ငွေရောင်လ ဝံပုလွေ
Vol. 44 Ch. 615
ထိုအမျိုးသမီးက အေးစက်စက် ပြန်ပြောသည်။
“ဟက်..ဘယ်သူ့ကို အမျိုးသမီးတစ်ယောက်လို့ ပြောနေတာလဲ။ ငါ့ကိုလား…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် မချိပြုံးပြုံး၍သာ တုံ့ပြန်မိတော့သည်။ သူက သူ့ဘေးတွင် လှည့်ပတ်နေသော မှော်ဓားများကို ပြန်ရုတ်သိမ်း၏။ ထို့နောက် သူသည် တည်ငြိမ်စွာ ပြောသည်။
“နင်က အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ နင့်ရဲ့ ဇစ်မြစ်ကိုပဲ ငါ သိချင်တယ်…”
မြေခွေးဖြူက ချောင်းဟန့်၍ ဟန်လိကို တည်ငြိမ်စွာ တစ်ချက်လှမ်းကြည့်သည်။
“ငါ့ ဇစ်မြစ်လား။ ငါက နင့်လက်ထဲက ရှေးဟောင်းရတနာရဲ့ ရတနာစိတ်ဝိညာဉ်မဟုတ်ဘူးလား…”
ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး သုန်မှုန်စွာဖြင့် ပြန်ပြောသည်။
“ဟုတ်ပါတယ်…နင့်ကို ရတနာစိတ်ဝိညာဉ်လို့ပဲ ငါ သိထားတာ။ ဒါပေမဲ့ ရတနာစိတ်ဝိညာဉ်ဟာ ခန္ဓာပိုင်စိုးနိုင်စွမ်း ရှိတယ်လို့တော့ ငါ တစ်ခါမျှ မကြားဖူးဘူး…”
မြေခွေးဖြူသည် ပါးစပ်လှုပ်၍ သာမန်ကာလျှံကာလေသံဖြင့် ပြောလိုက်သည်။
“ဒါက နင် အသိခေါင်းပါးတာပဲလေ။ ငါဟာ စောစောလေးကတင် ခန္ဓာပိုင်စိုးနိုင်ကြောင်းကို ပြသခဲ့ပြီးပြီပဲ မဟုတ်ဘူးလား…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် ခဏ ဆွံ့အငြိမ်သက်သွားသည်။ ထို့နောက်တွင် သူက လက်ထဲရှိ ကျောက်စိမ်းတောင်ဝှေးကို ပင့်မြှောက်ပြီး သေချာကြည့်သည်။ မြေခွေးဖြူ၏မျက်လုံးထဲတွင် သတိထားဟန် ဖြစ်ပေါ်သွားပြီး သူမက အေးစက်စက် မေးလာ၏။န
“နင် ဘာလုပ်ဖို့ ကြံစည်နေတာလဲ…”
ဟန်လိသည် သက်ပြင်းချကာ တည်ငြိမ်စွာ မေး၏။
“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အခု နင်က နတ်ဆိုးမြေခွေးကို အောင်အောင်မြင်မြင် ခန္ဓာပိုင်စိုးပြီးတဲ့အခါ ဒီကျောက်စိမ်းတောင်ဝှေးက ဘယ်လိုအသုံးဝင်သေးသလဲကို စူးစမ်းကြည့်ချင်ရုံပဲ။ ငါ ဒါကိုသာ တစစီဖျက်စီးပစ်လိုက်မယ်ဆို…နင် ဘာဖြစ်သွားလောက်မလဲ…”
မြေခွေးဖြူ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး ဟန်လိကို ရန်လိုစွာ လှမ်းကြည့်သည်။ သို့သော် ခဏအကြာတွင် ၎င်းက တစ်ခုခုကို တွေးမိသွားဟန်တူပြီး ဒေါသထွက်ဟန် ပျောက်ကွယ်သွားသည်။ မြေခွေးဖြူက ပြောသည်။
“နင် ငါ့ကို စမ်းသပ်နေဖို့ မလိုဘူး။ နင်သာ ဒီကျောက်စိမ်းတောင်ဝှေးကို ဖျက်စီးလိုက်မယ်ဆို ငါလည်း ပျောက်ကွယ်သွားရလိမ့်မယ်။ တကယ်တော့ ရတနာစိတ်ဝိညာဉ်တွေဟာ သူတို့ နေထိုင်နိုင်တဲ့ ရတနာတစ်ခု ရှိမှ ရှင်သန်နိုင်မှာ မဟုတ်လား…”
ထို့နောက်တွင် မြေခွေးဖြူ၏ခန္ဓာကိုယ်သည် အဖြူရောင်လင်းလက်လာပြီး ၎င်းထံမှ ကြီးမားသောဖိအားတစ်ခုကို စတင်ထုတ်လွှတ်လာသည်။ ဟန်လိ တုန်လှုပ်သွား၏။ သူ့အမူအရာမှာလည်း ချက်ခြင်း ဖိအားများကာ တင်းမာသွားသည်။
မြေခွေးဖြူက ဟန်လိကို ကြည့်ကာ ပြောလိုက်သည်။
“စိတ်ပူစရာ မလိုပါဘူး။ ငါ့ရဲ့ ဒီသားရဲအသွင်ပုံစံနဲ့ စကားပြောရတာ အဆင်မပြေဘူးလားလို့ပါ။ ဒါကြောင့် ငါ လူသားအသွင် ပြောင်းမလို့ပဲ…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် အံ့အားသင့်သွားသလို အနည်းနှင့်အများလည်း ပို၍ စိတ်အေးနိုင်သွား၏။ ထိုစဉ် မြေခွေးဖြူသည် ငွေရောင်လင်းထင်း တောက်ပသွားပြီး ဟန်လိကို နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားစေသည်။
အဖြူရောင်အလင်းသည် လွင့်ပြယ်သွားချိန်တွင် စွဲဆောင်မှုရှိလှသော အလှတရားကို ပိုင်ဆိုင်ထားသည့် မိန်းမပျိုတစ်ယောက်၏အသွင်သဏ္ဍာန် ပေါ်လာ၏။ အနက်ရောင်မျက်ဝန်းအစား တောက်ပရွှန်းလဲ့သော အစိမ်းရောင်မျက်ဝန်းက အစားထိုးသွားခြင်းကလွဲ၍ သည်အမျိုးသမီး၏ ပုံပန်းသွင်ပြင်သည် အစောတုန်းက မိန်းမပျိုနှင့် တူတူပင်။ နတ်ဆိုးသားရဲတစ်ကောင်၏ လူသားအသွင်မှာ ထာဝရမြဲမြံကာ ပြောင်းလဲနိုင်သည့်အရာ မဟုတ်ပုံပေါ်၏။
ဟန်လိသည် စဉ်းစားနေစဉ် မိန်းမပျိုက သူမ၏ခန္ဓာကိုယ်ကို လက်ဖြင့် ဖုံးကာ၍ ချီတုံချတုံ မေးလာသည်။
“ရောင်းရင်းမှာ အဝတ်အစား တစ်စုံတစ်လေများ မရှိဘူးလား။ ကျမရဲ့ ဒီပုံစံကြီးနဲ့က မသင့်တော်သလို ခံစားရလို့ပါ…”
ထိုသို့ပြောပြီးနောက် သူမသည် မသိမသာ ရှက်ရွှံ့နေပုံ ရ၏။
ဟန်လိလည်း ခဏတော့ ကြောင်သွားသေး၏။ သို့သော် ခဏအကြာတွင် သူ့သိုလှောင်အိတ်ထဲမှ ဝတ်စုံအချို့ကိ ထုတ်ယူပြီး လှမ်းပစ်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်…ရောင်းရင်း…” မိန်းမပျိုသည် ထိုအဝတ်အစားများကိုယူကာ မြန်မြန်ဝတ်ဆင်ပြီး သူမ၏ခန္ဓာကိုယ်ကို လုံခြုံသွားစေ၏။ ဟန်လိ၏အမူအရာသည် လှုပ်ရှားသွားသည်။ အနှီအမျိုးသမီး၏ လှုပ်ရှားမှုတိုင်းမှာ ဖော်ပြမစွမ်းသာအောင် ကျက်သရေ ရှိနေလေ၏။ တော်ဝင်မိန်းမလှများသည်ပင် သူမကို မှီဖို့ ခက်ပေရော့မည်။ သူမသည် ငွေရောင်ဝံပုလွေတစ်ကောင် ဖြစ်နေတာ ယုံရခက်ခက်ပင်။
ဝတ်ဆင်ပြီးနောက် မိန်းမပျိုက ဟန်လိကို လှမ်းကြည့်ပြီး ဖြည်းဖြည်းချင်း ပြောသည်။
“ကျမကို ငွေရောင်လလို့ ခေါ်နိုင်ပါတယ်။ ကျမရဲ့ ဇစ်မြစ်ကိုက မပြောပြချင်တာ မဟုတ်ပါဘူး။ ကျမကိုယ်တိုင်လည်း မမှတ်မိနိုင် ဖြစ်နေလို့ပါ။ နတ်ဆိုးသားရဲတစ်ကောင်ရဲ့ စိတ်ဝိညာဉ်ဟာ ရတနာစိတ်ဝိညာဉ်အဖြစ် သန့်စင်မွန်းမံခြင်း ခံရတယ်ဆို သူတို့ရဲ့ အသိစိတ်က ပျောက်ကွယ်သွားပြီး သူတို့ သခင်ဖြစ်သူရဲ့ အမိန့်ကိုပဲ လုံးလုံးလျာလျာ နာခံတော့တဲ့အကြောင်းကိုတော့ ရှင်လည်း သိမှာပါ။ ဒါကြောင့် ကျမရဲ့ မူလနာမည်ကို မမှတ်မိတော့တဲ့အတွက် ကျမကို ငွေရောင်လလို့ပဲ ခေါ်နိုင်ပါတယ်…”
ထိုသို့ပြောပြီးနောက် သူမသည် ခြေလေးငါးလှမ်း စမ်း၍ လျှောက်ကြည့်နေသည်။ သူမ၏ဤခန္ဓာကိုယ်အသစ်နှင့် တဖြည်းဖြည်း အသားကျသွားပုံ ရသည်။
ဟန်လိက သူ့မေးစေ့ကို ပွတ်သပ်၍ စဉ်းစားနေ၏။
“ငွေရောင်လဝံပုလွေကလန်လား။ ငါဖြင့် ဒီနတ်ဆိုးသားရဲအကြောင်းကို မှတ်တမ်းတွေထဲမှာလည်း မတွေ့မိခဲ့ဘူးပါလား…”
ငွေရောင်ဝံပုလွေက မျက်မှောင်ကြုတ်၍ ပြောသည်။
“ဒါက ကျမရဲ့ အပိုင်းပိုင်းအစစ မှတ်ဉာဏ်တွေထဲက အစိတ်အပိုင်းတစ်ခုကနေ မှတ်မိသလောက်ပါ။ ကျမ မှတ်မိတာ မမှန်တာလည်း ဖြစ်နိုင်ပါတယ်…”
ဟန်လိက အလေးအနက် မေးလိုက်သည်။
“ကောင်းပြီ…အတိတ်တုန်းက မင်းရဲ့ မှတ်ဉာဏ်တွေကို ဆုံးရှုံးခဲ့တယ်ပဲ ဆိုပါတော့။ ဒါဆိုရင် ရတနာစိတ်ဝိညာဉ်တစ်ခုဟာ အခြားခန္ဓာကိုယ်တစ်ခုကို ပိုင်စိုးနိုင်တဲ့ အကြောင်းကကော။ ရတနာစိတ်ဝိညာဉ်တွေက ဒီလိုလုပ်နိုင်တယ်လို့တော့ ငါ့ကို မပြောလေနဲ့။ အဲ့လိုသာ ဖြစ်ခဲ့မယ်ဆို ကျင့်ကြံခြင်းလောက်ဟာ ဖရိုဖရဲ ဖြစ်ကုန်တာ ကြာရော့လောက်ပြီ…”
မိန်းမပျိုက အေးတိအေးစက် ပြုံး၍ စကားထပ်ဆက်သည်။
“ကျမဟာ ဆန္ဒရှိသလို အသွေးအသားခန္ဓာကိုယ်တစ်ခုကို ပိုင်စိုးနိုင်တယ်လို့ ရှင် တကယ်ပဲ ထင်နေတာလား…”
ဟန်လိသည် မျက်မှောင်ကြုတ်၍ ထိုမိန်းမပျိုကို စိုက်ကြည့်ကာ မေးသည်။
“နင် ဘာကို ဆိုလိုတာလဲ…”
ငွေရောင်လသည် ရှင်းပြလာသည်။
“စောစောတုန်းက ကျမအသုံးပြုခဲ့တဲ့ ပညာရပ်ကို ခန္ဓာပိုင်စိုးခြင်းပညာရပ်အဖြစ် မသတ်မှတ်ချင်လည်း ရပါတယ်။ စိတ်ဝိညာဉ်ဝါးမြိုခြင်းလို့ ခေါ်တဲ့ ကျမတို့ ငွေရောင်လတွေ ပိုင်ဆိုင်တဲ့ မွေးရာပါစွမ်းရည်ပါ။ ကျမတို့ရဲ့ အားကောင်းတဲ့ စိတ်ဝိညာဉ်ကို အသုံးပြုပြီး တခြားသားရဲတွေရဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်တာမျိုးပါ။ တကယ်တော့ ကျမတို့ဟာ တခြားစိတ်ဝိညာဉ်တွေကို ဝါးမြိုပြီးရင် ခန္ဓာကိုယ်အသစ်ကို ယာယီပဲ ထိန်းချုပ်နိုင်တာ။ အချိန်အကြာကြီး ထိန်းချုပ်မယ်ဆို ကျမတို့ရဲ့ စိတ်ဝိညာဉ်ဟာ သိမ်းပိုက်ထားတဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားပြီး ကိုယ့်ခန္ဓာဆီ ပြန်ဝင်ရောက်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် ဒီစွမ်းရည်ဟာ နှစ်ဖက်သွားဓားလိုပဲ။ ကျမတို့ရဲ့ စိတ်ဝိညာဉ်အာရုံဟာ အခြားနတ်ဆိုးကလန်တွေက သားရဲတွေထက် တအားထူးခြားသာလွန်တော မဟုတ်ဘူး။ ကျမတို့ကသာ ပိုအားကောင်းတဲ့ စိတ်ဝိညာဉ်အာရုံနဲ့ ရန်သူတစ်ယောက်နဲ့ ကြုံသွားခဲ့ရင် သေရမှာ။ ဒါကြောင့် ဘယ်သူကမှ ဒီပညာရပ်ကို အလျင်စလို အသုံးမပြုရဲကြဘူး။ ဒါပေမဲ့ ကျမလို ခန္ဓာကိုယ်မရှိတဲ့သူအဖို့ကတော့ ကိစ္စရှိမနေတော့ဘူးလေ…”
ဟန်လိ အံ့အားတသင့် ဖြစ်နေတာ ကြည့်နေရင်း သူမသည် ဟန်လိ မေးချင်တာကို ခန့်မှန်းမိ၍ အလျင်စလို ဆက်ပြောသည်။
“ကျေးဇူးပြုပြီး…အဲ့စိတ်ဝိညာဉ်ဝါးမြိုခြင်းအကြောင်း အသေးစိတ်ကိုတော့ မမေးပါနဲ့။ ဒါက ကျမ အလိုလို သိနေတဲ့အရာပါ။ ပြန်ရှင်းမပြတတ်ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီစိတ်ဝိညာဉ်ဝါးမြိုခြင်းမှာ အတားအဆီး အများကြီး ရှိပြီး ဒီပညာရပ်ကို သုံးချင်သလို အသုံးပြုလို့ မရဘူး။ ကျမရဲ့ ဇစ်မြစ်ကသာ ငွေရောင်ဝံပုလွေ မဟုတ်ခဲ့ဘဲ ရတနာစိတ်ဝိညာဉ်သပ်သက်သာ ဖြစ်ခဲ့မယယ်ဆို ဒီပညာရပ်ကို အသုံးပြုဖို့ဟာ မဖြစ်နိုင်ဘူး။ ပြီးတော့ ကျမက အဲ့ဒီ မျက်လုံးလေးလုံးမြေခွေးနဲ့မှ ကံကောင်းပြီး လာဆုံတာကြောင့်သာမဟုတ်ရင် ဒီပညာရပ်ကို အသုံးပြုမှာ မဟုတ်လောက်ဘူး။ အဲ့ဒီအစား တောင်ဝှေးထဲမှာပဲ ရတနာစိတ်ဝိညာဉ်အဖြစ် နေနေခဲ့မေမှာ။ ကျမရဲ့ မှတ်ဉာဏ်တွေအရဆို မျက်လုံးလေးလုံးမြေခွေးဟာ ကျမတို့ ငွေရောင်ဝံပုလွေတွေအတွက် မွေးရာပါ တန်ဖိုးရှိကြတယ်လို့ သိထားတယ်။ ဒီမြေခွေးရဲ့ စိတ်ဝိညာဉ်ကို အလောင်းနတ်ဆိုးက သိမ်းပိုက်ထားပြီးဖြစ်တဲ့အတွက် ခန္ဓာပိုင်ရှင် မရှိတဲ့အခါမှာ ကျမအတွက် ကံကောင်းထောက်မပြီး မြေခွေးရဲ့ စိတ်ဝိညာဉ်ကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့တာပါ…”
ဟန်လိသည် သူမ၏မျက်လုံးကို သေချာကြည့်သည်။ မည်သည့်ထူးခြားမှုကိုမျှ သူ မတွေ့ရပေ။ သူသည် သံသယဖြင့် မမေးဘဲ မနိုင်ဖြစ်ကာ မေးလိုက်မိသည်။
“မျက်လုံးလေးလုံး မြေခွေးလား။ ဒါက နှင်းတိမ်မြေခွေး မဟုတ်ဘူးလား…”
“နာမည်အရဆိုရင်တော့ ဒီမြေခွေးရဲ့ ကျင့်ကြံမှုဟာ မြင့်မားတဲ့အဆင့်ရောက်မှ မွေးရာပါမျက်လုံးလေးလုံး ပေါ်လာမှာ ဖြစ်တယ်။ ကျမတို့ ငွေလဝံပုလွေ စိတ်ဝိညာဉ်ဝါးမြိုခြင်းဟာ သူတို့ရဲ့ မိစ္ဆာမျက်လုံးတွေနဲ့ ယှဉ်ရင်တော့ ဟာသအဆင့်လောက် ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ဒီမြေခွေးရဲ့ ပုံပန်းသွင်ပြင်ဟာ နှင်းတိမ်မြေခွေးနဲ့ အလွန်ဆင်တယ်။ ဒီမြေခွေးက သူ့ရဲ့ ပညာရပ်ကို အပြည့်အဝ အသုံးပြုခဲ့တဲ့အခါမှာ ကျမဟာ ချက်ခြင်း သိရှိသွားခဲ့တာ ဖြစ်တယ်…”
ငွေရောင်လသည် ရေးတေးတေး ပြုံးလိုက်လေ၏။ သူမ၏ စွဲမက်ဖွယ်အလှတရားမှာ မရည်ရွယ်ပါဘဲ အလိုလို လှစ်ဟပေါ်လွင်သွားသည်။
ဟန်လိသည် နှုတ်ခမ်းသပ်၍ စိုးရိမ်စွာ မေးလိုက်သည်။
“မြေခွေးရဲ့ ကျင့်ကြံမှုက အဆင့်ခုနစ်ကိုပဲ ရောက်သေးတာ မဟုတ်လား။ ဒါက မြင့်မားတဲ့အဆင့်လို့ မသတ်နိုင်သေးဘူးလေ။ ဒါဆိုရင် ဒီမြေခွေးက ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို မရောက်သေးဘဲ ဘာလို့ လူသားအသွင် ပြောင်းနိုင်ခဲ့ရတာလဲ။ ဒါ့အပြင် နတ်ဆိုးမြေခွေးသားရဲရဲ့ ကျင့်ကြံမှုက ရုတ်တရက်ကြီး ဘာလို့ ပြောင်းလဲသွားခဲ့တာလဲ။ နတ်ဆိုးမြေခွေးက သူ့ရဲ့ အစစ်အမှန်ကျင့်ကြံခြင်းကို အချိန်အကြာကြီး ဖုန်းကွယ်ထားတာလို့တော့ ကျုပ်ကို မပြောလေနဲ့…”
“ဟားဟား…ရောင်းရင်းကလည်း မေးခွန်းတွေ များလိုက်တာ။ ကျမအနေနဲ့ ဒီမြေခွေးက ဘာလို့ အသွင်ပြောင်းနိုင်စွမ်း ရှိတာလဲကိုတော့ တကယ် မသိတာပါ။ အလောင်းနတ်ဆိုးက အခြေအနေ မကောင်းတော့ဘူး ထင်ပြီး သူ့ရဲ့ ကျင့်ကြံမှုတစိတ်တပိုင်းကို ဒီမြေခွေးဆီ အတင်းအကျပ် လွှဲပြောင်းပေးခဲ့တာ ဖြစ်လိမ့်မယ်လို့ ကျမ ထင်တယ်။ ဒါကြောင့် အဲ့လိုနည်းနဲ့ မြေခွေးဟာ ခုလောက်ကျင့်ကြံမှုအဆင့်ကို ရောက်သွားနိုင်တာပဲ ဖြစ်ရမယ်။ မျက်လုံးလေးလုံးမြေခွေးရဲ့ အစစ်အမှန်ကျင့်ကြံမှုဟာ အဆင့်နိမ့်သားရဲတစ်ကောင်ဆိုတာ အမှန် ဖြစ်လိမ့်မယ်။ ဒါ့အပြင် အလောင်းနတ်ဆိုးက ဒီမြေခွေးဆီ ကျင့်ကြံမှုကို အတင်းအကျပ် လွှဲပြောင်းပေးပြီးတဲ့နောက် ၎င်းရဲ့ ခန္ဓာကိုယ်ဟာနဲ့ ဝေးဝေးကို မသွားနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဒီအခန်းရဲ့ အတားအဆီးကြောင့်ပေါ့။ ကျမက ခု လူသားအသွင် ပြောင်းနိုင်တာဟာ လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး ကျမရဲ့ ကျင့်ကြံမှုအဆင့်က အဆင့်ရှစ်လောက်ထိ ရောက်သွားလို့ပဲ။ ဒါပေမဲ့ ကျမရဲ့ ကျင့်ကြံမှုအဆင့်ဟာ ဖြည်းဖြည်းချင်း ပြန်ကျဆင်းပြီး နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ပြန်အသွင်ပြောင်းမှာပဲ။ အဲ့လိုဖြစ်ဖို့ဟာ ဒီလျှို့ဝှက်ပညာရပ်ကို ထပ်အသုံးမပြုခင် အနည်းဆုံး တစ်လလောက်လောက် ကြာနိုင်တယ်…”
ထို့နောက်တွင် ဟန်လိသည် မေးခွန်းများ ဆက်မမေးလေတော့ပေ။ ထိုအစား သူက ခေါင်းငုံ့ကာ စဉ်းစားခန်းဝင်နေသည်။ အချိန်အတော်အတန်ကြာပြီးနောက် သူက မျက်နှာသေဖြင့် ပြောလိုက်သည်။
“နင့်ရဲ့ ဒီစကားတွေက ငါ့ရဲ့ သံသယအားလုံးကို မဖယ်ရှားပေးနိုင်ပေမဲ့ ငါ ယေဘုယျအားဖြင့်တော့ နားလည်သွားပါပြီ။ ဒါပေမဲ့ ငါ့အနေနဲ့ ရောင်းရင်းငွေရောင်လကို မေးချင်တာ တစ်ခုရှိသေးတယ်။ အခုခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး နင် ဘာလုပ်ဖို့ စီစဉ်ထားလဲ…”
ငွေရောင်လသည် ထူးဆန်းသောအပြုံးတစ်ခုကို ထုတ်ဖော်ပြီး ရယ်မောကာ ပြန်မေးလာသည်။
“ကျမက ဒီခန္ဓာကိုယ်နဲ့ ကျင့်ကြံဖို့ စီစဉ်ထားတယ်လို့ ပြောမယ်ဆို ရှင် ကျမကို သတ်ပစ်မှာလား…”