ဝံပုလွေ ပေါ်လာခြင်း
Vol. 44 Ch. 614
“နင်က…အလောင်းနတ်ဆိုး ပြန်ဝင်စားတာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်…ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်…”
ထိုသို့ မာမာထန်ထန် ပြောကာ ဟန်လိသည် သူ၏ဓားပျံများကို တုံ့နှေးမနေဘဲ လက်ညွှန်သည်။ ထိုအခါ ဓားများသည် မြူလွှာတစ်ခုအသွင်သို့ ပြောင်းကာ အခန်းထောင့်ရှိ မြေခွေးမှ အသွင်ပြောင်းထားသော မိန်းမပျိုထံ ခြုံလွှမ်းလာသည်။ မိန်းမပျိုသည် ဟန်လိ တိုက်ခိုက်လာတာ မြင်သည့်အခါ ညစ်ပြုံးပြုံး၍ သူမ၏ စွဲမက်ဖွယ်ပန်းရောင်နှုတ်ခမ်းကို လှုပ်သည်။ စွဲညှို့မှုအပြည့်၊ အရိုးထိ တုန်လှုပ်စေမည့် ရယ်မောသံနှင့်အတူ သူမသည် အဖြူရောင်လင်းလက်ကာ ပျောက်ကွယ်သွားလေသည်။
မိုးပြာမြူသည် မည်သည့်အရာကိုမျှ တိုက်ခိုက်မိခြင်း မရှိဘဲ အဆုံးသတ်သွား၏။ သို့သော် ကြည်ပြာကျောက်သားနံရံတွင်မူ အသံလှိုင်းမြည်သံများ ထသွားသည်။
ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး စိတ်ဝိညာဉ်အာရုံကို ဤအခန်းတစ်ခွင် လျင်မြန်စွာ ဖြန့်ကျက်သည်။ သို့သော် နတ်ဆိုးမြေခွေး၏ သဲလွန်စကိုပင် သူ မတွေ့ရပေ။ သူမ၏ ဖုံးကွယ်မှုပညာရပ်ကား သူ့စိတ်ဝိညာဉ်အာရုံ၏ အစွမ်းထက် သာလွန်နေသည်။ သို့သော် ဟန်လိသည် တည်ငြိမ်လျက်ပင်။ သူက အေးစက်စက်နှာမှုတ်ကာ သိုလှောင်အိတ်ကို ထိပုတ်ပြီး ငွေရောင်ခေါင်းလောင်းတစ်ခုကို ထုတ်ယူသည်။
“သွား” ဟန်လိက ထိုသို့ အော်ဟစ်လိုက်သည်။ ခေါင်းလောင်းငယ်သည် စတင်တောက်ပလာပြီး ချက်ခြင်းပင် သူ၏ခေါင်းထက် တစ်မီတာလောက်ထိ ပျံသန်းတက်သွားသည်။ နည်းနည်းလေးမျှ နှေးဖင့်မနေဘဲ ဟန်လိက မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးကာ ပါးစပ်ဟ၍ မိုးပြာချီကို ငွေရောင်ခေါင်းလောင်းထံ ထွေးထုတ်သည်။
ရှေးဟောင်းရတနာခေါင်းလောင်းသည် အလင်းဖြင့် စီးဆင်းကာ ကျယ်လောင်သောမြည်သံတစ်သံကို ထုတ်လွှတ်သည်။
ဤအခန်းသည် ချိပ်ပိတ်ထားသည်ဖြစ်၍ ငွေခေါင်းလောင်း၏အသံတိုက်ခိုက်မှုများသည် အနည်းငယ် ပိုသက်ရောက်မှု ရှိသွားပုံ ရသည်။ ဤအခိုက်တွင် ကြည်ပြာကျောက်သားအခန်းတစ်ခုလုံးသည် အသံဟိန်းနေပြီး ဟန်လိနှင့် မီတာနှစ်ဆယ်အတွင်းရှိ လေထုမှာ စတင်ပုံပျက်လာသည်။ ခဏအကြာတွင် အဝတ်ဗလာနှင့်မိန်းမပျိုသည် အဖြူရောင်လင်းလက်ကာ ပေါ်ထွက်လာသည်။ သူမသည် ဤအသံတိုက်ခိုက်မှုကြောင့် ယိမ်းထိုးကာ ထွက်လာရပေသည်။
ဟန်လိသည် ကျေနပ်သွား၏။ သူ့စိတ်ထဲ၌လည်း စဉ်းစားမရ ဖြစ်သွား၏။ ဤနတ်ဆိုးမြေခွေးသည် ပုံမှန်အဆင့်ခုနစ်နတ်ဆိုးသားရဲများထက် အားနည်းပုံ ပေါ်သည်။ ပြန်ဝင်စားခြင်း မပြုလုပ်ခင် အလောင်းနတ်ဆိုးသည် ဒဏ်ရာ ရခဲ့၍များ ဤသို့ ဖြစ်ရသည်လား။
ထိုသို့ တွေးနေသော်လည်း ဟန်လိသည် လက်နှေးမနေပေ။ သူ့လက်ကို လှုပ်ရှားသည်။ မိုးပြာဓားချီတန်းငါးခုသည် သူမထံ ပြေးဝင်သွား၏။ တစ်မီတာမျှ အရှည်ရှိမည့် အလင်းတန်းများသည် သူမ၏ခန္ဓာကိုယ်ကို ချက်ခြင်းလက်ငင်း ထွင်းဖောက်သွားသည်။ ထို့နောက်တွင် နာကျင်စွာ အော်ဟစ်သံနှင့်အတူ ထိုအမျိုးသမီးသည် အခန်းကြမ်းပြင်ပေါ်သို့ လဲကျသွား၏။ သူမ၏ ဘေးနားတွင် သွေးအိုင်တစ်အိုင် ဖြစ်ထွန်းသွားသည်။
ဟန်လိသည် ဤမျှလွယ်ကူစွာ ထိခိုက်သွားသည့်အပေါ် မင်သက်သွားသည်။ သူ ထိုသို့ အကြောင်သား ဖြစ်သွားစဉ် သူ့လက်ထဲမှ ကျောက်စိမ်းတောင်ဝှေးမှာ ရုတ်တရက်ကြီး ပူပြင်းလာပြီး အနီရောင်လင်းလက်ကာ သူ့ခန္ဓာကိုယ်သည် အနီရင့်ရောင်အလင်းအရံအတားနှင့် ခြုံလွှမ်းခံရသည်။
တရပ်စပ်တည်းမှာ ဗလာကင်းမဲ့နေဟန်တူသော နေရာမှ ငွေရောင်အမျှင်တန်းများက သူ့ကို တိုက်ခိုက်လာခဲ့ပေသည်။ အလင်းအရံအတား၏ ရုတ်တရက် ထွက်ပေါ်လာမှုက ဤတိုက်ခိုက်မှုများကို အချိန်မီ တားဆီးနိုင်လိုက်သည်။
“ဘာလို့လဲ…အဲ့လိုမဟုတ်ရဘူး…”
အမျိုးသားသံနှင့် အမျိုးသမီးသံတို့မှာ သံပြိုင်ထွက်ပေါ်သွားသည်။
အမြင်အာရုံ ပြန်ကောင်းမွန်လာပြီးနောက် ဟန်လိသည် ပါးစပ်ဟ၍ ငွေရောင်အမျှင်တန်းများ တိုက်ခိုက်လာသောနေရာထံ မိုးပြာအလင်းတန်းတစ်ခုကို ထွေးထုတ်သည်။
စွဲဆောင်မှုရှိသော၊ စိတ်ဝိညာဉ်ကို တုန်ခါစေသော ရယ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ အဖြူရောင်အလင်းတစ်ခုသည် အခန်းထောင့်၏ အခြားနေရာတွင် ပေါ်လာလေသည်။ ထိုအလင်းနှင့်အတူ အဝတ်ဗလာနှင့်မိန်းမပျိုသည် သူမ၏လက်နှစ်ဖက်ဖြင့် ရင်ဘက်ကိုဖိကာ ထွက်ပေါ်လာ၏။
ဟန်လိသည် ရုပ်ပျက်သွား၏။ သူ့အကြည့်က ထိုမိန်းမပျို အစောပိုင်းတုန်းက ပြုတ်ကျသွားသောနေရာထံ ကျရောက်သွားသည်။ သို့ပေမည့် ထိုနေရာတွင် မည်သည့်အရာမျှ ရှိမနေတော့ပေ။
ဟန်လိက ရှုံ့မဲ့စွာ ပြောလိုက်သည်။
“ပုံရိပ်ယောင် ပညာရပ်…”
မိန်းမပျိုက အားပါးတရ ပြုံးရုံသာ ပြုံးပြီး မည်သို့မျှ မတုံ့ပြန်ဘဲ ထိုအစား သူမ၏အကြည့်က ဟန်လိဘေးနားရှိ အဝါရောင်ဝံပုလွေထံ ကျရောက်လာသည်။ သူမ၏မျက်နှာထက်တွင် အံ့အားသင့်ဟန် အရိပ်အယောင် ဖြစ်ပေါ်သည်။
ဟန်လိသည် မိန်းမပျို၏ ထိုအမူအရာကို မြင်သည့်အခါ သူ့စိတ်နှလုံးမှာ လှုပ်ခတ်သွား၏။ သူလည်း ဝံပုလွေကို ကြည့်မိသည်။ ထို့နောက်တွင် သူက လက်ထဲရှိ ကျောက်စိမ်းတောင်ဝှေးပေါ် အာရုံရောက်သွားပြီး သူ၏အမူအရာမှာ တုန်လှုပ်သွားလေသည်။
မြေခွေး၏ ဉာဏ်များလှသော တိုက်ကွက်များကို ပိတ်ဆို့ခဲ့သော အလင်းအရံအတားသည် သူ့အမိန့်ကြောင့် မဟုတ်ခဲ့ပေ။ တောင်ဝှေး၏ စိတ်ဝိညာဉ်က ၎င်း၏အသိစိတ်အရ သူ့ကို ကာကွယ်ပေးခဲ့သည်များလား။ ထိုအခိုက်တွင် အနီရောင်နှင့်အဝါရောင် ဝံပုလွေများ ပေါင်းစပ်ထားသည့် အံ့ဖွယ်ငွေရောင်ဝံပုလွေတစ်ကောင်၏ ဆန်းကြယ်မှုက ဟန်လိ၏စိတ်ထဲ ရုတ်တရက် ရောက်လာပြီး သူ့စိတ်နှလုံးကို လေးလံသွားစေသည်။
ဟန်လိ၏လက်ထဲရှိ ကျောက်စိမ်းတောင်ဝှေးသည် အနီရောင်လင်းလက်သွားပြီး သူ၏ရှေ့တွင် အနီရောင်ဝံပုလွေတစ်ကောင် မပေါ်လာခင်တွင် သူမက သူမ၏သွယ်လျသော ခါးကို တွန့်လိမ်လိုက်ပြီး တစ်ခုခုကို တွေးမိသွားပုံရသည်။ ထိုအနီရောင်ဝံပုလွေ ပေါ်လာသည်နှင့် အနီနှင့်အဝါရောင် ဝံပုလွေများသည် အတူတကွ ပေါ်ထွက်လာခဲ့တော့သည်။ ထိုမြင်ကွင်းကြောင့် ဟန်လိမှာ ကြီးစွာ တုန်လှုပ်အံ့အားသင့်သွားရပြီး လက်ထဲရှိ ကျောက်စိမ်းတောင်ဝှေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။ သူသည် အလျင်စလို မလှုပ်ရှားဝံ့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် အဝါနှင့်အနီအလင်းများ စုစုံနေသောနေရာမှ ငွေရောင်အလင်းဝိုင်းတစ်ခု ပေါက်ကွဲထွက်လာ၏။ ၎င်းအလင်းဝိုင်းအတွင်း၌ သုံးမီတာလောက် အရှည်ရှိမည့် အမြှီးကို ပိုင်ဆိုင်ထားသော ငွေရောင်ဝံပုလွေတစ်ကောင် ပေါ်ထွက်လာသည်။ ထိုဝံပုလွေသည် လေထဲတွင် ရပ်လျက် နတ်ဆိုးမြေခွေးကို စိတ်ဝင်စားဟန်ဖြင့် ကြည့်နေသည်။
အဝတ်ဗလာနှင့်အမျိုးသမီးသည် ငွေရောင်ဝံပုလွေအကြောင်း မသိနေသော်လည်း ၎င်းပေါ်ထွက်လာသည်နှင့် သူမအနေဖြင့် အကြောက်တရားကို ခံစားမိနေပေပြီ။ ထိုဝံပုလွေကောင်ကြီး၏ စိုက်ကြည့်မှုအောက်တွင် သူမ၏စွဲဆောင်နိုင်စွမ်းအလှတရားမှာ အလိုလို တောင့်တင်းအေးခဲသွားရသည်။ ထို့နောက်တွင် သူမအတွက် အခြေအနေ မကောင်းလှဟု သဘောပေါက်သွား၏။ မျက်ခုံးပင့်၍ အလေးအနက်ဟန်ပန်ဖြင့် သူမသည် ပန်းရောင်မြူအစိတ်အပိုင်းကို ထွေးထုတ်ကာ သူမ၏တစ်ကိုယ်လုံးကို ချက်ခြင်း ကွယ်ဖုံးပစ်သည်။
ပန်းရောင်မြူသည် လေထဲသို့ အလျင်အမြန် ပျံ့လွင့်လာပြီး မျက်စိတစ်မှိတ်အတွင်း အခန်းတစ်ခုလုံးနီးပါးကို ထွေးခြုံသွား၏။ ဟန်လိသည် ပန်းရောင်မြူ၏ ရည်ရွယ်ချက် အမှန်ကို မသိသော်ငြား ၎င်းအောက်၌ သူ့အနေဖြင့် အသက်မရှုဝံ့ချေ။ သူ့အမူအရာက တင်းမာခက်ထန်လာပြီး ခါးရှိ သားရဲသိုလှောင်အိတ်ကို ဆုပ်ကိုင်သည်။ ဤမြေခွေး၏ ပညာရပ်သည် မည်မျှ အထင်ကြီးဖွယ်ကောင်းသည်ဖြစ်စေ ရွှေဝါးမြိုခြင်းပိုးတောင်မာ ထောင်သောင်းချီ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိလိမ့်မည်ဟု သူ့အနေဖြင့် မယုံကြည်ပေ။
သို့သော် ဟန်လိသည် စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ကို ဖွင့်လှစ်တော့မည့် အချိန်တွင် ငွေရောင်ဝံပုလွေက အရင်လှုပ်ရှားလေသည်။ ဟန်လိမှာ ကြီးစွာ အံ့အားသင့်သွားရသည်။ ဝံပုလွေက ရုတ်တရက် ပါးစပ်ဟကာ မရေမတွက်နိုင်သော လက်သီးစုပ်ခန့် ငွေရောင်စက်ဝန်းများကို မြူထံ စေလွှတ်လေ၏။ ထို့နောက်တွင် ဟိန်းသံပေးကာ ဝံပုလွေသည် ငွေရောင်အလင်းတန်းအဖြစ် ရှေ့သို့ ခုန်အုပ်ဝင်ရောက်သည်။
ဟန်လိသည် ဆွံ့အကာ သူ့ရွှေရောင်ဝါးမြိုခြင်းပိုးတောင်မာများကို ရပ်တန့်ရန် အမိန့်ပေးသည်။ ထို့နောက် မြူထဲသို့ ရောက်ရှိသွားသော ငွေရောင်စက်ဝန်းများသည် ပေါက်ကွဲကုန်သည်။ ငွေရောင်အလင်းက ပန်းရောင်မြူနှင့် ရောထွေးယှက်လိမ်နေခြင်းနှင့်အတူ နတ်ဆိုးမြေခွေး၏ ဒေါသတကြီး အော်ဟစ်သံများကို ကြားရသည်။
ဤသို့ဖြင့် ဝံပုလွေမှာ မြူထဲသို့ ရောက်ရှိသွားသည်။
“နင် ဘာလုပ်နေတာလဲ။ မဖြစ်နိုင်ဘူး…နင်…အဲ့လို မဖြစ်ရဘူး…”
မယုံကြည်နိုင်ဖွယ်အရာတစ်ခုကို တွေ့မြင်ရသည့်အလား မြေခွေးသည် ကြောက်လန့်တကြား အော်ဟစ်၏။ ခဏအကြာတွင် ကြောက်မက်ဖွယ် အသံဗလံများ လွင့်ပြယ်သွားစဉ် သူတို့ကို မြင်ရသည်။
ဟန်လိက မြူထံသို့ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေပြီး သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။ မြူများလွင့်ပြယ်သွားချိန်တွင် နောက်ကွယ်မှမြင်ကွင်းကို ဟန်လိ မြင်ရလေပြီ။ ကြမ်းပြင်ပေါ်တွင် လဲကျ၍ တုန်ရင်နေသော အဝတ်ဗလာမဲ့မြေခွေး (ဝါ) မိန်းမပျိုကို မြင်ရသည့်အခါ ဟန်လိ၏မျက်နှာက ရှုံ့မဲ့သွားသည်။ ပန်းရောင်နှင့်ငွေရောင်တို့ကား မိန်းမပျို၏ခန္ဓာကိုယ်ပေါ်တွင် တစ်ဝက်စီ လွှမ်းခြုံလျက်ရှိ၏။ ၎င်းအရောင်နှစ်ခုက တိုက်ခိုက်နေသည့်အလား မီးပွင့်များ ဖြာထွက်နေသည်။
“ခန္ဓာကိုယ်အပိုင်စီးခြင်းလား…”
ဟန်လိသည် အလန့်တကြား ထအော်မိ၏။ ငွေရောင်အလင်းက ရုတ်တရက် အသာစီးရကာ ပန်းရောင်အလင်း၏ နယ်နိမိတ်ထဲ ဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်နေသည်။
“မဟုတ်ဘူး…” မိန်းမပျိုက လက်နှစ်ဖက်ဖြင့် ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး နာကျင်စွာ အော်ဟစ်လိုက်လေ၏။ တအောင့်အကြာတွင် သူမ၏ခန္ဓာကိုယ်သည် တုန်ရင်လာသလို အဖြူရောင်အလင်းများ လင်းလက်ခြင်းနှင့်အတူ ပြောင်းလဲမှုများလည်း ဆက်တိုက် ဖြစ်နေသည်။ စက္ကန့်ပိုင်းလောက်ကြာပြီးနောက် သူမ၏အသွင်ပုံစံသည် မြေခွေးဖြူအဖြစ်သို့ ပြန်ပြောင်းသွားတော့သည်။
နောက်ဆုံးလက်ကျန်ပန်းရောင်အလင်းသည် ငွေရောင်အလင်း၏ အစားထိုးခြင်းကို ခံလိုက်ရပြီး မြေခွေးခန္ဓာကိုယ်၏ အံ့ချီးဖွယ်ကျင့်ကြံမှုမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ ခုချိန်တွင် ၎င်းသည် မူလကအတိုင်း အဆင့်နတ်ဆိုးသားရဲတစ်ကောင်သာ ပြန်ဖြစ်သွားလေပြီ။
မြေခွေးဖြူသည် မြေပြင်ထက်၌ အမူအရာကင်းမဲ့စွာဖြင့် ထိုင်နေ၏။ ၎င်းမှာ လုံးဝ ခြေကုန်းလက်ပမ်းကျနေသည့်အလား။ သို့သော် ၎င်း၏ခန္ဓာကိုယ်ကို ခြုံလွှမ်းထားသော ငွေရောင်အလင်းကမူ သာ၍ လင်းဖြာနေချေသည်။
ဟန်လိသည် ကျောက်စိမ်းတောင်ဝှေးကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူ့မျက်နှာထက်တွင်လည်း မရေရာ၊မသေချာဟန် ဖြစ်ပေါ်နေသည်။ ငွေရောင်ဝံပုလွေသည် ၎င်း၏ခန္ဓာကိုယ်ပိုင်စိုးခြင်းကို အောင်မြင်ခဲ့မှန်း သိသာ၏။ သို့သော် ၎င်းသည် မြေခွေး၏ခန္ဓာကိုယ်ထဲရှိနေစဉ် သူ့အနေဖြင့် ငွေရောင်ဝံပုလွေကို အမိန့်ပေးနိုင်ခြင်း သို့တည်းမဟုတ် ဆက်၍ ထိန်းချုပ်နိုင်ခြင်း ရှိ၊မရှိကိုမူ မသိတော့ပေ။
အချိန်အတော်အတန်ကြာပြီးနောက် ဟန်လိသည် သက်ပြင်းရှည်သာ ချမိတော့သည်။ သူ မည်သို့ပင်ကြည့်ကြည့် ခုလက်ရှိတွင် အဖြူရောင်မြေခွေးသည် နည်းနည်းလေးမျှ ခုခံနိုင်သော စွမ်းအား မရှိနေတော့ပေ။ သူ့အနေဖြင့် ၎င်းကို အားစိုက်ထုတ်၍ ရှင်းလင်းရန်ပင် မလိုတော့ချေ။ ထို့အပြင် ငွေရောင်ဝံပုလွေ၏ လုပ်ဆောင်ချက်များက သူ့အပေါ် မကောင်းသည့်သဘော မပါနေပေ။
တကယ်တော့ ဟန်လိသည် ငွေရောင်ဝံပုလွေ၏ နောက်ကွယ်သမိုင်းကြောင်းကို အမြဲတမ်း ပိုသိချင်နေခဲ့၏။ သို့သော် သူ မစုံစမ်း၊ မမေးနိုင်ခင်မှာပင် တောင်ဝှေး၏ ထိုစိတ်ဝိညာဉ်သည် ၎င်းဘာသာ လှုပ်ရှားမှု ပြုခဲ့သည်။ ထို့ကြောင့် သူ ခန့်မှန်းမိခဲ့သည့်အတိုင်း ၎င်းဝံပုလွေ၏ နောက်ကွယ်၌ သမိုင်းကြောင်းတစ်ခု ရှိနေမှာ ရှင်းနေလေပြီ။
ဤသို့ဖြင့် ဟန်လိသည် အတွေးထဲ နစ်မြောသွားတော့သည်။ မြေခွေးဖြူ၏ ငွေရောင်အလင်းဖြာထွက်မှုက တဖြည်းဖြည်း မှိန်ဖျော့လာပြီး ၎င်းသည် ခြေလေးချောင်းကို အားပြု၍ ထရပ်လာသည်။
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ၎င်းသည် ပြန်လဲကျသွားပြန်သည်။ ထိုမြင်ကွင်းကြောင့် ဟန်လိသည် မရယ်မောမိဘဲ မနေနိုင် ဖြစ်သွားရသည်။
သူ့ရယ်သံကို ကြားသည့်အခါ မြေခွေးဖြူက ဟန်လိကို ဒေါသထွက်ဟန်ဖြင့် ခေါင်းမော့ကာ လှမ်းကြည့်သည်။ ထို့နောက် ဟန်လိသည် မိန်းမပျိုတစ်ယောက်၏အသံကို ကြားရလေသည်။
“ဘာက အဲ့လောက်တောင် ရယ်စရာကောင်းနေတာလဲ။ ငါက ဒီခန္ဓာကိုယ်ကို ခုမှ ပိုင်စိုးလိုက်တာလေ။ ဒါ့ကြောင့် ဒါနဲ့ အသားမကျသေးတာ ပုံမှန်ပဲ…”
ထိုစကားကို ကြားသည့်အခါ ဟန်လိ၏မျက်နှာပေါ်ရှိ အပြုံးသည် တောင့်တင်းသွားပြီး သူက နှာခေါင်းပွတ်ကာ ခပ်တိုးတိုး ပြောလိုက်မိသည်။
“ဒီတော့..မင်းကလည်း အမျိုးသမီးတစ်ယောက်ပဲပေါ့…