← Chapters

အခန်း (၁၄၉)

Vol. 10 Ch. 149

အခန်း (၁၄၉)

Vol. 10 Ch. 149

ခေါက်ဆွဲပန်းကန်က အငွေ့တထောင်းထောင်းထနေသည်။ အသီးအရွက်လေးများ ထည့်ထားသော ခေါက်ဆွဲပြုတ် အနံ့အရသာနှင့် ပြည့်စုံနေ၏။ မုန့်ချီကတော့ သူ၏ပုံရိပ်ကိုပင် စိတ်မဝင်စားတော့ဘဲ ခေါက်ဆွဲဆိုင်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး အားရပါးရစားနေသည်မှာ တရှုးရှုးအသံများပင် ထွက်နေခဲ့၏။

ခေါက်ဆွဲ တစ်ပန်းကန်စားလိုက်ပြီးနောက် သူက နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်သည်။ ထို့နောက် ခေါက်ဆွဲဆိုင်ပိုင်ရှင်ကို လှည့်ကြည့်ပြီး လှမ်းအော်လိုက်၏။

"နောက်ထပ် ခေါက်ဆွဲတစ်ပွဲ…"

သိုင်းလောကတွင် ကြားခဲ့ရသော သတင်းများက အမှန်သာ ဖြစ်သည်။ ချင်းရှန်မြို့တွင် အရသာအရှိဆုံးလက်ရာကတော့ ယပ်တောင်(၆)လက်ကျောင်း၏ အပြင်တွင် ရှိနေသော အဘိုးရှဲ့၏ ခေါက်ဆွဲဆိုင်ဖြစ်သည်။ ယနေ့ သူကိုယ်တိုင် စားကြည့်လိုက်သည့် အချိန်တွင် နာမည်အတိုင်း အမှန်တကယ် ကောင်းမွန်ကြောင်း နားလည်သွားခဲ့သည်။ သူကတော့ ခေါက်ဆွဲကို အရသာမျိုးစုံ စားကြည့်နေခဲ့၏။

"ရမယ်…ရမယ်…"

အဘိုးရှဲ့က ချက်ချင်း ပြန်ဖြေလိုက်၏။

သူက ခေါက်ဆွဲကို လက်နှင့်ယူနေရင်း ပြန်မေးလိုက်၏။

"ကောင်လေး…

မင်းက လူငယ်မှတ်တမ်းအသစ် ထွက်လာမှာကို စောင့်နေတာလား။ မင်းကိုကြည့်ရတာ သိုင်းသမားတစ်ယောက်နှင့် မတူဘူး…"

နွေဦးရာသီက အဆုံးသတ်သွားပြီ ဖြစ်သည့်အတွက် နွေရာသီကို စတင်ဝင်ရောက်လာနေသည်။ ထိုအချိန်တွင် မနက်အာရုံတက်ချိန် ရောက်နေသော်လည်း အအေးဓာတ် မရှိတော့ချေ။

မုန့်ချီကတော့ လက်နှစ်ဖက်ကို ပွတ်ပြီး မေးလိုက်သည်။

"ဘာနဲ့တူလို့တုန်း…"

သူ၏ မျက်နှာပေါ်တွင် နှစ်လိုဖွယ်အပြုံးတစ်ခု ရှိနေ၏။ အဘိုးရှဲ့က လမ်းပေါ်တွင် တနိုင်တပိုင် ရောင်းချသော ခေါက်ဆွဲသည် တစ်ယောက်သာ ဖြစ်သော်လည်း သူက စိတ်ထဲမထားဘဲ မေးခွန်းများကို အေးအေးဆေးဆေး ပြန်ဖြေနေခဲ့သည်။ သူကတော့ ထိုင်ခုံတွင် ပြည့်နေသော သိုင်းလောကသားများကဲ့သို့ အဘိုးရှဲ့ကို အထင်သေးနေခြင်း မရှိချေ။

ယပ်တောင်(၆)လက်ကျောင်း၏ အပြင်ဘက်‌တွင် စီးပွားရေး လုပ်ဆောင်နေသည့်အတွက် အဘိုးရှဲ့က သိုင်းလောကသားများစွာကို ကြုံတွေ့ဖူးသည်။ သို့သော် မုန့်ချီကဲ့သို့ လူကြီးလူကောင်းဆန်သော လူငယ်တစ်ယောက်ကို တွေ့ရသည်မှာ အလွန်ရှားပါး၏။

အဘိုးရှဲ့က ရယ်ကာမောကာနှင့် ပြောလိုက်သည်။

"ကောင်လေး…

မင်းက ခါးမှာ ဓားတစ်ချောင်း ချိတ်ထားတယ်။ နောက်ကျောမှာလည်း အထုတ်ကြီး တစ်ထုတ် ရှိသေးတယ်။ အဲဒီအထုတ်ကြီးထဲမှာလည်း လက်နက်တွေ ထည့်ထားတာ ဖြစ်မယ်။ ငါထင်တာမမှားရင် မင်းကလည်း သိုင်းလောကမှာ လူငယ်ဓားသမား တစ်ယောက်ဖြစ်နိုင်တယ်။ ဒါပေမယ့် တခြားလူတွေအားလုံးကတော့ တော်တော်လေး မာနကြီးကြတယ်။ သူတို့က ရပ်စောင့်နေကြပြီး ထိုင်ခုံရမှပဲ ထိုင်စားကြတာ။ ဆိပ်ကမ်းမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေကပဲ မင်းလိုမျိုး စားကြတယ်လေ။ ဒါပေမယ့် မင်းရဲ့ရုပ်ရည်ကို ကြည့်ရတာလည်း အထက်တန်းလွှာ သခင်လေးတစ်ယောက်နဲ့ တူတယ်…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ဟုတ်တယ်။ အဘိုးတွေးတာ မှန်သွားပြီ။ ကျွန်တော်က သာမန်ရိုးရိုး လူတစ်ယောက်ပါပဲ… "

ဤနေရာတွင် မည်သူကမျှ သူ့နာမည်ကို မသိသည့်အတွက် သူ၏ ပုံရိပ်ကို ထိန်းသိမ်းထားရန် လိုဦးမည်လော။ အလွန်အရသာရှိသော နဂါးနှုတ်ခမ်းမေွှးခေါက်ဆွဲနှင့် ယှဉ်လိုက်မည်ဆိုလျှင် မည်သည့်အရာက အရေးကြီးနိုင်မည်နည်း။

အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားမည်ဆိုလျှင်ပင် သူ့ကိုလူငယ်ဓားသမားတစ်ယောက်အဖြစ်သာ တွေးမိဦးမည်ဖြစ်သည်။ သူက အလွန်ချောမောခန့်ညားသော ဓားသမားတစ်ယောက် ဖြစ်၏။ အစိမ်းရောင်ဝတ်စုံနှင့် ခမောက်ကို ဝတ်ဆင်ထားပြီး ခါးတွင် ရေခဲပေါ်တယ်ဓားကို ချိတ်ထားသည်။

သူက ခေါက်ဆွဲဆိုင်‌ရှေ့တွင် ခေါက်ဆွဲကို အသံမြည်အောင် စားနေသော်လည်း အများစုကတော့ သူ့ကို အထက်တန်းလွှာမိသားစုမှ သခင်လေးတစ်ယောက်ဟုသာ သေချာပေါက် သတ်မှတ်ကြမည်ဖြစ်သည်။

သူနှင့် ကျန်းကျိဝေတို့က တစ်လမ်းဆီ ထွက်လာခဲ့ပြီးနောက် မုန့်ချီက တောင်ပိုင်းကို လှေနှင့် ဆင်းလာခဲ့သည်။ သူက ကျိစီရင်စု၊ လုံစီရင်စုတို့ကို ဖြတ်ကျော်လာပြီး တောင်ပိုင်း လုံစီရင်စု၊ အရှေ့မြောက်ပိုင်း ဟွမ် စီရင်စုနှင့် အနောက်မြောက်ပိုင်း ဟွာစီရင်စုတို့၏ ကြားထဲတွင် ရှိနေသော ချင်းရှန်မြို့ကို ရောက်လာခဲ့ခြင်းဖြစ်သည်။

သူက ပထမဦးဆုံး အရှေ့ပိုင်းသို့သွားရန် စဉ်းစားထားခဲ့ပြီး ဟွာစီရင်စု၏တောင်ပိုင်းနှင့် နင်စီရင်စု၏ မြောက်ပိုင်းတွင် ရှိနေသော ကျန်းဟူဂိုဏ်းကို သွားရန် စဉ်းစားထားခဲ့သည်။ ထို့နောက် ကျန်းယွင်ရှန်နှင့် ရက်အနည်းငယ်အကြာ စားလိုက်သောက်လိုက်၊ စကားပြောလိုက် လုပ်ဆောင်နိုင်ပါလိမ့်မည်။ တဖန် ကျိုးနိုင်ငံထဲတွင် ရှိနေသော ချီကျန်းရန်ကို ရှာဖွေရန်အတွက် ဟွမ်စီရင်စုကို ကွေ့ပတ်သွားရမည်ဖြစ်၏။

ချီကျန်းရန်ကတော့ ကျိုးနိုင်ငံ၏ အနားတွင် ရှိနေသော မြို့ငယ်လေးတစ်မြို့တွင် ဂိုဏ်း၏ တာဝန်များကို ယူဆောင်ထားရသည်။ နာမည်ကျော်ဖြစ်သော ကျန်းယွင်ရှန်ကတော့ နေရာတိုင်းတွင် အရေးပါ၏။ အထူးသဖြင့် သူ့မိသားစု၏ ဖိအားများလည်း ရှိနေသည်။ ထို့ကြောင့် အနှောင်အဖွဲ့ကင်းသော ချီကျန်းရန်နှင့် အတူတူသောက်ရ စားရမည်မှာ ပို၍ လွတ်လပ်မည်မဟုတ်ပေလော။

ဤ‌နယ်မြေကတော့ ဟွမ်စီရင်စု၏ နယ်မြေနှင့် ဆက်သွယ်နေခြင်းဖြစ်သည်။ တောင်တန်းများက အလွန်မတ်စောက်ပြီး ရေစီးကြောင်းများ ပေါများသည်။ အရင်းအမြစ်များကလည်း တောင်တန်းများထဲတွင်သာ ရှိနေသည်။ ခရီးသွားလာနေသော ကုန်သည်များကလည်း အတော်လေး ခက်ခဲကြရ၏။

ထို့ကြောင့် နယ်မြေခံများက အကြောက်အလန့်မရှိသလို ဤနေရာတွင် သိုင်းပညာက ကျယ်ပြန့်နေခြင်း မရှိချေ။ ချင်တောင်တန်း ၊ အနီးအနားတွင်ရှိနေသော ကျိုးတောင်တန်းနှင့် ချင်မြစ်ကြီးတို့က တောင်(၃)ခု မြစ်(၄)သွယ်ဟု နာမည်ကျော်ကြားသည်။

မုန့်ချီ၏ စကားကို ကြားသည့်အခါ အဘိုးရှဲ့က အပြုံးနှင့် ခေါင်းခါလိုက်မိသည်။ သူကတော့ ထိုစကားကို အလေးအနက်မထားခဲ့ပေ။ သူက မုန့်ချီအတွက် နဂါးနှုတ်ခမ်းမေွှးခေါက်ဆွဲကို ပြင်ပေးလိုက်ပြီး အပေါ်တွင် ကြက်ဥတစ်လုံး တင်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်…"

မုန့်ချီက ခေါက်ဆွဲပန်းကန်ကို ယူလိုက်ပြီးဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ အားရပါးရ စားလိုက်ပြန်သည်။ သူ၏ မျက်လုံးများကတော့ ယပ်တောင်(၆)လက် ကျောင်းတော်၏ ပင်မတံခါးကြီးကို စောင့်ကြည့်နေခဲ့သည်။

သိုင်းပညာများ တိုးတက်နေသည့်အတွက် ကျင်းအင်ပါယာနှင့် မြောက်ပိုင်းကျိုးအင်ပါယာတွင် ရှိနေသော လူဆိုးထိန်းများ၏ တာဝန်က နန်းတွင်တပ်ဖွဲ့နှင့် လျင်မြန်စွာ ကွဲထွက်လာခဲ့သည်။

သူတို့က ယပ်တောင်(၆)လက်ကျောင်းတော်ကို တည်ထောင်ခဲ့ပြီး ဘုရင့်နန်းတော်နှင့်ညီတူညီမျှ ရပ်တည်နိုင်ခဲ့သည်။ သူတို့က တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်နေကြ၏။

ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ်က လော့ရန်တွင် ရှိနေပြီး ချင်းရှန်မြို့ထဲတွင် နောက်ဆုံးသော လူငယ်မှတ်တမ်းကို ထုတ်ပြန်မည်ဟု မုန့်ချီက ကြားထားခဲ့သည်။ ထို့ကြောင့် သူက စောစောလာ၍ စောင့်နေခဲ့ခြင်းဖြစ်၏။ အကယ်၍ သူ့နာမည်ကသာ စာရင်းထဲ၌ ပါလာလျှင် မည်ကဲ့သို့သော သိုင်းလောကနာမည် ပေးထားကြောင်း သိချင်နေသည်။

တော်ဝင်မိသားစု၊ အထက်တန်းလွှာမိသားစုများနှင့် ကျင်းအင်ပါယာထဲတွင် ရှိနေသော ကလန်အသီးသီးတွင် တူညီသော စွမ်းအားများ ရှိကြသည်။ ထို့ကြောင့် သူတို့က စီရင်စုများနှင့် နိုင်ငံများအပေါ် သိသိသာသာ ထိန်းချုပ်နိုင်ကြပြီး ငှက်များ၊ မြင်းများကို အသုံးချ၍ ဆက်သွယ်ရေး ကွန်ရက်များရှိကြသည်။

ဝေ့ကျင်းအဆင့်ပညာရှင် အနည်းငယ်တွင်တော့ ထူးခြားသော စွမ်းရည်များရှိကြသည်။ သူတို့ကတော့ သူတို့၏ အတွင်းအပြင်စွမ်းအားများကို စုစည်းလိုက်ပြီးနောက် ဝေးကွာသော နေရာများသို့ သတင်းအချက်အလက်များ ပို့ဆောင်နိုင်ကြသည်။ ထိုအရာက သက်ရှိများကို ခိုင်းစေခြင်းနှင့် အတော်လေးကွဲပြားသည်။

ထို့ကြောင့် ယပ်တောင်(၆)လက်ကျောင်းတော်၏ ဌာနချုပ်က ကြေညာထားခဲ့သည်။

"လူငယ်မှတ်တမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို (၃)ရက်အတွင်း မြို့ထဲမှာကပ်မယ်။ (၇)ရက်အတွင်း တစ်နိုင်ငံလုံးက သိရလိမ့်မယ်…"

မုန့်ချီကတော့ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ စားနေသေး၏။ သူကတော့ ပင်မတံခါးကို ကြည့်လိုက် ခေါက်ဆွဲကို စားလိုက်နှင့် လုပ်စရာမရှိသည့်အတွက် ပျင်းနေခဲ့သည်။

"သခင်လေး…

လူငယ်မှတ်တမ်းက အခုအချိန်ထိ ထွက်မလာသေးဘူးလား…"

ထိုအချိန်တွင် မြင်းခွာသံများကို ကြားလိုက်ရပြီး အညိုရောင်မြင်း(၂)ကောင်က မုန့်ချီ၏ အရှေ့တွင် ရပ်လိုက်သည်။ မြင်းပေါ်တွင်တော့ အသံချိုချိုနှင့် မိန်းမပျိုတစ်ယောက်ရှိနေပြီး သူမ၏ ပုံစံက သေးသေးသွယ်သွယ်နှင့် သဘောကောင်းပုံရသည်။

တခြားသော မြင်းပေါ်တွင်တော့ နောက်ကျောတွင် ဓားရှည်တစ်ချောင်းလွယ်ထားသည့် လူငယ်တစ်ယောက် ထိုင်နေသည်။ သူ၏ဆံပင်များကို အဝတ်နှင့် သူရဲကောင်းဆန်ဆန် စည်းနှောင်ထားပြီး အနက်ရောင်ဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဝတ်ဆင်ထား၏။ သူ၏ မျက်ခုံးများက အလွန်ထက်မြက်လွန်းလှသည့်အတွက် တြိဂံပုံစံမျက်နှာက ပေါ်လွင်နေသည်။ သူတို့(၂)ယောက်ကတော့ မုန့်ချီကို သာမန်သိုင်းလောကသား တစ်ယောက်အဖြစ်သာ သတ်မှတ်ထားပုံရသည်။

မုန့်ချီက ပါးစပ်ထဲတွင် စားနေသော ခေါက်ဆွဲကို အတင်းမြိုချလိုက်သည်။ ထို့နောက် သူတို့(၂)ယောက်ကိုကြည့်ပြီး ခေါင်းခါပြလိုက်၏။

"အခုအချိန်အထိတော့ စာကပ်တာ မမြင်သေးဘူး…."

သူ့စကားမဆုံးသေးခင် ယပ်တောင်(၆)လက် ကျောင်းတော်၏ ဘယ်ဘက်တွင် ရှိနေသော တံခါးနှစ်ချပ်က ရုတ်တရက် ပွင့်သွားခဲ့သည်။ အနီရောင်ဝတ်စုံ၊ အနက်ရောင် ခမောက်နှင့် ခါးတွင် ဓားရှည်ချိတ်ထားသော လူဆိုးထိန်းတစ်ယောက်က လက်ထဲတွင် အဝါရောင်စာရွက်များကို ကိုင်ပြီး ထွက်လာခဲ့၏။

ထိုအချိန်တွင် ခေါက်ဆွဲဆိုင်၌ ထိုင်နေကြသော သိုင်းလောကသားများအားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ တချို့ကတော့ သူတို့၏ စားစရာများအတွက် ကျသင့်ငွေ အလျင်အမြန် ပေးချေနေကြပြီး တချို့ကတော့ စဉ်းစားမနေဘဲ ပြေးသွားကြသည်။ ကြည့်ရသည်မှာ သူတို့ကတော့ မှတ်တမ်းကို ထိပ်ဆုံးမှ ကြည့်ချင်နေပုံရ၏။

"မြန်မြန်သွားတော့ရော ဘာထူးမှာလဲ။ စာရင်းထဲမှာ သူတို့ရဲ့နာမည်ပါလာမှာ မို့လို့လား…"

သူရဲကောင်းပုံစံ ဝတ်ဆင်ထားသော လူငယ်က သာမန်သိုင်းလောကသားများကို အထင်သေးစွာ စိုက်ကြည့်လိုက်သည်။

မိန်းမပျိုကလည်း အပြုံးနှင့် ပြောလိုက်၏။

"သူတို့က စိတ်ဝင်စားနေတာပဲ နေမှာပါ။ ဒီတစ်ကြိမ် စာရင်းက ဘယ်လိုပြောင်းသွားမလဲဆိုတာ ညီမလည်း သိချင်နေပြီ…။ မှတ်တမ်းထဲမှာ သိုင်းသခင်တွေ၊ လူငယ်သူရဲကောင်းတွေ ရုတ်တရက် ပေါ်လာမလားဆိုတာ ဘယ်သူက ကြိုနိုင်မှာလဲ…”

"ကောင်းပြီလေ…။ ဒါဆိုလည်း သွားကြည့်ကြစို့…"

လူငယ်က သူမကို ကြင်နာစွာ ပြောလိုက်သည်။

သူတို့နှစ်ယောက်က မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး မြင်းကို ချည်တိုင်တွင် ချည်ထားခဲ့၏။ ထို့နောက် သူတို့၏ ကိုယ်‌ဖော့ပညာကို သုံးလိုက်ရာ လူအများစုကို ဖြတ်ကျော်သွားပြီး ရှေ့ဆုံးတွင် နေရာရခဲ့သည်။

"သခင်လေး… ရှင်က တော်တော်လေး မြန်တာပဲ…"

ထိုအချိန်တွင် ခေါက်ဆွဲပန်းကန် ကိုင်ထားသော မုန့်ချီက စားသောက်ရင်း လမ်းလျှောက်လာသော်လည်း လူအုပ်ကြီး၏ ရှေ့တွင် ရောက်နေကြောင်း သူမက သတိထားမိခဲ့သည်။

မုန့်ချီကတော့ စားသောက်နေခြင်းကို ခဏရပ်လိုက်ပြီး တူကို ချထားလိုက်၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

"သိုင်းလောကသားတွေက ငါ့ကို အပြေးခြေထောက်လို့ နာမည်ပေးထားတယ်လေ…"

"‌အပြေးခြေထောက်… ဟုတ်လား…"

ထိုမိန်းမပျိုက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာက အတော်လေး ထူးဆန်းသော နာမည်တစ်ခုဖြစ်၏။

လူငယ်ကတော့ နှာခေါင်းရှုံ့လိုက်သည်။

"မင်းလို ဘာမှမဟုတ်တဲ့ လူတစ်ယောက်မှာ သိုင်းလောက နာမည်ရှိသေးတာလား…"

မုန့်ချီကတော့ ရှင်းမပြခဲ့ပေ။ သူကလည်း ရှေ့သို့တိုးလိုက်ပြီး နံရံကိုကြည့်၍ သေချာဖတ်ကြည့်နေခဲ့၏။ ကောင်းကင်မှတ်တမ်းကတော့ နှစ်ပေါင်းများစွာအတွင်း ပြောင်းလဲသွားခြင်း မရှိပေ။ မြေပြင်မှတ်တမ်းတွင်တော့ သူ့ဆရာက ထိပ်ဆုံး(၆၀)ထဲကို ရောက်လာခဲ့သည်။

သူက မြေပြင်မှတ်တမ်းကို စစ်ဆေးကြည့်လိုက်ပြီးနောက် လူငယ်မှတ်တမ်း ကပ်ထားသော နောက်နံရံကို ပြောင်းကြည့်လိုက်သည်။ မိန်းမပျိုနှင့်လူငယ်တို့ကလည်း ထိုရှေ့တွင် ရောက်နေကြသည်။ သူတို့အတွက်တော့ ကောင်းကင်မှတ်တမ်းနှင့် မြေပြင်မှတ်တမ်းတွင် ရှိနေသော ပညာရှင်များက အဆင့်မမီနိုင်သေးသော အရာများ ဖြစ်ကြသည်။

သူတို့ကတော့ ကြည့်ခွင့်ရရုံနှင့် ကျေနပ်နေကြ၏။ အရေးအကြီးဆုံးအရာကတော့ လူငယ်မှတ်တမ်း ဖြစ်သည်။ ထိုအရာက သူတို့အများစု ယှဉ်ပြိုင်နေကြသော အရာလည်းဖြစ်၏။

“ကိုယ်ပျောက်ဓား ဟယ်ကျူး၊ အသက်ထိန်းသိမ်းသူ ဝမ်စစ်ယွမ်၊ မြေခွေးဘုရင် တိုင်ရှန်၊လော်နတ်ဘုရားမ ကူရှောင်စန်း ၊ အဆုံးမဲ့ဓား ရန်ချုံ၊ ဗုဒ္ဓလက်ဝါး ရွှမ်ကျန်း၊ ပျော်ရွှင်ခြင်းသူတောင်းစား ရှင်းရီ၊ မြေသူတော်စင် ချောင်အီ၊ မိုင်တစ်ရာထိတ်လန့်ခြင်း ကျန်းဟန်ချွန်၊ ပျက်သုဉ်းခြင်းဓားနတ်သမီး ကျန်းကျိဝေ…

ကျိကျန်းဓားစံအိမ်က ကျန်းကျိဝေက အခုမှ သိုင်းလောကကို ရောက်ရုံပဲ ရှိသေးတယ်။ ထိပ်ဆုံး (၁၀)ယောက်ထဲကို ရောက်သွားပြီ…"

လူတစ်ယောက်က နာမည်ပေါင်းများစွာနှင့် သိုင်းလောက နာမည်များကို ကျယ်လောင်စွာ ဖတ်ပြနေခဲ့သည်။

ထိုအသံကို ကြားသည့်အခါ လူအုပ်ကြီးထဲမှနေ၍ အံ့ဩနေသည့် အသံများ ထွက်ပေါ်လာကြသည်။ ကျန်းကျိဝေ၏ နာမည်ကို သိုင်းလောကသား အများစုက ကြားဖူးကြသည်။ ကျိကျန်းဓားစံအိမ်မှ တပည့်များက အပြင်သို့ ထွက်လာသည့် အချိန်တိုင်းကလန်အသီးသီးမှ အကြီးအကဲများက ထိုလူငယ်များ၏ ပြိုင်ပွဲများကို မကြာခဏ မြင်ခဲ့ဖူးကြသည်။

သို့သော် သူမက တစ်လအတွင်း ထိပ်ဆုံး(၁၀)ယောက်ထဲကို ရောက်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ထိုအရာက အလွန်အံ့ဩစရာကောင်းသော အရာတစ်ခုဖြစ်၏။ သူမ၏တိုက်ပွဲမှတ်တမ်းကို မြင်လိုက်ရသည့်အချိန်တွင် လူတိုင်းက ပြောစရာ စကားလုံး မရှိတော့ပေ။

"သူရိန်မကောင်းဆိုးဝါးဓားက တော်တော်လေးကို နာမည်ကျော်တဲ့ ပညာရှင် တစ်ယောက်ပဲ။ ဒါပေမယ့် သူက ဝေ့ကျင်းတစ်ဝက်အဆင့် အတားအဆီးကို ဖြတ်ကျော်တာ မအောင်မြင်ခဲ့ဘူး။ သူက တံခါး(၉)ပေါက် ပွင့်နေပြီး အတွေ့အကြုံလည်း တော်တော်လေးများတယ်။ သူနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ ကျန်းကျိဝေက သူ့ကို သတ်ပစ်နိုင်ခဲ့တာပဲ။ သူ့ရဲ့ တိုက်ပွဲမှတ်တမ်းတွေကလည်း တော်တော်လေး ကြောက်စရာကောင်းတယ်။ တံခါး(၆)ပေါက်ပွဲ ပွင့်နေတဲ့ လူတစ်ယောက်က ထိပ်ဆုံး(၁၀)ယောက်ထဲကို ဝင်နိုင်တာ ပထမဆုံးမြင်ဖူးတာပဲ…"

မိန်းမပျိုလေးက အံ့ဩနေသည့် အမူအရာနှင့် ပြောလိုက်သည်။

လူငယ်ကတော့ အပြုံးနှင့်ပြောလိုက်၏။

"အပြင်ကောင်းကင်နတ်ဘုရားဓား ဆရာကြီးစုဝူမင်ကလည်း တံခါး(၆)ပေါက်ပွင့်တဲ့ အချိန်မှာ ထိပ်ဆုံး(၁၀)ယောက်ထဲကို ဝင်နိုင်ခဲ့တယ်လေ။ သူ့ရဲ့တပည့်ကလည်း သူ့ဆရာရဲ့ခြေရာကို နင်းနိုင်တာပဲ…"

လူငယ်မှတ်တမ်းတွင် တားမြစ်ချက်(၂)ခုသာ ရှိသည်။ အသက်(၃၅)နှစ် ပြည့်သွားသော လူများ သို့မဟုတ် ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်သွားသော လူများက စာရင်းမှ ဖယ်ရှားခံရမည်ဖြစ်သည်။

ထို့ကြောင့် ထိပ်ဆုံး(၉)ယောက်က တံခါး(၈)ပေါက် သို့မဟုတ် တံခါး(၉)ပေါက် ပွင့်နေသော ပညာရှင်များ ဖြစ်ကြ၏။ ကျန်းကျိဝေ၏ တံခါး(၆)ပေါက်အဆင့်ကတော့ အတော်လေးကို ထူးခြားနေသည်။

မျက်ခုံးကြား ပင်မတံခါးကို ဖြတ်ကျော်နိုင်ပြီး ကောင်းကင်လှေကားပေါ်သို့ တက်လှမ်းနိုင်ခြင်းက တံခါးပေါက်များကို ဖွင့်လှစ်ရသည့်အရာထက် ပို၍ စိန်ခေါ်မှုပြင်းထန်သည်။ နှိုင်းယှဉ်ရမည်ဆိုလျှင် အကယ်၍ တစ်စုံတစ်ယောက်ဆီတွင်သာ ခိုင်မာသော အုတ်မြစ်ရှိနေမည်ဆိုလျှင် အတွင်းအပြင်ကမ္ဘာကြီးများကို ပေါင်းစပ်ရန် ပို၍ လွယ်ကူနိုင်သည်။

ထို့ကြောင့် ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်သွားသော လူများက လူငယ်မှတ်တမ်းတွင် မပါဝင်နိုင်တော့ပေ။ သို့သော် လူငယ်မှတ်တမ်းတွင် ရှိနေသော ထိပ်ဆုံး(၁၀)ယောက်က ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ရှိနိုင်သော အလားအလာ ရှိနေကြောင်း လူတိုင်းက ယုံကြည်နေကြသည်။

"သူရဲကောင်းမလေးကျန်းက ဓားကိုပဲ အာရုံစိုက်နေတဲ့ သွေးအေးအေး ဓားသမား တစ်ယောက်ဖြစ်နိုင်တယ်။ သူ့ရဲ့ဆရာ စုဝူမင်လိုပေါ့…"

မိန်းမပျိုက ကျန်းကျိဝေကို မြင်ဖူးသည့်အလား ပြောနေခဲ့၏။

မုန့်ချီကတော့ ကျန်းကျိဝေအတွက် ပြောပေးချင်ခဲ့သည်။

"နင်က စိတ်ပျက်သလိုဖြစ်သွားရင် စိတ်မကောင်းပါဘူး။ ဒါပေမယ့် သူက အေးစက်ပြီး ခံစားချက်မရှိတဲ့ လူတစ်ယောက် မဟုတ်ဘူး…"

"ဘယ်လို…။ နင်က ငါ့စကားကို မယုံဘူးလား… "

ထိုမိန်းမပျိုက မပျော်မရွှင်ပြောလိုက်သည်။ သူမဆီတွင် အလွန်ထက်မြက်သော နားများ ရှိနေသည့်အတွက် မုန့်ချီ၏အသံထဲတွင် တွေဝေမှုများ ရှိသည်ကို ခံစားမိသည်။

လူငယ်ကတော့ သူမဘက်မှ ရပ်တည်ပေးလိုက်၏။

"ဓားကိုပဲ အာရုံစိုက်နေတဲ့ ဓားသမားတစ်ယောက်ကသာ တံခါး(၆)ပေါက်အဆင့်မှာ ဒီလိုကြောက်စရာကောင်းတဲ့ ဓားပညာမျိုး ပိုင်ဆိုင်ထားနိုင်တယ်လေ။ ကျန်းကျိဝေက အံ့ဩမှင်တက်ဖွယ် အလှတရားတွေ ပိုင်ဆိုင်ထားတဲ့ အေးစက်စက် မိန်းမပျိုတစ်ယောက်ဆိုတာ လူတိုင်းက လက်ခံထားကြတာပဲ.. "

"ဟုတ်ပါပြီလေ။ ထားလိုက်ပါတော့…"

မုန့်ချီက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

ယခု ထိုမိန်းမပျိုက ငြင်းခုန်ရာတွင် အနိုင်ရသွားသည့်အတွက် ဝမ်းသာသွားသည်။ သူမက လူငယ်မှတ်တမ်းကို လက်ညှိုးထိုးပြပြီး သက်ပြင်းချ၍ ပြောလိုက်၏။

"ထိပ်ဆုံး(၁၀)ယောက်ထဲကနေ ထွက်သွားရတာက တော်တော်လေး စိတ်ဓာတ်ကျဖို့ ကောင်းတယ်။ အဲဒီအထဲမှာ (၃)ယောက်ကပဲ အင်အားကြီးကလန်က မဟုတ်တာ။ ဒါငေါက သူရဲကောင်းရန်နဲ့ သူရဲကောင်းမလေးကျန်းတို့ကို အလေးစားဆုံးပဲ…”

“အဆုံးမဲ့ဓား ရန်ချုံက ဂိုဏ်းငယ်လေးတစ်ခုကလေ။ မိုင်တစ်ရာ ထိတ်လန့်ခြင်း ကျန်ဟန်ချွန်ကလည်း သိုင်းလောကမှာ တစ်ကိုယ်တော် သိုင်းသမားတစ်ယောက်ပဲ။ ထိပ်ဆုံး(၁၀)ယောက်ထဲကို ရောက်ဖို့ဆိုတာ သူတို့အတွက်တော့ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ဘူး။ သူတို့တွေလိုပဲ မြေခွေးဘုရင် တိုင်ရှန်ကလည်း မြောက်ပိုင်းလွင်ပြင်က တစ်ကိုယ်တော် ဓားသမားတစ်ယောက်ပဲ…"

"ဟုတ်တယ်…။ အဲဒီ(၂)ယောက်က ငါတို့ရဲ့ စံပြတွေပဲ…”

သိုင်းလောကသား အများစုက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ထိုအချိန်တွင် လူတစ်ယောက်က အော်ပြောလိုက်၏။

"ရှောင်လင်မှာ ရွှမ်မျိုးဆက်က အဆုံးသတ်သွားပြီး ကျန်းမျိုးဆက် စနေတာ (၇)နှစ် (၈)နှစ်လောက် ရှိနေပြီ။ ဒါပေမယ့် ဘာလို့အခုအချိန်ထိ ကျန်းမျိုးဆက် တစ်ယောက်မှ အဆင့်မဝင်ရတာလဲ…"

ရှောင်လင်၏ စည်းမျဉ်းစည်းကမ်းများအရ တပည့်များအားလုံးက တိုက်ခိုက်ရေးခြံဝန်းကို အရင်ဆုံး ဝင်ရောက်ကြရသည်။ ထို့နောက် သူတို့၏ စိတ်အခြေအနေပေါ် မူတည်ပြီး ဆရာများနှင့် သင်ကြားကြရသည်။ ထို့ကြောင့် သူတို့ဆီတွင် အဆင့်ကျော်ခြင်းကို တားဆီးထားသော အခြေခံကြီးစဉ်ငယ်လိုက် စနစ် တစ်ခုရှိနေသည်။

ဥပမာအနေနှင့် ပြောရလျှင် ကျန်းမျိုးဆက် မစတင်သေးခင် ရွှမ်မျိုးဆက်မှ နာမည်ကျော် ဘုန်းတော်ကြီးများက တပည့်တစ်ယောက် လက်ခံချင်သည်ဆိုလျှင် သူတို့၏ ကိုယ်စား သူတို့၏ဆရာက လက်ခံပေးရသည်။

ထိုအခြေအနေက ရွှမ်ပိုင်၏ အခြေအနေကဲ့သို့ဖြစ်၏။ ဝူမျိုးဆက် အဆုံးသတ်သွားသည့် အချိန်နှင့် ရွှမ်မျိုးဆက် စတင်သည့်အချိန်တွင်လည်း အလားတူသာ ဖြစ်၏။ ထို့ကြောင့် ကျောင်းထိုင်က တခြားတပည့်များ၏ကိုယ်စား သူ့ကို တပည့်အဖြစ် လက်ခံခဲ့ရသည်။ ထိုအရာက သူတို့၏ ဝါစဉ်ကို ထိန်းသိမ်းထားခြင်းဖြစ်၏။

"(၇)နှစ် (၈)နှစ်ဆိုတာက ကြာတယ်လို့ သတ်မှတ်လို့ မရသေးဘူးလေ။ ကျန်းမျိုးဆက်မှာ အသက်အကြီးဆုံးက အခုမှ အသက်(၂၀)လောက်ပဲ ရှိသေးတယ်။ ရှောင်လင်သိုင်းပညာက အခြေခံခိုင်မာပြီး တဖြည်းဖြည်းတိုးတက်သွားတယ်လို့ ပြောကြတာ…"

"ဟမ်…ကျန်းမျိုးဆက်က အပယ်ခံတပည့်တစ်ယောက်က အဆင့်(၃၃)မှာ ရှိနေတာပဲ.."

လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

မုန့်ချီကတော့ အသံကြားသည့်နေရာကို ချက်ချင်း မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ မျက်နှာက မည်းမှောင်သွားပြီး တီးတိုးရေရွတ်နေခဲ့၏။

"မိုးကြိုးဓား ဒေါသကိုယ်တော်…မဆင်မခြင်ကိုယ်တော်…"

“တံခါး (၉)ပေါက်အဆင့် ပညာရှင်(၂)ယောက်ရဲ့ကို သတ်ပစ်နိုင်ပြီး တခြားတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်တယ်။ ကျန်းတင်က တော်တော်လေးကို ကြောက်စရာကောင်းတဲ့ ရှောင်လင်စွန့်ပစ်ခံ တပည့်တစ်ယောက်ပဲ"

သိုင်းလောကသားဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က ချီးကျူးလိုက်သည်။

"ပြီးတော့ သူက ကောင်းကင်မိုးကြိုးကိုတောင် ဆင့်ခေါ်နိုင်သေးတယ်။ သူ့လို ထူးချွန်တဲ့ လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ထုတ်ပယ်ခံရတာလဲ… "

"ငါလည်းမသိ‌ဘူး။ ဒါပေမယ့် သူ့ကို ပေးထားတဲ့ နာမည်အရ ဒီကိုယ်တော်ကျန်းတင်က အသားမည်းမည်း အရပ် (၈)ပေနဲ့ ခြေထောက် အကြီးကြီးဖြစ်နိုင်တယ်… "

မိန်းမပျိုကတော့ ရှုံ့မဲ့၍ ပြောလိုက်၏။

"(၈)ပေ ဟုတ်လား…"

မုန့်ချီက စိတ်ထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။

ယခုသူက ခရီးသွားမည့်လမ်းစဉ်ကိုပြောင်းလဲပြီး လော့ရန်တွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ်သို့သွား၍ နာမည်စာရင်းပြုစုသူနှင့် စကားပြောချင်စိတ်ပင် ပေါက်လာခဲ့သည်။

"သခင်လေး…ဒီနေ့ ဘာလုပ်စရာရှိသေးလဲ…"

မိန်းမပျိုက မှတ်တမ်းတွင် ရှိနေသော လူတိုင်းကို ဖတ်ပြီးသွားသည့်အချိန်တွင် မေးလိုက်သည်။

"ဒီနေ့က စွမ်းရည်ထိန်းသိမ်းခြင်း ကျောင်းအုပ်ရဲ့ အသက်(၅ဝ)ပြည့် မွေးနေ့လေ။ သူက သိုင်းလောကသားတွေအတွက် စားသောက်ပွဲကြီးတစ်ခု ကျင်းပပေးနေတယ်။ ငါတို့က သွားကြည့်ကြရင် မကောင်းဘူးလား…”

“ချင်တောင်ဓားဂိုဏ်းကို ကိုယ်စားပြုပြီး လူငယ်မှတ်တမ်းမှာ အဆင့်ဝင်ဖို့ မျှော်လင့်နေတဲ့ တိမ်ပျံဓားသမား ဟွမ်ယွင်က သူတို့ကျောင်းကို စိန်ခေါ်မယ်လို့ ကြားတယ်။ သူတို့က (၃)နှစ် ကတိအတိုင်း ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ယာယီထိန်းသိမ်းခွင့်အတွက် ယှဉ်ပြိုင်ကြရမှာလေ… "

သူမက အငြင်းအခုန်တွင် မုန့်ချီကို အနိုင်ရခဲ့သည့်အတွက် သူ့ကို မိတ်ဆွေသစ် တစ်ယောက်သဖွယ် ဆက်ဆံနေခဲ့သည်။ ထို့ပြင် မုန့်ချီက အတော်လေးကို ချောမောခန့်ညား၏။

“လူငယ်မှတ်တမ်းတွင် အဆင့်ဝင်ချင်နေသော သခင်လေး၊ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ၊ ကောင်းကင်ဆန်းကြယ်ကျောက်တုံး၊ စားသောက်ပွဲ…"

ထိုစကားလုံးများက မုန့်ချီကို လှုပ်ရှားသွားစေခဲ့သည်။ သူက အပြုံးနှင့်ပြောလိုက်၏။

"ငါ့မှာလည်း အဲဒီရည်ရွယ်ချက်မျိုးရှိတယ်…"

သူကတော့ ပျော်ရွှင်မှုများကို ရှာဖွေနေသော လူတစ်ယောက်ဖြစ်သည်။ ထို့ပြင် ပို၍များပြားသော ပြိုင်ပွဲများကို ကြည့်မှသာ သူ၏တုကူးဓား(၉)ကွက်က ပို၍ ပြည်စုံလာမည်ဖြစ်၏။

ထို့ပြင် သိုင်းလောကသားများ ပေးထားသော နာမည်ဆိုးကြောင့် သူ့ရင်ထဲတွင် အတော်လေး နာကျင်နေရသည်။ အစားအသောက်ကောင်းများကသာ သူ၏ ရင်ထဲတွင် ရှိနေသော ဆိုးရွားမှုများကို ဖြေသိမ့်ပေးနိုင်ပါလိမ့်မည်။

Translated by Hein Htet.

All Chapters