို့ကို ပြဿနာပေးနိုင်သည်။ ပို၍ ဆိုးရွားသည်မှာ မြင်းဓားပြခေါင်းဆောင်များကပင် သတင်းစုံစမ်းရန် ပြန်လာနိုင်သေး၏။

"ကောင်းပါပြီ…"

မြင်းပေါ်တွင် ရှိနေသော မိန်းကလေးများက မုန့်ချီကို အရိုအသေပေးလိုက်သည်။

"ဒီက ကိုရင်လေးနှစ်ပါးနှင့် သခင်လေးကူတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့က ကိုရင်လေးတို့ရဲ့ သနားကြင်နာမှုကို ပြန်မပေးနိုင်ပေမဲ့ ကျောင်းဆောင်တစ်ခုဆောက်ပြီး ဆုတောင်းပေးလို့ ရပါတယ်…"

သူတို့ဆီတွင် ဖြေရှင်းစရာကိစ္စများ ရှိနေသည့်အတွက် မုန့်ချီတို့အဖွဲ့ကို ပြန်လည်ပေးဆပ်ရန် အမှန်တကယ်လည်း ခက်ခဲ၏။ ထို့ကြောင့် သူတို့က အရိုးရှင်းဆုံးနည်းလမ်းနှင့် သူတို့၏ အခြေအနေကို ပြသခဲ့သည်။

စခန်းထဲတွင် မိန်းမပျိုအများစုက မြင်းဓားပြများ၏ နှိပ်စက်မှုကို ခံကြရသည်။ ထိုမိန်းမလှလေးများကို မြင်းဓားပြခေါင်းဆောင်များက ပျော်ပါးကြပြီး သူတို့ အသက်ကြီး၍ အလှမရှိတော့သည့်အချိန်တွင်တော့ ဖိနပ်စုတ်များကဲ့သို့ စွန့်ပစ်ကြပါလိမ့်မည်။ သူတို့က ကလေးမွေးပေးမှသာ သူတို့၏ ရလဒ်က ပို၍ ကောင်းနိုင်၏။ ထို့ကြောင့် မည်သူကမျှ ဆက်နေလိုခြင်းမရှိပေ။ သူတို့က ဤနေရာမှထွက်သွားရန် ဆန္ဒပြင်းပြနေကြ၏။

မုန့်ချီတို့အဖွဲ့က မြင်းဓားပြများ ဖောက်လုပ်ထားသော လမ်းအတိုင်း မြင်းများကို စီး၍ တန်ဟန်သို့ ထွက်ခွာလာခဲ့ကြသည်။ မုန့်ချီက နောက်ပြန်လှည့်ကြည့်လိုက်ရာ စခန်းထဲမှ ထွက်လာသော မီးတောက်များက ကောင်းကင်ပေါ်တွင် တလူလူလွင့်နေကြောင်း တွေ့လိုက်ရ၏။ လောင်ကျွမ်းနေသော အိမ်များကလည်း တစ်ခုပြီးတစ်ခု ပြိုကျ‌လာနေသည်မှာ အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။

"တခဏအတွင်း သူက အနီရောင်ရဲတိုက်ကို တည်ဆောက်ခဲ့တယ်။ နောက်ထပ် တခဏအတွင်း သူ့ရဲ့ ရဲတိုက်က ပြိုကျခဲ့တယ်။ ကမ္ဘာကြီးက တော်တော်လေးကို အပြောင်းအလဲမြန်တာပဲ…"

မုန့်ချီက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။ သူက ယန့်ကျိမြစ်တောင်ပိုင်း ကဗျာတစ်ပုဒ်ကို တီးတိုးရွတ်ဆိုလိုက်ခြင်းဖြစ်၏။

"ဒါကြောင့်လည်း ကမ္ဘာကြီးက အမြဲတမ်းပြောင်းလဲနေတာလို့ ဗုဒ္ဓက မိန့်ဆိုခဲ့တာပဲ…"

ကျန်းဟွေကတော့ ထိုအရာများကို စိတ်ဝင်စားခြင်းမရှိချေ။ အလွန်စိတ်လှုပ်ရှားပြီး ဝမ်းနည်းနေသော မိန်းမပျိုများကို ကြည့်ပြီး သူက နှစ်လိုဖွယ်ပြောလိုက်သည်။

"အစ်ကိုကြီး…

ဗုဒ္ဓက ဆုံးမထားခဲ့တယ်။ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်တာက ခုနှစ်တောင်မြင့် စေတီတစ်ဆူ တည်ဆောက်တာထက် ပိုပြီးတော့ ကောင်းတယ်လို့ မိန့်မှာခဲ့တယ်။ ဒါဆိုရင် အစ်ကိုကြီးက စေတီတွေအများကြီးကို တည်ဆောက်ပြီးသွားပြီပေါ့…"

"ငါက အဲဒီစေတီတွေကို ဂရုမစိုက်ပါဘူး။ ငါက အနိုင်ကျင့်ခံနေကြရတာကို ကြည့်မနေနိုင်ရုံပါပဲ…"

မုန့်ချီက သက်ပြင်းချလိုက်သည်။ ပုံမှန်အားဖြင့်ပြောရလျှင် သူကိုယ်တိုင်ပင် သူ၏ အတွေးကို နားမလည်နိုင်ပေ။ သို့သော် ထိုအခြေအနေအထိ ရောက်လာခဲ့၏။

ကျန်းဟွေက တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် သူ၏ မျက်လုံးများက ဝင်းလတ်တောက်ပသွားပြီး အလွန်အံ့အားသင့်စွာ အော်ပြောလိုက်သည်။

"ဆရာ…ကျွန်တော်တို့ ဒီမှာ…"

မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့ပြီး မြင်းပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားခဲ့သည်။

"ဘယ်လို…။ ဆရာ ဒီကို ရောက်လာပြီလား။ ဘယ်မှာလဲ။ သူက ဘယ်မှာလဲ…"

သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ သူတို့၏ရှေ့တွင် ရပ်နေသော ဘုန်းတော်ကြီးတစ်ပါးကို ‌မြင်လိုက်ရသည်။ သူကတော့ ဝမ်းနည်းဝမ်းသာဖြစ်နေသော အမူအရာနှင့် ပြောလိုက်၏။

"ဆရာ… ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ…"

"ဒီလိုဆိုရင် ငါက ဘယ်လိုထွက်ပြေးရတော့မလဲ။ ငါ့ဆရာက ငါ့ကို နောက်တစ်ကြိမ် မိသွားပြန်ပြီ…"

“တော်တော်လေး တိုက်ဆိုင်တာပဲ…”

သူ၏ တပည့်များက ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း မြင်လိုက်ရသည့်အခါ ရွှမ်ပိုင်က ဝမ်းမြောက်ဝမ်းသာ ခေါင်းညိတ်၍ ပြောလိုက်သည်။

"မင်းတို့က ငါးပင်လယ်ထဲမှာ အချိန်အကြာကြီး လမ်းပျောက်နေခဲ့တာ။ ဒါကြောင့် မင်းတို့တွေက ကောင်းကင်ပင်လယ်အရင်းအမြစ်ထဲကို မတော်တဆ ရောက်သွားမှာကို ဆရာက စိုးရိမ်နေတာ။ ဒါကြောင့် ဆရာကိုယ်တိုင် တန်ဟန်ကို ရောက်လာပြီး ဝင်ပေါက်ကို လာရှာတာလေ။ အခု ဒီကိုရောက်တဲ့အချိန် မကောင်းဆိုးဝါး တောင်တန်းမှာရှိတဲ့ မီးတောက်တွေကို မြင်လိုက်ရတဲ့အတွက် ဆရာက အခြေအနေကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တာပဲ။ ဒါကြောင့် မင်းတို့နဲ့ ဒီနေရာမှာ တွေ့ခွင့်ရခဲ့တာ…"

ကောင်းကင်ပင်လယ် အရင်းအမြစ်က ရှောင်လင်အကြီးအကဲများအတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သူတို့က အသက်(၉)သွယ် နတ်ဆိုးသခင်နှင့် တခြားသော နတ်ဆိုးကြီးများကို ယခုအချိန်ထိ စေတီလေး၏ အောက်‌တွင် ဖိနှိပ်ထားသေးသည်။

"ဆရာ…

ကျွန်တော်တို့က ကောင်းကင်ပင်လယ် အရင်းအမြစ်ထဲမှာ တကယ်ပဲ တစ်ရက်တိတိ ပိတ်မိနေခဲ့တယ်။ လန်ကီကျောင်းတော်က အစ်ကိုတော် ဟုန်နန်ရဲ့ကျေးဇူးကြောင့်သာ လွတ်မြောက်ခဲ့ရတာ… "

ထိုကိစ္စနှင့်ပတ်သက်ပြီး မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

ယခု သူ့ဆရာက ဤနေရာသို့ ရောက်လာသည့်အတွက် သူ့ဆရာအနားတွင်နေခြင်းက ပိုကောင်းသည်ဟု မုန့်ချီက တွေးခဲ့မိသည်။ သူက ထွက်ပြေးရန်အစီအစဉ်ကိုလည်း ယာယီဆိုင်းငံ့ထားလိုက်ပြီး သူ၏လျှို့ဝှက်ချက်များကို ဖုံးကွယ်ရန် ကြိုးစားချင်နေသည်။

"ကောင်းကင်ပင်လယ် အရင်းအမြစ်ထဲမှာ တစ်ရက်က အပြင်ကမ္ဘာကြီး၏ တစ်လနှင့် ညီမျှတယ်။ ဒါဆိုရင် မင်းတို့ပျောက်နေတဲ့အရာက မှန်သွားပြီပေါ့…"

ရွှမ်ပိုင်က တွေးတွေးဆဆနှင့် ပြောလိုက်သည်။

"လန်ကီကျောင်းတော်က အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်တယ်။ ဆရာကိုယ်တိုင်တောင် သူတို့ရဲ့ အစစ်အမှန်ရပ်တည်ချက်ကို သေချာမသိဘူး။ မင်းတို့က ဟုန်နန်နဲ့ တွေ့ရတာ ကံကောင်းတယ်။ ဆရာတို့ရဲ့ကျောင်းထိုင်က ဓမ္မကာရအဆင့်ကို ရောက်ခဲ့တယ်ဆိုတာ လန်ကီကျောင်းတော်ကို သွားပြီး သူတို့ရဲ့ကျမ်းစာတွေကို ဖတ်ခွင့်ရခဲ့လို့ပဲ…"

ရွှမ်ပိုင်ရှိနေသည့်အတွက် သူတို့အဖွဲ့က ရုတ်တရက်နှေးကွေးသွားခဲ့သည်။ သူတို့က ငိုကြွေးခြင်းအကြီးအကဲကိုပင် မကြောက်တော့သည့်အတွက် ကျိလော်ကျူးနှင့် သူ၏ အဖွဲ့ကို ကြောက်စရာလိုဦးမည်လော။

သူတို့စကားပြောနေသည့်အချိန်တွင် မုန့်ချီကတော့ သူ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ရန် အလိမ်အညာ အနည်းငယ် ထည့်ပြောနေသည်။ ရွှမ်ပိုင်က နွေးထွေးကြင်နာသော အကြည့်နှင့် ကူချန်းချင်ကို ကြည့်လိုက်၏။

"ဒါက ကိုယ်တော်ရဲ့တပည့်တွေကို ကူညီပေးခဲ့တဲ့ ဒကာလေး ကူချန်းချင်မဟုတ်လား.."

"ဟုတ်ပါတယ်။ ကျွန်တော်က ကူချန်းချင်ပါ ။ ဆရာတော်က ဘယ်လိုဖြစ်ပြီး သိနေတာလဲ…"

ရွှမ်ပိုင်ကဲ့သို့သော ဝေ့ကျင်းအဆင့် ထိပ်တန်းပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရသည့်အချိန်တွင် ကူချန်းချင်က အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ကူမိသားစုတွင်တော့ ဝေ့ကျင်းအဆင့်ကို မရောက်ခဲ့သည်မှာ မျိုးဆက်ပေါင်းများစွာ ကြာ‌ခဲ့ပါပြီ။

ရွှမ်ပိုင်က သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။

"ငါက မင်းနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ကြားထားပါတယ်။ ငါက မင်းတို့ကို ရှာပြီးသွားရင် မကောင်းဆိုးဝါးတောင်တန်းကို သွားဖို့လည်း စဉ်းစားထားတယ်။ ငိုကြွေးခြင်းအကြီးအကဲနဲ့ သူ့အဖွဲ့တွေက မကောင်းတဲ့လုပ်ရပ်တွေ အားလုံးကို လုပ်နေကြတာ။ တကယ်လို့ အနောက်ပိုင်းနယ်မြေမှာသာ မဟုတ်ရင် ကျောင်းထိုင်ကို အကူအညီတောင်းပြီး သူတို့အားလုံးကို ဖမ်းခိုင်းလိုက်လို့ရတယ်။ ပြီးရင် သူတို့ကို တောင်အနောက်ဘက်မှာ ချုပ်ထားရမှာ…"

"ဆရာတော်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် လက်တုံ့ပြန်ပြီးပါပြီ…"

ကူချန်းချင်က ကျေးဇူးတင်စွာ ပြောလိုက်သည်။

"ဟမ်…"

ရွှမ်ပိုင်က တီးတိုးရေရွတ်လိုက်မိ၏။ သူက မုန့်ချီနှင့်ကျန်းဟွေတို့ကိုသာ စိုက်ကြည့်လိုက်မိသည်။

အကယ်၍ သူရထားသော သတင်းများအရဆိုလျှင် မကောင်းဆိုးဝါးတောင်တန်း၌ ထိပ်တန်းပညာရှင် အမြောက်အများ ရှိနေသေး၏။ သူ့တပည့်များက တံခါး(၉)ပေါက် ပွင့်နေသော ပညာရှင်(၂)ယောက်ကို သတ်ပစ်နိုင်ပြီး ကောင်းကင်မိုးကြိုးကိုပင် ဆင့်ခေါ်နိုင်ခဲ့သည်မှာ သေချာပေါက် လျှို့ဝှက်ချက်ကြီးများ ရှိနိုင်သည်။ ထိုသို့ဆိုလျှင်တော့ မကောင်းဆိုးဝါးတောင်တန်းကို ရှင်းပစ်နိုင်သည်မှာ အကျိုးအကြောင်း ဆီလျော်မှု ရှိသည်။

သူ့ဆရာ၏ စိတ်ကို သိနေသည့်အတွက် မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး အသံတိုးတိုးနှင့် ခေါင်းငုံ၍ ပြောလိုက်သည်။

"ဆရာ…ကျွန်တော့်မှာ သတင်းပို့စရာရှိပါတယ်…"

"‌ပြောပါ…"

ထိုအရာက လျှို့ဝှက်ချက်တစ်ခုဖြစ်မည်ဟု တွေးမိသည့်အတွက် ရွှမ်ပိုင်က ဘေးသို့ လျှောက်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းရွှေရောင်ပုံရိပ်ယောင် ကြာပန်းလေးတစ်ခု ပေါ်လာခဲ့၏။

မုန့်ချီက ထိုကြာပန်းထဲသို့ ဝင်သွားပြီး ရိုးရိုးသားသားပြောလိုက်သည်။

"ကျွန်တော်တို့ကွဲသွားခဲ့သည့်အချိန်မှာ ကျွန်တော်က ကံကောင်းမှု တစ်ခုကို ကြုံခဲ့ရတယ်… "

"ဆရာသိတယ်… "

ရွှမ်ပိုင်ကတော့ အံ့ဩနေခြင်းမရှိပေ။ အကယ်၍ ကံကောင်းမှု မရခဲ့လျှင်သာ သူက ထူးဆန်းနေဦးမည်ဖြစ်၏။

သူက ကြင်နာစွာ ထပ်ပြောလိုက်သည်။

"အဲဒီအရာက နတ်ဆိုးတွေ၊ တစ္ဆေတွေ၊ ဗုဒ္ဓရဲ့ပြင်ပမှာရှိတဲ့ မကောင်းဆိုးဝါးတွေ၊ ဆရာတို့ ကျောင်းတော်မှာရှိတဲ့ လျှို့ဝှက်ချက်တွေနဲ့ မပတ်သက်ဘူးဆိုရင် မင်းရဲ့ရင်ထဲမှာပဲ သိမ်းထားလို့ရတယ်။ သိုင်းလောကမှာ ကျင်လည်‌နေကြတဲ့ ဆရာတို့တွေအတွက်တော့ ကံကောင်းတယ်ဆိုတာက သာမန်ပဲ မဟုတ်ဘူးလား.."

သူကတော့ အသက်(၄၀)တွင် ကောင်းကင်(၅)သွယ် ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း ကံကောင်းမှုများစွာကို ကြုံတွေ့ခဲ့ရ၏။

လက်ရှိအသက်အရွယ်တွင် ထိုကဲ့သို့ ကျင့်စဉ်အောင်မြင်မှုများ ရရှိနိုင်သည့်အတွက် မုန့်ချီက သေချာပေါက် ကံကောင်းမှုတချို့ ရနိုင်သည်။ ထို့ပြင် သူ့ဆီ၌ ကောင်းမွန်သော စိတ်သဘောထားရှိနေပြီး ခိုင်မာသော စိတ်ဓာတ်လည်း ရှိနေသည်။

"ငါက တခြားသူတွေနဲ့ ဘယ်လိုတိုက်ခိုက်ခဲ့သလဲဆိုတာ ဆရာ့ကို ပြောပြသင့်လား…"

မုန့်ချီက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

"အဲဒီနေ့မှာ ကျွန်တော်က ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့တာ။ ကျွန်တော်က အန်ကုံရှဲ့ရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့အတွက် အုတ်ဂူတစ်ခုထဲမှာ ပုန်းနေခဲ့တယ်။ အဲဒီအချိန် အုတ်ဂူထဲမှာ မကောင်းဆိုးဝါးချီစွမ်းအင်တွေက အရမ်းကို သိပ်သည်းနေတာကို တွေ့လိုက်ရတယ်။ ပြီးတော့ အဲဒါက မကောင်းဆိုးဝါး တောင်ထိပ်ကြီးတစ်ခုဖြစ်နေတာပဲ။ အဲဒီနေရာမှာ ကောင်းကင်မိုးကြိုးစွမ်းအားတွေနဲ့ ဖွဲ့စည်းထားတဲ့ လှံတစ်ချောင်းလည်း ရှိနေတယ်… "

"ကောင်းကင်မိုးကြိုးစွမ်းအားတွေနဲ့ ဖန်တီးထားတဲ့ လှံတစ်ချောင်းလား…"

ရွှမ်ပိုင်ကတော့ တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား အလွန်အံ့ဩသွားခဲ့သည်။

"မင်းက ဘာတွေမြင်ခဲ့တာလဲ… "

ထိုအရာက သံသရာအရှင်သခင်၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်နေခြင်း မရှိချေ။ မုန့်ချီက ထူးဆန်းစွာ ဝန်ခံလိုက်၏။

"ကျွန်တော်က လော်အဖွဲ့အစည်းက ကူရှောင်စန်းနဲ့ တွေ့ခဲ့တယ်။ သူ့ရဲ့သိုင်းပညာက ကျွန်တော့်ထက် အဆပေါင်းများစွာ ပိုမြင့်နေတော့ ကျွန်တော့်ကို ဖမ်းမိသွားတာပဲ။ ကျွန်တော်က အနတ္တကျိန်စာဖျက်ဓားပညာကို ကျွမ်းကျင်နေကြောင်း သူက သိနေတယ်။ ဒါကြောင့် သူက ကျွန်တော့်ကို မကောင်းဆိုးဝါးတောင်ထိပ်ဆီ အတင်းအကြပ် တက်ခိုင်းခဲ့တယ်။ ပြီးတော့ အဆုံးမဲ့ စိတ်ဆန္ဒတွေ ထွက်ပေါ်လာစေနိုင်တဲ့ ကျောက်တံခါးကို ဖွင့်ခိုင်းတယ်။ အဲဒီအထဲမှာ မကောင်းဆိုးဝါးသခင်ရဲ့ ခန္ဓာကိုယ်နဲ့ ကောင်းကင်ခုံရုံးရဲ့ နယ်မြေအမှတ်အသား ရှိနေတယ်လို့ သူက ပြောခဲ့တယ်…”

“တကယ့်ကို မကောင်းဆိုးဝါးသခင်ပဲ...."

ရွှမ်ပိုင်က သက်ပြင်းချလိုက်မိသည်။

"သူက မကောင်းဆိုးဝါးသခင်ရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရသွားပြီး မင်းကတော့ ကောင်းကင်မိုးကြိုးစွမ်းအားတွေကို ရခဲ့တာလား…”

သူ့တပည့်က ကောင်းကင်မိုးကြိုးစွမ်းအားကို သုံးပြီး ယွမ်မုန်ကျိကို သတ်ပစ်ခဲ့ကြောင်း ကြားထားခဲ့သည့်အတွက် မုန့်ချီက ကောင်းကင်မိုးကြိုးစွမ်းအားကို ရခဲ့ခြင်းဖြစ်မည်ဟု ရွှမ်ပိုင်က ခန့်မှန်းမိခဲ့သည်။ သို့သော် ထိုအရာက အဓိကအချက်မဟုတ်ပေ။ အကယ်၍ လော်အဖွဲ့အစည်းက မကောင်းဆိုးဝါးမလေးကသာ မကောင်းဆိုးဝါးသခင်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိမည်ဆိုလျှင် သူမက ထိပ်တန်းအဆင့် မကောင်းဆိုးဝါးသခင် တစ်ယောက်ဖြစ်လာနိုင်သည်။

မုန့်ချီက ခေါင်းခါပြီး ပြောလိုက်၏။

"ကျွန်တော်တို့က မကောင်းဆိုးဝါးသခင်ရဲ့အရိပ်ကို တွေ့ခဲ့ရတဲ့အချိန်မှာ ကျွန်တော်တို့လာတာ နောက်ကျတယ်လို့ပဲ သူက ပြောခဲ့တယ်…"

"နောက်ကျတာလား…."

ရွှမ်ပိုင်က သေချာစဉ်းစားနေခဲ့ပြီး မကောင်းဆိုးဝါးသခင်၏ ပုံပန်းသဏ္ဍာန်ကို အသေးစိတ်မေးနေခဲ့သည်။

ထိုစကားကို ကြားသည့်အခါ သူက ခေါင်းညိတ်ပြလိုက်၏။

"ဒါက ကောင်းကင်ခုံရုံးပျက်စီးမှုနဲ့ သက်ဆိုင်နေလိမ့်မယ်…"

"ဟုတ်တယ်။ ကောင်းကင်(၉)သွယ် အပျက်အစီးတွေထဲက သဲလွန်စတွေအတိုင်း ကူရှောင်စန်းက အဲဒီနေရာကို ရှာတွေ့နိုင်တယ်။ ဒါကြောင့် သူက ကောင်းကင်ခုံရုံးရဲ့ နယ်မြေအမှတ်အသားကို ပစ်မှတ်ထားနေတာ…"

မုန့်ချီကတော့ ကူရှောင်စန်းကို ပွင့်ပွင့်လင်းလင်း သစ္စာဖောက်နေခဲ့သည်။

သူက ထပ်ပြောလိုက်၏။

"အဆုံးမှာတော့ သူက ကောင်းကင်ခုံရုံးရဲ့ နယ်မြေအမှတ်အသားကို ရသွားပြီး ကျန်ရှိနေတဲ့ မိုးကြိုးစွမ်းအားတွေက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်လာတဲ့အတွက် သူက ကြောက်သွားခဲ့တယ်…"

ထိုစကားကို ပြောလိုက်ပြီးနောက် သူ၏ စွမ်းအားများကို လှုံ့ဆော်လိုက်ရာ လက်ခုံပေါ်တွင် ခရမ်းရောင် မိုးကြိုးအမှတ်အသားလေးတစ်ခု ပေါ်လာခဲ့သည်။

"ဒါက တကယ့်ကို ကောင်းကင်မိုးကြိုးစွမ်းအားတွေပဲ…"

သူ့တပည့်က မကောင်းဆိုးဝါးလမ်းစဉ်ကို ကျရောက်သွားခြင်း မရှိသည့်အတွက် ရွှမ်ပိုင်က စိတ်သက်သာရာရသွားခဲ့သည်။ ယခု သူက ကောင်းကင်မိုးကြိုးစွမ်းအားကို ရရှိထားသည့်အတွက် သူ့အတွက် စိုးရိမ်စရာမလိုတော့ပေ။

မုန့်ချီက ဆက်ပြောလိုက်၏။

"ကောင်းကင်မိုးကြိုးစွမ်းအားတွေက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာတဲ့အချိန်မှာ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ပေးခဲ့တယ်။ မျက်လုံးတံခါးတွေနဲ့ နားတံခါးတွေကိုလည်း ဖွင့်ပေးပြီး မျက်ခုံးကြားထဲမှာရှိတဲ့ လျှို့ဝှက်တံခါးကို လှုံ့ဆော်ပေးနိုင်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့အစွမ်းက သိသိသာသာ တိုးတက်လာခဲ့တာပဲ…”

ရလဒ်အနေနှင့် ဘာကြောင့် သူ၏ သိုင်းပညာများနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက တိုးတက်လာကြောင်း ယုတ္တိရှိရှိ ရှင်းပြနိုင်ခဲ့သည်။ သေမျိုးဖုန်မှုန့်ကျဆင်းခြင်းနှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်အဆင့်(၅)ကိုတော့ သူမသုံးလျှင် သူ့ဆရာလည်း တွေ့မည်မဟုတ်ချေ။

မုန့်ချီ၏ ရှင်းပြမှုက ကျိုးကြောင်းဆီလျော်နေသည့်အတွက် ရွှမ်ပိုင်က ခေါင်းညိတ်ပြလိုက်သည်။

"မကောင်းဆိုးဝါးအုတ်ဂူကြီး ပြိုကျသွားတဲ့အချိန်မှာ ကျွန်တော်က အပြင်ကို ရောက်သွားပြီး မြေပေါ်မှာ သတိလစ်နေခဲ့တယ်။ အဲဒီအချိန် နောက်ကနေ လိုက်လာတဲ့ အန်ကုံရှဲ့က ဖမ်းမိသွားခဲ့တာပါပဲ။ အန်ကုံရှဲ့က ကျွန်တော့်ကို ချက်ချင်းမသတ်ခဲ့ဘူး။ သူက ကျွန်တော့်ကို ဟယ်လာဆီ ခေါ်သွားချင်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်ရဲ့ စွမ်းအားတွေက သိသိသာသာ တိုးတက်လာပြီး တံခါး(၄)ပေါက် ပွင့်နေတဲ့အပြင် မျက်ခုံးကြား စိတ်ဝိညာဉ်စွမ်းအားနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ သိနေတာကို သူမသိခဲ့ဘူး။ အဲဒီအစား ကျွန်တော်ကပဲ အခွင့်အရေးကို အရယူပြီး သွေးကြောတွေကို ဖွင့်လိုက်တယ်။ ပြီးတော့ ကူရှောင်စန်း သုံးခဲ့တဲ့ အဆိပ်လက်နက်ပုန်းနဲ့ အနတ္တ်ကျိန်စာဖျက် ဓားပညာတို့ကို သုံးပြီး သူ့ကိုသတ်ပစ်နိုင်ခဲ့တယ်။ ပြီးတော့ တော်တော်လေးကောင်းတဲ့ ဓားရှည်သိုင်းပညာတစ်ခုကို တွေ့ခဲ့ရတဲ့အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တယ်…"

မုန့်ချီက ယွမ်မုန်ကျိအကြောင်းကို မပြောခဲ့ပေ။ လူပေါင်းများစွာက သူတို့၏ တိုက်ပွဲကို မြင်ခဲ့ဖူးသည်။ သူက ကောင်းကင်မိုးကြိုးစွမ်းအားများအကြောင်းကို ရှင်းပြပြီးသွားသည့်အတွက် နောက်ထပ်ရှင်းပြရန် မလိုတော့ပေ။

သူပြောသည့်စကားလုံး (၁၀)လုံးတွင် (၈)လုံးက အမှန်ဖြစ်သည်။ ထို့ကြောင့် ရွှမ်ပိုင်က လက်ခံနိုင်သည်။ သူက ခေါင်းညိတ်ပြလိုက်၏။

"မင်းက ကောင်းကင်မိုးကြိုးစွမ်းအားတွေ ရသွားပြီဆိုတော့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့်(၅)ကို လေ့ကျင့်လို့ရနိုင်ပြီ။ မင်းရဲ့စိတ်ဝိညာဉ်ကလည်း ပင်မဝိညာဉ်ထဲကို တိုက်ရိုက်ထိုးဖောက်နေပြီဆိုတော့ အနတ္တကျိန်စာဖျက် ဓားပညာကလည်း တိုးတက်နေလောက်ပြီ။ ဒါကြောင့်လည်း မင်းက မကောင်းဆိုးဝါးတောင်တန်းကို သိမ်းပိုက်နိုင်ခဲ့တာပဲ…”

သူက ရှောင်လင်သိုင်းပညာများအပေါ် ယုံကြည်ချက်ရှိသည်။ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်အဆင့်(၅)က တံခါး‌(၄)ပေါက်အဆင့်သာ ရှိသော်လည်း သူ၏ စွမ်းရည်က တံခါး(၆)ပေါက်အဆင့် အကာအကွယ်စွမ်းရည်အများစုကို ယှဉ်နိုင်သည်။

မုန့်ချီပြောသော စကားကို ကြားသည့်အချိန်တွင် ရွှမ်ပိုင်က ကျေးဇူးတင်စွာ ပြောလိုက်၏။

"မင်းရဲ့ကြိုးစားလုပ်ဆောင်မှုကို ဆရာက ကျေးဇူးတင်ပါတယ်။ ဆရာကတော့ သတိမထားမိခဲ့တဲ့အတွက် မင်းတို့တွေကို အန္တရာယ်ကျလုနီးပါးဖြစ်စေခဲ့တယ်။ ငိုကြွေးခြင်းအကြီးအကဲက စုဝူမင်ရဲ့ ဓားချက်ကြောင့် အသတ်ခံလိုက်ရပြီလို့ ဆရာက တွေးနေမိခဲ့တာ။ မင်းက ကျန်းဟွေကို ကယ်တင်နိုင်ခဲ့တာ ကံကောင်းသွားတယ်။ မင်းက တံခါး(၄)ပေါက်ပွင့်နေပြီဆိုမှတော့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၅)နဲ့ အဆင့်(၆)ကို လေ့ကျင့်ဖို့ အချိန်ကျပြီ…”

သူက စကားပြောနေရင်း အလွန်ပါးလွှာသော သိုင်းကျမ်းလေး(၂)ကို ထုတ်ပေးလိုက်သည်။ ထိုသိုင်းကျမ်း(၂)ကို သေချာကူးယူထားပုံရ၏။

မုန့်ချီကတော့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်အဆင့်(၆)ကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်ထားပြီးသည့်အတွက် ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။ သို့သော် သိပ်မကြာခင် ဝမ်းသာသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူက ရက်အနည်းငယ်အတွင်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်အဆင့်(၅)ကို အောင်မြင်သွားပြီဟု ဆင်ခြေပေး၍ ရနိုင်သည်။ ထိုသို့ဆိုလျှင် သူ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မည်ဖြစ်၏။

သူက ရှောင်လင်သို့ ပြန်ရောက်သွားသည့်အချိန်တွင်လည်း ကျမ်းစာတိုက်ထဲသို့ ဝင်ရောက်နိုင်ပြီး အပြင်သိုင်းကျမ်း(၅၈)မျိုးကို ငှားယူ၍ ရနိုင်သည်။ ထိုအရာများက ကံကြမ္မာအမှတ်မြောက်များစွာ ထိုက်တန်၏။

ထို့ပြင် သူက တံခါး(၄)ပေါက်ပွင့်နေသည့်အတွက် လက်ရှိအချိန်တွင် သူ၏အစွမ်းက သူ့ဆရာ၏ခြေရာကို နင်းနိုင်သည်ဟု ဆိုလိုနေသည်။ သူက ကြေးနီလူသား လမ်းကြောင်းကို ချောချောမွေ့မွေ့ဖြတ်ကျော်၍ သိုင်းလောကတွင် တစ်ယောက်တည်း ကျင်လည်၍ ရနိုင်၏။ ဘာကြောင့် သူ့ဆရာကို ဒုက္ခပေးရဦးမည်နည်း။

မုန့်ချီကတော့ သူ၏ အနာဂတ်လမ်းကြောင်းကိုတွေးပြီး တစ်ယောက်တည်း ကျေနပ်နေခဲ့လေသည်။

Translated by Hein Htet

All Chapters