← Chapters

အခန်း (၁၄၇)

Vol. 10 Ch. 147

အခန်း (၁၄၇)

Vol. 10 Ch. 147

"မင်းက ဘာမှမမှားခဲ့ဘူးလား ..."

ဝေ့ကျင်းက ဒေါသတကြီး ပြန်မေးလိုက်သည်။ စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော်တစ်ပါး ဖြစ်ခဲ့သည့် အချိန်အတွင်း အမှားလုပ်ခဲ့သော တပည့်တစ်ယောက်က ပထမဆုံးအကြိမ် ဝန်မခံခြင်းကို မြင်ခဲ့ရခြင်းလည်း ဖြစ်၏။

"အော်မီတော်ဖော်....

ငါ့ရဲ့အပြစ်ကို ခွင့်လွှတ်ပေးပါ ...."

ကုံကျန်း၏ လက်ထဲတွင် စိပ်နေသော ပုတီးကလည်း ယာယီရပ်တန့်သွားခဲ့သည်။

ရွှမ်ပိုင်က မုန့်ချီကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။ မုန့်ချီ၏ ပါးစပ်ဖျားမှနေ၍ ထိုစကားများ ထွက်လာသည့်အတွက် ပြန်လှည့်ရန် မဖြစ်နိုင်တော့ကြောင်း သူ သိသွား၏။ ကျန်းတင်က သူ့အတွက် ထိခိုက်ရမည်ဆိုလျှင်ပင် သူ့ဆရာကို စေတီထဲ၌ လေ့ကျင့်ရန် အခွင့်အရေးကို မဆုံးရှုံးစေလိုခြင်းကြောင့်ပေလော။

"တော်တော်ရူးတဲ့ ကလေးပါလား ..."

ရွှမ်ပိုင်၏မျက်လုံးထဲတွင် စိတ်ပျက်မှုများ၊ ကျေးဇူးတင်မှုများ ပြည့်နှက်နေခဲ့သည်။

မုန့်ချီက အကြောက်အလန့် မရှိ ပြန်ဖြေလိုက်၏။

"တိုက်အုပ်ဆရာတော်က မကောင်းဆိုးဝါးတွေကို အမြစ်ပြတ် သုတ်သင်ခြင်းဆိုတဲ့ အချက်ကို နားမလည်တာလား...။ ရန်ကြွေးသံသရာကို ရပ်တန့်ဖို့ တစ်ခုတည်းသော နည်းလမ်းက အပြစ်ရှိတဲ့သူတွေကို အမြစ်ပါမကျန် ရှင်းပစ်ဖို့ပဲ ...”

“တကယ်လို့ လူဆိုးဓားပြတွေကို သင်ခန်းစာတွေပဲ ပေးမယ်ဆိုရင် ပို၍ များပြားတဲ့ အပြစ်မဲ့တဲ့သူတွေပဲ ထိခိုက်လာရလိမ့်မယ်..။ အဲဒါက ပိုပြီးအပြစ်ရှိတာ မဟုတ်ဘူးလား။ လူဆိုးဓားပြတွေကို သတ်ပစ်တာက အပြစ်မဲ့တဲ့သူတွေကို ကာကွယ်ပေးတာထက်ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိတယ်.။ သူတို့တွေကို ဖျက်စီးပစ်ပြီး ရှင်သန်ခွင့်ပေးစရာ မလိုဘူး ...”

“ရှောင်လင်က ဗုဒ္ဓလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ ဂိုဏ်းတစ်ခုပဲ .။ ဗုဒ္ဓက ဘယ်အရာကိုမှ မတောင်းဆိုခဲ့ဘူး.။ သူ့ရဲ့လမ်းညွှန်ချက်ကကို ကိုယ့်ကိုယ်ကိုယ် အားကိုးခိုင်းတာ ...။ ဂေါတမဘုရားဆိုတာက အရာအားလုံးကို နားလည်တဲ့ ဆရာတစ်ယောက် သက်သက်ပဲ..။ သူက တောင်ထိပ်ပေါ်မှာ အပူဇော်ခံနေတဲ့ သစ်သားရုပ်ထုတွေပဲ မဟုတ်ဘူး..”

“ဆရာတော်တို့ကတော့ ဗုဒ္ဓရဲ့အစစ်အမှန် အဆုံးအမကို မေ့နေကြပြီ..။ ဆရာတော်တို့က ဗုဒ္ဓကို ကိုးကွယ်ဖို့အတွက် နေ့ရောညပါ အမွှေးတိုင်တွေ ထွန်းနေကြတယ်..။ သူက ကောင်းကင်ပေါ်ကနေ ကျဆင်းလာမယ့်နတ်ဘုရား တစ်ပါးလိုမျှော်လင့်နေကြတယ်..။ သူ့ရဲ့ မူလရည်ရွယ်ချက်ကတော့ ပျောက်ဆုံးသွားပြီ ..”

“ဗုဒ္ဓလမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆိုတာက နှလုံးသားထဲမှာ ဗုဒ္ဓရဲ့ခံယူချက်တွေ ရှိနေဖို့ပဲ.။ လူတိုင်းမှာ တရား ရှိနိုင်တယ်..။‌ အဝိဇ္ဇာ(၄)မျိုးကြောင့် အမှောင်ဖုံးမနေဘူးဆိုရင် လူတိုင်းက တရားရနိုင်တာပဲ..။ ဆရာတော်တို့က‌တော့ လူမသတ်ဘဲ ညှာတာထောက်ထားပြီး ကံကြမ္မာအမှတ်တွေကို စုဆောင်းနေတာ ဗောဓိတဗ္ပဖြစ်ချင်လို့လား ...'

"အဲဒါက အတုအယောင်တွေ.။ အသုံးမဝင်တဲ့ အရာတွေ ..."

သူပြောနေသည့် စကားများက ဝူကျင်းကို ပို၍ ဒေါသထွက်စေခဲ့သည်။ သူပြောသည့် စကားများက အဓိပ္ပာယ်ရှိနေလျှင်ပင် သူ၏ခံစားချက်များအရ လက်ခံလိမ့်မည် မဟုတ်ချေ။

"မင်းက မကောင်းဆိုးဝါးပဲ...။ မင်းက ဘယ်လိုအတွေးအခေါ်တွေကို လာပြောနေတာလဲ ...."

ဝူကျင်းက ဒေါသတကြီး ပြန်ပြောလိုက်၏။ ဘဝတစ်လျှောက်လုံး ကျမ်းစာများကို လေ့လာခဲ့သော ကိုယ်တော်တစ်ပါး ဖြစ်သည့်အတွက် မုန့်ချီ၏စကားများကို မည်သို့ ပြန်ဖြေရမည်ဖြစ်ကြောင်း ဝူကျင်းက သိနေခဲ့သည်။

သို့သော် သူကိုယ်တိုင်က စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော် တစ်ပါးဖြစ်ပြီး မျိုးဆက် (၂) ဆက်စာ ပို၍အသက်ကြီးနေသည့်အတွက် သူထက် ငယ်ရွယ်သော မုန့်ချီကို ရှင်းပြရန်မလိုဟု ခံစားမိသည်။ သူက ရွှမ်ပိုင်ကို လှည့်ကြည့်လိုက်၏။

"မင်းက ဘာပြောစရာ ရှိသေးလဲ ...."

ရွှမ်ပိုင်က မုန့်ချီကို နောင်တရစွာ ကြည့်လိုက်ပြီး လက်အုပ်ချီ၍ ပြောလိုက်၏။

"အော်မီတော်ဖော် ....

ကျွန်တော်က ကျွန်တော့်ရဲ့တပည့်ကို သင်ကြားပေးဖို့ တာဝန်မကျေခဲ့ဘူး။ ဒီတော့ ကျွန်တော် ကိုယ်တိုင် ကျန်းတင်ရဲ့ သိုင်းပညာကို ဖျက်စီးပြီး သူ့ကို အနီးနားမှာ ရှိတဲ့ မြို့ဆီ ပို့ပေးဖို့ ဆရာဦးလေးကို တောင်းဆိုချင်ပါတယ်...."

မုန့်ချီက ခေါင်းငုံ့ပြီး ဝမ်းနည်းသွားခဲ့သည်။ သူ့ဆရာအပေါ်ကိုလည်း စိတ်ပျက်သွားမိခဲ့သည်။

သူတို့က ငြင်းခုန်နေကြသည့်အချိန်တွင် ကျန်းဟွေက ဒူးထောက်ပြီး အပြစ်ရှိနေသလို ခံစားနေရ၏။ သူကတော့ အပြစ်ပေးမှုနှင့် ပတ်သက်၍ အထွန့်တက်နေခြင်း မရှိပေ။ သို့သော် သူ့ဆရာက မုန့်ချီ၏ဒန်တျန်ကို လက်နှင့် ဖိလိုက်သည့်အချိန်တွင်တော့ သူ၏ ခံစားချက်များကို ထိန်းမထားနိုင်တော့ပေ။

သူက ကျယ်လောင်စွာ အော်လိုက်မိ၏။

"ဆရာတူ အစ်ကိုကြီး ...."

သူ့ရင်ထဲတွင်လည်း အေးစက်သွားခဲ့သည်။

မုန့်ချီ၏ ဒန်တျန်က နာကျင်သွားခြင်း မရှိဘဲ ရေပူစမ်းထဲကို ကျရောက်သွားသလို ခံစားလိုက်ရသည်။ ထိုအရာက အန်ကုံရှဲ့ ဖျက်စီးခဲ့သည့်အချိန်နှင့် လုံးဝကိုကွဲပြားနေသလို ခံစားနေရ၏။ သို့သော် သူ၏သိုင်းပညာများက လျင်မြန်စွာ ပျောက်ကွယ်သွားနေကြောင်း ခံစားနေမိသည်။

ကျန်းဟွေ၏ ငိုသံကို ကြားသည့်အခါ သူက ပြန်လှည့်ကြည့်ပြီး အားတင်း၍ ပြုံးလိုက်သည်။

"ညီလေး ဘာမှစိတ်ဓာတ်မကျပါနဲ့ ..။ မင်းရဲ့လေ့ကျင့်မှုကို အာရုံစိုက်မယ်ဆိုရင် နောက်တစ်ကြိမ် ပြန်တွေ့တဲ့အချိန်ကျရင် မင်းက နောက်ကျကျန်ခဲ့မှာ မဟုတ်ဘူး..။ ဟား...ဟား...ဟားဟား ...။ အဲဒီအချိန်ကျရင် မင်းက အဆင့်မြင့် ကိုယ်တော်တစ်ပါးတောင် ဖြစ်နေနိုင်ပါတယ် ...."

ကျန်းဟွေက အရူးတစ်ယောက် မဟုတ်ချေ။ မုန့်ချီက ပြန်လှည့်၍ မရသော အခြေအနေကို ရောက်နေကြောင်း သူသိနေ၏။ သူက မျက်ရည်စများနှင့် ပြောလိုက်သည်။

"ဆရာတူ အစ်ကိုကြီး ...။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ ...."

"ငါက ဓားသမားတစ်ယောက် ဖြစ်လာမှာပါ ..."

မုန့်ချီက ဝမ်းနည်းမှုများကို ဖုံးကွယ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

ထို့နောက် ရွှမ်ပိုင်၏ ညွှန်ကြားမှုနှင့် မုန့်ချီက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရသည်။

"အခုကစပြီး ကျွန်တော်က ရှောင်လင်ရဲ့သိုင်းပညာ လျှို့ဝှက်ချက်တွေကို ဘယ်သူ့ဆီကိုမှ ပြောမပြပါဘူးလို့ သစ္စာဆိုပါတယ် ...."

အကယ်၍ သူသာ သစ္စာဆိုရန် ငြင်းဆိုလိုက်မည်ဆိုလျှင် စေတီလေး၏ အောက်ခြေတွင် အဖမ်းခံရမည်ဖြစ်ပြီး (၁၀)စုနှစ်ပေါင်းများစွာ အလင်းရောင်ကို မြင်ရလိမ့်မည် မဟုတ်ချေ။

ရွှမ်ပိုင်က မုန့်ချီကို ဆွဲထူလိုက်ပြီး ကုံကျန်းကို လှည့်ပြောလိုက်၏။

"ဆရာဦးလေး ...

ငိုကြွေးခြင်း အကြီးအကဲနှင့် သူ့အဖွဲ့တွေ လိုက်ပြီး တိုက်ခိုက်တာကို ရှောင်တိမ်းဖို့အတွက် ကျွန်တော်က ကျန်းတင်ကို ဝူလျန့်မြို့ဆီ ခေါ်သွားလိုက်မယ် ...."

ကုံကျန်းက လက်ထဲတွင် ကိုင်ထားသော ပုတီးကို စိပ်နေရာမှ ရပ်လိုက်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

"ကျန်းတင် …

ဗုဒ္ဓရဲ့အဆုံးအမတွေက လူကောင်းလူဆိုး ခွဲခြားထားတာ မရှိဘူး ။ တကယ်လို့ မင်းကသာ အဲဒါကို နားလည်သွားပြီး သတ်ဖြတ်ချင်စိတ်တွေကို ဖယ်ရှားနိုင်မယ် ဆိုရင်တော့ တစ်နေ့နေ့မှာ ဗုဒ္ဓသားတော်တစ်ယောက် ဖြစ်နိုင်ပါသေးတယ်။ ရှောင်လင်က မင်းအတွက် အမြဲတမ်း တံခါးဖွင့်ပေးထားပါတယ် ..."

အတိတ်တွင် ဆိုးရွားသောပြစ်မှုများ ကျူးလွန်ထားသူများကပင် ဘုန်းတော်ကြီးများ ဖြစ်လာနိုင်ကြသည်။ ရှောင်လင်က သူတို့၏တပည့်များကိုတော့ သေချာပေါက် လက်မခံဘဲ နေမည် မဟုတ်ချေ။ သို့သော် သူတို့၏လုပ်ရပ်များက‌ေ‌တာ့ သူတို့၏ ရပ်တည်ချက်ကို ပြသနေခြင်းသာဖြစ်သည်။

မုန့်ချီက စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ရွှမ်ပိုင်က သူ့ကို ဆွဲခေါ်သွားသည့်အတွက် သူတို့၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းဟွေကတော့ အံ့ကြိတ်ပြီး ကောင်းကင်ကြီးပေါ်ကို မော့ကြည့်နေခဲ့၏။ သူကတော့ သူ့ဆရာတူ အစ်ကိုကြီး ပြန်လာရန် မျှော်လင့်နေမိသေးသည်။

ဝူလျန့်မြို့က ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းဆုံရာ မြို့တစ်မြို့ဖြစ်သည်။ ရွှေရောင်ကြာပန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အချိန်တွင် သူက ဆိပ်ကမ်းသို့ ရောက်နေပြီး ဖြစ်ကြောင်း မုန့်ချီက နားလည်သွား၏။

ပတ်ပတ်လည်တွင် လှေများ ၊ ခရီးသွားများ ရှိနေကြသည်။ ရွှမ်ပိုင်က မုန့်ချီ၏ရှေ့တွင် တိတ်တဆိတ် ရပ်လိုက်သည်။ ခဏကြာပြီးနောက် သူက သက်ပြင်းချပြီး ပြောလိုက်၏။

"လော့ရန်ကိုသွားပါ...။ မင်းမှာ ဘာအမှားတွေပဲရှိရှိ စုမိသားစုက မင်းကို လက်ခံမှာပါ.."

"စုမိသားစုလား ..."

မုန့်ချီက အနည်းငယ် မှင်တက်သွားခဲ့သည်။

သူက ရှောင်လင်ကိုယ်တော်တစ်ပါး မဖြစ်ခင် စုမိသားစုဝင်တစ်ယောက် ဖြစ်ခဲ့ခြင်းပေလော။ ရွှမ်ပိုင်ကတော့ အသေးစိတ် ပြောပြမနေခဲ့ပေ။ မည်သို့ဖြစ်စေကာမူ မုန့်ချီက ကျောင်းတော်ထဲသို့ ရောက်လာခဲ့သည့်အချိန်တွင် ကလေးငယ် တစ်ယောက်သာ ဖြစ်သည်။ သူက မိသားစုကို မှတ်မိနိုင်မည် မဟုတ်ချေ။

သူက မုန့်ချီကို လေးလေးနက်နက် စိုက်ကြည့်ပြီး ပြောလိုက်၏။

"ဆရာတို့ ကွဲကွာပြီးသွားရင် ဆရာက မင်းကို ထပ်ပြီး မစောင့်ရှောက်နိုင်တော့ဘူး ..။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ...."

"ကောင်းပါပြီဆရာ ...."

မုန့်ချီက မျက်ရည်များကို သိမ်းလိုက်ပြီး နာကျင်မှုများကို ဖိနှိပ်ထားလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူက သူ့ဆရာကို တလေးတစား ဒူးထောက်အရိုအသေ ပေးလိုက်၏။

ရွှမ်ပိုင်က ပင့်သက်ရှိုက်လိုက်သည်။ သူက တစ်ခုခုပြောချင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့သည့်အတွက် သက်ပြင်းချပြီး လှည့်ထွက်သွားခဲ့သည်။ သူ၏ခြေထောက်အောက်၌ ရွှေရောင်ကြာပန်းများ ပေါ်လာသည့်အချိန်တွင် သူက ကောင်းကင်ပေါ်၌ ပျောက်ကွယ်သွားခဲ့၏။ အနားပတ်ပတ်လည်တွင် ရှိနေသော လူများကတော့ ထိုအရာကို သတိမထားမိခဲ့ပေ။

သူ့ဆရာ ပျောက်ကွယ်သွားသော နေရာကို စိုက်ကြည့်ပြီး မုန့်ချီကတော့ ခဏကြာ တိတ်တဆိတ် ရပ်ကြည့်နေမိခဲ့၏။ ထို့နောက် သူလည်း လှေများရှိရာကို လှည့်ကြည့်လိုက်မိသည်။

သူက သိုင်းပညာ ဖျက်စီးခံလိုက်ရသော ခံစားချက်ကို နောက်တစ်ကြိမ် ကြုံလိုက်ရပြီဖြစ်သည်။ သို့သော် ထိုအရာက ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲနေခြင်း မရှိချေ။

မည်သို့ဖြစ်စေကာမူ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကို လေ့ကျင့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်က ပိုပြီး အစွမ်းထက်နေခဲ့သည်။ မျက်လုံးတံခါးနှင့် နားတံခါးများ ပွင့်ခဲ့ပြီးနောက် သူ၏အာရုံခံနိုင်စွမ်းများက ပို၍ တိကျနေသေး၏။

သိုင်းပညာ မရှိသည့်အတွက် သူ၏အာရုံများက ပြောင်းလဲသွားသော်လည်း လုံးဝပျောက်ကွယ်သွားခြင်းတော့ မဟုတ်ပေ။ ထို့ပြင် သူ၏ဒန်တျန်က ဖျက်စီးခံလိုက်ရသည့်အတွက် ဓားပညာနှင့် ပတ်သက်သော သိုင်းကွက်များ၊ လှုပ်ရှားမှုများကို မေ့လျော့သွားခြင်း မရှိချေ။ သူက တစ်ချို့သော သိုင်းကွက်များကို လုပ်ဆောင်ရန် ခက်ခဲရုံသာရှိသည်။

အကယ်၍ သူသာ ငွေလိုသော ဓားပြများကို တွေ့ရမည်ဆိုလျှင် သူ၏ လက်နက် (၄)ခုကြောင့် ကြောက်စရာ မလိုအပ်ပေ။ လော့ရန်တွင် ရှိနေသော စုမိသားစုဆီကိုတော့ မုန့်ချီက သွားရန် စိတ်ကူးမရှိချေ။ သူက စုမိသားစုဝင် တစ်ယောက်ဟု ခံစားမိခဲ့ရခြင်း မရှိပေ။ ထိုသို့ဆိုလျှင် ဘာကြောင့် သူက မလိုလားအပ်သော ပြဿနာများကို ဖန်တီးရမည်နည်း။

သူကတော့ သူတို့နှင့်ပတ်သက်သော နောက်ကြောင်းတစ်ချို့ကို စုံစမ်းလိုရုံသာရှိပြီး သွားလိုခြင်းတော့ မရှိချေ။ သို့သော် လက်ရှိ သူက သူ၏အစစ်အမှန်နာမည်ကို အသုံးပြု၍ ရသွားပြီ ဖြစ်သည်။ လမ်းတစ်လျှောက်တွင်လည်း သူ၏ ရုပ်ရည်က ပြောင်းလဲသွားနိုင်၏။

တစ်နှစ်ကြာပြီးသွားလျှင်တော့ ရှောင်လင်ဘုန်းတော်ကြီးများကပင် သူ့ကို မှတ်မိကျလိမ့်မည် မဟုတ်ချေ။ စုမိသားစုဝင်များကတော့ ပြောစရာပင် မလိုတော့ပေ။

သူက ဆုံးဖြတ်ချက်ချလိုက်ပြီး အရှေ့တောင်ဘက်သို့ ဦးတည်၍ ကျိကျန်းစံအိမ်ကို သွားလည်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ကျန်းကျိဝေသာ ထိုနေရာ၌ ရှိနေမည်ဆိုလျှင် သူ၏သိုင်းပညာများ ပြန်ရလာအောင် အကူအညီတောင်း၍ ရနိုင်သည်။

အကယ်၍ သူမက သိုင်းလောကသို့ ထွက်ခွာသွားပြီဆိုလျှင်လည်း သူက တောင်ဘက်သို့သွားပြီး ကျန်းဝူဂိုဏ်းတွင် အစ်ကိုကြီးကျန်းကို သွားရှာ၍ရနိုင်သည်။ ဟွမ်ဟွာ ဓားဂိုဏ်းကတော့ ဟွမ်ကျိုးတွင် ရှိနေသည်။ ထိုနေရာတွင် အဆိပ်မြူခိုးများ လွှမ်းခြုံနေခဲ့၏ ။ သူ့ဆီတွင် သိုင်းပညာမရှိတော့သည့်အတွက် ထိုနေရာကို သွားလာရန် ခက်ခဲနေသည်။

သိပ်မကြာခင် မုန့်ချီက ဟွာကျိုးသို့ ဦးတည်သွားသော ကုန်သင်္ဘောတစ်စီးကို တွေ့လိုက်ရသည်။ ကျိကျန်းစံအိမ်နှင့် ကျန်းဝူဂိုဏ်းတို့က ဟွာကျိုး၏ တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် တည်ရှိကြသည်။

သူက‌ စာပေပညာရှင် အဝတ်အစားကိုပြောင်းလဲထားပြီး ပိုးဖဲဝတ်ရုံကို ဝတ်ဆင်ထားသည်။ ခါးတွင် ရေခဲဓားကို ချိတ်ထားသည့်အတွက် သူ့ပုံစံက စာသင်သားတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူက နေမင်းနီမကောင်းဆိုးဝါးဓား၊ သွေးသောက်ဓားနှင့် မြင်းဓားပြများဆီမှ ရခဲ့သော ဓားတစ်လက်ကိုတော့ အဝတ်စနှင့်အုပ်ပြီး နောက်ကျောတွင် သယ်ထားခဲ့သည်။

သူက လမ်းလျှောက်လာသည့်အချိန်တွင် အထက်တန်းလွှာ လူငယ်တစ်ယောက်၏ ပုံစံဖြစ်နေသည့်အတွက် အတော်များများက သူ့ကိုစိတ်ဝင်စားနေကြသည်။ ပုံမှန်အခြေအနေမျိုးတွင်တော့ သူက ထိုကဲ့သို့အကြည့်မျိုးကို ဂုဏ်ယူနေမိမည် ဖြစ်သည်။

သို့သော် ယခုတော့ သူက ထိုအရာများကို အလေးမထားရဲပေ။ ငိုကြွေးခြင်း အကြီးအကဲက ဤနေရာတွင် သူလျှိုလွှတ်ထားခြင်းရှိမရှိ သူလည်း သေချာမသိချေ။ သူက တတ်နိုင်သမျှ ကျိကျန်းစံအိမ်ကို မြန်မြန်သွားရန် လိုအပ်သည်။

ကုန်သင်္ဘော ထွက်ခွာလာသည့်အချိန်တွင် မုန့်ချီက ကုန်းပတ်ပေါ်၌ရပ်ပြီး မြစ်ထဲကို ကြည့်နေမိခဲ့သည်။ လှိုင်းလုံးများက အဆုံးမရှိသလို ထင်မှတ်ရ၏ ။ လှိုင်းလုံးများကို ကြည့်နေရင်း သူ့စိတ်ထဲတွင် တည်ငြိမ်အေးချမ်းသွားသလို ခံစားနေရသည်။

သူက ရှောင်လင်တွင် ရှိနေသော နေ့ရက်များကို စဉ်းစားမိသည့်အချိန် သူ့ဆရာ၊ ဆရာတူညီလေး၊ ဝူကျင်း ၊ ငိုကြွေးခြင်းအကြီးအကဲ နှင့် ကျိလော်ကျူးတို့ကို တွေးမိသွားသည့်အတွက် ခံစားချက်ပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။ စိတ်ပျက်မှု၊ ဝမ်းနည်းမှု၊ နောင်တရမှု၊ မုန်းတီးမှုနှင့် ဒေါသများ ထွက်ပေါ်လာခဲ့၏။ သူက ထိုသူခိုးဓားပြများကို ရှင်းပစ်လိုစိတ်များ ရှိနေသေးသည်။

"ငါ ဝေ့ကျင်းအဆင့်ကို ရောက်သွားရင် အနောက်ပိုင်းနယ်‌မြေကို ပြန်လာပြီး မကောင်းဆိုးဝါးတောင်တန်းကို ဖျက်ဆီးပစ်မယ်...."

မုန့်ချီက လက်သီးဆုပ်ပြီး ရေရွတ်လိုက်သည်။

မုန့်ချီ၏ အဝတ်အစားများက လေထဲတွင် လူးလွန့်လှုပ်ရှားနေကြ၏။ အရွယ်မရောက်သေးသော သူ၏ခန္ဓာကိုယ်က အနည်းငယ် ပိန်ပိန်ပါးပါးဖြစ်နေသည်။ သူ၏ခံစားချက်များက မျက်နှာပေါ်တွင် ပေါ်နေသည့်အတွက် အခြားသူများက သူ့ကို စကားလာပြောရန် ခက်ခဲ၏။

နေ့ဝက်ကြာပြီးနောက် ကုန်သင်္ဘောက ကုန်တင်ရန်အတွက် ဆိပ်ကမ်းတစ်ခုကို ဆိုက်ကပ်ခဲ့သည်။ မုန့်ချီနှင့်တစ်ခြားသော ခရီးသည်များကတော့ ကုန်းပေါ်သို့ဆင်းပြီး အနီးအနားတွင် ရှိသော စားသောက်ဆိုင်တွင် စားနေကြသည်။

မုန့်ချီက သူ၏ရေနွေးခွက်ကို သောက်နေရင်း အချိန်ဖြုန်းမနေတော့ဘဲ သူသင်ယူခဲ့ရသော အရာများကို ပြန်လည်စဉ်းစားနေမိတော့၏။ ဓားမောက်ပညာဖြစ်စေ၊ ဓားရှည်ပညာဖြစ်စေ အရာအားလုံးက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့၏။

"ခွပ် ခွပ်...ခွပ်.."

ရုတ်တရက်ဆိုသလို မြင်းခွာသံများကို ကြားလိုက်ရသည်။ သူက မော့ကြည့်လိုက်ရာ အလွန်လှပသော မြင်း(၄)ကောင်က လျင်မြန်သောအရှိန်နှင့် ချဉ်းကပ်လာနေကြောင်း တွေ့လိုက်ရ၏။ သူတို့၏နောက်တွင် ဖုန်တလုံးလုံး ထနေခဲ့သည်။

မြင်းပေါ်တွင် လူ(၄)ယောက် ရှိနေပြီး သူတို့၏ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင်နှင့် သန်မာကြသည်။ သူတို့အားလုံး၏ ခါးတွင် မြင်းဓားကောက်ကြီးများကို သယ်ဆောင်ထားကြ၏။

“မြင်းဓားပြတွေလား…”

မုန့်ချီက မှင်တက်သွားခဲ့ပြီး ရင်ထဲတွင် အမုန်းတရားများ ဒေါသများကို ခံစားလိုက်ရ၏။ သူက ချက်ချင်း ထလိုက်ပြီး ရေခဲပေါ်တယ်ဓားကို ဆွဲထုတ်၍ ဆိပ်ကမ်းဆီသို့ ပြေးသွားခဲ့သည်။

"သူတို့က ဒီနေရာထိတောင် လိုက်လာကြတာလား....."

မုန့်ချီ၏ လက်ရှိအရှိန်က မြင်းများကို မယှဉ်နိုင်ပေ။

ထို့ကြောင့် မြင်းဓားပြ(၄)ယောက်က သူ့ကို မီလာကြသည်။ သူတို့က သူ့ကို စားသောက်ဆိုင်နားတွင် ဝိုင်းထားလိုက်ကြသည်။ ပတ်ပတ်လည်တွင် စားပွဲခုံများ စားပွဲဝိုင်းများ ရှိနေသော်လည်း ဓားပြများက မြင်းပေါ်မှ ခုန်ဆင်းပြီး သူတို့၏ဓားနှင့်အတူ မုန့်ချီဆီသို့ လျှောက်လာခဲ့၏။

မလှမ်းမကမ်း အပြင်ဘက်တွင်တော့ ယုဟွမ်တောင်က မြင်းပေါ်တွင် ရှိနေသော သူ့လူများကို ကြည့်နေခဲ့သည်။ သူက အနားတွင် ရှိနေသောလူကို အပြုံးနှင့်ပြောလိုက်၏ ။

"မင်းရဲ့အချိန်မီသတင်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ဆရာကြီးဝူ။ အခုကစပြီး ငါတို့ရဲ့ကုန်ပစ္စည်းတွေကို ပို့ဆောင်ဖို့အတွက် မင်းကိုပဲ တာဝန်ပေးပါ့မယ်....."

တစ်ခြားအရာများနှင့် ပတ်သက်လာလျှင် သူကရှောင်လင် ‌အဆင့်မြင့် ဘုန်းတော်ကြီးများထက် နိမ့်ကျသည်။ စလာကတည်းက ရွှမ်ပိုင်တို့က သူ၏ရည်ရွယ်ချက်ကို သိနေနိုင်ကြောင်း ယုဟွမ်တောင်က ခန့်မှန်းမိနေသည်။

ထို့ကြောင့် သူက အချိန်ဖြုန်းမနေဘဲ သူ၏ဆက်သွယ်ရေးကွန်ရက်ကို အသုံးချပြီး မုန့်ချီကို စောင့်ကြည့်ထားရန် အနောက်ပိုင်းနယ်မြေထဲမှ မျိုးနွယ်များကို အမိန့်ပေးထားခဲ့သည်။ ထို့နောက် သူတို့က ခေါင်းဖြူငှက်များမှတဆင့် သတင်းအချက်အလက် ပို့ဆောင်နေကြ၏။

ထိုအချိန်တွင် ဝူလျန့်ဆိပ်ကမ်း၌ မုန့်ချီကို မြစ်ကမ်းပါးဓားပြအဖွဲ့တစ်ဖွဲ့က တွေ့သွားကြသည်။ သူနှင့် သူ့လူများက မြင်းနှစ်ကောင် မောပန်းပြီး သေဆုံးသွားသည်အထိ အပြင်းနှင်လာပြီး နောက်ဆုံးတွင်တော့ မုန့်ချီကို မီလာခဲ့ခြင်းဖြစ်၏။

ဆရာကြီးဝူက ပြောလိုက်သည်။

"ခေါင်းဆောင်ယု…

ခေါင်း‌ဆောင်က နိမ့်ချ‌နေတာပဲ....။ ဘာလို့ခေါင်းဆောင်က သိုင်းမတတ်တော့တဲ့ ဒီခေါင်းတုံးလေးကို ရှင်းပစ်ချင်ရတာလဲ...”

“တကယ်လို့ ဒီခေါင်းတုံးလေးက ဘာမှမတတ်‌တော့ဘူးဆိုရင်တောင် ငါက သူ့ကို အထင်သေးလို့ မရဘူး..။ အခုတော့ သူက ဘာလုပ်နိုင်လဲဆိုတာ ငါ သိချင်သေးတယ်...။ ဒီနေ့တော့ ငါ့ရဲ့ဓားသွားကို သူ့သွေးနဲ့ ဆေးကြောပေးရမယ်....."

ယုဟွမ်တောင်က ပြောလိုက်သည်။

သူကတော့ သူကိုယ်တိုင် အလျင်စလို လှုပ်ရှားခဲ့ခြင်းမရှိချေ။ မုန့်ချီ၏ သိုင်းပညာက လုံးဝပျက်စီးသွားခြင်း မဟုတ်ဘဲ ကောင်းကင်မိုးကြိုး ဆင့်ခေါ်နိုင်မှာကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူ့လူများကို အရင်ဆုံးသွားရန် အမိန့်ပေးခဲ့ခြင်း ဖြစ်၏။

မြင်းဓားပြ(၄)ယောက်က စားသောက်ဆိုင်ကို ဝန်းရံလိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်၏။

"ငါတို့က လက်တုံ့ပြန်ဖို့အတွက် ဒီနေရာကို ရောက်လာတာ။ မဆိုင်တဲ့သူတွေအားလုံး ထွက်သွားကြ......"

အလယ်ပိုင်းနယ်မြေထဲတွင်တော့ ထိုမြင်းဓားပြများက ထိုမျှလုပ်ဆောင်ရဲလိမ့်မည် မဟုတ်ချေ။ တစ်ခြားသော မြင်းဓားပြ တစ်ယောက်ကလည်း ပြောလိုက်၏။

"ခေါင်းတုံးလေး …

မင်းက ရှောင်လင်ရဲ့အကာအကွယ်ရှိနေရုံနဲ့ မကောင်းဆိုးဝါးတောင်တန်းကို ဖျက်ဆီးနိုင်တယ်လို့ တွေးနေတာပဲ...။ အခုရော မင်းက ဘယ်လိုခံစားရလဲ...။ အဲဒီလို စည်းကမ်းတင်းကျပ်တဲ့အဖွဲ့အစည်းတွေက ထိန်းချုပ်ရတာ အလွယ်ဆုံးပဲ....”

“ခေါင်းတုံးလေး ငါတို့က မင်းလို ကောင်လေးတစ်ယောက်ကို မသတ်ချင်ပါဘူး....။ တကယ်လို့ မင်းသာ ဒူးထောက်တောင်းပန်မယ်ဆိုရင် မင်းအသက်ကို လွှတ်ပေးမယ်လေ...."

တစ်ခြားသော မြင်းဓားပြတစ်ယောက်ကလည်း လှောင်ပြောင်သရော်နေခဲ့သည်။

ထိုမြင်းဓားပြ(၄)ယောက်က သူတို့ဆီကို လျှောက်လာကြောင်း မည်သည့်အခါ ထိုစားသောက်ဆိုင်ထဲတွင် စားသောက်နေသူများက လူခွဲသွားကြသည်။

မုန့်ချီကတော့ သူ‌တို့ကို စိုက်ကြည့်နေပြီး သူ၏အတွင်းအားများကို စတင်စုစည်းကြည့်လိုက်၏ ။ သို့သော် သူကတော့ မည်သည့်အရာကိုမျှခံစားရခြင်း မရှိပေ။ သူ၏စွမ်းအားများက အမှန်တကယ် ပျောက်ကွယ်သွားကြောင်း နားလည်သွားခဲ့၏။

သို့သော် မုန့်ချီက အတွင်းအားမရှိလျှင်ပင် သူတို့၏လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ခဲ့သည်။ အချိန်က နှေးကွေးသွားသလို ထင်မှတ်ရပြီး သူ၏ပတ်ပတ်လည်တွင် ရှိ‌နေသော အရာအားလုံးက ပျောက်ကွယ်သွားခဲ့၏။

သူ၏အတွေ့အကြုံများ ၊ သူဖတ်ထားခဲ့သော သိုင်းပညာများ အားလုံးက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

"သွားသေလိုက်စမ်း ....."

မြင်းဓားပြများက အော်ဟစ်လိုက်ပြီး မုန့်ချီဆီသို့ ပြေးဝင်လာကြသည်။

မုန့်ချီက သူ့ဓားကို တည်ငြိမ်စွာ ဆွဲထုတ်လိုက်ပြီး ခုခံနေခြင်းပင် မရှိဘဲ တိုက်ခိုက်လိုက်သည်။ ပထမဆုံးဓားချက်က တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး မြင်းဓားပြ(၄)ယောက်ဆီကို ဦးတည်သွားခဲ့၏။ သူတို့၏ မျက်လုံးများက ချက်ချင်းပင် ပေါက်ထွက်သွားခဲ့လေသည်။

"အားးးးးး...."

မြင်းဓားပြ(၄)ယောက်က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့က သူတို့၏ဓားများကို လွှတ်ချလိုက်ကြပြီး မျက်လုံးကို လက်နှစ်ဖက်ဖြင့်အုပ်၍ နာကျင်စွာ အော်ဟစ်နေကြ၏။ သူတို့၏ လက်ကြားထဲမှနေ၍ သွေးများ စီးကျလာနေကြသည်။

မုန့်ချီက သူတို့ကို‌ကြည့်နေရာမှနေ၍ အဝေးတွင် ရှိနေသော ယုဟွမ်တောင်ကို လှည့်ကြည့်ပြီး ဓားဖြင့် ချိန်လိုက်သည်။

"ကျုပ်က စွန့်ပစ်ခံလိုက်ရတာနဲ့ ခင်ဗျားလို ခွေးတွေက တိုက်ခိုက်နိုင်ပြီလို့ ထင်နေတာလား...။ ခင်ဗျားက တော်တော်လေးကို ရူးသေးတာပဲ...."

Translated by Hein Htet.

All Chapters