← Chapters

အခန်း (၁၄၆)

Vol. 10 Ch. 146

အခန်း (၁၄၆)

Vol. 10 Ch. 146

မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း နားလည်သွားပြီးနောက် ရွှမ်ပိုင်က မိန်းကလေးအဖွဲ့ကိုကြည့်ပြီး ပြောလိုက်သည်။

"ကောင်းပြီ ။ မင်းတို့က တန်ဟန်ကို ရောက်တဲ့အချိန်ကျရင် အနောက်ပိုင်းနယ်မြေထဲမှာ နေချင်ခဲ့တဲ့သူတွေကို ငါးပင်လယ်ဆီသွားဖို့ စီစဉ်ပေးလိုက်... ။ တကယ်လို့ ကျင်းအင်ပါယာဆီ သွားချင်တဲ့သူတွေကိုတော့ ဆရာတို့နဲ့အတူ သဲမြန်မြို့ကို ခေါ်လာခဲ့လိုက်... ။ ဆရာဦးလေးကုံကျန်းနဲ့ တခြားလူတွေက အဲဒီနေရာမှာ စောင့်နေကြသေးတယ်... "

ခဏကြာပြီးနောက် သူ့တပည့်များက အထင်အမြင် လွဲမှားသွားမှာ စိုးသည့်အတွက် သူက ထပ်ပြောလိုက်သည်။

"မင်းတို့က ကောင်းကင်ပင်လယ် အရင်းအမြစ်ထဲကို မှားပြီး ဝင်သွားခဲ့တယ်ဆိုတာ ဆရာတို့မသိကြဘူး... ။ မင်းတို့က ဒီနေရာကနေ အလယ်ပိုင်းနယ်မြေကို ပြန်ရောက်သွားမှာစိုးတဲ့အတွက် ဆရာတို့က လူခွဲပြီး စောင့်နေကြတာ... ။ အဖွဲ့တစ်ဖွဲ့က သဲမြန်မြို့မှာ စောင့်နေပြီး တခြားတစ်ဖွဲ့က တန်ဟန်မှာ မင်းတို့ကို သွားရှာနေကြတာ... "

"ကျွန်တော်က ဆရာ့ရဲ့အမိန့်ကို နာခံပါ့မယ်... "

မုန့်ချီက ကျေနပ်စွာ ပြောလိုက်သည်။ သူ့ဆရာရှိနေသည့်အတွက် သူက ထိုမိန်းကလေးများအတွက် သင့်တော်သော အစီအစဉ်များကို တည်ငြိမ်စွာ လုပ်ဆောင်နိုင်သည်။

…………….

(၂) ရက်ကြာပြီးနောက် မကောင်းဆိုးဝါးတောင်တန်းတွင် လူ (၅) ယောက် ပေါ်လာခဲ့သည်။ သူတို့ထဲမှ တစ်ယောက်ကတော့ လယ်သမားပုံစံ ယုဟွမ်တောင် ဖြစ်သည်။

တောင်ပေါ်မှ ဆင်းသွားပြီး ကျန်းကွမ်၏နောက်သို့ လိုက်သွားခဲ့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ခဲ့ရသည့်အတွက် သူက ကန်းကျိကို အကူအညီတောင်းရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။ မိုးကြိုးဓား မကောင်းဆိုးဝါးကိုယ်တော်က မကောင်းဆိုးဝါးတောင်တန်းကို ဖျက်ဆီးပစ်လိုက်ကြောင်း တန်ဟန်တွင် ကြားခဲ့သည့်အတွက် ချက်ချင်း ပြန်လာခဲ့ခြင်းလည်း ဖြစ်သည်။

ယခုတော့ စခန်းကြီးတစ်ခုလုံးက ပျက်စီးနေခဲ့၏။ အရာအားလုံးက လောင်ကျွမ်းနေသည်။ အလောင်းများစွာကလည်း မည်းတူးလောင်ကျွမ်းနေသည်မှာ အသူရာငရဲတစ်ခုပမာ ထင်မှတ်ရသည်။

ယုဟွမ်တောင်က စကားမပြောခဲ့ပေ။ သူက ကန်းကျိ၏ ခြံဝန်းထဲသို့ လျှောက်သွားပြီး အနောက်ဘက်အခန်းထဲသို့ ဝင်သွားခဲ့သည်။ ထိုအချိန်တွင် လောင်ကျွမ်းနေသော ခန္ဓာကိုယ်များကို တွေ့လိုက်ရ၏။

"သူက ကလေးတွေကိုတောင် အလွတ်မပေးဘူး... ။ သူက အစစ်အမှန် ကိုယ်တော်တစ်ပါးရော ဟုတ်ရဲ့လား... "

သူ၏လက်အောက်ငယ်သားတစ်ယောက်က ထိတ်လန့်တကြား ပြောလိုက်သည်။

ယုဟွမ်တောင်က မျက်မှောင်ကြုတ်လိုက်၏။

"ဒါက အဲဒီကိုယ်တော်လုပ်တာမဟုတ်နိုင်ဘူး... ။ ကူမိသားစုက ကောင်လေး ဖြစ်နိုင်တယ်... ။ ဒါပေမဲ့ အဲဒီကိုယ်တော်က သူ့ကိုခွင့်ပြုပေးခဲ့တယ်.. "

ထို့နောက်သူ၏အိတ်ထဲမှနေ၍ အစိမ်းရင့်ရောင် တောက်ပနေသော ကျောက်တုံးလေး တစ်တုံးကို ထုတ်ပြီး လက်ဖဝါးပေါ်သို့ တင်လိုက်သည်။ ထိုအချိန်တွင် အနက်ရောင် အငွေ့များက အခန်းထဲတွင် ပြည်နှက်လာပြီး သူတို့၏ပတ်ပတ်လည်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် ငိုသံများ ကြားလိုက်ရ၏။

သူက ဝေ့ကျင်းအဆင့်ကို မရောက်သေးသလို လေလွင့်လက်ဝါး (၁၈) ချက်ကို မသင်ရသေးသော်လည်း ငိုကြွေးခြင်းအကြီးအကဲက သူ့ကို အလွန် အလေးထားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက အန်ကုံရှဲ့ထက် ပို၍လိမ္မာပါးနပ်၏။ ထို့ကြောင့် သူ့ကို စွမ်းရည်တချို့ သင်ကြားပေးထားခဲ့သည်။

အနက်ရောင်အငွေ့များက ကျောက်တုံးထဲတွင် လွှမ်းခြုံလာသည့်အချိန်တွင် ကျောက်တုံးက တဖြည်းဖြည်း နက်မှောင်လာခဲ့သည်။ မကြာခဏဆိုသလို အတွင်းထဲတွင် ပျက်ယွင်းနေသော မျက်နှာတစ်ခု ပေါ်လာခဲ့၏။

"ဆရာကြီး ဘာလုပ်နေတာလဲ... "

ဟီလီယန်တောင်တန်း ဓားပြ (၇၂) ယောက်ထဲမှ တစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ယုဟွမ်တောင်က ရှားရှားပါးပါး ပြုံးလိုက်၏။

"ရှောင်လင်ရဲ့မျိုးဆက်တွေက ဘယ်လောက်တောင် လူမဆန်ဘဲ ရက်စက်ကြမ်းကြုတ်လဲဆိုတာကို အဲဒီဘုန်းကြီးအိုတွေကို ပြရမယ်လေ... ။ အဲဒီလိုအရာမျိုးမှာ သူတို့တွေ ဘုန်းတော်ကြီးက ငရဲသားထက်တောင် ပိုပြီးတော့ဆိုးသေးတယ်... "

"ဟုတ်တယ်... "

ထိုလူက လက်ခုပ်တီး၍ ပြောလိုက်သည်။

"ရှောင်လင်က ဗုဒ္ဓလမ်းစဉ်ကို လျှောက်လှမ်းတယ်လို့ ကြွေးကျော်ထားပြီး ဗုဒ္ဓရဲ့လမ်းညွှန်ချက်တွေအတိုင်း အရာအားလုံးကို လုပ်ဆောင်နေတယ်...။ သူတို့က အဲဒီလို တပည့်မျိုးကို သေချာပေါက် ခွင့်ပြုမှာမဟုတ်ဘူး... ။ အချိန်ကျလာရင် ရှောင်လင်က သူတို့ရဲ့သိုင်းပညာတွေကိုဖျက်ဆီးပြီး သူတို့ကို တောင်အနောက်ဘက်မှာ ချုပ်နှောင်တာမျိုး ၊ ကျောင်းတော်ကနေ ထုတ်ပယ်တာမျိုးလုပ်မှာပဲ…"

ယုဟွမ်တောင်က ခေါင်းညိတ်ပြလိုက်သည်။

"ကျန်းတင်က အဲဒါကို လုပ်တာပဲဖြစ်ဖြစ် မလုပ်တာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူက ပါဝင်ပတ်သက်နေတယ်... ။ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းရဲ့ တိုက်အုပ်ကိုယ်တော်ဝူကျင်းက အဲဒီလို မကောင်းဆိုးဝါးဆန်တဲ့ လုပ်ရပ်တွေကို ရန်သူလို မုန်းတယ်... ။ သူက ဒီကိစ္စကို သေချာပေါက် ကိုင်တွယ်ပါလိမ့်မယ်... ။ တကယ်လို့ ကျန်းတင်ကို သိုင်းပညာဖျက်ဆီးပြီး ရှောင်လင်ကနေ ထုတ်ပယ်လိုက်မယ်ဆိုရင်တော့ ငါတို့အတွက် အခွင့်အရေးပဲ ။ ငါတို့က ဘာမှမရပေမယ့် ဒီလိုအားနည်းချက်တစ်ခု ကျန်နေဦးမယ်လို့ သူတို့က ထင်ထားမှာ မဟုတ်ဘူး... "

"ဆရာကြီး ဆရာကြီးက သတိထားဖို့လိုလိမ့်မယ်... ။ အဲဒီခေါင်းတုံးလေးက ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်နိုင်တယ်... "

သူ၏လက်အောက်ငယ်သားတစ်ယောက်က သူ့ကိုသတိပေးလိုက်သည်။

ယုဟွမ်တောင်ကတော့ လယ်သမားအိုကြီး တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။

"ဘာတွေကြောက်နေရမှာလဲ... ။ သူက ဝေ့ကျင်းအဆင့် စွမ်းအားတွေကို ဘယ်လိုသုံးနိုင်လဲဆိုတာ မသိပေမယ့် ငါတို့အတွက် သေချာတဲ့အရာတစ်ခုရှိတယ်... ။ ဝေ့ကျင်းအဆင့် စွမ်းအားဆိုတာက ဉာဏ်အလင်းပွင့်မှုအဆင့်မှာ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ဖြစ်နိုင်တယ်... ။ အဲဒါက စွမ်းအားအမြောက်အမြား ကုန်ဆုံးတယ်... ။ သူက သိုင်းပညာကို မသုံးနိုင်တော့တဲ့အချိန်မှာ ကောင်းကင်မိုးကြိုးကို ဆက်ပြီး သုံးနိုင်ဦးမလားဆိုတာ ငါလည်း သိချင်တယ်... "

"ဆရာကြီးက တော်တော်လေးကို ဉာဏ်ကောင်းတာပဲ…"

တခြားသော လက်အောက်ငယ်သား တစ်ယောက်က သူ့ကိုမြှောက်ပင့် ပြောဆိုလိုက်သည်။

ယုဟွမ်တောင်ကတော့ ကျောက်တုံးလေးကို သိမ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

"သွားပြီးတော့ လူသတ်ကြစို့... "

ထိုအချိန်တွင် သူကတော့ လယ်သမားတစ်ယောက်နှင့် မတူတော့ဘဲ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော ဓားပြ (၇၂) ယောက်၏ ခေါင်းဆောင် ဖြစ်နေခဲ့သည်။ သူတို့ (၅) ယောက်က မြင်းများကိုစီးပြီး ကျန်းတင်၏နောက်သို့ လိုက်သွားခဲ့ကြ၏။ မိန်းကလေးများစွာကို ဦးဆောင်၍ သွားနေသော ဘုန်းတော်ကြီးတစ်ပါးက ဝေးဝေးရောက်ဦးမည် မဟုတ်ချေ။

………………

ကျောက်စိမ်းတံခါး တောင်ကြားထဲတွင် မုန့်ချီနှင့် ကျန်းဟွေတို့က ထွက်ခွာသွားသော ကူချန်းချင်ကို ကြည့်နေခဲ့၏။ သူတို့က ထိုနေရာတွင် စကားတစ်ခွန်းမျှမပြောဘဲ အချိန်တော်တော်ကြာ ရပ်နေခဲ့ကြလေသည်။

"အစ်ကိုကြီး …

ဘာလို့ အစ်ကိုကူကို ကျွန်တော်တို့နဲ့အတူ လေိုက်လာဖို့ မပြောရတာလဲ..။ အစ်ကိုကြီးက သူနဲ့အတူ လော့ရန်ကို လိုက်သွားလို့ရတယ် မဟုတ်လား... "

မုန့်ချီက ကြေးနီလူသားလမ်းကြောင်းကို သေချာပေါက် ဖြတ်ကျော်နိုင်စွမ်းရှိမည်ဟု ကျန်းဟွေက တွေးထားခဲ့၏။

မုန့်ချီက သက်ပြင်းချလိုက်မိသည်။

"သူက လက်တုံ့ပြန်ပြီးသွားပြီဆိုတော့ သူ့မှာ ဘာမှလုပ်စရာ မရှိတော့ဘူး... ။ သူက နောင်တရနေမှာ အသေအချာပဲလေ..။ သူ့ရဲ့မိသားစု ဒုက္ခရောက်ရတာ ငါ့ကြောင့်ပဲ ။ ဒါကြောင့် သူက ငါတို့နဲ့ မိတ်ဆွေဖြစ်ချင်မှာမဟုတ်ဘူး... ။ အချိန်ယန္တရားက သူ့ရင်ထဲမှာရှိတဲ့ ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့ ငါလည်း မျှော်လင့်မိပါတယ်…"

သူ့အဖွဲ့နှင့် ဆရာတူညီလေးကလွဲလျှင် မုန့်ချီက အပြင်လောကကြီးထဲတွင် ကူချန်းချင်ကို သူ၏မိတ်ဆွေအဖြစ် ပထမဆုံး သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ကသာ အဆက်အသွယ်မရှိတော့ဘဲ ကွဲကွာသွားမည်ဆိုလျှင် သူက စိတ်ပျက်သလို ခံစားမိပါလိမ့်မည်။

အကယ်၍ သူသာ တောင်ပေါ်မှ ဆင်းခွင့်ရမည်ဆိုလျှင် လော့ရန်သို့သွားပြီး ကူးချန်းချင်ဆီကို သွားလည်ရန် စဉ်းစားနိုင်သေး၏။ သူကတော့ အကောင်းဘက်ကသာ တွေးနေခဲ့သည်။

"အရင်ဆုံး မိန်းကလေးတွေရဲ့ကိစ္စကို သွားပြီးတော့ဖြေရှင်းကြရအောင်... ။ ငါတို့က အရာအားလုံးကို ဆရာ့ဆီ လွှဲထားလို့မရဘူး... "

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီးနောက် မုန့်ချီက ကျန်းဟွေကိုပြောပြီး တည်းခိုဆောင်ဆီသို့ ပြန်လာခဲ့သည်။

ကယ်တင်ထားသော မိန်းမပျိုတချို့ကို တန်ဟန်တွင် ထားခဲ့လိုက်ပြီ ဖြစ်သည်။ သူတို့က အနောက်ပိုင်းနယ်မြေမှ လူများဖြစ်ကြပြီး သူတို့၏နေရပ်ကို စွန့်ခွာလိုခြင်း မရှိကြပေ။ ထို့ကြောင့် သူတို့က ရှောင်လင်နှင့် ရင်းနှီးသောကုန်သည်များနှင့်အတူ ငါးပင်လယ်သို့ လိုက်သွားခဲ့၏။

တချို့ကတော့ နှင်းတောင်ဂိုဏ်းနှင့် တခြားနေရာတွင် ရှိနေသော အိုအေစစ်များဆီသို့ ရွှေ့ပြောင်းသွားကြသည်။ ကျန်ရှိနေသည့် သူများကတော့ အလယ်ပိုင်းနယ်မြေသို့ သွားမည့်သူများနှင့် အနောက်ပိုင်းနယ်မြေထဲတွင် ဆွေမျိုးမရှိသူများ ဖြစ်ကြသည်။ သူတို့က ပတ်ဝန်းကျင်ပြောင်းလဲပြီး ပျော်ရွှင်စရာမဟုတ်သည့် မှတ်ဉာဏ်များကို မေ့ပစ်ချင်နေကြသည်။

သူတို့က ကုံကျန်းတို့နှင့်အတူ အရှေ့ဘက်သို့ လိုက်လာခဲ့ကြ၏။ သူတို့က ကျောက်စိမ်းတံခါး တောင်ကြားကို ဖြတ်ကျော်နေသည့်အချိန်တွင် လူပေါင်းများစွာက မတူညီသော ဦးတည်ချက်များကြောင့် ခွဲခွာသွားကြသည်။

ရှောင်လင်က အသက်တစ်သက်ကို ကယ်တင်ခဲ့သည့်အချိန်တွင် သူတို့က အဆုံးထိအောင် လိုက်ပါဆောင်ရွက်ပေးခဲ့၏။ ထို့ကြောင့် သူတို့က အဆင်ပြေသော ပို့ဆောင်ရေးအဖွဲ့များကို အကူအညီတောင်းပြီး ထိုမိန်းမပျိုများကို ဦးတည်ရာရောက်အောင် ကူညီပေးကြသည်။

တည်းခိုဆောင်သို့ ပြန်ရောက်လာသည့်အချိန်တွင် သူတို့၏ဆရာက ပို့ဆောင်ရေး အဖွဲ့တစ်ဖွဲ့ကို အပြင်သို့ လိုက်ပို့နေကြောင်း မုန့်ချီနှင့် ကျန်းဟွေတို့က မြင်လိုက်ရသည်။ ထိုပို့ဆောင်ရေး အဖွဲ့၏နောက်မှနေ၍ မိန်းမပျိုများစွာ လိုက်သွားခဲ့ကြ၏။

မုန့်ချီနှင့် ကျန်းဟွေတို့ကို မြင်သည့်အချိန်တွင် ထိုမိန်းမပျိုများ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာကြသည်။

"ကိုရင်လေးတို့ …

ကျွန်မတို့က ကိုရင်လေးတို့(၂) ယောက်အတွက် နေ့တိုင်းဆုတောင်းပေးနေပါ့မယ်... "

ရှောင်လင်မှ ဝေ့ကျင်းအဆင့် အကြီးအကဲများ၏ အမိန့်ကိုရထားသော ပို့ဆောင်ရေးသမားများက သူတို့ကို မြင်သည့်အချိန်တွင် သူတို့မည်သည့်နေရာကို ရောက်နေကြောင်း မေ့လျော့သွားခဲ့သည်။

သူတို့ကို နှုတ်ဆက်လိုက်ပြီးနောက် မုန့်ချီနှင့် ကျန်းဟွေတို့က အပေါ်သို့ တက်လာခဲ့ကြသည်။

" မြောက်ဘက်နဲ့တောင်ဘက်ကို သွားတဲ့လူတွေက ထွက်သွားပြီ ။ အရှေ့ပိုင်းကို သွားမယ့်လူတွေပဲ ကျန်တော့တယ်... "

ရွှမ်ပိုင်က အပေါ်သို့ ရောက်လာသည့်အချိန်တွင် စိတ်ပျက်နေသည့် အမူအရာမျိုး မရှိချေ။ သူက တခြားလူများကို ကူညီပေးနေရသည့်အတွက် အတော်လေး ပျော်ရွှင်နေခဲ့၏။

"ရွှမ်ပိုင် ၊ ကျန်းတင် ၊ ကျန်းဟွေ …

ငါ့အခန်းကို လာခဲ့ကြဦး... "

မုတ်ဆိတ်ရှည် ကုံကျန်းနှင့် ဒေါသမျက်နှာ ဝူကျင်းတို့၏ အမူအရာက အလွန် လေးနက်နေခဲ့သည်။

မုန့်ချီကတော့ ဆိုးရွားသည့်အရာတစ်ခုကို ချက်ချင်း ခံစားမိလိုက်၏။

ရွှမ်ပိုင်က သူ့တပည့် (၂) ယောက်ကိုခေါ်ပြီး ကုံကျန်း၏အခန်းထဲကို ဝင်သွားခဲ့သည်။ ထိုအချိန်တွင် ကုံကျန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု တောက်ပလာပြီး အခန်းကို လုံးဝ လွှမ်းခြုံသွားခဲ့သည်။

"မင်းတို့က မကောင်းဆိုးဝါးတောင်တန်းမှာ ဖြစ်ခဲ့တဲ့အရာတွေကို ဖုံးကွယ်ထားတာ ရှိသေးလား... "

စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော်ဖြစ်သော ဝူကျင်းက တည့်တည့်သာ မေးလိုက်သည်။

သဲမြန်မြို့ထဲတွင် သူ့တပည့်များက ကူချန်းချင် လက်တုံ့ပြန်ခွင့်ရအောင် ကူညီပေးခဲ့ပြီး အပြစ်မရှိသော မိန်းမပျိုများကို ကယ်တင်ခဲ့ကြောင်း ရွှမ်ပိုင်က ပြောခဲ့သည်။ အပြစ်ပေးစည်းမျဉ်းများအရဆိုလျှင်သူတို့ကို အပြစ်ပေး၍ မရနိုင်ပေ။

ဘုန်းတော်ကြီးများ လိုက်နာရသော အပြစ်ပေးစည်းမျဉ်းများအရ သူတို့က ဆိုးဆိုးဝါးဝါး ခံစားနေရသော လူတိုင်းကို ကယ်တင်ပေးသင့်သည်။ ထို့ကြောင့် မုန့်ချီနှင့် ကျန်းဟွေတို့က လူဆိုးများကို သတ်ပစ်ပြီး လူကောင်းများကို ကယ်တင်ခဲ့သည့်အတွက် စည်းမျဉ်းကို ဖောက်ဖျက်ခဲ့ခြင်း မရှိချေ။

ရွှမ်ပိုင်က ထိုအခြေအနေကို နားလည်နေသော်လည်း လက်တုံ့ပြန်သည့်အကြောင်းကို သေချာပြောခဲ့သည်။ သို့သော် ကူချန်းချင်က အမုန်းတရားကြောင့် တိုက်ခိုက်နေသည်ကို သူ့တပည့်များ ကြည့်နေသည့်အတွက် သူလည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ထို့ပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့်အနေနှင့် သတ်ဖြတ်ခြင်းမျိုးအတွက် ဝူကျင်းက သူတို့ကို အပြစ်ပေးခဲ့ခြင်း မရှိချေ။

"မရှိပါဘူး... "

မုန့်ချီက ခဏကြာစဉ်းစားပြီး တူညီသောအဖြေကိုသာ ပေးခဲ့သည်။ သူက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူက ကူချန်းချင်၏ လက်တုံ့ပြန်မှုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြထားသည်။ သူက အသေးစိတ် မပြောပြခြင်းသာ ရှိ၏။

"အော်မီတော်ဖော်...

ငါ့ရဲ့အပြစ်တွေပါပဲ ။ လူတစ်ယောက်က ငါ့ကို ဒါလေးပို့လိုက်တယ်... "

ကုံကျန်းက အသံတိုးတိုးနှင့် ပြောလိုက်ပြီး အနက်ရောင်အငွေ့များ လွှမ်းခြုံနေသော ကျောက်တုံးတစ်တုံးကို ထုတ်ပြလိုက်သည်။

သူ၏လက်ဖဝါးပေါ်တွင် အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ထိုကျောက်တုံးထဲသို့ ကျရောက်လာခဲ့၏။ အနက်ရောင်အငွေ့များ ထွက်ပေါ်လာပြီးနောက် တစ္ဆေမျက်နှာတစ်ခု ပေါ်လာပြီး ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ပြန်ပြနေခဲ့သည်။

မုန့်ချီကတော့ ကြောက်ရွံ့တုန်လှုပ်သွားခဲ့၏။ ကူချန်းချင်က လက်တုံ့ပြန်နေသည့် အချိန်တွင် သူက ထိုအရာကို သတိမထားမိခဲ့ပေ။ ကန်းကျိက တစ္ဆေအဖြစ် ပြောင်းလဲသွားသည့်အချိန်တွင် သူက ကျန်းဟွေကို ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်၏။ သူက ကျန်းဟွေ၏ ဗုဒ္ဓပုတီးကိုသုံးပြီး သေဆုံးသူ၏ ဝိညာဉ်ကို ဖယ်ရှားရန် တောင်းဆိုခဲ့သင့်သည်။ အစစ်အမှန် ဘုန်းတော်ကြီး တစ်ယောက် မဟုတ်သည့်အတွက် မုန့်ချီက ထိုအရာကို ယခုမှသာ တွေးမိခဲ့ခြင်း ဖြစ်သည်။

ရွှမ်ပိုင်က မုန့်ချီနှင့် ကျန်းဟွေတို့ကို အံ့အားသင့်စွာ ကြည့်နေမိခဲ့၏။ ထိုကဲ့သို့ အရာမျိုးဖြစ်ခဲ့ကြောင်း သူလည်း သိမထားခဲ့ပေ။

"မင်းက အပြစ်မဲ့တဲ့သူတွေ အသတ်ခံနေရတာကို ခွင့်ပြုပေးခဲ့တယ်...။ ဒါက မင်းရဲ့ပထမအမှားပဲ ။ မင်းက မင်းရဲ့အပြစ်တွေကို ငြင်းဆန်ပြီး ဖုံးကွယ်ထားခဲ့တယ်..။ ဒါက မင်းရဲ့ဒုတိယအမှားပဲ ။ မင်းတို့နှစ်ယောက်လုံးက ရက်စက်ကြမ်းကြုတ်ပြီး တခြားလူတွေအပေါ် သနားညှာတာပေးမှု မရှိကြဘူး... ။ မင်းတို့တွေက ကိုယ့်အပြစ်ကိုယ်လည်း မသိကြဘူး... "

ဝူကျင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုတစ္ဆေက လိမ်ညာနေခြင်းမဟုတ်ကြောင်း ကုံကျန်းက စစ်ဆေးထားပြီးသား ဖြစ်သည်။

မုန့်ချီက မည်သို့ပြန်ဖြေရမှန်း မသိချေ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးက အသေးစိတ် ကျနေခဲ့၏။ သို့သော် သူက တိုက်အုပ်ကိုယ်တော်ပြောသလို မကောင်းဆိုးဝါးဆန်သော လူတစ်ယောက် မဟုတ်ချေ။

သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီးနောက် ရွှမ်ပိုင်က ရှေ့ထွက်လာပြီး တည်ငြိမ်စွာ ဦးညွှတ်လိုက်သည်။

"ဒါက ကျွန်တော့်ရဲ့အမှားပါ... ။ ကျန်းတင်က နောင်တရနေတာကို မြင်ခဲ့ရတယ်... ။ ဒါကြောင့် သူ့ကို ဖုံးကွယ်ဖို့အတွက် လိမ်ခိုင်းလိုက်တာပါ... "

မုန့်ချီက သူ့ဆရာကို ရှုပ်ထွေးစွာ ကြည့်နေမိခဲ့သည်။ သူ့ဆရာက သူ့ကို နောက်တစ်ကြိမ်ထပ်ပြီး ကူညီပေးနေခြင်း ဖြစ်၏။ ရွှမ်ပိုင်က ချက်ချင်းပင် သူ့ကို တောင်းပန်ရန် အချက်ပြလိုက်သည်။ ထိုသို့ဆိုလျှင် မျှော်လင့်ချက် ရှိနိုင်သေး၏။

မုန့်ချီက သူ၏အမှားများကြောင့် ရှုပ်ထွေးနေသည့်အချိန်တွင် ဝူကျင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက ခွင့်လွှတ်လို့မရနိုင်တဲ့ အမှားမျိုးပဲ ။ ကျန်းဟွေက သနားကြင်နာတတ်တယ်... ။ သူက ကျန်းတင်ကို ခုခံဖို့လည်း အရမ်းအားနည်းလွန်းတယ်...။ ဒါကြောင့် သူ့မှာ အပြစ်မရှိဘူး... ။ ဒါပေမယ့် သူက ကျန်းတင်ကို ဖုံးကွယ်ဖို့ ကူညီပေးခဲ့ပြီး စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် ရှောင်လင်ကိုပြန်ရောက်ရင် (၂) နှစ်တိတိ တံခါးပိတ်ခံထားရမယ်... "

စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော် ဖြစ်သည့်အတွက် သူက ကျောင်းထိုင်ကို သတင်းပို့စရာမလိုဘဲ အကြီးအကဲတစ်ယောက်ကိုပင် အပြစ်ပေးပိုင်ခွင့် ရှိသည်။

"ရွှမ်ပိုင် …

မင်းကတော့ သူတို့ရဲ့ဆရာဖြစ်ပြီး သူတို့ကို ကောင်းကောင်းမသင်ပေးနိုင်ဘူး... ။ အဲဒီအစား မင်းက သူတို့ကို အပြစ်ပေးမှုကနေ ရှောင်တိမ်းဖို့ ညွှန်ကြားခဲ့တယ်... ။ ငါက မင်းကို တစ်နှစ်တိတိ တိုက်ပိတ်ထားဖို့ အမိန့်ပေးတယ်... "

ဝူကျင်းက ရွှမ်ပိုင်ကို အမိန့်ပေးလိုက်ပြီးနောက် မုန့်ချီကို လှည့်ကြည့်လိုက်သည်။

"ကျန်းတင် …

မင်းကတော့ အဆိုးဝါးဆုံးအပြစ်ကို ကျူးလွန်ထားတယ်... ။ မင်းက ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုမရှိဘူး... ။ မင်းကိုတော့ သိုင်းပညာဖျက်ဆီးပြီး ရှောင်လင်ကနေ ထုတ်ပယ်ခံရမယ်... ။ မင်းက ရှောင်လင်ရဲ့ထိပ်သီးသိုင်းပညာတွေကို တခြားလူတွေဆီ သင်မပေးပါဘူးလို့ ကျမ်းသစ္စာလည်း ဆိုရလိမ့်မယ်... "

ထိုစကားကို ကြားသည့်အခါ ရွှမ်ပိုင်က အလွန်ထိတ်လန့်သွားပြီး ချက်ချင်း တောင်းပန်လိုက်သည်။

"ဆရာဦးလေး …

ကျေးဇူးပြုပြီး ကျန်းတင်ကို တစ်ခါလောက် အခွင့်အရေးပေးပါဦး... ။ သူက လူတွေအများကြီးကို ကယ်တင်ပေးခဲ့တယ်လေ... "

"ကယ်တင်ပေးတာကြောင့် အမှားတွေကို ဖယ်မပေးနိုင်ဘူး... ။ အသက်ကယ်တာက သူ့ရဲ့ကိုယ်ပိုင်လုပ်ဆောင်မှုပဲ ။ ဒီကျောက်တုံးကို ပို့လိုက်တာက ငိုကြွေးခြင်း အကြီးအကဲရဲ့ လှည့်ကွက်ဖြစ်နိုင်တယ်... ။ သူတို့တွေက တစ်နေရာရာမှာ အလယ်ချောင်းပြီး တိုက်ခိုက်ဖို့ စောင့်နေကြတာပဲ ။ ဒီတော့ ဆုလာဘ်တစ်ခုအနေနဲ့ ကျန်းတင်ကို တခြားမြို့တစ်မြို့ဆီ ပို့ဆောင်ပေးနိုင်တယ်... "

ဝူကျင်းက စိတ်မရှည်နိုင်စွာ ပြောလိုက်သည်။

မုန့်ချီ၏ ခေါင်းထဲတွင်တော့ ရှုပ်ထွေးသွားခဲ့၏။ ဤကိစ္စက ဘာကြောင့်ထိုကဲ့သို့ အဆုံးသတ်သွားခဲ့ရသနည်း။

ရွှမ်ပိုင်ကတော့ အတော်လေး ဝမ်းနည်းနေခဲ့၏။ သူက ဝူကျင်းကို ဒူးထောက်၍ ဦးညွှတ်လိုက်သည်။

"ကျွန်တော်က ကျွန်တော့်တပည့်အတွက် စေတီထဲမှာ လေ့ကျင့်ဖို့အခွင့်အရေးကို လက်လွှတ်ချင်ပါတယ်... "

ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်ပြီးနောက် သူက စေတီထဲသို့ဝင်၍ လေ့ကျင့်ရန် အခွင့်အရေးရှိနေပြီး ဗုဒ္ဓ၏အမွေအနှစ်များကို လေ့လာနိုင်သည်။ ထိုသို့လုပ်ဆောင်မှသာ သူက ခိုင်မာသော အုတ်မြစ်တစ်ခု ရှိလာပြီး ဓမ္မကာရ တစ်ဝက်အဆင့်မှနေ၍ ဓမ္မကာရအဆင့်ကို တက်လှမ်းနိုင်မည် ဖြစ်သည်။

မုန့်ချီက အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ သူက ရွှမ်ပိုင်ကို မျက်ရည်စများနှင့် စိုက်ကြည့်နေခဲ့သည်။ သူ့ဆရာက ထိုကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို အမှန်တကယ် လက်လွှတ်တော့မည်လော။

"မရဘူး.။ ငါလက်မခံနိုင်ဘူး.. "

သူကတော့ သူ့ဆရာကို ထိုကဲ့သို့ ပေးဆပ်ခွင့် မပြုနိုင်ပေ။ အကယ်၍ သူ့ကို ထုတ်ပယ်လိုက်မည်ဆိုလျှင်ပင် သူက သံသရာကမ္ဘာကြီးထဲကို ပြန်သွား၍ ရနိုင်သေးသည်။ သူ၏သိုင်းပညာများကိုလည်း ပြန်ရရန် မျှော်လင့်ချက် ရှိနေသေး၏။

သူသာ ကျန်းဝူဂိုဏ်းနှင့် ကျိကျန်းစံအိမ်သို့ သွားလိုက်မည်ဆိုလျှင် ကျန်းယွင်ရှန်နှင့် ကျန်းကျိဝေတို့၏ အကူအညီကို တောင်း၍ ရနိုင်သည်။ သူက ကျိလော်ကျူး၏ လူများကို ကြောက်လန့်နေရန် မလိုအပ်ပေ။

သူက လမ်းတလျှောက်တွင် အခက်အခဲများကို ရင်ဆိုင်ရနိုင်သော်လည်း သူ့ဆရာ၏ သနားကြင်နာမှုကို ပြန်လည်ပေးဆပ်ရန် စဉ်းစားလိုက်သည်။

သူက အံကြိတ်ပြီး ဝူကျင်းကို စိုက်ကြည့်လိုက်၏။

"တိုက်အုပ်ကိုယ်တော် …

ကျွန်တော်က ဘာအမှားမှမလုပ်ခဲ့ဘူး... "

Translated by Hein Htet.

All Chapters