← Chapters

ကမ္ဘာဦးခေတ်၏ ပထမဆုံးဘုရင်

Vol. 100 Ch. 1315

ကမ္ဘာဦးခေတ်၏ ပထမဆုံးဘုရင်

Vol. 100 Ch. 1315

ဘုန်း

ချင်မူ၏ နဂါးဟန်ကောင်းကင်နတ်သိုင်းက မဟာဧကရာဇ်၏ ဦးခေါင်းကြီးအား အရှိန်အဟုန်ပြင်းစွာ ပြေးတိုက်လိုက်သည်။ ဦးခေါင်းကြီးမှာ ဟင်းလင်းပြင်နှင့် ၀င်ဆောင့်သွားပြီးနောက် ဘိုဘေးနန်းတော်၏ ကောင်းကင်မှ ပျောက်ကွယ်သွားတော့သည်။

ချင်မူ့ခြေထောက်အောက်ရှိ လှေလည်း လွင့်ပျယ်သွားသည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ထက်တွင် မားမားမတ်မတ် ရပ်နေပြီး သူ၏ ခေါင်းသုံးလုံးက အရပ်မျက်နှာအနှံ့သို့ ကြည့်နေ၏။ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးလည်း ပွင့်လာသည်။ သူကား မျက်လုံးသုံးလုံးဖြင့် ဟင်းလင်းပြင်ထဲရှိ လှုပ်ရှားမှုများအား မျက်ခြေမပြတ် ကြည့်နေသည်။

“မဟာဧကရာဇ်၊ ခင်ဗျား ကြောက်မနေပါဘူး ဟုတ်တယ်မလား”

သူ၏ အသံသည် အရိုးတွင် ကပ်ညိနေသည့် ပြည်တည်နာတစ်ခုအလား မဟာဧကရာဇ်၏အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး ဟင်းလင်းပြင်အလွှာများအား ဖြတ်ကာ မဟာဧကရာဇ်၏ နားထဲသို့ ပြတ်သားတိကျစွာ ဝင်ရောက်သွားသည်။ “ကမ္ဘာဦးခေတ်ရဲ့ အသန်မာဆုံးဧကရာဇ်ဖြစ်ခဲ့တဲ့ ခင်ဗျားဆိုတဲ့ဟာကြီးက ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့တို့ ပေါင်းတိုက်တာ တစ်ခါ၊ ကောင်းကင်နတ်အရှင်ရှောင်၊ နတ်အရှင်မယန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ နတ်ဧကရာဇ်လန်ရွှမ်တို့ တိုက်ခိုက်တာ တစ်ခါ ခံခဲ့ရတယ်မလား… ခင်ဗျားရဲ့ဘဝမှာ အရှုံးတွေပဲ ပြည့်နှက်နေတယ်… ပြေးနိုင်တုန်း ပြေးတော့”

မဟာဧကရာဇ်၏ ဦးခေါင်းကြီးက မျက်နှာကြီးသုန်မှုန်စွာဖြင့် ဟင်းလင်းပြင်အလွှာများအား ဖြတ်သန်းသွားလာနေသည်။ သူသည် ချင်မူ့အသံကို ကောင်းကောင်းကြားနေရသလို ချင်မူ့ပုံရိပ်ကိုလည်း ထင်ထင်ရှားရှား မြင်နေရ၏။

သူ၏ဦးခေါင်းကြီးက ပြောင်းလဲနေပြီး အသွေးအသားတို့ ပေါက်လာနေသည်။

သူ၏ကျင့်စဉ်သည် တစ်လောကလုံးတွင် အစွမ်းထက်ဆုံးသော မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ မဟုတ်ပေလော။

သူ့တွင် မူလကျောက်တုံး မရှိလျှင်တောင်မှ ရုပ်ခန္ဓာကို ပြန်ကုစားနိုင်သေးသည်။ သို့ရာတွင် အသိစိတ်အလျဉ်ကို သုံး၍ ရုပ်ခန္ဓာကို ပြန်တည်ဆောက်ရခြင်းမှာ မူလကျောက်တုံးလောက်တော့ အဖြစ်မရှိပေ။ သူ၏ဒဏ်ရာများမှာ အလွန်အမင်း ပြင်းထန်သည့်အပြင် အသိစိတ်အလျဉ်လည်း ဒဏ်ရာရထားသဖြင့် ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်လိုက်လျှင် ဒုက္ခရောက်သွားလိမ့်မည်။

“ဆက်ပြီးသာ ထွက်ပြေးနေလိုက်”

ချင်မူ့အသံက ထွက်လာပြန်သည်။ “ခင်ဗျားအတွက် ထွက်ပြေးဖို့ မခက်ခဲဘူးလေ… ပြောရရင် နှစ်တစ်သန်းလုံး ထွက်ပြေးနေခဲ့တာပဲဟာ… မိန်းမအသွင်နဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားဆောင်ထဲမှာ ပုန်းနေပြီး ပြုံးနေဖို့လောက်ပဲ သတ္တိရှိတာမလား… မဟာဧကရာဇ်၊ စကြဝဠာကို အုပ်စိုးခဲ့ ပထမဆုံးဧကရာဇ်ကြီးဆိုတဲ့ ခင်ဗျားက မိန်းမယောင်ဆောင်ပြီး ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားဆောင်မှာ ပုန်းတယ်... ကောင်းကင်နတ်ဧကရာဇ် မျက်နှာသာပေးအောင် တခြားမိဖုရားတွေနဲ့ ယှဉ်ပြိုင်ရင်း အသက်ရှင်ဖို့အတွက် ပြုံး‌ပြနေရတယ်တဲ့လား…”

မဟာဧကရာဇ်၏ မျက်နှာအမူအရာကြီးမှာ ပို၍ပင်မည်းမှောင်လာသည်။ ရုတ်တရက် သူ၏ဆံပင်များက ဟင်းလင်းပြင်အနှံ့သို့ ဖြာထွက်သွားကာ သူဦးခေါင်းကို ရပ်တန့်သွားစေ၏။

သူက ၂၉ ခုမြောက် ဟင်းလင်းပြင်အလွှာထဲတွင် ရပ်တန့်လိုက်ပြီး ဆံပင်များကို သံပခြုပ်တစ်ကောင်ကဲ့သို့ အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လျက် သူ၏ခေါင်းပြတ်ကြီးအား ပင့်မထားသည်။ သူ၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်သည် အရှိန်ပြည့် လှည့်ပတ်နေပြီး လက်ကျန်အသိစိတ်အလျဉ်က သူ၏ရုပ်ခန္ဓာကို မြင်ယောင်ဖန်ဆင်းလိုက်ချေပြီ။

ရုပ်ခန္ဓာမရှိလျှင် ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်ဝင်ရောက်ထားသော ချင်မူလို ကောင်းကင်နတ်အရှင်တစ်ပါးအား တိုက်ခိုက်နိုင်မည်မဟုတ်ဟု သူ ခံစားရသည်။ ပြီးပြည့်စုံသော ရုပ်ခန္ဓာကိုယ်အား သုံးရပေလိမ့်မည်။

နဂါးဟန်ခေတ်အစောပိုင်းတွင် ချင်မူ ကောင်းကင်နတ်အရှင်ဟူသော ဘွဲ့ရာထူးရခဲ့ခြင်းမှာ ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်ဝင်ရောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ယခင်က ချင်မူသည် ကောင်းကင်နတ်အရှင်မူ ဟူ၍ နာမည်သက်သက်သာ ရှိခဲ့သော်လည်း ယခုတွင်တော့ နာမည်သက်သက်သာ မဟုတ်တော့။ ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်ဝင်ရောက်ခဲ့ပြီး အစစ်အမှန် ကောင်းကင်နတ်အရှင်မူ ဖြစ်လာခဲ့ချေပြီ။

ထိုသို့သော ပုဂ္ဂိုလ်မျိုးကား လေးစားထိုက်သည့်အပြင် မဟာဧကရာဇ်နှင့် တိုက်ခိုက်ရန်လည်း အရည်အချင်းပြည့်မှီသည်။

အသွေးအသားတို့က မဟာဧကရာဇ်၏ လည်ပင်းအောက်မှ လူးလွန့်ထွက်လာကြပြီး မကြာမီ သူ၏ရင်ဘတ်နှင့် ခြေလက်လေးချောင်းလည်း ပေါက်လာကြသည်။

မဟာဧကရာဇ်က ဆက်လက်မြင်ယောင်ဖန်ဆင်းနေ၏။ သူ၏နောက်ဆုံးလက်ကျန် အသိစိတ်အလျဉ်ကို သုံး၍ ရုပ်ခန္ဓာအသစ်အား တည်ဆောက်နေသည်။

“ခင်ဗျားက နတ်အရှင်မချန်း ဖြစ်လာခဲ့ပြီး အောင်မြင်မှုတချို့တော့ ရခဲ့လောက်ပေမယ့် အဲဒါတွေက ခင်ဗျားရဲ့မျက်နှာ၊ ခန္ဓာကိုယ်နဲ့ အပြုံးကို ရင်းပြီး ရလာတာတွေမလား”

ချင်မူ့အသံက အလွန်တရာ မောက်မာစွာဖြင့် သူ၏စိတ်ထဲသို့ ဝင်ရောက်လာနေသည်။ “ခင်ဗျားက ခင်ဗျားတစ်ဘ၀လုံး ပုန်းနေခဲ့တယ်… ဘယ်အချိန်မှ ယောက်ျားပီပီသသ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရဲမှာလဲ… မိန်းမဖြစ်နေတာ ကြာပြီဆိုတော့ ကိုယ့်ကိုကိုယ် ယောက်ျားမှန်း မေ့သွားတာလား..”

မဟာဧကရာဇ်၏ မျက်နှာအမူအရာသည် အေးစက်နေပြီး သူ၏ခေါင်းက တဖြည်းဖြည်း ကျုံ့လာ၏။ သူက ခန္ဓာကိုယ်ကို သာမန်ဖန်ဆင်းရှင်တစ်ယောက်နှင့် သိပ်မကွဲအောင် အတတ်နိုင်ဆုံး ကြိုးစားနေလေသည်။

ချင်မူက စကားထပ်မပြောတော့ပေ။

မဟာဧကရာဇ်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ထိုအခိုက်အတန့်တွင် ချင်မူ၏အကြည့်ကို ခံစားလိုက်ရ၏။ ၎င်းက ၂၇ ခုမြောက် ဟင်းလင်းပြင်အလွှာကို ဖြတ်ကာ သူ့ကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ၏တည်နေရာအား အတိအကျ သိရှိသွားသည်။

မဟာဧကရာဇ်က မျက်လုံးမှိတ်၍ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို အသက်သွင်းနေသည်။ ချက်ချင်းဆိုသလို အလင်းရောင်မျိုးစုံသည် ၂၇ ခုမြောက် ဟင်းလင်းပြင်ထက်တွင် တောက်ပလာပြီး နတ်ဘုရား တစ်ပါးပြီးတစ်ပါးပေါ်လာကာ သူ၏ဒွာရပေါက်များတွင် ထင်ဟပ်လာကြသည်။

ဤနည်းလမ်းက ချင်မူ၏ ချိမင်နတ်ဘုရားခန္ဓာ ကောင်းကင်နတ်သိုင်းနှင့် ဆင်တူသော်လည်း ချင်မူနှင့်ယှဉ်ပါက သူက အစစ်အမှန် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ချင်မူက သူ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို သင်ယူခဲ့ပြီးနောက်မှ ဖန်ဆင်းလမ်းစဉ်နှင့် ပေါင်းစပ်၍ ချိမင်နတ်ဘုရားခန္ဓာကို ဖန်တီးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ချင်မူ၏ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်း မည်မျှပင် အစွမ်းထက်စေကာမူ သူ့အနေဖြင့် ကမ္ဘာဦးခေတ်၌ သေဆုံးသွားပြီဖြစ်သော ရှေးဟောင်းနတ်ဘုရားများအား မမြင်တွေ့နိုင်ပေ။

ချင်မူ့ခန္ဓာကိုယ်ထဲက သွေးကြောများထဲတွင် ရှေးဟောင်းနတ်ဘုရားများစွာ တည်ရှိနေသော်လည်း ရှေးဟောင်းနတ်ဘုရား ၃၆၅ ပါး၏ မဟာတာအိုသင်္ကေတများကသာ ပြီးပြည့်စုံခြင်း ဖြစ်သည်။ ကျန်ရှေးဟောင်းနတ်ဘုရားများကို သူ တစ်ခါမှ မမြင်တွေ့ဖူးချေ။

အကြောင်းမူ ထိုရှေးဟောင်းနတ်ဘုရားများသည် နဂါးဟန်ခေတ် မတိုင်မီကတည်းက သေဆုံးပျက်သုဉ်းခဲ့သောကြောင့်ပင်။

ကမ္ဘာဦးခေတ်တိုက်ပွဲတွင် သေဆုံးသွားသော ဖန်ဆင်းရှင်များစွာ ရှိသော်လည်း ရှေးဟောင်းနတ်ဘုရားများက ထက်ဝက်ကျော် သေဆုံးသွားခဲ့သည်။ ထိုအချိန်တွင် ရှေးဟောင်းနတ်ဘုရားစုစုပေါင်း တစ်ထောင့်ကိုးရာကျော်သာ ကျန်ခဲ့၏။

“ငါက မဟာဧကရာဇ်အဖြစ် လေးစားခံခဲ့ရတာ… အဲဒီလိုဖြစ်လာဖို့ ဖန်ဆင်းရှင်တွေရဲ့ ယဇ်ပူဇော်မှုကိုပဲ အားကိုးခဲ့တာ မဟုတ်ဘူး… ငါ့မှာ အသန်မာဆုံး ရုပ်ခန္ဓာ ရှိတယ်... အဲ့ဒါကလည်း ဖန်ဆင်းရှင်တွေကို အားကိုးပြီးရခဲ့တာမဟုတ်ဘူး…. ငါ့ရဲ့ဉာဏ်ပညာနဲ့ သိုင်းအခြေခံကို အားကိုးခဲ့တာပဲ”

သူက ရုတ်တရက် ဟိန်းဟောက်လိုက်ရာ သူ၏ဆံပင်များမှာ ဟင်းလင်းပြင်ထဲ၌ လူးလွန်တုန်ခါသွားတော့သည်။

မဟာဧကရာဇ်သည် ၂၇ ခုမြောက် ဟင်းလင်းပြင်အလွှာထဲတွင် ခံ့ညားထည်ဝါစွာ ရပ်နေ၏။ သူ၏ဆံပင်ရှည်များက ဖြောင့်တန်းလျက် ပခုံးမှ လျောကျနေသည်။ သူ၏ကြွက်သားတို့ကလည်း ကြောက်မက်ဖွယ်ရာ အားအင်တို့ဖြင့် ဖောင်းကြွနေ၏။

သူသည် ကမ္ဘာဦးဖန်ဆင်းရှင်မျိုးနွယ်တွင် အချောမောဆုံးလူတစ်ယောက် ဖြစ်ခဲ့သည်။ ဉာဏ်အကောင်းဆုံးလည်းဖြစ်ပြီး အသန်မာဆုံးလည်း ဖြစ်သည်။ ပိုယန်၏ ကံကြမ္မာ အပြောင်းအလဲများ၊ ကုန်းယွင်၏ အလှအပနှင့် ရှုကျွင်း၏ သူရဲကောင်းဆန်မှုတို့မှာ သူ့အရှေ့တွင် လုံးလုံးလျားလျား အသုံးမဝင်ပေ။

သူက သူ၏ယောကျာ်းဆန်မှု၊ သူ၏ခွန်အားနှင့် သူ၏ဉာဏ်ပညာတို့ကို အသုံးပြုကာ ကမ္ဘာဦးခေတ်၏ ဖန်ဆင်းရှင်များအပေါ် အုပ်စိုးခဲ့သည်။ နတ်ဘုရင်သုံးပါးကို အညံ့ခံစေခဲ့၍ ရှေးဟောင်းနတ်ဘုရားများအား သူ့ကို ကိုးကွယ်စေကာ မဟာဧကရာဇ် ဖြစ်လာခဲ့၏။

ကမ္ဘာဦးခေတ် ကုန်ဆုံးသွားသည့်အချိန်၊ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏အရှေ့တွင် ရှုံးနိမ့်ခဲ့သည့်အချိန်မှစ၍ သူကား သူ၏ဉာဏ်ပညာနှင့် ခွန်အားကို အပြည့်အဝ ထုတ်မသုံးတော့ပေ။ တဟုန်၊ မင်ဖန်းယွီနှင့် နတ်အရှင်မချန်းတို့အဖြစ် ပြောင်းလဲလျက် သူ၏ခွန်အား၊ ဉာဏ်အားတို့အား ဖြန့်ကျက်ထားခဲ့ကာ လှည့်ကွက်များ၊ ဉာဏ်နီဉာဏ်နက်များ သုံး၍ အာဏာရအောင် ကြိုးစားခဲ့၏။

ယခုတွင် မဟာဧကရာဇ်ကား ဖန်ဆင်းရှင်တစ်ယောက်၏ ကျက်သရေ၊ ယောက်ျားတစ်ယောက်၏ မာန်မာနဖြင့် ကောင်စုတ်လေး ချင်မူကို တိုက်ခိုက်‌ပေတော့မည်။

သူက ချင်မူ ရောက်လာမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

ဝှစ်….

ပရမတ္တလှေက ဟင်းလင်းပြင်ကို ဖြတ်၍ သူ့အရှေ့တွင် ပေါ်လာ၏။ ချင်မူသည် အဝတ်များ လွင့်ခါလျက် လှေထိပ်တွင် ရပ်နေသည်။ လှေရပ်သွားမှသာ သူ၏အဝတ်များလည်း ငြိမ်ကျသွား၏။

“ကောင်းကင်နတ်အရှင်မူ” မဟာဧကရာဇ်က ခပ်ဩဩ ပြောသည်။

ချင်မူက အနည်းငယ် ဦးညွှတ်လိုက်၏။ “မဟာဧကရာဇ်”

“ကျေးဇူးပြုပြီး”

“ကျေးဇူးပြုပြီး”

မဟာဧကရာဇ်က အော်ဟစ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ တစ်ထောင့်ကိုးရာကျော်သော ရှေးဟောင်းနတ်ဘုရားများသည် စွမ်းအားများ တစ်ပြိုင်နက် စုစည်းလိုက်ကြ၏။ ၎င်းတို့က သူ့ခန္ဓာကိုယ်ကို မြောလွင့်လျက် ဖြတ်ခနဲ ပျောက်ကွယ်သွားစေသဖြင့် ဟင်းလင်းပြင်အလွှာ ၂၇ လွှာမှာ အက်ကွဲသွားလေသည်။

နောက်တခဏတွင် သူက ချင်မူ့အရှေ့တွင် ပေါ်လာသည်။ ကမ္ဘာဦးခေတ်၏ အုပ်ချုပ်သူ၊ တစ်ပါးတည်းသော ဧကရာဇ်။ သူ၏ပြင်းထန်သော အရှိန်အဝါကား လက်သီးတစ်ချက်တည်းတွင် ကိန်းအောင်းလိုက်ပါသည်။

သူက လက်သီးဖြင်း ထိုးလိုက်၏။

ဘုန်း….

လက်သီးနှစ်လုံး ဝင်တိုက်သွားပြီး လူရိပ်ကြီးနှစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက် ကွဲကွာ၍ နောက်သို့လန်ကျသွားသည်။ သူတို့က ဟင်းလင်းပြင်အပေါ် ဖိချလိုက်ကာ လျှပ်စီးမိုးကြိုးများ ထတောက်သွား‌စေ၏။

လျှပ်စီးထဲတွင် သွေးစက်များ ပါနေပြီး သူတို့၏အရေပြားမှ ပန်းထွက်လာ‌သော သွေးများပင် ဖြစ်သည်။

“အဆုံးသတ်မြို့ပျက် မူလချီ၏ ဖွားမြင်မှု”

ချင်မူက ဒေါသတကြီး အော်ဟစ်လိုက်ကာ ခန္ဓာကိုယ်ကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက အလင်းတန်းတစ်တန်းအလား ပြေးထွက်လိုက်သည့်အခါ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က သူ့ခြေထောက်အောက်တွင် ဖွဲ့တည်လာလေသည်။ မူလချီသည် ချောက်နက်ကြီးနှင့် ဆက်သွယ်သွားပြီး အမြစ်နှစ်လက်ဖြင့် အမြွှာကြာပွင့်က ချောက်နက်ထဲတွင် ပေါ်ထွက်လာ၏။ ထိုအခါ ချင်မူ့ခေါင်းထက်၌ လွင့်မျောနေသော မူလချီက ဦးစိုက်ကျွမ်းပြန်အနေအထား ရှိသည့် ကြာပန်းတစ်ပွင့်အသွင်သဏ္ဍာန် ပြောင်းသွားသည်။ ချင်မူ့ခန္ဓာကိုယ်ကလည်း ဂျင်ကဲ့သို့ လျင်မြန်စွာ လည်သွားပြီး လက်ခြောက်ဖက်က လက်သီးချက်များ တရစပ် ထိုးသွင်းလိုက်လေသည်။

မဟာဧကရာဇ်က ဟိန်းဟောက်လျက် သူ့ထံ ပြေးဝင်လာသည်။ “အဆုံးသတ်မြို့ပျက် အသူရာချောက်နက်လောက်က ငါ့ရဲ့လက်သီးတစ်ချက်ကိုတောင် မခံနိုင်ဘူးကွ”

All Chapters