ါးမွှေထိုး
Vol. 100 Ch. 1309
ဖရိုဖရဲပင်လယ်ထဲတွင် ထိုက်ယီ၏ မျက်နှာအမူအရာက ကြင်နာသနားတတ်သော အသွင်ရှိနေသည်။ သူက ကြောင်အနေသော ရှုရှန်းဟွာနှင့် လန်ယွီတျန်းဆီ ကြည့်ကာ ပြောသည်။ “စိတ်ဝင်စားဖို့ကောင်းတယ်မလား…. ဒါပေမဲ့ မလှုပ်ရှားသေးတဲ့ တာအိုမိတ်ဆွေတချို့ ကျန်သေးတယ်”
လူတိုင်းမှာ အံ့သြလွန်းသဖြင့် မော့ကြည့်ရင်း ကြက်သေသေနေကြသည်။ သူတို့၏ရှုထောင့်မှ ကြည့်လျှင် ဖရိုဖရဲပင်လယ်ပေါ်ရှိ သစ်မြစ်ကြီးများမှာ အင်မတန်ကြီးမားလှပြီး မည်းနက်နေသည်။ ထိုသစ်မြစ်များအပေါ်ရှိ သစ်ခေါက်များမှာ နဂါးအရေခွံများနှင့်ပင် ဆင်တူပြီး ဖရိုဖရဲပင်လယ်၏ အခြေအနေများကို ရောင်ပြန်ဟပ်နေ၏။
“အမိကမ္ဘာမြေ… ကျုပ်လက်ထဲကနေ လုရဲတယ်ပေါ့လေ”
ကောင်ကင်နတ်အရှင်ရှောင်မှာ လက်တစ်ဖက် ပြတ်နေသည့်တိုင်အောင် ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သူက လက်သီးဆုပ်၍ ထိုးချလိုက်သည့်အခါ အမိကမ္ဘာမြေ၏ မရေမတွက်နိုင်သော သစ်မြစ်များသည် ယဇ်ပလ္လင်အသွင် ဖွဲ့တည်သွား၏။ ပလ္လင်ထက်တွင် အမိကမ္ဘာမြေ၏ အစစ်အမှန်ခန္ဓာကိုယ်က ထရပ်၍ တိုက်ကွက်အား ထိပ်တိုက်ရင်ဆိုင်သည်။
ဖရိုဖရဲပင်လယ်ထက်တွင် ကြောက်စရာကောင်းလှသော လှိုင်းဂယက်များ အရပ်လေးမျက်နှာသို့ ပျံ့နှံသွားကြ၏။ သို့သော် ဖရိုဖရဲပင်လယ်ထဲသို့ ဝင်လာသည့်အချိန်တွင်၍ ထိုက်ယီ၏ တောင်ဝှေးနှင့် တွေ့လျှင်ချင်း ချက်ချင်း ငြိမ်ကျသွားကြသည်။
ကောင်းကင်ပေါ်တွင် အမိကမ္ဘာမြေ၏ မရေမတွက်နိုင်သော သစ်မြစ်များမှာ ကျိုးပဲ့ပွင့်ထွက်သွားကြ၏။ ကောင်းကင်ထက်မှ တဘုန်းဘုန်း ပြတ်ကျလာကာ ဖရိုဖရဲပင်လယ်ထဲသို့ ပြေးတိုက်ကုန်ကြသည်။ မကြာမီ ၎င်းတို့မှာ ဖရိုဖရဲပင်လယ်နှင့် တစ်သားတည်း ဖြစ်သွားကြကာ ဖရိုဖရဲချီအဖြစ် ပြောင်းလဲသွားကြသည်။
ရှုရှန်းဟွာ၏ အကြည့်က ထိုက်ယီ၏ တောင်ဝှေးအပေါ် ကျရောက်သွားပြီး အံ့သြနေ၏။ “ဒီတောင်ဝှေးက ကမ္ဘာဦးသစ်ပင်ထက်တောင် ပိုအစွမ်းထက်နေတဲ့ပုံပဲ .. ဘယ်လိုသစ်သားမျိုးနဲ့ လုပ်ထားတာများလဲ”
ထိုက်ယီက သူ့အကြည့်ကို သတိထားမိ၍ ပြုံးလျက် ဖြေသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ပိုင်နက်ထဲမှာ သစ်သားတွေ အများကြီးရှိတယ်လေ… ဒါပေမဲ့ အဲဒါတွေအားလုံးကို ငါ မီးရှို့ပစ်ခဲ့တာ .. ငါ့မှာ တစ်ခုရှိနေသေးတယ်လို့ သူ့ကို မပြောလိုက်နဲ့ … မဟုတ်ရင် ငါ့ဆီက လုဖို့ ကြိုးစားလိမ့်မယ်”
ရှုရှန်းဟွာမှာ နားမလည်နိုင်ပေ။ “ဂိုဏ်းသခင်ချင်ရဲ့ ပိုင်နက်မှာ သစ်သားတွေ အများကြီး ရှိတယ်တဲ့လား… သူက ဘယ်တုန်းက ဒီလောက် ချမ်းသာလာတာလဲ… အရင်တုန်းက မွဲတေလွန်းလို့ တွေ့သမျှလူတိုင်းဆီက လုယူချင်နေတဲ့လူလေ… အခုလည်း တစ်ယောက်ယောက်ဆီက လုဖို့ ကြံစည်နေလောက်တယ်”
ထိုက်ယီက ပြုံး၏။ “မြန်မြန်ကြည့်လိုက်… ဟိုမှာ တာအိုမိတ်ဆွေတစ်ယောက် ပြဿနာ ထပ်ရှာတော့မယ်.. ဒါပေမဲ့ တကယ့်တရားခံက လမ်းမှာပဲ ရှိသေးတယ်”
ထိုအခိုက်အတန့်တွင် ချင်မူက ပရမတ္တလှေဖြင့် အပြေးလာနေဆဲဖြစ်သည်။ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေပြီး ၂၉ ခုမြောက် ဟင်းလင်းပြင်ထဲတွင် ပုန်းခိုခဲ့သည်မှာ မြင့်လွန်းဝေးလွန်းသည်ဟု ဗျစ်တောက်ဗျစ်တောက် ရေရွတ်နေ၏။
ကောင်းကင်နတ်အရှင်ရှောင်၏ ညာလက်သီးက အမိကမ္ဘာမြေ၏ ခန္ဓာကိုယ်အား နိမ့်ဝင်သွားစေသည်။ သူမ ဖရိုဖရဲပင်လယ်ထဲသို့ ကျသွားတော့မည့်အချိန်တွင် ယဇ်ပလ္လင်က ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။ မရေမတွက်နိုင်သော သစ်မြစ်များက ကျုံ့လျက် မြေကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
အမိကမ္ဘာမြေမှာ ဝိညာဉ်တစ်ခုတည်းသာ ကျန်တော့သည့်အတွက် အတော်လေး အရေးနိမ့်နေသည်။ သူမ၏ သိုင်းအခြေခံကိုလည်း ချင်မူက လျှော့ချပစ်ခဲ့သဖြင့် သတိထား၍ တိုက်ခိုက်နေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
ကောင်းကင်နတ်အရှင်ရှောင်၏ ပြတ်သွားသော လက်အပေါ်တွင် ကြာပန်းပွင့်နှင့် ဒယ်အိုးကြားရှိ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။ ကောင်းကင်နတ်အရှင်နှစ်ပါး၏ ရတနာများက ထိတ်လန့်ဖွယ် စွမ်းအားတို့ ထုတ်လွှတ်နေရင်း တစ်ခုနှင့်တစ်ခု ဖိနှိပ်ရန် ကြိုးစားကာ ကောင်းကင်နတ်အရှင်ရှောင်၏ လက်ထဲရှိ မူလကျောက်တုံးအပိုင်းအစများအား လုနေသည်။
ရုတ်တရက် ကောင်းကင်ထဲမှ ရောင်စုံအလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ အလင်းတန်းသည် တိုင်လုံးကြီးသဖွယ် ဘိုးဘေးနန်းတော် ချိပ်တံဆိပ်၏ အပေါက်မှ ထိုးဆင်းလာ၏။ ထို့နောက် ဧရာမ လက်ဖဝါးအရာကြီးအဖြစ် ပြောင်းလဲကာ ကြာပန်းနှင့် ဒယ်အိုးကို ဝုန်းခနဲ ဖုံးအုပ်၍ ရတနာနှစ်ပါးအား ပို၍လျင်မြန်သောနှုန်းဖြင့် ဖိချလိုက်သည်။ ရတနာနှစ်ပါးလုံး ဖရိုဖရဲပင်လယ်ထဲသို့ ကျဆင်းသွားကြချေပြီ။
“ကောင်းကင်နယ်စားမင်း”
တိုက်ခိုက်နေကြသည့် ကောင်းကင်နတ်အရှင်များနှင့် မဟာဧကရာဇ် အံ့အားသင့်သွားကြသည်။ သူတို့အားလုံး ရွှမ်တုထံမှ ကောင်းကင်နယ်စားမင်း၏ တိုက်ကွက်ကို တားဆီးရန် ကြိုးစားလိုက်ကြ၏။
ထိုအခိုက်အတန့်တွင် ယိုတုမိစ္ဆာချီက လျှပ်တပြက် ထွက်ပေါ်လာကာ ဖရိုဖရဲပင်လယ်အား ချက်ချင်း လွှမ်းခြုံသွားသည်။ မိစ္ဆာချီထဲတွင် မြေအောက်ဘုံအရှင်သခင်တစ်ပါးသည် ဖြည်းဖြည်းချင်း ထလာ၏။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး ကျဆင်းလာနေသည့် ကောင်းကင်နတ်အရှင်ရှောင်၏ လက်ကို တားဆီးလိုက်သည်။ သူက ကြာပွတ်ကို ရွှမ်းခနဲ လွှဲရမ်းလိုက်ပြီး ကောင်းကင်နတ်အရှင်ရှောင်၏ လက်ကို ရစ်ပတ်ကာ ယိုတုမိစ္ဆာချီဖြင့် ဖွဲ့တည်ထားသည့် ပင်လယ်ထဲသို့ ဆွဲယူလိုက်၏။
“ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ခင်ဗျားတို့က အထီးကျန်လွန်းလို့ လောကကြီးရ့ ကိစ္စတွေမှာ ဝင်ပတ်သက်ဖို့ ဆုံးဖြတ်လိုက်ကြတာလား”
ကောင်းကင်နတ်အရှင်ရှောင်က နတ်အရှင်မယန်ကို တွန်းထုတ်၍ ကောင်းကင်မှ ဆင်းသက်လာသည်။ သူက နှာခေါင်းရှုံ့ကာ ပြော၏။ “ဒါပေမဲ့ ချိပ်တံဆိပ်က ရှိနေသေးတယ်… ခင်ဗျားတို့ အစစ်အမှန် ခန္ဓာကိုယ် တွေနဲ့ ဆင်းသက်လာလို့ မရသရွေ့ ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.. ခင်ဗျားတို့ အစစ်အမှန် ခန္ဓာကိုယ်တွေ ဆင်းသက်လာကြရင် မဟာတာအိုရဲ့ အချုပ်အနှောင်ကြောင့် သေရလိမ့်မယ်….. မြန်မြန် ထွက်ပြေးကြပါလား”
သူသည် ဒေါသထွက်နေပြီး နတ်အရှင်မယန်ကို တွန်းထုတ်နိုင်ရန် လျှို့ဝှက်သိုင်းကွက်ကိုပင် ထုတ်သုံးခဲ့၏။ သူ မည်မျှ စွမ်းအားကြီးသည်မှာ သိသာလှသည်။ သို့သော် ကောင်းကင်နတ်အရှင်ရှောင် မြေအောက်ဘုံအရှင်သခင်ကို သတ်ရန် ပြေးဝင်သွားစဉ် မဟာဧကရာဇ်က ဘေးတွင် ဖျတ်ခနဲ ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ရှောင်မှာ ဒိန်းခနဲ ရင်ခုန်သွားပြီး နှစ်ယောက်သား လေထဲတွင် ဝင်တိုက်သွားကြသည်။
မဟာဧကရာဇ်က နှာခေါင်းရှုံ့၍ သူ့ကို ထားခဲ့ကာ အောက်ရှိ မြေအောက်ဘုံအရှင်သခင်ဆီသို့ ဦးတည်သွား၏။ “ဒီကောင်က ဇရှိသေးတာပဲ”
ကောင်းကင်နတ်အရှင်ရှောင်ကလည်း နှာခေါင်းရှုံ့လျက် မြေအောက်ဘုံအရှင်သခင်ထံ ပြေးဝင်သွားသည်။ “ဇရှိလို့ပဲ မင်းမိန်းမနဲ့ အိပ်နိုင်ခဲ့တာပေါ့”
မဟာဧကရာဇ်မှာ အမျက်တစ်ချောင်းချောင်း ထွက်သွားပြီး မြေအောက်ဘုံအရှင်သခင်ကို တိုက်ခိုက်တော့သည်။ မြေအောက်ဘုံအရှင်သခင်မှာ အစစ်အမှန်ခန္ဓာကိုယ်ဖြင့် မဟုတ်သောကြောင့် ကြာပွတ်အား ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားရပြီး ယိုတုသို့ ပြန်သွားရန် ကြိုးစားနေ၏။
ဝုန်း…
ယိုတုမိစ္ဆာချီဖြင့် ဖွဲ့တည်ထားသော ပင်လယ်မှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ရှောင်က ဆင်းသက်လာကာ မိစ္ဆာချီပင်လယ်ကို ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်၏။ ကောင်းကင်နတ်အရှင် အဆင့်ရှိသည့် ပုဂ္ဂိုလ်နှစ်ဦး၏ လုပ်ရပ်က မိစ္ဆာချီပင်လယ်ကို နှစ်ခြမ်းကွဲသွားစေပြီး အောက်ရှိ ဖရိုဖရဲပင်လယ်ကို ပေါ်လွင်လာစေသည်။
ဖရိုဖရဲပင်လယ်အောက်တွင် ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် အခြားသူများက မော့ကြည့်နေကြလေသည်။ သူတို့မှာ ကောင်းကင်ကို ထောက်ကန်ပေးထားသည့် တိုင်လုံးကြီးများအလား ကြီးမားလှသည့် တို့နတ်ဘုရားများနှင့် မိစ္ဆာတို့၏ ခြေထောက်ကြီးများကိုသာ မြင်နေရသည်။
သူတို့သည် ဖရိုဖရဲပင်လယ်မျက်နှာပြင်အား နင်းထားကြသော်လည်း ဖိအားက ဖရိုဖရဲပင်လယ်အပေါ်သို့ ကျမလာချေ။ ထိုက်ယီ၏ တောင်ဝှေးအပေါ်သို့သာ သက်ရောက်နေ၏။
ရှုရှန်းဟွာက ဖိအားကြောင့် အနည်းငယ် ကွေးနေသော တောင်ဝှေးဆီသို့ ကြည့်လိုက်သည်။
“တာအိုနောင်တော်၊ ဒီတောင်ဝှေးက ကောင်းကင်နတ်အရှင်မူရဲ့ ပိုင်နက်ကနေ ရတာလို့ ပြောချင်တာလား”
ရှုရှန်းဟွာက စပ်စု၏။ “ကောင်းကင်နတ်အရှင်မူဆီမှာ ဒီလိုသစ်သားမျိုး အများကြီး ရှိတာလား”
ထိုက်ယီက အပြုံးဖြင့် ဖြေသည်။ “တောင်တန်းတွေ၊ ကွင်းပြင်တွေပေါ်မှာ အများကြီးပဲ… တာအိုမိတ်ဆွေရှု လိုချင်ရင် ကောင်းကင်နတ်အရှင်မူဆီက တောင်တန်းတချို့ တောင်းလိုက်လေ… ကောင်းကင်နတ်အရှင်မူက ရက်ရောတော့ ငြင်းမှာ မဟုတ်ပါဘူး”
ရှုရှန်းဟွာမှာ ရင်ထဲထိသွားမိသည်။
လန်ယွီတျန်းမှာလည်း ရင်ထဲထိသွားကာ ပြောသည်။ “ကျွန်တော်လည်း လိုချင်တယ်”
“ကောင်းကင်နတ်အရှင်မူက မင်းတို့ကို ပေးမှာ သေချာပါတယ်… စိတ်မပူနဲ့ စိတ်အေးအေးထားကြပါ” ထိုက်ယီက ပြုံးလျက် နှစ်သိမ့်နေသည်။
ဘုန်း…ဘုန်း…ဘုန်း
နောက်ထပ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မြေအောက်ဘုံအရှင်သခင်၏ မိစ္ဆာချီပင်လယ်မှာ လုံးဝ ပြိုကွဲသွားတော့သည်။ နတ်အရှင်မယန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် အခြားသူများလည်း ရောက်ရှိလာကြ၏။ ကောင်းကင်နတ်အရှင်များဆီမှ အလင်းတန်းက မိစ္ဆာချီပင်လယ်ကို အငွေ့ပြန်၍ လုံးလုံးလျားလျား ပျောက်ကွယ်သွားစေသည်။
မြေအောက်ဘုံအရှင်သခင်မှာ ကောင်းကင်နတ်အရှင်များအကြားတွင် ယိုတုမြစ်ကြာပွတ်အား ကိုင်လျက် ရပ်နေ၏။ ကြာပွတ်၏ အခြားတစ်ဖက်တွင်တော့ ကောင်းကင်နတ်အရှင်ရှောင်၏ လက်ပြတ် ရှိလေသည်။
မြေအောက်ဘုံအရှင်သခင်မှာ တည်ငြိမ်အေးဆေးသူ ဖြစ်ပြီး အမြဲတမ်း စွမ်းအားကြီးမား၍ အကြံအစည်များ ရှိသော်လည်း ယခုမူ လမ်းပျောက်နေတော့သည်။ သူ့မှာ ထိုနေရာတွင် အိုးတိုးအမ်းတန်းဖြင့် ရပ်နေ၏။
သူ့အနေဖြင့် ယိုတုဆီ ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။
သူ ရပ်နေခဲ့သည့် နေရာက ယိုတုဖြစ်ခဲ့၏။ သို့သော် ယိုတုမိစ္ဆာချီပင်လယ်မှာ ပြိုကွဲသွား၍ သူ့ခြေထောက်အောက်တွင် ဖရိုဖရဲပင်လယ်သာ ကျန်တော့သည်။ သူ့မှာ လုံးဝ လမ်းပိတ်သွားပြီး သွားစရာမရှိပေ။
ဤမြေအောက်ဘုံအရှင်သခင်သည် ပုံရိပ်တစ်ခုသာ ဆိုရမည်။ ပင်မခန္ဓာကိုယ်၏ အတိုက်အခိုက်စွမ်းရည်ကို မပိုင်ဆိုင်ထားသဖြင့် သူ့အား ဝိုင်းထားသော ကျားများ၊ မြေခွေးများနှင့် ရင်ဆိုင်တိုက်ခိုက်ပါက တစ်ချက်တည်းနှင့် သေဆုံးသွားပေလိမ့်မည်။
ရုတ်တရက် ဖရိုဖရဲပင်လယ်မှ လိုင်းထလာပြန်သည်။ ပင်လင်းပြင်သားရဲမိခင် ဆင်းသက်လာချေပြီ။ ၎င်းက မဟာဧကရာဇ်အနောက်တွင် နီးကပ်စွာ ရပ်နေပြီး ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် အမိကမ္ဘာမြေဆီသို့ စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
သူမမှာ ရှေးဟောင်းနတ်ဘုရားဘုရင်ကြောင့် သေလုမျောပါး ဖြစ်ခဲ့ရသည်မဟုတ်လော။။ ကံကောင်းစွာဖြင့် ရှေးဟောင်းနတ်ဘုရားဘုရင်သည် မဟာဧကရာဇ်နှင့် ရင်ဆိုင်ခဲ့ရသောကြောင့် သူ့ခန္ဓာကိုယ်ထဲမှ သူမ ထွက်ပြေးလာနိုင်ခဲ့သည်။ သို့သော် ရလဒ်အနေဖြင့် သူမ၏ခွန်အားမှာ သိသိသာသာ လျော့ကျသွားခဲ့၏။
ဖရိုဖရဲပင်လယ်အောက်တွင် အားလုံး နေမထိထိုင်မသာ ဖြစ်နေကြသည်။ ယခုတွင် ကောင်းကင်နတ်အရှင်အဆင့် ရှိသည့် ပုဂ္ဂိုလ်ငါးယောက်မှာ ပင်လယ်မျက်နှာပြင်ထက်တွင် ရပ်နေကြချေပြီ။ ဟင်းလင်းပြင်သားရဲမိခင်မှာလည်း ကောင်းကင်နတ်အရှင်တစ်ဝက်အဆင့်ခန့် ရှိလေသည်။
အမှောင်ထဲတွင် ပုန်းလျက် သားကောင်ချောင်းနေသော ကျားများကဲ့သို့ စောင့်ကြည့်နေကြသော အမိကမ္ဘာမြေနှင့် ကောင်းကင်နယ်စားမင်းလည်း ရှိလေသည်။ ကောင်းကင်နယ်စားမင်းသည် အချိန်မရွေး တိုက်ခိုက်လာနိုင်၏။
ထိုမျှသာမက အလယ်တွင် ရပ်နေသူမှာ မြေအောက်ဘုံအရှင်သခင်ပင်။ သူသည် အင်အားကြီးမားလှသော ပုဂ္ဂိုလ်များ၏ အဝိုင်းခံထားရသော်လည်း သူ၏ သိုင်းအခြေခံနှင့် ခွန်အားမှာ ထူးကဲနေသေးသည်။
ထိုမျှအစွမ်းထက်လှပါသော ပုဂ္ဂိုလ်များ စုဝေးကြသည့်တိုင် ထိုက်ယီ၏ တောင်ဝှေးသည် အဘယ်သို့ပြု၍ တောင့်ခံနိုင်နေပါသနည်း။
ဝှစ်…
ရုတ်တရက် အလင်းတန်းတစ်တန်းက ကောင်းကင်ထက်တွင် ထွန်းလင်းတောက်ပသွားသည်။ နောက်ဆုံးတော့ ချင်မူတစ်ယောက် ဟင်းလင်းပြင်ထဲမှ ထွက်လာနိုင်ပြီး ဖရိုဖရဲပင်လယ်အထက်တွင် ပေါ်လာဲ့ချေပြီ။
သူက အောက်သို့ တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက် ချာခနဲ ပြန်လှည့်သွားသည်။
“ငါးမွှေထိုးကောင်” မဟာဧကရာဇ်က ခေါင်းမော့ကြည့်လိုက်ပြီး နှာခေါင်းရှုံ့သည်။
ရောက်နေကြသည့် ကောင်းကင်နတ်အရှင်များမှာ ပြန်လှည့်ရန် လမ်းမရှိသဖြင့် ဤအခြေအနေတွင် မည်သို့လုပ်ရမှန်း မသိကြချေ။
သူတို့သာ စတင်တိုက်ခိုက်ပါက ကောင်းကင်နတ်အရှင်များ သေဆုံးရလိမ့်မည်။
ရုတ်တရက် ချင်မူက ပြန်လှည့်လာကာ အော်လိုက်သည်။ “နောင်တော်မြေအောက်ဘုံအရှင်သခင်၊ ဘာစောင့်နေတာတုန်းဗျ… မူလကျောက်တုံးတွေကို လွှတ်ပစ်လိုက်လေ… အောက်က ပင်လယ်ထဲကို ပစ်ချလိုက်”
မြေအောက်ဘုံအရှင်သခင်လည်း သဘောပေါက်သွားပြီး ကြာပွတ်ကို လွှတ်ချလိုက်သည်။ ကောင်းကင်နတ်အရှင်ရှောင်၏ လက်ကား မူလကျောက်တုံးအစအနများနှင့်အတူ ပင်လယ်ထဲသို့ ကျဆင်းသွား၏။
ပင်လယ်မျက်နှာပြင်ထက်တွင် အားလုံးမှာ တုန်လှုပ်ချောက်ချားသွားသော်လည်း စိတ်လိုက်မာန်ပါ မလုပ်ရဲကြချေ။ သူတို့မှာ ပင်လယ်ထဲသို့ မူလကျောက်တုံးများ ပြုတ်ကျသွားသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်ကြသည်။