မငြင်းဆန်နိုင်သည့် ကျန်းဟောင်
Vol. 2 Ch. 16
သူမကိုမြင်ရသောအခါ ကျန်းဟောင်၏ တည်ငြိမ်နေသည့် နှလုံးသားက ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ သူမကို ထပ်မတွေ့ချင်သော်လည်း သူ့နှလုံးသားနှင့် စိတ်က မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ဆိုလိုသည်က သူမတွင် သူအဆိပ်၏ ဖြေဆေး ယင်ဂူရှိနေသည်။
သူမနဲ့ သူက တစ်ညကုန်ဆုံးခဲ့သည်။ သူ မှတ်မိသည့် အလှအပများက တစ်ကွက်စီပြန့်ကြဲနေသည့်တိုင် မည်သည့်အရာနှင့်မှ နှိုင်းယှဥ်မရကြောင်းသိလေသည်။
"မင်းကြည့်ရတာ ငါ့ကို မမှတ်မိဘူးထင်တယ်" သူမက အိမ်အဝတွင် အေးခဲနေသည့် ကျန်းဟောင်အား တည့်တည့်ကြည့်ပြီးပြောသည်။
သူမ၏ အကြည့်များက ထက်ရှလှပြီး အမူအရာက အေးစက်စက်နိုင်သည်။
"ကျနော် မမေ့ရဲပါဘူး " ကျန်းဟောင်က အလျင်အမြန် ဦးညွတ်လိုက်သည်။" စီနီယာရောက်လာတာ ဂုဏ်ယူမိပါတယ် ကျနော် အံ့အားသင့်သွားလို့ပါ"
"အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် မင်းရဲ့အဆင့်တက်မှုက အတော်ချောမွေ့တာပဲ" ဟုန်ယွီယဲ့က သူကြိုးစားဖုံးကွယ်ထားသည့်အရာကို ထုတ်ပြောလိုက်သည်။
ကျန်းဟောင် တုန်လှုပ်သွား၏။ သူမနှင့် တွေ့ခါစက သူ၏ ကျင့်ကြံခြင်းမှာ အသက်သွေးသန့်စင်ခြင်းအဆင့် ၉ ဖြစ်သည်။ ယခု သုံးလအတွင်း အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ကို ရောက်နေရာ အတော့်ကို မြန်ဆန်နေလေသည်။
ဒါပေမဲ့ ငါဖုံးကွယ်ထားတာကို သူမ ဘယ်လိုမြင်နိုင်ပါလိမ့် သူ အံ့သြနေမိ၏။
"သိပ်အံ့သြသွားလား" ဟုန်ယွီယဲ့က ခပ်လှောင်လှောင်ပြောသည်။" မင်းရဲ့ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားပေမဲ့ ခန္ဓာကိုယ်က လိမ်လို့မရဘူး စွမ်းအားလှည့်ပတ်နှုန်း၊ အသက်ရှူအား၊ ဝိညာဥ်စွမ်းအား ဒါတွေက အမှန်အတိုင်း ဖော်ပြနေတယ် မကြာသေးခင်ကမှ အဆင့်တက်ထားတယ်ဆိုတာ ပြောဖို့မခက်ဘူး မင်းရဲ့ စိတ်ဝိညာဥ်က သာမန်ထက်အားကောင်းပေမဲ့ အကန့်အသတ်တွေရှိနေတုန်းပဲ နောက်ပြီး ငါ့ရှေ့မှာတင် အဆင့်တက်သွားခဲ့တာကို မသိနိုင်ပဲ နေမလား"
ကျန်းဟောင် ဆွံ့အသွား၏။ ကျင့်ကြံခြင်းကိုဖုံးကွယ်ရသည်မှာ ထင်ထားသည်ထက်ပင် ခက်နေပါသေး၏။ သူ့တွင် ဗဟုသုတများလိုအပ်နေသေးပုံပေါ်သည်။ သေချာလေ့လာရပေမည်။ ဒါပေမဲ့လည်း သူ့ကို အစိုးရိမ်ဆုံးက တဖက်လူမှာ ကောင်းကင်ဘုံရနံ့တာအိုပန်းနားတွင် ရှိနေခြင်းပင်။
သူမက ဆက်ပြောချင်ဟန်မရပဲ ပန်းကိုသာ စိတ်ဝင်စားနေသည်။ ဒါက သူ့ကို စိုးရိမ်စေ၏။
"စီနီယာလာရောက်ရတဲ့ အကြောင်းရင်းကိုသိနိုင်မလား" သူ သတိဖြင့်မေးသည်။
ဟုန်ယွီယဲ့က ကောင်းကင်ဘုံရနံ့တာအိုပန်းကိုကြည့်ပြီး မေးသည်။ "ဒါ မင်းစိုက်ထားတာလား"
"ဟုတ်ပါတယ်" သူ ခေါင်းညိတ်သည်။
"ဘယ်လိုစိုက်သလဲ"
"နေ့တိုင်း ရေတစ်ခွက်လောင်းပါတယ်"
ဟုန်ယွီယဲ့က သူ့ကို မယုံနိုင်စွာကြည့်ပြီး "ဒါပဲလား"
"ဟုတ်ကဲ့"
မယုံနိုင်စရာကောင်းပေမဲ့ သူအမှန်တိုင်း ပြောနေခြင်းပင်။ ဟုန်ယွီယဲ့က ဆောင့်ကြောင့်ထိုင်ပြီး အပင်ပေါက်လေးအား သပ်လိုက်သည်။ "ဒီအပင်က အတော်မွှေးတယ် အရွယ်ရောက်လာရင် ငါယူသွားမယ် ကန့်ကွက်စရာရှိလား"
"စီနီယာ ကျနော်..."
သူစကားမဆုံးသေးခင် သူမက မော့ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"မရနိုင်လို့ပါ " သူ ထိတ်လန့်စွာပြောသည်။
အင်အားတရပ်က ခြံဝန်းထဲ ပြန့်နှံ့သွားပြီး သူ့ကိုတွန်းကာ ဟန်ချက်ပျက်မတတ်ဖြစ်သွားစေသည်။
"ငြင်းစရာမရှိပါဘူး" သူ အမြန်အော်လိုက်ရသည်။
သူ ထိတ်လန့်သလို အံ့သြနေမိ၏။ ထိတ်လန့်ခြင်းမှာ သူမ၏ ခွန်အားကြောင့်ဖြစ်ပြီး အံ့သြခြင်းမှာ စွမ်းအားက သန်မာသော်လည်း သူ့ကို မထိခိုက်စေသောကြောင့်ပင်။ ထိုအမျိုးသမီးက သူ့ကိုသတ်ရန် ရည်ရွယ်ချက်မရှိပေ။
"သူမက ဘယ်လောက်တောင် သန်မာတာလဲ" သူရှော့ရပြီး တုန်လှုပ်နေသည်။
ဟုန်ယွီယဲ့က ပန်းကိုပြန်ကြည့်ပြီး " ဒီပန်းက ငါ့အပိုင်ဖြစ်သွားပြီ ငါ့အတွက် ဒါကို ဂရုစိုက်ပေးရမယ်"
"ကောင်းပါပြီ စီနီယာ ဘယ်အချိန်လာယူမလဲသိပါရစေ" ကျန်းဟောင် မေးသည်။
"ပန်းပွင့်ပြီး အသီးသီးလာတဲ့အခါ"
သူမ၏ အသံက အေးစက်ခြင်း၊ ဒေါသထွက်ခြင်းတို့မရှိသည့်အခါ ကြားရအလွန်သာယာလေသည်။ လေနုအေးလေး တိုက်ခတ်သွားသလိုပင်။ ကံမကောင်းစွာ သူမက သူဝှက်ဖြစ်နေပြီး သူ့ကို အကြပ်ကိုင်ကာ ကောင်းကင်ဘုံရနံ့တာအိုပန်းကို ယူသွားချင်သူဖြစ်နေခြင်းပင်။
သူမ၏ အဖြေက သူ့ကို စိတ်သက်သာရာရစေသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်း အရွယ်ရောက်ရန် မည်မျှကြာဦးမည်မသိသောကြောင့် သူ တခုခုကြံဆနိုင်သည်။ ပန်းကို ဆုံးရှုံးလိုက်ရခြင်းအတွက် မစိုးရိမ်ရပါချေ။ အကြီးအကဲပိုင်ကျီ၏ ရည်ရွယ်ချက်က သူလျှိုများကို မျှားထုတ်ရန်ဖြစ်သည်။
သူမ၏ အလှနှင့် စွမ်းအားက မခန့်မှန်းနိုင်ဖွယ်ဖြစ်၏။ လက်ရှိအချိန်တွင် ဆန့်ကျင်ရန်ခွန်အားမရှိသောကြောင့် သူမ လိုချင်သည်အား အဆင်ပြေယောင်ဆောင်ရပေမည်။
ဟုန်ယွီယဲ့က ထရပ်ပြီး အိမ်ဆီလျှောက်လာသည်။ ကျန်းဟောင်က ရပ်စောင့်နေ၏။
"ငါ မင်းကို အလကားမခိုင်းပါဘူး" သူမ ပြောလိုက်သည်နှင့် စာရွက်တစ်ရွက်က မှော်ဆန်စွာ ပေါ်လာသည်။ "ဒါက အစီအရင်မြေပုံပဲ ဒီထဲက ညွှန်ကြားချက်အတိုင်းလုပ် ဒါဆို ဝိညာဥ်စွမ်းအားလွင့်ပါးတာကို ကူညီပေးလိမ့်မယ် ပန်းတင်မဟုတ်ဘူး မင်းရဲ့ကျင့်ကြံခြင်းပါ အထောက်အကူဖြစ်လိမ့်မယ်"
ကျန်းဟောင် အနည်းငယ် သွေးဆောင်ခံခဲ့ရသည်။ ဒါကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ချင်သွား၏။ သူက ထိုက်တန်သည်ထက်ပို၍ ပြဿနာကို ဆွဲဆောင်နိုင်ပုံရသည်။ အခြားသစ္စာဖောက်များအတွက်မူ သူတို့ အဘယ်ကြောင့် မလှုပ်ရှားကြသနည်းဟု အံ့ဩမိသည်။
ရုတ်တရက် သူ့တွင် မေးခွန်းအားလုံးကိုဖြေနိုင်သည့် စွမ်းရည်ရှိကြောင်း အမှတ်ရသွားသည်။ သူ့ရှေ့က လူကို အကဲဖြတ်လိုက်လျှင် အခြေအနေကို ပိုနားလည်သွားမည်။
သို့သော် သူ စိုးရွံ့နေ၏။ သူမ မည်မျှသန်မာသည်ကို မသိသောကြောင့် ပေါ်သွားမည်အား စိုးရိမ်နေသည်။ တုံ့ဆိုင်းလျက် အဆုံးတွင် စွန့်စားရန် ဆုံးဖြတ်လိုက်လေသည်။
စွမ်းရည်ကို အသက်သွင်းလိုက်ရာ ရလဒ်က ချက်ချင်းထွက်လာသည်။ သူ ကြောင်အသွား၏။။
"မေးစရာရှိသေးလား" ဟုန်ယွီယဲ့က အေးစက်စက် မေးသည်။
"မရှိပါဘူး စီနီယာ" အံ့သြမှုကို ဖုံးကွယ်လျက် သူ အမြန်ဖြေလိုက်သည်။