သေလမ်းကို ပို့ပေးရမှာပေါ့
Vol. 100 Ch. 1313
‘ဘာလို့ ဖရိုဖရဲပင်လယ်မှာ ရုတ်တရက်ကြီး လှိုင်းတွေ ထန်လာတာတုန်း’
ချင်မူမှာ ကြက်သီးတဖြန်းဖြန်း ထလာပြီး စိတ်ထဲမှ ဆဲရေးလိုက်မိသည်။ သူက ကောင်းကင်ပေါ်သို့ တမုဟုတ်ချင်း ပျံတက်ကာ သူ အကျွမ်းကျင်ဆုံး ကောင်းကင်နတ်သိုင်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။ ထို့နောက် ကောင်းကင်နတ်အရှင်လေးပါး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးလေ၏။
သူ၏ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နတ်အရှင်လေးပါး၏ အရှိန်အဝါများကား တစ်ခုနှင့်တစ်ခု ဆွဲငင်ကာ ဝင်တိုက်သွားကြတော့သည်။
အရှိန်အဝါများတွင် ကောင်းကင်နတ်အရှင်လေးပါး၏ မတူညီသော မှော်စွမ်းအင်များနှင့် အသိစိတ်အလျဉ်များ ကိန်းအောင်းနေ၏။ ၎င်းတို့ ဝင်တိုက်သွားသည်နှင့် ချင်မူမှာ သူ၏ ချီစွမ်းအင်နှင့် အသိစိတ်အလျဉ် လည်ပတ်မှု လျော့ရဲလာသလို ခံစားလိုက်ရသည်။
သူ၏ ပရမတ္တလှေကောင်းကင်နတ်သိုင်းမှာလည်း အသွင်မဖွဲ့နိုင်တော့သဖြင့် သူ့ကို ဟင်းလင်းပြင်ထဲသို့ ခေါ်သွားမပေးနိုင်တော့ချေ။
“ငါတော့ သေပါပြီကွာ…”
ချင်မူမှာ စိတ်ဒုန်းဒုန်း ကျသွားသော်လည်း ပြင်ဆင်မှုနှစ်ခု အလျင်အမြန် လုပ်လိုက်သည်။ ဝီခနဲ အသံနှင့်အတူ သူ၏ ကောင်းကင်ရတနာနယ်ပယ် ပွင့်လာ၏။ ထို့နောက် ကောင်းကင်နတ်အရှင်လင်၏ မက်မွန်သစ်သားဆံထိုးကို လက်တစ်ဖက်တွင် ကိုင်ထားပြီး အခြားတစ်ဖက်တွင် သူ၏ကောင်းကင်ရတနာနယ်ပယ်ထဲရှိ ထိုက်ယီကျောက်တုံးတွင်းအား ကိုင်ထားသည်။
သူ၏ကောင်းကင်ရတနာနယ်ပယ်ထဲရှိ ထိုက်ယီကျောက်တုံးတွင်းထံမှ ထိုက်ယီဥခွံနှစ်ခု ပျံတက်လာသည်။ ၎င်းက သူ၏ ဒုတိယပြင်ဆင်မှု ဖြစ်သည်။ သူ့အနေဖြင့် ကောင်းကင်နတ်အရှင်တို့၏ တိုက်ခိုက်မှုအား မခုခံနိုင်ပါက သူ့ကိုယ်သူ ထိုက်ယီဥခွံထဲတွင် ပိတ်လှောင်လိုက်မည် ဖြစ်သည်။
ထိုက်ယီ၏ဥခွံက ကောင်းကင်နတ်အရှင်လေးပါး၏ တိုက်ကွက်များအား ခုခံ၍ သူ့အား ကာကွယ်ပေးနိုင်မည်လားတော့ သူ သေချာမသိပေ။
ထိုက်ရှီကျောက်တုံးတွင်းထဲတွင် ထိုက်ရှီမှာလည်း ထိုက်ရှီမူလကျောက်တုံးကို သန့်စင်နေရာမှ နိုးလာ၏။ သူ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်မှာ ဥတစ်လုံးပမာ လုံးဝန်းနေပြီး ဥခွံနှစ်ခုက ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ကို ဝန်းရံထားကြောင်း မြင်လိုက်ရသည်။
“ကောင်းကင်နတ်အရှင်မူ၊ အကူအညီ လိုသေးလား...” သူက ချက်ချင်းမေး၏။
ချင်မူက ပြန်မဖြေပေ။ ဤအခြေအနေတွင် ထိုက်ရှီပင်လျှင် အသုံးမဝင်ချေ။ ထိုက်ရှီ၏ အစွမ်းအစက ကောင်းကင်နတ်အရှင်လေးပါး၏ တိုက်ကွက်များကို ခံနိုင်သည်အထိ အားကောင်းခြင်းမရှိပေ။
သူ ပြင်ဆင်နေသည့်အချိန်၌ပင် ဖရိုဖရဲပင်လယ်ထဲမှ တောင်ဝှေးတစ်လက် ပေါ်လာပြီး ဖရိုဖရဲချီများအား လွင့်ပြယ်သွားစေလိုက်ကြောင်း တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်လေးပါးသည် ကိုယ်ထင်မပြသော်လည်း ကောင်းကင်နတ်သိုင်းများကတော့ ရောက်လာကြ၏။
ကောင်းကင်နတ်အရှင်ရှောင်၊ နတ်အရှင်မယန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့မှာ ဒဏ်ရာအပြင်းအထန် ရခဲ့ကြသော်လည်း သူတို့၏ကောင်းကင်နတ်သိုင်းများကား တုန်လှုပ်ချောက်ချားဖွယ်ရာ အစွမ်းထက်နေဆဲပင်။
ကောင်းကင်နတ်အရှင်လေးပါးက ဤတိုက်ကွက်တွင် စွမ်းအားအလုံးစုံ ထည့်သွင်းကာ တစ်ဖက်ရန်သူအား တွန်းထုတ်သည်။ သူတို့သာ ကိုယ်ထင်ပြလိုက်ပါက ဤသို့သက်ရောက်မှုမျိုး ရနိုင်မည်မဟုတ်ပေ။
သူတို့၏ကောင်းကင်နတ်သိုင်းများ ချင်မူ့ဘေးသို့ ရောက်တော့မည့်အချိန်တွင် တောင်ဝှေးက ရပ်တန့်သွားသည်။
အင်မတန် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ချင်မူ ကြားလိုက်ရပြီး ဖရိုဖရဲပင်လယ်တစ်စင်းလုံးမှာ တောင်ဝှေးကြောင့် လွင့်ထွက်သွားချေပြီ။
ကောင်းကင်နတ်အရှင်လေးပါး၏ ကောင်းကင်နတ်သိုင်းများမှာလည်း ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲမှုအောက်တွင် စက္ကူစများကဲ့သို့ စုတ်ပြဲကုန်ကြသည်။ ဖရိုဖရဲပင်လယ်မှ ထွက်ပေါ်လာသော ဧရာမလှိုင်းကြီးများမှာ အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားပြီး ဟင်းလင်းပြင်အား ပြိုကွဲသွားသည့်တိုင်အောင် ပြေးတိုက်ပစ်ကြ၏။
ရုတ်တရက် ကောင်းကင်နတ်အရှင်လေးပါး၏ ပုံရိပ်များ ပေါ်လာကြသည်။ သူတို့လည်း ဖရိုဖရဲပင်လယ်၏ လှိုင်းလုံးများကြောင့် လွင့်ထွက်သွားကြသည်။
ကောင်းကင်နတ်အရှင်လေးပါးမှာ ညည်းညူရင်း သူတို့၏ ခန္ဓာကိုယ်များကို အတတ်နိုင်ဆုံး ကြိုးစားပြီး ဟန်ချက်ထိန်းနေကြသည်။ သို့သော် ဤစွမ်းအား၏ ရှေ့မှောက်တွင် မည်သို့မျှ ဟန်ချက်မထိန်းနိုင်ပေ။ လေးယောက်စလုံး အလွန်တရာ အံ့အားသင့်နေကြ၏။ ဤစွမ်းအားသည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထက်ပင် သာလွန်ပြီး မဟာဧကရာဇ်၏ ပြီးပြည့်စုံသော အခြေအနေထက်ပင် ကျော်လွန်နေသည်မဟုတ်ပါလော။ ဤစွမ်းအားမျိုးက ကောင်းကင်နတ်ဘုံအဆင့်၏ အကန့်အသတ်များထက် သာလွန်သော အဆင့်တစ်ဆင့်၌ ရှိနေသည်ဟုပင် ခံစားလိုက်ကြရ၏။
ဝုန်း…
ကောင်းကင်နတ်အရှင်လေးပါးလုံး ကြိုးပြတ်သွားသော စွန်များသဖွယ် လွင့်ထွက်သွားကြသည်။
သူတို့အားလုံး မြေပေါ်သို့ ပြုတ်ကျသွားကြသည့်အခါ စကားတစ်လုံးမှ မဟကြပေ။ ချာခနဲ လှည့်ထွက်၍ ဘိုးဘေးနန်းတော်၏ အရပ်လေးမျက်နှာသို့ ပျံသန်းပျောက်ကွယ်သွားကြ၏။
မြေအောက်ထဲတွင် အမိကမ္ဘာမြေက ခပ်ဝေးဝေး မသွားခဲ့ပေ။ သူမက မရိုဖရဲပင်လယ်၏ လှုပ်ရှားမှုများကို လျှို့ဝှက်စွာ အကဲခတ်နေသဖြင့် ဤမြင်ကွင်းကို မြင်လျှင် ကြက်သီးမွေးညှင်းများ ထသွားတော့သည်။ သူမမှာ ချက်ချင်းပင် မြေကြီးထဲ ဝင်တိုး၍ အသည်းအသန် ထွက်ပြေးသွားလေ၏။
ဖြည်းဖြည်းချင်း ဖရိုဖရဲပင်လယ်၏ လှိုင်းလုံးများ ငြိမ်ကျသွားသည်။ မကြာမီ ဖရိုဖရဲချီဖြင့် ဖွဲ့တည်ထားသော ပင်လယ်မှာ သာမန်ပြန်ဖြစ်သွားချေပြီ။
ချင်မူလည်း စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး ထိုက်ယီဥခွံနှစ်ခုအား ကျောက်တုံးတွင်းထဲသို့ ပြန်ထည့်လိုက်၏။ သူကိုယ်တိုင်မှာလည်း အံ့အားသင့်နေမိသည်။ “ဒီတောင်ဝှေးက ဘာလဲဟ…”
တောင်ဝှေးသည် ကောင်းကင်နတ်အရှင်လေးပါးအား ထွက်ပြေးအောင် ဖိအားပေးခဲ့သည့်အပြင် ပင်လယ်မျက်နှာပြင်ထက်တွင် တည်တည်ငြိမ်ငြိမ် တည်ရှိနေသေး၏။
ချင်မူက တစ်ခဏ တွန့်ဆုတ်နေပြီးနောက် တောင်ဝှေးအား အသေအချာ ကပ်ကြည့်လိုက်သည်။ ၎င်းမှာ သာမန်သစ်သားဖြင့် ပြုလုပ်ထားသကဲ့သို့ ထူးခြားပုံမရပေ။
တောင်ဝှေးပေါ်တွင် မည်သည့်သင်္ကေတမှမရှိသလို၊ မဟာတာအိုအရှိန်အဝါကိုပင် မခံစားရ။
သို့သော် ဤသာမန်တောင်ဝှေးက ကောင်းကင်နတ်အရှင်လေးပါးကို တွန်းထုတ်ကာ ထွက်ပြေးသွားစေသည်။
“တာအိုနောင်တော်ထိုက်ယီ”
ချင်မူက ခါးကိုင်းလျက် တောင်ဝှေးကို အရိုအသေပေးကာ စိတ်ရင်းဖြင့် ပြော၏။ “ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… မူလကျောက်တုံးက နောင်တော့်လက်ထဲ ရောက်သွားတာမလား… အဲဒါဆိုရင်တော့ ကျွန်တော် စိတ်အေးရပါပြီ”
သူ တခဏမျှ စောင့်နေသော်လည်း တောင်ဝှေးဆီမှ မည်သည့်တုံ့ပြန်မှုမှ မခံစားရပေ။
ချင်မူက ပြုံးသည်။ “နောင်တော်က စကားမပြောချင်ဘူးဆိုရင်လည်း ကျွန်တော် မနှောင့်ယှက်တော့ပါဘူး… ခွင့်ပြုပါဦးဗျာ” သူက ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားတော့သည်။
တခဏကြာသော် ဖရိုဖရဲပင်လယ်သည် နှစ်ခြမ်းကွဲသွားပြီး လမ်းတစ်လမ်း ပေါ်လာ၏။ ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် အခြားသူများ ထွက်လာကြသည်။ အဘိုးအိုထိုက်ယီက လက်ကို လွှဲရမ်းလိုက်ရာ တောင်ဝှေးသည် သူ့လက်ထဲသို့ ပျံသန်းလာ၏။
လန်ယွီတျန်းက တအံ့တဩ မေးလေသည်။ “ခုနတုန်းက အစ်ကိုကြီးက တောင်ဝှေးကို ဘာလို့စကားပြောသွားတာလဲ”
ထိုက်ယီ၏ မျက်နှာအမူအရာက ထူးဆန်းနေပြီး ရှင်းပြ၏။ “သူက ငါ ဒီနေ့ တောင်ဝှေးပုံစံပြောင်းထားတယ် ထင်သွားတာ”
ကျန်နှစ်ယောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြကာ ချင်မူ အဘယ်ကြောင့် ထိုသို့ထူးဆန်းသော အတွေးမျိုး တွေးခဲ့မှန်း နားမလည်ကြပေ။
သို့သော် ထိုက်ယီ၏ ‘ယီ’ ဟူသော သဘောတရားသည် ပုံသေမမြဲဘဲ မည်သည့်အရာမဆို၊ မည်သူမဆိုအဖြစ် ပြောင်းလဲနိုင်သည့် သဘောဆောင်၏။ သူတို့က မသိကြသော်လည်း ချင်မူက သိသဖြင့် ကောင်းကင်နတ်အရှင်လေးပါးကို ကြောက်လန့်ထွက်ပြေးသွားစေခဲ့သည့် တောင်ဝှေးအား မြင်သောအခါ ထိုက်ယီဟု ထင်မှတ်၍ စကားပြောခဲ့ခြင်းဖြစ်သည်။
အဘိုးအိုထိုက်ယီက တောင်ဝှေးကို အားပြုထားရင်း အပြုံးဖြင့် ပြော၏။ “မင်းတို့တွေ ဘိုးဘေးနန်းတော်ရဲ့ အန္တရာယ်တွေကို မြင်တွေ့ခဲ့ရပြီးပြီပဲ… မူလကျောက်တုံးကိုလည်း ရသွားကြပြီဆိုတော့… ကောင်းကင်နတ်အရှင်မူရဲ့ သစ်နက်တောင်တန်းဆီ သွားသင့်ပြီ….ကောင်းကင်နတ်အရှင်မူရဲ့ ပိုင်နက်ထဲမှာ သစ်သားတွေ အများကြီးရှိတယ်… တစ်နေရာလုံးက နတ်သစ်သားတွေနဲ့ ပြည့်နေတာ”
ရှုရှန်းဟွာနှင့် လန်ယွီတျန်းက သူ့အား အထပ်ထပ်အခါခါ ကျေးဇူးတင်ကြ၏။ ရှုရှန်းဟွာက မေးလေသည်။ “သစ်နက်တောင်တန်းဆီ ဘယ်လိုသွားရလဲဗျ”
“သစ်နက်တောင်တန်းက ဟိုးနားမှာ… ဒီအတိုင်း တည့်တည့်သာ လျှောက်သွား… သစ်နက်တောင်တန်းဆိုတဲ့အတိုင်း အင်မတန် ထူးခြားတယ် … မြင်တာနဲ့ သိလိမ့်မယ်”
အဘိုးအိုထိုက်ယီက အေးအေးလူလူ လက်ညှိုးထိုးပြသည်။ အကုန်လုံး သူ ညွှန်ပြသည့်နေရာသို့ လှမ်းကြည့်လိုက်ကြသော်လည်း မည်သည်ကိုမှ မတွေ့ရပေ။ သူတို့၏ခေါင်းများ ပြန်လှည့်လာချိန်တွင် ထိုက်ယီကား မရှိတော့။
“တကယ်ကို အံ့မခန်းလိလိ ပုဂ္ဂိုလ်ပါပဲ” ရှုရှန်းဟွာက ချီးကျူး၏။
သူတို့အားလုံး ရှေ့ဆက်လျှောက်လာကြသည်။ သူတို့မှာ ဘိုးဘေးနန်းတော်ထဲရှိ တောင်တန်းများ၊ မြစ်များ၏ ပထဝီမြေပြင်အနေအထားကို ကြည့်လေလေ၊ ပို၍ အံ့ဩမိလေလေ ဖြစ်နေကြ၏။ နောက်ဆုံးတော့ မနေနိုင်တော့ဘဲ ရပ်၍ ပထဝီအနေအထားကို လေ့လာနေကြသည်။ “ဒီနေရာက တောင်တွေမြစ်တွေရဲ့ ပထဝီအနေအထားမှာ အမိကမ္ဘာမြေရဲ့ လမ်းစဉ်နဲ့ ကျင့်စဉ်တွေ ကိန်းအောင်းနေသလိုပဲ … ကမ္ဘာဦးသစ်ပင်မှာ မဟာတာအို ၃၆ ခုရှိတယ်… အဲဒါတွေအားလုံး ဘိုးဘေးနန်းတော်မှာ ရှိနေတယ်”
လန်ယွီတျန်းမှာ ၎င်းကို သတိမထားမိ၍ ရှုရှန်းဟွာ ပြောပြသည့်အခါမှသာ သတိထားမိလေသည်။ သူတို့နှစ်ယောက်သား လေ့လာကြည့်ရှု၍ အသိဉာဏ်ချင်း ဖလှယ်နေကြရာ သူတို့၏ခြေလှမ်းများမှာ နှေးကွေးမှန်းမသိ နှေးကွေးလာတော့၏။
အခြားတစ်ဖက်တွင် ချင်မူက သစ်နက်တောင်တန်းဆီ အပြေးပြန်သွားသည်။ မဟူရာသစ်ပင်ကြီးကို မြင်လိုက်ရစဉ်မှာပဲ သူ့အရှေ့ရှိ နေရာဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါလာ၏။ သူက ရပ်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ အသိစိတ်အလျဉ် ထုတ်လွှတ်လိုက်သည်။
ဘုန်း…
သူ၏ အသိစိတ်အလျဉ် အရှေ့ရှိ နေရာဟင်းလင်းပြင်၌ ပေါက်ကွဲသွားသည့အခါ မြင်နေရသော သစ်နက်တောင်တန်းမှာ အစအနပင်မကျန် ပျောက်ကွယ်သွားသည်။ ၎င်းတို့နေရာတွင် ဧရာမဦးခေါင်းကြီးတစ်လုံး နေရာယူထား၏။ ဦးခေါင်းကြီးတွင် ရှည်လျားသော ဆံပင်များရှိပြီး သူ့ကို ကျောပေးထားသည်။
“မဟာဧကရာဇ်၊ ခင်ဗျားရဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်… ကျွန်တော့်ကို မျှားခေါ်ဖို့ ပုံရိပ်ယောင်တစ်ခု ဖန်တီးခဲ့တာပေါ့… ကျုပ်က သိနေပြီးသားပါ..”
ချင်မူက ပြုံးနေပြီး စိတ်မဝင်စားဟန်ဖြင့် ပြော၏။ “ခင်ဗျားက ဒဏ်ရာအပြင်းအထန် ရထားပေမယ့် ကျွန်တော်ကို လာရှာရဲသေးတယ်နော်… ကျွန်တော် ခင်ဗျားကိုသတ်ပစ်မှာ မကြောက်ဘူးလား”
“ဟားဟားဟား… ကောင်းကင်နတ်အရှင်မူ၊ မင်းက မင်းကိုယ်မင်း သိပ်အထင်ကြီးတာပဲ”
မဟာဧကရာဇ်၏ ဧရာမဦးခေါင်းကြီးက လှည့်လာသည်။ သူ၏မျက်နှာမှာ ဒဏ်ရာများဖြင့် ပြည့်နက်နေပြီး နဖူးတွင် အပေါက်ကြီးတစ်ပေါက် ပေါက်နေ၏။ သူက ပြုံးလျက် ပြောသည်။ “ဒီဒဏ်ရာလေးလောက်တော့ စာဖွဲ့မနေဘူး… ငါ့မှာ မူလကျောက်တုံး ရှိနေသရွေ့ အနှေးနဲ့ အမြန် သက်သာလာမှာ… ကောင်းကင်နတ်အရှင်မူ၊ ကျန်တဲ့ မူလကျောက်တုံး လေးပုံတစ်ပုံ ထုတ်ပေးရင် မင်းအသက်ကို ချမ်းသာပေးမယ်”
“ကျွန်တော် အဲဒီကျောက်တုံးကို ကောင်းကင်နတ်အရှင်ရှောင်ဆီ ပေးလိုက်ပြီးပြီ”
ချင်မူက အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြော၏။ “ပြီးတော့ ကျွန်တော့်အသက်ကို ခင်ဗျားအခြေအနေနဲ့ ချမ်းသာပေးနိုင်မယ်မထင်ဘူး… မဟာဧကရာဇ်၊ ကျွန်တော်က ကောင်းကင်နတ်အရှင်ဟောင်ကို မိုင်ပေါင်းခြောက်သိန်းအထိ လိုက်ဖမ်းခဲ့တာ… သူကတော့ ကံကောင်းစွာနဲ့ ထိုက်စုရဲ့ ကယ်တင်တာ ခံလိုက်ရတယ်လေ…ဒီနေ့တော့…”
သူသည် ဓားကျိုးကို ဖြည်းဖြည်းချင်း ဆွဲထုတ်နေရင်း မှင်သေသေ ပြောလိုက်၏။ “ခင်ဗျား အဲဒီလိုကံကောင်းလိမ့်မယ် မထင်ဘူး”