← Chapters

နှင်းတိမ်မြေခွေး

Vol. 44 Ch. 606

နှင်းတိမ်မြေခွေး

Vol. 44 Ch. 606

ဟန်လိသည် လူငယ်၏ ရုပ်သွင်ကို အကဲခတ်နေစဉ် ရယ်ကာမောကာဖြင့် ထိုလူငယ်က ဆေးဥယျာဉ်ထဲ လျှောက်လှမ်းဝင်လာသည်။ သူက ကောင်းကောင်းမွန်မွန်ဖြင့် ပြော၏။

“ဆိုတော့ ဂျူနီယာညီက နေဦးတောင်ရဲ့ တပည့်တစ်ယောက်ပေါ့။ မင်းကို မတွေ့ဖူးသလိုပဲ။ တပည့်အသစ်လား။ အဲ့လိုဆိုရင်တော့ ကျုပ်က မင်းရဲ့ စီနီယာအစ်ကိုအဖြစ် သတ်မှတ်လို့ ရတာပေါ့…”

“ကျုပ်နာမည်က ဟန်ပါ။ ဒီနှစ်အစကမှ ဂိုဏ်းထဲ ရောက်လာခဲ့တာပါ။ ဒီကစီနီယာအစ်ကိုက ပုန်းကွယ်ဓားတောင်ရဲ့ ထက်မြက်တဲ့ တပည့်တစ်ယောက်ပဲ ဖြစ်ရမယ်…”

ဟန်လိက သူ့အကြည့်ကို ပြန်ရုတ်ကာ ပြုံး၍ ဆိုသည်။

“ဆိုတော့ မင်းက ဂျူနီယာညီလေးဟန်ပေါ့။ ကျုပ်က ပုန်းကွယ်ဓားတောင်ရဲ့ ကိုင်ဟွမ်ပါ။ တခြားစီနီယာအစ်ကိုသုံးလေးယောက်နဲ့အတူတူ ဒီအနီးအနားမှာရှိတဲ့ စိတ်ဝိညာဉ်သားရဲစားကျက်ကို ကျုပ်တို့က ကြည့်ရှုရတဲ့ တာဝန်ယူထားကြတယ်။ ဂျူနီယာညီလေးအနေနဲ့ လမ်းကြုံရင် ကျုပ်တို့ဆီ လာလည်ပါ့လား။ ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်လှပေမဲ့ ဂိုဏ်းဝင်ခဲ့တာ ရှစ်နှစ်လောက် ရှိခဲ့ပြီဆိုတော့ တောင်ခြောက်လုံးက တပည့်တွေအကြောင်းနဲ့ ဒီမျောလွင့်တိမ်ဂိုဏ်းရဲ့ ကိစ္စတော်တော်များများကိုတော့ ကျုပ် သိထားတယ်။ တစ်ခုခု သိချင်တာရှိရင် ကျုပ်ကို အားမနာဘဲ မေးနိုင်ပါတယ်…”

ထိုလူငယ်မှာ စကားပြောရွှင်လှသည်။ ဟန်လိသည် ပြုံးမိသွား၏။ သူသည် ရယ်ချင်မိသော်ငြား ထိုလူငယ်အပေါ် မကောင်းမမြင်မိပေ။ သူက လက်နှစ်ဖက်ကို ဝေ့ရမ်းကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ မေးလိုက်သည်။

“အစ်ကိုရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လည်း အစ်ကိုကိုင်အနေနဲ့ ဘာကိစ္စကြောင့်များ ဒီကို အလျင်စလို ရောက်လာရတာလဲဗျ…”

ကိုင်ဟွမ်သည် အိုးတိုးအမ်းတမ်းနှင့် ချီတုံချတုံ ဖြစ်နေသည်။ ထို့နောက် သူသည် ခေါင်းပွတ်ကာ ပြောလာသည်။

“အရေးတကြီး ကိစ္စတော့ မရှိပါဘူး။ အစ်မယွမ်ဆီ အကူအညီ နည်းနည်းပါးပါး လာတောင်းတာပါ။ ခြောက်နှစ်လောက် လုပ်ခဲ့တဲ့ ဥယျာဉ်မှူးက ရုတ်တရက်ကြီး ပြောင်းသွားလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒါ့ကြောင့် ကျုပ်အတွက် နည်းနည်းတော့ ခက်ခဲသွားပြီ…”

“အကူအညီတောင်းဖို့လား…” ဟန်လိသည် မျက်မှောင်ကြုတ်ကာ သံသယရှိဟန် ဖြစ်ပေါ်သွားသည်။

“အများကြီး မဟုတ်ပါဘူးလေ။ ကျုပ်တို့လို ပြင်ပတပည့်တွေက ပါရမီနည်းပါးတဲ့အတွက် တန်ဖိုးမထားခံရတာ ဂျူနီယာညီလေးလည်း သိတယ်မလား။ ဂိုဏ်းရဲ့ မှော်ပစ္စည်းတွေနဲ့ ဆေးလုံးတွေဟာ ကျုပ်တို့လက်ထဲ ရောက်လာလေ့ မရှိဘူးလေ။ ကျုပ်တို့က စိတ်ဝိညာဉ်ကျောက်တုံးတွေရဖို့ တစ်နှစ်လောက် ခက်ခက်ခဲခဲ ကြိုးစားရင်တောင် ကျင့်ကြံခြင်းတိုးတက်စေတဲ့ ဆေးလုံးအချို့ကို ဝယ်ဖို့ မလုံလောက်ဘူးမလား။ ဒါ့ကြောင့် ကျုပ်နဲ့ တခြားညီအစ်ကိုတွေဟာ အနီးအနားမှာရှိတဲ့ အစိမ်းရောင်လမ်းစိမ့်တောဆီ သွား၊ ရှားပါးတိရစ္ဆာန်လေးတွေကို ဖမ်း၊ ဈေးမှာ ရောင်းကြရတယ်။ နှင်းတိမ်မြေခွေးတွေဟာ နတ်ဆိုးသားရဲတွေ မဟုတ်ကြပေမဲ့ ဒီကောင်တွေရဲ့ ချစ်စဖွယ်အသွင်အပြင်၊ လူတွေနီးပါး ဉာဏ်ရည်ရှိကြတော့ ဂိုဏ်းရဲ့ အမျိုးသမီးကျင့်ကြံသူတွေကြားမှာ ဝယ်လိုအား များလေ့ရှိတယ်။ ဒါကြောင့်ပဲ ကျုပ်တို့ ညီအစ်ကိုတွေနဲ့ ကျုပ်ဟာ ဒီနှင်းမြေခွေးတွေကို ဖမ်းဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရတယ်…”

“မကြာသေးခင်တုန်းက ကျုပ်တို့ဟာ စိတ်ဝိညာဉ်ချီ အငွေ့အသက် ရှိနေတဲ့ ထူးခြားတဲ့ နှင်းတိမ်မြေခွေးတစ်ကောင်ကို တွေ့ရှိခဲ့ကြတယ်။ ဒီကောင်က အဆင့်နိမ့်နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲတော့မှာ။ ဒါ့ကြောင့် ကျုပ်တို့လည်း ပျော်သွားကြတာပေါ့။ ကျုပ်တို့ကသာ ဒီကောင်ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်မယ်ဆို စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာလောက်ဟာ ပြေးမလွတ်ဘူး။ ဒီပမာဏဟာ ကျုပ်တို့အတွက် အလွန်များတယ်မလား။ ဒါပေမဲ့ ကံဆိုးတာက ကျုပ်တို့ဟာ သေချာမစဉ်းစားဘဲ စိတ်မြန်လက်မြန်နဲ့ ဖမ်းဖို့ ကြိုးစားခဲ့တော့ အဲ့မြေခွေးကောင်က လွတ်သွားတော့တာပဲ။ အခုတော့ ဒီကောင်ဟာ စိမ့်တောအတွင်းဘက်ထဲထိ ထွက်ပြေးသွားခဲ့တော့ တွေ့ဖို့ ခက်သွားပြီ။ စိမ့်တောထဲမှာ ကြိုးစားရှာကြည့်တော့ တစ်ခါတစ်ခါ ဒီသားရဲကောင်လေးကို တွေ့တယ်ဆိုပေမဲ့ ဒီကောင်က ကျုပ်တို့ကို သူ့အနားကပ်လာခွင့် မပြုဘူး။ ပိုနက်တဲ့ဆီ ပြေးတော့တာ…”

ထိုသို့ပြောပြနေစဉ် ကိုင်ဟွမ်သည် နောင်တရနေတာ သိသာသည်။

ဟန်လိက အလေးအနက်ဟန်ပန်ဖြင့် သူ့စကား နားထောင်နေတာ မြင်သည့်အခါ သူသည် စကားခဏရပ်သည်။ ထို့နောက် သူ့စကားကို ပြန်ဆက်သည်။

“ကျုပ်တို့လည်း ဒီသားရဲကောင်လေးကို စောင့်ကြည့်ဖို့ လူတစ်ချို့ ချန်ထားခဲ့ကြတယ်။ ဒီအခါမှာ အဲ့ဒီနှင်းတိမ်မြေခွေးက ဟောင်ကျင်းဆေးပင်ကို စားရတာ ကြိုက်မှန်း သိခဲ့ကြတယ်။ အထူးသဖြင့် ဆယ်နှစ်ကျော်သက်တမ်းရှိတဲ့ ဟောင်ကျင်းဆေးပင်ပေါ့။ ကျုပ်တို့ကသာ ဒီသားရဲကောင်ကို မျှားခေါ်ချင်တယ်ဆို အနည်းဆုံးနှစ်ငါးဆယ် သက်တမ်းရှိတဲ့ ဟောင်ကျင်းအပင်ကို အသုံးပြုပြီး ထောင်ချောက်ဆင်မှ ရလိမ့်မယ်လို့ ထင်တယ်။ ဂျူနီယာညီလေးလည်း သိတဲ့အတိုင်းပဲ ဆယ်နှစ်အထက် သက်တမ်းရှိတဲ့ ဆေးပင်တိုင်းကို စိတ်ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါးနဲ့ ဝယ်လို့ မရနိုင်ဘူးလေ…”

“ကျုပ်တို့မှာ စုထောင်းဆောင်းထားတာလေးတွေ နည်းနည်းပါးပါး ရှိပေမဲ့ ကျင့်ကြံခြင်းဆေးလုံးဝယ်ဖို့အတွက် အစောတည်းက အသုံးပြုခဲ့တယ်။ ကျုပ်တို့မှာ တပဲတပြားမှကို မကျန်တော့တာ။ ဒါ့ကြောင့်လည်း ကြံရာမရဘဲ ကျုပ်လည်း အစ်မယွမ်ရဲ့ ဆေးဥယျာဉ်ဆီ ရောက်လာခဲ့ရတာ။ ဒီမှာများ လိုအပ်တဲ့ သက်တမ်းနဲ့ ကိုက်ညီမဲ့ ဟောင်ကျင်းဆေးပင် နှစ်ပင်၊သုံးပင်လောက်များ ရှိမလားလို့လေ။ ဒါပေမဲ့ အစ်မယွမ်အစား ဂျူနီယာညီလေးဟန်က ဥယျာဉ်မှူး ဖြစ်နေလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒီတော့ကွာ…ညီလေးဟန်မှာ အဲ့ဆေးပင်တစ်ပင်လောက်များ အပိုအလျှံ ရှိလောက်မလား…”

ကိုင်ဟွမ်သည် လေသံပျော့ပျော့ဖြင့် ထိုသို့ မေးလာသည်။ သူ့တောင်းဆိုမှုမှာ လွန်ကဲမှန်း သူ့ကိုယ်သူ သိပုံရသည်။

သူ့စကားကိုကြားပြီးနောက် ဟန်လိ၏မျက်နှာဟန်ပန်မှာ ခန့်မှန်းရန် ခက်ခဲသည့်အမူအရာဖြင့် ရှိနေသည်။ ခဏ ငြိမ်သက်နေပြီးနောက် သူ ပြောလိုက်သည်။

“နှစ်ပေါင်းငါးဆယ်ကျော်လောက် သက်တမ်းရှိတဲ့ ဟောင်ကျင်းဆေးပင်နှစ်ပင်တော့ ဒီဥယျာဉ်မှာ ရှိပါတယ်...။ အစ်ကိုကိုင်က ပထမဆုံးအကြိမ် အကူအညီလာတောင်းတာဆိုတော့ အစ်ကိုရဲ့ ဂျူနီယာညီလေးတစ်ယောက်အနေနဲ့ ငြင်းလို့လည်း မကောင်းပါဘူး။ ဒါပေမဲ့လည်း အစ်ကိုကိုင်လည်း သိမှာပါ။ ဒီဥယျာဉ်ထဲက ဆေးပင်တွေကို ပေးပိုင်ခွင့် ကျုပ်မှာ မရှိဘူးလေ။ ဆေးပင်တစ်ပင်ပင်သာ ပျောက်သွားခဲ့မယ်ဆို သိုင်းဒေါ်လေး လာတောင်းတဲ့အခါကျရင် ကျုပ် ဘာပြောရမှန်းမသိ ဖြစ်ရလိမ့်မယ်။ ကျုပ် ပြဏ်ဒဏ်ပေးခံရမှာ ကြောက်တယ်။ ဒါ့ကြောင့် ကျုပ်အနေနဲ့ ခင်ဗျားကို မကူညီနိုင်လောက်ဘူး…”

ဟန်လိ၏လေသံက တည်ငြိမ်သည်။ သို့သော် အဝါရောင်ဝတ်စုံနှင့်လူငယ် ကိုင်ဟွမ်သည် စိတ်မပျက်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

“ညီလေးဟန်…စိတ်အေးအေးထားပါကွ။ ကျုပ်က ဒီဆေးပင်ကို လေးငါးရက်လောက်ပဲ ငှားချင်တာပါ။ အချိန်စေ့တာနဲ့ မင်းကို သေချာပေါက် ကျေဇူးတင်တဲ့စိတ်နဲ့ ပြန်ပေးမှာပါ။ ဒီစိတ်ဝိညာဉ်ကို ပြန်ပေးတဲ့အချိန်မှာလည်း ဘာအမှားမှ မရှိအောင် ကျုပ်တို့ အလွန်ဂရုစိုက်ပါ့မယ်။ ပြီးတော့ ကျုပ်တို့က ဒီဆေးပင်ကို ညီလေးဟန်ဆီကနေ အလကား ငှားမှာ မဟုတ်ပါဘူး။ ကျုပ်တို့ ကိစ္စသာ အောင်မြင်ခဲ့ရင် မင်းကိုလည်း စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ် ပေးပါ့မယ်။ မင်းအနေနဲ့ မနစ်နာစေရပါဘူး…”

“ကျုပ် တောင်းပန်ပါတယ်။ ဒီကိစ္စက အတော်လေး အရေးကြီးလို့ပါ။ ဒါ့ကြောင့် ဒီဆေးပင်ကို အသုံးပြုခွင့် မပေးနိုင်ပါဘူး။ ဒါပေမဲ့လည်း ခင်ဗျားမှာ စိတ်ဝိညာဉ်ကျောက်တုံး မရှိဘူးဆိုလည်း ကျုပ်မှာတော့ စုထားဆောင်းထားတာ နည်းနည်း ရှိပါတယ်။ အစ်ကိုဟန် ဆေးပင်တစ်ပင် ဝယ်ဖို့အတွက် ကျုပ်ရဲ့ ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ချေးငှားပေးနိုင်ပါတယ်…”

ဟန်လိသည် တစ်ဖက်သူ၏တောင်းဆိုမှုကို ခပ်တင်းတင်း ငြင်းဆန်ပြီးနောက် ပြုံး၍ အခြားနည်းလမ်းတစ်ခုဖြင့် ကမ်းလှမ်းမှု ပြုလိုက်သည်။

မျက်နှာပျက်နေပြီဖြစ်သော အဝါရောင်ဝတ်စုံနှင့်လူငယ်မှာ ရွှင်ပသွားသည်။

“ဂျူနီယာညီလေးက တကယ်ပြောနေတာလား။ ကျုပ်တို့က စိတ်ဝိညာဉ်ကျောက်တုံးတွေကိုသာ ချေးငှားနိုင်မယ်ဆို မင်းရဲ့ ဥယျာဉ်ထဲက အဲ့ဆေးပင်ကို ဘယ်လိုတော့ပါ့မလဲ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ သက်တမ်းလိုအပ်ချက်နဲ့ ကိုက်ညီမဲ့ ဆေးပင်တစ်ပင်ဟာ အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံးသုံးဆယ်လောက် ရှိတယ်ကွ။ ညီလေးမှာ အဲ့လောက်အများကြီး တကယ်ပဲ ရှိတာလား…”

သူ၏ရွှင်လန်းသွားသော အမူအရာတွင် သံသယဝင်ဟန် ပေါ်လာသည်။ တကယ်တော့ ဤမျှစိတ်ဝိညာဉ်ကျောက်တုံးပမာဏသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တော့ မနည်းလှပေ။

ဟန်လိက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေဟာ ကျုပ် ဂိုဏ်းထဲ မဝင်ခင်တည်းက စုထားခဲ့တာ။ ခုထိ အသုံးမပြုဘဲနဲ့ပေါ့။ အခုတော့ စီနီယာအစ်ကို့ကို ကျုပ် ငှားပေးပါ့မယ်။ ဘာလို့လဲဆိုတော့ စိတ်ဝိညာဉ်ကျောက်တုံး ထပ်ရနိုင်မဲ့ ခုလို အခွင့်အရေးမျိုးကို ကျုပ် မလွဲချော်ချင်လို့ပါ…”

“ဟားဟား…ငါ့ညီဟန်က စီးပွားရေးအမြင် တကယ်ရှိတာပဲ။ အဲ့တာနဲ့ ပတ်သက်လို့တော့ စိတ်မပူနေနဲ့ကွာ။ ဟောင်ကျင်းဆေးပင်နဲ့ဆို နှင်းတိမ်မြေခွေးဟာ ကျုပ်တို့ အပိုင်ဖြစ်လာမှာ သေချာတယ်…”

ကိုင်ဟွမ်သည် ဟန်လိက အတည်ပေါက် ပြောနေမှန်း သိသွားသည်နှင့် သူ့မျက်နှာမှာ ပြုံးဖြီးလာတော့သည်။ ဟန်လိက ပြုံး၍ သူ့သိုလှောင်အိတ်မှ အရောင်မျိုးစုံရှိသော စိတ်ဝိညာဉ်ကျောက်တုံးများကို နှိုက်ယူပြီး လူငယ်ထံ မဆိုင်းမတွ ပေးလိုက်လေသည်။

ကိုင်ဟွမ်သည် ဝမ်းမြောက်စွာဖြင့် စိတ်ဝိညာည်ကျောက်တုံးများကို လက်ခံယူပြီး သူတို့သည် ဤကိစ္စကို ပြဿနာမရှိဘဲ အောင်မြင်နိုင်မည့်အကြောင်း တဖွဖွပြောလေတော့သည်။ ထို့နောက် သူနှင့်ဟန်လိတို့က စကားစမြည် ခဏပြောကြပြီးနောက် သူသည် စိတ်ကျေနပ်စွာ ပြန်သွားတော့သည်။

ဟန်လိသည် ထွက်ခွာသွားသော လူငယ်ကို တစ်ချက်လှမ်းကြည့်၏။ သူ့အပြုံးမှာ ကွယ်ပျောက်သွားပြီး သူက ခေါင်းခါလိုက်သည်။ သူသည် ဤမျှလောက်စိတ်ဝိညာဉ်ကျောက်တုံးကို အရေးမစိုက်ပေ။ သူ့ဆန္ဒမှာ မျောလွင့်တိမ်ဂိုဏ်းသို့ ရောက်တာ မကြာသေးဘဲ မည်သူ့နှင့်မျှ ကတောက်ကဆ မဖြစ်ချင်ရုံသာ။

သူက သည်ဂိုဏ်းတွင် အချိန်တစ်ခုထိ နေဦးမည်ဟု စီစဉ်ထားသည် မဟုတ်လား။ ကိုင်ဟွမ်ကဲ့သို့ အသုံးတည့်နိုင်လောက်မည့် လူမျိုးနှင့် ဆက်ဆံရေးကောင်းတစ်ခု ရှိထားသည် သူ့အတွက် တစ်ချိန်ချိန်မှာ အသုံးဝင်လာနိုင်သည်။

ထိုသို့ တွေးနေရင်း ဟန်လိသည် ဆေးဥယျာဉ်၏ အတားအဆီးများကို ပြန်အသက်သွင်းလိုက်ပြီး ဆက်၍ ကျင့်ကြံရန် တောင်ငယ်ထံ ပြန်သွားသည်။

သုံးရက်ကြာပြီးနောက်တွင် ဟန်လိသည် ကိုင်ဟွမ်၏ရှေ့တွင် တိတ်တဆိတ် ရပ်နေသည်။ ကိုင်ဟွမ်မှာ ဟန်လိကို အားနားနေဟန်ပေါ်ပြီး သူ့မျက်နှာထက်တွင်လည်း အရှက်ရနေပုံ အထင်းသား ပေါ်နေသည်။ သူသည် ဟန်လိချေးငှားလိုက်သော စိတ်ဝိညာဉ်ကျောက်တုံးများကို ပြန်လာပေးတာ မဟုတ်ပေ။ ထိုအစား နှင်းတိမ်မြူခိုးကို ဖမ်းဆီးရာ၌ ဟန်လိကို အကူအညီလာတောင်းတာ ဖြစ်နေသည်။

ဟန်လိက နှုတ်ခမ်းသပ်၍ သံသဝဝင်ဟန်ဖြင့် မေးလိုက်သည်။

“အဆင့်နိမ့်သားရဲတစ်ကောင်ကို ဖမ်းဖို့ အစ်ကိုတို့မှာ လူအလုံအလောက် မရှိကြဘူးလား…”

ကိုင်ဟွမ်က ရှက်ရယ်ရယ်ကာ ပြောလာသည်။

“ဒီမြေခွေးအကြောင်းကို ညီလေးဟန် မသိလို့။ ဒီကောင်က အရမ်းမြန်တာ။ သာမန်ဓားပျံတွေဆို ဒီကောင်ရဲ့ အမြန်နှုန်းကို မယှဉ်နိုင်ဘူး။ အစတုန်းကတော့ အတွင်းစည်းတပည့် စီနီယာအစ်ကိုတစ်ယောက်ဆီကနေ လမ်းကြောင်းပိတ်ဆို့ခြင်း အစီအရင်ကို ခဏငှားထားပြီး ဒီမြေခွေးကောင်ကို ဖမ်းမလို့ စီစဉ်ထားကြတာ။ ဒါပေမဲ့ မနေ့ညတုန်းက အဲ့စီနီယာအစ်ကိုက မထင်မှတ်ဘဲ ဂိုဏ်းကပေးတဲ့ တာဝန်ကြောင့် အပြင်ထွက်သွားရတယ်။ ဒါ့ကြောင့် ကျုပ်တို့မှာ ဒီအစီအရင်ကို အသုံးပြုဖို့ လူလိုနေတာ။ အဲ့စီနီယာအစ်ကိုကသာ စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ် ပေးရုံနဲ့ ကျုပ်တို့ကို စေတနာထားပြီး ကူညီပေးမယ် ပြောခဲ့တာ။ တခြားသူတွေကတော့ စိတ်မဝင်စားကြဘူး။ ဒါ့ကြောင့်လည်း ဂျူနီယာညီလေးအနေနဲ့ ကျုပ်တို့ကို ကူညီပေးပါလားလို့ လာပြောရတာပဲဟေ့။ ကျုပ်တို့ အောင်မြင်တဲ့အခါကျရင် ညီလေးဟန်ကို စိတ်ဝိညာဉ်ကျောက်တုံးအရေအတွက် ပိုပေးပါ့မယ်…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် မေးစေ့ကိုပွတ်ကာ စဉ်းစားနေသည်။ ကိုင်ဟွမ်သည် အခြားအချိန်၌သာ ထိုသို့ အကူအညီလာတောင်းပါက သူ ချက်ချင်း ငြင်းပစ်မည်သာ။ သည်လို အသေးအမွှား ကိစ္စလေးများအတွက် သူ့အချိန်ကို ဖြုန်းတီးရန် အကြောင်း မရှိပေ။ သို့သော် ပြီးခဲ့သော နှစ်ရက်လောက်က ဟန်လိသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ အဆင့်လေးတွင် တစ်ဆို့မှု ကြုံနေရသည်။ သူ ရှေ့မဆက်နိုင်သေးဟု ခံစားမိခဲ့ရသည်။ ထို့ကြောင့် သူသည် စိတ်ထဲ အေးအေးဆေးဆေး ရှိမနေတော့ပေ။ အခွင့်အရေးကောင်းတစ်ခု ရမှသာ အဆင့်ချိုးဖျက်ရန် အလားအလာ ရှိနိုင်လိမ့်မည်။ ထိုသို့ အခွင့်အရေး ရရန်အတွက် သူ့အနေဖြင့် အပြင်ထွက်ကာ တစ်ခုခု လုပ်ရမည့်ပုံပင်။

ထိုအတွေးကြောင့် ဟန်လိသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အစ်ကိုကိုင်က ဒီလို ပြောမှတော့ ကျုပ် ကူညီပါ့မယ်။ အဲ့အစိမ်းရောင်လမ်းစိမ့်တောက ဘယ်မှာ ရှိလဲလို့ ကျုပ်လည်း သိချင်မိပါတယ်…”

All Chapters