← Chapters

ဘုံရန်သူနှင့် တွေ့လျှင် စည်းလုံးရမည်

Vol. 100 Ch. 1310

ဘုံရန်သူနှင့် တွေ့လျှင် စည်းလုံးရမည်

Vol. 100 Ch. 1310

ဖရိုဖရဲပင်လယ်ထဲတွင် ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့မှာ မူလကျောက်တုံးကို ကိုင်ထားသည့် ကောင်းကင်နတ်အရှင်‌ရှောင်၏ လက်ဆီသို့ မော့ကြည့်နေကြသည်။ ထိုလက်ကြီးကား သူတို့အရှေ့သို့ ကျလာ၏။ မူလကျောက်တုံးဆီမှ အလင်းရောင်က လက်ချောင်းများကြားထဲမှ ‌ဖြာထွက်နေသည်။

သူတို့နှစ်ယောက်လုံး မလှုပ်ကြချေ။ ထိုအစား ထိုက်ယီဆီသို့ ကြည့်လိုက်ကြသည်။

ထိုက်ယီက ပြုံးရင်း ပြောသည်။ “ဒီမူလကျောက်တုံးက ထိုက်ချူမူလကျောက်တုံးပဲ... ထိုက်ချူရဲ့ တာအိုတွေ ပါတယ်… ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူတောင်မှ ထိုက်ချူတာအိုအစစ်ကို နားမလည်နိုင်ခဲ့ဘူး”

သူက ရုတ်တရက် စကားရပ်လိုက်ပြီး ဆက်မပြောတော့ပေ။

ကျန်နှစ်ယောက်မှာ သူ့ကို ကြည့်နေကြဆဲဖြစ်ပြီး ဆက်ပြောရန် စောင့်နေကြ၏။

ကောင်းကင်နတ်အရှင်ရှောင်၏ လက်မှာ ပြတ်နေသော်လည်း လက်ချောင်းနှစ်ချောင်းက ရုတ်တရက် ထောင်လာပြီး မတ်တပ်ရပ်သည်။ ကျန်လက်ချောင်းသုံးချောင်းက မူလကျောက်တုံးအပိုင်းအစများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲဖြစ်၏။ လက်ချောင်းနှစ်ချောင်းက ခြေထောက်များအလား ရပ်ကာ ဖရိုဖရဲပင်လယ် ကြမ်းပြင်ပေါ်တွင် လျှောက်သွားနေသည်။

ခလွင်…

မူလကျောက်တုံးအပိုင်းအစတစ်စ ပြုတ်ကျသွားသည့်အခါ လက်နှစ်ချောင်းက ချက်ချင်း ရပ်သွား၏။ လက်ချောင်းများက ဟိုဟိုသည်သည် ရှာဖွေနေပြီး နောက်ဆုံးတွင် ရှာတွေ့သွားသည်။ ထို့နောက် အသေအချာဂရုတစိုက် ကောက်ယူ၍ လက်ဖဝါးထဲ ထည့်ကာ လက်ချောင်းနှစ်ချောင်းဖြင့် ဆက်လျှောက်သွားနေ၏။

ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့မှာ သည်းမခံနိုင်တော့ပေ။ သူတို့က ကောင်းကင်နတ်အရှင်ရှောင်၏ လက်ပြတ်ဆီ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထိုက်ယီကို ပြန်ကြည့်လိုက်သည်။

လန်ယွီတျန်း၏ နောက်လိုက်နတ်ဘုရား သုံးထောင်နှင့် ဧရာမသားရဲကြီးများမှာလည်း ကောင်းကင်နတ်အရှင်ရှောင်၏လက်အား စိတ်ဝင်တစား ကြည့်နေကြ၏။ သူတို့က ကောင်းကင်နတ်အရှင်၏လက်ချောင်းများ မူလကျောက်တုံးများ ကျလျှင်၊ ပြန်ကောက်လိုက် လျှောက်သွားလိုက် လုပ်နေသည်ကို ကြည့်နေကြသည်။

ဧရာမသားရဲကြီးများသည် ကြင်နာတတ်၏။ ကောင်းကင်နတ်အရှင်ရှောင်၏လက် ဖြတ်သွားနိုင်အောင် ဖယ်ပေးကြပြီး မတားကြပေ။

ကောင်းကင်နတ်အရှင်ရှောင်၏လက်က နောက်ဆုံးတွင် တောင်ဝှေးမှ ထောက်ကန်ပေးထားသော နေရာသို့ ရောက်လာသည်။ ၎င်း ခြေတစ်လှမ်း လှမ်းလိုက်စဉ် ရုတ်တရက် ဖရိုဖရဲလေဖိအားက ကျဆင်းလာသည်။ ဘုန်းခနဲ အသံနှင့်အတူ ကောင်းကင်နတ်အရှင်‌ရှောင်၏လက်မှာ မြေပေါ်သို့ ဖိချခံလိုက်ရပြီး လက်ထဲရှိ ထိုက်ချူမူလကျောက်တုံး အပိုင်းအစများ လွင့်ထွက်သွားတော့သည်။

ကောင်းကင်နတ်အရှင်ရှောင်၏လက်မှာ တစ်ခဏမျှ ရုန်းကန်နေသော်လည်း ဖရိုဖရဲပင်လယ်၏ အလေးချိန်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူ၏လက်သည် အမိကမ္ဘာမြေ၊ နတ်အရှင်မယန်တို့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရ၏။ အမိကမ္ဘာမြေကို တွန်းထုတ်ခဲ့ရသလို၊ မြေအောက်ဘုံအရှင်သခင်၏ ကြာပွတ်ဖြင့် ရိုက်နှက်ခံခဲ့ရသည်။ လက်ထဲရှိ မှော်စွမ်းအင်တို့ လျော့ကျနေသဖြင့် ဖရိုဖရဲပင်လယ်ကို မခုခံနိုင်တော့ပေ။ ယခုတွင် အဖိခံထားရသည့်အတွက် မလွတ်မြောက်နိုင်တော့ချေ။

ထိုက်ယီသည် ရှုရှန်းဟွာနှင့် လန်ယွီတျန်း သူ့ကို စိုက်ကြည့်နေသေးသည်အား ခံစားနေရ၏။ သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ “မင်းတို့က တာအိုရှာဖွေသူတွေပေါ့… တာအိုရရင် ရလာမယ့် အကျိုးဆက်တွေကို ဘာလို့သိချင်ရတာလဲ… မင်းတို့မှာ ကောင်းတဲ့ရည်ရွယ်ချက်ပဲရှိရှိ၊ ဆိုးတဲ့ရည်ရွယ်ချက်ပဲရှိရှိ တာအိုကို ရသွားရင် သန့်ရှင်းတော့မှာမဟုတ်ဘူး”

လန်ယွီတျန်းက တခဏစဉ်းစားနေပြီးနောက် ရှက်ကိုးရှက်ကန်း ပြောသည်။ “နောင်တော်ပြောတာမှန်ပါတယ်… ကျွန်တော့်ကို အစ်ကိုကြီးလည်း အဲလိုပဲ သင်ပေးခဲ့တာ… ဂရုစိုက်ဖို့ အမြဲတမ်းမှာနေကျ”

ရှုရှန်းဟွာက စပ်စု၏။ “ဒါဆိုရင် ဒီမူလကျောက်တုံးကို ယူပြီးတော့ အထဲက မဟာတာအိုကို နားလည်အောင် ကြိုးစားရင် ကျွန်တော်တို့ကို ထိခိုက်နိုင်လား”

လန်ယွီတျန်းမှာ အံ့အားသင့်သွားပြီး ထိုက်ယီဆီသို့ အလျင်အမြန် ကြည့်လိုက်သည်။

ထိုက်ယီက ကူကယ်ရာမဲ့စွာဖြင့် ဖြေလေသည်။ “မကောင်းတဲ့ အကျိုးဆက်တွေတော့ ရှိတယ်… ပထမဦးဆုံး မဟာဧကရာဇ်က မင်းကို သတ်ချင်လိမ့်မယ်… ဒီမူလကျောက်တုံးက သူ့အတွက် တာအိုရဖို့ ပစ္စည်းပဲ... အဲဒါမရှိရင် သူ့ရဲ့သိုင်းအဆင့်က ဘယ်တော့မှ အမြင့်ဆုံး ရောက်မှာမဟုတ်ဘူး… ဒုတိယအနေနဲ့ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက မင်းတို့အားလုံးကို သတ်ဖို့ ကြိုးစားလိမ့်မယ်… သူ့အတွက်လည်း ဒီဟာက တာအိုရဖို့ ပစ္စည်းပဲ… သူက တာအိုကို ရခဲ့ပေမယ့် အပြည့်အဝ မရသေးဘူး… မူလကျောက်တုံးအားလုံးကို စုစည်းပြီးတော့မှ မူလကျောက်တုံးကနေတဆင့် တာအိုရခဲ့သူတွေမှန်သမျှ ရှင်းလင်းပစ်ဖို့ လိုတယ်… ဖန်ဆင်းရှင်တွေရောပေါ့”

‘အစ်ကိုကြီး/ဂိုဏ်းသခင်က ကြို‌တော့ တွေးတတ်သားပဲ' ရှုရှန်းဟွာနှင့် လန်ယွီတျန်းမှာ တစ်ပြိုင်နက်တည်း တွေးလိုက်မိသည်။

ချင်မူသာ သူတို့ကို ဂရုတစိုက် သတိထားတတ်ရန် တဖွဖွ မမှာခဲ့ပါက နှစ်ယောက်သား မူလကျောက်တုံးကို ပျော်ပျော်ကြီး ကောက်ယူ၍ မဟာဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရာဇ်အား အလိုလို စော်ကားမိပေလိမ့်မည်။

ထိုယ်ယီက မေး၏။ “ဆိုတော့ တာအိုမိတ်ဆွေတို့ မူလကျောက်တုံးကို လိုချင်သေးရဲ့လား”

လန်ယွီတျန်းက ရှုရှန်းဟွာကို ကြည့်လေသည်။

ရှုရှန်းဟွာမှာ သူ့အစ်ကိုကြီး၏ တာအိုမိတ်ဆွေဖြစ်သည့်အလျောက် အကြံကောင်းများ ရှိတတ်ကြောင်း လန်ယွီတျန်း သိထား၏။ ချင်မူ မဆုံးဖြတ်နိုင်သည့်အခါတိုင်း အနောက်ကမ္ဘာမြေသို့ သွား၍ သူ့ဆီမှ အကြံတောင်းလေ့ရှိသည်။

ရှုရှန်းဟွာက တခဏ စဉ်းစားနေသည်။ “ယူလိုက်… ငါတို့ ထိုက်ချူရဲ့ လမ်းစဉ်ကို သိမြင်နားလည်အောင်အတွက်ပဲ မူလကျောက်တုံးကို ယူမယ်…. သူ့စွမ်းအင်ကို စုပ်ယူမှာမဟုတ်သလို ငှားလည်း မငှားဘူး… အဲ့တော့ မဟာဧကရာဇ်ဖြစ်ဖြစ်၊ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူဖြစ်ဖြစ် အနာဂတ်မှာ မူလကျောက်တုံးကို ပြန်လိုချင်ရင် ငါတို့ ပြန်ပေးလိုက်မယ်”

လန်ယွီတျန်းက တခဏတွေးပြီး ချီးကျူးလိုက်သည်။ “လူတစ်ယောက်ကို ငါးဖမ်းပေးလိုက်တာထက် ငါးဖမ်းဖို့ သင်ပေးတာက ပိုကောင်းတယ်လို့ အစ်ကိုကြီးက ပြောခဲ့ဖူးတယ်… သူ ကျွန်တော့်ကို သိုင်းကျင့်ကြံဖို့ သင်ပေးခဲ့တုန်းက အခြေခံအချက်တွေပဲ ပြောပြခဲ့တာ… ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေ ပြောမပြခဲ့ဘူး… အကြောင်းပြချက်က ဒါကြောင့်ကိုး”

ထိုက်ယီက သက်ပြင်းချသည်။ “ကောင်းကင်နတ်အရှင်မူ မှန်တယ်… ဒါပေမဲ့ မင်းတို့ သူ့ရဲ့စကားကိုတင် မကဘူး… သူ့ရဲ့အပြုအမူတွေကိုပါ ကြည့်ရမှာနော်… ကောင်းကင်နတ်အရှင်မူက အပြောကောင်းပေမယ့် သူများတွေကို ငါးဖမ်းသင်ပေးတဲ့အပြင် သူတို့ရဲ့ငါးတွေကိုပါ ယူချင်သေးတာ… မင်းတို့ သူ့ဆီကနေ သင်ယူလို့မရဘူး”

ကျန်နှစ်ယောက်က သဘောတူလိုက်ကြပြီး မြေပြင်တွင် လဲနေသည့် ကောင်းကင်နတ်အရှင်ရှောင်၏ လက်ကို ကောက်ကာ မူလကျောက်တုံး အပိုင်းအစ တချို့ ယူလိုက်ကြ၏။

ဖရိုဖရဲပင်လယ် မျက်နှာပြင်မှာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

မြေအောက်ဘုံအရှင်သခင်သည် ကောင်းကင်နတ်အရှင်ရှောင်၏ လက်နှင့် မူလကျောက်တုံးအပိုင်းအစများကို လွှတ်ပစ်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်များ၏ အဝိုင်းခံထားရသေး၏။ အားလုံးမှာ မတိုးသာ၊ မဆုတ်သာ အခြေအနေသို့ ရောက်နေကြသည်။

မြေအောက်ဘုံအရှင်သခင်က ရုတ်တရက် သက်ပြင်းချလိုက်ပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွား၏။ ချက်ချင်းပင် သူသည် ဖရိုဖရဲပင်လယ်၏ ဖျက်ဆီးသန့်စင်ခံလိုက်ရသော ဖရိုဖရဲချီမျှင်များ ဖြစ်သွားတော့သည်။

ယခုလိုအခြေအနေမျိုးတွင် သူ၏ပုံရိပ်ကိုယ်ပွားမှာ အသုံးမဝင်ပေ။ ဤအတိုင်းသာ ဆက်အဝိုင်းခံရပါက သိက္ခာကျလိမ့်မည်။ ထို့ကြောင့် ဤခန္ဓာကိုယ်ကို လက်လျှော့လိုက်ခြင်းပင်။

အားလုံး မတုန်မလှုပ် ရပ်နေကျဆဲပင်။ ကောင်းကင်နတ်အရှင်ရှောင်၊ နတ်အရှင်မယန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့မှာ တိတ်ဆိတ်နေကြသည်။

မဟာဧကရာဇ်၏ နဖူးတွင် ချွေးစို့နေ၏။

မြေအောက်ဘုံအရှင်သခင် ပျောက်ကွယ်သွားပြီးနောက် သူ့အခြေအနေမှာ ဆိုရွားပြီ မဟုတ်လော။

“ကောင်းကင်နတ်အရှင်မူ ငါ့ကို လှည့်စားသွားပြန်ပြီပဲ…” သူ၏မျက်ဝန်းထောင့်စွန်းများ တွန့်နေသည်။

ရုတ်တရက် ကောင်းကင်နတ်အရှင်ရှောင်က တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ကျုပ်တို့က ကောင်းကင်နတ်အရှင်တွေပဲမလား”

“ဟုတ်တယ်… ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ကောင်းကင်နတ်အရှင်တွေပဲလေ...” နတ်အရှင်မယန်က ဖြေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်ကလည်း ခေါင်းညိတ်ကြသည်။ “ကျုပ်တို့က ကောင်းကင်နတ်အရှင်တွေပဲလေ… အချင်းချင်း ရန်ငြိုးရန်စတွေ ရှိပေမယ့် အပြင်ရန်သူရှေ့မှာတော့ စည်းလုံးကြရမယ်”

မဟာဧကရာဇ်က ရုတ်တရက် ကျယ်လောင်စွာ ရယ်လိုက်၏။ “သိပ်ကောင်းတဲ့ စကားပဲ… ကျုပ်တို့က ကောင်းကင်နတ်အရှင်တွေပဲမလား.. ဘုံရန်သူကို အတူတူတိုက်ခိုက်သင့်တာပေါ့”

အခြားကောင်းကင်နတ်အရှင်လေးပါးမှာ နှလုံးသားကို ဓားဖြင့် ထိုးခံလိုက်ရသကဲ့သို့ တိတ်ဆိတ်သွားကြသည်။

မဟာဧကရာဇ်မှာ ကောက်ကျစ်လွန်း၏။ စကားတစ်ခွန်းဖြင့် သူသည် ကောင်းကင်နတ်အရှင်ဆယ်ပါးကြားတွင် ရှိနေကြောင်း ပြသခဲ့ချေပြီ။ အားလုံး သံသယဝင်လာမိကြသည်။ ကောင်းကင်နတ်အရှင်ရှောင်ကမူ မဟာဧကရာဇ်၏ သရုပ်မှန်ကိုသိသော်လည်း နတ်အရှင်မချန်း ဖြစ်ကြောင်း ထုတ်ပြောမည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်အရှင်ရှောင်သာ မဟာဧကရာဇ်၏သရုပ်မှန်ကို ထုတ်ဖော်လိုက်ပါက မဟာဧကရာဇ်ကလည်း ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ သရုပ်မှန်ကို ပြန်ထုတ်ဖော်လိမ့်မည်။ နှစ်ဖက်စလုံး ဖွတ်လည်း ဆုံး၊ ဓားမလည်း ဆုံးရပေမည်။

နတ်အရှင်မယန်မှ ကောင်းကင်နတ်အရှင်‌ရှောင်၏ သရုပ်မှန်ကို မထုတ်ဖော်သရွေ့ ကောင်းကင်နတ်အရှင်ရှောင်မှလည်း နတ်အရှင်မယန်၏ သရုပ်မှန်ကို ထုတ်ဖော်လိမ့်မည်မဟုတ်။

ရှေးဟောင်းနတ်ဘုရားဘုရင်က ခပ်ဟဟ ရယ်သည်။ “မဟာဧကရာဇ် သေရမယ်.. မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ရှိမနေသင့်ဘူး.. တာအိုမိတ်ဆွေတို့ ဘယ်လိုသဘောရသလဲ”

“ကျုပ်ကတော့ သဘောတူပါတယ်” ကောင်းကင်နတ်အရှင်ရှောင်က ပြော၏။

နတ်အရှင်မယန်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်က ပြုံးလိုက်သည်။

“သဘောတူတယ်”

“သဘောတူပါတယ်”

မဟာဧကရာဇ်က နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ဟင်းလင်းပြင်သားရဲမိခင်၏ ကျောပေါ်သို့ ခြေချလိုက်သည်။ သူက ရယ်လျက် ပြော၏။ “မင်းတို့လို ငချွတ်လေးတွေက ငါ့ကို သတ်ချင်တယ်ပေါ့... ငါက ကမ္ဘာဦးခေတ်ကတည်းက ပြိုင်ဘက်ကင်းကွ… ငါ့ကို စိန်ခေါ်ရဲတဲ့သူ ဘယ်သူမှ မရှိဘူး”

သူ၏ခြေထောက် လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နတ်အရှင်ရှောင်၊ နတ်အရှင်မယန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့က မဟာဧကရာဇ်အား ပြိုင်တူ ရှေ့နောက်ညှပ်ကာ တိုက်ခိုက်ကြသည်။

သူတို့တိုက်ခိုက်လိုက်သည်နှင့် မဟာဧကရာဇ်အောက်ရှိ ဟင်းလင်းပြင်သားရဲမိခင်သည် ဟင်းလင်းပြင်ထဲသို့ ခုန်ဝင်သွားပြီး မဟာဧကရာဇ်နှင့်အတူ ဟင်းလင်းပြင်အလွှာများအား ဖြတ်သန်းသွား၏။

မဟာဧကရာဇ်အရှေ့တွင် ကောင်းကင်နတ်အရှင်လေးပါးက ဟင်းလင်းပြင်ထဲ ဝင်ရောက်လာ၏။ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသောကြောင့် သူတို့၏ သန်မာလှသော ခန္ဓာကိုယ်များက ဟင်းလင်းပြင်အလွှာများအား မှန်ချပ်များကဲ့သို့ ကွဲအက်ကြေမွလာစေတော့သည်။

All Chapters