← Chapters

ရွှေရောင်အဆောင်

Vol. 44 Ch. 611

ရွှေရောင်အဆောင်

Vol. 44 Ch. 611

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် မသိမသာ မျက်နှာနီမြန်းသွားသည်။

“စာ တစ်စောင်ပဲ ပို့ပေးရမယ်ဆို ဒီဂျူနီယာ လက်ခံပါ့မယ်…”

ရလာမည့် အကျိုးအမြတ်ကို စဉ်းစားပြီး ဤသို့သော အသေးအမွှားလောက် ပြန်လုပ်ပေးရခြင်းကို သူ့အနေဖြင့် လက်ခံမည်မှာ သဘာဝပင်။ မိန်းမပျိုသည် ကျေနပ်သွားပုံပေါ်သည်။ သူမက မည်သည့်စကားမျှ မဆိုဘဲ လက်မြှောက်လိုက်၏။ ထိုအခါ အစိမ်းရောင်အလင်းထွေးခြုံထားသည့် သေတ္တာတစ်လုံးသည် ဟန်လိထံ ပျံသန်းလာချေသည်။

ဟန်လိသည် ၎င်းကို လက်ခံယူပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ဤသေတ္တာအတွင်း၌ စိတ်ဝိညာဉ်ချီမှာ အမှန်တကယ် ပေါကြွယ်လှသည်။ ၎င်းအထဲ၌ ကျောက်စိမ်းစိတ်ဝိညာဉ်စိမ့်တွင်းတစ်ခု ပါနေသည့်အလား။ တကယ်တော့ ဟန်လိ၏ သတိရှိသော စရိုက်ကြောင့် သူသည် သေတ္တာအတွင်း၌ မည်သည့်အရာရှိသနည်းဟု ကိုယ်တိုင်ကိုယ်ကျ စူးစမ်းကြည့်ချင်နေသည်။

သူ့လက်မှ မိုးပြာအလင်းလင်းလက်သွားခြင်းနှင့်အတူ ထိုသေတ္တာသည် ၎င်းဘာသာ ပွင့်ဟလျက် အတွင်းဘက်မှ အလွန်အမင်းသန့်စင်သော စိတ်ဝိညာဉ်ချီမြူလွှာတစ်ခု ပေါ်ထွက်လာလေတော့သည်။ ချက်ခြင်းပင် ဤအခန်းတစ်ခုလုံးမှာ ထိုမြူလွှာဖြင့် ပြည့်နှက်သွားသည်။

ဟန်လိ စိတ်လှုပ်ရှားသွားသည်။ သေတ္တာအတွင်း၌ မည်သည့်အရာရှိမည်နည်းဟု သူ စူးစမ်းကြည့်လိုက်သည်။ ညင်သာသိမ်မွေ့သော အဖြူရောင်အလင်းတစ်ခု ထုတ်လွှတ်နေသော ကျောက်စိမ်းတုံးတစ်ခုကို သူ မြင်လိုက်ရသည်။ ၎င်းကျောက်စိမ်းတုံးမှာ လက်မအနည်းငယ်မျှ အရှည်ရှိ၏။

ထိုကျောက်စိမ်းတုံးကြောင့် ဟန်လိသည် အံ့အားသင့်သွားရခြင်း မဟုတ်ချေ။ ၎င်းကျောက်စိမ်းတုံးအတွင်း၌ ရှိနေသော လက်မအရွယ်အစားလောက်ရှိမည့် နွားတစ်ကောင်ကြောင့် သူ မင်သက်သွားရခြင်းသာ။ ထိုနွား၏ အမြီးမှာ အသက်ဝင်နေသည့်နှယ် တလှုပ်လှုပ်ရှိနေ၏။

ထိုမိန်းမပျိုက ဟန်လိ တုန်လှုပ်သွားတာ မြင်သည့်အခါ သူမ၏မျက်ဝန်းထဲတွင် ထူးခြားသည့်ဟန်ပန်တစ်ခု ဖြတ်ပြေးသွားချေသည်။ သူမက ပြုံး၍ မေးလာသည်။

“ဘာဖြစ်လို့လဲ။ ဒီစိတ်ဝိညာဉ်စိမ့်တွင်းဟာ ရတနာပြန်လည်ဝင်စားခြင်းကို မြန်မြန်ဆန်ဆန် အားဖြည့်ပေးနိုင်တယ်။ သာမန်စိတ်ဝိညာဉ်စိမ့်တွင်းတွေဟာ ဒီဟာနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ နင်သာ ဒါနဲ့ ကျင့်ကြံမယ်ဆို တစ်ဝက်လောက် အားစိုက်ထုတ်ရုံနဲ့ ရလဒ်ကတော့ နှစ်ဆ ဖြစ်သွားလိမ့်မယ်…”

သေတ္တာထဲရှိ ကျောက်စိမ်းစိမ့်ရေတွင်းကို တစ်ချက်ကြည့်ပြီးနောက် ဟန်လိက ၎င်းကို ဖြည်းဖြည်းချင်း ပြန်ပိတ်ပြီး ခေါင်းမော့၍ တည်ငြိမ်စွာ ပြောသည်။

“အမှန်ပါပဲ။ ဒီဟာနဲ့ဆို ဂျူနီယာဟာ အတုအယောင်စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ဖို့ ဆယ်စုနှစ်လောက် အချိန်ယူရမဲ့အစား ဆယ့်နှစ်နှစ်လောက်ပဲ အချိန်ယူရပါလိမ့်မယ်…”

ခုချိန်တွင် ဟန်လိသည် ကျောက်စိမ်းတိမ်မြေခွေးမှာ ဤစိတ်ဝိညာဉ်စိမ့်တွင်း၏ စိတ်ဝိညာဉ်ချီဖြင့် အရောင်တင်ခြင်း ခံခဲ့ရမှန်း သဘောပေါက်သွားခဲ့ပေပြီ။ ထို့ကြောင့် ၎င်းသားရဲထံတွင် သန့်စင်လှသော စိတ်ဝိညာဉ်ချီ ပိုင်ဆိုင်နေခဲ့တာသာ။ ဤစိတ်ဝိညာဉ်စိမ့်တွင်းကြောင့်သာ သာမန်သားရဲအဖြစ်မှ နတ်ဆိုးသားရဲအဖြစ်သို့ ၎င်း၏အသွင်ပြောင်းလဲမှုမှာလည်း မြန်မြန်ဆန်ဆန် ဖြစ်နိုင်ခဲ့တာပင်။

ဟန်လိ၏ တည်ငြိမ်သွားမှုအပေါ် မိန်းမပျိုသည် အံ့အားသင့်မိသည်။ သူမက ဟန်လိကို အံ့ဩတကြီးဖြင့် တစ်ချက်မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ သူမ၏နဖူးမှ ဆံနွယ်စကို ပင့်သက်လိုက်ရင်း သူမသည် ပေါ့ပြက်ပြက်လေသံနှင့် စကားဆိုသည်။

“အမှန်ပါပဲ။ ငါက ဒီပစ္စည်းကို နင့်ဆီ ပေးခဲ့ပြီးပြီဆိုမှတော့ နင့် အနေနဲ့ ငါ့ကိုယ်စား ကျောက်စိမ်းပြားကို သွားပို့ပေးပါ။ ငါ ထိုင်နေတဲ့ ကျောက်ဖျာအောက်မှာ နောက်ထပ်ကျောက်စိမ်းသေတ္တာတစ်လုံး ရှိသေးတယ်။ ဒီသေတ္တာကို ချိပ်ပိတ်ထားတဲ့ အဆောင်ကို ဖျက်စီးပြီး ငါ့ဆီ လာပေးလှည့်။ ဒီထဲမှာ ငါ နင့်ကို ပို့ခိုင်းစေချင်တဲ့ တုန်ကင်တစ်ခု ရှိတယ်…”

“ဂျူနီယာကို ခင်ဗျားအစား သေတ္တာ ယူပေးစေချင်တာလား…”

ဟန်လိသည် သံသယဝင်ကာ သတိထားသွားသည်။

“ဟင်း…ဒီအမျိုးသမီးက နင့်ကို အန္တရာယ်ပေးမှာ ကြောက်နေတာလား။ ငါ့ဘာသာသာ ဒီသေတ္တာကို ယူနိုင်တယ်ဆို နင့်အကူအညီတောင်းပါ့မလားဟ…”

ထိုမိန်းမပျိုက မကျေမချမ်းဖြင့် ပြုံးလိုက်ပြီး သူမ၏ဝတ်ရုံရှည်ကို လက်ဖြင့် ပင့်တင်လိုက်သည်။

သူမ၏ခြေထောက်များကို မြင်သည့်အခါ ဟန်လိ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ဤအမျိုးသမီး၏ ခြေထောက်များမှာ အသွေးအသား ဟုတ်မနေဘဲ သွေ့ခြောက်နေသော အရေပြားသာ ဖြစ်နေလေသည်။ ၎င်းမှာ ကြည့်ရဆိုးလွန်းပြီး ကြောက်စရာကောင်းနေ၏။ သို့ပေမည့် ဟန်လိကို အံ့အားသင့်သွားစေသည်မှာ သူမ၏ခြေထောက်အရိုးနှင့် ကျောက်ဖျာကို ထွင်းဖောက်ဆက်ထားသော ငွေရောင်တလက်လက် ချိန်းကြိုးများပင်။

ဟန်လိသည် နှုတ်ခမ်းသပ်မိကာ ထိုအမျိုးသမီးကို ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် အံ့အားတသင့်ဖြစ်ဟန် ပေါ်နေသော်ငြား ဟန်လိသည် ဘာမျှရှည်ရှည်ဝေးဝေး ထပ်မမေးတော့ပေ။ ထိုအမျိုးသမီးက သူ့ကို ရှင်းပြချက် ပေးခဲ့ပြီးမှန်း သူ သိသည်။

ဤသို့ဖြင့် အမျိုးသမီး၏မျက်နှာက မာထန်အေးစက်လာပြီး ဝတ်ရုံစကို အောက်သို့ ပြန်ချသည်။ သူမက ခြောက်ကပ်ကပ်လေသံဖြင့် ပြောလာသည်။

“ငါဟာ ကြည်ပြာကျောက်အတွက် ဒီတောင်မှာ ရှိနေခဲ့တာ။ ပြီးတော့ ငါ့ကိုယ်ဟာ ဒီနေရာမှာ ပိတ်ထားတဲ့အနေနဲ့ ငါ့ခြေထောက်တွေကို တုတ်နှောင်ထားဖို့ ချိန်းကြိုးတွေ အသုံးပြုခဲ့တာပဲ…”

“ခင်ဗျားကို ခင်ဗျား ချုပ်နှောင်ခဲ့တယ် ဟုတ်လား…”

ထိုစကားကြောင့် ဟန်လိမှာ အတော်လေး စိတ်ရှုပ်ထွေးသွား၏။

“အမှန်ပဲ။ ငါ့ရဲ့ ကျင့်ကြံတဲ့ပညာရပ်ဟာ မြေအောက်လောကသတ်ဖြတ်ခြင်းလို့ ခေါ်တယ်။ ဒီပညာရပ်ဟာ အံ့မခန်း မြန်ဆန်ပြီး ထူးကဲတဲ့ စွမ်းအား ပိုင်ဆိုင်ထားပေမဲ့ ပြစ်ချက်ကြီးတစ်ခုတော့ ရှိတယ်။ ဒီပညာရပ်သာ ပြီးပြည့်စုံသွားတာနဲ့ အဲ့ကျင့်ကြံသူဟာ လူသားသဘာဝကို ဆုံးရှုံးပြီး သွေးဆာသွားလိမ့်မယ်။ အတိတ်တုန်းက ငါဟာ ဒီပညာရပ်နဲ့ ကံစပ်ခဲ့ပြီး တခြားသူတွေ အကြံပေးတဲ့ကြားထဲကနေ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့တယ်။ ငါဟာ ငါ့ရဲ့ ထူးကဲတဲ့ စိတ်ဝိညာဉ်အာရုံအပေါ်မှာ ယုံကြည်မှုလွန်ကဲခဲ့တာလည်း ပါတာပေါ့။ ဒီပညာရပ်ကို အောင်အောင်မြင်မြင်နဲ့ ကျင့်ကြံပြီး စဦးစိတ်ဝိညာဉ်အဆင့်ကို ဝင်ရောက်ပြီးတဲ့နောက် ငါဟာ ငါ့ရဲ့ ရုန်းကြွလာတဲ့ သတ်ဖြတ်လိုစိတ်ကို ဆက်ပြီး မထိန်းထားနိုင်တော့ဘဲ ကျင့်ကြံခြင်းလောကကို မုန်တိုင်းထန်စေခဲ့တာပေါ့။ အကျိုးဆက်ကတော့ ငါ့မှာ ရန်သူတွေ မနည်းမနော ရှိလာခဲ့တာပဲ။ ဒါကြောင့် နောက်ဆုံးမှာတော့ ငါဟာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ လေးငါးယောက်နဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပြီးတဲ့နောက် ငါ့လက်တစ်ဖက်ကို ဆုံးရှုံးသွားခဲ့တယ်…”

ထိုမိန်းမပျိုသည် သူမ၏ ငုတ်တိဖြစ်နေသော လက်တစ်ဖက်ကို အမူအရာကင်းမဲ့စွာဖြင့် ကြည့်၍ ခေါင်းရမ်းသည်။

“ဒီဒဏ်ရာ ရခဲ့ပြီးတဲ့နောက် ငါဟာ ခက်ခက်ခဲခဲနဲ့ အချိန်ကြာကြာယူပြီး စဉ်းစားခဲ့တယ်။ ငါသာ ငါ့ကိုယ်ဟာ မထိန်းချုပ်နိုင်ဘူးဆို အနှေးနဲ့အမြန် သေတော့မှာလို့ သဘောပေါက်ခဲ့တယ်။ ဒါကြောင် ငါဟာ အဖြေတစ်ခု ရှာခဲ့ပြီး ငါ့ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေကို နတ်ကောင်းကင်မီးချိန်းကြိုးနဲ့ ငါ့ကို တုတ်နှောင်ဖို့၊ ငါ့ကို ကြည်ပြာကျောက်အခန်းထဲမှာ ချုပ်နှောင်ထားဖို့ တောင်းဆိုခဲ့တယ်။ အထီးကျန်မှုဒဏ်ကို မခံနိုင်မှာကြောင့်ပဲဖြစ်ဖြစ်၊ ရုတ်တရက် ငါ့ရဲ့ ဒီလုပ်ရပ်ကို နောင်တရမိမှာကိုပဲဖြစ်ဖြစ် စိုးရိမ်တဲ့အတွက် ဒီချိန်းကြိုးတွေရဲ့ သော့ကို ငါ့အကောင်းဆုံးမိတ်ဆွေတစ်ယောက်ဆီ အပ်ထားခဲ့တယ်။ သူတို့က ငါ့ရဲ့ စိတ်အခြေအနေ ပိုကောင်းလာခဲ့ရင် ငါ့ကို လွှတ်ပေးဖို့အတွက် ငါ့ရှိ မကြာမကြာ လာလည်ပတ်ကြမယ်လို့ ကတိပေးခဲ့တာပေါ့လေ…”

ထိုသို့ ပြောပြီးနောက်မှာ မိန်းမပျို၏ အမူအရာသည် ပို၍ ပျက်ယွင်းလာသည်။

“ဒါပေမဲ့လို အကြိမ်အနည်းငယ်လောက် လာပြီးတဲ့နောက်မှာ ငါ့မိတ်ဆွေကောင်းဟာ စကားတစ်ခွန်းမှ မဆိုဘဲ ရုတ်တရက်ကြီး ပျောက်သွားခဲ့တယ်။ သူတို့က စိတ်မရှည်ဘဲ ဖြစ်သွားတာလား…ဒါမှမဟုတ် သူတို့ပဲ မမျှော်လင့်တာ တစ်ခုခု ဖြစ်သွားလို့လားတော့ ငါလည်း မသိဘူး။ ဒါကြောင့် ခုချိန်ထိ ငါဟာ ဒီမှာ အကျဉ်းကျနေတယ်။ ဒီအခန်းဟာ ကြည်ပြာကျောက်ကနေ သန့်စင်မွန်းမံထားတဲ့အတွက် စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကို ရောက်နေပေမဲ့လည်း ငါ့စိတ်ဝိညာဉ်အာရုံဟာ တစ်ကီလိုမီတာလောက်ထိပဲ ရောက်နိုင်စွမ်း ရှိတယ်။ ဒီနတ်ကောင်းကင်မီးချိန်းကြိုးတွေဟာ အလွန်ထူးကဲတဲ့နည်းလမ်းတစ်ခုနဲ့ သန့်စင်ထားတာ ဖြစ်တဲ့အတွက် ငါ့ရှေးဦးစိတ်ဝိညာဉ်နဲ့ ချိတ်ဆက်နေတာ။ ငါ့ကျင့်ကြံမှုအဆင့်ဟာ အများကြီး တိုးတက်လာပြီး ဒီချိန်းကြိုးတွေကိုသာ ချိုးဖျက်နိုင်စွမ်း ရှိခဲ့ရင်တောင် ငါဟာ ဒီလိုလုပ်ပြီးတာနဲ့ ချက်ခြင်းသေသွားနိုင်တယ်။ အခု ကံကြမ္မာက ငါတို့ကို တွေ့ဆုံစေမှတော့ မိုးကောင်းကင်ဟာ ငါ့ကို မျက်နှာသာပေးလာပြီလို့ ဆိုရမှာပဲ။ ငါဟာ ကျန်တဲ့ဘဝသက်တမ်းကို ဒီကျောက်သားအခန်းထဲမှာပဲ ဆက်ပြီး ကုန်ဆုံးစရာ မလိုတော့ဘူး…”

ဝတ်ရုံနက်နှင့်မိန်းမပျိုသည် ဟန်လိ၏ သံသယများ ပျောက်ကွယ်အောင် သူမ၏အတိတ်အကြောင်းကို ယေဘုယျသဘော ရှင်းပြလိုက်လေသည်။ သို့ပေမည့် ဤဇာတ်လမ်းက ဟန်လိကို မင်သက်သွားစေသည်။ သူမ ပြောသည့်အတိုင်းသာ အမှန်ဖြစ်ပါက သူမ၏အတိတ်သည် အမှန်တကယ် ထူးကဲနေပေမည်။

ခဏ စဉ်းစားကြည့်ပြီးနောက် ဟန်လိက ချက်ခြင်းလက်ငင်း မေးမြန်းလိုက်သည်။

“စီနီယာရဲ့ အကောင်းဆုံးမိတ်ဆွေဆီ ဂျူနီယာ့ကို စာတစ်စောင် ပို့ခိုင်းပေးစေချင်တာလား။ ဒီလောက်နှစ်တွေကြာမှတော့ ခင်ဗျားရဲ့ အဲ့မိတ်ဆွေက ကွယ်လွန်သွားတာကော မဖြစ်နိုင်ဘူးလား…”

မိန်းမပျိုသည် သက်ပြင်းချကာ ခါးသီးစွာ ပြုံး၍ ဆိုလေသည်။

“ဒါ ဖြစ်နိုင်ပါတယ်။ အဲ့လိုသာ ဖြစ်ခြ့ရင်တောင် စိတ်ပူစရာတော့ မရှိပါဘူး။ ငါ သူ့ကို နတ်ကောင်းကင်မီး ချိန်းကြိုးတွေရဲ့ သော့ကို ယူထားပေးဖို့ပဲ တောင်းဆိုခဲ့တာလေ။ ပြီးတော့ ငါတို့က မိတ်ဆွေရင်းတွေ ဖြစ်ခဲ့ကြတာဆိုတော့ သူ တစ်ခုခု ဖြစ်ခဲ့ရင်တောင် သူ့နောက်မျိုးဆက်တွေဆီ ဒီသော့ကို သိမ်းခိုင်းထားခဲ့မှာပဲ။ သူနဲ့မတွေ့ခဲ့ရင်တောင် သူ့မျိုးဆက်တွေကို နင်ရှာတွေ့လည်း အဆင်ပြေတယ်…”

နောက်ထပ် စဉ်းစားကြည့်ပြီးနောက် ဟန်လိသည် ဤသည်မှာ အကျိုးအကြောင်းသင့်ကြောင်း တွေးမိသည်။ ထို့ကြောင့် သူက အပိုစကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့ လှမ်းလျှောက်လာပြီး တွင်းပေါက်တစ်ခုကို ရှာရန် ကျောက်ဖျာကို ပတ်၍ လျှောက်လာသည်။ သူက ၎င်းတွင်းပေါက်ကို စိတ်ဝိညာဉ်အာရုံဖြင့် သေချာစူးစမ်းကြည့်နေပြီးနောက် မျက်ခုံးပင့်သွားသည်။ သူ ကျောက်စိမ်းသေတ္တာတစ်ခုကို ရှာတွေ့သွားသည်။

၎င်းကျောက်စိမ်းသေတ္တာမှာ ရှေးဟောင်းအသွင်ပုံစံ ရှိပြီး ၎င်းပေါ်တွင် အဝါရောင်ခပ်ဖျော့ဖျော့ ထူးကဲသောမီးတောက်များကို ရေးထွင်းထား၏။ ထိုမီးတောက်ထဲတွင် မတ်တပ်ရပ်နေသော လူအရိပ်တစ်ခုကို မြင်ရနိုင်၏။ ၎င်းက မိုးကောင်းကင်ထံ ဟိန်းအော်နေသည့်အလား ထင်ရလေ၏။

ထိုကျောက်စိမ်းသေတ္တာပေါ်တွင် ဟန်လိကို မလွယ်ကူမှု ခံစားမိစေသော တလက်လက်တောက်ပနေသည့် ရွှေရောင်အဆောင်တစ်ခုလည်း ရှိနေသည်။ သူ အလိုလို မျက်မှောင်ကြုတ်မိသွားသည်။

ဝတ်ရုံနက်နှင့်အမျိုးသမီးသည် စိတ်မလှုပ်ရှားမိဘဲ မနေနိုင်ဖြစ်ကာ ပြောလာသည်။

“ဟုတ်တယ်…ဟုတ်တယ်…ဒီသေတ္တာပဲ။ ရောင်းရင်းလေး…ငါ ဒီသေတ္တာကို မြင်ရအောင်လို့ အဆောင်ကို ဆုတ်ဖြဲလိုက်ပါ…”

ဟန်လိသည် ကျောက်စိမ်းသေတ္တာအပေါ်သို့ လက်ရောက်နှင့်ပြီးဖြစ်ကာ အဆောင်ကို ဆုတ်ဖြဲပစ်လေတော့မည် ဖြစ်၏။ သို့ပေမည့် မိန်းမပျို၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်သော တုန်တုန်ရင်ရင်အသံကို ကြားရသည့်အခါ ဖော်ပြ၍မရသော အန္တရာယ်အာရုံတစ်ခုကို သူ ခံစားမိသွားသည်။

တွေဝေတုံ့ဆိုင်းသွားပြီးနောက် ဟန်လိက သေတ္တာပေါ်မှ လက်ပြန်ရုတ်ကာ ခေါင်းမော့ကြည့်သည်။ မိန်းမပျို၏ အမူအရာကို မြင်သည့်အခါ သူ့စိတ်နှလုံးမှာ တုန်ရင်သွားလေသည်။

ထိုမိန်းမပျို၏ မျက်လုံးအရောင်မှာ အစိမ်းရင့်ရောင်သို့ ပြောင်းနေပြီး သူမ၏သွင်ပြင်မှာလည်း ယုံ့ရွဲ့နေလေသည်။ ကြောက်မက်ဖွယ်အသွင်ဟန်ပန်မှာ အစောပိုင်းတုန်းက သူမ၏ ခမ်းနားထည်ဝါမှုနေရာတွင် လုံးဝ အစားထိုးသွားခဲ့ပြီ။ မိန်းမပျိုက ဟန်လိ ခေါင်းမော့ကြည့်လာတာ မြင်သည့်အခါ မင်သက်သွားပြီး အသိ၊သတိ ပြန်ဝင်သွားသည်။ သူမ၏ ချောက်ခြားဖွယ်အသွင်အပြင်နှင့် အစိမ်းရောင်မျက်လုံးတို့မှာ ချက်ခြင်း ပျောက်ကွယ်သွားသည်။ သူမက စိတ်အေးသက်သာသည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။

“ရောင်းရင်းလေး…နင် ငါ့ကို ဘာလို့ ပြန်မော့ကြည့်ရတာလဲ။ ဘာကြောင့် အဆောင်ကို မဆုတ်ဖြဲသေးတာလဲ။ ငါ သတိပေးလိုက်မယ်…ကျောက်စိမ်းစိတ်ဝိညာဉ်စိမ့်တွင်းဟာ ဒီလောကရဲ့ ရှားပါးရတနာတစ်ခုနော်။ ငါ အဲ့တာကို နင့်ဆီ ပေးထားပြီးပြီ…။ ဒါတောင်မှ ဘာကြောင့်များ နင်က တွေဝေနေရတာလဲ…”

ဟန်လိသည် ဝတ်ရုံနက်နှင့် အနှီမိန်းမပျိုကို တစ်ချက်ကြည့်ပြီး ကျောက်စိမ်းပြားကို တင်းကျပ်စွာ ချိပ်ပိတ်ထားသော ရွှေရောင်အဆောင်ကို ပြန်ငုံ့ကြည့်သည်။ မည်သည့်စကားမျှ ထပ်မဆိုလေဘဲ ဟန်လိက မျက်မှောင်ကြုတ်၍ ကျောက်စိမ်းသေတ္တာကို ကိုင်ကာ သူမထံ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာတော့သည်။

“ရောင်းရင်းလေး…နင် ဘာလုပ်နေတာလဲ။ ရပ်စမ်း…အနား ကပ်မလာနဲ့…”

ဟန်လိ လှမ်းလာတာ မြင်သည့်အခါ သူမ၏ဟန်အမူအရာသည် ချက်ခြင်း ပြောင်းသွားပြီး ကြောက်လန့်တကြားဖြင့် အော်ဟစ်လေတော့သည်။

All Chapters