← Chapters

လက်ညှိုး

Vol. 100 Ch. 1306

လက်ညှိုး

Vol. 100 Ch. 1306

ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က ဆံဖြူအဘိုးအိုအား ဦးညွှတ်အရိုအသေပေးကာ ကျေးဇူးတင်လိုက်ကြသည်။

ဆံဖြူအဘိုးအိုက သူ၏တောင်ဝှေးကို မြှောက်၍ အသာအယာ ဆောင့်ချလိုက်သည်။ ဖရိုဖရဲပင်လယ်သည် နှစ်ခြမ်းကွဲသွားပြီး လမ်းကြောင်းတစ်ခု ပေါ်လာ၏။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က နတ်ဘုရားသုံးထောင်နှင့် သားရဲများကို ဦးဆောင်ကာ ဖရိုဖရဲပင်လယ်ထဲ ၀င်ရောက်သွားကြသည်။ ဘေးနှစ်ဖက်တွင် ဖရိုဖရဲချီတို့မှာ အလွန်တရာ မတ်စောက်သော တောင်စောင်းများအလား ဖွဲ့တည်နေကြပြီး ကြောက်စရာကောင်းလှပေသည်။

ဤဖရိုဖရဲချီသာ ဖိချလိုက်ပါက သူတို့အားလုံး စိစိညက်ညက် ကြေကာ ချီနှင့် တစ်သားတည်း ဖြစ်သွားပေလိမ့်မည်။

သူတို့ ပင်လယ်ထဲ ရောက်လာသည့်အခါ အဘိုးအိုသည် တောင်ဝှေးကို မြေပြင်တွင် ထိုးစိုက်လိုက်ရင်း ပြော၏။ “ငါ့အိမ်က နည်းနည်းတော့ စုတ်ချာတယ်ကွာ… အရင်က နေစရာနေရာ ရှိခဲ့ပေမယ့် ကောင်းကင်နတ်အရှင်မူ ရောက်လာတုန်းက ပြိုကျသွားတယ်လေ”

ရှုရှန်းဟွာက တအံ့တဩ မေးလိုက်သည်။ “ဂိုဏ်းသခင်ချင်က ဒီကို ရောက်ဖူးတာလား… သူက ခင်ဗျားအိမ်ကို ဖြိုပစ်ခဲ့တာလား”

ဆံဖြူအဘိုးအိုက ကူကယ်ရာမဲ့စွာဖြင့် ဖြေရှာသည်။ “ အဲ့လိုပဲ ပြောရမှာပေါ့ကွာ… သူက ငါ ဒီနေရာမှာ ဥခွံ ထားထားတာကို မလိုချင်လို့ လွှင့်ပစ်ထားတယ် ထင်ပြီး အပိုင်သိမ်းသွားတာလေ… ဒါပေမဲ့ ဥခွံကို သုံးပြီး ဒီသတ္တုကြောကို တည်‌ငြိမ်အောင် လုပ်ထားခဲ့မှန်း သူ မသိဘူး… သူလည်း အဲ့ဒီဥခွံကို ယူသွားပြီးရော ဒီနေရာလည်း ပြိုကျပြီး ဖရိုဖရဲပင်လယ်ဖြစ်လာတော့တာပဲ”

လန်ယွီတျန်းက ပြုံးလျက် ပြောသည်။ “အဲဒါက ကျွန်တော့်အစ်ကိုကြီးရဲ့ ထုံးစံပဲ… ကျွန်တော် အဘိုးကို ဘယ်လိုခေါ်ရမလဲဗျ”

“အားလုံးကတော့ ငါ့ကို ထိုက်ယီလို့ ခေါ်ကြတယ်”

ဆံဖြူအဘိုးအိုက ပြုံးသည်။ “ကောင်းကင်နတ်အရှင်တွေရဲ့ တိုက်ပွဲ စတင်တော့မယ်”

ရှုရှန်းဟွာမှာ ရင်တုန်သွားသည်။ နာမည်တွင် ထိုက်ပါသည့် ပုဂ္ဂိုလ်အားလုံးသည် အံ့ဩဖွယ်ရာ မကောင်းဆိုးဝါးအိုကြီးများ ဖြစ်ကြသည် မဟုတ်ပါလော။ ဥပမာ မဟာဧကရာဇ်(ထိုက်တိ) နှင့် ထိုက်ချူ- ကမ္ဘာဦးခေတ်ထဲက တည်ရှိခဲ့သော ဖြစ်တည်မှုများပင်။

အခြားရှေးဟောင်းနတ်ဘုရားများဆိုလျှင် သူတို့၏နာမည်တွင် ထိုက်ဟူသော စာလုံး မပါပေ။ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေတို့တွင် ထိုက်ဟူသော နာမည်မရှိကြ။

ဤအဘိုးအိုကား ထိုက်ယီဟု ခေါ်ချေရာ စကြာဝဠာ၏ စဦးခေတ်တည်းက တည်ရှိခဲ့ ခြင်းဖြစ်ပေလိမ့်မည်။ ၎င်းထက်ပင် ပို၍ရှေးကျနိုင်၏။

လန်ယွီတျန်းက သူ့လို ရှည်ရှည်ဝေးဝေး စဉ်းစားမနေပေ။ သူတို့ ခေါင်းမော့ကြည့်လိုက်သည့်အခါ နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်က မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများ ကာကွယ်ပေးထားသည့် ဟင်းလင်းပြင်သားရဲမိခင်ထံသို့ ဦးတည်သွားကြောင်း တွေ့လိုက်ကြရသည်။ မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများက မျက်လုံးများဖွင့်၍ ပါးစပ်ကြီးများ ဟကာ နားစည်ကွဲမတတ် အော်ဟစ်ရင်း သူ၏အသိစိတ်အလျဉ်ကို တိုက်ခိုက်ကြတော့သည်။

သို့သော် နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်က မည်မျှအစွမ်းထက်ပါသနည်း။

သူ၏ အသိစိတ်အလျဉ်မှာ ကျယ်ပြန့်ခမ်းနားသည်။ ၎င်း စိမ့်ထွက်လာသည်နှင့် မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများမှာ ချက်ချင်း စိတ်အာရုံများ ဆုံးရှုံးလျက် မြေပြင်ပေါ် တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျကုန်ကြသည်။

နတ်ဧကရာဇ်လန်ရွှမ်သည် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်ရန် ထိုက်တန်၏။ သူသည် အသိစိတ်အလျဉ်ကိုသာ သုံးခဲ့ကာ မှော်စွမ်းအင်မသုံးခဲ့ပေ။ သို့တိုင်အောင် အင်မတန် အင်အားကြီးမားသော ဟင်းလင်းပြင်သားရဲများ၏ အစွမ်းအစတို့အား အသုံးမဝင် ဖြစ်စေခဲ့သည်။

နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်က ဟင်းလင်းပြင်သားရဲမိခင်အရှေ့သို့ တန်းတန်းမတ်မတ် ရောက်သွားသည်။ ပင်လယ်ပြင်တမျှ နက်ရှိုင်းသည့် သူ၏ အသိစိတ်အလျဉ်က ဟင်းလင်းပြင်သားရဲမိခင်၏ ဦးနှောက်ထဲသို့ စိမ့်၀င်သွားသည်။

နတ်ဧကရာဇ်လန်ရွှမ်က ပြုံးလေသည်။ “မင်း အရင်တစ်ခါတုန်းက ကံကောင်းပြီး လွတ်သွားခဲ့တယ်… အခုတော့ ထွက်ပြေးနိုင်တဲ့ လမ်း မရှိတော့ဘူး”

“အဲ့လိုလား…”

ဟင်းလင်းပြင်သားရဲမိခင်၏ ဦးနှောက်ထဲတွင် ပုန်းနေသော ကြောက်မက်ဖွယ် အသိစိတ်အလျဉ်က နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ချေသည်။ နောက်တစ်ခဏတွင် ထိုအသိစိတ်အလျဉ်က ဟင်းလင်းပြင်သားရဲမိခင်၏ ဦးနှောက်ထဲမှ ထွက်ပေါ်လာ၍ နတ်ဧကရာဇ်လန်ရွှမ်ကို တိုက်ခိုက်၏။

နတ်ဧကရာဇ်လန်ရွှမ်မှာ သိသိသာသာ မျက်နှာပျက်သွားသည်။ ထွက်ပေါ်လာသော အသိစိတ်အလျဉ်၏ ခွန်အားမှာ သူ့ထက် သာလွန်သည်။ ထို့ကြောင့် ဟင်းလင်းပြင်သားရဲမိခင်၏ သခင်မှာ မည်သူဖြစ်ကြောင်း သဘောပေါက်သွားတော့ည်။

“ဟင်းလင်းပြင်သားရဲမိခင်က မဟာဧကရာဇ် ထိန်းချုပ်မှုအောက် ရောက်ပြီးနေပြီပဲ…. ငါအရင်တစ်ခါ ဟင်းလင်းပြင်သားရဲမိခင်ကို တွေ့ခဲ့ရတုန်းက သူက ကောင်းကင်နတ်အရှင်မူရဲ့ နဂါး လက်အောက်မှာပဲ ရှိသေးတယ်… အခုတော့ မဟာဧကရာဇ်လက်ထဲ ရောက်သွားပြီ”

သူ၏တုံ့ပြန်နိုင်စွမ်းအား နှေးကွေးသည်ဟု ပြောမရနိုင်ပေ။ သူ၏ အသိစိတ်အလျဉ်က ချက်ချင်းဆိုသလို အကာအကွယ်၀င်္ကပါကို ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့အနောက်၌ ကောင်းကင်နန်းဆောင်များ ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်ကာ ကောင်းကင်နတ်ဘုံကို ဖော်ဆောင်လိုက်သည်။

သူက ထိုအခိုက်အတန့်တွင် မှော်စွမ်းအင်ကို စုစည်းလျက် အကာအကွယ် သင်္ကေတများ ဖန်တီးလိုက်သည်။ ထိုသင်္ကေတများက တာအိုအမှတ်အသားများ အသွင်ဆောင်ကာ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်၏။

“မွေးရာပါချီ”

သူသည် ကောင်းကင်နတ်ဧကရာဇ်၏ သွေးသား မဟုတ်ပါလော။ မွေးရာပါချီက သူ၏ကောင်းကင်နန်းဆောင်များအတွင်းရှိ မဟာတာအိုမှန်သမျှအား စုစည်းကာ တစ်ခုတည်းအဖြစ် ဖွဲ့တည်၍ သူ၏ခုခံနိုင်စွမ်းကို မြင့်တက်သွားစေသည်။

သွေးဆက်အရ သူ၏သွေးဆက်သည် တစ်လောကလုံးတွင် အရည်အသွေးအမြင့်ဆုံး ဖြစ်၏။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနှင့် ဖန်ဆင်းရှင် နတ်ဘုရင်ကုန်းယွင်တို့၏ သွေးအား ပိုင်ဆိုင်ထားသည့်အလျောက် သူ့အနေဖြင့် အသိစိတ်အလျဥ်နှင့် မွေးရာပါချီတို့ကို တစ်ပြိုင်နက်တည်း အသက်သွင်းထားနိုင်သည်။

ကောင်းကင်နတ်အရှင်ဟောင်နှင့် နှိုင်းယှဉ်ပါက သူသည် ပို၍ပြီးပြည့်စုံ၏။

သို့သော် အသိစိအလျဉ်နှင့် မွေးရာပါချီတို့မှာ သူ၏ခန္ဓာကိုယ်ထဲတွင် တစ်သားတည်း ပေါင်းစည်းမနေကြပေ။ သူသာ ၎င်းတို့ကို ပေါင်းစည်း၍ ပြီးပြည့်စုံသော ကမ္ဘာဦးမဟာတာအိုကို ဖော်ဆောင်နိုင်ပါက ကောင်းကင်နတ်အရှင်ဟောင်ကို ကျော်တက်ကာ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။

သို့သော် ကောင်းကင်နတ်အရှင်ဟောင်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ခေါင်းဆောင် ဖြစ်နေသေးသည်။ ကောင်းကင်နတ်ဘုံ၏ အုပ်ချုပ်သူဖြစ်၍ ပိုမိုများပြားသော အရင်းအမြစ်များကို လက်လှမ်းမှီနိုင်သည်။ နတ်ဧကရာဇ်လန်ရွှမ်မှာတော့ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါးသာ ဖြစ်ပြီး သူ၏စွမ်းအားကို ထုတ်ဖော်မကြွားဝါတတ်ပေ။

သို့ထိတိုင် ကောင်းကင်နတ်အရှင်ဆယ်ပါးတို့အကြားတွင် ကွာခြားမှု သိပ်မရှိလှ။

သူက ဤအခိုက်အတန့်တွင် စွမ်းအားမှန်သမျှ ထုတ်ဖော်ထားသည်။ သူ့အနောက်ရှိ ကောင်းကင်နန်းဆောင်အရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာပြီး ၁၈ ဆောင်မှ ၃၄ ဆောင်အထိ ရောက်ရှိ၍ မဟာကောင်းကင်နတ်ဘုံအဖြစ် ဖွဲ့တည်လိုက်၏။

သို့သော် သူ၏အရှိန်အဝါ အမြင့်ဆုံးသို့ မရောက်ရှိခင်မှာပင် မဟာဧကရာဇ်၏ လက်သီးက သူ၏မျက်နှာနှင့် မိတ်ဆက်သွားတော့သည်။

မဟာဧကရာဇ်၏ တိုက်ကွက်များသည် ရိုးရှင်းပြီး ရက်စက်၏။ ကမ္ဘာဦးခေတ်တွင် သူကား အင်အားအကြီးမားဆုံး ဧကရာဇ်တစ်ပါးဖြစ်ခဲ့သောကြောင့် ကြီးကြီးကျယ်ကျယ် အသိစိတ်အလျဉ်အစွမ်းအစများ မလိုအပ်ခဲ့ပေ။ သူ၏လက်သီးကသာ အသန်မာဆုံး လက်နက် ဖြစ်သည်။

နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာကြီးမှာ ပုံပျက်ရှုံ့တွသွားပြီး ပေါက်ကွဲသွားတော့သည်။ သူ၏ခေါင်းက နောက်သို့ လွင့်ထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းခေါက်ခံလိုက်ရသည့် စက္ကူစအလားပင်။

မူလကျောက်တုံးကို ရရှိပြီးဖြစ်သည့် မဟာဧကရာဇ်သည် မယုံနိုင်ဖွယ်ကောင်းလောက်အောင် သန်မာလှ၏။ နတ်ဧကရာဇ်လန်ရွှမ်ကဲ့သို့ အံ့မခန်းပုဂ္ဂိုလ်တစ်ဦး၏ ခန္ဓာကိုယ်ပင်လျှင် သူ့ဆီမှ လက်သီးချက်လေးတစ်ချက်ကိုပင် ခံနိုင်ရည် မရှိချေ။

နတ်ဧကရာဇ်လန်ရွှမ်၏ ခန္ဓာကိုယ် ခွေခေါက်သွားသည့်အချိန်မှာပင် မဟာကောင်းကင်နတ်ဘုံ၏ စွမ်းအားက ပေါက်ကွဲထွက်လာသည်။ မွေးရာပါချီနှင့် အသိစိတ်အလျဉ်က မဟာဧကရာဇ်၏ ခန္ဓာကိုယ်နှင့် ဝင်တိုက်သွားသည်။

ဤသည်က သူ၏ မူလနတ်ဘုရားထမြောက်မုဒြာ ဖြစ်သည်။

သူ၏ဘဝတလျှောက်လုံး သိမြင်နားလည်ခဲ့မှုအားလုံး မူလနတ်ဘုရားထမြောက်မုဒြာထဲတွင် ကိန်းဝပ်နေသည်။

အမှန်တွင် နတ်ဘုရားတစ်ပိုင်းတို့အတွက် သူသည် မူလနတ်ဘုရားဟု ဆိုရပေမည်။ ပထမဦးဆုံး နတ်ဘုရားတစ်ပိုင်း၊ ရှေးအကျဆုံး မူလနတ်ဘုရားတစ်ပိုင်းပင်။

မူလနတ်ဘုရားထမြောက်မုဒြာက ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၃၄ ခုအား စုစည်းခဲ့သည်။ ထို့ကြောင့် အင်မတန် အားကောင်းပြီး မာကြောပြင်းထန်၏။ မဟာဧကရာဇ်သည် သူ့ထက် သာကြောင်း လန်ရွှမ် ကောင်းကောင်းသိလေသည်။ သူ မည်မျှပင် ကြိုးစားတိုက်ခိုက်ပါစေ ခုခံနေရမည်သာ ဖြစ်ပြီး တဖြည်းဖြည်း အရေးနိမ့်ကာ သေရလိမ့်မည်။

အကောင်းဆုံးနည်းလမ်းမှာ အသေအကြေ တိုက်ခိုက်ကာ အသက်ရှင်ရန် ကြိုးစားခြင်းပင်။ မဟာဧကရာဇ်သာ ခုခံရသည့် အခြေအနေသို့ ရောက်ရှိသွားလျှင် တိုက်ပွဲရေချိန်ကို ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။

မဟာဧကရာဇ်၏ ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်တစ်၀က်ကို ဖုံးအုပ်သွားပြီး သူ၏မျက်နှာထက်တွင် လှောင်ပြောင်နေသည့် အပြုံးတစ်ခုက ဖြစ်ထွန်းလာသည်။ သူ့နဖူးတွင် ထည့်ထားသော မူလကျောက်တုံးက ထွန်းလင်းတောက်ပလာပြီး သူသည် တိုက်ကွက်အား သူ၏ခန္ဓာကိုယ်နှင့် ထိတွေ့သွားစေသည်။

သူ၏ရုပ်ခန္ဓာသည် ကောင်းကင်နတ်အရှင်ဟောင်နှင့် တိုက်ခိုက်ခဲ့တုန်းကထက် ပို၍သန်မာလာ၏။ နတ်ဧကရာဇ်လန်ရွှမ်၏ တိုက်ကွက်ကြောင့် သူ၏ခန္ဓာကိုယ်မှာ တစ်ခဏမျှသာ ယိုင်သွားသည်။ နောက်တခဏတွင် သူ၏လက်ဖဝါးက နတ်ဧကရာဇ်လန်ရွှမ်၏ လည်ပင်းပေါ်သို့ ကျရောက်လာသည်။

နတ်ဧကရာဇ်လန်ရွှမ်၏ လည်ပင်းမှာ ကျိုးကျေသွားပြီး ခေါင်းပြတ်လုမတတ် ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်က မဟာကောင်းကင်နတ်ဘုံမှ ထလာ၏။ သူက ကောင်းကင်နတ်ဘုံကို ကာကွယ်လျက် ရပ်နေပြီး လက်ညှိုးထိုးလိုက်သည်။

သူ၏လက်ညှိုးက အလင်းတန်းတစ်တန်းအလား ဖြာထွက်သွားကာ ကောင်းကင်နန်းဆောင် ၃၄ ဆောင်ထဲ၌ ကိန်းအောင်းနေသမျှ မွေးရာပါချီမှန်သမျှ စုစည်းလိုက်သည်။ သူ့လက်ဖဝါးမှ ထွက်ပေါ်လာသော အလင်းတန်းသည် နေလုံးကြီးထက်ပင် အဆပေါင်း ထောင်သောင်းများစွာ တောက်ပနေ၏။

လက်ညှိုးက မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသဖြင့် မဟာဧကရာဇ်မှာ အငိုက်မိသွားသည်။

ခွမ်း…

နတ်ဧကရာဇ်လန်ရွှမ်၏ လက်ညှိုးက မဟာဧကရာဇ်၏ နဖူးရှိ မူလကျောက်တုံးကို ထိတွေ့သွားသည်။

သူ၏မူလကျောက်တုံးမှာ အက်ကွဲသွားသဖြင့် မဟာဧကရာဇ်မှာ ကြောင်အသွားလေသည်။

မဟာဧကရီ၏နဖူးမှာ မည်သို့မှ မပြောင်းလဲသွားသော်လည်း သူ၏နောက်စေ့တွင် ဧရာမအပေါက်ကြီးတစ်ပေါက် ပေါက်နေသည်။ အလင်းတန်းတို့က သွေးရောင်လွှမ်းလျက် ကောင်းကင်တွင် ရောင်ပြန်ဟပ်နေ၏။

“မင်းက နတ်ဘုရင်ကုန်းယွင်ရဲ့ တာအိုနဲ့ ထိုက်ချူရဲ့ တာအိုကို ပေါင်းစည်းလိုက်တာလား…. သူတို့ရဲ့ သားဆိုတဲ့ အတိုင်းပါပဲလေ”

မဟာဧကရာဇ်က အက်ကွဲသွားသော မူလကျောက်တုံးကို ပြန်လည်စုစည်းလိုက်သည်။ ကျောက်တုံးသည် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွားကာ သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် မြှုပ်နှံထားဆဲဖြစ်သည်။ သူက ချီးကျူး၏။ “ကုန်းယွင်နဲ့ ငါ့ရဲ့သားသာ အသက်ရှိနေဦးမယ်ဆိုရင် မင်းနဲ့ အတူတူလောက်ပဲ နေမှာ…. မင်း ဒီတိုက်ကွက်ပဲ သိတာမလား လန်ရွှမ်…. ဒါကြောင့်ပဲ မင်း သေရလိမ့်မယ်”

ဖရိုဖရဲပင်လယ်ထဲတွင် ထိုက်ယီမှာ အေးဆေးတည်ငြိမ်နေသည်။ သူက ဇဝေဇဝါဖြစ်နေသူများကို ရှင်းပြ၏။ “ကုန်းယွင်က မဟာဧကရာဇ်ရဲ့ မိန်းမလေ… မဟာဧကရာဇ်က ကုန်းယွင်ရဲ့ မျိုးနွယ်စုကို သတ်ပစ်ခဲ့တာ… သူ့ကို ကလဲ့စားချေချင်လို့ ကုန်းယွင်က ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနဲ့ မေတ္တာသက်ဝင်ပြီးတော့ နတ်ဧကရာဇ်လန်ရွှမ်ကို မွေးခဲ့တယ်..”

အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ထိုက်ယီက ခပ်အေးအေးပင် ဆက်ပြော၏။ “အဲဒီတုန်းက ထိုက်ချူက ကောင်းကင်နတ်ဧကရာဇ် မဟုတ်သေးဘူး… ရာထူးအဆင့်အတန်းအရ သူက မဟာဧကရာဇ်ရဲ့ မွေးစားသားပဲ ရှိသေးတာ… မွေးစားသားနဲ့ မိထွေးကြားက အချစ်ဇာတ်လမ်းက ကမ္ဘာဦးခေတ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာပေါ့… ဒါကြောင့်ပဲ နောက်ပိုင်း ကောင်းကင်နတ်ဧကရာဇ်က သူ့အတိတ်က အရိပ်မည်းကြီး ပျောက်ကွယ်သွားအောင် ကုန်းယွင်ကို သတ်ပစ်ခဲ့တယ်”

All Chapters