လန်ရွှမ် ဟင်းလင်းပြင်သားရဲများကို တိုက်ခိုက်ခြင်း
Vol. 100 Ch. 1305
နောက်ဆုံးတွင် ချင်မူတို့နှစ်ယောက်သား မဟူရာသစ်ပင်ကြီး၏ ပိုက်နက်ထဲသို့ ရောက်သွားကြသည်။ ထိုအခါမှ ချင်မူက သက်ပြင်းရှည်ကြီးချလိုက်သည်။ “ကိုယ့်ကိုကိုယ် အထင်သေးစရာမလိုပါဘူးကွာ… အဲဒီသိုင်းပညာရှင်အိုကြီးတွေက ငါတို့ထက် အစောကြီး မွေးလာလို့ အတွေ့အကြုံ ပိုရင့်သန်တာပဲရှိတာ… ငါတို့ထက် ဉာဏ်ကောင်းလှတယ် မဟုတ်ဘူး.. ကြာကြာနေရတိုင်းသာ ဉာဏ်ကောင်းမယ်ဆိုရင် မျိုးမစစ်ကောင်တွေ တစ်လောကလုံးကို အုပ်စိုးခဲ့ပြီပေါ့”
နဂါးချီလင်က မနေနိုင်ဘဲ ရယ်လိုက်မိသည်။ “ဂိုဏ်းသခင်၊ မျိုးမစစ်တွေက သက်တမ်းအရှည်ဆုံး မျိုးစိတ်တွေမှ မဟုတ်တာ”
ချင်မူက ပြုံးသည်။ “သက်တမ်းအရှည်ဆုံး မျိုးစိတ်တွေက ရှေးဟောင်းနတ်ဘုရားတွေပဲ... ဒါပေမဲ့ ငါ သူတို့တွေကို သတ်ပစ်နိုင်ခဲ့တာပဲမလား.... ကြာကြာနေရတိုင်း ဉာဏ်ကောင်းလာတာမဟုတ်ဘူးဆိုတာ အသိသာကြီးပဲဟာ…တကယ်တော့ ကြောက်ဖို့ကောင်းတာက သက်တမ်းကြာကြာနေရရင် အတွေ့အကြုံကိုပဲ အားကိုးတတ်လာပြီး ကိုယ့်ဦးနှောက်ကို အသုံးမချတော့ဘူး ဖြစ်တတ်တယ်… အတွေ့အကြုံကိုပဲ အားကိုးတာက အန္တရာယ်များတယ်”
နဂါးချီလင်သည် ထိုစကားများမှာ ရွှေငွေရတနာများကဲ့သို့ အဖိုးတန်သည်ဟု ခံစားရသဖြင့် သေချာမှတ်သားထား၏။ “ဒါတွေကို ကျွန်တော်ရဲ့ လူထိန်းကျမ်းမှာ သုံးလို့ရမယ်ထင်တယ်…”
“မဟာဧကရာဇ်သာ ဒီတစ်ကြိမ် ဒဏ်ရာအပြင်းအထန်သွားရင် ငါ ထိုက်ချူကျောက်တုံးကို ပြန်ယူနိုင်လောက်လား…”
ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့မေးစေ့ရှိ မုတ်ဆိတ်မွှေးငုတ်စများအား ပွတ်နေသည်။ မုတ်ဆိတ်ငုတ်စများသည် ခေါင်းမာလွန်းပြီး သူ မည်မျှပင်ဆွဲနှုတ်ပါစေ ပြန်ပေါက်လာတတ်၏။
“ငါ မူလကျောက်တုံးကို ပြန်ယူလိုက်ရင် ကောင်းကင်နတ်အရှင်ရှောင်ကို ပေးလိုက်တဲ့ မူလကျောက်တုံးက အလဟဿဖြစ်သွားမလား… ဒါပေမဲ့ ထိုက်ချူကျောက်တုံးက အင်မတန် လိုချင်စရာကောင်းတယ်... “
ထိုအခိုက်အတန့်တွင် ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် တပည့်အပေါင်းအပါတို့သည် ကောင်းကင်ထက်ရှိ အပ်ကွဲကြောင်းမှတစ်ဆင့် ဖြတ်သန်း၍ ဘိုးဘေးနန်းတော်ထဲသို့ ရောက်ရှိလာကြသည်။
“ရတနာမြေကြီးပါလား”
အားလုံး ဟိုဟိုသည်သည် ကြည့်ရင်း အာမေဋိတ်သံများ ထွက်ပေါ်နေကြ၏။ ဤနေရာမှာ နတ်ဘုံနတ်နန်းပမာ ထင်ရချေသည်။ နတ်ရွှေစင်သားတို့ဖြင့် ဖွဲ့တည်နေသော နတ်တောင်တန်းများ၊ နေကြာရေတို့ဖြင့် စီးဆင်းနေသည့် မြစ်များ၊ ချီစွမ်းအင်များ စုဖွဲ့နေသည့် တိမ်ဖြူများနှင့် မိုးရေစက်များ ရှိကြလေသည်။
မြေပြင်ပေါ်ရှိ မြေဆီလွှာမှာ ထွန်ယက်ခံထားရသော မြေဖြစ်သည့်အလျောက် အလိုအလျောက် အပင်များ ပေါက်နိုင်ကြသည်။
တောင်တန်းများသည် အတော်မသသပ်နိုင်အောင် စီတန်းနေပြီး ပုံစံအမျိုးမျိုးရှိသော နတ်နဂါးများ လူးလွန့်နေသယောင်ပင် ထင်ရ၏။ နဂါးထိန်းချုပ်နိုင်သည့် အရှင်သခင်ကဲ့သို့ ဉာဏ်ကြီးရှင်မျိုးသာ ရှိပါက တောင်တန်းများ၏ ပထဝီအနေအထားကို ပြောင်းလဲကာ နဂါးအစစ်များ ဖြစ်လာအောင် စွမ်းဆောင်နိုင်လိမ့်မည်။
တောင်တန်းများနှင့် ကွင်းပြင်များပေါ်တွင် အပင်များလည်း ပေါက်ရောက်နေကြသည်။ တစ်နေရာလုံး စိမ်းလန်းစိုပြည်နေပြီး အပြင်လောကတွင် ရှားပါးသည့် ဝိညာဥ်ပန်းပွင့်များနှင့် အပင်များကိုပင် တွေ့ရ၏။
ဧရာမသားရဲကြီးများသည်လည်း မယုံနိုင်ဖွယ်ကောင်းစွာနှင့် တောင်တန်းများ၌ ကျက်စားသွားလာနေကြသလို၊ တိမ်တိုက်များအပေါ်တွင်လည်း ပျံသန်းနေကြသည်။
“ဂိုဏ်းသခင်၊ ငါ့ကို ဒီနေရာဆီ လာဖို့ အမြဲတိုက်တွန်းနေခဲ့တာ အံ့ဩစရာမရှိဘူး”
ရှုရှန်းဟွာက လေးစားအားကျစွာဖြင့် ရေရွတ်လိုက်မိသည်။ “ဒီနေရာမှာ ရတနာတွေမှ အများကြီးပဲ…အဲဒီ ဧရာမသားရဲကြီးတွေအပေါ်က သင်္ကေတအမှတ်အသားတွေမှာ နက်နဲတဲ့ စည်းမျဉ်းနိယာမတွေ ပါရှိတယ်… တစ်ယောက်ယောက်သာ အဲဒါတွေကို နားလည်နိုင်ရင် အောင်မြင်မှုက အံ့မခန်းဖြစ်လိမ့်မယ်… တောင်တန်းတွေနဲ့ မြစ်တွေရဲ့ လှုပ်ရှားမှုတွေ… ကောင်းကင်ရတနာတွေနဲ့… မြေပြင်ရတနာတွေ… ဒါက အမှန်တကယ်ကို ဘုရင်တစ်ပါး မွေးဖွားပေးနိုင်တဲ့ နေရာပဲ”
လန်ယွီတျန်းက ဤနေရာရှိ မဟာတာအိုကို အာရုံခံမိသဖြင့် ရေရွတ်လိုက်သည်။ “ဒီနေရာက ကျွန်တော့်ရဲ့ လမ်းစဉ်နယ်မြေ ဖြစ်လာလိမ့်မယ်…”
ရှုရှန်းဟွာကလည်း ခေါင်းညိတ်၏။ “ငါလည်း အာရုံခံမိတယ်.. ဒီနေရာက ငါ့လမ်းစဉ်ရဲ့ နယ်မြေဖြစ်လာမှာ”
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လန်ယွီတျန်းက နတ်ဘုရားငါးထောင်ကို ဦးဆောင်၍ ခံစားရသည့်အတိုင်း ကောင်းကင်ထက်မှ ဆင်းသက်ရင်း ပြော၏။ “ဒီနေရာမှာ ထူးဆန်းတဲ့ မဟာတာအို ငါးမျိုးရှိနေတာ အာရုံခံမိတယ်… အဲဒါတွေက ထူးထူးဆန်းဆန်း အင်အားကြီးမားပြီး ကျွန်တော့်လမ်းစဉ်၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေနဲ့ ဆက်စပ်နေတယ်”
ရှုရှန်းဟွာလည်း အသေအချာ အာရုံခံကြည့်ပြီးနောက် ချီးကျူးလိုက်သည်။ “ညီလေးလန်ရဲ့ ပါရမီက ငါ့ထက် သာလွန်နေသေးတာပဲ.. ငါ့ရဲ့အာရုံက မင်းလောက် မကြည်လင်ဘူး… ဒါပေမဲ့ မဟာတာအို အရှိန်အဝါငါးခုကို ခပ်ရေးရေးလေး အာရုံခံနိုင်တယ်”
နတ်ဘုရားအဖွဲ့သည် သူတို့နောက်မှ လိုက်လာကြပြီး တောင်တန်းများ၊ မြစ်များကို ဖြည်းဖြည်းချင်း ဖြတ်သန်းလာကြ၏။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ကောင်းကင်သတ္ထုများ၊ မြေပြင်ရတနာများကို တွေ့မြင်ရသဖြင့် သူတို့မှာ တအံ့တသြ ဖြစ်နေကြတော့သည်။
နတ်ဘုရားတချို့က ရတနာများ၏ ဆွဲဆောင်မှုကြောင့် ရပ်တန့်ကာ သွားရောက်ရှာဖွေကြ၏။ သူတို့ ရှာတွေ့သောအခါ လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် အခြားသူများမှာ ထွက်ခွာသွားကြပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ရှေ့ဆက်လျှောက်နေသည်နှင့်အမျှ အနောက်ရှိ နတ်ဘုရားအရေအတွက်မှာ နည်းသထက် နည်းပါးလာပြီး သုံးထောင်သာ ကျန်ရစ်ခဲ့တော့သည်။ သုံးထောင်သော တပည့်များသည် အားမလျှော့ဘဲ ဆက်လက်လိုက်ပါလာကြ၏။
ထူးဆန်းသည်က ဆန်းကြယ်သော သားရဲကြီးများလည်း သူတို့ကို တွေ့မြင်သောအခါ အနောက်မှ လိုက်လာကြလေသည်။
လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများအကြောင်း ဆွေးနွေးကြသည့်အခါတွင် ထိုသားရဲကြီးများကလည်း ထိုင်၍ နားထောင်ကြ၏။
နတ်ဘုရားအချို့က ထိုသားရဲများကို မောင်းထုတ်ရန် ပြင်နေကြသော်လည်း ရှုရှန်းဟွာက တားသည်။ “အရာရာတိုင်းမှာ ဝိညာဥ်ရှိတယ်… အရာရာတိုင်းမှာ တာအိုရှိတယ်… ဒါ့အပြင် အရာအားလုံးလည်း ကျင့်ကြံနိုင်ကြတယ်”
လန်ယွီတျန်း၏ အာရုံခံနိုင်စွမ်းက ပို၍အားကောင်းသဖြင့် ရှုရှန်းဟွာမှာ အားကျစွာ သက်ပြင်းချလိုက်မိသည်။ ဆယ်ရက်ကျော်ကြာအောင် လျှောက်လာခဲ့ကြပြီးနောက်တော့ ကမ္ဘာဦးဖရိုဖရဲပင်လယ်ဆီသို့ ရောက်လာကြသည်။
ဖရိုဖရဲပင်လယ်မှာ နှိုင်းယှဉ်မရလောက်အောင် ရှေးကျသော ဖရိုဖရဲချီတို့ဖြင့် ပြည့်နှက်နေပြီး အလွန့်အလွန် လေးလံနေကာ အသွင်သဏ္ဍာန်မျိုးစုံ ပြောင်းလဲနိုင်၏။ အင်မတန်အန္တရာယ်များသဖြင့် ဘိုးဘေးနန်းတော်၏ သားရဲကြီးများပင်လျှင် ဤနေရာသို့ ခြေမချရဲကြပေ။
ရှုရှန်းဟွာက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ခေါင်းရမ်းသည်။ “ဒီနေရာရဲ့ မဟာတာအိုက ပျောက်ကွယ်သွားပြီ… အရှိန်အဝါပဲ ကျန်ခဲ့တော့တယ်”
လန်ယွီတျန်းက ခေါင်းခါသည်။ “ပျောက်ကွယ်သွားတာမဟုတ်ဘူး… မဟာတာအိုက ဒီနေရာမှာပဲ အမြဲရှိခဲ့တာ… တစ်ယောက်ယောက်က ဒီနေရာရဲ့ မဟာာတာအိုကို သုံးပြီး တာအိုရရှိသွားတာပဲ… အဲဒီလူက တာအိုရရှိပြီးတဲ့နောက် သူ့ရဲ့အဆင့်က မြင့်မားလွန်းလို့ ဒီနေရာကို မလိုအပ်တော့ဘဲ ထွက်ခွာသွားခဲ့တာ”
ထိုအခိုက်အတန့်တွင် ကောင်းကင်သည် ရုတ်တရက် မည်းမှောင်လာ၏။ သူတို့အားလုံး မော့ကြည့်လိုက်ကြသည့်အခါ ခြေခြောက်ဖက်ရှိသော ဧရာမသားရဲကြီးများသည် တောင်ပံနှစ်ဖက်အား ဖြန့်ကားလျက် ကောင်းကင်တွင် ပျံသန်းနေကြကြောင်း တွေ့လိုက်ကြရလေသည်။
ထိုဧရာမသားရဲကြီးများမှာ အခြားသားရဲကြီးများထက် အတန်ငယ် ကြီးမားကြသည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ သင်္ကေတများမှာလည်း အလွန်တရာ ထူးဆန်းကြ၏။ သူတို့ကောင်းကင်ထက်၌ ပျံသန်းနေကြစဉ် အုပ်စုဖွဲ့ကာ ကောင်းကင်ကို လွှမ်းမိုးနေကြသည်။
ဤမျှ ရင်သပ်ရှုမောဖွယ်ရဦ မြင်ကွင်းမျိုးအား မည်သူမှ မမြင်ဖူးကြချေ။ သူတို့မှာ ခေါင်းမော့ရင်း ငေးကြည့်နေမိကြသည်။။
ရှုရှန်းဟွာက ရေရွတ်လိုက်သည်။ “ဂိုဏ်းသခင်ချင် ငါ့ကို ဟင်းလင်းပြင်သင်္ကေတတချို့ သင်ပေးဖူးတယ်… အဲဒီသင်္ကေတတွေမှာ ဟင်းလင်းပြင်ရဲ့ မဟာတာအိုအမျိုးအစားတစ်ခု ပါတယ်လို့လည်း ပြောခဲ့ဖူးသေးတယ်… အဲဒီသင်္ကေတတွေနဲ့ ဒီသားရဲတွေပေါ်က သင်္ကေတတွေက… ဟုတ်တယ်… သူတို့က ဟင်းလင်းပြင်သားရဲတွေပဲ”
သူ ထိုသို့ပြောလိုက်စဉ် ဖရိုဖရဲပင်လယ်အနီးရှိ သားရဲများမှာ နှောင့်ယှက်ခံလိုက်ရသည့်အလား အရပ်လေးမျက်နှာသို့ အသီးသီး ထွက်ပြေးသွားကြသည်။ လန်ယွီတျန်းနောက်မှ လိုက်လာကြသည့် သားရဲများပင်လျှင် တဆတ်ဆတ် တုန်ရီသွားကြပြီး မမြင်ရအောင် ပုန်းနေကြသကဲ့သို့ မြေပြင်တွင် ပြားပြား၀ပ်ကုန်ကြသည်။
ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် အခြားသူများမှာ ဟင်းလင်းပြင်သားရဲများအကြောင်း မသိကြသော်လည်း သားရဲများမှာမူ သူတို့မည်မျှကြောက်စရာကောင်းမှန်း သိကြလေသည်။ ဟင်းလင်းပြင်သားရဲများသည် ဧရာမသားရဲကြီးများအတွက် ရန်သူများဟု ပြောနိုင်ပြီး ဤမျှများပြားသော ဟင်းလင်းပြင်သားရဲများက အရာအားလုံးကို သွေးချောင်းစီးသွားစေနိုင်သည်။
သို့သော် ထူးဆန်းသည်မှာ ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်သားရဲများက ထွက်ပြေးနေသော ဧရာမသားရဲကြီးများကို အဖက်မလုပ်ဘဲ ၎င်းတို့နှင့်အတူ တစ်နေရာတည်းသို့ ဦးတည်နေသည်။ ထိုနေရာက ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်ရှိ အပေါက်ကြီးပင် ဖြစ်၏။
ကောင်းကင်ထက်တွင် အပေါက်ကြီးနှစ်ပေါက် ရှိသည်။ တစ်ပေါက်က ခိုင်ဧကရာဇ် ကောင်းကင်ဘုံကို ဓားဖြင့် ပိုင်းဖြတ်ခဲ့သောကြောင့် ပေါက်သွားခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ပေါက်ကတော့ ချင်မူ ထိုက်ရှီကျောက်တုံးတွင်းထဲတွင် ပေါက်ကွဲမှုများ လှုံ့ဆော်ကာ ကောင်းကင်ထက်သို့ အလင်းတန်းတစ်တန်း ထိုးတက်သွားစေခဲ့ခြင်းကြောင့် ဖြစ်သည်။
ဟင်းလင်းပြင်သားရဲများက လုံးဝန်းနေသော ဧရာမအပေါက်ကြီးထံသို့ တန်းတန်းမတ်မတ် ဦးတည်နေကြသည်။
မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲကြီးများ အပေါက်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်နေကြစဉ် ကောင်းကင်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွား၏။ အလွန်ကြီးမားလှသည့် မျက်လုံးကြီးတစ်လုံးက ဟင်းလင်းပြင်ထဲမှ တိုးထွက်လာချေသည်။
ကျန်ဟင်းလင်းပြင်သားရဲများက တစ်ကောင်ကြီးတစ်ကောင် နောက်ဆုတ်သွားကြကာ နေရာဖယ်ပေးကြသည်။
ထို့နောက် ဧရာမမျက်လုံးကြီးသည် အပြင်ရောက်လာပြီး ပို၍ကြီးမားသော ဟင်းလင်းပြင်သားရဲဦးခေါင်းကြီး ပေါ်လာသည်။
ဝုန်း…
ကောင်းကင်မှာ သိမ့်သိမ့်ခါ လှုပ်သွားပြီး တောင်တန်းများထက်ပင် ထူထဲသည့် လက်သည်းစွယ်ကြီးတစ်ဖက်က ဟင်းလင်းပြင်ထဲမှ ထိုးထွက်လာသည်။ ၎င်းက လေထဲတွင် ပွတ်တိုက်သွားသဖြင့် လျှပ်စီးများ၊ မိုးကြိုးများနှင့် မီးတောက်များပင် ပွင့်ထွက်သွားစေသည်။
ဝုန်း… ဝုန်း… ဝုန်း
ဧရာမသားရဲကြီး၏ လက်ခြောက်ဖက် ဟင်းလင်းပြင်ထဲမှ ထွက်လာပြီးနောက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ဆင်းသက်လာသည်။ ယင်းကား ဟင်းလင်းပြင်သားရဲမိခင်မှတစ်ပါး အခြားမဟုတ်ပေ။
ဟင်းလင်းပြင်သားရဲမိခင်သည် အတိတ်က နဂါးချီလင်၏ ထိန်းချုပ်ခြင်းခံခဲ့ရသော်လည်း ယခုအခါ မဟာဧကရာဇ် ထိန်းချုပ်မှုအောက်တွင် ပြန်ပေါ်လာချေပြီ။
မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများက ဟင်းလင်းပြင်သားရဲမိခင်အား စုပြုံ၍ ဖက်ကာ ဘိုးဘေးနန်းတော်အဝင်ဝသို့ ပျံသန်းသွားကြသည်။ ကြည့်ရသရွေ့ ဘိုးဘေးနန်းတော်မှ ထွက်ပြေးရန် ကြံစည်နေကြပုံပင်။
“ဘယ်လိုလုပ် ဟင်းလင်းပြင်သားရဲတွေ ထွက်ပြေးနေကြတာလဲ… ဒီနေရာမှာ သူတို့ထက်ပို ကြောက်ဖို့ကောင်းတဲ့ သားရဲတွေများ ရှိနေတာလား” ရှုရှန်းဟွာမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ သူသည် ချင်မူ့ထံမှ ဟင်းလင်းပြင်သားရဲများ၏ ဒဏ္ဍာရီများစွာ ကြားဖူးထား၏။
ထိုအခိုက်အတန့်တွင် ဧရာမရောင်ခြည်စက်ဝန်းကြီးတစ်ခု ဖွဲ့တည်လာကာ ကောင်းကင်တစ်ဝက်အား ဖုံးအုပ်လိုက်သည်။ ထိုနတ်ရောင်ခြည်စက်ဝန်းကြီးသည် တဝီဝီ လှည့်ပတ်နေပြီး ၎င်းအရှေ့တွင်ကတော့ နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာက နေရာယူထားလေသည်။
ထိုမျက်နှာက ပြုံးနေသည်။
“ဟင်းလင်းပြင်သားရဲမိခင်က ငါ့အပိုင်ပဲ”
နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်က ပေါ်ထွက်လာပြီး သူက တဟားဟား ရယ်နေသည်။ “ဟင်းလင်းပြင်သားရဲ မျိုးနွယ်တစ်စုလုံးလည်း ငါ့ထိန်းချုပ်မှုအောက်ကို ရောက်တော့မယ်”
ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် ကျန်သူများမှာ ငေးကြောင်နေကြသည်။ ရှုရှန်းဟွာက မျက်နှာအကြီးအကျယ် ပျက်၍ အလောတကြီး အော်သည်။ “သွားကြစို့… ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ စွမ်းအားလေး တစ်မျှင်ကတောင် ငါတို့ကို စိစိညက်ညက် ကြေသွားစေနိုင်တယ်”
သူတို့ ဖရိုဖရဲ ပင်လယ်မှ ထွက်ပြေးတော့မည့်အချိန် လူရိပ်တစ်ခုက ပင်လယ်ထဲမှ ဖျတ်ခနဲ ထွက်လာသည်။ ၎င်းက လက်တစ်ဖက်တွင် တောင်ဝှေးတစ်လက်၊ ကျန်လက်တစ်ဖက်တွင် ရေပုံးတစ်ပုံး ကိုင်ထားသည့် ဆံဖြူအဘိုးအိုတစ်ဦး ဖြစ်သည်။ သူက ရယ်လိုက် လှမ်းပြော၏။ “တာအိုမိတ်ဆွေတို့၊ မင်းတို့ ကောင်းကင်နတ်အရှင်တွေရဲ့ တိုက်ပွဲကနေ အချိန်မီ လွတ်အောင် ပြေးနိုင်မှာမဟုတ်ဘူး… ငါ့နေရာ လာပြီး ခဏလောက် ပုန်းနေတာ ပိုကောင်းမယ်”