ကောင်းကင် တံခါး ကြယ်နယ်မြေ။
Vol. 171 Ch. 2383
နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက်သည် တော်ဝင် ကောင်းကင် သခင် အတွက် ဝှက်ဖဲ ဖြစ်၏။
သို့သော် လင်းယွန် မျက်လုံးများရှိ တိုက်ပွဲဝင်ဆန္ဒများကို မြင်ချိန်၌ သင်ခန်းစာ တစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။
“ လာ ... ပန်းသင်္ချိုင်း မင်းရဲ့ ခွန်အားကို ငါမြင်ပါရစေ။ ”
“ ဒါဆို တောင်းပန်ပါတယ်။ ”
လင်းယွန်က ရိပ်ခနဲ ပျောက်ကွယ် သွားသည်။ ပြန်ပေါ်လာသော အခါတွင် နဂါး ဟောက်သံနှင့်အတူ ခန္ဓာကိုယ် ဖောင်းကား လျက် လက်သီးများ တွဲပါလာ၏။
ရွှေပြာရောင် နဂါးကြီး ပေါ်လာပြီး ပုံရိပ်ပေါင်း(၉၀)ကျော် ချန်ရစ်ကာ တော်ဝင် ကောင်းကင် သခင်ထံ လက်သီးမိုး ရွာသွားသည်။
ရွှေရောင် ကောင်းကင် သတ္တုချပ်ဝတ်မှာ ပြိုကျမည့် အရိပ်အယောင်များ ပြသလာသဖြင့် တော်ဝင် ကောင်းကင် သခင်က တုန်လှုပ်မိ၏။
အားနည်းချက်များကို ရှာမတွေ့ သောကြောင့် လင်းယွန်က ခွန်းအားသုံးကာ အတင်းအကြပ် ဖြိုခွဲနေခြင်း ပေပင်။
“ ဟိတ် ... ။ ”
တော်ဝင် ကောင်းကင် သခင်က ရာနှင့်ချီသော ရူရ်များကို ထပ်မံ ပေါင်းထည့်ပြီး ဒုတိယအဆင့် သူတော်စင်သခင် အဆင့်သို့ မြှင့်တင် လိုက်တော့၏။
“ စီနီယာ ... မင်း ရှုံးသွားပြီ။ ”
လင်းယွန်က ပြောသည်။
“ ဒါက ခိုးကြောင်ခိုးဝှက်နဲ့ ငါ့ကို ဝင်တိုက်တဲ့အတွက် ထည့်မတွက်ဘူး။ ”
တော်ဝင် ကောင်းကင် သခင်က ငြင်းဆန်နေသဖြင့် လင်းယွန်မှ စကားမပြော တော့ဘဲ လက်သီးနှင့် ထပ်မံ ထိုးနှက် လိုက်လေသည်။
လင်းယွန်က နတ်ရူရ် သုံးလုံးကို အသက်သွင်းထား၏။ လက်သီး အဟုန်မှာ ကောင်းကင်နှင့် မြေကြီးကို တဆတ်ဆတ် တုန်လာစေသည်။
နောက်ထပ် နတ်ရူရ် နှစ်လုံးကို ထပ်မံပေါင်းထည့် လိုက်သောအခါ တော်ဝင် ကောင်းကင် သခင်သည် မျက်လုံးပြူးလျက် တတိယအဆင့်သို့ ချက်ချင်း မြှင့်တင်လိုက် ရ၏။
၎င်းသည် အဆုံး မဟုတ်သေးချေ။ ရောင်ဝါများ ထပ်မံ မြင့်တက်လာပြီး သတ္တမ အဆင့်ထိ ရောက်ရှိလာသည်။
လင်းယွန် နောက်၌ အုပ်စိုးရှင် နက္ခတ်ဖြစ်သော မိုးပြာနဂါး ပုံသဏ္ဍာန်ကို ဖျတ်ခနဲ မြင်လိုက်ရ၏။
“ ခရစ် ... ။ ”
မိုးပြာနဂါး နတ်ခန္ဓာနှင့် နတ်နဂါး ဘုရင် ခန္ဓာကိုယ်ကြား ကွာခြားချက် ကြီးမားချေပြီ။ နှစ်ဦးသား တိုက်မိသောအခါတွင် ချပ်ဝတ် နှစ်ခြမ်းကွဲ သွားတော့၏။
ထို့ကြောင့် ကျင့်ကြံမှုကို အဋ္ဌမအဆင့်သို့ ချက်ချင်း မြှင့်တင်မိသည်။ သို့မှသာကောင်းကင် သတ္တုချပ်ဝတ်က တည်ငြိမ်သွား၏။
ဤအရာက လင်းယွန်အပေါ် ကြီးမားသောဖိအားများ သက်ရောက်စေသဖြင့် မျက်မှောင်ကြုတ် သွားမိသည်။ သူ့နဖူးရှိ ရွှေတံဆိပ်ကို အသက်သွင်းလိုက်ရ၏။
“ အုပ်စိုးရှင် နတ်နဂါး တံဆိပ်။ ”
မိုပြာနဂါး၏ လက်သည်း တစ်ဖက်က ကောင်းကင်ကို ခွဲလျက် ကျဆင်းလာတော့၏။ ဤတစ်ကြိမ်၌ ကောင်းကင် သတ္တု ချပ်ဝတ်မှာ လုံးလုံး ပြိုကျသွားသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
တော်ဝင် ကောင်းကင် သခင် ခမျာ ခြေ(၇)လှမ်း ပြန်ဆုတ်သွားတော့၏။ မည်သည့် ဒဏ်ရာမျှ မရရှိခဲ့သော်လည်း အနည်းငယ် ရှက်စရာ ကောင်းချေပြီ။
“ ငါ ကံကောင်းတယ်။ ”
ရှန်းထျန်းနန်က ဝမ်းသာအားရ ပြုံးသည်။
“ စီနီယာ ... မင်း ရှုံးသွားပြီ။ ”
လင်းယွန်က အုပ်စိုးရှင် နတ်နဂါး တံဆိပ်ကို ပျက်ပြယ်စေလိုက်ပြီး စကားဆိုမိ၏။ တော်ဝင် ကောင်းကင် သခင်က သက်ပြင်းချကာ၊
“ လူငယ်တွေ အရမ်း မောက်မာ မနေသင့်ဘူးလို့ မင်းကို ငါ ပြောပြချင်ခဲ့တာ အခုတော့ ငါပဲ သင်ခန်းစာရခဲ့တယ်။ ”
-ဟု ဝန်ခံလေသည်။
လင်းယွန်က ပြုံးပြပြီး စကားမဆိုခဲ့ချေ။
“ အဆင်ပြေပါတယ် ... စီနီယာက အစ်ကိုကြီးလင်းကို ... အုပ်စိုးရှင် နတ်နဂါး ဆေးပြား အသုံးပြုပုံ သင်ပေးခဲ့ပဲ ... ရှက်စရာ မဟုတ်ပါဘူး။ ”
ကျိကျစ်ရှီက ဝင်ပြီး နှစ်သိမ့်ပေး၏။
“ ဒါဟာ ငါနဲ့ ဘာမှ မဆိုင်ပါဘူး ... သူ့ရဲ့ ကံကြမ္မာပါ။ ”
တော်ဝင် ကောင်းကင် သခင်သည် တစ်စုံတစ်ရာကို သတိပြုမိနေသည်ဟု ခံစားရ သဖြင့် လင်းယွန်က ပြန်ကြည့်မိ၏။
“ ကောင်းပြီ ... ဒါ ငါ့ရဲ့ ဆုံးရှုံးမှုပဲ၊ မင်းဘာလိုချင်လဲ သိပ်မများ သရွေ့တော့ သဘောတူ နိုင်ပါတယ်။ ”
“ ကောင်းကင် တံခါးကို ဘယ်နှစ်ရက်နေရင် ခရီးထွက်မလဲ။ ”
လင်းယွန်က တိုက်ရိုက် မဖြေသေးချေ။
“ ငါးရက် ... ။ ”
“ ဒါဆို အဲဒီငါးရက်အတွင်း နဂါးပြာ နတ်ဆေးအိုးကို ငှားပေးနိုင်မလား ဘယ်လိုလဲ သိပ်တော့ မလွန်ဘူး မဟုတ်လား။ ”
လင်းယွန်အသွင်က ရိုးသားပြီး မသိ နားမလည်သော အမူအရာဖြင့် မေးမြန်းလိုက် လေသည်။
“ မင်းဘာတွေ ကြံစည်နေတာလဲ။ ”
တော်ဝင် ကောင်းကင် သခင်က အဖြေမပေးဘဲ သံသယဖြင့် ပြန်ကြည့်၏။
“ ဘာများ ကြံစည်နိုင်မှာလဲ နဂါးပြာ နတ်ဆေးအိုးဆီကနေ ... ယင်ယန် တာအိုကို သင်ယူချင်လို့ပါ။ ”
လင်းယွန်က ပြုံးပြီး ပြန်ဖြေသည်။ ယင်ယန်တာအိုသည် ထာဝရ တာအို တစ်ပါး ဖြစ်ပြီး အခြားသူ တစ်ဦးသာ ထိုသို့ပြောပါက ယုံမည် မဟုတ်ချေ။
သို့သော် လင်းယွန်နှင့် ချင်းယွင် တိုက်ပွဲကို မြင်ပြီးနောက်၊
“ အဲဒါက ဖြစ်နိုင်ပါတယ် ... နဂါးပြာ ဘိုးဘေး နတ်ဘုရားက မင်းကို ကောင်းချီးပေး ပါလိမ့်မယ်။ ”
-ဟု ခွင့်ပြုလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ”
လင်းယွန်က ဝမ်းသာသွား၏။
“ ဒါပေမယ့် ... နဂါးပြာ နတ်ဆေးအိုး နောက်ကို လိုက်ဖို့ မစဉ်စားနဲ့ ... ဒါ ကောင်းကင် တံခါးရဲ့ ရတနာပဲ။ ”
“ စီနီယာက နဂါးပြာ နတ်ဆေးအိုးကို ... ကျွန်တော် နှိမ်နင်းနိုင်မယ်လို့ ထင်နေတာလား။ ”
လင်းယွန် ပြုံးပြီး ပြန်မေးလိုက်သည်။
“ မင်းမှာ အနှစ်တစ်ရာ အချိန်ရရင်တောင် ဖြစ်လာမှာမဟုတ်ဘူး။ ”
ထိုစကားကြောင့် လင်းယွန်က သူ့နှာခေါင်းကို ပွတ်သပ်ကာ နတ်ဆေးအိုးထံ လှမ်းကြည့်လိုက်မိ၏။
သွေးအနှစ်သာရ ခတ်နှိပ်ရန် နဂါးပြာ နတ်တံဆိပ် ဦးစွာ ရိုက်နှိပ်ရပေမည်။ အဆိုပါ လုပ်ငန်းစဉ်သည် ဤငါးရက်အတွင်း လုံလောက်နိုင်၏။
ယင်-ယန် တာအို အတွက်မူ အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်လေသည်။ သို့သော် စမ်းကြည့်နိုင်မည်။ အောင်မြင်ခဲ့သော် ထာဝရ တာအို နှစ်ပါး ရရှိမည် ဖြစ်၏။
ငါးရက် ကုန်လွန်သောအခါ တော်ဝင် ကောင်းကင် သခင် ဦးဆောင်ပြီး လူတိုင်း ပြန်၍ ရောက်ရှိ လာသည်။
လင်းယွန်က ဓားရောင်ဝါနှင့် နဂါးပြာ နတ်ဆေးအိုး ပေါင်းစပ်ကာ မီးတောက်နေသော ယင်-ယန် ပန်းချီကားကို ဖွင့်ပြီးထိုင်နေ၏။
၎င်းမှာ အဆုံး မဟုတ်သေးချေ။ သူ့နောက်ကျော၌ ဓားကြီးတစ်လက်ကိုလည်း ယောင်ဝါးဝါး ပြသထားသည်။
“ ကောင်းလိုက်တာ ... နဂါးပြာ နတ်ဆေးအိုးကို တကယ်ပဲ အနိုင်ယူခဲ့တာလို့ မပြောနဲ့။ ”
ရှန်းထျန်းနန်က အံ့သြသွား၏။ သို့သော် တော်ဝင် ကောင်းကင် သခင်က နုအ လွန်းသော ရှန်းထျန်းနန်ထံ လှည့်ကြည့်ပြီး၊
“ မင်း ဘာတွေ အိပ်မက် မက်နေတာလဲ ... ဒါ ... နတ်ဆေးအိုးကို အပြင်ကနေ ထိန်းချုပ်ပြီး ယင်-ယန်အပေါ် နားလည်မှု ရယူနေတာ။ ”
-ဟု အထင်အမြင်သေးစွာ ပြန်လည် ပြောကြားလိုက်သည်။
သူတော်စင်ဘုရင် မဖြစ်ခင် ထာဝရ တာအိုကိုသာ ဆုပ်ကိုင်နိုင်ခဲ့သော် ဘိုးဘေး နတ်ဘုရား၏ အာရုံကို သေချာပေါက် ဖမ်းစားနိုင်မည် ဖြစ်၏။
ထို့ကြောင့် လင်းယွန်ကို သဘောကျစွာ လှမ်းကြည့်ပြီး၊
“ ကောင်းပြီ ... နောင်မှာ နဂါးပြာ နတ်ဆေးအိုးနဲ့ အချိန်ဖြုန်းခွင့် ငါထပ်ပေးမယ် အခု သွားကြရအောင်။ ”
-ဟု လင်းယွန်ကို နိုးလိုက်တော့၏။
တစ်ဖက်တွင် လင်းကျန့်ရှန့်က လင်းယွန်သည် ယင်ယန် တာအိုကို လေ့ကျင့် နေပုံ မပေါ်ဟု သံသယ ဝင်မိသည်။
သို့သော် ယုံကြည်ချက် ရှိလွန်းသော တော်ဝင် ကောင်းကင် သခင် စကား အတိုင်း မှတ်ယူကာ နတ်ဆေးအိုးအပေါ် လိုက်ပါ ပျံသန်းခဲ့သည်။
“ ဝှစ် ... ။ ”
လူတိုင်း နဂါးပြာ နတ်ဆေးအိုးပေါ် ရောက်ရှိလာသည်နှင့် နတ်ဆေးအိုးမှာ အလင်း ရောင်များ တောက်ပလျက် ကောင်းကင်ပေါ် ပျံတက်လာတော့သည်။
သုံးရက်အကြာတွင် ကောင်းကင် တံခါး ကြယ်နယ်မြေသို့ ရောက်ရှိလာ၏။ ဤသည်မှာ ၎င်းတို့၏ အမာခံနယ်မြေ ဖြစ်သည်။
ကြယ်နယ်မြေ တစ်ဝိုက်တွင် ဥက္ကာခဲကြီးများအလား လှည့်ပတ်နေသော အရံကြယ်(၁၉)လုံး ရှိသည်။
ကောင်းကင်တံခါး ကြယ်နယ်မြေသည် ကြီးမားပြီး ခွန်လွန်၏ မြင့်မြတ်မြေများထက် သာလွန်သော ဧရိယာမျိုး ရှိ၏။
ကြယ်နယ်မြေ ပေါ်တွင် ကျွမ်းကျင်သူ များဖြင့် စည်ကားနေခဲ့သည်။ ကောင်းကင်၌ ပျံသန်းနေသော သူတော်စင် ရှေးဟောင်း ပစ္စည်း အများအပြားကိုလည်း မြင်နိုင်၏။
သို့တိုင် နဂါးပြာ နတ်ဆေးအိုး ပေါ်လာခြင်းသည် လူတိုင်း၏ အာရုံကို သဘာဝ အတိုင်း ဆွဲဆောင်နေခဲ့တော့သည်။
***