← Chapters

လူသတ်ခြင်း

Vol. 2 Ch. 19

လူသတ်ခြင်း

Vol. 2 Ch. 19

"ဂျူနီယာညီလေး ဘာလုပ်နေတာလဲ ငါပေးရမဲ့ ဝိညာဥ်ကျောက်တုံးတွေကို တွက်လေ" မြောင်ချမ်းက အပြုံးဖြင့်ပြောသည်။

သူက ပြသထားသည့် အဆောင်အားလုံးကို ယူလိုက်သည်။ "မီးအဆောင်လေးခုနဲ့ စိတ်ဝိညာဥ်စုစည်းအဆောင် ခြောက်ခု အားလုံးဘယ်လောက်လဲ"

"မီးအဆောင်က ဝိညာဥ်ကျောက်တုံး ၃ တုံး၊ စိတ်ဝိညာဥ်စုစည်းအဆောင်က ၅ တုံးဆိုတော့ စုစုပေါင်း ၄၂ တုံးပါ စီနီယာအစ်ကိုကို ၄၀ နဲ့ပဲပေးပါမယ် "

"ဝိညာဥ်ကျောက်တုံး ၄၀ လား ဂျူနီယာညီလေးက ရက်ရောတာပဲ "မြောင်ချမ်း ခေါင်းညိတ်သည်။

သို့သော် သူ ထုတ်ပေးရမည့်အချိန်တွင် အံ့သြသည့်ဟန်မျိုးဖြစ်သွားသည်။ "ဟင် ငါ့မှာ ဝိညာဥ်ကျောက်တုံးတွေပါမလားဘူးပဲ မနက်ဖြန်ကျမှ အစ်ကိုလာပေးရင်ရော ဒါမှမဟုတ် ငါ့ညီ မယုံရင် ကောင်းကင်ရွှင်ပျော်စံအိမ်ကို လိုက်ယူပါလား"

ကျန်းဟောင် ခေါင်းငုံ့ပြီး သက်ပြင်းချသည်။ ကောင်းကင်ရွှင်ပျော်စံအိမ်ကို လိုက်သွားခြင်းက သေတွင်းထဲခုန်ချသည်နှင့် ဘာကွာတော့မည်နည်း။

"ဘယ်လိုလဲ ဂျူနီယာညီလေး မင်းလိုက်ခဲ့မှာလား" မြောင်ချမ်းက သူ့ကို ပြုံးစစဖြင့် ကြည့်သည်။

"ရပါတယ် စီနီယာအစ်ကို မနက်ဖြန်မှပဲပေးပါ "

"ကောင်းပြီ" မြောင်ချမ်းက အဆောင်များကိုသိမ်းလိုက်သည်။ "မနက်ဖြန် ဒီမှာပဲ စောင့်နေပေါ့ တော်ကြာ မတွေ့လို့ မပေးလိုက်ရရင် ငါက လိမ်တယ်ဖြစ်နေဦးမယ်"

"မဟုတ်ရပါဘူး စီနီယာအစ်ကို" ကျန်းဟောင် ပြောသည်။

မြောင်ချမ်း ထွက်သွားသည်ကို သူကြည့်နေ၏။ ထို့နောက် ပစ္စည်းများသိမ်းဆည်းကာ ဈေးမှ ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်တွင်ရှိနေသူများက သူ့အဖြစ်အပျက်ကို တွေ့မြင်ကြသော်လည်း မည်သူမှ ဝင်မပါကြပေ။ ဒါမျိုးက မထူးဆန်းသောကြောင့်ပင်။

...

ညတွင် ကောင်းကင်ရွှင်ပျော်စံအိမ် အပြန်လမ်းတွင် မြောင်ချမ်းက လူငယ်တဦးနှင့် လမ်းလျှောက်နေသည်။

"ဒီနေ့ အတော်လေးရခဲ့တာပဲ" မြောင်ချမ်းက ပြုံးပန်းဝေလျက်ပြောသည်။ "ဆရာ့ကို ရန်စခဲ့တဲ့လူကို တွေ့လို့ သင်ခန်းစာပေးခဲ့လိုက်တယ်"

"စီနီယာအစ်ကိုရဲ့ကံက ကောင်းလိုက်တာ ကျနော်လည်း အစ်ကို့လို သန်မာချင်တယ်" လူငယ်က ပြောသည်။ သူက အသက်သွေးသန့်စင်ခြင်းအဆင့် ၉ ဖြစ်သည်။

"ဟားဟား မင်းကို ဝိညာဥ်ကျောက်တုံးပေးရမယ်" မြောင်ချမ်းက အဆောင်အားလုံးကို ရောင်းခဲ့ပြီး ဝိညာဥ်ကျောက်တုံး ၃၀ ရခဲ့သည်။

"မနက်ဖြန် သွားဦးမှာလား စီနီယာအစ်ကို"

"ဒါပေါ့ မနက်ဖြန်တင်မဟုတ်ဘူး နေ့တိုင်းသွားမှာ " မြောင်ချမ်းက ကောက်ကျစ်စွာပြောသည်။ "တခြားစီနီယာအစ်ကို အစ်မတွေကိုလည်း ဒီသတင်းပေးပြီး သူ့မှာရှိသမျှ ဝိညာဥ်ကျောက်တုံးတွေကို ညှစ်ထုတ်ရမယ်"

လူငယ်က ဘာမှပြန်မပြောဝံ့ပေ။ စီနီယာအစ်ကိုက ယွင်ရိုကို တိတ်တဆိတ်သဘောကျနေပြီး သူမသေသွားခြင်းက သူ့ကို ဒေါသဖြစ်စေခဲ့သည်။ အသည်းကွဲကမ်းပါးက တပည့်မှာ အတော်လေးလူမုန်းခံနေရ၏။

လူငယ်က တခုခုပြောရန်လုပ်လိုက်သည်။ သို့သော် သူ့ခေါင်းနောက်ကို တခုခုကရိုက်ခတ်လာပြီး သတိလစ်သွားစေ၏။

ရုတ်တရက် အဖြစ်အပျက်က မြောင်ချမ်းကို ကြောင်သွားစေသည်။ သူ နောက်လှည့်လိုက်၏။ "ဘယ်သူလဲ"

ဓားမြှောင်တလက်က အသံမပေးပဲ လည်ပင်းကိုစိုက်လာသည်။ သူတွန်းထုတ်လိုက်သောအခါ သွေးများပန်းထွက်လာ၏။ မြောင်ချမ်းက လည်ပင်းကိုအုပ်ကိုင်ထားလိုက်သည်။

"စီနီယာ ကျုပ်တို့ကြားမှာ အထင်လွဲတာများရှိသလား" မြောင်ချမ်းက ခဲယဥ်းစွာပြောသည်။

ဓားရှည်တချောင်းက သူ့ကိုယ်ကိုဖောက်လာသည်။

"စီနီယာ အသက်ချမ်းသာပေးပါ" မြောင်ချမ်း အသနားခံလိုက်၏။

နောက်ထပ်ဓားတချောင်းက သူ့ကို ဖောက်ဝင်လာပြန်သည်။ ဓားများက သူ့ကို နေရာတိုင်းမှဖောက်ဝင်ပြီး အဆုံးတွင် သစ်ပင်၌ စိုက်ကပ်ထားတော့သည်။

မြောင်ချမ်း သေကာနီးတွင် အရိပ်တခုချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းက သူ့အိတ်ကို ဖွင့်နေ၏။

"မင်း... ဘာလို့"

အရိပ်က ခပ်တိုးတိုးပြောလိုက်သည်။" ဒီ ဝိညာဥ်ကျောက်တုံးတွေကို ငါယူသွားမယ်"

မြောင်ချမ်း ဒေါသထွက်နေ၏။ သူ့လို အလယ်အလတ် အခြေခံတည်ဆောက်ခြင်းအဆင့်က ဒီလို အလွယ်တကူ သေရတော့မှာလား။

မြောင်ချမ်းသေမှန်းသေချာမှ အရိပ်လည်း ပျောက်သွားတော့သည်။ အတော်ကြာမှ မေ့မျောနေသည့် လူငယ်လည်း သတိရလာတော့သည်။ မြောင်ချမ်း၏ အလောင်းကို မြင်သောအခါ အလွန်ကြောက်လန့်ပြီး ထွက်ပြေးသွားလေသည်။

...

ကျန်းဟောင်က အိမ်ထဲတွင်ထိုင်ပြီး ဝိညာဥ်ကျောက်တုံးများကို ရေတွက်နေသည်။ သူ မျက်မှောင်ကြုတ်၏။

"၆၀၊ အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်က ဒီလောက်ဆင်းရဲသလား "

ကျန်းဟောင်ပင် အသက်သွေးသန့်စင်ခြင်းအဆင့်တုန်းက ဝိညာဥ်ကျောက်တုံးတစ်ရာကျော်ရှိခဲ့သည်။ ဒီလူက အလယ်အလတ် အခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်ပါလျက် ဝိညာဥ်ကျောက်တုံး ၃၀ သာရှိလေသည်။

"ထားလိုက်တော့ နည်းလည်း အမြတ်ရတယ် သဘောထားလိုက်မယ်" သူ ခေါင်းယမ်းလိုက်၏။ ဝိညာဥ်ဓားများကို တမင်များများသုံးခဲ့ခြင်းပင်။ သူ့တွင် အများကြီးရှိနေသည်မဟုတ်ပါလား။

အသက်သွေးသန့်စင်ခြင်းအဆင့် ဂျူနီယာကိုတော့ သတ်စရာမလိုပါချေ။ ဒီနေ့ဖြစ်ပျက်ခဲ့သည်များအား လူတိုင်း သိကြသည်။ သဘောတရားအားဖြင့် သူ၏ ကျင့်ကြံဆင့်က နိမ့်ပါးသောကြောင့် သံသယဝင်ရန်မှာမဖြစ်နိုင်ချေ။ သူ့လို အစောပိုင်း အခြေခံတည်ဆောက်ခြင်းအဆင့်က မြောင်ချမ်းလို အလတ်အလတ်အဆင့်ကို အလွယ်လေးသတ်နိုင်မည်မဟုတ်ချေ။

ဒါပေမဲ့လည်း ကောင်းကင်ရွှင်ပျော်စံအိမ်အတွက်မူ ၎င်းက အလုပ်ဖြစ်မည်ဟု တွက်ထား၍မရပါချေ။ ယွင်ရို၏ သေဆုံးမှုနဲ့ပတ်သတ်ပြီး သူ့ကို ပစ်မှတ်ထားပြီးသားမဟုတ်ပါလား။

"လျှိုရှင်းချန်ပေါ်မှာပဲ မူတည်တော့တယ် ဒါနဲ့ပတ်သတ်ပြီး သူ ဘာပြောမလဲ"

အတွင်းစည်းတပည့်အနေနှင့် သက်သေမရှိပဲ မတရားစွပ်စွဲခံရပါက လျော်ကြေးတောင်းခံနိုင်ကြောင်းသိခဲ့သည်။ လျှိုရှင်းချန် ဘက်လိုက်နေသရွေ့ သူ့တွင် ဘာမှဖြစ်မလာနိုင်ပေ။ လျှိုရှင်းချန်က သူ့ကို အမှန်တိုင်းပြောခဲ့သည်လား သို့မဟုတ် ပစ်မှတ်ထားနေခြင်းလားကို သိနိုင်လိမ့်မည်။

နောက်တရက် မနက်တွင် ကျန်းဟောင် အပြင်ထွက်လိုက်သောအခါ လျှိုရှင်းချန်အား တွေ့လိုက်ရသည်။

"ထင်တဲ့အတိုင်းပဲ "ကျန်းဟောင် တွေး၏။

"ဂျူနီယာညီလေး ထပ်ဆုံပြန်ပြီ" လျှိုရှင်းချန်က ပြောသည်။" ငါတို့ အထဲမှာပြောလို့ရမလား"

All Chapters