နဂါးဟန်ခေတ် ကောင်းကင်နတ်သိုင်း
Vol. 100 Ch. 1314
မဟာဧကရာဇ်၏ဦးခေါင်းကြီးမှာ ဧရာမတောင်ကြီးပမာ ကြီးမားလှသဖြင့် ချင်မူအား သစ်နက်တောင်တန်းဟုပင် ထင်မှတ်မှားစေခဲ့သည်။ မှန်ပါသည်။ ထိုသို့ခံစားရခြင်းမှာ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် သူ၏ အတွေးများနှင့် အသိစိတ်အလျဉ်ကို နှောင့်ယှက်ကာ ပုံရိပ်ယောင်များ ဖန်တီးပေးနေသောကြောင့် ဖြစ်သည်။
မဟာဧကရာဇ်သည် အသိစိတ်အလျဉ်ပုံရိပ်ယောင်နယ်ပယ်တွင် နာမည်မကြီးပေ။ ထိုနယ်ပယ်၌ သူ့အောင်မြင်မှုများမှာ ကောင်းကင်နတ်အရှင်ကုန်းထက် များစွာ နိမ့်ကျ၏။ ချင်မူ အနားရောက်လာသည့်အခါ သူ၏ အသိစိတ်အလျဉ်မှာ လှိုင်းထသွားပြီး ဟင်းလင်းပြင်ကို တုန်ခါစေခဲ့သည်။ ယင်းကြောင့် ချင်မူ သူ့ကို မြင်သွားခဲ့ခြင်းပင်။
“ကောင်းကင်နတ်အရှင်မူ၊ မင်းက ဘဝင်မြင့်သထက် ဘဝင်မြင့်လာတာပဲ”
မဟာဧကရာဇ်၏ ဆံပင်ရှည်များမှာ ပုံကျနေသည်။ သူ၏ဆံပင်များသည် သဘာဝအတိုင်း ကောက်နေပြီး ရှည်လျား၏။ သူ့မှာ ဒေါသထွက်နေသဖြင့် ဆံပင်ကောက်များက လေထဲတွင် ပျံဝဲနေတော့သည်။ “ငါ့ရဲ့ ကုဋေပေါင်းများစွာရှိတဲ့ သက်တမ်းတလျှောက်မှာ မင်းက နွေဦးကနေ ဆောင်းအထိသာ ခုန်နိုင်တဲ့ နှံကောင်တစ်ကောင်ပဲ…” သူက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။
သူ့စကားမဆုံးခင်မှာပင် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်က ပေါ်ထွက်လာတော့သည်။
ကောင်းကင်ရတနာနယ်ပယ်၏ စွမ်းအင်သည်လည်း ပျံ့နှံ့ဖြာဆင်းလာသည်။ မဟာဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဆံပင်ကောက်များက ဧရာမမြွေကြီးများအလား လှုပ်ရွနေကြသည်။ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ် အဆုံးအစွန်အထိ ပြန့်ကားလာလျှင်တောင်မှ သူ၏ဦးခေါင်းကို ဖုံးမိရုံသာ ရှိလိမ့်မည်။
မဟာဧကရာဇ်၏ ဦးခေါင်းကြီးသည် ချင်မူ ကောင်းကင်ရတနာနယ်ပယ်၏ ထက်ဝက်ခန့်တွင် နေရာယူထား၏။ သူ၏ ဧရာမဦးခေါင်းကြီးအရှေ့တွင် ချင်မူ၏ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံတို့မှာ မြောလွင့်နေသော်လည်း မယှဥ်နိုင်ဖြစ်နေသည်။ သူ့အရှေ့တွင် ဝဲပျံနေကြသော မြို့သေးသေးလေးများ အလားပင်။
ချင်မူ၏ ခန္ဓာကိုယ်ဆိုလျှင် ဆိုဖွယ်ပင် မရှိချေ။
မဟာဧကရာဇ်၏ မျက်နှာအထက်တွင် အကျည်းတန်အပြုံးကြီး ဖြစ်ထွန်းလာကာ သူက ကောင်းကင်နယ်ပယ်ထဲရှိ ရှေးဟောင်းနတ်ဘုရားတို့၏ အသွင်သဏ္ဍာန်များဆီ ကြည့်လိုက်သည်။ “ဒါက မင်းရဲ့ နယ်ပယ်ပေါ့လေ… မဆိုးပါဘူး… ဒါပေမဲ့ အဲ့ဒါကို တီထွင်ဖန်တီးခဲ့တဲ့သူက ငါကွ.. ရှေးခေတ်ကနေ အခုအထိ သိုင်းပညာရှင်ပေါင်းများစွာထဲမှာ ငါက ပထမဦးဆုံးနယ်ပယ်ကို ဖန်တီးခဲ့တဲ့သူပဲ… ငါက ရှေ့ဆောင်ဖန်တီးတဲ့သူကွ”
“ခင်ဗျား ကျွန်တော့်အရှေ့မှာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ထုတ်သုံးရဲလို့လား”
ချင်မူက တဟားဟား ရယ်လျက် ကောင်းကင်သို့ ပျံတက်သွားသည်။ သူ့လက်ထဲရှိ ဓားကျိုးသည် ဓားအကောင်းတစ်လက် ဖြစ်လာပြီး ဓားရောင်တို့က တဖျတ်ဖျတ် လက်လျက် မဟာဧကရာဇ်ကို ထိုးချလိုက်၏။
သူကား ဓားလမ်းစဉ်နယ်ပယ်ကို အသုံးပြုခဲ့ချေပြီ။
ဓားလမ်းစဉ်နယ်ပယ်သည် သူ၏ ကောင်းကင်ရတနာများအတွင်းရှိ နယ်ပယ်များအနက်မှ တစ်ခုဖြစ်၏။ ဤအခိုက်အတန့်တွင် ဓားနယ်ပယ် ထွက်ပေါ်လာသည့်အခါ ၎င်းဓားနယ်ပယ်ထဲရှိ နတ်ဘုရားများက မှော်စွမ်းအင်နှင့် တာအိုသိုင်းကွက်များ ထုတ်လွှတ်လိုက်သည်။ ရွှမ်တုမဟာတာအို၊ ယိုတုမဟာတာအိုနှင့် ယွမ်တုမဟာတာအိုတို့အပြင် ရှေးဟောင်းနတ်မင်းလေးပါး၊ ကောင်းကင်ယင်ကမ္ဘာ၊ အဆုံးသတ်မြို့ပျက်နှင့် အစရှိသော အခြားရှေးဟောင်းနတ်ဘုရားများကြောင့် သူ့ဓား၏ စွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
မဟာဧကရာဇ်က ကျဆင်းလာနေသော ဓားရောင်ကို မမှိတ်မသုန် လှမ်းကြည့်နေသည်။ သူ့အနေဖြင့် အမှန်တကယ်ပင် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနယ်ပယ်ကို ထုတ်မသုံးရဲပေ။ ထုတ်သုံးလိုက်ပါက သေရလိမ့်မည်။
ချင်မူသည် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို နားလည်တတ်မြောက်ထားပြီး ဖြစ်သည်။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ထုတ်သုံးလိုက်ပါက ချင်မူ၏ နယ်ပယ်သည် သူ့ကို သတ်၍ သေသည်အထိ ချုပ်နှောင်ထားနိုင်သော လက်နက်တစ်ခု ဖြစ်သွားလိမ့်မည်။
သို့သော် သူသည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတစ်ခုတည်းကိုသာ သိထားခြင်း မဟုတ်ပေ။
သူ၏ အခြားခန္ဓာကိုယ်၊ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည့် နတ်အရှင်မချန်းက အသိစိတ်အလျဉ်ကို မကျင့်ကြံခဲ့ပေ။
ကောင်းကင်နတ်အရှင်ယွင်၊ လင်နှင့် ယွဲ့တို့ သူ့ကို မဟာလေဟာနယ်ထဲတွင် သတ်နိုင်ခဲ့ကတည်းက သူ၏အသိစိတ်အလျဉ်တွင် အားနည်းချက်ကြီး ရှိနေမှန်း သူ နားလည်ခဲ့သည်။ ထို့ကြောင့် နတ်အရှင်မချန်းအဖြစ် အသွင်ပြောင်းခဲ့ခြင်း ဖြစ်၏။ သူ လျှောက်လှမ်းခဲ့သည့် လမ်းစဉ်မှာ အသိစိတ်အလျဥ်လမ်းစဉ်ဟောင်း မဟုတ်ပေ။
အမှန်ပြောရလျှင် သူ၏လမ်းစဉ်မှာ အခြားကောင်းကင်နတ်အရှင်များ၏ လမ်းစဉ်နှင့် တူညီ၏။ သူက နတ်အရှင်မချန်းအနေဖြင့် တစ်လောကလုံးရှိ ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်များကို စုစည်းလျက် ချီစွမ်းအင်အပေါ် အဓိကအာရုံစိုက်၍ ကျင့်ကြံခဲ့သည်။ မွေးရာပါချီကိုလည်း လေ့လာကာ အောင်မြင်မှုများ ရရှိခဲ့သည်။
ဤလမ်းစဉ်တွင် သူကား တစ်လောကလုံးတွင် အောင်မြင်မှုအမြင့်ဆုံးဖြစ်သည့် ပုဂ္ဂိုလ်ဆယ်ယောက်ထဲတွင် ပါဝင်နေပြီးဖြစ်သည်။
သူ၏ဆံရှည်များက လေထဲတွင် ဧရာမနဂါးကြီးများသဖွယ် လူးလွန့်နေရင်း ချင်မူ၏ ဓားနယ်ပယ်နှင့် ရင်ဆိုင်၏။ ဓားနယ်ပယ်မှာ ချက်ချင်း ပေါက်ကွဲသွားပြီး သတ္တုချင်း ရိုက်ခတ်သွားသံတို့က တချွင်ချွင် ပျံ့လွင့်လာကြသည်။
ဆံပင်ရှည်များမှာ ချင်မူ့ဓားနယ်ပယ်ကြောင့် ပြတ်သွားပြီး သူ၏ဦးခေါင်းထက်မှ ကျဆင်းသွားကြ၏။
ကျသွားသည့် ဆံပင်ရှည်များက လိမ်ကောက်သွားပြီး ချင်မူ့ဆီ အစွယ်ဖြဲလျက် ပြေးဝင်သွားကြသော အံ့မခန်းလိလိ နဂါးနက်ကြီးများ အသွင်ပြောင်းသွားကြသည်။
မဟာဧကရာဇ်၏ ဆံပင်ရှည်များက နဂါးများကဲ့သို့ လေထဲတွင် ကခုန်နေကြပြန်၏။ ၎င်းတို့က နှိုင်းယှဉ်မရလောက်အောင် ချွန်ထက်နေပြီး ချင်မူ၏ ဓားနယ်ပယ်ကို ထိပ်တိုက်ရင်ဆိုင်ကာ ခံစစ်မှပင် တိုက်စစ်အဖြစ်သို့ ပြောင်းလဲနေသည်။ ဆံပင်စများက တစ်လောကလုံးတွင် အထက်ဆုံးဓား၊ စွမ်းအားအကြီးဆုံးနဂါး၊ အချွန်ဆုံးလှံများကဲ့သို့ ချင်မူ၏ ဓားနယ်ပယ်ကို ထိုးဖောက်ကာ တိုက်ခိုက်နေကြ၏။
ချင်မူက ဓားကို လက်တစ်ဖက်တွင် ကိုင်ထားပြီး ကျန်လက်တစ်ဖက်က သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဖိလိုက်သည်။ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး ပွင့်သွားသည့်အခါ နဂါးနက်များသည် ချက်ချင်း ဆံပင်များ ပြန်ဖြစ်၍ ကောင်းကင်မှ ကျဆင်းသွားကြသည်။
“မပြောင်းလဲတဲ့ဒြပ်ထု ကောင်းကင်နတ်သိုင်းလား...”
မဟာဧကရာဇ်မှာ မျက်မှောင်ကြုတ်သွား၏။ ချင်မူ အသက်သွင်းလိုက်သည့် ကောင်းကင်နတ်သိုင်းမှာ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းဖြစ်သည့်အလျောက် သူ၏ဆံပင်များကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေသည်။
‘ငါ ဒီကောင်စုတ်လေးအရှေ့မှာ ဘယ်လို အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းကိုမှ သုံးမရတာလား’
ချင်မူ၏ဓားရောင်က သူ့အရှေ့သို့ ရောက်လာပြီး သူ၏ဆံပင်ရှည်များကို ဖြတ်တောက်ပစ်လိုက်ပြန်သည်။ ၎င်းက သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်ပေတော့မည်။
“ငါ မင်းအတွက် လေကုန်ခံပြီး စကားပြောမနေတော့ဘူး”
မဟာဧကရာဇ်က ရုတ်တရက် ပါးစပ်ဟကာ ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ် အသံလှိုင်းက နေရာဟင်းလင်းပြင်အား အက်ကွဲသွားစေပြီး ချင်မူ၏ ဓားနယ်ပယ်မှာလည်း ချက်ချင်း ကြေမွသွားတော့သည်။
ဓားနယ်ပယ်သာ ကြေမွသွားခြင်း မဟုတ်ပေ။ ရွှမ်တု၊ ယိုတုနှင့် ယွမ်တုတို့လည်း ပျက်စီးသွားသည်။
ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲရှိ နတ်ဘုရားများမှာလည်း တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြ၏။ ကြယ်တာရာကောင်းကင်မှာ ပျက်စီးသွားပြီး မြေပြင်မှာ အငွေ့ပျံကာ ရေ၊ လေ၊ မီးတို့ တဟုန်းဟုန်း ထတောက်လာကြသည်။ ကမ္ဘာပျက်သုဥ်းသည့် နိမိတ်အလားပင်။
ချင်မူက ဤအံ့မခန်းလိလိ စွမ်းအားကြီးကို ခုခံနေရင်း ပြုံးလိုက်သည်။ သူ့လက်ထဲရှိ ဓားရောင်က ရုတ်တရက် လွင့်ပျောက်သွားပြီး သူ့ရုပ်ခန္ဓာက အရှိန်အဟုန်ပြင်းစွာ ကြီးထွားလာ၏။
သူ၏ရုပ်ခန္ဓာမှာ ကောင်းကင်နှင့် မြေကြီးကို ပြိုကျစေတော့မည့် ဘီလူးကြီးတစ်ကောင်အလားပင်။ သူ၏မူလဝိညာဉ်နှင့် ခန္ဓာကိုယ်ကလည်း တစ်သားတည်းကျနေသည်။ သူက မဟာဧကရာဇ်၏ ဟိန်းဟောက်သံကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
သူ့ခန္ဓာကိုယ်ပေါ်တွင် ကြွက်သားတို့က အမျိုးမျိုးသော သင်္ကေတများ အသွင်သဏ္ဍာန် ဖွဲ့နေသည်။ ဧရာမခေါင်းလောင်းကြီးက သူ၏ဦးခေါင်းအထက်တွင် မြောလွင့်နေ၏။ ခေါင်းလောင်းသံ တုန်ခါသွားသည့်အခါ ဖန်ဆင်းခြင်းစွမ်းအားက အံ့မခန်းလိလိ ထွက်ပေါ်လာသည်။ ၎င်းက အက်ကွဲသွားသည့် ကောင်းကင်ရတနာနယ်ပယ်ကို ချက်ချင်း ပြန်လည်တည်ဆောက်ပေးလိုက်ပြီး နတ်ဘုရားများမှာလည်း အသီးသီး ပြန်လည်အသက်ဝင်လာကြ၏။
၁၅ ဘုံမြောက် ကောင်းကင်ဘုံ၊ ဖန်ဆင်းခြင်းစွမ်းအား ထွက်ပေါ်လာချေပြီ။
သူ၏ကောင်းကင်ရတနာနယ်ပယ်တစ်ခုလုံးက ချက်ချင်း ကျုံ့၀င်သွားပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။ နတ်ဘုရား အရွယ်အစားမျိုးစုံက သူ၏သွေးကြောများထဲတွင် ရပ်နေကြ၏။
၁၈ ဘုံမြောက် ကောင်းကင်ဘုံ၊ ချိမင်ဧကရာဇ်၏ သေဆုံးမှု။
ချိမင်ခေတ်သည် ချိဧကရာဇ်ခေတ်နှင့် မင်ဧကရာဇ်ခေတ်ဟူ၍ နှစ်ပိုင်းရှိ၏။ ဧကရာဇ်တစ်ပါးသည် အသန်မာဆုံး မူလဝိညာဉ်ကျင့်စဉ်အား ဖန်တီးခဲ့ပြီး ကျန်တစ်ယောက်ကတော့ အသန်မာဆုံး ရုပ်ခန္ဓာအား ဖန်တီးခဲ့သည်။
ယခုအခိုက်အတန့်တွင် ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့၏ ကျင့်စဉ်များမှာ သူ၏ခန္ဓာကိုယ်ပေါ်တွင် အပြည့်အဝ ပေါ်လွင်လာသည်။
ချင်မူ၏ရုပ်ခန္ဓာသည် ကြီးမားလှသောကြောင့် မဟာဧကရာဇ်၏ ဦးခေါင်းရှေ့၌ ရပ်နေသည့်အခါ သေးငယ်မနေတော့ပေ။ လက်မောင်းအပိုကြီးများက ချင်မူ၏ ချိုင်းအောက်မှ ထိုးထွက်လာကြသည်။
သူ၏ခန္ဓာကိုယ်ကား ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အဖြစ် ပြောင်းလဲသွားချေပြီ။
ဝုန်း… ဝုန်း… ဝုန်း
တခဏအတွင်း မရေမတွက်နိုင်သော လက်သီးချက်များက မဟာဧကရာဇ်၏ မျက်နှာနှင့် မိတ်ဆက်သွားကြပြီး သူ၏ဧရာမခေါင်းကြီးကို လွင့်ထွက်သွားစေသည်။
မဟာဧကရာဇ်၏ ဦးခေါင်းကြီးမှာ အဆက်မပြတ် ရိုက်နှက်ခံနေရသောကြောင့် တဆတ်ဆတ် တုန်နေသည်။ ရုတ်တရက် ချင်မူ၏ ခြေထောက်က ရပ်တန့်သွားပြီး နတ်လှေတစ်စင်းသည် သူ၏ခြေထောက်အောက်တွင် ဖွဲ့တည်လာ၏။ ၎င်းက ကောင်းကင်ကို ဖြတ်လျက် မဟာဧကရာဇ်အနောက်မှ လိုက်သွားသည်။
တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးသည့် နတ်လှေသမ္ဗန်။
လှေထိပ်ရှိ ချင်မူ့အနောက်တွင် ကောင်းကင်နန်းဆောင်များ ရှုပ်ထွေးစွာ ဖွဲ့တည်နေသည်။ ထို့နောက် ကောင်းကင်နန်းဆောင်များသည် တခဏအတွင်း အစီအစဉ်တကျ ပေါင်းစည်း၍ ကျောက်စိမ်းရောင်၊ ရွှေရောင်တို့ဖြင့် ထည်ဝါနေသော ကောင်းကင်နတ်ဘုံတစ်ဘုံအဖြစ် ပြောင်းလဲသွားသည်။
ချင်မူ၏ ချီနှင့်သွေးက ချက်ချင်း အမြင့်ဆုံးအထိ တိုးတက်သွားသည်။ သွေးရောင်က ကောင်းကင်တစ်ဝက်ကိုပင် လွှမ်းခြုံလျက် သွေးချင်းနီနေစေသည်။
မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားတို့၏ အရိပ်များက ကောင်းကင်ထက်တွင် ပေါ်လာပြီး သတ်ဖြတ်တိုက်ခိုက်နေကြ၏။ ၎င်းမှာ နဂါးဟန်ခေတ်၏ သူရဲကောင်းများအကြားရှိ တိုက်ပွဲပမာ လောကကို အုပ်ချုပ်နိုင်ရန်အတွက် ရုန်းကန်ခဲ့ရမှုတို့ကို ဖော်ကျူးပြသနေသည်။
မဟာဧကရာဇ်က သွေးရောင်လွှမ်းနေသော ကောင်းကင်သို့ ကြည့်လိုက်ပြီး ချင်မူ၏ ကောင်းကင်နတ်ဘုံမှာ သုံးခုကွဲသွားကြောင်း တွေ့လိုက်ရသည်။ နဂါးဟန်ခေတ်မှ ကောင်းကင်နတ်ဘုံသုံးဘုံ၏ အခြေအနေက ပြန်လည်အသက်ဝင်လာချေသည်။ (ကောင်းကင်နတ်ဘုံသုံးဘုံ _ နဂါးဟန်၊ ကောင်းကင်ဟန်၊ ကောင်းကင်နဂါး)
“ဒါက ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းပဲ… သူက ဒီအခြေအနေထိတောင် တိုးတက်လာတာလား”
မဟာဧကရာဇ်မှာ တုန်လှုပ်သွားမိသည်။ ချင်မူ၏ တိုက်ကွက်မှာ လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်း၏ ၁၇ ဘုံမြောက် ကောင်းကင်ဘုံ ဖြစ်သည်။ ဤကောင်းကင်နတ်သိုင်း၏ အသတ်အဖြတ်စိတ်ဆန္ဒက ကောင်းကင်တစ်လျှောက် ပြည့်နက်နေသည်။
၎င်းသည် နဂါးဟန်ခေတ်၏ အာဏာလုပွဲအား သိုင်းကွက်ပမာ ဖန်ဆင်းထားသယောင် ထင်ရသည်။ နဂါးဟန်၊ ကောင်းကင်နဂါးနှင့် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံတို့သည် ကောင်းကင်နတ်ဘုံ၏ ဘုရင်နေရာအတွက် တိုက်ခိုက်နေကြပြီး အမျိုးမျိုးသော လှည့်ကွက်များ၊ အကောက်ကြံမှုများက တိုက်ကွက်တစ်ကွက်တည်းအဖြစ် ပေါင်းစည်းသွားသည်။
ထိုခေတ်ကား ခမ်းနားသည့်အပြင် ကြေကွဲဖွယ်လည်း ကောင်း၏။ လောကကြီးအတွက် လမ်းဖောက်သင်ပြပေးခဲ့သော ကောင်းကင်နတ်အရှင်ကိုးပါး ရှိခဲ့သော်လည်း ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကာ အာဏာကို ချုပ်ကိုင်လျက် သက်ရှိသတ္တဝါတို့အား ဆော့ကစားခဲ့သည်။ မြေအောက်ဘုံအရှင်သခင် အားချိုအဖြစ် လူဝင်စားခြင်း၊ ယိုတုကို ဆွဲယူလျက် ကောင်းကင်နတ်ဘုံအား တိုက်ခိုက်ခဲ့ခြင်း၊ ယွင်၊ လင်နှင့် ယွဲ့တို့ မဟာဧကရာဇ်ကို ခေါင်းဖြတ်ခဲ့ခြင်း၊ ကောင်းကင်နတ်အရှင်များ ကောင်းကင်နတ်ဧကရာဇ်ကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်ခဲ့ကြခြင်း၊ ကောင်းကင်နတ်အရှင်ဟောင် အိမ်ရှေစံမင်းသားဝူကျိအပေါ် အကောက်ကြံခဲ့ခြင်း၊ ကောင်းကင်နတ်ဧကရီ အဆုံးသတ်မြို့ပျက်ထဲတွင် ကြွေလွင့်ခဲ့ခြင်း၊ ကောင်းကင်နတ်အရှင်လင် ယွီလင်နန်းစောင့်တပ်ဖွဲ့နှင့် တစ္ဆေသင်္ဘောအား နှင်ထုတ်ခဲ့ခြင်း၊ နဂါးဟန်က ကောင်းကင်နဂါးနှင့် ကောင်းကင်ဟန်တို့အား ဝါးမြိုနိုင်သွားခဲ့ခြင်းတို့ ... ဖြစ်ပေါ်ခဲ့သည်။
မဟာဧကရာဇ်သည် ထိုခေတ်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးသူ တစ်ဦးဖြစ်၏။ ချင်မူ၏တိုက်ကွက်သည် သူကိုယ်တိုင် ထိုခေတ်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။ ထိုခေတ်သည်ကား ကမ္ဘာဦးနယ်မြေများအား အုပ်စိုးမင်းမူနေခဲ့သော ကမ္ဘာဦးရှေးဟောင်းနတ်ဘုရားကြီးများကိုပင် ပျက်သုဉ်းစေခဲ့သော ခေတ်တစ်ခေတ်ပင် မဟုတ်ပေလော။