← Chapters

ဆက်သွယ်ရခြင်း

Vol. 44 Ch. 603

ဆက်သွယ်ရခြင်း

Vol. 44 Ch. 603

“လမ်းညွှန်ရှင်းပြပေးတဲ့အတွက် သိုင်းဦးလေးယုကို ကျေးဇူးတင်ပါတယ်…”

ဟန်လိသည် သူ့ထက် ကျင့်ကြံမှုအဆင့်နိမ့်သူကို ထိုသို့ပြောရတာ ကြောင်တိကြောင်တောင်နိုင်သည်ဟု ခံစားမိသော်လည်း သူသည် တလေးတစားဖြင့် ကျေးဇူးစကား ဆိုလိုက်သည်။ မုတ်ဆိတ်နှင့်လူကမူ ပြုံးရုံသာပြုံး၏။ သူက ရိုးရှင်းသောသူတစ်ယောက် ဖြစ်ကာ နှုတ်နည်းသူတစ်ယောက်အလား။ ထိုသူ၏ မူမမှန်မှုကို သိထားပြီးသော ဟန်လိမှာ မင်သက်သွားမိသည်။ သူ၏ သရုပ်ဆောင်စွမ်းရည်မှာ အဆင့်တစ်ခု ရောက်နေသည်။ သို့မဟုတ် ဤလူမှာ သူ့ခန္ဓာကိုယ်ရှိ ထူးခြားမှုအကြောင်း အမှန်တကယ် မသိနေတာများလား။

စီနီယာအစ်ကိုမြောင်သည်လည်း ထိုမုတ်ဆိတ်နှင့်လူမှာ တစ်ခုခု ထူးခြားနေသည်ဟု သတိပြုမိခဲ့သေးသည်။ သို့သော် ဟန်လိသည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်သာ ရှိသေးသော စီနီယာအစ်ကိုမြောင်မှာ မုတ်ဆိတ်နှင့်လူ၏ အေးစက်ချီကို တွေ့မြင်နိုင်စွမ်း ရှိလိမ့်မည်ဟု မထင်ပေ။

ကျင့်ကြံသူယုသည် ဟန်လိတို့နှစ်ယောက်၏ တုံ့ပြန်မှုအပေါ် ကျေနပ်နေဟန်ရပြီး သူက စကားအနည်းငယ် ပြောသည်။ ထို့နောက်တွင် သူသည် ဟန်လိတို့ကို နွေဦးတောင်၏ အလယ်ဗဟိုတွင် တည်ရှိသော ခန်းမဆောင်တစ်ခုထံ ခေါ်လာသည်။

သူတို့က ဆယ်ကျော်သက်နှစ်ယောက်ရှိနေသော ကျောက်ဖျာတစ်ခုပေါ် ခြေချလိုက်ကြသည်။ ထိုနှစ်ယောက်က လက်ရှိတွင် စကားတပြောပြော ရှိနေကြသည်။ ကျင့်ကြံသူယု ရောက်လာတာ မြင်သည့်အခါ သူတို့က စကားပြောတာကို ချက်ခြင်းရပ်ပြီး အနားရောက်လာကြသည်။

ချစ်စဖွယ်မျက်နှာပိုင်ရှင်ဖြစ်သူ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်က တခစ်ခစ်ရယ်မောကာ မေးလာသည်။

“ဦးလေးယု ပါလား။ ဦးလေးက ဘိုးဘေးဆီ လာလည်တာလား…”

ကျင့်ကြံခြင်းလောကရှိ ဝါစဉ်အပေါ် တင်းကျပ်မှုအကြောင်း ကောင်းကောင်းသိထားသော ဟန်လိသည် ဤမိန်းကလေး၏ သာမန်ကာလျှံကာ ပြောဆိုနှုတ်ဆက်ပုံကြောင့် အံ့အားသင့်သွားမိသည်။

ကျင့်ကြံသူယုက ပြုံး၍ ပြန်ပြောသည်။

“အမှန်ပါပဲ။ ဦးလေးနဲ့အတူပါလာတဲ့ ဒီနှစ်ယောက်ကတော့ နွေဦးတောင်ရဲ့ ပြင်ပတပည့်သစ်တွေပဲ။ သူတို့ကို ဘိုးဘေးရယ်၊ စီနီယာအစ်ကိုတွေရယ်နဲ့ တွေ့ပေးဖို့ လာခဲ့တာပဲ…”

ကျင့်ကြံသူယုသည် ထိုမိန်းကလေးငယ်နှင့် ရင်းနှီးပုံ ရသည်။

မိန်းကလေးက ဟန်လိတို့အပေါ် ကျရောက်သွားသည်။ သူမက ချိုသာစွာ ပြုံးပြပြီး ပြောလိုက်သည်။

“ဒီတော့ သူတို့က အသစ်ရောက်လာတဲ့ သူတွေပေါ့။ နောင် အခွင့်အရေး ရှိမယ်ဆို ကျမနဲ့ ဂျူနီယာမောင်လေးရှင်းတို့ဆီ လာလည်ပြီး သေမျိုးလောကအကြောင်း ပြောပြပေးပါဦး။ မမေ့နဲ့နော်။ ကျမ သေမျိုးလောကအကြောင်းကို သိချင်လို့ပါ…”

သူမဘေးရှိ အသားမည်းမည်းနှင့်ကောင်လေးကမူ မကြားတကြား ပြောလိုက်သည်။

“အစ်မ နားထောင်ချင်တယ်ဆိုလည်း ကျုပ်ကိုတော့ ဆွဲမထည့်ပါနဲ့။ ကျုပ်က ကျင့်ကြံဖို့ပဲ စိတ်အားသန်တာ…”

“နင်ကလည်း….ကျင့်ကြံတာက အချိန်မရွေး နင့်ဟာနင် ကျင့်ကြံလို့ ရပါတယ်။ ဒါပေမဲ့ သေမျိုးလောကကနေ နွေဦးတောင်ကို တပည့်အသစ်တွေ ရောက်လာဖို့ဟာ ကြုံရခဲတယ်လေ။ ဒါ့ကြောင့် ငါတို့ဟာ အပြင်လောကရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းအချို့ကို နားထောင်သင့်တာပေါ့…”

သူမသည် ငယ်ရွယ်ပြီး နုနယ်လှပသော်ငြား ရဲတင်းကာ သည်ကောင်လေးအပေါ် နိုင်စားပုံရသည်။ တစ်ဖက်ကောင်လေးမှာ ပြန်ပြောစရာ စကားမဲ့သွားရသည်။

ကျင့်ကြံသူယုသည် မချိပြုံးပြုံး၍ ခေါင်းသာရမ်းလိုက်တော့သည်။ ထို့နောက် သူက ဟန်လိတို့ကို ခြံဝန်းထဲသို့ ခေါ်သွားသည်။

လမ်းလျှောက်လာနေရင်း ကျင့်ကြံသူယုက သတိပေးစကားပြောသည်။

“ဒီနှစ်ယောက်ကို မှတ်ထားပါ။ ဂျူနီယာညီမလေးရှင်းနဲ့ ဂျူနီယာညီလေးရှင်းတို့ဟာ ငယ်ရွယ်ကြတယ်ဆိုပေမဲ့ သူတို့က မင်းတို့နဲ့ စီနီယာတူတူပဲ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဘိုးဘေးရဲ့ သေမျိုးလောကက မျိုးဆက်တွေ ဖြစ်လို့ပဲ။ သူတို့ကို တရားဝင်တပည့်အဖြစ် လက်မခံရသေးပေမဲ့ ဒီကိစ္စဟာ အနှေးနဲ့အမြန် ဖြစ်လာမှာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ကို ရန်မစမိစေနဲ့။ သူတို့ကို ရန်စမိလို့ ဘိုးဘေးသာ ဒေါသထွက်သွားခဲ့ရင် မင်းတို့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး…”

ထိုစကားကို ကြားသည့်အခါ ဟန်လိက ဟန်လုပ်ပြုံးကာ ခေါင်းညိတ်ပြသည်။ မုတ်ဆိတ်နှင့်လူကမူ သူ့ခေါင်းနောက်ဘက်ကို ပွတ်သပ်ပြီး ပြုံး၍သာနေသည်။

ကျင့်ကြံသူယုက သူတို့၏အမူအရာများကို မြင်သည့်အခါ ပြုံး၍ နှစ်သိမ့်စကားဆိုသည်။

“ဂျူနီယာညီလေးရှင်းကတော့ အနေအေးပါတယ်။ ဂျူနီယာညီမလေးမာက ဆိုးတတ်တယ်ဆိုပေမဲ့ သူမက စိတ်ထားတော့ ကောင်းပါတယ်။ သူတို့နဲ့ပတ်သက်ပြီး အများကြီး စိုးရိမ်နေစရာတော့ မလိုပါဘူး။ သူတို့ကို နည်းနည်းပါးပါး လိုက်ရောပေးရုံပါပဲ…”

ဟန်လိနှင့် မုတ်ဆိတ်နှင့်လူတို့သည် ခေါင်းညိတ်ကာ တုံ့ပြန်ကြသည်။ ထိုသို့ ပြောရင်းဆိုရင်းဖြင့် သူတို့သုံးယောက်သားသည် ခြံဝန်းသုံးခုကို ဖြတ်ကျော်လာခဲ့ကြပြီး ဘယ်ဘက်ခြမ်းမှာ တစ်သီးတသန့်တည်ရှိနေသော ခြံဝန်းတစ်ခုရှေ့သို့ ရောက်လာကြသည်။

ထိုစဉ် အမျိုးသားတစ်ယောက်၏ စကားသံကို ကြားရသည်။

“ကျွမ်အာလား…”

ယုကျွမ်သည် ထိုအမေးကို ကြားသည်နှင့် ချက်ခြင်းပင် နေရာတွင် ရပ်ကာ အလေးအနက် ပြန်ဖြေသည်။

“ဒီတပည့်က ဆရာ့ကို ဂါဝရပြုပါတယ်…”

“မင်းရဲ့ တတိယအစ်ကိုနဲ့ အစ်မငါးလည်း ရောက်နေကြတယ်။ မင်းနောက်က နှစ်ယောက်ကို ခေါ်ပြီး အထဲဝင်သွားချေ…”

ထိုအသံပိုင်ရှင်၏ လေသံအနေအထားအရ သူသည် စိတ်အခြေအနေကောင်းနေပုံ ရသည်။

“ဟုတ်ကဲ့ပါ…” ယုကျွမ်သည် မနှောင့်နှေးဝံ့ပေ။ သူက ဟန်လိတို့နှစ်ယောက်ကို ခေါ်ကာ ခပ်ဟဟရှိနေသော တံခါးမှ ဝင်လာလိုက်သည်။

သည်ခြံဝန်းထဲတွင် အမျိုးအမည်မသိရသော အပင်အချို့ထည့်စိုက်ပျိုးထားသည့် အိုးများရှိနေသည်ကလွဲ၍ ရိုးရှင်းသပ်ရပ်သောအိမ်တစ်လုံး ရှိနေသည်။ အိမ်ထဲ၌ ထိုင်ခုံများ၊ အနက်ရောင်သစ်သားဖြင့် ပြုလုပ်ထားသော စားပွဲခုံတစ်ခုတို့ ရှိသည်။ ထိုင်ခုံပေါ်တွင် ကျောင်းတော်သားဝတ်ရုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေသည်။

သူ့ဘေးတွင် အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်တို့ ထိုင်နေကြသည်။

ဆံပင်ဖြူများ၊ မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများတွန့်နေသည်ကို ကြည့်ပါက အနှီအဘိုးအိုသည် သက်တမ်းကုန်ခါနီးပုံပင်။ သူက တိတ်ဆိတ်စွာ ပြုံးနေလျက် ရှိသည်။ အမျိုးသမီးကမူ နှစ်ဆယ်ဝန်းကျင်လောက်သာ ရှိရော့မည်။ သူမက ကျော့ရှင်းသည်။ ခုလက်ရှိတွင် သူမသည် မျက်နှာသေဖြင့် ရှိနေသည်။

ယုကျွမ်က ရှေ့သို့ ခပ်မြန်မြန်လှမ်းလာပြီး ဒူးထောက်ကာ ဆရာဖြစ်သူကို ဂါဝပြု နှုတ်ဆက်သည်။

“ဆရာ့ကို လေးစားသမှု ပေးပါတယ်။ တတိယအစ်ကိုနဲ့ အစ်မငါးတို့ကိုလည်း နှုတ်ဆက်ပါတယ်ဗျ…”

“ကျေးဇူးပြုပြီး ထပါ။ ဒီမှာ အပြင်လူတွေမှ မရှိတာ။ ဓလေ့ထုံးတမ်းတွေ မလိုပါဘူး။ ဒီနှစ်ယောက်က ကျုပ်တို့ နွေဦးတောင်ရဲ့ တပည့်အသစ်တွေမလား….”

သက်လတ်ပိုင်းလူက လက်ဝေ့ရမ်းပြပြီး ယုကျွမ်ကို ထခိုင်းသည်။ ထို့နောက် သူက ဟန်လိနှင့် ဗလတောင့်တောင့်လူတို့ကို စိတ်ဝင်တစား ကြည့်သည်။

ထိုသူမှာ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း မြင်သည့်အခါ စိတ်ထဲ သုန်မှုန်သွားသည်။ သို့သော်ငြား သူက အားတင်းပြုံးကာ ထိုသူ့ကို ဘိုးဘေးဟု ခေါ်ဆိုလိုက်သည်။ ဗလတောင့်တောင့်လူသည်လည်း ဟန်လိကဲ့သို့ပင်။ ထိုဘိုးဘေးသည် ဗလတောင့်တောင့်လူ၏ ထူးခြားမှုကိုလည်းကောင်း၊ ဟန်လိ၏ ကျင့်ကြံမှုအမှန်ကိုလည်းကောင်း မြင်နိုင်သည့်စွမ်းရည် မပိုင်ဆိုင်ထားချေ။

ဤသို့ဖြင့် သူက သူတို့၏အမည်များကို မေးမြန်းပြီး သာမန်ကာလျှံကာသာ ပြောလိုက်သည်။

“ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…”

ထို့နောက်တွင် သူက သူ့ဘေးရှိ အဘိုးအိုနှင့် မိန်းမပျိုတို့ကို လှမ်းကြည့်ကာ ညွှန်ကြားချက်ပေးသည်။

“မင်းတို့နှစ်ယောက်က အဆောင်သန့်စင်ခြင်းနဲ့ ဆေးလုံးဖော်စပ်ခြင်းတို့မှာ အသီးသီးကျွမ်းကျင်ကြတဲ့သူတွေ ဖြစ်တော့ လူလိုနေမှာပဲ။ ဒီတပည့်အသစ်နှစ်ယောက်ကို အချိန်တစ်ခုထိ မင်းတို့လက်အောက်မှာ ထားလိုက်ပါ။ အဲ့အတောအတွင်း သူတို့နဲ့ ကိုက်ညီမဲ့ ကျင့်ကြံခြင်းပညာရပ်ကိုလည်း ရွေးပေးလိုက်ကြ။ သူတို့က ပြင်ပတပည့်တွေ ဖြစ်နေရင်တောင် သူတို့ရဲ့ ကျင့်ကြံခြင်းဟာ ဆိုးဝါးလွန်းနေမယ်ဆို တခြားတောင်တွေက ဂိုဏ်းတူတွေရဲ့ အနိုင်ကျင့်ခံရမဲ့ ပစ်မှတ်တွေ ဖြစ်သွားလိမ့်မယ်…

မျက်နှာဖြူဖြူနှင့်အဘိုးအိုက အားပါတရ ပြုံး၍ ပြန်ဖြေသည်။

“ဟုတ်ကဲ့ပါ…ဆရာ။ ဂျူနီယာညီမလေးနဲ့ ကျုပ်တို့ တစ်ယောက်စီ ခေါ်ထားလိုက်ပါမယ်…”

မိန်းမလှကမူ ခဏ တွေဝေနေသေးသည်။ ပြီးမှ သူမက ခေါင်းညိတ်သည်။

ခဏ စဉ်းစားပြီးနောက် အဘိုးအိုက ပြောလာသည်။

“ဂျူနီယာညီမလေးလည်း သဘောတူပြီဆိုတော့ သိုင်းတူလေးတုကို ကျုပ် ခေါ်ထားလိုက်မယ်ဆို အဆင်ပြေနိုင်လား။ ကျုပ်ရဲ့ အဆောင်သန့်စင်ခြင်းဂိုဏ်းခွဲမှာက သန်သန်မာမာလုပ်ကိုင်နိုင်မဲ့ အကူတွေ လိုနေလို့ပါ။ တူလေးဟန်ကိုတော့ ညီမလေးပဲ ခေါ်ထားလိုက်လေ…”

မိန်းမလှက မျက်နှာသေဖြင့်ပင် သဘောတူသည်။ သူမသည် ဟန်လိကို တစ်ချက်လေးပင် လှမ်းမကြည့်ပေ။

သက်လတ်ပိုင်းလူက ထိုသည်ကို မြင်သည့်အခါ ခေါင်းညိတ်ပြီး ဟန်လိနှင့် ဗလတောင့်တောင့်လူတို့ကို ပြော၏။

“မင်းတို့နှစ်ယောက် သွားလို့ရပြီ။ အပြင်မှာ ခဏစောင့်နေကြ။ မင်းတို့ စီနီယာတွေနဲ့ ကျုပ် ဆွေးနွေးစရာ ကိစ္စရှိသေးတယ်…”

ဟန်လိတို့က သူ့စကားအတိုင်း နာခံကြ၏။ သူတို့သည် ထိုသူ့ကို ဂါဝရပြုနှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာခဲ့ကြပြီး ဆယ်မီတာလောက်မှာ ရပ်၍ နာခံစွာ စောင့်နေကြသည်။

ခဏအကြာတွင် ဗလတောင့်တောင့်နှင့်လူက အဝေးမှ တိမ်ကင်းစင်သောကောင်းကင်ယံသို့ ငေးကြည့်နေလေသည်။ သူ ဘာတွေ စဉ်းစားနေလဲ မသိရပေ။ ဟန်လိကမူ ပျင်းရိပျင်းတွဲဟန်ဖြင့် ရှိနေသည်။ သူက အခန်းထဲရှိ စကားဝိုင်းကို ချောင်း၍ နားစွင့်နေသည်။ သူ၏ အားကောင်းလှသော စိတ်ဝိညာဉ်အာရုံကြောင့် ဟန်လိသည် ထိုသို့ နားထောင်ရန် ပြဿနာ မရှိပေ။

မိနစ်နှစ်ဆယ်လောက် ကြာပြီးနောက် အခန်းတံခါးသည် ပွင့်ဟလာခဲ့ပေပြီ။ စီနီယာတပည့်သုံးယောက်သည် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

အဘိုးအိုက စကားမဆိုဘဲ သူ့လက်ကို ပင့်မြှောက်ကာ ရှည်မြောမြော မှော်ပစ္စည်းတစ်ခုကို ထုတ်လွှတ်သည်။ သူက မိန်းမလှနှင့်ယုကျွမ်တို့ကို နှုတ်ဆက်စကား ဆိုပြီးသည့်နောက် ဗလတောင့်တောင့်လူကို ခေါ်၍ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။ ထိုစဉ် မိန်းမပျိုသည် ဟန်လိထံ လျှောက်လာပြီး သူ့ကို အေးစက်စက်အကြည့်ဖြင့် ဝေ့ကြည့်ပြီး မျက်နှာသေဖြင့် ပြောသည်။

“သွားကြမယ်။ မင်းက ငါနဲ့အတူ ငါ့လှိုဏ်ဂူစီ လိုက်ခဲ့ရမယ်။

ဟန်လိ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု မသိမသာ ဖြစ်ပေါ်သွားသည်။ ထို့နောက် သူက မထူးခြားနားဟန်ဖြင့် ခေါင်းညိတ်ပြသည်။ အနီရောင်လင်းလက်သွားခြင်းနှင့်အတူ အနီရောင်မြူလွှာတစ်ခုက သူတို့နှစ်ယောက်ကို ထွေးခြုံသွားသည်။

လေးနာရီလောက် အကြာတွင် ဟန်လိသည် မီတာသုံးရာမျှ အကျယ်ရှိမည့် ထူးခြားသော ဆေးဥယျာဉ်တစ်ခုထဲမှာ ပေါ်လာသည်။

ထိုဆေးဥယျာဉ်တွင် အမျိုးအစားစုံလင်လှသော ဆေးပင်များစွာကို စိုက်ပျိုးထားသည်။ ဤဥယျာဉ်ဝန်းထဲတွင် အခန်းသုံးခန်းပါသည့် အိမ်ငယ်တစ်လုံးလည်း တည်ရှိ၏။ ဟန်လိသည် အနီးအနားရှိ အမျိုးအမည် မသိရသော တောင်ကုန်းငယ်များကို လှမ်းမြင်သည့်အခါ သူ့မေးစေ့ကို ပွတ်၍ ယောင်ယောင် ပြုံးမိသည်။ စောစောတုန်းက အေးတိအေးစက်နှင့်မိန်းမလှသည် အနီရောင်ဖဲကြိုးကို အသုံးပြု၍ သူမ၏လှိုဏ်ဂူထံ ဟန်လိကို ခေါ်ကာ ပျံသန်းလာခဲ့ကြသည်။ ထိုသိုင်းဒေါ်လေး (ဝါ) မူပိုင်လင်းက ဟန်လိကို ဆေးဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်ချင်လား၊ ဆေးလုံးသန့်စင်ခြင်း ပညာရပ်ကို သင်ယူချင်လားဟု မေးမြန်းခဲ့သည်။

ထိုမေးခွန်းကြောင့် ဟန်လိမှာ ဘာဖြေရမှန်းမသိ ဖြစ်သွားခဲ့ရသည်။ ပုံမှန်စိတ်ရှိသော ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက ဆေးလုံးဖော်စပ်ခြင်း ပညာရပ်ကိုသာ သင်ယူရန် သဘောတူပေလိမ့်မည်။

သို့သော် ထိုအမျိုးသမီးသည် ဟန်လိ၏အဖြေကို စောင့်မနေဘဲ ဆေးဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် ပို၍ ရိုးရှင်းကြောင်း အေးတိအေးစက် ရှင်းပြခဲ့သည်။ သူသာ ဆေးအမယ်များကို ပမာဏတစ်ခု ပုံမှန် ပေးနိုင်ပါက အချိန်များစွာ ပိုပေး၍ ကျင့်ကြံနိုင်မည် ဖြစ်သည်။

နည်းနည်းလေးမျှပင် စဉ်းစားမနေဘဲ ဟန်လိက ဆေးဥယျာဉ်ကြည့်ရှုရမည့်တာဝန်ကို လက်ခံခဲ့ပေသည်။

မူလတုန်းက ဟန်လိသည် ကျင့်ကြံနိုင်ရန်အတွက် ဂိုဏ်းမှ ပေးအပ်လာမည့် အမျိုးမျိုးသော ပေါက်စိပေါက်စတာဝန်များမှ လွတ်လမ်းမည်သို့ ရှာရမည်လဲဟု စဉ်းစားခဲ့ဖူးသည်။ သို့သော် အခုလိုဖြစ်လာတော့ သူ့အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်သွားခဲ့ပေပြီ။

ဟန်လိ၏ရွေးချယ်မှုကို အေးတိအေးစက်မိန်းမလှက နည်းနည်းလေးမျှ အံ့အားသင့်သွားဟန် မပြခဲ့ပေ။

သူ့ကို သည်နေရာသို့ ခေါ်လာခဲ့ပြီးနောက် မူပိုင်လင်းသည် ဆေးဥယျာဉ်အစောင့်အဟောင်းကို ပြန်ခေါ်သွားသည်။ ဟန်လိကိုမူ ရေဓာတ်ကျင့်ကြံခြင်းပညာရပ်ပါသည့် ကျောက်စိမ်းပြားတစ်ခုကို ချန်ထားခဲ့သည်။ ယင်းပညာရပ်မှာ လေးနက်ရေခဲပညာရပ် မည်၏။ ခုချိန်တွင် ဤဆေးဥယျာဉ်မှာ ဟန်လိ၏ အပိုင်နယ်မြေတစ်ခု ဖြစ်လာခဲ့လေပြီ။

All Chapters