လျှိုရှင်းချန်ကို ထပ်မံအကဲဖြတ်ခြင်း
Vol. 2 Ch. 21
ပန်းတစ်ရာရေကန်တွင် နေရောင်ခြည်က နွေးထွေးပြီး လေပြည်က တိုက်ခတ်နေသည်။ ပန်းပွင့်လွှာများက ငြိမ်သက်နေသည့် ကန်ရေပြင်ပေါ်ကျဆင်း၍ လှုပ်ခတ်စေသည်။
အနီရောင်ဆင်မြန်းထားသည့် ဟုန်ယွီယဲ့က ထိုင်နေပြီး လက်တဖက်ဖြင့် ဆံပင်ကိုကိုင်လျက် ပိုင်ကျီ၏ အဖြေကို စောင့်နေသည်။
ပိုင်ကျီက အမြန်ပြောလိုက်သည်။ "ကောင်းကင်ဘုံရနံ့တာအိုပန်းက အမြစ်တွယ်ပြီး ပေါက်နေပါပြီ အသည်းကွဲကမ်းပါးက ကျန်းဟောင်က ထူးဆန်းတာမျိုးမလုပ်ပါဘူး တချို့က သူ့နားကို ချဥ်းကပ်လာပေမဲ့လည်း သာမန်အကြောင်းရင်းနဲ့ပါ ဘယ်သူမှ ပန်းကို ပစ်မှတ်မထားသေးပါဘူး"
"ဒါဖြင့် ပုံမှန်အတိုင်းပဲရှိသေးတယ်ပေါ့"
"ဟုတ်ပါတယ် သစ္စာဖောက်တွေက လူလုံးထွက်မပြသေးပါဘူး ပိုင်ကျီ တာဝန်ကို ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး" သူမက ဒူးထောက်ပြီး ကြောက်ရွံ့စွာပြောသည်။
ဟုန်ယွီယဲ့က ကန်ရေပြင်ကိုကြည့်သည်။ "တနေရာတည်းကိုပဲ အာရုံမထားနဲ့ အခြားနေရာတွေကိုလည်း ကြည့်ဖို့လိုတယ် တခါတလေ အဝေးဆုံးတွေက သက်ရောက်မှုအရှိဆုံးဖြစ်တတ်တယ်"
"ဂိုဏ်းချုပ်ဆိုလိုတာ သူတို့နဲ့ ပူးပေါင်းမဲ့အတွင်းလူကို စောင့်နေတာ ဒါမှမဟုတ် အကူအညီကိုလား ဒါဖြင့် ကျန်းဟောင်က သံသယစာရင်းထဲမှာ ရှိနေဦးမယ်" ပိုင်ကျီ နားလည်သွား၏။
သူမက ဂိုဏ်းချုပ်အမိန့်များကိုလိုက်နာပေမဲ့လည်း သူမ၏ အမြင်များနှင့်သာ ဖုံးလွှမ်းနေခဲ့သည်။ ဂိုဏ်းချုပ် ထွက်လာခြင်းကို သူမ တစ်ယောက်သာသိထားသည်။ ဒါက အတော်လေးဖိအားများ၏။ အထူးသဖြင့် ဂိုဏ်းချုပ်က ကောင်းကင်ဘုံရနံ့တာအိုပန်းကို သူမကိုပေးပြီး တစုံတခုဖြစ်လာစေရန် စောင့်ဆိုင်းနေသည့် အခါမျိုးတွင် သူမ အလွန်စိုးရိမ်ရသည်။
သူမသာ အမှားလုပ်မိလိုက်လျှင် အတော်ဒုက္ခများပေမည်။
"ဒါက မင်းရဲ့အလုပ်ပဲ ဒါပေမဲ့ သူ့ရဲ့ အကျိုးပြုမှုအတွက်တော့ ဆုရသင့်တယ်" ဟုန်ယွီယဲ့ လက်ဆန့်လိုက်ရာ ချပ်ဝတ်တစ်ထည်ပါသည့် ငွေရောင်ဘူးတခုပေါ်လာသည်။ ၎င်းက ပိုင်ကျီထံ လွင့်မျောသွား၏။
"သွားပေတော့" ဟုန်ယွီယဲ့က ထွက်သွားရန် အမိန့်ပေးလိုက်သည်။
ပိုင်ကျီလည်း ထရပ်ပြီး ထွက်ခွာသွားသည်။ ချပ်ဝတ်အား စစ်ဆေးကြည့်လိုက်သည်။ ၎င်းက အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် သင့်တော်သည်။
ကျန်းဟောင်က သစ္စာဖောက်ဟုတ်မဟုတ်မသိသော်လည်း ကောင်းကင်ဘုံရနံ့တာအိုပန်းနားတွင် ကျင့်ကြံခွင့်ရသည်ကပင် ကုသိုလ်ထူးနေလေပြီ။ အခုလို ဆုချီးမြှင့်မှာ သင့်တော်မတော်ကိုတော့ ဂိုဏ်းချုပ်အား မပြောရဲပါချေ။
...
ညတွင် ကျန်းဟောင်က အဝတ်တွင် ထပ်ဝတ်ထားသည့် အသားကပ်ချပ်ဝတ်အား ကြည့်နေသည်။ ၎င်းကို အဖြူရောင်လရေကန်က ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
ကောင်းကင်ဘုံရနံ့တာအိုပန်းကို ဂရုစိုက်သည့်အတွက် လက်ဆောင်ဟု အကြီးအကဲပိုင်ကျီက ပြောသည်။ တစုံတယောက်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့ခြင်းပင်။
တစုံတယောက် ကျန်းဟောင် တွေးလိုက်၏။ အကြီးအကဲပိုင်ကျီက ဂိုဏ်းချုပ်အဖြစ် လက်ရှိအုပ်ချုပ်နေသည်။ အခြားတစုံတယောက်ရှိပါက ယခင်ဂိုဏ်းချုပ်သာဖြစ်ပေမည်။
ဒါသာမှန်လျှင် အားလုံး အဓိပ္ပာယ်ရှိသွားသည်။ ယခင် ဂိုဏ်းချုပ်က သူ့ကို ကောင်းကင်ဘုံရနံ့တာအိုပန်းပေးခဲ့သည်ဆိုလျှင် အားလုံးနေရာကျသွားပေမည်။
"ဒါပေမဲ့ ဟိုအမျိုးသမီးက ပန်းကိုယူသွားမယ်ဆိုရင် ဂိုဏ်းချုပ်ကို ဆန့်ကျင့်မိသွားလိမ့်မယ်" ကျန်းဟောင် ခေါင်းယမ်းသည်။ အကြီးအကဲပိုင်ကျီက သူ့ကို စမ်းသပ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။
လက်ရှိတွင် မည်သူ့ကိုမှ သူ မဆန့်ကျင်နိုင်သေးပေ။ သူ ဆန္ဒရှိသလို ကောင်းကင်ဘုံရနံ့တာအိုပန်း၏ ကြီးထွားမှုကို မရပ်တန့်နိုင်ပါချေ။
သူရခဲ့သည့် ချပ်ဝတ်အတွက်မူ အံ့သြရသည်။ ၎င်းက သူ့တွင်ရှိသမျှ မှော်ရတနာများထဲ အကောင်းဆုံးဖြစ်သည်။
[ကောင်းကင်ချပ်ဝတ်ကိုးစုံထဲမှ တစ်ခု၊ အားကောင်းသည့် ခုခံစွမ်းအားရှိပြီး ရွှေအမြုတေအဆင့်၏ တိုက်ကွက်အများစုကိုပင် ခုခံနိုင်သည်]
နောက်ရက်များတွင် အဆောင်ပြုလုပ်ခြင်းကိုသာ သူစိတ်နှစ်ထား၏။ အရာအားလုံးက ချောမွေ့နေခဲ့သည်။
မြောင်ချမ်းကိုသတ်ခြင်းက အတော်လေးအန္တရာယ်များသည့်အရာဖြစ်ခဲ့သည်။ လျှိုရှင်းချန်က သူ့ကို ကောင်းကင်ရွှင်ပျော်စံအိမ်က လူများနှင့် မပတ်သတ်ရန် သတိပေးခဲ့သည်။ အခြားတယောက်သာထပ်သေခဲ့လျှင် သူက ကျိန်းသေပေါက် သံသယဝင်ခံရမည်။ နောက်တခါဆို သက်သေပင်ရှာနေကြတော့မည်မဟုတ်ပေ။
ကျန်းဟောင်မှာ သတိပေးခြင်းကို စိတ်ထဲထည့်ထားပြီး အဆောင်များ ဈေးထဲသွားရောင်းရာတွင် အလွန်ဂရုထားလေသည်။
ခုနစ်ရက်ကြာပြီးနောက် ဥပဒေခန်းမကိုလာပြီး လျှိုရှင်းချန်ကိုရှာသည်။ သူ့လျော်ကြေးကို တတ်နိုင်သမျှ မြန်မြန်ပေးပြီး ပြဿနာများအား ရှောင်ကွင်းလိုသည်။ သူ့ကို စိတ်အေးစေသည်က သူ့ရှေ့မှာတင် လျှိုရှင်းချန်က နာမည်နှင့် ပမာဏကို စာရင်းသွင်းသည်။ အထင်လွဲမှုမရှိစေရန် လုပ်ပေး၏။
သို့သော် လျှိုရှင်းချန်က ဝိညာဥ်ကျောက်တုံးများကို ချက်ချင်းမလွှဲပဲ နောက်ဆုံးရက်မှသာ ကောင်းကင်ရွှင်ပျော်စံအိမ်အား ပေးသည်။
ကောင်းကင်ရွှင်ပျော်စံအိမ်မှ လျော်ကြေးရရှိကြောင်း အကြောင်းကြားစာကို ပြန်ရသည်။ ကောင်းကင်ရွှင်ပျော်စံအိမ်က သူ့ကို ခက်ခဲအောင်လုပ်မည်ကို စိုးရိမ်နေစရာမလိုတော့ပေ။ အနည်းဆုံးတော့ အပေါ်ယံတွင်ဖြစ်သည်။
ကျန်းဟောင် စိတ်အေးသွား၏။ လျှိုရှင်းချန်တွင် အကြံအစည်များရှိကြောင်းသိပေမဲ့လည်း သူရဲ့ အကူအညီကို တကယ်လိုအပ်နေသည်။ ၎င်း၏ တခြား ရည်ရွယ်ချက်ကိုသိရှိနိုင်ရန် အကဲဖြတ်ခြင်းအား ထပ်မံအသုံးပြုခဲ့သည်။
[လျှိုရှင်းချန် ၊ ကောင်းကင်ဂိုဏ်း၏ တပည့်ဖြစ်ပြီး နဂါးအော်ရာနှင့် မွေးဖွားလာကာ ရွှေအမြုတေအဆင့် အထွတ်အထိပ်တွင်ရှိသည်။ သူက ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ဥပဒေခန်းမတွင် သူလျှိုလုပ်နေသည်။ သူက သင်နဲ့ နီးကပ်အောင်လုပ်ပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းကို သေချာကြည့်ရှုချင်နေသည်။ နောက်ပြီး မြောင်ချမ်း၏ သေဆုံးမှုကိုလည်း ဖော်ထုတ်ချင်နေ၏။ ]
"ရွှေအမြုတေအဆင့် အထွတ်အထိပ်" သူအံ့သြသွား၏။ နောက်ဆုံးတခေါက် အကဲဖြတ်တုန်းက နှောင်းပိုင်းအဆင့်တွင်သာရှိသေးသည်။ သူအဆင့်တက်တာ မြန်လှချေလား။
သို့သော် ရလဒ်ကိုကြည့်ရှုပြီးနောက် ၎င်းက ထင်သလောက် အန္တရာယ်မများကြောင်း ခံစားမိသည်။ ၎င်းက သူလျှိုဆိုလျှင်တောင် လောလောဆယ် သူ့အတွက် အန္တရာယ်မဖြစ်နိုင်ပါသေးချေ။
"ဟုတ်သားပဲ ဂျူနီယာညီလေးကို သတိပေးရဦးမယ် မကြာခင် အတွင်းစည်းတပည့်တွေရဲ့ တာဝန်က စတင်တော့မယ် ဂျူနီယာညီလေး သေချာဂရုစိုက်ဖို့လိုတယ် နောက်ပြီး မင်းနာမည်က သံသယစာရင်းမှာရှိနေတုန်းပဲ ဒါကြောင့် ဂိုဏ်းပြင်ထွက်ခွင့်မပြုတာ မင်းသိပြီးသားပါ နည်းပြောရရင် တာဝန်မရခဲ့ရင် ဖြတ်ကျော်နိုင်ဖို့ ကိုယ့်ကိုကိုယ်ပဲ အားကိုးရလိမ့်မယ် လအနည်းငယ်ကျန်သေးတော့ ပြင်ဆင်ဖို့အချိန်ရမှာပါ "
ကျန်းဟောင်လည်း သူ့ကို ကျေးဇူးတင်ပြီး စနစ်မျက်နှာပြင်ကိုဖွင့်ကာ ပြောင်းလဲမှုများအား ကြည့်ရှုသည်။