အသွင်ပြောင်းခြင်း
Vol. 44 Ch. 613
အလောင်းနတ်ဆိုး၏ ခံနိုင်အားကောင်းလှသော ခန္ဓာကိုယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြန်စဉ်းစားမိသည့်အခါ ဟန်လိသည် နည်းနည်းတော့ စိတ်ပျက်လက်ပျက် ဖြစ်မိ၏။ ကောလဟလများအရဆို သူသည် ထိုအလောင်းကို လောင်ကျွမ်းနိုင်ရန် သို့မဟုတ် စိတ်ဝိညာဉ်ကို ထုတ်ယူ၍ ချိပ်ပိတ်နိုင်ရန် အစစ်အမှန်မီးကို အသုံးပြုမှသာ ရနိုင်ပေလိမ့်မည်။ ဤအလောင်းနတ်ဆိုးသည် မသေသေးတာ သိသာသည်။ ၎င်းသည် အမည်မသိ ရွှေရောင်အဆောင်ကြောင့် အချိန်တစ်ခုကြာ တုတ်နှောင်ခံ၊ ထိန်းချုပ်ခံ ထားရခြင်းသာ ဖြစ်၏။ ထိုအလောင်းနတ်ဆိုးသည် အချိန်တစ်ခု ကြာပြီးလျှင် ၎င်း၏ခွန်အားကို ပြန်ရနိုင်လိမ့်မည်ဟု ဟန်လိ ထင်သည်။
ထိုသို့ စဉ်းစားမိနေရင်း ဟန်လိ၏အကြည့်က အလောင်းနတ်ဆိုးဘေးတွင် ရှိနေသော ကျောက်စိမ်းသေတ္တာပေါ်သို့ ကျရောက်သွားသည်။ အလောင်းနတ်ဆိုးကို ဖိနှိပ်နိုင်ပြီး ခုထိ လောင်ကျွမ်းခြင်း မခံရပုံ တို့အရ ၎င်းသည် ချိပ်ပိတ်မှုအမျိုးအစားတစ်ခု ဖြစ်မှာ ကျိန်းသေသည်။
ဤသေတ္တာက အလောင်းနတ်ဆိုး ဘေးနားတွင် ရှိနေပြီး ၎င်းပေါ်၌လည်း ရွှေရောင်အဆောင်တစ်ခုဖြင့် ချိပ်ပိတ်ထားသေးသည်။ ထို့ကြောင့် ဤသေတ္တာထဲတွင် အလောင်းနတ်ဆိုး၏ စိတ်ဝိညာဉ် ရှိနေနိုင်သည်။ သို့သော် သို့ဆိုလျှင်ပင် အလောင်းနတ်ဆိုးက ၎င်း၏ခန္ဓာကိုယ်ကို မည်သည့်အတွက်ကြောင့် ထိန်းချုပ်နိုင်ရသနည်း။ ၎င်းသည် ဟန်လိကို သေတ္တာအား ဖွင့်လှစ်တော့မည့်အထိ ဉာဏ်ရည်မြင့်မားစွာဖြင့် လှည့်ဖြားနိုင်ခဲ့သေးသည်။ ထုတ်ယူခံထားရသော ၎င်း၏စိတ်ဝိညာဉ်မှာ အပြည့်အစုံ မဟုတ်ဘဲ စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းက ၎င်း၏ခန္ဓာကိုယ်ထဲတွင် ကျန်နေတာများ ဖြစ်နိုင်လား။
ထို့အပြင် ဤအလောင်းနတ်ဆိုး၌ ကျောက်စိမ်းစိမ့်တွင်းကို မည်သည့်အတွက်ကြောင့် ပိုင်ဆိုင်ထားရသနည်း။
ဟန်လိသည် ဤအခြင်းအရာများအပေါ် စဉ်းစားမရ ဖြစ်နေပြီး မျက်မှောင်ကြုတ်ကာ အတွေးများနေသည်။
ခဏစဉ်းစားပြီးနောက် ဟန်လိသည် အချည်းနှီးမေးခွန်းများကို စိတ်ထဲမှ မောင်းထုတ်ကာ ထွက်ခွာရန် ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်သည်။
သူ့အနေဖြင့် အနည်းဆုံး စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်မှသာ အလောင်းနတ်ဆိုးကို အစစ်အမှန်မီးနှင့် လောင်ကျွမ်းပစ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ၎င်းလုပ်ငန်းစဉ်မှာ အနည်းဆုံး လနှင့်ချီပြီး အချိန်ပေးရဦးမည် ဖြစ်၏။ ဟန်လိ၌ ထိုသို့ ပြုလုပ်နိုင်စွမ်း ရှိသည့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလျှင်ပင် သူ့အနေဖြင့် အချိန်ဖြုန်းမိလိမ့်မည်၊ သို့တည်းမဟုတ် ဤကဲ့သို့ အလဟဿဖြစ်နိုင်သော အလုပ်မျိုးအပေါ် အားစိုက်ထုတ်မိလိမ့်မည် မဟုတ်ပေ။
သူက အလောင်းနတ်ဆိုးကို သည်အတိုင်းထားခဲ့ကာ တတ်နိုင်သမျှ ဤနေရာကနေသာ အဝေးကို ထွက်သွားချင်နေ၏။
နောင်၌ ဤနေရာသို့ ကျင့်ကြံသူ တစ်ယောက်ယောက် ထပ်ရောက်လာ၊ မလာကမူ သူ့ကိစ္စ မဟုတ်နေပေ။ အလောင်းနတ်ဆိုးသည် ဤနေရာမှ လွတ်မြောက်သွားသည့်အခါတွင် အနီးဝန်းကျင်မှ ဂိုဏ်းကြီးများက ကိုင်တွယ်ပေလိမ့်မည်။
သို့ပေမည့် အဆုံးသတ်တွင်မူ ဟန်လိ၏အကြည့်က ကျောက်စိမ်းသေတ္တာပေါ်သို့ နောက်တစ်ကြိမ် ကျရောက်သွားလေ၏။
ထိုသေတ္တာကို ကြည့်ပြီးနောက် သူသည် ခဏ ချီတုံချတုံ ဖြစ်နေသေး၏။ ပြီးမှ ၎င်းကို ယူဆောင်သည်။ ထို့နောက်တွင် ထိုသေတ္တာကို သူ၏သိုလှောင်အိတ်ထဲ ထည့်သွင်းထားလိုက်သည်။
သေတ္တာပေါ်ရှိ ရွှေရောင်အဆောင်မှ ထူးကဲသော အဆောင်သင်္ကေတများကို ထုတ်လွှတ်ခဲ့သည် မဟုတ်လား။ သူက ၎င်းတို့ကို နောက်ပိုင်းတွင် လေ့လာရန် စီစဉ်ထားပေသည်။
သေတ္တာကို ဖွင့်နိုင်သည် ဖြစ်စေ၊ မဖွင့်နိုင်သည် ဖြစ်စေ သူ၏စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းပြီးမှသာ သူ့အနေဖြင့် လုပ်ဆောင်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် သူ့အနေဖြင့် သေတ္တာထဲတွင် ရှိနေနိုင်သည့် အန္တရာယ်ပေးနိုင်သော မည်သည့်စိတ်ဝိညာဉ်ကြောင့်ဖြစ်ဖြစ် ဘေးကင်းနိုင်လိမ့်မည်သာ။ မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး၊ ငိုကြွေးစိတ်ဝိညာဉ်နှင့် စဦးစိတ်ဝိညာဉ်ကျင့်ကြံမှုအဆင့်တို့ဖြင့်ဆို သူ့အနေဖြင့် မည်သည့်အရာကိုမျှ ကြောက်နေရန် မလိုတော့ပေ။
ဟန်လိက လက်ထဲရှိ ကျောက်စိမ်းတောင်ဝှေးကို ဝေ့ယမ်းလိုက်၏။ သူ့ ပတ်လည်ရှိ လျှပ်စီးအရံအတားမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး အဝါရောင်ဝံပုလွေတစ်ကောင်အသွင် ပေါ်လာသည်။ သူက မြေလှုပ်ရှားမှုပညာရပ်ကို အသုံးပြု၍ လမ်းကြောင်းတစ်ခု ဖော်ဆောင်ကာ ဤအခန်းထဲမှ ထွက်သွားရန် စဉ်းစားထား၏။
ထိုစိတ်ကူးဖြင့် ဟန်လိသည် ဝံပုလွေကို အပေါ်သို့ လမ်းဖောက်ခိုင်းတော့မည့် အချိန်တွင် သူ၏အမူအရာမှာ ရုတ်တရက် တင်းမာခက်ထန်သွားသည်။ သူက ရုတ်တရက် နောက်လှည့်ကာ မလှုပ်မယှက် ရှိနေသော အလောင်းနတ်ဆိုးထံ လှမ်းကြည့်သည်။
သူ သက်ပြင်းချ၏။ ထို့နောက် ၎င်းထံသို့ လှမ်းသွားလေသည်။ သူက နတ်ဆိုးအလောင်း၏ ခြေထောက်ကို ပင့်မြှောက်လိုက်ရာ ၎င်းအောက်ရှိ တွင်းချိုင့်တစ်ခု ပေါ်လာသည်။ ထိုတွင်းချိုင့်ထဲတွင် နှင်းတိမ်မြေခွေးက ဟန်လိကို အသနားခံသည့်အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။ ဟန်လိ ပြုံးမိသွားပြီး ခပ်တိုးတိုး ဆိုလိုက်သည်။
“ဒီနေရာကနေ ထွက်သွားချင်တာလား…”
ထိုသို့ပြောပြီး ဟန်လိသည် လက်ဝေ့ယမ်းလိုက်သည်။ မိုးပြာအလင်းတန်းတစ်ခုက မြေခွေးငယ်ထံ ရောက်ရှိသွားသည်။
အဖြူရောင်မြေခွေးကောင်သည် ချက်ခြင်းပင် ခုန်ထွက်ကာ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် ဟန်လိ၏ မိုးပြာအလင်းမှာ မြန်ဆန်လွန်း၍ ၎င်း ခုန်ထွက်စဉ် လေထဲ၌ပင် ဖမ်းမိခြင်း ခံလိုက်ရသည်။ မိုးပြာအလင်းက မြေခွေးကို ထွေးခြုံသွားပြီးနောက် ဟန်လိလက်ထဲသို့ ပြန်ရောက်ရှိလာ၏။ ဟန်လိက မြေခွေးကို ဇက်ပိုင်းကနေ ကိုင်၍ ကျောက်သားအခန်းထဲမှ ထွက်ခွာရန် တစ်ဖက်သို့ ပြန်လှည့်သည်။ သူ လျှောက်လာနေရင်း ရေရွတ်လိုက်မိ၏။
“မင်းက တော်တော်လေး ဇွဲကောင်းတာပဲကွ မင်း အသက်ကို ခုချိန်ထိ မသေအောင် နေတတ်သလို အလောင်းနတ်ဆိုးနဲ့ အတူတူ ရှိနေခဲ့ပြီး ခုချိန်ထိကို ရှင်သန်အောင် လုပ်နိုင်ခဲ့တာပဲ။ တကယ်…မယုံကြည်နိုင်လောက်အောင်ပဲ…”
ဟန်လိသည် ထိုသို့ ပြောရင်း ဆက်လျှောက်လာနေရင်းမှ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ရုတ်တရက် ခြေလှမ်းတာ ရပ်လိုက်သည်။ သူ့အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူက လက်ဝေ့ယမ်းကာ မြေခွေးဖြူကို ကျောက်နံရံထံသို့ အားဖြင့် ပစ်ပေါက်ထည့်လိုက်သည်။
ထိုစဉ် မြေခွေးဖြူ၏မျက်လုံးထဲတွင် မကျေမနပ်ဖြစ်ဟန် အရိပ်အယောင် ပေါ်သွားသည်။ ၎င်း၏ တိုတိုသေးသေး ခြေလက်များသည် ရှည်လျား ထက်ရှလာပြီး ဟန်လိ၏ရင်ဘက်ကို ကုတ်ဆွဲလိုက်သည်။
အခန်းမှာ ကျယ်လောင်စွာ မြည်သံကြောင့် တုန်ခါသွားသည်။
ဟန်လိက အလန့်တကြားဖြင့် သတိထားလိုက်သည့်အခါ မြေခွေးမှာလည်း နံရံသို့ လွင့်ထွက်သွားစဉ် အဖြူရောင်အရိပ်တစ်ခုကို ဝိုးတဝါး တွေ့ရလေသည်။ နံရံနှင့် ဝင်မဆောင့်အောင် ကာကွယ်သည့်အနေဖြင့် မြေခွေးငယ်သည် လေထဲတွင် လေးငါးကြိမ်လောက် ကျွမ်းပစ်လိုက်၏။ ၎င်းသည် အခန်းထောင့်သို့ ပြုတ်ကျသွားလေသည်။
မြေခွေး၏မျက်လုံးထဲတွင် အေးစက်စက်အကြည့်တစ်ခု ဖြစ်ပေါ်သွားပြီး ၎င်းက ဟန်လိကို လှမ်းကြည့်ကာ မထိမခိုက်ထရပ်လာသည်။ ၎င်း၏အစိမ်းရောင်မျက်လုံးထဲတွင် စိတ်ပျက်ဟန် အရိပ်အယောင်တစ်ခုကို မြင်ရသည်။ အလန့်တကြား ဖြစ်သွားပြီး ဟန်လိသည် သူ့ဝတ်စုံ၏ ရင်ဘက်နေရာတွင် အပေါက်ဖြစ်သွားတာကို တစ်ချက်ကြည့်သည်။ ထိုနေရာမှ အစိမ်းရောင်အလင်း လင်းလက်နေ၏။ ၎င်းမှာ ဝမ်ထျန်ရန် သူ့ကို ပေးခဲ့သော ကိုယ်တွင်းချပ်ဝတ်တည်း။
တော်ဝင်ကြေးခွံအကာမှာ ဖျက်စီးခံရပြီးနောက် ဟန်လိသည် ၎င်းနေရာ၌ ဤအတွင်းချပ်ဝတ်ကို အစားထိုးရန် ဆုံးဖြတ်ခဲ့တာ ဖြစ်၏။ ၎င်း၏အမည်ကို မသိသော်ငြား ဟန်လိသည် ၎င်းမှာ တော်ဝင်ကြေးခွံအကာထက် အဆင့်မနိမ့်ဟု ပြောနိုင်၏။
ဟန်လိ သတိလွတ်သွားစဉ် အလစ်အငိုက် တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း ထိုတိုက်ခိုက်မှုက ချပ်ဝတ်ကို မထိုးဖောက်နိုင်ခဲ့ပေ။ ဟန်လိက တည်ငြိမ်မှု ပြန်ရလာသည့်အခါ မြေခွေးကောင်ကို စိုက်ကြည့်၍ သုန်မှုန်စွာ မေးလိုက်သည်။
“မင်း…ဘယ်သူလဲ။ ဒီတိုက်ခိုက်မှုက အဆင့်နိမ့်နတ်ဆိုးသားရဲကောင်တစ်ကောင် ထုတ်ဖော်နိုင်စွမ်းရှိတဲ့အရာ မဟုတ်ဘူး…”
ဟန်လိက ထိုသို့ မေးလည်းမေးရင်း ကျောက်စိမ်းတောင်ဝှေးကိုလည်း ဝေ့ရမ်းကာ သူ့ပတ်ပတ်လည်၌ အလင်းအရံအတားတစ်ခုကို ထုတ်ဖော်ရန် ကြိုးစားသည်။ သို့သော် တောင်ဝှေးက မည်သို့မျှ တုံ့ပြန်ခြင်းမရှိတာကို တွေ့ရှိရ၍ သူ တုန်လှုပ်သွားသည်။ ဟန်လိသည် မည်သည့်ပြောင်းလဲမှုမျှ မရှိဘဲ နေရာတွင်သာ ရပ်နေသော အဝါရောင်ဝံပုလွေထံ အကြောင်သား လှမ်းကြည့်မိသည်။
အစွမ်းထက်ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသည်ဖြစ်၍ ဟန်လိသည် ဤအဖြစ်ကို ထပ်မံ မစူးစမ်းနိုင်တော့ဘဲ သူ၏ဓားများကို သူ့ရှေ့တွင် လိုက်ကာတစ်ခုနှယ် ဖွဲ့စည်းရန် အမိန့်ပေးသည်။ ဓားများက သူ့ကို ကာကွယ်ပေးထားမှသာ သူ့အနေဖြင့် အတော်အတန် စိတ်အေးနိုင်တော့၏။
ထို့နောက်တွင် ဟန်လိသည် နှင်းတိမ်မြေခွေးထံမှ လူသားစကား ထွက်ပေါ်လာတာကို ကြားရ၏။ သူ တုန်လှုပ်အံ့အားသင့်သွားရပြန်၏။
“ငါ ဘယ်သူလဲ ဟုတ်လား။ ငါက စောနက မင်း တိုက်ခိုက်ခဲ့တဲ့လူလေ။ ဘာလဲ မင်း မေ့သွားပြီလို့တော့ ငါ့ကို မပြောစမ်းနဲ့…”
ထိုအသံမှာ မိန်းမပျိုတစ်ယောက်၏အသံပင်။ ဤအသံတွင် လှောင်ပြောင်ဟန် ပါ၏။ ဟန်လိသည် ထိုအသံကို ကြားဖူးသည်။ ထိုစဉ် မြေခွေးကောင်က ခြေထောက်၍ ရုတ်တရက် ထရပ်လာသည်။
ဤအခိုက်အတန့်၌ ဟန်လိ၏မျက်စိရှေ့မှာပင် မြေခွေးသားရဲကောင်သည် အသွင်စပြောင်းသည်။
အသက်ရှုချိန်အနည်းငယ်အတွင်း အဖြူရောင်မြေခွေး၏ အရွယ်အစားမှာ ကြီးမားလာပြီး ၎င်း၏အမွှေးအမျှင်တစ်ခုလုံးသည် ကားထွက်လာသည်။ ၎င်းသည် မြေခွေးအမြှီးနှင့် ကျက်သရေရှိလှသော မိန်းမပျိုတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။ ဟန်လိသည် ဆက်ပြီး မတည်ငြိမ်နိုင်တော့ပေ။ သူ့မျက်နှာတစ်ခုလုံးတွင် အံ့အားသင့်ထိတ်လန့်ဟန်ဖြင့် ပြည့်နှက်နေသည်။ သည်အမျိုးသမီးသည် အဝတ်ဗလာကင်းမဲ့နေသည့်အချက်ကလွဲ၍ ဝတ်ရုံနက်မိန်းမပျိုနှင့် ချွတ်ဆွတ်တူပေသည်။ သူမ၏ ထွားကြိုင်းသောရင်သားက ရှင်းရှင်းလင်းလင်း။ သူမက ဟန်လိကို တစ်ချက်ကြည့်၍ ငြူတူတူလေသံဖြင့် ပြောလာသည်။
“ဟက်…ငါ့ရဲ့ နတ်ဆိုးမြေခွေးပြန်လည်ဝင်စားခြင်းက တကယ်တော့လည်း မဆိုးလှပါဘူး…”
မည်သို့ပင်ဖြစ်စေ သူမ၏ တောက်ပသောမျက်ဝန်းအနက်ပိုင်းထဲတွင်မူ နွေးထွေးမှု စိုးစိမျှ ရှိမနေပေ။
ဟန်လိသည် အသက်ဝဝရှိုက်သွင်းလိုက်၏။ ထို့နောက် သူက တည်ငြိမ်မှု ပြန်ရကာ အေးတိအေးစက် ပြောလိုက်သည်။
“နင်ပဲပေါ့လေ…” ဟန်လိသည် ကျောက်ဖျာထံ အလိုလို အကြည့်ရောက်သွား၏။ အလောင်းနတ်ဆိုးမှာ အစောပိုင်းတုန်းကအတိုင်း ရှိနေတာကို သူ တွေ့ရသည်။ ထိုအခါ စိတ်အေးသွားပြီး ဟန်လိသည် အသစ်အသွင်ပြောင်းဖွဲ့စည်းထားသော အမျိုးသမီးထံ အကြည့်ရောက်သွား၏။
လူသားအသွင် ပြောင်းနိုင်သော နတ်ဆိုးသားရဲတိုင်းမှာ အနည်းဆုံးအားဖြင့် အဆင့်ရှစ်တွင် ရှိကြပေ၏။ သို့သော် အလောင်းနတ်ဆိုး၏ အဖြူရောင်မြေခွေးအဖြစ် ပြန်ဝင်စားခြင်းကို သူ စူးစမ်းမိသည့်အခါတွင်မူ ၎င်းမှာ အဆင့်ခုနစ် နတ်ဆိုးသားရဲသာ ဖြစ်ကြောင်းကို မြင်ရသည်။ ဟန်လိသည် အံ့အားသင့်သွားမိသော်ငြား ကြောက်လန့်ခြင်း မရှိတော့ပေ။
သို့သော် သူသည် သူ့စိတ်ဝိညာဉ်အာရုံဖြင့် အကဲဖြတ်ချက်အပေါ် အပြည့်အဝ မယုံကြည်ဝံ့ပေ။ သူ့မျက်နှာမှာ လေးနက်နေ၏။ သူသည် လေ့လာဖတ်ရှုခဲ့ဖူးသော အဆင့်မြင့်နတ်ဆိုးသားရဲ မြေခွေးများ၏အကြောင်းကို ပြန်စဉ်းစားကြည့်သည်။ ဤအဆင့်သို့ ရောက်နေသော နတ်ဆိုးသားရဲမြေခွေးအားလုံးသည် ပုံရိပ်ယောင်ပညာရပ်များတွင် အထူးကျွမ်းကျင်ကြသည် မဟုတ်လား။ ထိုအဆင့် မြေခွေးသားရဲများသည် ၎င်းတို့အကြောင်း မသိထားသော အဆင့်တူကျင့်ကြံသူများကို ဆော့ကစားနိုင်စွမ်း ရှိသော သားရဲများပင်။
၎င်းတို့၏ မွေးရာပါ ဖုံးကွယ်နိုင်စွမ်းမှာ နတ်ဆိုးသားရဲများကြားတွင် အကောင်းမွန်ဆုံး ဖြစ်၏။
အရင်တုန်းက ဟန်လိသည် ထိုစကားများအပေါ် သံသယအချို့ ရှိခဲ့ဖူးသည်။ မည်သို့ပင်ဖြစ်စေ ခုချိန်တွင်မူ ဟန်လိသည် ထိုအမျိုးသမီးကို သူ၏ အစွမ်းထက်စိတ်ဝိညာဉ်အာရုံဖြင့် စူးစမ်းကြည့်နေသည်။ သို့ရာတွင် အလောင်းနတ်ဆိုးသည် အသွင်ပြောင်းလဲနိုင်စွမ်း ရှိကာ ဤအဆင့် ကျင့်ကြံမှုကို ထိန်းသိမ်းထားနိုင်စွမ်း ရှိနေလျှင် ၎င်းသည် ကျောက်စိမ်းသေတ္တာပေါ်ရှိ ရွှေရောင်အဆောင်ကို မည်သည့်အတွက်ကြောင့် မဖယ်ရှားနိုင်ရသနည်း။ ထိုနတ်ဆိုးသားရဲသည် ယင်းအဆောင်ကို ကြောက်လန့်နေ၍များလား။ သို့တိုင် သူမသည် အဆင့်နိမ့်ကျင့်ကြံသူများကို ပြန်ပေးဆွဲကာ ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိနေသည် မဟုတ်လား။ ဟန်လိသည် စဉ်းစားနေ၏။ သူ့အနေဖြင့် ဤနတ်ဆိုးမြေခွေးမှာ အလောင်းနတ်ဆိုး၏ ပြန်ဝင်စားခြင်းလောက် ရိုးရှင်းမနေဟု ဝိုးတဝါး ခံစားမိသည်။ ဤကိစ္စတွင် ကွယ်ဖုံးနေသော တစ်ခုခု ရှိရပေမည်။ ထိုအတွေးဖြင့် ဟန်လိသည် တည်ငြိမ်မှု ပြန်ရလာခဲ့လေပြီ။ သူက သူ့ရှေ့ရှိ အဝတ်ဗလာနှင့်မိန်းမပျိုကို တစ်ချက်ကြည့်ပြီး သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့လေပြီ။