← Chapters

ပန်းကန်ထဲက ဟင်းလျာ

Vol. 100 Ch. 1311

ပန်းကန်ထဲက ဟင်းလျာ

Vol. 100 Ch. 1311

ကောင်းကင်နတ်အရှင်လေးပါး ပူးပေါင်းလိုက်သည့်အခါ ဖိအားပြင်းသော ဟင်းလင်းပြင်သည် မတည်ရှိတော့သည့်အလား ထင်ရ၏။ အမှန်တွင် ပထမဟင်းလင်းပြင်သို့ ဝင်ရောက်လျှင် မည်သည့်နတ်ဘုရားမိစ္ဆာမဆို ဟင်းလင်းပြင်၏ ဖျက်စီးခြင်း ခံရတတ်သည်။ သိုင်းအဆင့်မြင့်သည့် ဖန်ဆင်းရှင်တစ်ဦးပင်လျှင် ဟင်းလင်းပြင်အလွှာများထဲသို့ မ၀င်ရောက်နိုင်ပေ။

သိုင်းအဆင့် အနေအထားတစ်ခုတွင် ရှိထားသည့် ဖန်ဆင်းရှင်အကြီးအကဲတစ်ဦးသာ သေဆုံးသွားပြီးနောက်၌ ဟင်းလင်းပြင်အလွှာများထဲသို့ အသိစိတ်အလျဉ် ပို့လွှတ်ကာ ဘိုးဘေးဝိညာဉ် ဖြစ်လာနိုင်၏။

အခြားမျိုးနွယ်တို့မှ နတ်ဘုရားမိစ္ဆာများမှာတော့ အသိစိတ်အလျဉ်လမ်းစဉ်သို့ တက်ရောက်၍ နေရာဟင်းလင်းပြင်အမှတ်အသားများအား နားလည်နိုင်မှသာ ဟင်းလင်းပြင်အတွင်းပိုင်းထဲသို့ ၀င်‌ရောက်နိုင်လေသည်။

ချင်မူကဲ့သို့ ၁၃ ခုမြောက် ဟင်းလင်းပြင်သို့ ဝင်သွားနိုင်သော လူတချို့လည်း ရှိကြ၏။ ဖန်ဆင်းရှင်များ စကြ၀ဠာကို အုပ်စိုးခဲ့စဉ်တုန်းက ထိုသို့ပုဂ္ဂိုလ်မျိုး များများစားစား မရှိခဲ့ပေ။

ချင်မူသည် ကိုယ့်အားကိုယ်ကိုး၍ မွေးရာပါချီတာအိုနှင့် အသိစိတ်အလျဉ်ကို နားလည်သိမြင်ခဲ့သည်သာမက ထိုက်ချူတာအိုနှင့် ထိတွေ့ခဲ့ဖူးသောကြောင့် ဟင်းလင်းပြင်ထဲ ဝင်ရောက်ရန် မခက်ခဲပေ။

သို့သော် ကောင်းကင်နတ်အရှင်လေးပါးကတော့ သူတို့၏ သန်မာကြံ့ခိုင်လှသော ရုပ်ခန္ဓာများကို အသုံးပြုကြလေသည်။ သူတို့၏ ရုပ်ခန္ဓာများက ဟင်းလင်းပြင်၏ ဖျက်စီးမှုအား တွန်းလှန်နိုင်သည်သာမက ဟင်းလင်းပြင်ကိုပင် မှုန့်မှုန့်ညက်ညက် ကြေသွားစေ၏။

ကောင်းကင်နတ်အရှင်အဆင့်ဆိုသည်ကား ဤမျှကြောက်စရာကောင်းပေသည်။

သို့သော် ကောင်းကင်နတ်အရှင်များတွင်လည်း အကန့်အသတ်ရှိကြမှန်း မဟာဧကရာဇ် သိထား၏။

ထိုကန့်သတ်ချက်ကို ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့မှတစ်ဆင့် နမူနာယူနိုင်သည်။

မဟာလေဟာနယ်ထဲရှိ လေဟာနယ်တံတားမှာ ၃၅ လွှာမြောက် ဟင်းလင်းပြင်တွင် တည်ရှိ၏။ ထိုတံတားကို ကောင်းကင်နတ်အရှင်သုံးပါးနှင့် ဖန်ဆင်းရှင်တို့ အတူတကွ တည်ဆောက်ခဲ့ကြသည်။ ကောင်းကင်နတ်အရှင်ယွဲ့သည် တံတားအဆုံး၌ အခန်းသုံးခန်းကိုပင် တည်ဆောက်ခဲ့သေး၏။

လေဟာနယ်တံတားသည် အလွန်တရာ မတ်စောက်စွာ တည်ဆောက်ခံထားရခြင်း ဖြစ်၏။ ၎င်းကို ဖြတ်သွားချင်ပါက ၃၅ လွှာမြောက် ဟင်းလင်းပြင်ဆီမှ အရိုးကြေမတတ်သော ဖိအားကို ခံစားရပေလိမ့်မည်။ ‌ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်နေစေကာမူ သတိမထားလျှင် သေဆုံးနိုင်၏။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုနှင့် ခိုင်ဧကရာဇ်တို့မှာ ထိုနေရာတွင် ပိတ်မိခဲ့ဖူးပြီး ဟင်းလင်းပြင်၏ ဖျက်စီးခံလုဆဲဆဲ ဖြစ်ခဲ့ကြရသည်။

ဟင်းလင်းပြင်အလွှာ ၃၅ လွှာသည် ကောင်းကင်နတ်အရှင်များအတွက် နောက်ဆုံးသွားနိုင်‌သော ကန့်သတ်ချက်ဖြစ်၏။ မဟာဧကရာဇ်အနေဖြင့် ဟင်းလင်းပြင်သားရဲမိခင်ကို ၃၅ လွှာမြောက် ဟင်းလင်းပြင်အထိ ခေါ်သွားသရွေ့ ကောင်းကင်နတ်အရှင်လေးပါးကို နောက်ဆုတ်သွားစေနိုင်လိမ့်မည်။

မိုးခြိမ်းသံများက ဟင်းလင်းပြင်အနက်ပိုင်းထဲမှ တဂျိန်းဂျိန်း ပျံ့လွင့်နေကြသည်။ ဘိုးဘေးနန်းတော်ထဲမှ ရပ်ကြည့်လျှင် မိုးကြိုးလျှပ်စီးလက်သွားတိုင်း ဟင်းလင်းပြင်ထဲတွင် မည်းမည်းအရိပ်ကြီးများကို မြင်ရနိုင်သည်။

ထိုအရိပ်ကြီးများမှာ အလွန်တရာ ကြီးမားကြပြီး ၎င်းတို့ လှုပ်ရှားလိုက်သည့်အခါ အက်ကွဲကြောင်းများ ပေါ်ထွက်လာကာ ပင့်ကူမျှင်များကဲ့သို့ အရပ်လေးမျက်နှာသို့ ပျံ့ထွက်ကုန်ကြ၏။

၎င်းတို့၏ လှုပ်ရှားနှုန်းမှာလည်း မြန်သည်။ အရိပ်များ ဖျတ်ခနဲ ပေါ်၍ ဖျတ်ခနဲ ပျောက်ကာ ပြန်ပေါ်လာသည့်အချိန်တွင် ဟိုးအဝေးသို့ ရောက်သွားကြပြီဖြစ်၏။

ယနေ့တွင် ကောင်းကင်ထက်မှ သွေးတို့ ရွာကျလာသည်။

ရွာကျလာသည့် နတ်ဘုရားသွေးတို့မှာ ကောင်းကင်၏အတွင်းထဲမှ ဧရာမရေတံခွန်ကြီးအလား စီးကျလာရင်း ‌သွေးရေတံခွန်ကြီး ဖြစ်ပေါ်နေစေ၏။

ချင်မူက သိပ်ဝေးဝေး လျှောက်မသွားပေ။ ထိုသွေးရေတံခွန်ကြီးကို မြင်လိုက်သည်နှင့် ကောင်းကင်ထက်မှ တစ်စုံတစ်ခု ကျဆင်းလာမှန်း သတိထားမိလိုက်သည်။ ၎င်းက ကမ္ဘာကို ၀င်တိုက်လိုက်သည့် ဂြိုဟ်တစ်လုံးပမာ လေမုန်တိုင်းများနှင့် ဥက္ခာခဲများကို သယ်ဆောင်လာ၏။

ထိုအရာကြီး မြေပြင်နှင့် တိုက်သွားသည့်အချိန်တွင် တောင်တန်းမြေပြင်များ တုန်ခါသွားပြီး မီးတောင်တို့ ဝုန်းခနဲ ပေါက်ကွဲသွားသည်။ အခြားနေရာများထက် တောင့်တင်းခိုင်မာသော ဘိုးဘေးနန်းတော်ပင်လျှင် ထိုသို့၀င်တိုက်မှုမျိုးကို ခံနိုင်ရည် မရှိပေ။

ချင်မူ ထိုနေရာသို့ ရောက်သွားသည့်အခါ ကောင်းကင်တွင် မီးတောက်များ စွဲလောင်နေပြီး မီးလုံကြီးများက ဟင်းလင်းပြင်ထဲမှ ပြုတ်ကျလာနေသည်။

ချင်မူ ဧရာမတွင်းနက်ကြီးထဲ ကြည့်လိုက်ရာ အထဲတွင် ဧရာမလက်သီးကြီးအား မြင်လိုက်ရ၏။

၎င်းက မဟာဧကရာဇ်၏ လက်သီးဖြစ်သော်လည်း ဘယ်ကောင်းကင်နတ်အရှင်က ဖြတ်ပစ်လိုက်မှန်း သူ မသိချေ။ လက်သီးကြီးကြောင့် တောင်တန်းများ လှုပ်ခါ၍ မြေကြီးတို့ ပြိုကွဲကုန်ခြင်းဖြစ်သည်။

‘မဟာဧကရာဇ်ရဲ့ ရုပ်ခန္ဓာက ကမ္ဘာဦးခေတ်ရဲ့ အသန်မာဆုံးရုပ်ခန္ဓာ‌တွေထဲက တစ်ခုပဲ… ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူပဲ သူနဲ့ ယှဉ်နိုင်တာ… ဒီလက်သီးကို သိမ်းထားပြီး ရတနာအဖြစ် သန့်စင်လို့ရလောက်တယ်’

သူ ထိုသို့တွေးနေစဉ် မီးတောက်တို့ကြောင့် ချော်ရည်ဖြစ်နေသော မြေပြင်မှ သစ်မြစ်များ ထွက်လာပြီး မဟာဧကရာဇ်၏ လက်သီးကို ဆွဲချသွား၏။

“ဟာ အမိကမ္ဘာမြေကြီး”

ချင်မူလည်း အသားကုန် ပြေး၍ မဟာဧကရာဇ်၏ လက်ကို ပြန်လုတော့မည့်အချိန် ရုတ်တရက် ကောင်းကင်မှာ လင်းထိန်ဖွေးဖြူသွားသည်။ ပေါင်တစ်ချောင်းသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး လက်သီး ကျလာတုန်းကထက်ပင် ပို၍ အံ့ဩမှင်သက်ဖွယ် ကောင်းလှ၏။ ပြင်းထန်လှသော လေလှိုင်းများက ချင်မူ့ကို လွင့်ထွက်သွားစေသည်။

“မဟာဧကရာဇ်ရဲ့ ပေါင်ကြီးဟ”

ချင်မူ ပြန်ထနေစဉ်မှာပဲ ကောင်းကင်ထက်မှ အစိတ်အပိုင်းမျိုးစုံ ပြုတ်ကျလာ၏။

ဝုန်း… ဝုန်း…ဝုန်း… ဝုန်း…

၎င်းတို့က မိုင်တစ်သောင်းပတ်ပတ်လည်ရှိ အရာအားလုံးကို အမှုန့်ကြေသွားစေသည်။ မြေမျက်နှာပြင်မှာ ချော်ရည်ပူများကြားတွင် ရဲရဲတောက်နေသည့် အသားကင်တစ်တုံးအလား မြောနေတော့သည်။ ပူဖောင်းများက ပွက်ပွက်ထကာ မြေမျက်နှာပြင်မှာ အဆက်မပြတ် တုန်ရီနေတော့၏။

“မဟာဧကရာဇ်တော့ တကယ် ဒုက္ခရောက်နေတာပဲ… ကောင်းကင်နတ်အရှင်လေးပါး အမဲဖျက်တာ ခံနေရပြီ”

သူ့မှာ စိတ်ထဲတွင် သနားနေမိသည်။ ကမ္ဘာဦးခေတ်၏ အသန်မာဆုံးပုဂ္ဂိုလ်မှာ ကောင်းကင်နတ်အရှင်လေးပါးကြောင့် ဤအခြေအနေသို့ ရောက်ခဲ့ရချေပြီ။။

ထို့နောက် သူက ချက်ချင်း ပျော်သွားပြန်ပြီး မီးပင်လယ်ထက်တွင် ပျံသန်းကာ မဟာဧကရာဇ်၏ အစိတ်အပိုင်းများအား ရှာဖွေနေ၏။

ရုတ်တရက် ဧရာမခန္ဓာကိုယ်ကြီးတစ်ခုက ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး ချော်ရည်များထဲ ဝုန်းခနဲ ကျဆင်း၍ လိမ့်ထွက်သွားသည်။

ချင်မူက ကပျာကယာ ပျံသန်းသွားရင်း ကြည့်လိုက်၏။ ၎င်းမှာ ဟင်းလင်းပြင်သားရဲမိခင်ပင်။

ဟင်းလင်းပြင်သားရဲမိခင်မှာ ခေါင်းပြတ်နေ၏။ ကောင်းကင်နတ်အရှင်တစ်ပါး သတ်ဖြတ်ခဲ့ခြင်း ဟုတ်၊ မဟုတ် မသိနိုင်ရသော်လည်း ၎င်း၏အလောင်းကတော့ ကောင်းကင်ပေါ်မှ ကျလာခဲ့ချေပြီ။

“ဟင်းလင်းပြင်သားရဲမိခင် သေသွားပြီလား… ဒါဆို ဟင်းလင်းပြင်သားရဲတွေ မျိုးသုဉ်းကုန်ပြီလား”

သူ့မှာ ကြောင်အနေမိသည်။ ဟင်းလင်းပြင်သားရဲမိခင်သည် ဘိုးဘေးနန်းတော်ထဲရှိ ဟင်းလင်းပြင်သားရဲများအား ဝါးမျိုခဲ့ပြီးမှ ဤအခြေအနေအထိ ရောက်လာခဲ့ခြင်းမဟုတ်လော။ ဟင်းလင်းပြင်သားရဲမိခင် ကောင်းကင်နတ်အရှင်လေးပါး၏ လက်ထဲတွင် သေဆုံးသွားခြင်းက ဘိုးဘေးနန်းတော်ထဲရှိ ဟင်းလင်းပြင်သားရဲများ မျိုးသုဥ်းသွားသည့် အဓိပ္ပာယ်ပင် မဟုတ်လော။

‘လန်ရွှမ်မှာ ဟင်းလင်းပြင်သားရဲ တစ်ကောင် ရှိသေးတယ်… အဲ့ဒီအကောင်ရော သေသွားပြီဆိုရင် ဟင်းလင်းပြင်သားရဲတွေ တကယ် မျိုးသုဥ်းကုန်ပြီပဲ’

သူ ဟင်းလင်းပြင်သားရဲမိခင်၏ အလောင်းထံသို့ ပြေးသွားသည့်အချိန် ရုတ်တရက် ဟင်းလင်းပြင်သားရဲဥတစ်လုံးသည် ဟင်းလင်းပြင်သားရဲမိခင်၏ ခန္ဓာကိုယ်ထဲမှ ထွက်လာ၍ ချော်ရည်ပူများပေါ် ကျဆင်းသွားသည်။

ချင်မူမှာ စိတ်လှုပ်ရှားသွား၏။ သူ၏ မှော်စွမ်းအင်က ထွက်ပေါ်လာပြီး ထိုဟင်းလင်းပြင်သားရဲဥအား မျက်ခုံးနှစ်ဖက်ကြားထဲသို့ ထည့်သွင်းလိုက်သည်။

ဟင်းလင်းပြင်သားရဲမိခင်၏ အလောင်းမှာ နောက်ဆုံးဥတစ်လုံးကို ချန်ရစ်ခဲ့ရင်း ချော်ရည်ပူများထဲ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။

ချင်မူမှာ ဟင်းလင်းပြင်သားရဲမိခင်၏ အလောင်းကို ဆယ်ထုတ်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်လိုက်သည်။ သူသည် ဟင်းလင်းပြင်သားရဲမိခင်၏ အလောင်းကြီး မျက်စိဖြင့် မြင်ရနိုင်သော အမြန်နှုန်းဖြင့် ရှုံ့တွသွားနေသည်ကို ကြည့်ရင်း တည်ကြည်လေးနက်သွား၏။ သားရဲသွေးများမှာ တဖွားဖွား ပန်းထွက်နေကြလေသည်။

‘စကြဝဠာအဟောင်းက ဖြစ်တည်မှုတွေက ဒီနေရာရဲ့ စွမ်းအင်နဲ့ လဲလှယ်နေတာပဲ’

သူ့မှာ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာတော့သည်။ ဟင်းလင်းပြင်သားရဲမိခင်၏ ဧရာမခန္ဓာကိုယ်ကြီးမှာ တစ်ခဏအတွင်း အရိုးစုကြီး ဖြစ်သွား၏။ မကြာမီ အရိုးစုထဲရှိ စွမ်းအင်မှာလည်း ကုန်ဆုံးပျောက်ကွယ်သွားတော့သည်။

သူ့မှာ တုန်လှုပ်သွားပြီး မဟာဧကရာဇ်၏ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ ပြေးသွားသည်။

မဟာဧကရာဇ်၏ လက်မောင်း ပြုတ်ကျလာခဲ့သည့်နေရာသို့ ရောက်ရှိလာသည့်အခါ အရိုးအစတစ်စသာ ကျန်ရစ်တော့၏။

‘မဟာဧကရာဇ် အရိုးတောင် ပျောက်သွားတာပဲ… အသွေးအသားလည်း မရှိတော့ဘူး’

ချင်မူမှာ သုန်မှုန်စွာဖြင့် ကောင်းကင်ထက်ရှိ သွေးရေတံခွန်ဆီသို့ မော့ကြည့်လိုက်သည်။ ၎င်းက မဟာဧကရာဇ်၏ နတ်ဘုရားသွေး ကျခဲ့သော နေရာဖြစ်၏။

သူက နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်း အသက်သွင်းလိုက်ပြီး နောက်တခဏတွင် မိုင်တစ်သောင်းကို ဖြတ်သန်း၍ သွေးရေတံခွန် ကျခဲ့သော နေရာသို့ ရောက်ရှိသွားသည်။

သူ၏အဝတ်များက လေထဲတွင် တဖတ်ဖတ် လွင့်ခါနေပြီး သူ့အနောက်ရှိ ဝတ်ရုံမှာ တဖျတ်ဖျတ် လွင့်နေ၏။ သူက ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။ သွေးရေတံခွန် ကျဆင်းခဲ့သည့်နေရာတွင် သွေးအိုင်သော်လည်းကောင်း၊ သွေးပင်လယ်သော်လည်းကောင်း ဖြစ်ပေါ်မနေချေ။ ထိုအစား မြေပြင်မှာ သွေးတစ်စက်ပင် မတွေ့ရဘဲ သန့်ရှင်းနေသည်။

‘ဘိုးဘေးနန်းတော်က စစ်‌ပွဲတွေ ဖြစ်သင့်တဲ့ နေရာကောင်း တကယ်ကို မဟုတ်တာပဲ.. ‘’

ချင်မူက ဟိုဟိုသည်သည် ကြည့်လိုက်သည်။ “ဘိုးဘေးနန်းတော်တစ်ခုလုံးက စကြဝဠာအဟောင်းက ဖြစ်တည်မှုတွေအတွက် ယဇ်ပလ္လင်လို ဖြစ်နေတယ်…” သူက ရေရွတ်လိုက်သည်။ “ဒီနေရာမှာ သေတဲ့ အသက်မှန်သမျှက သူတို့ ဒီလောကနဲ့ ဒီခေတ်ဆီ ကူးလာနိုင်ဖို့ စွမ်းအင်အချိန်းအချက် လုပ်ပေးတဲ့ ယဇ်ကောင်တွေပဲ… ငါ မဟူရာသစ်ပင်ကြီးကို ကာကွယ်နိုင်ဦးပါ့မလား”

သူက တခဏမျှ အလေးအနက် တွေးနေသည်။ ဘိုးဘေးနန်းတော်တစ်ခုလုံးတွင် ယခင်စကြ၀ဠာ၏ ယဇ်ပလ္လင်များမဟုတ်သည့် အရာမှာ ကျောက်တုံးတွင်းငါးတွင်းသာ ဖြစ်နိုင်သည်။ ကျောက်တုံးတွင်းငါးတွင်းသာ ကျန်ရှိနေနိုင်ခဲ့ပြီး အခြားနေရာများကိုတော့ ယခင်စကြ၀ဠာ၏ စွမ်းအားတို့ ကျူးကျော်ခဲ့ပြီး ဖြစ်လိမ့်မည်။

“အဲဒါဆိုမှ ငါ ဘိုးဘေးနန်းတော်ကို ရောက်ကတည်းက အရိုးဆိုလို့ ကျောက်တုံးတွင်းငါးတွင်းဆီမှာပဲ တွေ့ခဲ့ရတာ… တခြားဘယ်နေရာမှာမှ မတွေ့ခဲ့ဘူး... ဧရာမသားရဲတွေရဲ့ အရိုးပဲဖြစ်ဖြစ်… ဖန်ဆင်းရှင်တွေရဲ့ အရိုးပဲဖြစ်ဖြစ်… အကုန်ပျောက်ကွယ်ကုန်ကြတယ်’’

သူ့မှာ ကတုန်ကယင်ဖြင့် လေတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ဖန်ဆင်းရှင်တို့၏ အရိုးများကို ဟင်းလင်းပြင်သားရဲများ ဝါးမြိုခဲ့သည်ဟု ထင်ခဲ့မိသော်လည်း ယခု စဉ်းစားကြည့်တော့မှ ထိုသို့ဖြစ်ဟန်မတူပေ။

လူသားများဖြစ်စေ၊ သားရဲများဖြစ်စေ ဘိုးဘေးနန်းတော်ထဲသို့ ဝင်ရောက်လာသည်နှင့် ယခင်စကြဝဠာမှ ဖြစ်တည်မှုများအတွက် ယဇ်ကောင်များ ဖြစ်လာပေလိမ့်မည်။

ဘိုးဘေးနန်းတော်သည် ဧရာမယဇ်ပလ္လင်ကြီးသဖွယ် ဖြစ်၏။

တစ်နည်းပြောရပါက ဘိုးဘေးနန်းတော်မှာ ပန်းကန်ကြီးတစ်ချပ်သဖွယ်ပင်။ ဤနေရာသို့ ဝင်ရောက်လာသူတိုင်းသည် စကြာ၀ဠာအဟောင်းမှ ပုဂ္ဂိုလ်များ၏ အစားခံရမည်ကို စောင့်ဆိုင်းနေရသည့် ဟင်းလျာများသာ။

All Chapters