ရတနာစိတ်ဝိညာဉ်၏ သခင်
Vol. 44 Ch. 616
ဟန်လိသည် သူမ၏အမေးကို တိုက်ရိုက် မတုံ့ပြန်ဘဲ မျက်ခုံးပင့်၍သာ တုံ့ပြန်သည်။
“ဒီနေ့ နင် ထုတ်ဖော်ပြသသွားတဲ့ စွမ်းရည်တွေရယ်၊ ပညာရပ်တွေအရ ကောင်းကင်လေဟာနယ်ခန်းမမှာတုန်းက နင်ဟာ ဒီကျောက်စိမ်းကို ငါ့လက်ဝယ် ရစေဖို့ တမင် ခွင့်ပြုပေးခဲ့တာမလား…”
ဟန်လိ၏မေးခွေးကြောင့် ငွေရောင်ဝံပုလွေသည် မင်သက်သွားသည်။ သူမ၏ မျက်ဝန်းမှာ လင်းလက်သွားပြီး ပြုံး၍ ဆိုသည်။
“ကျောက်စိမ်းတောင်ဝှေးရဲ့ စိတ်ဝိညာဉ်တစ်ခုအဖြစ် ကောင်းကင်လေဟာနယ်ခန်းမထဲကနေ ကိုယ့်ဘာသာ ထွက်နိုင်ဖို့ အခွင့်အရေး သိပ်မရှိဘူးလေ။ ငါ့ကို အပြင်ဘက် ခေါ်ထုတ်ပေးသွားမဲ့ ကျင့်ကြံသူတစ်ယောက် လိုအပ်နေခဲ့တာ။ အဲ့နေ့တုန်းက ငါ့ကို လိုက်ဖမ်းတဲ့အချိန်မှာ အစွမ်းကုန် မခုခံဘူး။ ကောင်းကင်လေဟာနယ်ဒယ်စောက်ကနေ ချိုးဖျက်ပြီးတဲ့နောက် ငါ့ကျင့်ကြံမှုအဆင့်ဟာ အကြီးအကျယ် ကျဆင်းသွားမှာ ဖြစ်တဲ့အတွက် ငါ့အနေနဲ့ အပြည့်အဝ ခုခံရင်တောင် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဟန့်တားနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲ ကျရောက်သွားတာကမှ ငါ့အတွက် ပိုကောင်းလိမ့်မယ်လေ…”
တစ်ကိုယ်တည်းတီးတိုး ရေရွတ်နေပြီးနောက် ဟန်လိသည် အလေးအနက် မေးသည်။
“အဲ့နေ့တုန်းက အဲ့မှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူဆိုလို့ ငါ တစ်ယောက်တည်း ရှိခဲ့တာမှ မဟုတ်တာ။ နင်က တခြားနှစ်ယောက်ရဲ့ လက်ထဲ ကျရောက်ဖို့ကိုကျ ဘာကြောင့် မရွေးချယ်ခဲ့တာလဲ။ ငါ့ကို ဘာလို့ ရွေးချယ်ခဲ့တာလဲ…”
ငွေရောင်လ၏အမူအရာသည် လှုပ်ရှားသွားပြီး သူမက ပြန်မေးလာသည်။
“နင် ပြောချင်တာက ဝူမျိုးရိုးနာမည်နဲ့ လူငယ်တစ်ယောက်ရယ်၊ ကောင်းကင်လေဟာနယ်ဒယ်စောက်အတွက် နင့်ကို သတ်ဖို့ ကြံစည်နေတဲ့ တစ္ဆေတာအိုကျင့်ကြံသူရယ်ကိုလား…”
“အမှန်ပါပဲ…”
ငွေရောင်လသည် နှုတ်ခမ်းသပ်ကာ ချိုသာစွာ ပြုံး၍ ပြောသည်။
“သူတို့နှစ်ယောက်ကို မရွေးချင်လို့ပေါ့။ တစ်ယောက်ကတော့ တစ္ဆေချီတွေနဲ့ ပြည့်နှက်နေပြီး မသတီစရာကောင်းတယ်။ တခြားတစ်ယောက်ကတော့ သူရဲဘောကြောင်တယ်လေ။ နင်ကတော့ ကြီးကျယ်ထည်ဝါတဲ့သူ မဟုတ်ပေမဲ့ ငါ့မျက်စိထဲ သဘောကျမိလို့ပဲပေါ့။ ဒီအကြောင်းပြချက်တွေက လက်ခံနိုင်လောက်လား…”
သူမသည် အရိုးသားဆုံး သဘောကို ဟာသနှော၍ ပြောလိုက်ပုံပင်။
ဟန်လိသည် ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။
“ရောင်းရင်းက မပြောချင်မှတော့ ကျုပ်လည်း ဖိအား မပေးတော့ဘူး။ ဒါပေမဲ့ ပိုအရေးကြီးတာတစ်ခု မေးစရာ ရှိတယ်။ နင်က ငါ့ရဲ့ သိုလှောင်အိတ်အတွင်းမှာ နှစ်ပေါင်းများစွာ ရှိခဲ့တာဆိုတော့ ငါ့ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နိုင်စွမ်း ရှိခဲ့တာလား…”
ဟန်လိ၏ မေးခွန်းကား ရေခဲတမျှ အေးစက်လှသည်။ အခန်းအတွင်းရှိ အပူချိန်သည်ပင် ချက်ခြင်း လျော့ကျသွား၏။
သူမ၏အပြုံးသည် ပျောက်ကွယ်ကာ လေးလေးနက်နက် ပြန်တုံ့ပြန်လာသည်။
“အမှန်ပဲ။ အစ်ကိုဟန်ရဲ့ ပညာရပ်တွေကိုပဲ ဖြစ်ဖြစ်၊ မှော်ရတနာတွေကိုပဲဖြစ်ဖြစ် ကျမဟာ အကုန်လုံးကို မြင်သိခဲ့ရပါတယ်။ ရှင့်မှာ ကောင်းကင်ဘုံကို ဖိဆန်နိုင်တဲ့ ပုလင်းငယ်တစ်ခု ပိုင်ဆိုင်ထားတာကိုပါ ကျမ သိပါတယ်…”
ဟန်လိသည် အနည်းနှင့်အများ ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း သူ့အမူအရာမှာ ထိုစကားများကို ကြားရပြီးနောက် ချက်ခြင်းပင် သုန်မှုန်သွားသည်။ သူက မိန်းမပျိုကို အေးစက်စက် တစ်ချက်လှမ်းကြည့်ပြီး မည်သို့တုံ့ပြန်မလဲ စဉ်းစားနေသည်။
ငွေရောင်လသည် ဟန်လိ၏ ရေခဲတမျှ အေးစက်သော အမူအရာကို လစ်လျူရှုကာ အားငယ်စွာ ပြုံး၍ မေးလိုက်သည်။
“ရောင်းရင်းတာအိုဟန်က ငါ့ကို သတ်ဖို့များ စီစဉ်ထားတာလား။ တကယ်တော့ ကျင့်ကြံခြင်းဂိုဏ်းတွေကသာ ကောင်းကင်ဘုံဖိဆန်တဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားမှန်း သိသွားခဲ့ရင် အစ်ကိုဟန်အနေနဲ့ ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားလိမ့်မယ်နော်…”
ဟန်လိသည် ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်သွား၏။ သူ၏အကြည့်ကား ဓားသွားနှယ် စူးရှသွားသည်။
ရန်လိုသည့်ဟန်ဖြင့် ဟန်လိသည် အေးစက်စွာ ပြောသည်။
“ရောင်းရင်း…ငွေရောင်လဟာ ကျုပ်ရဲ့ သဘောကို သေချာသိရဲ့နဲ့ ခုလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောဝံ့တယ်ဆိုတော့ ကျုပ်က နင်နဲ့ ချိတ်ဆက်ထားတဲ့ ရတနာကို ဖျက်စီးသွားမှာ မစိုးရိမ်ဘူးလား။ နင့်ကို အပြတ်ရှင်းပစ်မယ်ဆို ဘယ်လျှို့ဝှက်ချက်မှ ပေါက်ကြားတော့မှာ မဟုတ်ဘူး။ ဒါမှမဟုတ် ငါက နင့်ကို သတ်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ ထင်နေတာလား…”
ငွေရောင်လသည် ခေါင်းယမ်း၍ လေးလေးနက်နက် ပြောလိုက်သည်။
“ငါ့ရဲ့ ခုလက်ရှိ စွမ်းရည်၊ ဒီခန္ဓာကိုယ်အပေါ် အသားမကျသေးတာနဲ့ ငါ့ရဲ့ မှော်ရတနာတွေနဲ့ဆို နင့်ကို မယှဉ်နိုင်ဖို့ များပါတယ်။ စိတ်ဝိညာဉ်ဝါးမြိုခြင်း ပညာရပ်ကို သုံးပြီး ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးတဲ့နောက် ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ အများကြီး လျော့ကျသွားခဲ့တယ်။ ငါတို့သာ တိုက်ခိုက်မယ်ဆို ငါ့အတွက် အနိုင်ရခြေဟာ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိမှာ။ ဒါ့အပြင် ငါ မှီခိုရတဲ့ ရတနာကလည်း နင့်လက်ထဲမှာလေ။ နင်သာ ဆန္ဒရှိမယ်ဆို ငါ ပျောက်ကွယ်သွားရမှာ သေချာပါတယ်…”
ဟန်လိသည် အေးစက်စက်နှာခေါင်းရှုံး၏။ သို့သော် မိန်းမပျိုကမူ ဂရုမစိုက်ဘဲ ဆက်၍ ရှင်းပြလာသည်။
“ကျမကို မသတ်ဘဲ အဲ့အတွက် အပြစ်ပေးမယ်ဆိုလည်း ကျမအနေနဲ့ ကျေနပ်ပါတယ်။ ရှင်ဟာ သူရဲကောင်းကြီး မဟုတ်ပေမဲ့ ကျေးဇူးကျွေးကို နားလည်တဲ့သူမှန်း ကျမ သေချာသိတယ်။ ကျမကသာ နတ်ဆိုးမြေခွေးရဲ့ တိုက်ခိုက်မှုကို မတားဆီးပေးခဲ့ရင် အစ်ကိုဟန်အနေနဲ့ ကျမကို ခုလောက်ထိ စကားများခွင့် ပေးမှာမဟုတ်တာကိုလည်း ကျမ သိပါတယ်…”
ဟန်လိသည် သူမကို မငြင်းဆန်ပေ။ ထိုအစား သူက တည်ငြိမ်စွာ ဝန်ခံသည်။
“ကျုပ်က မင်းကို အခွင့်အရေးပေးခဲ့ရင်တောင် ကျုပ်ကို စိတ်ကျေနပ်အောင် မရှင်းပြနိုင်ဘူးဆို လုပ်သင့်တာလုပ်ရမှာပဲ။ ကျုပ်အနေနဲ့ ပုလင်းအကြောင်း အပြင် ပေါက်ကြားသွားမဲ့အဖြစ်မျိုးကို လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူး…”
ငွေရောင်လသည် နားလည်သည့်ဟန်ဖြင့် ရှင်းပြပြန်သည်။
“ဒါက အဆင်ပြေပါတယ်။ အစ်ကိုဟန်ရဲ့ စကားတွေက ကျမ တွေးထင်ထားသလိုပါပဲ။ အစ်ကိုဟန်ကသာ ရက်စက်ပြီး ပြတ်သားတဲ့သူမဟုတ်ရင် ကျင့်ကြံခြင်းလောကမှာ ဒီအဆင့်ထိ ဘယ်ရောက်လာနိုင်ပါ့မလဲ။ တကယ်တော့ ကျမဟာ သခင်တစ်ယောက်ကို အသိအမှတ်ပြုပြီးတဲ့နောက် ချက်ခြင်း ပြန်မစွန့်ပယ်ချင်ပါဘူး…”
ဟန်လိသည် ထိုစကားကို ကြားကြားချင်း ကြောင်သွားသေးသည်။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“သခင်တစ်ယောက်အဖြစ် အသိအမှတ်ပြုတာလား…။ ဒါက ဘာကို ဆိုလိုတာလဲ။ ဒီလို စကားလေး တစ်ခွန်း၊နှစ်ခွန်းလောက် ပြောလိုက်ရင် ငါက နင့်ကို လွှတ်ပေးမယ်လို့ ထင်နေတာလား…”
အမျိုးသမီး၏ မျက်လုံးများသည် တောက်ပသွား၏။ သူသည် ရှည်ရှည်ဝေးဝေး ဆက်ရှင်းပြလာပြန်သည်။
“ဒါက ရိုးရှင်းတဲ့ ကိစ္စတစ်ခု မဟုတ်နေဘူး။ ကျမသိသလောက်ဆို ရှင်ရဲ့ ဝါးတိမ်အုပ်ဓားတွေမှာ ရတနာစိတ်ဝိညာဉ် မရှိသေးဘူးမလား။ ကျမဟာ ကျောက်စိမ်းတောင်ဝှေးရဲ့ အဓိကစိတ်ဝိညာဉ်ကနေ ရှင့်ရဲ့ ဓားတွေအတွက် အချိန်တစ်ခုထိ ရတနာစိတ်ဝိညာဉ်အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲ့တာဆို ရှင့်ဓားတွေဟာ ပိုအစွမ်းထက်သွားမှာ။ ပြီးတော့ ရှင့်အတွေးတစ်ချက်နဲ့တင် ကျမကို သတ်ပစ်နိုင်စွမ်းလည်း ရှိလာမှာ ဖြစ်တယ်။ ဒီလောက်ဆို ရှင် ကျမကို ချမ်းသာပေးဖို့အတွက် လုံလောက်ပြီမလား။ တကယ်တော့ ရှင့်ရဲ့ ရတနာစိတ်ဝိညာဉ်အဖြစ် ကျမမှာ ရှင့်အပေါ် မကောင်းတဲ့စိတ် ရှိမနေတာ ရှင်လည်း အာရုံခံမိမှာပါ။ ဒါ့အပြင် ကျမရဲ့ အသွေးအသားခန္ဓာကိုယ်ဟာ ပင်မစိတ်ဝိညာဉ်နဲ့ အဝေးကြီး ခွဲထွက်နေလို့ မရတဲ့အတွက် ကျမအနေနဲ့ ရှင့်ကို ထားခဲ့ပြီး ထွက်ပြေးမှာကိုလည်း စိတ်ပူစရာ မရှိပါဘူး…”
ဟန်လိသည် မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာသည့်အထိ စဉ်းစားခန်း ဝင်နေသည်။ ထို့နောက်တွင် သူက မျက်နှာသေဖြင့် မေး၏။
“ရတနာစိတ်ဝိညာဉ်တွေဟာ သူတို့ရဲ့ ပင်မခန္ဓာကိုယ်ကို ပြောင်းလဲလို့ ရလို့လား။ အဲ့လို ပြောင်းလဲလို့ ရနိုင်တယ်ဆိုရင်တောင် နင်က ဘာကြောင့် ငါ့ရဲ့ ရတနာစိတ်ဝိညာဉ် ဖြစ်လာချင်ရတာလဲ။ ကောင်းကင်လေဟာနယ်ခန်းမထဲကနေ နင့်ကို ခေါ်ထုတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တာကြောင့်လို့တော့ ငါ့ကို လာမပြောလေနဲ့…”
မိန်းမပျိုသည် သက်ပြင်းချကာ ဖြည်းဖြည်းချင်း ပြောသည်။
“တခြားရတနာစိတ်ဝိညာဉ်တွေဟာ အသိစိတ်မပိုင်ဆိုင်ကြတဲ့အတွက် သူတို့ရဲ့ ခိုအောင်းရာ ရတနာကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျမကတော့ မတူဘူး။ ကျမတို့နှစ်ဦးနှစ်ဖက်လုံး ဆန္ဒရှိမယ်ဆို ကျမအနေနဲ့ အဲ့လိုလုပ်နိုင်စွမ်း ရှိတယ်။ ကျမရဲ့ ခိုအောင်းရာ ရတနာကို ပြောင်းလဲမယ်ဆိုရင်တော့ အလွန်နာကျင်ရမှာဟာ သဘာဝပါပဲ။ ဒါပေမဲ့ ကျမရဲ့ ရည်ရွယ်ချက်ဟာ တစ်သက်လုံး ရတနာစိတ်ဝိညာဉ် ဖြစ်ချင်တာ မဟုတ်ဘူး။ ခုချိန်မှာ ကျမဟာ ရှင့်ရဲ့ ရတနာစိတ်ဝိညာဉ် ဖြစ်လာဖို့ တောင်းဆိုချင်တာဟာ အနာဂတ်မှာ ကျမအတွက် စစ်မှန်တဲ့လွတ်လပ်မှုကို တောင်းဆိုချင်လို့ပဲ…”
ဟန်လိသည် စိတ်လှုပ်ရှားသွားသည်။ သူ့အမူအရာကလည်း ပျော့ပျောင်းသွား၏။
“နင် အသေးစိတ် ပြောနိုင်မလား…”
“ကျမ အသေးစိတ်တော့ သေချာ မပြောနိုင်ဘူး။ ဒါပေမဲ့ ကျမရဲ့ တစုတစည်းတည်း ဖြစ်မနေသေးတဲ့ မှတ်ဉာဏ်တွေအရဆို ကျမသာ လျှို့ဝှက်ပညာရပ်တစ်ခုကို ကျင့်ကြံခဲ့ရင် ကျမရဲ့ ခိုအောင်းရာရတနာ ပိုင်ရှင်ဟာ ဒဏ္ဍာရီလာ နတ်အသွင်ပြောင်းခြင်းအဆင့်ကို တက်လှမ်းနိုင်မယ်ဆို ကျမအနေနဲ့ လွတ်လပ်မှုကို တောင်းဆိုနိုင်လိမ့်မယ်လို့ သိထားတယ်။ ဒါပေမဲ့ အဲ့လိုမဖြစ်ခင် ကျမဟာ ရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ။ အဲ့အတိုင်ခင် အကြောင်းတစ်ခုခုကြောင့် ရှင် သေသွားခဲ့တယ်ဆိုရင်တော့ ကျမဟာ နေက်ထပ် ကျင့်ကြံသူတစ်ယောက်ကို ရှာရမှာပေါ့။ ဒါပေမဲ့ ကျမအထင်တော့ ရှင့်ရဲ့ တန်ဖိုးရှိလှတဲ့ ပုလင်းငယ်နဲ့ဆို ရှင်ဟာ ကျမရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့များပါတယ်။ ဒါကြောင့်လည်း ကျမဟာ ရှင့်ရဲ့ ရတနာစိတ်ဝိညာဉ် ဖြစ်လာဖို့ လိုလိုလားလား ကမ်းလှမ်းချင်စိတ် ရှိတာပါ…”
ထိုစကားများကို ကြားသည့်အခါ ဟန်လိ၏အမူအရာမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သက်ပြင်းရှည်ကြီး ချပြီးနောက် သူက ပြောသည်။
“နင်…အမှန်တိုင်း ပြောတာဖြစ်စေ၊ မပြောတာ ဖြစ်စေ…ငါ့အနေနဲ့ ဒီနည်းကလွဲလို့ တခြားနည်းလမ်း ရှိမနေဘူး။ ဒါကြောင့် နင့်ရဲ့ တောင်းဆိုမှုကို ငါ မငြင်းပယ်နိုင်ဘူး။ ဒါပေမဲ့ အချိန်တစ်ခုထိ နင့်ခန္ဓာကိုယ်ပေါ်မှာ ယာယီအတားအဆီးတစ်ခုကိုတော့ ငါ ချထားရလိမ့်မယ်။ တကယ်တော့ ရတနာစိတ်ဝိညာဉ်အဖြစ် ရုတ်တရက်ကြီး ပြောင်းလဲဖို့ဟာ ချက်ခြင်း လုပ်လို့ရတဲ့ ကိစ္စ ဟုတ်မနေဘူး။ အရင်ဆုံး ငါကိုယ်တိုင်လည်း ကြိုပြင်ဆင်ရမယ်။ ကောင်းပြီလေ…ဆိုတော့…နင့်ရဲ့ ခိုအောင်းရာရတနာရဲ့ ဘယ်လောက်ဝေးဝေးထိ ဒီခန္ဓာကိုယ်အသွင်နဲ့ သွားရောက်နိုင်လဲ…”
ငွေရောင်လသည် ဟန်လိ သဘောတူတာ မြင်သည့်အခါ ပျော်ရွှင်သွားပုံ ရသည်။ သူမက နာနာခံခံဖြင့် ပြန်ဖြေသည်။
“ခုလက်ရှိမှာ ကျမဟာ ရှင်နဲ့ ကီလိုမီတာငါးဆယ်အတွင်းမှာပဲ ရှိမှ ဖြစ်မှာပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာတော့ ဒီနတ်ဆိုးမြေခွေးရဲ့ ကျင့်ကြံမှုအဆင့်ဟာ တိုးတက်လာရင်တော့ အဲ့အကျယ်အဝန်းထက် ပိုသွားနိုင်ပါလိမ့်မယ်…”
ဟန်လိသည် ဤကိစ္စကို သေချာ သတိထားနေသည်။
“အဲ့အကျယ်အဝန်းထက် ပိုသွားခဲ့မယ်ဆို ဘာဖြစ်မှာလဲ…”
“ဒီထက် ပိုသွားမယ်ဆို ကျမရဲ့ စိတ်ဝိညာဉ်ဟာ ခိုအောင်းရာ ရတနာရဲ့ ဆင့်ခေါ်တာ ခံရပြီး ပြန်လာရလိမ့်မယ်။ ဒါပေမဲ့ ရောင်းရင်းအနေနဲ့ ဒီကိစ္စကို စိတ်ပူဖို့ မလိုပါဘူး။ ငါ့ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်သိုလှောင်အိတ်ထဲမှာ ဘေးကင်းကင်းနဲ့ ချိပ်ပိတ်ထားလို့ရမဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကို ငါ သိပါတယ်။ နင်သာ အဲ့ပညာရပ်ကို ကျင့်ကြံပြီး အမိန့်ပေးမယ်ဆို ငါဟာ စိတ်ဝိညာဉ်သိုလှောင်အိတ်ထဲကနေ စိတ်ကြိုက် ဝင်နိုင်၊ထွက်နိုင်သွားပြီ။ ဒါကြောင့် ရောင်းရင်းက ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရတဲ့အခါမျိုးဆို ကျမအနေနဲ့ ရှင့်ရဲ့ ရတနာစိတ်ဝိညာဉ်အဖြစ်နဲ့ ဒါမှမဟုတ် အခြေအနေပေါ် မူတည်ပြီး မြေခွေးအသွင်အဖြစ်နဲ့ ထွက်ပေါ်လာလို့ ရပါတယ်…”
ဟန်လိသည် ငွေရောင်လ၏ အဖြေကြောင့် ကျေနပ်သွားပြီး ခေါင်းညိတ်ပြသည်။
“ကောင်းပြီ…ဒီလိုဆိုမှတော့ အရင်ဆုံး..ငါ…”
ဟန်လိ၏ စကားမဆုံးသေးခင်မှာပင် ငွေရောင်လ၏အမူအရာသည် ပြောင်းလဲသွားပြီး ကြားဖြတ်ကာ ဝင်ပြောလာသည။
“မကောင်းတော့ဘူး။ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းတော့မှာ။ ငါ ဒီခန္ဓာကိုယ်အသွင်ကို ဆက်ပြီး မထိန်းထားနိုင်တော့ဘူး…”
ငွေရောင်လင်းလက်သွားခြင်းနှင့်အတူ သူမ၏ခန္ဓာကိုယ်သည် ဟန်လိ၏မျက်စိရှေ့မှာပင် မြေခွေးဖြူလေးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ခုလက်ရှိတွင် ၎င်းက ဟန်လိ၏ အဝတ်အစားတို့ဖြင့် ထွေးပတ်ထားသလို ဖြစ်နေသည်။ ဤသည်ကို မြင်သည့်အခါ ဟန်လိသည် ခါးသက်သက် မရည်မောမိဘဲ မနေနိုင် ဖြစ်သွားရလေ၏။ ထို့နောက်တွင် သူက တုံ့နှေးမနေဘဲ မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ မိုးပြာအလင်းတန်းလေးငါးခုကို မြေခွေးဖြူ၏ခန္ဓာကိုယ်ထံ တိုးဝင်သွားစေပြီး ၎င်းအပေါ် အတားအဆီးများ ချထားလိုက်သည်။
ထို့နောက် ဟန်လိသည် မြေခွေးဖြူကို ဇက်ပိုးမှ ကိုင်၍ ပင့်မြှောက်ကာ ပြောလိုက်သည်။
“ငါတို့ ထွက်သွားတာနဲ့ ငါဟာ နင့်ကို အချိန်တစ်ခုထိ မျောလွင့်တိမ်ဂိုဏ်းက တပည့်တွေလက်ထဲ ထည့်ပေးထားမယ်။ ငါတို့ လမ်းခွဲပြီးမှ နင့်ဘာသာ သူတို့လက်ထဲကနေ ပြန်ထွက်လာခဲ့။ ချီစုဆောင်းခြင်း ကျင့်ကြံသူလေးတွေ လက်ထဲကနေ လစ်ထွက်ဖို့ဟာ နင့်အတွက် လွယ်ကူမှာပါ။ ငါ နင့်ကို လမ်းမှာ စောင့်နေမယ်…”