သွေးအရိပ်ရှောင်တိမ်းခြင်းပညာရပ်
Vol. 44 Ch. 605
မိုင်ပိုင်လင်းက လာသည့်အခါတွင်လည်း ဟန်လိကို ဘာသိဘာသာ ပြုမူဆက်ဆံတတ်၏။ ထိုသို့ ပြုမူဆက်ဆံခြင်းမှာ ဟန်လိ အကြိုက်ပင်။ ထိုအမျိုးသမီးသည် ဤဥယျာဉ်၏ တည်ရှိမှုကိုပါ မေ့သွားလျှင် သူ့အတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။ သူမကသာ လာမလည်ပတ်တော့ပါက သူ့အတွက် ကျင့်ကြံရတာ အလွန်အဆင်ပြေမည် မဟုတ်လား။ ဤသို့ဖြင့် နောက်ထပ်တစ်လ မကုန်ခင် ဟန်လိသည် စိတ်ဝိညာဉ်ဘောင်ခတ်ခြင်း အစီအရင်ကို တဖြည်းဖြည်း နားလည်လာခဲ့လေပြီ။ ထိုအခါ သူက တောင်ပတ်ပတ်လည်၌ သူ့နားလည်သိရှိမှုကို အခြေခံကာ ၎င်းအစီအရင်ကို မဆိုင်းမတွ ချခင်းတည်ဆောက်သည်။
ရလဒ်မှာ မန္တာန်အစီအရင်များ၏ မသိမသာ တည်ရှိနေသော စိတ်ဝိညာဉ်ချီတုန်ခါမှုလှိုင်းများမှာ လုံးဝ ကွယ်ပျောက်သွားခဲ့ခြင်းပင်။ အပြင်မှ ကြည့်ပါက ဤတောင်ငယ်သည် လုံးဝပုံမှန်ဟုသာ ထင်ရလိမ့်မည်။ ထို့ကြောင့် ဟန်လိသည် ကျေနပ်အားရနေ၏။ နောက်ထပ်သုံးလဟူသည့် ကာလမှာ သူသည် ငိုကြွေးစိတ်ဝိညာဉ်ပုလဲကို အပြည့်အဝသန့်စင်နိုင်ခဲ့သည်။ ထိုမျှမကသေး။ သူ မျှော်လင့်ထားသည့်ထက် အများကြီးစော၍ သူ၏ခန္ဓာကိုယ်ထဲရှိ လေစိတ်ဝိညာဉ်စွမ်းအင်ကိုလည်း အပြီးအပြတ် ဖယ်ရှားပစ်နိုင်ခဲ့သည်။ ဟန်လိကို အံ့အားသင့်စေခဲ့တာ တစ်ခုကတော့ လုံးဝ သန့်စင်မွန်းမံပြီးသည့် ပုလဲကို သူ့စိတ်ဝိညာဉ်အာရုံနှင့် ချိတ်ဆက်သည့်အခါတွင် သူ့အနေဖြင့် မသက်မသာဖြစ်မှု၊ ခေါင်းကိုက်မှုတို့ကို တစိုးတစိမျှ မခံစားရခြင်းပင်။ ကြည့်ရတာ ငိုကြွေးစိတ်ဝိညာဉ်သားရဲ၏ မမျှော်လင့်ထားသော ဆင့်ကဲတိုးတက်မှုက ဤပုလဲကို ထူးခြားသည့် အပြောင်းအလဲတစ်ခုခု ဖြစ်စေခဲ့ပုံပင်။ မည်သို့ပင်ဖြစ်စေ ဟန်လိမှာ ကျေနပ်ပျော်ရွှင်ရသည်သာ။
သူ့ခန္ဓာကိုယ်၌ မည်သည့်မူမမှန်မှုမျှ မရှိတော့ကြောင်းကို သေချာစူးစမ်းကြည့်ပြီးနောက် ဟန်လိသည် စိတ်အေးနိုင်သွားလေပြီ။ ဤသို့ အရေးတကြီး ပြုလုပ်ရမည့် ကိစ္စများကို လုပ်ဆောင်ပြီးသည့်အခါ ဟန်လိသည် ကျင့်ကြံရန်နှင့် ရွက်လွှာကိုးခုဂျင်ဆင်းမှ ဆေးလုံးဖော်စပ်နိုင်ရန်တို့အပေါ် အာရုံစိုက်တော့မည် ဖြစ်သည်။
မဟာဖွံ့ဖြိုးခြင်းပညာရပ်နှင့် မိုးပြာအနှစ်သာရဓားပညာရပ်များကို ဆက်၍ ကျင့်ကြံဖို့ မဆုံးဖြတ်ခင် သူသည် ကျင့်ကြံခြင်းနှင့်ပတ်သက်၍ သုံးလေးရက်လောက် အချိန်ပေးကာ စဉ်းစားခဲ့သည်။ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကြောင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့သော သူ၏အရင်အတွေ့အကြုံများအရ အစွမ်းထက်စိတ်ဝိညာဉ်အာရုံသည် အဟန့်အတားများကို ချိုးဖျက်ခြင်းတွင် အလွန်အကျိုးများခဲ့ပေသည်။ မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ အဆင့်လေးမှာ အလွန်ခက်ခဲသည့်ပုံ ပေါ်သည့်တိုင် သူ ကြိုးစား၍ ကျင့်ကြံကြည့်မည်ဟု စီစဉ်ထားသည်။
စိတ်ဝိညာဉ်အာရုံသည် စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းရာ၌ ထူးကဲသော အကျိုးသက်ရောက်မှု ရှိစေမည် မဟုတ်သည့်တိုင် အနည်းဆုံးတော့ ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ များစွာ အထောက်အကူ ပြုပေးနိုင်သည်။
ရွက်လွှာကိုးခုဂျင်ဆင်းကို သန့်စင်မွန်းမံခြင်းကိုလည်း ဟန်လိအနေဖြင့် မပေါ့ဆနိုင်ချေ။ အခြားသတ္တုအမယ်ပစ္စည်းများသည် အစားထိုးရန် လွယ်သော်လည်း ရွက်လွှာကိုးခုဂျင်ဆင်း၊ အဆင့်ရှစ် နတ်ဆိုးပဲ့တင်သံမြက်နှင့် မဟူရာဦးချိုတို့ကိုမူ ထပ်မံရနိုင်ရန် မဖြစ်နိုင်သလောက်ပေ။ ဆေးလုံးသန့်စင်ဖော်စပ်ခြင်းဖြစ်စဉ်သာ ကျရှုံးခဲ့ပါက ဟန်လိသည် မျှော်လင့်ချက်မဲ့ရသည့်အဖြစ်၊ အကူအညီမဲ့ရသည့်အဖြစ်သို့ ရောက်သွားရပေလိမ့်မည်။
ထို့ကြောင့် ဟန်လိသည် ကျင့်ကြံခြင်းအပြင် ရွက်လွှာကိုးခုဂျင်ဆင်းအတွက် ဆေးဖော်စပ်နည်းကိုလည်း စတင်လေ့လာသည်။ ဆေးဖော်စပ်နည်းတွင် ဖော်ပြထားသော နည်းလမ်းများအတိုင်း အမျိုးအစားမတူသော ဆေးလုံးအချို့ကို မကြာခဏ ဖော်စပ်ကြည့်သည်။ ဆေးလုံးဖော်စပ်နည်း ပညာရပ်တွင် သူ့အနေဖြင့် တိုးတက်မှု ရရန်အတွက် ဖြစ်၏။ ထိုသို့ဖြင့် အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။
ဤအတောအတွင်း ဟန်လိသည် သူ့လက်ဝယ်တွင် ရှိထားသော ရှေးဟောင်းလျှို့ဝှက်စာအုပ်နှင့် ကြေးပြားတို့မှ စာသားများကို သိရှိနားလည်ရန်အလို့ငှာ နတ်ဆိုးသားရဲ ဘာသာစကားကိုလည်း အချိန်ပေး၍ လေ့လာသည်။ သို့မှသာ ၎င်းတို့၌ ပါသည့် အကြောင်းအရာများကို သူ ဖတ်နိုင်မည် ဖြစ်သည်။ သူ၏ ထူးကဲသော မှတ်ဉာဏ်ကို အသုံးချကာ ဟန်လိသည် ရှေးဟောင်းနတ်ဆိုးသားရဲ အက္ခရာများကို လွယ်လွယ်ကူကူ ဖမ်းဆုပ်မိလာသည်။ သူက လျှို့ဝှက်စာအုပ်၏ အကြောင်းအရာ အသေးစိတ်ကို စဖတ်ကြည့်နိုင်လာသည်။ ထိုစာအုပ်တွင် လေပြင်းကိုးသွယ် အသွင်ပြောင်းခြင်း အမည်ရသည့် နတ်ဆိုးသားရဲ ကျင့်ကြံခြင်းပညာရပ်တစ်ခု ပါဝင်၏။ ထိုပညာရပ်သည် ငှက်အမျိုးအစား နတ်ဆိုးသားရဲများအတွက် အထူးပြုလုပ်ထားသော ပညာရပ်ဟု ဟန်လိ သိရှိသွားသည်။ ၎င်းတွင် မန္တာန်ပညာရပ်များ၊ ခန္ဓာကိုယ် ပညာရပ်များနှင့် လျှို့ဝှက်ပညာရပ်နှစ်ခု ပါဝင်၏။
မန္တာန်ပညာရပ်များနှင့် ခန္ဓာကိုယ်ပညာရပ်များနှင့်ပတ်သက်၍မူ ထွေထွေထူးထူး ပြောနေရန် မလိုပေ။ အစွမ်းထက်နတ်ဆိုးသားရဲတစ်ကောင်က ကျင့်ကြံခြင်း မဟုတ်ဘဲ အခြားသူများကသာ ကျင့်ကြံသည်ဆိုပါက ကျင့်ကြံနေရင်း လမ်းတစ်ဝက်မှာပင် ခန္ဓာကိုယ်ပေါက်ကွဲ သွားပေလိမ့်မည်။
လျှို့ဝှက်ပညာရပ်နှစ်ခုတွင် တစ်ခုမှာ သူ တစ်ချိန်လုံး အသုံးပြုခဲ့သော အမည်မဲ့ကိုယ်ယောင်ဖျောက်ခြင်း (ဝါ) လေပုန်းကွယ်ခြင်း ပညာရပ် ဖြစ်သည်။ သို့သော် အမည်မဲ့ ကိုယ်ယောင်ဖျောက်ခြင်းသည် လူသားများ ကျင့်ကြံဖို့ ပိုသင့်တော်ရန် ဖန်တီးခဲ့သောကြောင့် မူလပညာရပ်နှင့် ကွဲပြားမှု မသိမသာ ရှိသည်။ အခုအချိန်တွင် ၎င်းလျှို့ဝှက်ပညာရပ်မှာ ဟန်လိအတွက် အကိုးအကား လုပ်နိုင်သည်ကလွဲ၍ အခြားတန်ဖိုးရှိမနေတော့ပေ။
သို့ရာတွင် နောက်ထပ်လျှို့ဝှက်ပညာရပ်တစ်ခု ကျန်နေသေးသည်။ ၎င်းပညာရပ်ကို သွေးအရိပ်ရှောင်တိမ်းခြင်းဟု ခေါ်ပြီး ဟန်လိသည် ၎င်းကို အတော်လေး စိတ်ဝင်စားမိသည်။
သွေးအရိပ်ရှောင်တိမ်းခြင်းဟူသည့် အမည်အတိုင်း ထိုပညာရပ်သည် လူတစ်ယောက်၏ သွေးအနှစ်သာရအထောက်အပံ့ဖြင့် ထိုသူ့ကို ချက်ခြင်းလက်ငင်း ကီလိုမီတာငါးဆယ်ကျော်အထိ ပျံသန်းရောက်ရှိစေနိုင်သော ထူးခြားသည့် လှုပ်ရှားမှုပညာရပ် ဖြစ်သည်။
လူတစ်ယောက်၏ သွေးအနှစ်သာရကို အသုံးပြု၍ အံ့မခန်းစွမ်းရည်များကို ထုတ်ဖော်နိုင်သော လျှို့ဝှက်ပညာရပ်များကို မိစ္ဆာကျင့်ကြံသူအများစုကသာ ကျင့်ကြံနိုင်ကြသည်။ သို့ရာတွင် ဤသွေးအရိပ်ရှောင်တိမ်းခြင်း ပညာရပ်ကမူ လူသားများ၏ လျှို့ဝှက်ပညာရပ်များနှင့် သိသိသာသာ ကွဲပြားသည်။
ပထမတစ်ချက်။ လူတစ်ယောက်သည် ထိုပညာရပ်ဖြင့် သွားလာနိုင်သော အကွာအဝေးကို ထိန်းချုပ်နိုင်စွမ်း မရှိခြင်းပင်။ အနှီပညာရပ်ကို အသက်သွင်းသည်နှင့် သူသည် ကြက်သွေးရောင် ဝေဝါးသွားကာ ကီလိုမီတာငါးဆယ်ကျော်ထိ တန်းရောက်သွားပေမည်။
ဒုတိယတစ်ချက်။ ထိုပညာရပ်ကို အသုံးပြုရန် သတ်မှတ်သွေးပမာဏ များစွာ လိုအပ်သည်။ အသက်ဝင်သည်နှင့် ၎င်းပညာရပ်အတွက် သွေးအနှစ်သာရမှာ ချက်ခြင်း လောင်မြိုက်လိမ့်မည်။ သို့သော် ထိုပညာရပ်ကို အသုံးပြုရန် လုံလောက်သော သွေးအနှစ်သာရ မရှိပါက ပညာရပ်ကြောင့် အနှီအသုံးပြုသူ၏ ခန္ဓာကိုယ်သည် ပညာရပ်အသက်ဝင်နေသည့် တဝက်တပျက်မှာပင် ဆုတ်ပြဲပေါက်ကွဲကာ သွေးအိုင် ဖြစ်သွားပေလိမ့်မည်။ ၎င်းမှာ အမှန်တကယ် အန္တရာယ်များလွန်းသော ပညာရပ်တည်း။
နောက်ဆုံးတစ်ချက်။ ထိုပညာရပ်ကို အသက်သွင်းရန် တောင်ပံတစ်စုံ လိုအပ်သည်။ သွေးအရိပ်ရှောင်တိမ်းခြင်းသည် မြန်ဆန်လွန်းလှသဖြင့် ဟန်ချက်ထိန်းပေးမည့် တောင်ပံသာ မရှိပါက မြေပြင်ပေါ် ကျသည့်အခါတွင် အသုံးပြုသူသည် တစစီဖြစ်သွားပေလိမ့်မည်။ သို့ဆိုလျှင် ကောင်းကောင်းမွန်မွန် ရှောင်တိမ်းရန်မှာ မဖြစ်နိုင်တော့ပေ။
ဟန်လိသည် ဤလျှို့ဝှက်ပညာရပ်ကို လေးငါးကြိမ်လောက် သေချာဖတ်ကြည့်သည်။ သူ မြင်ရသလောက် သူ့အနေဖြင့် ၎င်းကို ကျင့်ကြံရန် အလွန်သင့်တော်သည်ဟု ခံစားမိသည်။
အခြားလူသားများတွင် တောင်ပံများ ရှိချင်မှ ရှိမည် ဖြစ်သော်ငြား သူ့တွင်တော့ မိုးကြိုးမုန်တိုင်းတောင်ပံတစ်စုံ ပိုင်ဆိုင်ထားသည် မဟုတ်လား။ ရတနာတစ်ခု၏ စိတ်ဝိညာဉ်တောင်ပံဖြစ်သော အနှီမိုးကြိုးမုန်တိုင်းတောင်ပံသည် အစစ်အမှန်တောင်ပံနှင့် မခြားပေ။
သွေးအရိပ်ရှောင်တိမ်းခြင်းသည် ဖော်ပြထားသည့်အတိုင်း အမှန်တကယ် အံ့မခန်းအစွမ်းထက်သည် ဆိုပါက ၎င်းမှာ ဘေးအန္တရာယ်မှ လွတ်မြောက်ရန် အကောင်းဆုံးပညာရပ်တစ်ခု ဖြစ်ချေလိမ့်မည်။ တကယ်တော့ မိုးကြိုးမုန်တိုင်းတောင်ပံသည်လည်း ဧရိယာငယ်တစ်ခုကို ကျော်လွှားခုန်လွှားသွားနိုင်သော လျှပ်စီးရှောင်တိမ်းခြင်းကို အသုံးပြုနိုင်သည်။ ၎င်းသည် ဆက်တိုက် သွားလာနိုင်စွမ်း ရှိသော်ငြား အလွတ်အကျွတ် လွတ်မြောက်အောင် လုပ်ပေးနိုင်စွမ်းတော့ မရှိပေ။ သွေးအရိပ်ရှောင်တိမ်းခြင်းပညာရပ်ကို မှတ်သားပြီးနောက် ဟန်လိသည် ကြေးပြားကို စတင်လေ့လာကြည့်သည်။
ထိုကြေးပြားတွင် ၎င်း၏ကျင့်ကြံခြင်းပညာရပ်များအတွက် အမည်နာမ ရှိမနေပေ။ ၎င်းတွင် ပါသည့် အခြင်းအရာများမှာ အဓိပ္ပာယ်လည်း သိပ်မရှိလှပါ။ ၎င်းပေါ်တွင် ထူးခြားကာ နက်နဲလှသော ကျင့်ကြံခြင်း သဘောတရားများကို ဟန်လိ တွေ့သည်။ ထိုပညာရပ်များကို တစ်ချက်ကြည့်ပြီးနောက် သူသည် သိသိသာသာ ခေါင်းရှုပ်သွားရသည်။
ဟန်လိသည် ရေနဂါး ပြောခဲ့သည့် အကြောင်းအရာကို ပြန်စဉ်းစားမိသွားသည်။ ဤနတ်ဇာစ်မြစ်ကျောက်ပြားသည် အသုံးမပြုနိုင်လောက်အောင် ပျက်စီးနေပုံ ရသည်။ ထို့ကြောင့် ၎င်းကျောက်ပြားမှာ အဓိပ္ပာယ်သိပ်မရှိဟု သူ ခံစားမိတာ အံ့အားသင့်စရာ မရှိတော့ပေ။ ဤသို့ သဘောပေါက်ပြီးနောက် ဟန်လိသည် မရွှင်မပျ ဖြစ်သွားပြီး ကျောက်ပြားကို သိမ်းဆည်းလိုက်တော့သည်။
ဤနေ့မှစ၍ ဟန်လိ၏ ကျင့်ကြံခြင်းအတွက် ပေးသည့်အချိန်ဇယားတွင် မဟာဖွံ့ဖြိုးခြင်းပညာရပ်နှင့် မိုးပြာအနှစ်သာရဓားပညာရပ်တို့အပြင် သွေးအရိပ်ရှောင်တိမ်ခြင်းပညာရပ်လည်း ထပ်တိုးလာခဲ့သည်။ နောက်ပိုင်းတွင် ဤပညာရပ်ကို ဖမ်းဆုပ်မိနိုင်သလိုလို ခံစားမိသော်ငြား ဟန်လိသည် အလျင်စလို မစမ်းသပ်ကြည့်ဝံ့ပေ။
သွေးအနှစ်သာရ အမြောက်အများ လျှော့နည်းခြင်းမှာ ဟာသ မဟုတ်လေပေ။ ဤသို့ဖြင့် နှစ်ဝက်ဟူသည့် အချိန်ကာလမှာ မသိမသာ ကုန်ဆုံးသွားတော့သည်။
ယနေ့တွင် ဟန်လိသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို အခန်းထဲတွင် ကျင့်ကြံနေရင်းမှ ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့မျက်နှာထက်တွင် ထူးခြားသောဟန်ပန်တစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ခန္ဓာကိုယ်မှာ မိုးပြာအလင်းတောက်ပသွားပြီး သူ့လှိုဏ်ဂူထံမှသည် ဆေးဥယျာဉ်ထံသို့ ချက်ခြင်း ဦးတည်သွားသည်။ နောက်ခဏတွင် ဟန်လိသည် ဆေးဥယျာဉ်၏ အိမ်ငယ်ရှေ့မှာ မတ်တပ်ရပ်နေ၏။ ကင်းစောင့်ချထားသော သူ၏ရုပ်သေးအားလုံးကိုလည်း သိမ်းဆည်းပြီး ဖြစ်သည်။
သူသည် အရှေ့တောင်ဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး ခဏ အလေးအနက်စဉ်းစားသည်။ ထို့နောက်တွင် သူသည် အိမ်ငယ်ထဲသို့ ခုံတစ်ခုယူကာ လဖက်ရည်ခွက်တစ်ခွက် ပြင်ဆင်ပြီး စိတ်အေးလက်အေးဟန်ဖြင့် ရှိနေသည်။
ခဏအကြာတွင် ဆေးဥယျာဉ်၏ အတားအဆီးများ အပြင်ဘက်မှ ယဉ်ကျေးပျူငှာသော အသံတစ်သံကို ကြားရသည်။
“အနှောက်အယှက်ပေးမိတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပါ။ စီနီယာအစ်မယွမ် ဒီမှာ ရှိလားလို့ ကျုပ်ကို ပြောပြပေးနိုင်မလား။ ကျုပ်က ပုန်းကွယ်ဓားဂိုဏ်းခွဲက ကိုင်ဟွမ်ပါ…”
လူငယ်၏အသံထဲတွင် အလျင်လိုဟန် မသိမသာ ပါဝင်နေသည်။
“စီနီယာအစ်မယွမ်လား…။ ဒါက အရင်ဥယျာဉ်မှူးဟောင်းရဲ့ နာမည် မဟုတ်လား…”
ဟန်လိသည် တည်ငြိမ်သည့် မျက်နှာဖြင့်သာ ရှိနေသည်။ ထို့နောက်တွင် သူက လက်ဖက်ရည်ကြမ်းခွက်ကို ချကာ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။
“စီနီယာအစ်ကို…ဒီလို အော်ပြောနေဖို့ မလိုပါဘူးဗျ။ စီနီယာယွမ်က ဒီနေရာကနေ လွန်ခဲ့တဲ့ နှစ်ဝက်တည်းက ထွက်သွားခဲ့ပြီ။ ဒီဆေးဥယျာဉ်ကို ခုလက်ရှိမှာ ကျုပ်က ကြည့်ရှုနေတာပါ။ ခင်ဗျား သူ့ကို ရှာချင်တယ်ဆို သိုင်းဒေါ်လေးမူရဲ့ လှိုဏ်ဂူဆီ သွားမေးကြည့်ပါလား…”
“အန်…ဆေးဥယျာဉ်မှူးက ပြောင်းသွားတာလား…” လူငယ်မှာ အံ့အားသင့်သွားသည်။ သူ့လေသံအရ သူသည် တစ်ယောက်ယောက်ကို လာရှာပုံမပေါ်ဘဲ ထိုအစား ဆေးဥယျာဉ်ကို အခြားကိစ္စတစ်ခုခုကြောင့် ရောက်လာသလို ဖြစ်နေသည်။ ထိုသူက ရယ်မောကာ ပြောလာသည်။
“အစ်မယွမ် မရှိမှတော့ ဂျူနီယာညီလေး လုပ်ပေးလည်း ရပါတယ်။ ဂျူနီယာညီလေးက အတားအဆီးကို အရင်ဖယ်ပေးပါဦး။ ဒါမှ ကျုပ် မင်းနဲ့ စကားပြောလို့ ရမှာ…”
ဟန်လိသည် သူ့မေးစေ့ကို ပွတ်၍ စဉ်းစားသည်။ သူ့စကားလေသံကြောင့် ဟန်လိသည် ငြင်းစရာ အကြောင်းရှိမနေပေ။ ခဏ စဉ်းစားပြီးနောက် ဟန်လိသည် အိမ်ငယ်ထဲမှ လှမ်းထွက်လာ အဝါရောင် အမိန့်ပေးအဆောင်ကို ထုတ်ယူသည်။ အလင်းဖြာထွက်သွားခြင်းနှင့်အတူ ဆေးဥယျာဉ် ပတ်လည်ရှိ မြူများသည် ဖြည်းဖြည်းချင်း စတင် လွင့်ပြယ်သည်။
ထို့နောက်တွင် အတားအဆီး၏ အရှေ့တောင်ဘက်ခြမ်းမှာ ရပ်နေသော လူငယ်တစ်ယောက်ကို မြင်ရလေ၏။ သူက အဝါရောင်ဝတ်စုံကို ဝတ်ထားပြီး သူ့မျက်လုံးက ကျဉ်းမြောင်း၏။ မျက်ခုံးထူ၏။ နှာတံမှာ ကြီးမားဖြောင့်တန်း၏။ ခေါင်းမှာ ပုံမှန်ထက် သေးငယ်၏။ သူ့ရုပ်သွင်သည် ရုပ်စိုးသည်ဟု မဆိုသာသော်လည်း ရယ်စရာကောင်းသည့်ပုံ ပေါ်သည်။
သူ၏ကျင့်ကြံခြင်းမှာ ချီစုဆောင်းခြင်းအဆင့်ကိုးတွင်သာ ရှိသည်။ ထိုအဆင့်က ဟန်လိအတွက်တော့ ပမွှားလေးပင်။ ထိုသူသည် မျောလွင့်တိမ်ဂိုဏ်းသို့ မည်သို့ဝင်ရောက်နိုင်ခဲ့သလဲကိုမူ မသိရပေ။