ဒါပေမဲ့ ဒီတစ်ဝက်ဘဝက ဒဏ္ဍာရီဖြစ်လာခဲ့ပြီ
Vol. 4 Ch. 49
လီကျင်းသို့ တော်တော်ကြီးကို တုန်လှုပ်သွားသည်။ သူ၏ ကြွေထည် အသွင်ပြောင်းမှုသည် ပိုမိုပြင်းထန်လာကာ ခန္ဓာကိုယ်က ပြန်လည် ကောင်းမွန်လာနေပြီ။
သူ့မှာ ကြေထည် ခြေထောက်နှစ်ချောင်း ရှိသေးပေမယ့် သူ့ပေါင်နဲ့ ခါးအထိ ပြန်ပျံ့သွားမှာ စိုးရိမ်တာကြောင့် စိတ်တွေက်ု ငြိမ်ငြိမ်ထားပြီး ကြွေကို တွန်းလှန်ဖို့ အစွမ်းကုန် ကြိုးစားပေမယ့် သူ့နှလုံးသားထဲမှာ မုန်တိုင်းတစ်ခု ရှိနေသေးသည်။
လူအိုချန်ယန်သည် အနောက်နွားရှင်းကျိုးရှိ ဒဏ္ဍာရီထဲက လူတစ်ဦးဖြစ်ပြီး သူ့အမည်ရင်းကို ဘယ်သူမှ မသိကြပေ။
သူဖန်တီးခဲ့သော ကောင်းကင်နှလုံးချီကျင့်စဥ်ကို အနောက်နွားရှင်းကျိုးရှိ ပုဂ္ဂလိကကျောင်း အားလုံးနီးပါးက သင်ယူကြတဲ့ အလွယ်ကူဆုံး ကျင့်စဥ်ဖြစ်သည်။ ချီစွမ်းအင် စုဆောင်းရန် အလွယ်ကူဆုံး၊ အခြေခံအုတ်မြစ် တည်ဆောက်ရန် အလွယ်ကူဆုံးနှင့် နတ်သန္ဓေသားကို ရရှိရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်သည်။
ကောင်းကင်နှလုံးချီကျင့်စဥ်က ရိုးရှင်းသော်လလည်း ၎င်းက နတ်သန္ဓေသား အဆင့်အထိ လေ့ကျင့်နိုင်သော အခိုင်မာဆုံး အခြေခံအုတ်မြစ် ဖြစ်သည်။
ချီစွမ်းအင်နှင့် တွဲဖက် အသုံးပြုသော သိုင်းစွမ်းရည်က အလွန်ရိုးရှင်းပါသည်။ ကျစ်ဝူရှဲ့သတ်ဓား ဟုခေါ်သော အရိုးရှင်းဆုံးသော ဓားသွားများသည် ၎င်းတို့ ထိပ်တန်းမင်းမျိုးမင်းနွယ်များ၏ သိုင်းစွမ်းရည်များထက် များစွာနိမ့်ကျတာတော့ အမှန်ပင်။
သို့သော် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသည်။ ဆိုလိုသည်မှာ ကျစ်ဝူရှဲ့သတ်ဓားက အခြေခံသိုင်းပညာ အားလုံးထဲမှာ အစွမ်းထက်ဆုံး ဖြစ်သည်။
ကျစ်ဝူရှဲ့သတ်ဓားထဲတွင် အပြောင်းအလဲများ ပေါင်းထည့်နိုင်ပြီး အလွန်အစွမ်းထက်မြက်သော လှုပ်ရှားမှုများ ပါရှိသော သိုင်းကွက်များလည်း ဖန်တီးနိုင်သည်။ ၎င်းသည် ကမ္ဘာမိသားစု၏ အခြေခံအုတ်မြစ်ဖြစ်သော သိုင်းကျင့်စဥ်များထက် ပိုမိုအားကောင်းသည်ဟု အချို့ကပင် ပြောကြသည်။
ဒီကျင့်စဥ်ကို ကျင့်သူတိုင်းက လူအိုချန်ယန်အပေါ် အလွန်ကြည်ညို လေးစားကြပြီး သူတို့၏ ဆရာများအဖြစ်ပါ လေးစားကြသည်။ မထင်မှတ်ဘဲ သူသည် ကျေးလက်ဒေသသို့ မတော်တဆ ရောက်လာပြီး မထင်မှတ်ထားတဲ့ အဘိုးအိုတစ်ဦးလည်း ဖြစ်လာခဲ့၏။
လူအိုချန်ယန်ရဲ့ ပို၍ပင် ဒဏ္ဍာရီဖြစ်စေသည့် အရာမှာ အဆောင်ဆွဲဆရာများ အတွက် မဖတ်မဖြစ်ဖတ်ရမည့် စာအုပ် "အဆောင်လက်ဖွဲ့ ပေါင်းစည်းခြင်း" ဖြစ်ပြီး ဤစာအုပ်သည် အဆောင်ဆွဲတာကို လိုက်စားသူတိုင်း ဖတ်ထားသင့်သော စာအုပ်ဖြစ်သည်။
မတူညီသော မိသားစုများတွင် မတူညီသော အဆောင်လက်ဖွဲ့ သီးသန့်ဟူ၍ ခွဲခြားထားခြင်း မရှိပေ။ အဆောင်လက်ဖွဲ့ဟာ သစ်ကြမ်းပိုး၊ ခွေးနက်သွေး၊ အဝါရောင်စာရွက်တွေ ပါဝင်မှသာ အဆောင်စာရွက်က အားကောင်းလာမည် ဖြစ်သည်။ တကယ်တော့ အဆောင်လက်ဖွဲ့ ဆိုတာကလည်း မှော်ပညာတစ်ခုပင်။
ဥပမာအားဖြင့် သင်သည် နေမင်းပါးကွာ အဆောင်လက်ဖွဲ့ကို စက္ကူပေါ်တွင်ဆွဲပါက ၎င်းသည် မှော်စွမ်းအင် ဖြစ်လာမည်။ မှော်စာလုံးပေါင်းအဖြစ် အသုံးပြုလိုက်သောအခါ ၎င်းသည် အံ့သြဖွယ် ကျွမ်းကျင်မှုတစ်ခု ဖြစ်လာသည်။
"အဆောင်လက်ဖွဲ့ ပေါင်းစည်းခြင်း" သည် ထောင်ပေါင်းများစွာသော အဆောင်လက်ဖွဲ့ အမျိုးအစားများကို မှတ်တမ်းတင်ထားသောကြောင့် ၎င်းသည် မှော်စွယ်စုံကျမ်းတစ်ခုအဖြစ် ဘယ်သူမှ အလေးအနက် မထားဘဲ မနေနိုင်ပေ။
ဝိညာဥ်စွမ်းအင် ကျင့်ကြံရင်း စိတ်ဝင်စားသူများပင်လျှင် ၎င်းကိုဖတ်ရမည် ဖြစ်သည်။
"လူအိုချန်ယန်ကြောင့် ဒဏ်ရာပဲ ရသွားတာ အရမ်းကံကောင်းသွားတာ...!"
လီကျင်းသို့ တုန်လှုပ်ခြောက်ခြားကာ တစ်ချိန်တည်းမှာပဲ ပျော်ရွှင်သွားပြန်သည်။
"ငါက အဆောင်စာရွက် ဆွဲနည်းတွေကို သင်ယူဖူးပြီးပြီ.... ငါ့ရဲ့ လေးစားမှုကို ဖော်ပြဖို့ သူ့ကို နောက်မှ တစ်ချက်လောက် ဂါဝရပြုရမယ်... မဟုတ်ဘူး... သိသာလွန်းတယ် ငါ မလုပ်နိုင်ဘူး ငါသူ့အပေါ် လေးစားမှုကို သီးသန့် ထိန်းထားရမယ်...ဒါပေမဲ့ ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ?"
လူအိုချန်ယန်သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျော်ကြားခဲ့သော်လည်း ၎င်းသည် သေဆုံးသွားသကဲ့သို့ ဘယ်သူမှ မသိနိုင်တဲ့ အခြေအနေနဲ့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
ဒါပေမဲ့ သူ့ဘဝတစ်ဝက်က ဒဏ္ဍာရီ ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သော လူများက သဘောကျကြသည်။
"ဟိုကလေး လီထျန်းချင်ရော ဘယ်ရောက်သွားတာလဲ? ထူးဆန်းတယ်... ဟိုကလေးရော ဘယ်ရောက်သွားတာလဲ ဘယ်သူ့ကိုမှ မတွေ့တာကြာပြီ... ဒီကောင်လေး အဘိုးကိုတောင် ဂရုမစိုက်တော့ဘူးလား!"
လီထျန်းချင်ဟာ အမြဲနာခံပြီး သူ့နောက်သို့သာ အမြဲလိုက်နေခဲ့သည်။ သူ့စိတ်ထဲတွင် အံ့ဩမိသော်လည်း ယခုအခါတွင် ထိုကလေးသည် ပျော်ရွှင်သော မြင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ချန်ယန်တောင်ရှိ ချိုင့်ဝှမ်းတစ်ခုတွင်တော့ ချန်ရှီနဲ့ လီထျန်းချင်ဟာ မာလျိုမြင်းများကို ဖမ်းနေကြသည်။ သူတို့နှစ်ယောက် ကောင်းမွန်တဲ့ ပူးပေါင်းမှုကြောင့် လေးကောင် ဖမ်းမိခဲ့သည်။
လီထျန်းချင်သည် လထွက်လာသည့်အခါ မာလျိုရှိသည့် မြင့်မားသော သစ်ပင်ကို မှော်စွမ်းအင်ဖြင့် ပစ်ခတ်လိုက်ရာ မာလျိုသည် အကိုင်းအခက်များနှင့်အတူ ကောင်းကင်မှ ပြုတ်ကျသွား၏။ ၎င်း ပြုတ်ကျလာတာနဲ့ ချန်ရှီက တစ်ဖက်ကနေ ခုန်ထွက်လာပြီး ၎င်းကို လက်တစ်ဖက်နဲ့ ကိုင်လိုက်ပြီး နောက်တစ်ဖက်ဖြင့် ကျွမ်းကျင်စွာ ကြိုးနဲ့ ချည်လိုက်သည်။
မာလျိုကို စောင့်ကြည့်ထားဖို့ ဟေးကော်ကိုပဲ တာဝန်ပေးထားလိုက်သည်။ မာလျိုသည် ဟေးကော်ထက် အရပ်မြင့်ပြီး သန်မာပေမယ့် ဟေးကော်ရှေ့မှာ ရိုးသားပြီး သတ္တိမရှိစွာဖြင့် မြေပြင်ပေါ်မှာ ထိုင်နေခဲ့သည်။
ချိုင့်ဝှမ်းထဲမှာ တခြားလူငယ်တွေလည်း ရှိသည်။ ၎င်းတို့က ချောင်ဝမ်မြို့ ကိုယ်ပိုင်ကျောင်းက လာတဲ့ ကျောင်းသားတွေပဲ ဖြစ်ကာ ချန်ရှီတို့နှစ်ယောက် အများကြီး ဖမ်းမိသွားတာကို မြင်လိုက်ရတော့ အားလုံးက ငြူစူနေကြလေ၏။
မာလျိုမြင်းဖမ်းခြင်းက မှော်အတတ်ပညာကို လေ့ကျင့်ရုံသာမကဘဲ ကိုယ့်ရဲ့ မိသားစုဝင်ငွေကိုပါ ဖြည့်တင်းပေးနိုင်သည်။ ချန်ရှီသည် မြို့တွင်းရှိ ကိုယ်ပိုင်ကျောင်းကို တက်ရန် ငွေအနည်းငယ် စုဆောင်းချင်တာမို့ ၎င်းတို့ကို ရောင်းစားရန် စီစဉ်ထားခဲ့သည်။
သူတို့နှစ်ယောက်ဟာ အချိန်ကောင်းတွေရှာပြီး နေ့လယ်ရောက်တော့ ခြောက်ကောင်အထိ ဖမ်းမိသွားသည်။
"ငါတို့ဒီနေ့တော့ ဒီလောက်ပဲ... မြို့ထဲသွားရောင်းရအောင်!"
နှစ်ယောက်သားက အတော်လေး အရမ်းစိတ်လှုပ်ရှားနေပြီး အိုးမည်းနဲ့အတူ မြို့တက်သွားကြသည်။
စျေးထဲတွင် လူနှစ်ယောက်နှင့် ခွေးတစ်ကောင်သည် လူအုပ်ကြားတွင် ပျံဝဲနေ၏။ လမ်းဘေးနှစ်ဘက်စလုံးတွင် အရသာရှိပြီး မွှေးကြိုင်သော ဈေးဆိုင်တွေကလည်း ပေါလို့ပင်။ ချန်ရှီသည် အသားဆိုင်တွင် အသားနှစ်ကျင်ကို ဝယ်ယူကာ ဟေးကော်အား ပေးလိုက်သည်။ ထို့နောက် ဟေးကော်နဲ့ လီထျန်းချင်ကို စျေးဝယ်ထွက်ဖို့ ခေါ်သွားတော့ ဆိုင်တစ်ခုစီမှာ စားစရာနည်းနည်းစီ ဝင်စားကြ၏။
သူတို့နှစ်ဦးသည် ဈေးအရှေ့ဘက်မှ အနောက်ဘက်စွန်းအထိ စားသောက်ပြီး စျေးဆိုင်တစ်ခုစီကို လည်ပတ်ကြသည်။ အခုအချိန်မှာ လီထျန်းချင်ရဲ့ ဗိုက်က ဝိုင်းနေပြီ။ သူ့လက်တွေနဲ့ ပါးစပ်ကလည်း ဆီတွေပြည့်နေသည်။
"ငါတို့တွေ အများကြီးစားပြီးပြီ... ပိုက်ဆံအကုန်ကုန်ပြီလား"
ချန်ရှီက ပြုံးပြီး: "ငွေ ၃ ချောင်း ကျန်သေးတယ်.. ငါတို့သုံးတာ တစ်ဝက်တောင် မကုန်သေးဘူး....ဟေးကော်အတွက် သားရဲအသား ၂ကျင် ဝယ်တယ်.. ငွေကျန်ပါသေးတယ်"
ထူးခြားသားရဲ တိရိစ္ဆာန်များ၏ အသားများ စျေးကြီးရတဲ့ အကြောင်းရင်းမှာ အသားထဲတွင် ဝိညာဉ်စွမ်းအားများစွာ ပါဝင်သောကြောင့် ဖြစ်ပြီး ကျင့်ကြံသူများကလည်း ဝိညာဉ်စွမ်းအင် လေ့ကျင့်ရန်အတွက် ဤအသားမျိုး လိုအပ်သည်။ ချန်ရှီသည် တစ်ချိန်က ဟွမ်ဖောရွာရှိ အိမ်ထောင်စုတစ်ခုစီအတွက် ဝိညာဉ်အသား ဆယ်ကီလိုဂရမ်ကျော်ကို ချိတ်ဆွဲထားခဲ့ပေးသည်။
၎င်းက အိမ်ထောင်စုတစ်ခုစီအား ငွေခုနစ်ချောင်းမှ ရှစ်ချောင်းစီ ပေးကမ်းလိုက်တာနဲ့ ညီမျှပေသည်။
လူနှစ်ယောက်နှင့် ခွေးလေးသည် ဗိုက်ပြည့်သွားတော့ လီထျန်းချင်က အိမ်ကို လမ်းလျှောက်ပြန်ဖို့ ပြောလေ၏။ ချန်ရှီ သူ့ကို တားလိုက်ပြီး လှည်းတစ်စီးကို ငွေဆယ်စဖြင့် ငှားကာ ရွာသို့ ပြန်လာခဲ့သည်။ နှစ်ယောက်သား လှည်းပေါ်မှာ ကျောခင်းလျက် ကောင်းကင်ကို မျက်နှာမူကာ လိုက်လာခဲ့သည်။
လီထျန်းချင်က အပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်ကာ သက်တောင့်သက်သာ ပြုံးလိုက်၏။
"ငါတကယ်ပဲ ဒီလိုမျိုးနဲ့ပဲ နေချင်တယ်...ဘာကိုမှ ဂရုမစိုက်ဘဲ နေချင်ပေမယ့် ငါ့အမေနဲ့ အဖိုးကို ပြုစုစောင့်ရှောက်နိုင်ဖို့ မြန်မြန် ကြီးပြင်းလာဖို့ ဆုတောင်းနေရတယ်..."
ချန်ရှီကလည်း သူ့လက်တွေကို ခေါင်းနောက်မှာထားပြီး သူ့ခြေထောက်တွေကို လှုပ်ခါရင်း ပြန်ပြောသည်။
"ငါလည်း မြန်မြန်ကြီးပြင်းချင်တယ်... ငါလည်း အဘိုးကို ပြုစုပေးချင်တယ်... အဘိုးက အသက်ကြီးပြီး အားနည်းလာတယ်လို့ ခံစားရတယ်"
လီထျန်းချင် လှည့်ကာ ကြည့်လိုက်သည်။
"ရှောင်ရှီ မင်းအဘိုးက မင်းထင်သလောက် အားမနည်းဘူးလို့ ငါထင်တယ်"
ချန်ရှီက သက်ပြင်းချလိုက်ပြီး "မင်း ငါ့အိမ်ကို အစောကမှ ရောက်လာတာဆိုတော့ အဘိုးနဲ့ အဆက်အသွယ် သိပ်မရှိလို့.... ငါ့အဘိုးက အသန်မာဆုံးလူလို့ ဟန်ဆောင်နေပေမယ့် တကယ်တော့ သူက အရမ်းအားနည်းနေပြီ... လူကြီးတွေ အကုန်လုံးက အဲဒီလိုပဲလေ.."
လီထျန်းချင်ကလည်း ခေါင်းညိတ်ပြီး "မင်းပြောတာ မှန်တယ်... ငါ့အမေက ငါ့ရှေ့မှာ ပြင်းပြင်းထန်ထန် သန်မာတတ်ပေမယ့် ငါမသိအောင် မျက်ရည်တွေကို အကြိမ်ပေါင်းများစွာ တိတ်တိတ်လေး သုတ်နေတတ်တယ်..."
သူဝမ်းနည်းနေတာကို မြင်တော့ ချန်ရှီလည်း အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
"မနက်ဖြန် ကွမ်အကြီးကြီး ဖမ်းဖို့ ငါမင်းကို ခေါ်သွားပေးရင်ရော? မနက်ဖြန် ကြိုးအထူတစ်ချောင်း သွားဝယ်လိုက်မယ်... ဒါဆို မင်း ကွမ်အကြီးကြီးဆီက အကိုက်ခံရမှာကို စိတ်ပူစရာ မလိုတော့ဘူး!"
လီထျန်းချင်ရဲ့ မျက်လုံးများ တောက်ပလာ၏။
"အင်း အင်း ငါ့နောက်ကျောမှာ ငါးမျှားချိတ်ကြီးကို ချည်ပြီး ငါငါးစား လုပ်မယ်!"
ဘေးက ဟေးကော် မျက်လုံးပြူးသွားသည်။ ဒီကလေးနှစ်ယောက်က ကျောင်းမတက်လို့ “သေခြင်းတရား” ဟူသော စကားလုံးကို ဘယ်လိုရေးရမှန်း မသိတာ ဖြစ်နိုင်သည်။
"ငါတို့ကိုယ်တိုင် ငါးဖမ်းမယ့်အစား သံချိတ်ကို ဟေးကော်ဆီမှာ ချိတ်ပြီး ငါး ရှာခိုင်းလိုက်မယ်လေ..."
……
ချန်ယန်တောင်၏ တောင်ဘက်ခြေရင်းတွင်တော့ ရွှမ်ရင်အိမ်တော် သခင် ကျောက်ယန်လုံသည် ရွှမ်ရင်အိမ်တော်ကအထက်တန်းစားများအား ခေတ္တရပ်ပြီး ကောင်းကင်မှ နေကို မျှော်ကြည့်နေသည်။ နေဝင်ဖို့ အချိန်တစ်ခုလောက်တော့ လိုသေး၏။
သူအကြည့်ကို ရွှေ့ပြီးတဲ့အခါ ကျောက်မိသားစု၏ ဘဏ္ဍာစိုးအား အဆောင်လက်ဖွဲ့များ အသင့်ထုတ်ထားခိုင်းရန် လူတိုင်းကို အမိန့်ပေးခိုင်းထားသည်။ တချို့ကို ရထားလုံးတွေမှာလည်း ချိတ်ဆွဲထားသေးသည်။
ကျောက်မိသားစုက သားသမီးတိုင်း ဘယ်လောက်ပဲ ကျင့်ကြံမှု အားကောင်းနေပါစေ အဆောင်လက်ဖွဲ့တော့ ဆောင်ထားရသည်။ မထင်မှတ်ဘဲ ရှဲ့တွေ၊ ဆွေ့တွေ လက်ထဲကနေ အသက်ကို အကာအကွယ် ပေးနိုင်လိမ့်မည်။ ငွေဝတ်အစောင့်တွေကလည်း အဆောင်လက်ဖွဲ့များကို ၀တ်ဆင်ထားသည်။
လူနှင့်မြင်းများကို အုပ်စုသုံးစုခွဲ၍ နေရာချထားသည်။ ပထမအုပ်စုသည် နတ်ကွန်းများ ထုတ်ကာ အနီးပတ်ဝန်းကျင်ကို နတ်အလင်းရောင်ဖြင့် ထွန်းညှိပေးသည်။ ဒုတိယအုပ်စုနှင့် တတိယအုပ်စုသည် အနားယူကြသည်။ နာရီဝက်ကြာပြီးနောက် ဒုတိယအုပ်စု အလှည့်ကျလာသည်။ အဲဒီအခါ ပထမနဲ့တတိယအုပ်စုတွေက အနားယူကြသည်။
ကျောက်မိသားစုမှ သားစဉ်မြေးဆက် လေးဆယ့်ရှစ်ဦးနှင့် ရွှမ်ရင်အိမ်ကြီးမှ အစောင့် ၂၆၀ တို့သည် ချန်ယန်တောင်သို့ ပြင်းထန်သော ပုံစံဖြင့် လမ်းလျှောက်လာခဲ့ပြီး မီးဖိုစက်ဆီသို့ ဦးတည်သွားခဲ့သည်။
သူ့သမီး ကျောက်မင်ရိုက ဒီလမ်းကြောင်းကနေ လျှောက်ထွက်လာခဲ့တာပဲ ဖြစ်လေသည်။ ကျောက်မင်ရိုသည် မီးဖိုစက်သို့ ပထမအကြိမ် ဝင်ရောက်စဉ်က ချန်ရှီကို လိုက်ဖမ်းနေရတာမို့ လမ်းကို မမှတ်မိတော့ပေ။
သူမသည် မီးဖိုမှထွက်ကာ တောင်များစွာကို တက်ခဲ့သည်။ လိုအပ်သည့် အခြားလမ်းကြောင်းတစ်ခုကို လျှောက်ပြီးနောက် တောင်ခြေရင်းများကို ဖြတ်ကာ ခရိုင်စာတိုက်လမ်းသို့ သွားကာ ရှင်းရှန်ခရိုင်သို့ ရောက်လာခဲ့၏။
ဒါကြောင့် ဘေးကင်းစေရန်အတွက် ကျောက်ယန်လုံကလည်း တောင်ခြေမှ တောင်ပေါ်သို့သွားရန် ဆုံးဖြတ်ခဲ့သည်။
"ဒုတိယဦးလေး ချန်ယင်တုနဲ့ သူ့မြေးကို သတ်ပြီးပြီလား... မနေ့ညက ညစာစားဖို့ အိမ်ပြန်မလာဘူး တစ်ခုခုကြောင့် နောက်ကျနေလို့ ဖြစ်နိုင်မလား... ဒါကိုကျော်လိုက်ရင် နတ်တစ္ဆေဘုံထဲကို ရောက်သွားမှာ သေချာတယ်"
သူ အနည်းငယ် ဝမ်းနည်းသလို ခံစားလိုက်ရသည်။ သို့သော် ရွှမ်ရင်အိမ်တော်က လူအင်အားနဲ့ဆို ဒီမီးဖိုစက်ထဲသို့ ဖောက်ဝင်ရန် လုံလောက်ပါပြီ။
သူ့မှာ ဒီလိုယုံကြည်မှုမျိုး ရှိနေ၏။
ကျောက်မင်ရိုသည် ချန်ယန်တောင်၏ တောင်ဘက်ခြေရင်းရှိ တောင်များကို တစ်လခွဲကျော်ကြာ လမ်းလျှောက်ခဲ့ရသည်။ နောက်ဆုံးတွင် ချန်ယန်တောင်မှ မလွတ်မြောက်မီတွင် သူမ၏ အပေါင်းအဖော် အများစုကို ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ကျောက်ယန်လုံသည် လမ်းခရီးတွင် မမှောင်မီတွင် မီးဖိုစက် အပြင်ဘက်သို့ ရောက်ရှိလာနိုင်၏။
အစောင့်နှစ်ဦးသာ လမ်းပေါ်တွင် သေဆုံးခဲ့သည်။ ၎င်းတို့သည် ခြေမချနိုင်တဲ့ ချောက်ကမ်းပါးမှ ပြုတ်ကျသွားခဲ့ခြင်းသာ။ ကျောက်ယန်လုံသည် မီးဖိုစက် အပြင်ဘက်ရှိ သစ်ပင်များကို ခုတ်ထွင် ရှင်းလင်းရန် အမိန့်ပေးပြီး စခန်းချသည်။ အဆောင်လက်ဖွဲ့တွေကိုလည်း တန်းစီလျက် ကပ်ထားကာ ဤနေရာတွင် တစ်ညတာ အိပ်စက်ရန် ရည်ရွယ်ထားခဲ့သည်။
"ဘုရင်ကျန်းနဲ့အတူ သင်္ဂြိုဟ်ဖို့အတွက်ဆိုပြီး ကြွေထည်တွေ သွန်းတဲ့ မီးဖိုကို ဆောက်ခဲ့တာ... မီးဖိုကိုတွေ့ရင် ဘုရင်ကျမ်းရဲ့ အုတ်ဂူနေရာကို သေချာပေါက် ရှာတွေ့နိုင်မှာပါ!"
ကျောက်ယန်လုံ အနည်းငယ် ပြုံးပြီး ဆိုလိုက်သည်။ အစောင့်တချို့အား မီးဖိုစက်ထဲကို ဝင်ဖို့ အမိန့်ပေးလိုက်တာနဲ့ မျက်လုံးတစ်မှိတ်အတွင်းမှာ သူတို့ရဲ့ အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်တွေဟာ ပြီး သေးငယ်တဲ့ ကြွေရုပ်တွေအဖြစ် ပြောင်းလဲသွားပါတော့သည်။
"ထင်ထားတဲ့ အတိုင်းပဲ"
ကျောက်ယန်လုံသည် ကြွေရုပ်များစွာကို ကောက်ယူကာ ဂရုတစိုက် ကြည့်ရှုပြီးနောက် ကြွေရုပ်များ၏ မာကျောမှုကို စစ်ဆေးရန် ကြွေရုပ်တစ်ရုပ်၏ ခြေထောက်ကို ဖိချေကြည့်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် သူက အနည်းငယ် ပြုံးလိုက်သည်။
“အဖေ...ဦးလေး၄နဲ့ ဦးလေး၅... အဖေတို့သုံးယောက်က ကျင့်ကြံမှု အမြင့်ဆုံးပဲ... အပြင်မှာနေပြီး မီးဖိုထဲမှာ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးကြည့်ပါ... အန္တရာယ်ရှိရင် ကျေးဇူးပြုပြီး သုံးယောက်လုံး ကျွန်တော်တို့ကို ကယ်တင်ဖို့ သိုင်းစွမ်းအင်တွေကိုပဲ အသက်သွင်းပါ... မီးဖိုထဲကို မဝင်ပါနဲ့!"
ကျောက်စွင်ဖျင်၊ ကျောက်စွင်စစ်နဲ့ ကျောက်စွင်ရှန်းတို့က အသီးသီး ခေါင်းညိတ်ပြကြပြီး မီးဖို၏ တစ်ဖက်ခြမ်းစီး၌ အသီးသီး နေရာယူကာ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များဖြင့် တြိဂံပုံသဏ္ဌာန် ဖွဲ့စည်းထားလိုက်သည်။
ကျောက်ယန်လုံက သူ့ညီအကို မောင်နှမထဲက စုစုပေါင်း ရှစ်ယောက်ကို ဖိတ်ခေါ်လိုက်သည်။
"အားလုံးပဲ... ဒီမီးဖိုမှာ ဘယ်လို သရဲတစ္ဆေစွမ်းအားတွေ ရှိသလဲဆိုတာ စူးစမ်းကြည့်ဖို့ မီးဖိုထဲကို သွားကြစို့!"
လူတိုင်းက ဝမ်းသာအားရ ရယ်မောနေကြသည်။
"ကြွေထည်တွေ ဖန်တီးထားတဲ့ နတ်တစ္ဆေဘုံလေး တစ်ခုပဲမလား... အဲ့တစ္ဆေတွေ နတ်တွေက ဘယ်လောက် တန်ခိုးရှိနိုင်မှာလဲ အိမ်တော်သခင်က အရမ်းသတိထားနေတာပဲ..."
သူတို့သည် အချင်းချင်း စကားပြောရင်း မီးဖိုထဲသို့ဝင်ကြသော်လည်း အခြေတည်ဝိညာဉ်နယ်ပယ်ပင် ဤနတ်တစ္ဆေဘုံရဲ့ တန်ခိုးကို မခံနိုင်ကြသဖြင့် ၎င်းတို့အားလုံး ကြွေရုပ်များ ဖြစ်သွားကြသည်။
"ဒီအချိန် ငါတို့ရှာရမှာက နတ်တစ္ဆေတွေဘုံရဲ့ မူလအစ.... ခေါင်းလေးလုံးနဲ့ လက်ရှစ်ချောင်းပါတဲ့ ကြွေရုပ်တု... သာမန်ကြွေရုပ်တုထက် အဆများစွာ ပိုကြီးတယ်..."
ကျောက်ယန်လုံ ကြွေရုပ်တစ်ရုပ် အဖြစ် ပြောင်းလဲသွားပြီးနောက် အပြင်က အခြားသူများ နားမလည်နိုင်သော်လည်း သူနှင့်အတူ လိုက်ပါလာသူ ရှစ်ယောက်ကတော့ နားလည်နိုင်သည်။
"အဲဒီကြွေရုပ်တုကို ရှာတွေ့သရွေ့ ဒီနတ်တစ္ဆေဘုံရဲ့ နယ်မြေကို ထိန်းချုပ်နိုင်မှာ... ဒီနေရာကို ပိုင်နိုင်ရင် မီးဖိုထဲမှာရှိတဲ့ အရာအားလုံးက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိလာလိမ့်မယ်... အဲ့ကျရင် ဘုရင်ကျန်းရဲ့ အုတ်ဂူကို ရှာတွေ့ဖို့ကလည်း မခက်ပါဘူး"
မီးဖိုထဲသို့ နက်နက်နဲနဲ ဝင်သွားသောအခါတွင် လူတိုင်းက စကားပြောရင်း ရယ်မောနေကြသည်။
ချန်ရှီ၊ လီထျန်းချင်နဲ့ ဟေးကော်ကတော့ နွားလှည်းပေါ်တွင် ရှိနေဆဲ။ နွားလှည်းသည် ဖြည်းညှင်းစွာ လှုပ်လှုပ်ရွရွ ရွေ့လျားနေသော်လည်း သူတို့သည် မှောင်ပြီးနောက် အိမ်သို့ သေချာပေါက် ပြန်ရောက်နိုင်သောကြောင့် လုံး၀ အလျင်စလို မဖြစ်ခဲ့ကြပေ။
ထိုအချိန်တွင် နွားလှည်းက ရပ်သွားတာကြောင့် နှစ်ယောက်သား အံ့အားသင့်ကာ အပြင်ဘက်သို့ မျှော်ကြည့်လိုက်ကြသည်။
တောင်ပေါ်မှ ကုန်ပစ္စည်းများနှင့် ကောက်နှံများ အပါအဝင် တခြားပစ္စည်းတွေပါသော ကုန်စည်လှည်း ခုနစ်စီး သို့မဟုတ် ရှစ်စီးခန့်သည် မမှောင်မီခင် တောင်မှ ထွက်ခွာရန် ကြံစည်နေပုံရသည်။ သို့သော် ကံမကောင်းစွာဖြင့် အခြားအဖွဲ့တစ်ဖွဲ့က ၎င်းတို့ဆီသို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့လည်း ဤတောင်တက်လမ်းကို ဖြတ်သွားချင်ပုံပါပဲ။
လှည်းနှစ်စီး အပြန်အလှန် တိုက်မိကာ တိမ်းမှောက်သွားသဖြင့် လမ်းမပေါ်တွင် ကုန်စည်များ ပြန့်ကျဲကုန်သည်။ ကုန်စည်များက စုပုံကာ တောင်တက်လမ်းကို ပိတ်ဆို့တာကြောင့် နှစ်ဖက်စလုံးမှ လူများလည်း ဖြတ်သန်းသွားလာလို့ မရဘဲ ဖြစ်နေသည်။
နှစ်ဖက်စလုံးရှိလူများသည် လှည်းတွေကို မရွှေ့ချင်ကြရာ မျက်နှာများ နီရဲလာကြတဲ့အထိ စကားများကုန်တော့သည်။ နှစ်ဖက်စလုံးမှ လူဒါဇင်ပေါင်းများစွာက တောင်တက်လမ်းကို ပိတ်ဆို့ထားခဲ့သည်။
"ငါတို့မသွားရင် မှောင်လာလိမ့်မယ်... အကုန်လုံး ရှဲ့တွေ ဆွေ့တွေပါးစပ်ထဲ ရောက်ကုန်လိမ့်မယ်"
နွားလှည်းမောင်းသူက အော်လေသည်။
ချန်ရှီလည်း ထိတ်လန့်သွားသည်။
လီထျန်းချင်: "မင်းတို့ ကျေးလက်ပြည်သူတွေက အရမ်းသတ္တိရှိပါ့လား"
“သတ္တိရှိတဲ့သူတွေ တော်တော်များများက အရိုက်ခံရတတ်တယ်ကွ...”
ငြင်းခုံနေကြတုန်းပဲမလို့ နှစ်ယောက်သား နွားလှည်းပေါ်မှ ခုန်ဆင်းကာ တောင်ပေါ်လမ်းတွေအတိုင်း လှည့်ပတ်သွားရန် ကြံစည်လိုက်ကြသည်။
"တောင်ပေါ်ချောင်းမှာ ငါးနီတွေ ရှိတယ်ကွ"
လီထျန်းချင်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
"ဒီငါးတွေက ဘာလို့ ချက်ချင်း အောက်ခြေကို နစ်သွားကြတာလဲ"
ချန်ရှီ ပြေးသွားကြည့်တော့ တောင်ချောင်းထဲတွင် ငါးအချို့ ကူးခတ်နေတာ တွေ့လိုက်ရသည်။ အချို့ငါးများက လီထျန်းချင် ပြောသလိုပဲ ရေအောက်ခြေသို့ နစ်မြုပ်သွားကြသည်။ ရုတ်တရက် နောက်ထပ်ငါးတစ်ကောင်က ရေမကူးနိုင်တော့ဘဲ ရေအောက်ကို တည့်တည့်ကျသွား၏။
ချန်ရှီ လက်တစ်ဖက်ဖြင့် ငါးနီကြီးကို ဖမ်းလိုက်သည်။ သူ့လက်ထဲ ရောက်လာတဲ့ ငါးနီက တကယ်တော့ ကြွေငါးတစ်ကောင် ဖြစ်သွားလေပြီ။ နှစ်ယောက်သား အံ့အားသင့်သွားပြီးနောက် ခေါင်းကို အမြန်မော့ကာ မီးဖိုဆီသို့ လှမ်းကြည့်လိုက်သည်။
တောင်ပေါ်က တောအုပ်ထဲတွင်တော့ အလွန်ပြင်းထန်သော ရောင်ဝါတစ်ခုက ကောင်းကင်သို့ တက်လာ၏။ ၎င်းက အနီရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်သို့ တည့်တည့် ပြေးဝင်သွားပြီးနောက် ပွင့်လင်းမြင်သာသော မီးအလင်းရောင်တွေက မိုင်ပေါင်းများစွာ ဖုံးလွှမ်းသွားသည်။
အလင်းရောင်က ကောင်းကင်မှာ ကုလားကာတစ်ခုကို ချိတ်ဆွဲထားသကဲ့သို့ပင်။ အနီရောင် ကန့်လန့်ကာကို ဖြတ်သွားတိုင်း အင်းဆက်များနှင့် ရေကူးနေသော ငါးများအားလုံး ကြွေဖြစ်သွားကြသည်။
လယ်ကွင်းထဲတွင် လေပြေလေညှင်းများ တိုက်ခတ်သွားသည်။ စပါးနှံများကလည်း လေထဲတွင် အနည်းငယ် ယိမ်းနွဲ့လျက်။ စပါးရိတ်သိမ်းရာသီက နီးကပ်လာပြီ ဖြစ်သည်။ သို့သော် လေတိုက်လိုက်သည်နှင့် စပါးပင်တစ်ပင်စီက ကြွေဖြစ်သွားသည်။ ပြောင်းဖူးခင်းထဲက ပြောင်းဖူးကလည်း ကြွေထည် ဖြစ်သွားပြီ။
မီးနီထွက်ပေါ်လာသော အရပ်၌ ခေါင်းလေးလုံးနှင့် လက်ရှစ်ချောင်းရှိသော သို့မူဘုရားလောင်း ကြွေဆင်းတုတော်သည် ပိုကြီး၍ ပိုမြင့်လာနေသည်။ မကြာမီပင် မီးဖိုထဲ၌ ထိုင်နေသော တောင်ငယ်တစ်ခုကနေ တောင်ကြီးနှင့် သစ်တောများထက် တက်လာပြီး လက်ထဲက ကြွေရတနာကို ဝေ့ယမ်း၍ ကျောက်ယန်လုံတို့ ညီအကို မောင်နှမများကို တစ်ချက်တည်းနဲ့ ထိုးနှက် ဖြိုခွဲလိုက်သည်။
ကျောက်ယန်လုံသည် မီးဖို အပြင်ဘက်ဆီသို့ ပြင်းထန်စွာ ပြေးသွားရင်း မနားတမ်း အော်ဟစ်နေသည်။
" မြန်မြန် ပြန်ဆုတ် ---"
ဟွမ်ဖောရွာက လီကျင်းသို့ကလည်း ထူးဆန်းသော အရာတစ်ခုကို သတိပြုမိပြီး သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
"လက်နက်ရှစ်ပါး သို့မူဘုရားလောင်းရုပ်တုကို ဘယ်သူက သွားနှောင့်ယှက်တာလဲ.... အသက်ရှင်ချင်စိတ် မရှိတော့ဘူးလား... နေဦး!"
"နတ်ဆိုး..... လက်နက်ရှစ်ပါး သို့မူဘုရားလောင်းရဲ့ ရုပ်တုမှာ တံဆိပ်ခတ်ထားတဲ့ မော်အဆင့် နတ်ဆိုးတစ်ကောင်ရှိတယ်.... သူ့ရဲ့ နတ်ဆိုးနယ်မြေက ပျံ့နှံ့နေပြီ"