မင်ရတနာသင်္ဘော
Vol. 4 Ch. 47
နတ်တစ္ဆေဘုံတွင် မကြာခဏ မှန်းဆမရသော စွမ်းအားများ ရှိသော်လည်း ၎င်းတို့ကို မှော်စွမ်းအင်နှင့် အားနည်းချက်ဟူ၍ ပိုင်းခြားထားသည်။ အချို့သော နတ်တစ္ဆေများဘုံသည် ရွှေအမြုတေနယ်ပယ်ကို ဖယ်ကျဥ်တတ်သော အခြေတည်ဝိညာဥ်နယ်ပယ် (ယွမ်ယင်းနယ်ပယ်)က သူများကိုတော့ မဖယ်ထုတ်နိုင်ပေ။
နတ်တစ္ဆေဘုံ တချို့ဟာ အဆင့်မြင့် သခင်ကြီးများ ဝင်ရောက်လာပါက ဖယ်ကျဥ်ခံရမှာပဲ ဖြစ်သည်။
လီကျင်းသို့သည် နတ်ပြောင်းလဲခြင်းနယ်ပယ်က လူတစ်ယောက် ဖြစ်ပြီး နတ်ဝိညာဥ်ပုံစံကိုလည်း ရထား၏။ သို့သော် မမျှော်လင့်ဘဲ သူသည် မထင်ရှားသော မီးဖိုစက်တွင် လှေမှောက်သွားခဲ့သည်။
သူသည် အလွန်စိုးရိမ်ပြီး ချန်ရှီတို့နှစ်ဦးအား ထပ်ခါတလဲလဲ အော်ပြောသော်လည်း ကြွေရုပ် ဖြစ်ပြီးနောက်တွင် သူ၏ အသံကြိုးများသည် အသွေးအသား မဟုတ်တော့ဘဲ ကြွေထည်များဖြစ်သွားတာကြောင့် သူ့အသံဟာ အပြင်လူနားမလည်နိုင်သော ငှက်သီချင်းများနှင့် ဆင်တူနေသည်။
ဒါကို မြင်တော့ ချန်ရှီစိတ်က အနည်းငယ် လှုပ်ရှားသွားပြီး စာအုပ်သေတ္တာထဲက စုတ်တံနဲ့ စာရွက်ကို ထုတ်ပြီး လီကျင်းသို့ထံ ကမ်းပေးလိုက်သည်။ ကြွေရုပ်အသွင် ပြောင်းထားသော လီကျင်းသို့မှာ စုတ်တံထက် အနည်းငယ်သာ မြင့်၏။ စာရွက်ပေါ်တွင် စာရေးရန် စုတ်တံကို ကိုင်လိုက်မှသာ သူတို့နှစ်ဦးလည်း သူဘာကိုဆိုလိုသလံ နားလည်သွားကြသည်။
လီထျန်းချင်: "ရှောင်ရှီ... ငါ့အဖိုးက နတ်တစ္ဆေဘုံဆီက ဖယ်ကျဥ်ခံလိုက်ရပြီ...သူ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ပြန်လည် ထူထောင်ဖို့ဆို အချိန်တစ်ခုယူရလိမ့်မယ်....အချိန် နှောင့်နှေးလေလေ ခန္ဓာကိုယ်အစစ် ပြန်ရဖို့ ဝေးကွာလာလေပဲ... ရွာကို မြန်မြန်ပြန်ရအောင်”
ချန်ရှီ၏ မျက်လုံးများက တောက်ပနေကာ ခပ်သွတ်သွတ်လေး ပြန်ဖြေလိုက်၏။
"မင်း ပိုက်ဆံနည်းနည်းလောက် ပေးချင်နေသ၍တော့ မင်းအဘိုး သူ့ရဲ့ပုံစံအစစ်ကို ပြန်ရအောင် ငါကူညီနိုင်တယ်..."
လီထျန်းချင် တုံ့ဆိုင်းသွားပြီး သူ့အဘိုးကို မေးလိုက်သည်။ လီကျင်းသို့က စာဆက်ရေးနေကာ လီထျန်းချင်လည်း တုန်လှုပ်သွား၏။
"ငါ့အဘိုးက မင်းကို မယုံဘူး"
လီကျင်းသို့ မျက်နှာထားကြီးလည်း မည်းမှောင်သွားသည်။
'ထျန်းချင်က ထက်မြက်ပေမယ့် သူ့အကြောင်း မကောင်းတာ တစ်ခုတော့ ပြောရဦးမယ်... ဘာပဲဖြစ်ဖြစ် အမှန်တိုင်း ပြောတာက မကောင်းဘူးကွ!'
ချန်ရှီလည်း သူတို့နှစ်ယောက်ကို တောင်ပေါ်ကနေ ပြန်ပို့ဆောင်ရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။
"မီးဖိုထဲမှာ လူကြီးမင်းလီ ဘာဖြစ်သွားတာလဲ"
လီကျင်းသို့ အသွင်ပြောင်းထားသော ကြွေရုပ်သည် သူ့စာအုပ်သေတ္တာထဲတွင် ပုန်းနေသည်။ အပြင်ကို ကြည့်ကာ ချန်ရှီစကားကို ကြားတော့ စာအုပ်ပုံးထဲတွင် စာရေးကာ ပုံဆွဲကာ ခဏအကြာတွင် စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ စာရွက်ပေါ်တွင် မြေအိုးများ၏ မူလအစနှင့် မီးဖိုလုပ်သားများနဲ့တူတဲ့ စကားလုံးများကို ရေးထားသည်။
ချန်ရှီ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ လီကျင်းသို့သည် နတ်တစ္ဆေဘုံ၏ မူလဇစ်မြစ်ကို ရှာဖွေရန် မီးဖိုသို့ သွားခဲ့တာကနေ သူ့ကို မီးဖိုလုပ်သားများက ရှာတွေ့သွားခဲ့သည်။ သူ့စာတွေကို ကြည့်လိုက်တော့ မီးဖိုလုပ်သားက သူ့ကို ဖမ်းမိပြီး ဂူထဲ ပစ်ချလိုက်ပေမယ့် လွတ်မြောင်လာခဲ့သည်။
"လူကြီးမင်းလီက မီးဖိုစက်ရဲ့ မူလဇာစ်မြစ်ကို ရှာနေတာလား... တွေ့ပြီလား" ချန်ရှီက မေးသည်။
လီကျင်းသို့ ခေါင်းညိတ်လိုက်သည်။
"မီးဖိုစက်ရဲ့ မူလအစက ဘာလဲ"
လီကျင်းသို့ တုံ့ဆိုင်းနေတာကြောင့် စာရွက်ပေါ်တွင် အချိန်အတော်ကြာ ရေးဆွဲနေသည်။ လူငယ်လေးနှစ်ယောက် အတူတူ ကြည့်လိုက်သောအခါ စက္ကူပေါ်တွင် လက်ရှစ်ချောင်းနှင့် မျက်နှာလေးခုပါသော ရုပ်တုကို တွေ့လိုက်ရသည်။ လက်တစ်ဖက်စီတွင် လက်နက် တစ်မျိုးစီ ကိုင်ဆောင်ထားတာလည်း တွေ့လိုက်ရ၏။
ရုပ်တုမျက်နှာသည် မေတ္တာနဲ့ ကရုဏာတရားများ ပြည့်နှက်နေပုံ ပေါ်သော်လည်း သူတို့နှစ်ဦး၏ မျက်လုံးများထဲတွင်မူ သနားကြင်နာမှု အစား ထူးဆန်းပြီး ကြောက်စရာ ကောင်းနေတယ်လို့ အလိုလို ခံစားနေကြရသည်။
"ဒါက ဘယ်လိုရုပ်တုလဲ" ချန်ရှီက သံသယရှိစွာ မေးသည်။
လီထျန်းချင်: "လက်နက်ရှစ်ပါး သို့မူဘုရားလောင်းတော်"
ချန်ရှီ ဒီကိစ္စကို ဘာမှမသိပေ။ လီကျင်းသို့က "ကြွေမဟုတ်" လို့ရေးထားတဲ့ နောက်ထပ်စာရွက်တစ်ရွက်ကို ကိုင်လိုက်တဲ့အခါမှ လက်နက်ရှစ်ပါးရှိ သို့မူဘုရားလောင်းရုပ်တုသည် ကြွေထည်ရုပ်တု မဟုတ်ကြောင်း သူတို့နှစ်ဦး သဘောပေါက်သွားခဲ့ကြသည်။
လီကျင်းသို့က စာရွက်ကို ပြန်ယူကာ စာရွက်ပေါ်တွင် "အလွန်ကြီး" ဟူသော စာလုံးကို ရေးထားပြန်သည်။
"ကြွေဘုရားလောင်း ရုပ်တုက ဒီနတ်တစ္ဆေဘုံရဲ့ မူလအစလား"
နှစ်ယောက်သား တွေးနေကြစဉ် လီကျင်းသို့က စာရွက်ပေါ်တွင် "ဖြုတ်တပ်နိုင်" ဟူသော စကားလုံးဖြင့် စာရွက်ကို ထပ်မံလွှင့်ထုတ်လိုက်သည်။ ထိုအခိုက် ချန်ရှီနဲ့ လီကျင်းသို့တို့ တုန်လှုပ်သွားကြသည်။
ဘုရားလောင်းရုပ်တုက ရွေ့လျားနိုင်တာလား၊ ဒါမှမဟုတ် နတ်တစ္ဆေဘုံက ရွေ့လျားနိုင်တာလား။
လီကျင်းသို့က ထပ်ရေးပြသည်။
"နှစ်ခုစလုံး...."
ချန်ရှီနဲ့ လီထျန်းချင်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူတို့အမူအရာကလည်း လေးနက်သည်။
"ဒီနတ်တစ္ဆေဘုံနဲ့ ဘုရားလောင်း ရုပ်ပွားတော်က ကြီးမားတဲ့ နတ်ဆိုးကြီးပဲ"
လီထျန်းချင်: "နတ်တစ္ဆေဘုံကသာ ရွေ့နေရင် သူ့လမ်းကြောင်းမှာရှိတဲ့ သက်ရှိအားလုံး ကြွေ ဖြစ်သွားလိမ့်မယ်လို့ မဆိုလိုဘူးလား?"
ချန်ရှီ တုန်တုန်ယင်ယင် ဖြစ်သွားသည်။ အဲဒီဘုရားလောင်း ရုပ်တုကသာ လှုပ်လိုက်ရင် ဟွမ်ဖောရွာက ပထမဆုံး ဒုက္ခရောက်မှာ မဟုတ်ဘူးလာ။
"ကံကောင်းချင်တော့ အဲ့ဘုရားလောင်း ရုပ်တုက ဘယ်တုန်းကမှ မရွေ့လာခဲ့ဘူး...."
ဘယ်တော့မှ မရွေ့ဘူး ဆိုတာနဲ့ တကယ် ဘယ်တော့မှ မရွေ့ဘူးလို့ မဆိုလိုပါဘူး။
ကောင်းကင်က နတ်ဘုရားကလည်း မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ကြောင်း လူများစွာက ယုံကြည်ထားခဲ့ပေမယ့် လွန်ခဲ့သော ရက်အနည်းငယ်ကစကာ တစ်နာရီရဲ့ လေးပုံတစ်ပုံစောကာ မှောင်လာခဲ့တယ် မဟုတ်ပါလား။
လီကျင်းသို့သည် မူလက ဘုရင်ကျန်းအုတ်ဂူနှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေရန် မီးဖိုသို့ သွားရန် စီစဉ်ခဲ့သော်လည်း ဘုရင်ကျန်း၏အုတ်ဂူ အစစ်အမှန်ကို ရှာမတွေ့ခဲ့ဘဲ နတ်တစ္ဆေဘုံ၏ ဇာစ်မြစ်ကိုသာ ရှာတွေ့ခဲ့သည်။ ဒါက ချန်ရှီအတွက်တော့ အလွန်အကျိုးရှိ၏။
မူလက သူသည် အခြားကြွေရုပ်များကို မြင်ခဲ့လားဟု မေးချင်သော်လည်း လီကျင်းသို့သည် စကားလုံးများကို ရွှေလို မြတ်နိုးနေသောကြောင့် နောက်ထပ် မေးခွန်းများ ထပ်မမေးနိုင်တော့ပေ။ အဲဒီကြွေရုပ်တွေကို မီးဖိုလုပ်သားတွေက ဖမ်းပြီး မီးရှို့ဖို့ ဂူထဲကို ပစ်ချလိုက်ပုံပါပဲ။
သူတို့ ဟွမ်ဖောရွာသို့ ပြန်ရောက်လာတဲ့အခါ လီကျင်းသို့သည် ဘေးအခန်းထဲတွင် ပုန်းအောင်းနေခဲ့၏။ နတ်ဝိညာဥ်က ကြွေထည်များကို နှိမ်နင်းကာ သူ၏ခန္ဓာကိုယ် အစစ်အမှန်ကို ပြန်လည် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မတတ်နိုင်သဖြင့် ဆုတ်ခွာခဲ့ရသည်။
သူ၏ကြွေထည် အသွင်ပြောင်းမှုက ခဏတာပဲ ဖြစ်သည်။ သူ့ကျင့်ကြံမှုက အလွန်ပြင်းထန်သဖြင့် ညနေစာစားချိန်၌ သူသည် ဦးခေါင်းကို ကြွေထည်အဖြစ်မှ ဖယ်ရှားနိုင်ခဲ့သည်။ ခေါင်းက ကောင်းပေမယ့် ခန္ဓာကိုယ်သေးသေးသည် သာမန်လူတစ်ဦး၏ ဦးခေါင်းနှင့် ယှဉ်လိုက်သောအခါတွင် ဖော်မပြနိုင်လောက်အောင် ရယ်စရာကောင်းနေသည်။
ဒါပေမယ့် တစ်ချိန်တည်းမှာ လည်ပင်းကို မတော်တဆ စောင်းမိရင် ခေါင်းက ကြွေလည်ပင်းကို ကျိုးသွားစေတာကြောင့် ခေါင်းမလှည့်ဝံ့ဘဲ ငုံ့သာ ငုံ့နေရသည်။ ညသန်းခေါင်ယံတွင် လီထျန်းချင်လည်း အိပ်ပျော်သွားကာ လီကျင်းသို့ တစ်ဦးတည်းသာ အလုပ်ကြိုးစားဆဲဖြစ်သည်။
ထိုအချိန်တွင် ခြံထဲတွင် တီးတိုးသံများသာ ကြားနေရသည်။ ထိုအသံသည် ချန်ယင်တု၏ ယောင်ဝါးဝါး အသံများပဲ ဖြစ်သည်။
"ဒီနေ့ လရောင်က အရမ်းလှတယ်... လူတွေကိုတောင် စားချင်လာပြီ"
"ဟေးကော်.. မင်းအနံ့က အရမ်းမွှေးတာပဲ.... ဟေးကော်ကို အရင်စားသင့်တယ်"
"ဗိုက်ဆာတာ မဖြစ်အောင် ငယ်ငယ်ကတည်းက ရှောင်ရှီကို အရင်စားသင့်တယ်"
"ဟင့်အင်း... ငါလကြောင့် စိတ်ယိုင်သွားလို့ မဖြစ်ဘူး... ဒါပေမယ့် သူတို့အနံ့က အရမ်းမွှေးနေတယ်... ငါ့အိမ်နီးနားချင်းတွေလည်း အနံ့ကောင်းတယ် ဒီနေ့ ဧည့်သည်တွေ ရှိတော့ အပြင်ထွက်ဖို့ အဆင်မပြေဘူး... ဧည့်သည်တွေကလည်း အနံ့ကောင်းတယ်"
……
လီကျင်းသို့ အလွန်ထိတ်လန့်သွားပြီး လည်ပင်းပင် ကျိုးလုနီးပါး ဖြစ်သွားသည်။
အာရုံပျံ့လွင့်သွားသည်နှင့် တစ်ပြိုင်နက် သူ့ခေါင်းက ရုတ်တရက် အရည်ပျော်သွားသလို ခံစားလိုက်ရ၏။ ဤတစ်ကြိမ်တွင် ခန္ဓာကိုယ်အစစ်အမှန်ကို ပြန်လည်ရရှိရန် အချိန်ပိုကြာနိုင်သည်။
နောက်တစ်နေ့တွင် လီထျန်းချင်သည် သူ့အား စစ်ဆေးရန် အိပ်ရာမှ ထလာခဲ့သည်။ လီကျင်းသို့ တင်ပျဉ်ခွေ ထိုင်မနေတော့ဘဲ ကုတင်ပေါ်တွင် လဲလျောင်းနေပါပြီ။ သူ့အသားနှင့် သွေးများသည် သူ့ရင်ဘတ် အပေါ်ပိုင်းအထိ ပြန်ရောက်ရှိသွားသော်လည်း သူ့ရင်ဘတ်အောက်တွင် ကြွေထည်သာ ဖြစ်နေဆဲ။
ခန္ဓာကိုယ်အပေါ်ပိုင်းသည် အရွယ်ရောက်ပြီးတဲ့ သူ့ပုံစံဖြစ်ပြီး အောက်ပိုင်း ကိုယ်ထည်မှာ ကြွေရုပ်၏ သေးငယ်သော ကိုယ်ထည် ဖြစ်နေသေးရာ ဖော်မပြနိုင်လောက်အောင် ထူးဆန်းနေပါသည်။
ရုတ်တရက် လီထျန်းချင်က တစ်ခုခုကို သတိရသွားပုံဖြင့် ပြေးထွက်သွားသည်။
"ရှောင်ရှီ ရှောင်ရှီ! ငါ ဘုရင်ကျန်းရဲ့ သင်္ချိုင်းအကြောင်း သဲလွန်စတစ်ခု ရှာတွေ့ထားပြီ!"
သူက ချန်ရှီကို ဆွဲထုတ်ပြီး ပြေးထွက်သွားသည်။
"ဘုရင်ကျန်းရဲ့ အုတ်ဂူအစစ်ကို ငါတွေ့ရင် မင်းကို ဖမ်းသွားဖို့ မလိုတော့ဘူး... ငါပြန်သွားပြီး ပစ္စည်းတွေ ပို့ပေးလိုက်ရင် ရပြီ!"
ချန်ရှီ သူ့နောက်ကို ဘာမှမမေးဘဲ လိုက်သွားရာ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် မီးဖိုအနီးကို ရောက်သွားသည်။ လီထျန်းချင်က ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရင်း ရုတ်တရက် သူ့မျက်လုံးများ တောက်ပလာသည်။
"တွေ့ပြီ!"
လျင်မြန်စွာ ရှေ့သို့ လျှောက်သွားသည်။ ချန်ရှီ လိုက်သွားကြည့်တော့ မီးဖိုအပြင်ဘက်တွင် ပြန့်ကျဲနေသော ပေါင်းပင်များသာ ရှိကာ သစ်ပင်ကြီးများ မရှိတော့ပေ။ လီထျန်းချင်သည် ပွင့်လင်းသောနေရာ တစ်လျှောက် ရှေ့သို့ လျှောက်သွားကာ အလွန်စိတ်လှုပ်ရှားနေသည်။
"ဒါက လမ်း... မီးဖိုထဲကလမ်း!"
ချန်ရှီ နားမလည်ပေ။ လီထျန်းချင်ဟာ ဒီကြမ်းတမ်းတဲ့ တောင်ပေါ်လမ်းကို လျှောက်လှမ်းသွားရင်း ပြောပြနေသည်။
“အဲဒီတုန်းက လမ်းကို ဖောက်လုပ်တုန်းက ကျောက်တုံးကြီးတွေကို သစ်ပင်ကြီးတွေနဲ့ ရိုက်ခွဲပစ်တယ်.... လှည်းတွေနဲ့ မကြာခဏ နင်းဖြတ်သွားတော့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အသီးအရွက်တွေ ရှင်သန်ဖို့ ခက်ခဲသွားပြီ...တခြားနေရာတိုင်းမှာ သစ်တောတွေက ထူထူထပ်ထပ် ရှိနေပေမယ့် ဒီနေရာမှာကျတော့ ပေါင်းပင်ကျဲကျဲပဲ ပေါက်နေတယ်... အဲ့တော့ ဒါက ရှေးကျတဲ့လမ်းပဲ.."
ချန်ရှီ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဒီနေရာက တကယ့်ကို ခြားနားနေတာကို တွေ့လိုက်ရသည်။ သို့သော် လမ်းသည် ကျဉ်းမြောင်းပြီး တစ်ဖက်တစ်ချက်စီတွင် နိမ့်ကျသော ပေါက်ပင်များဖြင့် ဖုံးအုပ်ထားသည်ကို သေချာကြည့်လျှင် တောင်လမ်းဟုပင် မပြောနိုင်ပေ။
ချန်ရှီ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မင်းဘာလို့ ဒီလမ်းကို ရှာနေတာလဲ"
လီထျန်းချင်: "ဘုရင်ကျန်းကို သင်္ဂြိုဟ်လိုက်တဲ့အခါတုန်းက ကြွေထည်နဲ့ မြေအိုးတွေကို ဘုရင်အစစ်ရဲ့ သင်္ချိုင်းဆီ ပို့လိုက်ကြတယ်... ပြောရရင် လမ်းရှင်းနေသမျှ ဘုရင်ကျန်းရဲ့ အုတ်ဂူကို ရှာတွေ့ဖို့ ဒီလမ်းအတိုင်း လိုက်သွားနိုင်တယ်!"
ချန်ရှီ လေးစားမှုအပြည့်ဖြင့် ချီးကျူးလိုက်ပါ၏။
"ထျန်းချင်... မင်းအရမ်းသိတာပဲ"
လီထျန်းချင်က ပြုံးပြီး "လီအိမ်မှာ အားလပ်ချိန်တိုင်း စာအုပ်တွေ ဖတ်တယ်လေ... စာအုပ်များများဖတ်လေ ပိုသိလေပဲ"
ချန်ရှီလည်း ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး "ဒါပေမဲ့ ဒီလမ်းက ဘုရင်ရဲ့ သင်္ချိုင်းကို သွားတဲ့လမ်းတော့ မဟုတ်ဘူးကွ... ငါက ဘုရင်ကျန်းရဲ့ သင်္ချိုင်းကို အကြိမ်ပေါင်းများစွာ ရောက်ဖူးတယ်... အဲဒီနေရာနဲ့လည်း အရမ်းရင်းနှီးတယ်"
ဒါကိုကြားတော့ လီထျန်းချင်လည်း စိတ်ရှုပ်သွား၏။
"ဘုရင်ကျန်းရဲ့ အုတ်ဂူကို သွားတဲ့လမ်း မဟုတ်ဘူးလား.... ဒါဆို ဒီလမ်းက ဘယ်ကို ဦးတည်နေတာလဲ"
ချန်ရှီလည်း လှည့်ပတ်ကြည့်ရင်း မျက်လုံးတွေက ရှုပ်ယှက်ခတ်နေသည်။ သူသည် ချန်ယန်တောင် တစ်ပြင်လုံးနီးပါး သူ့အဘိုးနောက်ကနေ လိုက်သွားဖူးသော်လည်း ဒီနေရာကို မရောက်ဖူးပေ။ နှစ်ယောက်သား အပျော်သဘောဖြင့် လမ်းလျှောက်လာရာ အချို့နေရာများတွင် လမ်းက ပြတ်တောက်ပြီး ချောက်ကမ်းပါးများ ဖြစ်သွားတာ တွေ့ရသည်။
ချန်ရှီ နွယ်ပင်တွေကို ရှာဖွေရင်း တွယ်တက်ကာ ဆင်းလာခဲ့၏။ မကြာမီမှာပင် လီထျန်းချင်လည်း ရဲဝံ့စွာ လိုက်လာပြီး ကမ်းပါးအောက်ခြေသို့ လျှောက်သွားကြသည်။ ထို့နောက် လမ်းက တဖြည်းဖြည်း ပိုကျယ်လာ၏။ ရုတ်တရက် ရှေ့က ချိုင့်ဝှမ်းထဲမှာ မြစ်တစ်စင်းကို လှမ်းမြင်လိုက်ရသည်။
မြစ်သည် နှစ်ပေါင်းများစွာ ခြောက်သွေ့နေသော်လည်း မြစ်ကြမ်းပြင်ပေါ်တွင် သင်္ဘောကြီးတစ်စင်း ရှိနေသေးသည်။
သင်္ဘောကြီးတစ်စင်း။
ကြောက်မက်ဖွယ်ကောင်းသော သင်္ဘောကြီးပင်။
ချန်ရှီသည် ဤထူးဆန်းသော နေရာသို့ ပထမဆုံးအကြိမ် ရောက်ခြင်း ဖြစ်သလို ချန်ယန်တောင်တွင် ဒီလောက်ကြီးမားသော မြစ်တစ်စင်း ရှိနေခဲ့ကြောင်းလည်း သူ မသိလိုက်ပေ။ မြစ်ရေတွေက ခန်းခြောက်သွားသော်လည်း မြစ်ကြမ်းပြင်၏ အကျယ်သည် ထိုအချိန်က မြစ်၏ အတိုင်းအတာကို ပြောပြနိုင်သေးသည်။
ဒီလောက်ကြီးမားတဲ့ သင်္ဘောကြီးကို မြင်ဖူးတာကလည်း ဒါပထမဆုံး ဖြစ်၏။ ခဏအကြာတွင် သူတို့သည် ခမ်းခြောက်သွားသော မြစ်ထဲသို့ ရောက်လာကြကာ မြစ်ကြမ်းပေါ်၌ လမ်းလျှောက်သွားခဲ့ကြသည်။
ထိုအချိန်က မြစ်၏ ကောက်ကြောင်းကိုလည်း မြင်နိုင်သည်။ မြစ်ဟာ ပေဒါဇင်များစွာကျယ်ပြီး ရေက အလွန်လျင်မြန်စွာ ခန်းခြောက်သွားပုံရ၏။ မြစ်အောက်ခြေ၌ အလွန်ကြီးမားသော ငါးကြီးများ၏ အရိုးတချို့တောင် တင်ကျန်ခဲ့ရသည်။
ငါးကြီးသည် အလွန်ကြီးမားပြီး ကြောက်စရာကောင်းသည့် အစွယ်များပါသော ပါးစပ်ကို ဟပြထားသည်။ နှစ်ယောက်သား ငါးကြီး၏ ပါးစပ်မှတစ်ဆင့် လည်ချောင်းအတွင်းမှ ထွက်လာခဲ့သည်။
ချန်ရှီသည် ဤထူးဆန်းသော ဧရာမငါးအရိုးရုပ်ကြွင်းများကို ကြည့်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။
"ဒီမြစ်ကြီးက တဲကျန်းပဲ!"
လီထျန်းချင် အတော်လေး အံ့ဩသွားသည်။
"ဒီမြစ်ကြီးက တဲကျန်း ဆိုတာကို မင်း ဘယ်လိုလုပ်သိတာလဲ... တဲကျန်းက တောင်ရဲ့တစ်ဖက်ခြမ်းမှာ ရှိနေတာလေ..."
"ဘာလို့လဲဆိုတော့ ဒီငါးမျိုးက တဲကျန်းမြစ်ထဲက ထူးခြားတဲ့ငါးကြီးပဲ... သူ့နာမည်က ကွမ်... လူတွေကို စားရတာ ကြိုက်တယ်... အဲဒီတုန်းက တစ်ခုခုဖြစ်ခဲ့လို့ တဲကျန်းမြစ်ကို လမ်းကြောင်း ပြောင်းသွားစေခဲ့တာ ဖြစ်မယ်"
အဘွားရှားက သူ့ကို ငါးစာအဖြစ်သုံးတဲ့အကြောင်း ပြောပြလိုက်တဲ့အခါ လီထျန်းချင်ရဲ့ မျက်လုံးတွေလည်း ပြူးကျယ်လာတော့သည်။
"ကစားလို့ကောင်းလား... မင်း အဖွားရဲ့ ငါးမျှားချိတ်ကို ငှားပြီး ငါ့ကိုယ်ပေါ်မှာ စမ်းကြည့်ပါလား"
ချန်ရှီက ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းပြလိုက်သည်။
"မရဘူး... အရမ်းအန္တရာယ်များပြီး သေဖို့လွယ်တယ်"
လီထျန်းချင်လည်း နောက်ဆုံးတော့ ထိုအကြံကို စွန့်လွှတ်လိုက်ရလေသည်။ ၎င်းတို့နှစ်ဦးသည် မြစ်ကမ်း တစ်လျှောက်တွင် ဆက်လက် ရွေ့လျားလျက်ရှိပြီး မြစ်ထဲတွင် ငါးကြီးများ၏ ရုပ်ကြွင်းများသာမက အခြားသော ရေနေသတ္တဝါများ၏ ရုပ်ကြွင်းများကိုပါ တွေ့လာရသည်။
ဧရာမ သင်္ဘောကြီးဆီသို့ ရောက်လာသောအခါ၌ သင်္ဘောသည် အရှည်ပေလေးဆယ့်လေးပေနှင့် တစ်ဆယ့်ရှစ်ပေ ကျယ်တာ တွေ့ရကာ သင်္ဘောကိုယ်ထည်မှာ ရွှံ့နွံတွေ ကပ်နေသော်လည်း သစ်သားတွေကိုတော့ မြင်နိုင်သေးသည်။
"သစ်သားသင်္ဘောလား? ဘယ်လိုလုပ် တောက်ပြောင်နေတဲ့ သစ်သားသင်္ဘော ရှိနေတာလဲ ယုတ္တိမရှိဘူး..."
လီထျန်းချင်က သင်္ဘောကြီးဘေး လှည့်ပတ်သွားလာကာ ရေရွတ်လိုက်သည်။
"ဒီသင်္ဘောကို ထူးဆန်းတဲ့ မှော်ပညာတစ်ခုနဲ့ ရေနံထည့်လို့ရတယ်... သော့ဖွင့်ထားရင် သမုဒ္ဒရာကို ဖြတ်ပြီး လေနဲ့လှိုင်းတွေကြားမှာ စီးနိုင်တယ်... ခဏ! ဒီသင်္ဘောပုံစံကို ကြည့်ရတာ... ဒဏ္ဍာရီလာ မင်မင်းဆက် ရတနာသင်္ဘောကြီးလိုပါပဲ..."
သူက မှုန်ကုပ်ကုပ်နဲ့ ညည်းညူနေပြန်သည်။
"မင်ရတနာသင်္ဘော.... ဒီကမ္ဘာမှာ မင်ရတနာသင်္ဘောက တကယ်ရှိနေတာပဲ... ဒီမင်ရတနာသင်္ဘောက ဘုရင်ကျန်း ကျန်ခဲ့တာလား... ဒီသင်္ဘောပေါ်မှာ ဘိုးဘွားပိုင်မြေကို ပြန်နိုင်တဲ့နည်းလမ်း တကယ်ရှိတာများလား"
ချန်ရှီ အံ့ဩသွားပြီး လှည့်မေးလိုက်၏။
"ဘိုးဘွားပိုင်မြေက ဘယ်မှာလဲ"
"ဘိုးဘွားပိုင်မြေက မင်မင်းဆက်ပဲ... နတ်ပြည်ကြီးလည်း ဟုတ်တယ်! ရှန်ကျိုးတဲ့"
လီထျန်းချင်က စိတ်လှုပ်ရှားစွာနဲ့ :"အဲဒီနေရာက ငါတို့ဘိုးဘေးလာခဲ့တဲ့ နေရာ... ငါတို့ဘိုးဘွားအိမ်က ဘယ်မှာလဲဆိုတာ မင်းသိလား... ဒီနေရာကို ရှင်းရှန်နဲ့ အနောက်နွားရှင်းကျိုးလို့ ဘာလို့ ခေါ်တာ မင်းသိလား.... ဒီသမိုင်းကို ငါတို့လီမိသားစုရဲ့ ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတယ်"
သူ့စိတ်လှုပ်ရှားမှုကို မျိုသိပ်ပြီး ထက်မြက်စွာ ပြောလိုက်သည်။
မင်မင်းဆက်၏ ဧကရာဇ်မင်း အမိန့်အရ ဆန်ပေါင်အမည်ရှိ အမတ်တစ်ဦးသည် လူပေါင်း ၂၇,၀၀၀ ပါသော မင်မင်းဆက်၏ ရတနာသင်္ဘောအုပ်စုကို ဦးဆောင်ကာ မှောင်မိုက်သော ပင်လယ်ထဲသို့ လှိုင်းလုံးများကြီးကြား၌ ရွက်လွှင့်သွားခဲ့သည်။
သင်္ဘောကြီးဟာ အမှောင်ထုထဲတွင် ဆယ့်ခုနစ်နှစ်ကြာ လှည့်လည်သွားလာခဲ့ပြီး နောက်ဆုံးတွင် အမှောင်ပင်လယ်ပြင်တွင် ထူးဆန်းသော တိုက်ကြီးတစ်ခုကို တွေ့ရှိခဲ့သည်။
ဘယ်သူမှ ခြေမချဖူးတဲ့ တိုက်ကြီးတစ်ခု။
ထိုနေရာတွင် မြေမျက်နှာသွင်ပြင်သည် ကျယ်ပြောပြီး လူသူကင်းမဲ့သည့။ မရေမတွက်နိုင်သော ရှားပါးအပင်နှင့် ရှားပါးတိရစ္ဆာန်များ နေထိုင်လျက်ရှိသည်။
မင်မင်းဆက်၏ စစ်သည်နှစ်သောင်းခုနစ်ထောင်သည် ရှင်းရှန်ဟုခေါ်သော မြို့တွင်း သင်္ဘောကျင်းတစ်ခု တည်ဆောက်ရန် ထိုထူးဆန်းသော တိုက်ကြီး၏ ပင်လယ်ကမ်းစပ်ရှိ သစ်တောများကို ခုတ်လှဲ ရှင်းလင်းခဲ့သည်။ ထို့နောက် ရှင်းရှန် (ဇာတိသစ်) ဟု အမည်ပေးခဲ့သည်။
ရှင်းရှန်၌ ဆိပ်ကမ်းတစ်ခု ဖွင့်လှစ်ပြီးနောက် မြို့ကိုတည်ဆောက်သည်။ ထိုနေရာဟာ မင်မင်းဆက် အခြေချရာ ပထမဆုံးနေရာ ဖြစ်လာခဲ့သည်။
အမတ်ဆန်ပေါင်ဟာ ဧကရာဇ်မင်း ချန်ကျူဆှသို့ ပြန်သွားပြီး တင်ပြခဲ့ရာ ဧကရာဇ်မင်းလည်း အလွန်ပျော်ရွှင်သွားကာ ထိုတိုက်ကြီးကို အနောက်နွားရှင်းကျိုးဟု အမည်ပေးခဲ့သည်။
ထိုအချိန်မှစ၍ တရုတ်လူမျိုးများသည် အဆုံးမရှိသော ရေစီးကြောင်းဖြင့် ရှင်းကျိုးသို့ ပြောင်းရွှေ့နေထိုင်လာခဲ့ကြပြီး နယ်မြေသစ်များဖွင့်လှစ်ကာ မင်မင်းဆက်ရဲ့ အနောက်နွားရှင်းကျိုးကို ပေါင်းစည်းခဲ့သည်။
လက်ရှိလူအားလုံးသည် ထိုအချိန်က ရွှေ့ပြောင်းနေထိုင်သူများ၏ မျိုးဆက်များသာ ဖြစ်သည်။
"ငါတို့ ဘိုးဘွားပိုင်မြေနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီ.... ဘုရင်ကျန်း ကွယ်လွန်ပြီးကတည်းက ဧကရာဇ်ကျားကျင့်က အနောက်နွားရှင်းကျိုးကို အုပ်စိုးတယ်.... ဘုရင်အသစ် အုပ်စိုးတာ နှစ်ပေါင်း ခြောက်ထောင်ကျော်ပြီ"