ကောင်းကင်ရွှင်ပျော်စံအိမ်က လူတွေ ပြဿနာလာရှာနေတာလား
Vol. 2 Ch. 18
အမည်မဲ့ကျင့်စဥ်ကိုရပြီး လဝက်ရှိသွားလေပြီ။ ၎င်းကို သေချာဖတ်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအား မည်သို့ဖုံးကွယ်ထားရမည်ကို ဖမ်းဆုပ်မိသွားသည်။ အများအမြင်တွင် သူက အစောပိုင်း အခြေခံတည်ဆောက်ခြင်းအဆင့်သာဖြစ်သည်။ သူက ဆက်လက်တိုးတက်နေပြီး ခရမ်းရောင်အသက်သွေးကလည်း အခြားသူများထံမှ သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ပေးထားသည်။
အခန်းထဲတွင် ကျန်းဟောင် သက်ပြင်းမှုတ်ထုတ်ပြီး စနစ်မျက်နှာပြင်အား ဖွင့်လိုက်သည်။
အမည် ကျန်းဟောင်
အသက် ၁၉
ကျင့်ကြံခြင်းအဆင့် အလယ်အလတ် အခြေခံတည်ဆောက်ခြင်းအဆင့်
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ
နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား
အသက်သွေး ၃၅/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၃၈/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၀/၃ (မရနိုင်)
ကျင့်ကြံခြင်းနည်းလမ်းကို မဖော်ပြထားပါလား။ ထူးခြားတဲ့ကျင့်စဥ်ပဲ။
အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းကနေ အလယ်အလတ်အဆင့်ကိုတက်သွားပေမဲ့ အသက်သွေးနဲ့ ကျင့်ကြံရေးက အတူတူပါလား။
အားလုံးသာ ချောချောမွေ့မွေ့ဖြစ်ပါက အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းသို့ နှစ်လသုံးလအတွင်း လျင်မြန်စွာ တက်နိုင်ပေမည်။
လျော်ကြေးပေးရမဲ့အချိန်နီးလာပြီ။ ဝိညာဥ်ကျောက်တုံးတွေ ပိုရအောင်လုပ်မှဖြစ်မယ်။
သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ပြီးသွားသောကြောင့် စိုးရိမ်စရာမလိုတော့ချေ။ သူ ထပ်မံအဆင့်တက်ပြီးနောက် ထိုအမျိုးသမီး ထပ်လာပါက သူ့ကျင့်ကြံဆင့်ကို သိမြင်နိုင်ဦးမည်လားဟု စဥ်းစားနေမိသည်။
သူမက ထူးဆန်းပြီး အလွန်အားကောင်းသည်။ သူမနှင့် ပတ်သတ်သမျှ အားလုံးကို ဂရုစိုက်ရပေမည်။ ထပ်မတွေ့ရလျှင်တော့ အကောင်းဆုံးဖြစ်သည်။
ကျန်းဟောင် ဆေးဥယျာဥ်ကိုသွားပြီး ပူဖောင်းများစုဆောင်းသည်။
ခွန်အား +၁
ခွန်အား +၁
စိတ်ဝိညာဥ် +၁
ကျင့်ကြံရေး +၁
ပူဖောင်းများရယူပြီးနောက် အသိဉာဏ်နှင့် ပတ်သတ်သည့် ပူဖောင်းအား တခါမှမရဖူးကြောင်း တွေးမိသည်။ မဟုတ်ပါက သူ့အတွက် တိုးတက်စေနိုင်မည့် နည်းလမ်းအသစ်တခုကို ရပေမည်။ လက်ရှိအခြေအနေကနေ လွတ်မြောက်နိုင်မည့် နည်းလမ်းကိုပင် စဥ်းစားနိုင်မည်မဟုတ်ပါလော။
ကံကောင်းစွာ စိတ်ဝိညာဥ်နှင့် ခွန်အားသာတိုးသော်လည်း ပြောင်းလဲမှုကို ရှင်းလင်းစွာ ခံစားမိသည်။ သူ့ စိတ်ဝိညာဥ်နှင့် ခွန်အားက ရွှေအမြုတေအဆင့်များကိုပင် တုန်လှုပ်စေနိုင်လေသည်။
မွန်းတည့်ချိန်တွင် ဆေးဥယျာဥ်မှ ဈေးကိုသွားသည်။ ထိုနေရာတွင် ပုံမှန်အတိုင်း လူသိပ်မရှိချေ။ လမ်းတွင် ချီယန်နဲ့ တွေ့သည်။ သူ နှုတ်ဆက်ရန်ပြင်ပေမဲ့ အနားမှ စီနီယာအစ်ကိုက ချီယန်ကို ဆွဲခေါ်သွားခဲ့သည်။
ကျန်းဟောင် အတင်းမကြိုးစားတော့သည်။ ချီယန်က အားနာနေသလို ခေါင်းငုံ့နေသည်အား သတိပြုမိခဲ့သည်။ ကျန်းဟောင် နားလည်ပါ၏။ သူ့အခြေအနေက ရင်းနှီးသူများကို ဆွဲချသလိုသာဖြစ်စေမည်။ ကောင်းကင်ရွှင်ပျော်စံအိမ်က သူနဲ့ ရင်းနှီးသူများကိုပါ ပစ်မှတ်ထားလာနိုင်သည်။
ကျန်းဟောင်လည်း တနေရာတွင် သူ့ဆိုင်လေးအား ခင်းကျင်းလိုက်သည်။ သူ့တွင်ရှိသည့် အဆောင်အများစုက မီးအဆောင်၊ စိတ်ဝိညာဥ်စုစည်းအဆောင်နှင့် နတ်ဓားအဆောင်များဖြစ်သည်။ ဓားတစ်သောင်းအဆောင်ကို ဖန်တီးရန် စိတ်ကူးမိသော်လည်း ကုန်ကျစရိတ်မြင့်မားပြီး အချိန်အတော်ပေးရသည်။
လက်ရှိ သူ့တွင် ဝိညာဥ်ကျောက်တုံး ၁၅၀ လောက်လိုနေသေးသည်။ တခုကို ၅ တုံးနဲ့ ရောင်းမည်ဆိုပါက အနည်းဆုံး အဆောင် ၃၀ လောက်ရောင်းရပေမည်။
အဆောင်တစ်ဒါဇင်အား ခင်းကျင်းထားလိုက်သည်။ တခါတည်း အများကြီးပြသထားပါက ဈေးကောင်းကောင်းနှင့် ရောင်းနိုင်မည်မဟုတ်ပေ။
လျော်ကြေးကိစ္စပြီးရင်တော့ ဓားတစ်သောင်းအဆောင်ကို လုပ်မှပဲ ကျန်းဟောင် တွေးနေသည်။ ပေးစရာရှိသည့် လျော်ကြေးကိုပေးပြီးပါက သူ လွတ်လပ်ပြီဖြစ်၏။
"ဂျူနီယာမောင်လေး ပြန်တွေ့ရတာဝမ်းသာပါတယ်" နတ်မိမယ်လန်ထျန်က အပြုံးဖြင့်ပြောသည်။ "အစ်မ တခြားဆိုင်ကနေ မဝယ်ပဲ မင်းကိုစောင့်နေတာ"
.မင်္ဂလာပါ စီနီယာအစ်မ မီးအဆောင်တွေ လိုချင်သေးလို့လား" အရင်က သူမ မီးအဆောင်များစွာမှာဖူးမှန်း သူ အမှတ်ရသွားသည်။
လန်ထျန်က ခေါင်းယမ်းသည်။ "အခုတော့ မလိုသေးပါဘူး ဒါပေမဲ့ ဓားတစ်သောင်းအဆောင်ရှိလား"
"အခုတော့ မရသေးပါဘူး" ကျန်းဟောင် ခေါင်းယမ်းသည်။ "ပြုလုပ်ရခက်လို့လေ"
"ဒါဆိုလည်း ရှိသလောက် နတ်ဓားအဆောင်ပဲယူတော့မယ်"
"အဆောင်ငါးခုစာ ဝိညာဥ်ကျောက်တုံး ၂၅ တုံးကျပါမယ် အစ်မအတွက် ဝိညာဥ်ကျောက်တုံး ၂၂ တုံးနဲ့ပေးပါမယ်" သူ အဆောင်ငါးခုကို ကမ်းပေးလိုက်သည်။
"ကျေးဇူးပါကွယ် မောင်လေးရဲ့ အဆောင်အရည်အသွေးက တော်တော်ကောင်းတယ်" သူမက ဝိညာဥ်ကျောက်တုံး ၂၂ တုံးပေးသည်။
အဆောင်များကိုယူပြီးနောက် လန်ထျန်က သူ့ကိုကြည့်သည်။
"ဂျူနီယာမောင်လေး ကောင်းကင်ရွှင်ပျော်စံအိမ်ကို ဆန့်ကျင်မိခဲ့တယ်လို့ကြားတယ်" သူမက အသံတိုးတိုးဖြင့် မေးလာသည်။
သူ ပြန်ဖြေသည်ကိုပင် မစောင့်ပဲ "ဂျူနီယာမောင်လေး သတိထားရမယ် ကောင်းကင်ရွှင်ပျော်စံအိမ်က လူတွေက အရမ်းအားကောင်းတယ် ဂိုဏ်းပြင်ကိုလည်း မထွက်နဲ့ အန္တရာယ်များတယ် အစ်မမှာ အဆောင်ကောင်းကောင်းတွေ ဝယ်စရာဆိုင်မရှိပဲဖြစ်သွားဦးမယ်"
ကျန်းဟောင် ခေါင်းညိတ်သည်။ သူမကို ကျေးဇူးတင်သည့်အနေဖြင့် နတ်ခြေလှမ်းအဆောင်နှင့် မီးအဆောင်အချို့ကို လက်ဆောင်ပေးလိုက်သည်။
သိပ်မကြာခင် ကျန်းဟောင်မှာ နောက်ထပ်ဝယ်သူတဦးရလိုက်သည်။ မျက်နှာဖြူဖြူနဲ့ လူငယ်ဖြစ်ပြီး အလယ်အလတ် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိသည်။
"ကျန်းဟောင် ဂျူနီယာညီလေးကျန်းလား ဂျူနီယာညီမယွင်ရိုကို မင်းသတ်လိုက်တာဆို တခြားစီနီယာအစ်ကိုအစ်မတွေပြောတာ ကြားခဲ့တယ်" မြောင်ချမ်းက ပြောသည်။
ကျန်းဟောင် မကောင်းသည့် ခံစားချက်ရလိုက်သည်။ ကောင်းကင်ရွှင်ပျော်စံအိမ်က လူတွေ ပြဿနာလာရှာတာလား။
"စီနီယာအစ်ကိုက ဘာများပြောချင်လို့ပါလဲ" သူ ယဥ်ကျေးစွာမေးသည်။
"ဘာမှမဟုတ်ပါဘူး ငါက အဆောင်ဝယ်ဖို့လာတာပါ ဒီအဆောင်တွေက ဘယ်လောက်လဲ " မြောင်ချမ်းက စိတ်ဝိညာဥ်စုစည်းအဆောင်ကို လက်ညိုးထိုးပြီး မေးသည်။
"ဒါက စိတ်ဝိညာဥ်စုစည်းအဆောင်ပါ တခုကို ဝိညာဥ်ကျောက်တုံး ၅ တုံးပါ မီးအဆောင်ကတော့ ၃ တုံးပါ "
မြောင်ချမ်းက အေးစက်စက်ပြုံးသည်။" အားလုံးလိုချင်တယ် ဘယ်လောက်ကျမလဲ"
အကုန်လုံးလား။ ယနေ့တော့ ကိစ္စရပ်များက ချောမွေ့တော့မည်မဟုတ်ဟု သူသိလိုက်တော့သည်။