← Chapters

လှိုင်းလုံးများ

Vol. 100 Ch. 1312

လှိုင်းလုံးများ

Vol. 100 Ch. 1312

‘ဘိုးဘေးနန်းတော်ကို ယဇ်ပလ္လင်အဖြစ် သုံးပြီး ဘိုးဘေးနန်းတော်ထဲက သက်ရှိတွေအားလုံးကို ယဇ်ကောင်တွေ လုပ်နိုင်တဲ့ အကြံအစည်က တကယ်ကို ဩချစရာပဲ… ဖန်တီးခဲ့တဲ့သူက ဘယ်သူများလဲ မသိဘူး’

ချင်မူမှာ မျက်ခုံးနှစ်ဖက် ထိလုမတတ် မျက်မှောင်ကုပ်နေသည်။ မည်သူကများ ဘိုးဘေးနန်းတော်ကို ဤအခြေအနေအထိ ပြောင်းလဲပစ်နိုင်သည့် မှော်စွမ်းအင်နှင့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားပါသနည်း။

ဘိုးဘေးနန်းတော်၏ လောလောဆယ်အခြေအနေအရ အခြေချရန် မသင့်တော်ပေ။ မည်သူမှ မဝင်ရောက်နိုင်အောင် ချိတ်ပိတ်ပစ်ရလိမ့်မည်။

အတွင်း၌ လူများ ရှိနေသေးပါက အငြင်းပွားစရာများ ပေါ်ပေါက်လာလိမ့်မည်။ ကောင်းကင်နတ်အရှင်တို့၏ တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ပါက ထိုက်ယီပင်လျှင် စကြ၀ဠာအ‌‌ဟောင်းမှ လူများ မလာနိုင်အောင် တားဆီးနိုင်တော့မည် မဟုတ်ပေ။

‘မိုးတော့ပြိုနေပြီ... ဒါပေမဲ့ ထိုက်ယီက တွန်းထားပေးနေတာ.. မဟာဧကရာဇ် သေလား၊ ရှင်လားလည်း ငါ မသိဘူး.. သူ့ခေါင်းကတော့ ပြုတ်ကျမလာသေးတဲ့ပုံပဲ’

ချင်မူက ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်သော်လည်း မဟာဧကရာဇ်၏ ဦးခေါင်း ပြုတ်ကျလာသည်အား မမြင်ရပေ။ အမိကမ္ဘာမြေလည်း ရှာဖွေနေဆဲဖြစ်၍ သစ်မြစ်များက ချော်ရည်ပူမြေပြင်ထက်တွင် သွားလာနေ၏။

အမိကမ္ဘာမြေသည် မဟာဧကရာဇ်၏ လက်သီးကိုသာ သိမ်းနိုင်ခဲ့ပြီး ကျန်အစိတ်အပိုင်းများမှာတော့ ယဇ်ပူဇော်ခံခဲ့ရပုံပင်။

“မဟာဧကရာဇ်တော့ သနားစရာပဲ’’

ချင်မူက နောင်တရစွာ သက်ပြင်းချလိုက်သည်။ “ငါ့လက်ထဲ ကျမလာတာ နှမြောစရာပဲကွာ.. ကောင်းကင်နတ်အရှင်လေးပါးက မဟာဧကရာဇ်ရဲ့ ဦးခေါင်းကို လိုက်ဖမ်းနေကြတုန်းဆိုတော့… ငါ ဖရိုဖရဲပင်လယ်ဆီ အရင်သွားပြီး မူလကျောက်တုံးကို ကောက်ရမယ်”

ဖရိုဖရဲပင်လယ်သည် ယခင်က ထိုက်ယီကျောက်တုံးတွင်း ဖြစ်သည့်အလျောက် ယခင်စကြဝဠာမှ ပုဂ္ဂိုလ်များ၏ ယဇ်ပူဇော်စွမ်းအင် မသက်ရောက်နိုင်သော နေရာလည်း ဖြစ်၏။ ဖရိုဖရဲချီတို့ဖြင့် ပြည့်နှက်နေ၍ အင်မတန် လေးလံသော နေရာဟုလည်း ဆိုရမည်။ ၎င်းက မည်သည့်အရာကိုမဆို ဖရိုဖရဲပင်လယ်ချီနှင့် တစ်သားတည်း ဖြစ်သွားစေနိုင်သည်။

ကောင်းကင်နတ်အရှင်ရှောင်၏ လက်ဖဝါး ဖရိုဖရဲပင်လယ်ထဲသို့ ကျရောက်သွားသည့်အချိန်တုန်းက ယဇ်ပူဇော်စွမ်းအင်အဖြစ် ပြောင်းလဲခံရလိမ့်မည်မဟုတ်ပေ။ ဖရိုဖရဲပင်လယ်ချီနှင့်လည်း လျင်မြန်စွာ တစ်သားတည်းဖြစ်သွားမည်မဟုတ်ပေ။ မူလကျောက်တုံးအစအနများကိုလည်း မဖျက်ဆီးပစ်နိုင်။ ဖရိုဖရဲပင်လယ်အနက်ပိုင်းထဲသို့ ဝင်သွားနိုင်သရွေ့ မူလကျောက်တုံးအပိုင်းအစများကို ရှာနိုင်လိမ့်မည်။

'ငါ အရင်တစ်ခါတုန်းက အဲဒီနေရာကနေ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တာပဲ… ဖန်သားကောင်း‌ကင်စေတီကိုတော့ အားကိုးခဲ့ရတာပေါ့… ထိုက်စု မွေးဖွားသါားလို့ ဖန်သားကောင်းကင်စေတီကို သုံးလို့မရတော့တာ နှမြောစရာပဲ... ဒါပေမဲ့ ငါ့မှာ တာအိုနောင်တော်ထိုက်ယီ ချန်ပေးထားခဲ့တဲ့ ဥခွံနှစ်ခုတော့ ရှိသေးတယ်’

ချင်မူသည် ယုံကြည်ချက်အပြည့် ရှိနေ၏။ ထိုက်ယီ၏ ဥခွံများနှင့်ဆိုလျှင် ဖရိုဖရဲပင်လယ်ထဲသို့ သေချာပေါက် ဝင်ကာ မူလကျောက်တုံးအပိုင်းအစများနှင့် ကောင်းကင်နတ်အရှင်ရှောင်၏ လက်ကို ရှာနိုင်ပေလိမ့်မည်။

မူလကျောက်တုံးအပိုင်းအစများမှာ ရတနာများဖြစ်သလို ကောင်းကင်နတ်အရှင်ရှောင်၏ လက်မှာလည်း အဆန်းတကြယ်ရတနာတစ်ပါး ဖြစ်၏။

သူက ဖရိုဖရဲပင်လယ်ဆီသို့ လျှပ်စီးလို ပြေးသွားသည်။ ရုတ်တရက် မြေပြင်မှာ တုန်ခါလာပြီး မရေမတွက်နိုင်သော သစ်မြစ်များ ထွက်ပေါ်လာကြ၏။ ၎င်းတို့မှာ နဂါးများကဲ့သို့ မြေကြီးထဲမှ ပေါ်လိုက်ပျောက်လိုက်ဖြင့် သူ့အား အသည်းအသန် လိုက်ဖမ်းနေကြသည်။

‘အမိကမ္ဘာမြေ ပေါ်လာပြန်ပြီကွာ’

ချင်မူက ပရမတ္တလှေကောင်းကင်နတ်သိုင်းအား အသက်သွင်းလိုက်ရင်း လေပေါ်သို့တက်၍ ဟင်းလင်းပြင်ထဲသို့ ရွက်လွှင့်သွားကာ အမိကမ္ဘာမြေအား ချန်ရစ်ခဲ့သည်။

အမြစ်များက သူ့အနောက်မှ ဟင်းလင်းပြင်ထဲသို့ လိုက်ပါလာကြပြီး ဟင်းလင်းပြင်အလွှာများအား မိစ္ဆာနတ်ဆိုးများပမာ ဖြတ်သန်းလာကြသည်။ သို့သော် ချင်မူ ဟင်းလင်းပြင်အနက်ပိုင်းထဲသို့ ရောက်သွားသည်နှင့်အမျှ အမိကမ္ဘာမြေ၏ သစ်မြစ်များမှာ ပိုပို၍ ပင်ပန်းနွမ်းနယ်လာကြ၏။

နောက်ဆုံးတွင် အမိကမ္ဘာမြေမှာ အမှီမလိုက်နိုင်တော့သောကြောင့် သူမ၏ သစ်မြစ်များကို ပြန်လည်ရုတ်သိမ်းသွားတော့သည်။

ချင်မူက ဟင်းလင်းပြင်ထဲမှ ထွက်လာကာ နှာခေါင်းရှုံ့လိုက်၏။ သူ၏ခန္ဓာကိုယ်က ဖရိုဖရဲပင်လယ်မျက်နှာပြင်ထက်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဧရာမပေါက်ကွဲသံကြီးလေးသံ ထွက်ပေါ်လာ၍ ချင်မူ့ခန္ဓာကိုယ် တောင့်တင်းသွား၏။ အလွန်တရာ ကြီးမားသော ပုံရိပ်လေးခုက သူ့အနောက်တွင် ပေါ်လာချေပြီ။

ချင်မူက ခက်ခက်ခဲခဲ ခေါင်းမော့ကြည့်လိုက်သည့်အခါ နတ်အရှင်မယန်၊ ကောင်းကင်နတ်အရှင်ရှောင်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့ကို တွေ့လိုက်ရသည်။

ကောင်းကင်နတ်အရှင်လေးပါးမှာ စုတ်ပြတ်နေကြ၏။ သူတို့၏ခန္ဓာကိုယ်များတွင် ဒဏ်ရာများ ဗလပွဖြစ်နေကြပြီး အဝတ်များလည်း တွန့်ကြေနေကြသည်။ နတ်ဘုရားသွေးတို့က သူတို့၏ဒဏ်ရာများမှ အဆက်မပြတ် စိမ့်ထွက်၍ ဖရိုဖရဲပင်လယ်ထဲသို့ တဖွားဖွား ကျဆင်းနေကြသည်။

ကောင်းကင်နတ်အရှင်လေးပါးမှာ မဟာဧကရာဇ်ကို လိုက်ဖမ်းခဲ့ပြီး သူ့ကြောင့် ဒဏ်ရာရခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအရ မဟာဧကရာဇ် ချန်ထားခဲ့သည့် ဒဏ်ရာများအပြင် ဟင်းလင်းပြင်မှ အဖျက်အဆီးစွမ်းအားကြောင့် ရခဲ့သော ဒဏ်ရာများလည်း ရှိနေသည်။

ကောင်းကင်နတ်အရှင်လေးပါးသည် မဟာဧကရာဇ်အား ၃၄ ခုမြောက် ဟင်းလင်းပြင်ထဲအထိ လိုက်လံဖမ်းဆီးခဲ့ပုံရပြီး ဟင်းလင်းပြင်ကြောင့် ဒဏ်ရာရခဲ့ဟန်တူသည်။

ချင်မူက ကောင်းကင်နတ်အရှင်လေးပါး၏ အလယ်တွင် မခုတ်တတ်သော ကြောင်ငယ်‌လေးပမာ ရိုရိုကျိုးကျိုး ရပ်နေသည်။ နောက်ဆုံးတော့ မြေအောက်ဘုံအရှင်သခင်၏ ခံစားချက်ကို သူ နားလည်နိုင်လေပြီ။

မြေအောက်ဘုံအရှင်သခင်အနေဖြင့် သူ့ကိုယ်ပွားကို အချိန်မရွေး စွန့်ပစ်နိုင်၏။ သူ၏ ပင်မခန္ဓာကိုယ်ပေါ်တွင် သက်ရောက်မှု ကြီးကြီးမားမား မရှိပေ။ ချင်မူမှာတော့ ထိုသို့မလုပ်နိုင်။

သူက ဣန္ဒြေဆည်၍ စကားပြောရန် ပြင်လိုက်စဉ် ကောင်းကင်နတ်အရှင်ရှောင်က ရုတ်တရက် သူ၏လက်ပြတ်ကို ကာပြီး ကြည်လင်နေသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ငါ့လက်တစ်ဖက် ပြတ်သွားပြီးဆိုတော့ မူလကျောက်တုံးကို ရှာဖို့ ခက်လိမ့်မယ်.. ရတနာကို မင်းတို့သုံးယောက်ပဲ ယူလိုက်ကြပါ”

သူက နောက်ဆုတ်ကာ ပျောက်ကွယ်သွားတော့သည်။

နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာအမူအရာမှာ ဖြူဖျော့နေပြီး သူ၏အရှိန်အဝါမှာလည်း အားနည်းနေသည်။ သူက သွေးအန်လိုက်ရင်း ပြော၏။ “တာအိုမိတ်ဆွေရှောင်ရဲ့ ဒဏ်ရာတွေက အပြင်ပိုင်းသက်သက်ပဲ ကျုပ်ရဲ့ဒဏ်ရာတွေကတော့ အတွင်းဒဏ်ရာတွေ… ခင်ဗျားတို့ ရောက်မလာခင် ကျုပ်က မဟာဧကရာဇ် ချုံခိုတိုက်ခိုက်တာ ခံခဲ့ရသေးတယ်… ကျုပ်ဒဏ်ရာတွေက အပြင်းထန်ဆုံးပဲ… ကျုပ်မှာတော့ ထိုက်ချူမူလကျောက်တုံးကို ယူနိုင်ဖို့ အကြီးအကျယ် မျှော်မှန်းထားခဲ့ရတာ… ထားပါတော့ ထားပါတော့… ခင်ဗျားတို့အတွက်ပဲ ထားခဲ့လိုက်ပါမယ်”

သူ၏ပုံရိပ်မှာ လေထုထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

နတ်အရှင်မယန်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင် မျက်မှောင်ကြုတ်သွား၏။ အင်အားကြီးရန်သူနှစ်ဦးသည် ချက်ချင်းပင် ထွက်ခွာသွားကာ ထိုက်ချူမူလကျောက်တုံးကိုပင် ရှာမသွားခဲ့ပေ။ အခြားရည်ရွယ်ချက်များ ရှိနေလိမ့်မည်။

ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး သူ့မှာ သိသိသာသာ မျက်နှာပျက်သွား၏။ သူက ပြောသည်။ “ကျုပ်ရဲ့ ကောင်းကင်တာအိုရတနာနှစ်ခု အက်ကွဲသွားလို့… သိုင်းအခြေခံ ပျက်စီးကုန်ပြီ… အရှင်မ၊ ဖရိုဖရဲပင်လယ်ထဲ လိုက်မပို့ပေးနိုင်တာ ခွင့်လွှတ်ပေးပါ… ပြန်အားဖြည့်ဖို့ ကျုပ်ရဲ့ ဗိမာန်ဆီ မြန်မြန် ပြန်ရတော့မယ်”

နတ်အရှင်မယန်လည်း မျက်နှာပျက်သွားပြီး နောက်ဆုတ်သွားသည်။ သူမက သက်ပြင်းချ၏။ “ကျွန်မရဲ့ရောဂါလည်း ပြန်ထလာတယ်… သိုင်းအခြေခံကလည်း သိပ်မရှိတော့ဘူး… ကျောက်တုံးတွင်းဆီ ပြန်ပြီး ဒဏ်ရာတွေကို ကုသရမယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်က နောက်ဆုတ်၍ နှာခေါင်းရှုံ့လိုက်သည်။ “ဒါဆိုရင် ဒီခွေးကောင် ကောင်းကင်နတ်အရှင်မူက အချောင်ရသွားတော့မှာပေါ့... ကောင်းကင်နတ်အရှင်မူ၊ မင်း ကျေနပ်နေတာမလား”

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နတ်အရှင်လေးပါးကား ပျောက်ကွယ်သွားလေပြီ။ ချင်မူသာ ဖရိုဖရဲပင်လယ်အထက်တွင် အူအူကြောင်ကြောင်ဖြင့် ရပ်လျက် ကျန်ရစ်ခဲ့၏။

ချင်မူ့ကျောတွင် ချွေးများ ရွှဲပြီး သူ့မှာ မလှုပ်မယှက် ရပ်နေမိသည်။

‘မသိရင်တော့ အဲဒီ မြေခွေးအိုကြီးတွေက ကျန်တဲ့သုံးယောက်ကို တိုက်ဖို့ မလွယ်မှန်း သိတော့ အကြောင်းပြချက်မျိုးစုံ ရှာပြီး ထွက်သွားကြတယ်ပေါ့လေ… အမှန်တော့ တစ်ယောက်ယောက် မူလကျောက်တုံးကို သွားယူတာ စောင့်နေကြတာ.. အဲဒီယူတဲ့လူကိုမှ ပေါင်းပြီး တိုက်ခိုက်ကြလိမ့်မယ်’

သူ၏မျက်လုံးများက ဝေ့ဝဲလျက် ကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်လေးပါးသည် ထွက်ခွာသွားခဲ့သော်လည်း သူတို့၏ ချီအရှိန်အဝါများကတော့ ဤနေရာတွင် ပုန်းကွယ်နေသေး၏။

ချင်မူမှာ အလယ်တွင် ဖြစ်ပြီး ကောင်းကင်နတ်အရှင်လေးပါး၏ ချီအရှိန်အဝါများက သူ့အပေါ်တွင် ပစ်မှတ်ထားကြသည်။ သူ နည်းနည်းလေး လှုပ်လိုက်ပါက ကောင်းကင်နတ်အရှင်လေးပါး၏ ချီအရှိန်အဝါကို လှုံ့ဆော်မိပြီး သူ့ကို စုပြုံတိုက်ခိုက်ကြလိမ့်မည်။

‘ငါ ဖရိုဖရဲပင်လယ်ထဲ ချက်ချင်း ထွက်ပြေးရင်တောင် သေဘေးကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး’

သူ၏မျက်လုံးများမှာ တောင်ကြည့်မြောက်ကြည့် ဝေ့ဝဲနေသော်လည်း မည်မျှတွက်ချက်ပါစေ လှုပ်လိုက်သည်နှင့် သူ့ကို သေခြင်းတရားက စောင့်ကြိုနေပေလိမ့်မည်။

ဖရိုဖရဲပင်လယ်ပတ်ဝန်းကျင်မှာ ကျောချမ်းဖွယ်ကောင်းစွာနှင့် တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုအခိုက်အတန့်တွင် ကျောက်တုံးများ ပေါက်ကွဲသွားပြီး သစ်မြစ်တစ်လက်က မြေကြီးထဲမှ ဖောက်ထွက်လာသည်။ သစ်မြစ်သည် ဖြည်းဖြည်းချင်း ရွေ့လျားလျက် ကြီးထွားလာနေ၏။ ရုတ်တရက် သစ်မြစ်မှ မျက်လုံးတစ်လုံး ပေါ်လာပြီး မျက်လုံးဖွင့်၍ ရှာနေလေသည်။

ချင်မူ့နဖူးတွင် ချွေးများ စို့လာ၏။ အမိကမ္ဘာမြေလည်း ရောက်လာချေပြီ။

အမိကမ္ဘာမြေ ပေါ်လာခြင်းက ဒဏ်ရာအပေါ် ဆားသိပ်လိုက်သကဲ့သို့ပင်။

ပိုပို၍များလာသော သစ်မြစ်များသည် မြေကြီးထဲမှ ထွက်လာကြပြီး ဖြည်းဖြည်းချင်း စုစည်းသွားကြသည်။

တခဏကြာသော် အမိကမ္ဘာမြေက မြေပြင်မှ တဖြည်းဖြည်း ထရပ်၍ ချင်မူ့ကို ကြည့်နေ၏။ သို့သော် သူမက ချက်ချင်း မတိုက်ခိုက်ဘဲ ပြုံးလျက် ပြောသည်။ “ပြိုင်ဘက်ကင်းမှော်ဆရာကြီး၊ နေကောင်းပါစ… ပြေးလေ.. ဘာလို့မပြေးတော့တာလဲ”

ချင်မူ့အသံမှာ အနည်းငယ် ကွဲအက်နေသည်။ “အမိကမ္ဘာမြေ၊ ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာ သေစေရလောက်တဲ့အထိ ရန်ငြိုးမရှိဘူးဆိုတော့ ကျွန်တော့်အနား မကပ်ဖို့ သတိပေးချင်တယ်…” သူက တည်ကြည်လေးနက်စွာ သတိပေးနေ၏။ “ကောင်းကင်နတ်အရှင်လေးပါးက အနားမှာ ရှိနေတုန်းပဲ… သူတို့ရဲ့ ချီစွမ်းအင်တွေက ရောယှက်နေပြီး တိုက်ခိုက်ဖို့ အခွင့်အရေးကို စောင့်နေကြတာ… ကျွန်တော့်အနား ကပ်တာပဲဖြစ်ဖြစ်၊ လာထိတာပဲဖြစ်ဖြစ် လုပ်လိုက်မယ်ဆိုရင် သူတို့ တိုက်ခိုက်ကြလိမ့်မယ်”

အမိကမ္ဘာမြေက သံသယမကင်းသော မျက်နှာအနေအထားဖြင့် သူ့ကို အကဲခတ်နေသည်။ ထို့နောက် သူမက ပတ်ဝန်းကျင်ကို လေ့လာလိုက်သော်လည်း ကောင်းကင်နတ်အရှင်‌လေးပါး၏ အရိပ်အယောင်ကို မတွေ့ရပေ။ သူမက ပြုံးလျက် ပြော၏။ “ဒီတစ်ခါတော့ နင့်ကို ယုံလိုက်မယ်”

အမိကမ္ဘာမြေသည် အမှန်တကယ်ပင် မြေကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသဖြင့် ချင်မူမှာ ကြောင်ကျန်ခဲ့သည်။

‘အမိကမ္ဘာမြေက ဘယ်တုန်းက ဉာဏ်ကောင်းသွားတာလဲဟ… ငါ သူ့ကို မျှားခေါ်ပြီးတော့ သူ့ရုပ်ခန္ဓာနဲ့ ကောင်းကင်နတ်အရှင်လေးပါးရဲ့ တိုက်ကွက်တွေကို ကာကွယ်မလို့ဟာ… တခဏလေးဆိုရင်တောင် ငါ ထွက်ပြေးနိုင်သေးတယ်’’

ချင်မူမှာ မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်နေပြီး ချွေးတို့က သူ၏နဖူးမှ မျက်လုံးထဲသို့ စီးကျလာ၏။ အမိကမ္ဘာမြေသူ့စကားကို ယုံသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

‘ဒီနေ့ ကံကို မကောင်းဘူး.. တစ်ယောက်ယောက်များ ငါ့ကို အကောက်ကြံနေတာလား’

သူ ထိုသို့တွေးလိုက်စဉ် ဖရိုဖရဲပင်လယ်မျက်နှာပြင်ထက်တွင် လှိုင်းဂယက်များ ရုတ်တရက် ထလာသည်။

All Chapters