← Chapters

သားရဲတို့၏ ဘုရင်

Vol. 100 Ch. 1307

သားရဲတို့၏ ဘုရင်

Vol. 100 Ch. 1307

လန်ယွီတျန်းမှာ ထိုသို့ ကိုယ်ကျင့်တရားမျိုးအား သေချာမသိသဖြင့် မှားယွင်းသည်ဟု မခံစားရပေ။ အခြားတစ်ဖက်တွင် ရှုရှန်းဟွာမှာလည်း တစ်နှစ်ပတ်လုံး မျက်နှာအမူအရာမပြောင်းလဲသူ ဖြစ်သဖြင့် မည်သို့မှ ထူးဆန်းသည့် မျက်နှာအမူအရာမျိုး ထွက်ပေါ်မလာချေ။ သူတို့၏ နောက်လိုက်များကသာ အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။

“မဟာဧကရာဇ် နတ်ဧကရာဇ်လန်ရွှမ်ကို သတ်ချင်နေတာက ကုန်းယွင်က သူနဲ့ ရတဲ့ သားကို သတ်ပစ်ခဲ့ပေမယ့် ထိုက်ချူနဲ့ ရတဲ့ သားကိုတော့ အသက်ချမ်းသာပေးခဲ့လို့ပဲ”

ထိုက်ယီက ရှင်းပြသည်။ “အဲဒီအကြောင်းအရင်းကြောင့်ပဲ မဟာဧကရာဇ်က လန်ရွှမ်ကို အမြဲကြည့်မရခဲ့တာ… သူနဲ့ ကုန်းယွင်ရဲ့ သား သေခဲ့ရရင် ထိုက်ချူနဲ့ ကုန်းယွင်ရဲ့ သားလည်း သေရမယ်လို့ သူ ခံစားရတယ်လေ”

ရှုရှန်းဟွာက ပြောသည်။ “ကမ္ဘာဦးခေတ်လည်း ရှုပ်ထွေး‌ပွေလီလိုက်တာနော်”

ထိုက်ယီက ပြုံးလျက် တုံ့ပြန်၏။ “သပွတ်အူလို ရှုပ်ထွေးခဲ့တာပေါ့… လန်ရွှမ် အရိုက်ခံနေရတာကို ကြည့်နေလိုက်… ခဏကြာရင် အရိုက်ခံရတဲ့သူက မဟာဧကရာဇ် ဖြစ်သွားလိမ့်မယ်”

အားလုံး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ဤသည်မှာ ဖရိုဖရဲပင်လယ် ဖြစ်၍ ဖရိုဖရဲပင်လယ်၏ ကာကွယ်ပေးမှုနှင့် ထိုက်ယီ၏ တောင်ဝှေးကြောင့် အပေါ်ရှိ တိုက်ပွဲသည် မည်မျှပင် ပြင်းထန်ပါစေ သူတို့အပေါ် သက်ရောက်မှု မရှိချေ။

တိုက်ပွဲအခြေအနေမှာ ထိုက်ယီပြောသည့်အတိုင်းပင်။ နတ်ဧကရာဇ်လန်ရွှမ်သည် အသိစိတ်အလျဉ်နှင့် မွေးရာပါချီတို့ကို အပြည့်အဝ မပေါင်းစည်းခဲ့သောကြောင့် ထိုတိုက်ကွက်တစ်ကွက်ကိုသာ နားလည်နိုင်ခဲ့သည်။ သူ၏မူလဝိညာဉ်က ထိုတိုက်ကွက်ဖြင့်သာ တိုက်ခိုက်နေပြီး ထိုသိုင်းကွက်အား မူလနတ်လက်ညှိုး ခေါ်လေသည်။

မူလနတ်လက်ညှိုးသည် ပထမဆုံးသော မူလ ကောင်းကင်နတ်သိုင်းဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟောင် မဆိုထားနှင့်၊ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူပင် ၎င်းအကြောင်း မသိပေ။ မဟာဧကရာဇ်က အင်မတန် သတိရှိ‌နေ၍သာ လန်ရွှမ်၏တိုက်ကွက် အသုံးမဝင် ဖြစ်နေသည်မှာ နှမြောစရာကောင်းလှသည်။

နတ်ဧကရာဇ်လန်ရွှမ်မှာ ခံစစ်အခြေအနေသို့ ရောက်ရှိသွား၏။ သူ၏လည်ပင်းက မဟာဧကရာဇ်ကြောင့် ပြတ်ထွက်လုနီးပါးဖြစ်ခဲ့ရပြီး ဒဏ်ရာများမှာလည်း ဆိုးသလက် ဆိုးနေသည်။ ကံကောင်းစွာဖြင့် သူ့တွင် မူလနတ်လက်ညှိုးကဲ့သို့ မဟာကောင်းကင်နတ်သိုင်းမျိုး ရှိထားသေးသဖြင့် မဟာဧကရာဇ်ကို ခြိမ်းခြောက်နိုင်သေးသည်။ မဟုတ်လျှင် သည့်ထက် မရှုမလှ အခြေအနေဖြင့် စောစောစီးစီး ရှုံးနိမ့်သွားပေလိမ့်မည်။

ဟင်းလင်းပြင်အနက်ပိုင်းထဲတွင်

ချင်မူက သူ၏မဟာကောင်းကင်နတ်သိုင်း ပရမတ္တလှေကို အသက်သွင်းလိုက်ရင်း ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ၂၉ ခုမြောက် ဟင်းလင်းပြင်သို့ သွားကာ ဟင်းလင်းပြင်၏ဖိအားအား သူ့အပေါ် မသက်ရောက်နိုင်အောင် လုပ်ထားသည်။

သို့သော် သူ ဤမဟာကောင်းကင်နတ်သိုင်းကို ရုတ်သိမ်းလိုက်ပါက ၂၉ ခုမြောက် ဟင်းလင်းပြင်ထဲတွင် နေနိုင်တော့မည်မဟုတ်ပေ။ ဖိအားက ပြင်းထန်လွန်းသဖြင့် သူ၏ခန္ဓာကိုယ်ကို အန္တရာယ်ရှိစေနိုင်သည်။

သူ၏ကောင်းကင်နတ်သိုင်းမှာ ပရမတ္တလှေအသွင် ရှိနေသည်။ သူက လှေ၏ ထိပ်ဖျားတွင် ရပ်နေပြီး မဟာဧကရာဇ်နှင့် လန်ရွှမ်တို့အကြားရှိ တိုက်ပွဲကို ကြည့်ကာ အံ့ဩစွာ ပြောနေသည်။ “နတ်ဧကရာဇ်လန်ရွှမ်ကတော့ တကယ်ကို တစ်ခုခုပဲ… ဒီတိုက်ကွက်က နတ်ဘုရင်ကုန်းယွင် မဟာဧကရာဇ်ရဲ့ မျက်ခုံးနှစ်ဖက်ကြားက မူလကျောက်တုံးကို ကလော်ထုတ်ခဲ့တဲ့ လက်ချောင်းကနေ ဖန်တီးထားတာဖြစ်ရမယ်… မွေးရာပါချီနဲ့ ပေါင်းလိုက်တော့ တကယ်ကို ထူးကဲသွားတာပဲ”

ကောင်းကင်နတ်အရှင်ဆယ်ပါးတွင် ကိုယ်ပိုင်ကျင့်စဉ်များရှိကြသည့်အပြင် ကျင့်စဉ်တစ်ခုစီတိုင်းက လူတိုင်း၏ မျက်လုံးများကို တဖျတ်ဖျတ် တောက်ပနေသွားစေသည်အထိ ထူးကဲလှသည်။

မဟာဧကရာဇ်ကို ဖိနှိပ်နိုင်သည့် ကောင်းကင်နတ်အရှင်ဟောင်နှင့် သူ၏ အဆုံးသတ်မြို့ပျက်မဟာတာအို မွေးရာပါချီသိုင်းကွက်က ပထမနေရာတွင် ရှိသည်။

သူအနောက်တွင် ထိုက်ချူမဟာတာအို၏ စွမ်းအားကို ပထမဆုံး ထုတ်ဖော်ပြနိုင်သော နတ်ဧကရာဇ်လန်ရွှမ်၏ မူလနတ်လက်ညှိုး ရပ်တည်နေသည်။ ၎င်းတွင်လည်း ခမ်းနားကြီးကျယ်သော စွမ်းအားတို့ ပြည့်နှက်နေ၏။

ချင်မူက တိုက်ပွဲကို အားရဝမ်းသာစွာ ကြည့်နေသည်။ နတ်ဧကရာဇ်လန်ရွှမ် မဟာဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးတော့မည့်အချိန်တွင် ကောင်းကင်သည် မျက်စိကျိန်းမတတ် တောက်ပလာ၏။ ကောင်းကင်တာအို ၄၉ ခုက ကျဆင်းလာပြီး ရတနာမျိုးစုံက ကောင်းကင်တာအိုအင်အားတို့ဖြင့် ပေါက်ကွဲထွက်သွားသည်။ ၎င်းတို့က မဟာဧကရာဇ်ကို ပြေးတိုက်လိုက်ကြသဖြင့် သူ၏ခန္ဓာကိုယ်မှာ ယိမ်းယိုင်၍ သူ၏ခြေလှမ်းများလည်း ကမောက်ကမ ဖြစ်သွားသည်။

“ရှေးဟောင်းနတ်ဘုရားဘုရင်၊ လှုပ်ရှားလိုက်တော့”

ချင်မူမှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ထားသော်လည်း ထိုအခိုက်အတန့်တွင် သူ့ခြေထောက်အောက်ရှိ ပရမတ္တလှေမှာ ပျောက်ကွယ်သွားသည်။ ချင်မူ၏ ပျော်ရွှင်မှုမှာ ထိတ်လန့်တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားပြီး သူ့မှာ ၂၉ ခုမြောက် ဟင်းလင်းပြင်၏ ချက်ချင်း ဖိနှိမ်ခြင်းခံရကာ ပျောက်ကွယ်သွားတော့သည်။

သူ၏ခန္ဓာကိုယ်က ၂၈ ခုမြောက် ဟင်းလင်းပြင်ထဲသို့ ပြုတ်ကျလာသည်။ သူ၏ကောင်းကင်နတ်သိုင်းက ပြန်လည်ထွက်ပေါ်လာပြီး သူက ရွက်လွှင့်၍ ၂၉ ခုမြောက် ဟင်းလင်းပြင်ဆီသို့ ပြန်ဦးတည်သွား၏။

ကောင်းကင်နတ်သိုင်း၏ စွမ်းအားကြောင့် သူ့အနေဖြင့် ၃၀ ခုမြောက် ဟင်းလင်းပြင်အထိ ဖြတ်သန်းနိုင်သော်လည်း ကောင်းကင်နတ်သိုင်း ပျောက်ကွယ်သွားပါက အန္တရာယ်များလှသည်။ ထို့ကြောင့် ၂၉ ခုမြောက် ဟင်းလင်းပြင်ထဲတွင် နေခြင်းကသာ သူ့အတွက် ပို၍ဘေးကင်းလေသည်။

မဟာဧကရာဇ်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့ထံမှ ထွက်ပေါ်လာကြသည့် ကောင်းကင်နတ်သိုင်း နောက်ဆက်တွဲပြင်းအားတို့မှာ ဤနေရာတွင် အားနည်းလွန်းပြီး အန္တရာယ်မရှိလှချေ။

သို့သော် ၂၈ ခုမြောက် ဟင်းလင်းပြင်ထဲသို့သာ ရောက်သွားပါက အန္တရာယ်က သိသိသာသာ တိုးလာလိမ့်မည်။

ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်တာအို ၄၉ ခုက မဟာဧကရာဇ်ကို ယိမ်းယိုင်သွားစေသည့်အထိ တိုက်ခိုက်နိုင်လိုက်သော်လည်း သူ့အသက်အန္တရာယ်ကိုတော့ မခြိမ်းခြောက်နိုင်ခဲ့ပေ။ သို့သော် နောက်တခဏတွင် ကောင်းကင်တာအို ၄၉ ခုက ပေါင်းစည်း၍ အထွတ်အထိပ်ရတနာတစ်ပါး အဖြစ် ပြောင်းလဲသွားသည်။

၎င်းက ကောင်းကင်ထောက်တိုင်ကို ပင်မကိုယ်ထည်အဖြစ် အသုံးပြုသည့် အလွန်ထူးဆန်းသော ရတနာတစ်ပါး ဖြစ်သည်။ ကောင်းကင်ရတနာများစွာမှာလည်း ကောင်းကင်ထောက်တိုင်တွင် ကပ်တွယ်နေကြကာ တချို့နေရာတွင် ထူနေစေပြီး အချို့နေရာတွင်တော့ ပါးလွှာနေစေသည်။ တချို့အပိုင်းများက ဓားသွားများနှင့် တူပြီး တချို့ကတော့ လှံများနှင့်တူ၏။

ဧရာမလက်ကြီးတစ်ဖက်က ကောင်းကင်ထောက်တိုင်၏ ဗဟိုချက်ကို လှမ်းဆွဲလိုက်သည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ အနီရောင်ဝတ်ရုံက တလွင့်လွင့် လှုပ်ခါသွားပြီး သူက ဤအထွတ်အထိပ်ရတနာဖြင့် လှပ်ရှားနေသည်။ သူ၏ခန္ဓာကိုယ် တစ်ပတ်လှည့်လိုက်သည့်အခါ လက်နက်က ဓားအသွင်ပြောင်းသွား၏။ သူက ကောင်းကင်ဓားသွားကို ကိုင်လျက် မဟာဧကရာဇ်၏ ခါးအား ခုတ်ချလိုက်သည်။

မဟာဧကရာဇ်က အင့်ခနဲ အသံတစ်ချက်ပြု၍ အနောက်သို့ ယိုင်သွား၏။ သူ၏ခါးမှ သွေးတို့စီးကျလာသည်။

ကောင်းကင်တာအိုရတနာ ၄၉ ခုဖြင့် စုစည်းထားသည့် ရတနာမှာ ကြောက်စရာကောင်းလွန်းပြီး သူ၏ခွန်အားကိုပင် ခြိမ်းခြောက်နိုင်၏။

ရှေးဟောင်းနတ်ဘုရားဘုရင်က ဓားသွားကို လှည့်၍ ဓားရိုးဖြင့် မဟာဧကရာဇ်၏ ခန္ဓာကိုယ်ကို ထုချလိုက်သည်။ ဓားရိုးအစွန်းရှိ ကောင်းကင်ခေါင်းလောင်းက မြည်သွားသည်။ ချွင်ခနဲ အသံကြီးနှင့်အတူ ကောင်းကင်ခေါင်းလောင်းသည် ပဲ့တင်သံထပ်၍ မဟာဧကရာဇ်၏ စိတ်ကို တိုက်ခိုက်ကာ အာရုံထွေပြားသွားစေ၏။

ရှေးဟောင်းနတ်ဘုရားဘုရင်က ရှေ့သို့ တစ်လှမ်းတက်လာပြီး ကောင်းကင်ခေါင်းလောင်းက နောက်ဆုတ်သွားသည်။ ထို့နောက် ကောင်းကင်ထောက်တိုင်အား တူလို အသုံးပြု၍ မဟာဧကရာဇ်၏ ဦးခေါင်းကို ထုရိုက်လိုက်တော့သည်။

အခြားတစ်ဖက်တွင် နတ်ဧကရာဇ်လန်ရွှမ်မှာ သတိပြန်လည်လာသဖြင့် လည်ပင်းကို ပြန်ဆက်လိုက်သည်။ ထို့နောက် သူက ချီစွမ်းအင်ဖြင့် မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ချိန်ရွယ်၏။

ကောင်းကင်နတ်အရှင်နှစ်ပါး ပူးပေါင်းသွားသဖြင့် တိုက်ပွဲအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားသည်။ မဟာဧကရာဇ်သည် အဆက်မပြတ် နောက်ဆုတ်ရင်း တိုက်ကွက်များကို ခုခံနေရပြီး တိုက်စစ်ထက် ခံစစ်ကို အားပြုနေရ၏။ သူ၏ခန္ဓာကိုယ်မှာလည်း ဒဏ်ရာများ အဆက်မပြတ် ရနေသည်။

ချင်မူက စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ထားပြီး မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ စိုက်ကြည့်နေမိသည်။

ထိုနေရာတွင် မူလကျောက်တုံးရှိနေပြီး မကြာမီ ကြေမွသွားတော့မည်။ ထိုအချိန်တွင် သူသည် မူလကျောက်တုံးကို လုယူနိုင်မည်ဖြစ်၏။

ရုတ်တရက် သူ၏အကြည့်က အဝေးရှိ ဟင်းလင်းပြင်သားရဲမိခင်ဆီသို့ ရောက်သွားပြီး ငေးကြောင်သွားလေသည်။ ဟင်းလင်းပြင်သားရဲမိခင်သည် ၁၇ ခုမြောက် ဟင်းလင်းပြင်ထဲတွင် ပုန်းနေပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများက ၁၇ ခုမြောက် ဟင်းလင်းပြင်ထဲသို့ လှိုင်းဂယက်များအလား စုပြုံသွားနေကြ၏။

‘မဟာဧကရာဇ်က ဟင်းလင်းပြင်သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ ခွန်အားကျန်နေသေးတာလား… သူ ဘာတွေများ ကြံစည်နေတာလဲ’

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်သားရဲမိခင်၏ မျက်လုံးကြီး ပွင့်လာပြီး ပါးစပ်ကြီးအား ဟလိုက်ကြောင်း တွေ့လိုက်ရသည်။ ဧရာမ ဟင်းလင်းပြင်သားရဲများက စနစ်တကျ စီတန်း၍ ဟင်းလင်းပြင်သားရဲမိခင်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားကြလေသည်။

ဟင်းလင်းပြင်သားရဲမိခင်၏ ပါးစပ်ထဲရှိ ချွန်ထက်လှသော သွားတို့မှာ အလိုအလျောက် လှည့်ပတ်ရင်း သူ့ပါးစပ်ထဲ ဝင်ရောက်လာကြသော ဟင်းလင်းပြင်သားရဲများကို ပိုင်းဖြတ်စားသောက်နေ၏။

ချင်မူမှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ ဟင်းလင်းပြင်သားရဲမိခင်သည် သာမန်မျက်စိဖြင့် မြင်ရနိုင်သော အမြန်နှုန်းဖြင့် အဆက်မပြတ် ကြီးထွားလာနေမှန်း တွေ့နေရ၏။ ၎င်းက ပိုပို၍ ကြီးမားလာပြီး ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများမှာလည်း ပို၍ရှင်းလင်းပြတ်သားလာသည်။

ဟင်းလင်းပြင်သားရဲမိခင်သည် ယခင်က သာမန်ဟင်းလင်းပြင်သားရဲသာ ဖြစ်၏။ နဂါးချီလင် ၎င်းကို ထိန်းချုပ်ပြီးနောက် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သုံးဆမှ ငါးဆအထိ ကြီးထွားလာခဲ့သည်။

အခုတော့ အချိန်တိုအတွင်း အလွန်အမင်း ကြီးထွားလာနေပြီး အရှိန်အဝါမှာလည်း ပို၍ အားကောင်းလာနေ၏။

“မဟာဧကရာဇ်က ဟင်းလင်းပြင်သားရဲမိခင်ရဲ့ အနေအထားကို အသုံးချပြီး နောက်ထပ် ဟင်းလင်းပြင်သားရဲမိခင်တစ်ကောင် ဖန်တီးချင်နေတာလား… မဟုတ်‌သေးဘူး… သူက လုံရှောင်လို ခွန်အားကြီးတဲ့ သားရဲဘုရင်ကို ဖန်တီးချင်နေတာ”

ချင်မူ့နဖူးတွင် ချွေးစို့လာသည်။ ‘သူက ဟင်းလင်းပြင်သားရဲမိခင်ကို သုံးပြီး လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ တခြားသူတွေကို အလစ်တိုက်ဖို့ ကြံနေတာပဲ’

ဟင်းလင်းပြင်သားရဲမိခင်သည် ဟင်းလင်းပြင်သားရဲများကို လျင်မြန်စွာ စားသုံးနေရင်း ခန္ဓာကိုယ်ကြီးက သန်မာသထက် သန်မာလာသည်။ တဖြည်းဖြည်း ၁၇ ခုမြောက် ဟင်းလင်းပြင်ပင်လျှင် သူမ၏ ဧရာမခန္ဓာကိုယ်ကြီးကို ခံနိုင်ရည် မရှိတော့ပေ။

ဟင်းလင်းပြင်သားရဲမိခင်က ၁၈ ခုမြောက် ဟင်းလင်းပြင်အထိ ကြီးထွားနေသော်လည်း ဦးခေါင်းက ၁၇ ခုမြောက် ဟင်းလင်းပြင်ထဲတွင်သာ ရှိနေသေးပြီး ပိုများပြားသည့် ဟင်းလင်းပြင်သားရဲများကို ဝါးမြိုကာ ပို၍ကြီးထွားလောသည်။

မကြာမီ ဟင်းလင်းပြင်သားရဲ ထောင်ပေါင်းများစွာသည် ၎င်းပါးစပ်ထဲ ရောက်၍ စွမ်းအင်အဖြစ် ပြောင်းလဲသွားကြ၏။ ဟင်းလင်းပြင်သားရဲမိခင်သည် ဟင်းလင်းပြင်သားရဲများ ပါးစပ်ထဲဝင်လာသည်ကို စောင့်၍ ဝါးမြိုနေရသည်မှာ နှေးကွေးသည်ဟု ခံစားလာရပုံပင်။ ထို့ကြောင့် ၎င်းက ပါးစပ်ကြီးဟ၍ ကိုက်ချလိုက်သည်။

ဟင်းလင်းပြင်သားရဲ ထောင်ပေါင်းများစွာနှင့် ၁၇ ခုမြောက် ဟင်းလင်းပြင်၏ ဧရာမအစိတ်အပိုင်းကြီးတစ်ခုမှာ ၎င်း‌ကြောင့် ကိုက်ဖြတ်ခံလိုက်ရ၏။

အခြားဟင်းလင်းပြင်သားရဲများမှာ ကြောက်ရွံ့နေကြသော်လည်း မလှုပ်ရှားရဲကြပေ။ သူတို့က မြေပြင်တွင် ပြားပြား၀ပ်၍ ညည်းညူနေကြသည်။

ဟင်းလင်းပြင်သားရဲမိခင်က ပါးစပ်ကြီးဟကာ ၁၇ ခုမြောက် ဟင်းလင်းပြင်ထဲရှိ ဟင်းလင်းပြင်သားရဲများကို လျင်မြန်စွာ ဝါးမြိုလိုက်ချေပြီ။

ဟင်းလင်းပြင်သားရဲမိခင်၏ ခန္ဓာကိုယ်မှာ ပို၍ပင် ကြီးမားလာပြီး ၂၃ ခုမြောက် ဟင်းလင်းပြင်သို့ပင် ရောက်ရှိနေသည်။ ဤဧရာမသားရဲကြီးမှာ သန်မာလွန်းသည့်အတွက် ၂၉ ခုမြောက် ဟင်းလင်းပြင်ထဲရှိ ချင်မူ့ကိုပင်လျှင် ဖိနှိပ်ခံနေရသည့်အလား ခံစားနေရစေသည်။

ဤခံစားချက်သည် လုံရှောင်ကို မြင်ခဲ့ရစဉ်ကနှင့် ဆင်တူ၏။ ဤ သားရဲမိခင်မှာ လုံရှောင်လောက် မသန်မာလျှင်တောင်မှ သိပ်မကွာပေ။

ရုတ်တရက် သားရဲမိခင်က ထရပ်ကာ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ သူမ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သေးငယ်လာပြီး မိုင်ရာဂဏန်းမျှသာ ကြီးမားသည့် သားရဲတစ်ကောင် ဖြစ်သွား၏။ သူမက ဟင်းလင်းပြင်ထဲမှ ခုန်ထွက်သွားသည်။

All Chapters