အုပ်စိုးရှင် နတ်နဂါး တံဆိပ်။
Vol. 171 Ch. 2381
လမ်းလျှောက် နေလျက်မှ လင်းယွန်နှင့် လင်းကျန်းရှန့်က နောက်ချန်ရစ်ခဲ့၏။ ထို့နောက် လင်းယွန်က သူမထံ ကြည့်ကာ၊
“ မင်းဆရာနဲ့ သူငယ်ချင်း ... ဘယ်သူ့ကို ပိုယုံကြည်လဲ ။ ”
-ဟု မေးလိုက်သည်။
“ ကြည့်ရတာ နင့်ပုံစံနဲ့ မတူသလိုပဲ ... ကျိကျစ်ရှီ အဆင်မပြေမှာကို နင်ကြောက်နေ တာလား။ ”
လင်းကျန်းရှန့် စကားကြောင့် လင်းယွန်က ခေါင်းညိတ်လိုက်သည်။
“ ဒါက ငါ့ပုံစံပါပဲ ... သူ့အဖေကို ပွဲတက်ခွင့်ရအောင် လုပ်ပေးဖို့ပဲ ကတိပေး ခဲ့ပေမယ့် ... သူက ငယ်သေးတယ် ... ပြီးတော့ ငါ မပြန်နိုင်ရင် သူ့ကိုယ်သူ အပြစ် တင်လိမ့်မယ်။ ”
“ ဟမ့် အဲဒီလောက်လည်း ... အထင် မသေးပါနဲ့ သူက မြင်ရတာထက် ပိုသန်မာ ကြပါတယ် ငါပြောတာကို ယုံ ... ။ ”
သို့မှသာ လင်းယွန်က ငြိမ်သက်သွားသည်။
“ အဲဒီစီနီယာက ငါ့ဆရာအပေါ် ကျေးဇူးအများကြီး တင်ထားတယ် ... ဆရာသာ တောင်းဆိုရင် သေချာပေါက် သူလုပ်ပေး ပါလိမ့်မယ်။ ”
လင်းကျန်းရှန့်က စကားလမ်းကြောင်း ပြောင်းလိုက်၏။ လင်းယွန်မှ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း သူမက လက်ပြပြီး အပြောမခံချေ။
“ အခုတော့ ကောင်းကင် ပျက်စီးခြင်း ဘိုးဘေးရဲ့ အာရုံကို ရယူဖို့ ကြိုးစားရအောင် သူ့အာရုံကို ဖမ်းစားနိုင်ရင် ...
... နင့်ခွန်အားတွေ အများကြီး တိုးလာလိမ့်မယ် ... ခွန်လွန် ပြန်ဖို့ ကိုတော့ စိတ်မပူပါနဲ့။ ”
“ ကောင်းပြီ ... ဧည့်ခံပွဲမှာ ငါတို့ ပြန်ဆုံကြမယ်။ ”
နှစ်ယောက်သား နှုတ်ဆက်လျက် လမ်းခွဲ လိုက်ကြသည်။ သူတော်စင် တောင်တန်းသည် ကြီးမားလှသဖြင့် လူတိုင်း အတွက် ဆိတ်ညံရာ အရပ်ကို ရှာဖွေပြီး ကျင့်ကြံရန် လုံလောက် ချေပြီ။
လင်းယွန်က တောင်တန်းအပေါ် ဖြတ်ပျံနေလျက်မှ သူတော်စင် ရောင်ဝါများ တိုးဝင် လာသည်ကို ခံစားလိုက်ရသည်။
“ ဒီမှာ အဆင်ပြေမယ်။ ”
ဤနေရာသည် သူတော်စင် သွေး ပြန်ကြောနှင့် နီးကပ်ချေပြီ။ ထို့ကြောင့်ပင် မြေပြင်ပေါ် ဆင်းသက်လျက် အဆောက်အဦး အဟောင်းထံ လျှောက်လှမ်းသွားမိ၏။
လူဆိတ်ညံပြီး တစ်စုံတစ်ယောက်မှ စွန့်ခွာသွားသည်မှာ ကြာမြင့် နေပုံရသည်။
“ နေရာ ကောင်းတယ်။ ”
သည့်နောက် အုပ်စိုးရှင် နတ်နဂါး ဆေးပြားကို ထုတ်ယူမိသည်။ ဤအရာသည် ရတနာတစ်ပါး ဖြစ်ပြီး ခွန်လွန်၌ ပေါ်လာပါက ဧကရာဇ်များ အာရုံကိုပင် ဆွဲဆောင်နိုင်၏။
တော်ဝင် ကောင်းကင် သခင်၏ စကားများအရ ကိုယ်လုံးကိုယ်ပေါက်ကို သန့်စင်ရာ၌ အကျိုးရှိပေမည်။
မိုးပြာနဂါး နတ်ခန္ဓာကို ပြီးပြည့်စုံရန် နဂါးဒုက္ခ ခံယူရာတွင် ဤဆေးပြားသည် (၈) ကြိမ်အထိ ကူညီပေးနိုင်၏။
ဆိုလိုသည်မှာ သူသည် နောက်ဆုံး နဂါးဒုက္ခကိုသာ ကိုယ်တိုင် ရင်ဆိုင်ရမည်ဟု အဓိပ္ပါယ်ရသည်။
“ ဒါက အရမ်း တန်ဖိုးရှိတယ် ... ။ ”
ဆေးပြားကို သောက်လျက် အသက် ပြင်းပြင်းရှူလိုက်ရာ ချွေးပေါက်ထဲမှ ရွှေရောင် အလင်းများ ဖြာထွက်လာတော့၏။
“ ဗြိ ... ။ ”
အနား တစ်ဝိုက်တွင် ဧရာမ နဂါးကြီး ပေါ်လာပြီး ခြေသည်းများက ကောင်းကင်ကို ကုပ်ဖြဲသည်။ အုပ်စိုးရှင် နက္ခတ်ပေါ်လာ၏။
“ စနေပြီလား။ ”
တော်ဝင်ကောင်းကင် သခင်က နဂါးပြာနတ်ဆေးအိုးကြီး ပေါ်တွင် ရပ်လျက် ရေရွတ်လိုက်သည်။
“ ချောမွေ့မယ်လို့ မျှော်လင့်ကြရအောင်။ ”
ကောင်းကင်တာအိုသည် တစ်စုံတစ်ဦးကို ပြီးပြည့်စုံသော နတ်နဂါး ကိုယ်လုံး ကိုယ်ပေါက် ပိုင်ဆိုင်ရန် ခွင့်မပြုချေ။ ကြိုးစားသူ ကိုးဆယ် ရာခိုင်နှုန်းကို ဖယ်ရှားပစ်၏။
လင်းယွန် တစ်ယောက် ဆေးပြားကို သန့်စင်နေစဉ် ဘုံသုံးထောင်၌ ပွက်လောရိုက် နေခဲ့သည်။
တာအိုဂိုဏ်းဆီသို့ ချင်းယွင်တံဆိပ် ပြန်ဝင်လာပြီး အသက်မီးခွက် ငြိမ်းသွားသည်။
“ ချင်းယွင် သေပြီ ... ။ ”
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... တာအိုဂိုဏ်းရဲ့ တပည့်ကြီးကို ဘယ်သူ သတ်ဝံ့ တာလဲ။ ”
“ သူ ... ကောင်းကင် လွင်ပြင်ကို သွားခဲ့တာ မဟုတ်လား။ ”
“ ခွန်လွန်ရဲ့ ကြွက်တစ်ကောင်က ... ငါ့ဂိုဏ်းရဲ့ တပည့်ကြီးကို သတ်ဝံ့သလား ... မင်း ကောင်းကင် တံခါးမှာ ရှိနေရုံနဲ့ လုံခြုံပြီ မထင်နဲ့။ ”
အဆုံးတွင် တာအိုဂိုဏ်းချုပ်၏ အော်ငေါက်သံက ဂိုဏ်းအနှံ့ ပဲ့တင်ထပ်လာ ခဲ့သည်။
အရိပ်နန်းတော်၊ ကောင်းကင်ဓားခန်းမ၊ ကောင်းကင် လမင်း ဝံပုလွေနှင့် နတ်ဘုရား မျိုးနွယ် တို့တွင်လည်း အလားတူ ဖြစ်ရပ်များ ထွက်ပေါ်လာသည်။
“ လင်းယွန်ကို သတ်ပါ။ ”
“ အရိုင်းမြေက ကြွက်တစ်ကောင်က သတ္တိရှိလား။ ”
တစ်ဖက်တွင် လင်းယွန်သည် ကျင့်ကြံမှု အတွင်း၌ (၁၅)ရက် တိုင်တိုင် နစ်မြုပ် နေခဲ့၏။ (၁၆)ရက်မြောက် နေ့တွင် ဆေးပြားကို အောင်မြင်စွာ သန့်စင်လာနိုင်သည်။
မိုးပြာ နဂါး နတ်ခန္ဓာကိုယ် မှသည် နတ်နဂါးဘုရင်ခန္ဓာ အဖြစ် ပြောင်းလဲလာခဲ့၏။ နှလုံးသားရှိ မိုးပြာနဂါးနတ်ရူရ်သည် (၁၀)လုံး အထိ ပွားလာပြီး နတ်နဂါး ဖြစ်လာသည်။
“ နတ်ရူရ်ကို စမ်းကြည့်ရအောင် … ။ ”
မျက်လုံးဖွင့်လိုက်ရာ နဂါးသွေးများ ဆူပွက်လာသည်။ နောက်အခိုက်အတန့်တွင် ခန္ဓာကိုယ် ဖောင်းကားလျက် နဖူးပေါ်၌ ရွှေရောင်တံဆိပ် တစ်ခု ပေါ်လာ၏။
အသူရာ အင်္ကျီသည် ကွဲထွက်လာကာ ကြွက်သားတွင် ရွှေရောင်နဂါးရူရ်များ ရောယှက် နေသည်ကို မြင်သာစေ၏။
“ ဒါက နတ်နဂါး ရူရ်လား ... ။ ”
ထိတ်လန့်မှုကို မဖုံးကွယ် နိုင်တော့ချေ။ မီးတောင်ကဲ့သို့ ခံစားနေရသည်။ ဆိုလိုသည်မှာ ရုပ်ခန္ဓာဖြင့် သူတော်စင် ဖြစ်လာသူများကို လက်ဗလာနှင့် ရင်ဆိုင်နိုင်ပြီ ဖြစ်၏။
ထိုစဉ် ကောင်းကင်၌ ရွှေရောင် တိမ်တိုက်များ ရစ်သိုင်းလာပြီး လျှပ်စီးများ တဖျပ်ဖျပ် လက်လာတော့သည်။
တစက္ကန့်အတွင်း နဂါးဒုက္ခ၏ အငွေ့အသက်ကို ခံစားလိုက်ရ၏။ အလွန် အန္တရာယ်များ နိုင်သည်။
“ ဒီဒုက္ခကို ဖြတ်ကျော်နိုင်ရင် ... မင်းခန္ဓာကိုယ်က နတ်နဂါး ဘုရင် ကိုယ်လုံး ကိုယ်ပေါက် ဖြစ်လာလိမ့်မယ် ...
... မအောင်မြင်ရင်တော့ မိုးပြာ နဂါး နတ်ခန္ဓာ အဆင့်မှာ ဆက်ရှိနေပြီး ခန္ဓာကိုယ်ကို သန့်စင်ခြင်း အလားအလာက ဒီမှာတင် ပြီးဆုံးသွားပြီ။ ”
တော်ဝင် ကောင်းကင် သခင် အသံက အဝေးမှ လွင့်ဝဲလာ၏။ သို့သော် လင်းယွန်က ထိန်လန့်ခြင်း မရှိဘဲ ကောင်းကင်ပေါ် မော့ကြည့် လိုက်သည်။
“ မင်းအရူး ... ။ ”
လင်းယွန် မျက်ဝန်းအတွင်းထဲရှိ စိတ်လှုပ်ရှားမှုကို မြင်သောအခါ တော်ဝင် ကောင်းကင် သခင်က စကား မပြောတော့ဘဲ ရပ်ကြည့်နေလိုက်ရသည်။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
ရွှေရောင် လျှပ်စီးကြောင်းများ ကျဆင်းလာပြီး လင်းယွန် ခန္ဓာကိုယ်အပေါ် တိုက်စားတော့သည်။ ခဏချင်း အရိုးကျ သွား၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ကျိကျစ်ရှီ၊ ရှန်းထျန်းနန်၊ အောင်းကြွယ်နှင့် လင်းကျန်းရှန့်တို့က ပျံသန်း လာခဲ့သည်။
တော်ဝင်ကောင်းကင် သခင်နှင့် အတူ ဆေးအိုးပေါ် ဆင်းသက်ကာ လင်းယွန်ထံ ကြည့် လိုက်ကြ၏။
“ စီနီယာ ... အစ်ကိုကြီးလင်း ဘာဖြစ်နေတာလဲ။ ”
ကျိကျစ်ရှီက မေးသည်။ ရွှေရောင် လျှပ်စီးများက သူမကို စိတ်ပူစေ၏။
“ ဒါနဂါးဒုက္ခပဲ ... ဒါပေမယ့် ဒီလောက် ပြင်းလိမ့်မယ်လို့တော့ ငါ မမျှော်လင့်ထားဘူး ... မိုးပြာနဂါး ကြယ်စု ကိုယ်တိုင်ကပေးတဲ့ ဒုက္ခ ...
... မင်းရဲ့ အစ်ကိုကြီးလင်းက အုပ်စိုးရှင် နက္ခတ်အာရုံကို ဖမ်းစားထားပုံရတယ် ... ဒါက ဘယ်လို လုပ်လိုက်တာလဲ ... သူက ခွန်လွန်ကရော ဟုတ်ရဲ့လား။ ”
တော်ဝင် ကောင်းကင် သခင်က ရှင်းပြလျက်မှ မယုံကြည်နိုင်စွာ မေးမြန်းလိုက် လေသည်။
“ အရင်က အစ်ကိုကြီးလင်းမှာ မိုးပြာနဂါးနေလထီး တစ်လက် ရှိခဲ့ဖူးတယ် သူတော်စင် မဖြစ်ခင်တည်းက အကြိမ်ပေါင်း များစွာ အသုံးပြုတယ်။ ”
“ ဟမ့် ... သူတော်စင် မဖြစ်ခင် တည်းက ... အုပ်စိုးရှင် နက္ခတ်အစွမ်းကို သုံးဖို့ သတ္တိရှိတယ် တဲ့လား။ ”
“ အခု ဘာလုပ်သင့်လဲ။ ”
ကျိကျစ်ရှီက လိုရင်းကို မေး၏။
“ သူ အရှုံး ပေးလိုက်ဖို့ပဲ ဆုတောင်းပါ ... ဒါဆို အရင်ထက် သန်မာတဲ့ ... နတ်ခန္ဓာကိုယ် ရရှိလိမ့်မယ်။ ”
“ ဒါတော့ ဖြစ်နိုင်မယ် မထင်ဘူး။ ”
လင်းကျန်းရှန့်က ဝင်ပြောသည်။ တစ်ဖက်လူသည် မည်မျှ ခေါင်းမာသည်ကို သူမ သိထား၏။
ထိုအချိန်တွင် အရိုးစုမျှသာ ကျန်ရှိသော လင်းယွန်မှ မတ်တပ်ထရပ်ကာ ကောင်းကင်ထံ မော့ကြည့်သည်။ သူ့ခန္ဓာကိုယ်မှ နဂါး ဟောက်သံများ ပဲ့တင်ထပ်သွား၏။
ဤနဂါးဒုက္ခသည် သူ မမျှော်လင့် ထားသည့်အရာ ဖြစ်သည်။ အက်ကွဲကြောင်း အတွင်းမှ မိုးပြာနဂါးကြီး မျက်လုံးဖွင့်ကြည့် နေသည်ကို ခံစားရ၏။
“ ဂျိန်း ... ။ ”
ဤနည်းဖြင့် မိုးကြိုး ပစ်ပြီး ပြိုလဲသွား ပြန်သည်။ နဂါပြာ အရိုးနှင့် အုပ်စိုးရှင် နတ်နဂါး ဆေးပြား၏ အာနိသင်က ပြန်လည် ကုစားပေး သဖြင့် မကြာမီ ထရပ်နိုင်ခဲ့သည်။
“ ဂျိန်း ... ။ ”
သို့သော် မိုးကြိုးထပ်ပစ်ပြန်၏။ အဆိုပါ ဖြစ်စဉ်သည်အကြိမ်ကြိမ် ဖြစ်ပွားနေပြီး (၇)ရက် ကုန်လွန်သွားသည်။
“ ဂျိန်း ... ။ ”
အဆုံးတွင် နောက်ဆုံးသော နဂါးဒုက္ခ ဆင်းသက်လာပြီး သူတော်စင် တောင်တစ်ခုလုံး ပြိုကျသွားတော့၏။
“ သွားကြည့်ရအောင် ... ။ ”
တော်ဝင် ကောင်းကင် သခင်ပင် မထိန်းနိုင်တော့ဘဲ ပြေးထွက် လာခဲ့မိသည်။ သို့သော် ကီလိုမီတာ အနည်းငယ် အကွာသို့ ရောက်သောအခါ ရပ်တန့်လိုက်ရ၏။
တန်ခိုးကြီးသော နဂါးရောင်ဝါများက သူတို့ကို မဝင်လာနိုင်စေရန် ပန်ဝန်းကျင်အပေါ် ကန့်သတ်ထားချေပြီ။
ထို့ကြောင့် အဝေးမှပင် ဖုန်မှုန့်များ ငြိမ်သွားသည် အထိ ရပ်ကာ စောင့်ကြည့်မိ၏။ အဆုံးတွင် ထူးဆန်းသော မြင်ကွင်းက သူတို့ကို စီးကြိုနေခဲ့သည်။
အာကာသ အက်ကြောင်းအတွင်းမှ နဂါး လက်သည်း ထွက်လာပြီး လင်းယွန် နဖူးပေါ် တံဆိပ်တစ်ခု ရေးထွင်းပေးနေခြင်း ဖြစ်၏။
လင်းယွန်ခမျာ ဒူးတစ်ဖက် ထောက်လျက်ဖြင့် နဖူးမှသွေးများ မြေပြင်ပေါ် တပေါက်ပေါက် ကျနေသည်။
“ အုပ်စိုးရှင် နတ်နဂါး တံဆိပ်ပဲ။ ”
***