← Chapters

မင်းမှာ မရီး ဘယ်နှစ်ယောက် ရှိတာလဲ။

Vol. 171 Ch. 2387

မင်းမှာ မရီး ဘယ်နှစ်ယောက် ရှိတာလဲ။

Vol. 171 Ch. 2387

ဤငါးရက်အတွင်း ကျိကျစ်ရှီသည် ယွဲ့ဝေဝေ၏ အကူအညီဖြင့် ဖီးနစ် တံဆိပ်ကို ချိုးဖျက်ရန် ပြင်ဆင်နေခဲ့သည်။

လင်းကျန်းရှန့်နှင့် လင်းယွန်တို့ သည်လည်း သက်ဆိုင်ရာ ထာဝရ တာအိုများကို ဆုပ်ကိုင်ရန် ကြိုးစားနေဆဲ ဖြစ်၏။

“ ဟိတ် ... ။ ”

လင်းယွန်က လေထဲ လက်သီးများ ထိုးနှက်လိုက်သည်။ သူ့ ခြေဖဝါးအောက်၌ ယင်ယန် ပန်းချီကားတစ်ချပ် ပေါ်လာ၏။

၎င်းပန်းချီကားမှာ လည်ပတ်လျက် လက်သီးကို စွမ်းအင်များ ထောက်ပံ့ပေး နေသည်။

ခန္ဓာကိုယ် တစ်လျှောက် ဖြတ်သန်း စီးဆင်းနေသော မိုးပြာနဂါး နတ်သွေးများက ပွက်ပွက်ဆူလာ၏။

မိုးပြာနဂါး နက္ခတ် သည်လည်း ကောင်းကင်ကို ခွဲကာ သူ့ထံ စွမ်းအားများ ထပ်မံ ပေးပို့လာသည်။

ထို့ကြောင့် လက်သီးရိပ်များသည် နှေးကွေးနေ သော်လည်း ပြိုင်ဘက်အပေါ် ရှောင်တိမ်းရ ခက်စေသည်။

“ ဝှီး ... ။ ”

အဆိုပါ လက်သီး နည်းစနစ်ကို ယင်-ယန်တာအို၏ နက်နဲ သိမ်မွေ့မှုမှ နားလည် သဘောပေါက်ထားခြင်း ဖြစ်၏။

မိုးပြာနဂါး နက္ခတ်နှင့် ပေါင်းစပ်ကာ စိတ်ကူးမယဉ်နိုင်သော စွမ်းအားကို ထုတ်လွှတ် ပေးနိုင်သည်။

“ ဂျိန်း ... ။ ”

ကြောက်စရာ ကောင်းသော စွမ်းအားများ လက်မောင်းတစ်လျှောက် ပုံလာစဉ် ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ကာ လှည့်ပတ်လိုက်၏။

“ ရွှပ် ... ။ ”

ထိုစုစည်းထားသော စွမ်းအင်များက ဓားစွမ်းအင်အဖြစ် လျင်မြန်စွာ ပြောင်းလဲ သွားတော့သည်။

မြန်တလှည့်-နှေးတလှည့် အကြား ဓားရောင်ခြည်များ ရစ်ဝဲလျက် လေဟာနယ် စုပ်ယူမှု စွမ်းအားကြီး ဖြစ်ပေါ်လာ၏။

လက်သီးထိုးနည်းနှင့် ဓားနည်းပညာသည် ဆန့်ကျင်ဘက် ပေပင်။ ထို့ကြောင့် ယင်ယန်ဓား ပညာရပ်အဖြစ် ရိုးရိုးရှင်းရှင်း အမည်ပေးခဲ့၏။

ယခုအချိန်တွင် သူ့၌ ဝှက်ဖဲများ ပို၍ များပြားလာပြီ ဖြစ်သည်။ အုပ်စိုးရှင် နက္ခတ် နှစ်ပါးနှင့် ထာဝရ တာအို နှစ်ပါး ဟူသည် လုံလောက်သင့်၏။

လူတိုင်း ပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ချေ။ များမကြာခင် ကျိကျစ်ရှီနှင့် ယွဲ့ဝေဝေ ရောက်ရှိလာ၏။

“ သွားဖို့ အချိန်ကျပြီ ... ။ ”

ယနေ့တွင် ဧည့်ခံပွဲ ကျင်းပရန် နေ့ရက်ကျရောက်လာပြီ ဖြစ်သည်။ ၎င်းတို့က ညီအစ်မ နှစ်ယောက် အလား ရင်းနှီးနေခဲ့၏။ ဤအရာက လင်းယွန်ကို အံသြစေသည်။

သို့သော် ခေါင်းညိတ်လျက် ကိုယ်လက်သန့်စင်ကာ အဝတ်အစား အမြန်လဲ လိုက်၏။ ထို့နောက် ကျိကျစ်ရှီထံ ကြည့်ကာ၊

“ ဘာလို့ မင်းရဲ့ မျက်နှာဖုံးကို ဖယ်လိုက်တာလဲ။ ”

-ဟု မေးမြန်းလိုက်မိသည်။

“ အစ်မယွဲ့က အဲဒါကို ဖယ်ထားဖို့ အကြံပေးတယ် တစ်ခုခု ဖြစ်လာရင် အစ်ကိုကြီး လင်းက ဖြေရှင်းပေးလိမ့်မယ်တဲ့ ... ။ ”

“ ငါက ... ။ ”

လင်းယွန်က ကူကယ်ရာမဲ့စွာဖြင့် ယွဲ့ဝေဝေကို ပြန်ကြည့်၏။

“ မှန်တယ် ... အစ်ကိုကြီးလင်းက ဖြစ်ပျက်သမျှ အတွက် တာဝန်ယူ ပေးရမယ်။ ”

ယွဲ့ဝေဝေက ပြုံးကာ ခေါင်းညိတ်၏။

“ ခဏ နေပါဦး ... မင်းတို့က ဘယ်အချိန်ကစပြီး ... ညီအစ်မတွေလို ရင်းနှီး လာရတာလဲ။ ”

“ ဟမ့် ... ဘာလို့လဲ ... အစ်ကိုကြီးလင်းက ငါတို့ကို ရန်ဖြစ်မယ်လို့ မျှော်လင့်ထားတာလား။ ”

“ ဟုတ်တယ် ... အစ်မယွဲ့က အစ်ကိုကြီးလင်း အကြောင်း အများကြီး ပြောပြတယ်။ ”

“ ဘာအကြောင်းတွေလဲ။ ”

လင်းယွန်က ယွဲ့ဝေဝေ မေးခွန်းကို ကျော်လိုသဖြင့် ကျိကျစ်ရှီထံ စိတ်ဝင်တစား ပြန်မေးတော့၏။

“ ပယင်း နယ်မြေမှာတုန်းက ... အကြောင်းတွေေပေါ့ ... ချောက်ကမ်းပါးပေါ်က ခုန်ဆင်းရာကနေ စပြီး ... နိဗ္ဗာန်ပွဲတော်မှာ မိန်းကလေး ဘယ်နှစ်ယောက် မြင်ခဲ့ရသလဲ ဆိုတာတွေ ... ။ ”

“ ဒါဆို လုံလောက်ပြီ။ ”

“ ပြီးတော့ ဆုစီယာ အကြောင်း ... ဒါ့အပြင် အစ်ကိုကြီးလင်းမှာ နောက်ထပ် ဇာတ်လမ်းတွေ အများကြီး ရှိသေးတယ် မဟုတ်လား။ ”

လင်းယွန်က ယွဲ့ဝေဝေထံ ပြန်လှည့်ကြည့်ကာ၊

“ မင်းဘာလို့ ... သူ့ကို အားလုံးကို ပြောပြရတာလဲ ... ။ ”

-ဟု စိတ်မသက်မသာဖြင့် ညည်းတွားလိုက်သည်။

“ အစ်မယွဲ့ကို အပြစ်မတင်ပါနဲ့ ... ။ ”

“ ငါက ဘယ်လိုလုပ် အပြစ်တင်ရဲမှာလဲ။ ”

လင်းယွန်က ခေါင်းယမ်း လိုက်သည်။ ယွဲ့ဝေဝေကို ဆုစီယာထက်ပင် သူ ကြောက်ရ ချေပြီ။ သူမသည် တည်ငြိမ်လွန်းသော်လည်း အနည်းငယ် ခေါင်းမာ၏။

“ ဒီနေ့ ရာသီဥတု ... သာယာတယ်။ ”

ရုတ်တရက် လင်းကျန်းရှန့်က လက်နှစ်ဖက်ကို နောက်ပို့ကာ ဟန်ပါပါဖြင့် ရောက်ရှိလာသည်။

“ လင်းကျန်းရှန့် ... မင်း ဘယ်တုန်းက ရောက်နေတာလဲ။ ”

လင်းယွန်က မလုံမလဲဖြင့် မေးလိုက်မိ၏။

“ ကြာပြီ ... ။ ”

လင်းကျန်းရှန့်က ပြုံးကာ ပြန်ဖြေသည်။ ထို့နောက် သူမကပင်၊

“ လင်းယွန် ... နင့်အမြင်မှာ မိန်းမတွေကို အရူးတွေများ ထင်နေလား။ ”

-ဟု တင်းမာစွာ မေးမြန်းလိုက်၏။

“ မှန်တယ် ... မိန်းမတွေက သူ့ကြောင့် ရူးကုန်ပြီ။ ”

ယွဲ့ဝေဝေ ပြုံးပြီး ပြန်ဖြေ၏။ သူမ အပြုံးသည် ချစ်စရာ ကောင်းချေပြီ။ သို့သော် စူးရှသော အကြည့်ကြောင့် လင်းကျန်းရှန့်မှ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။

များမကြာခင် ပြုံးလျက်၊

“ ကောင်းပြီ ... ငါလည်း ... မိန်းမ တစ်ယောက်ဆိုရင် ဒီလို ရူးသွပ်မိမှာ သေချာ ပါတယ်။ ”

-ဟု ပြန်၍ ဖြည့်စွက် ပြောကြား လိုက်ရသည်။

ဤသည်မှာ လင်းယွန်ကို ချီးကျူးသော စကားဖြစ်၏။ သို့မှသာ ယွဲ့ဝေဝေ အကြည့်များ ပြောင်းသွားပြီး လင်းကျန်းရှန့်အပေါ် ချက်ချင်း သဘောကျ သွားလေသည်။

“ ဟမ့် ... မင်းအောင်မြင်ခဲ့ပြီလား။ ”

လင်းယွန်က စကားလမ်းကြောင်း ပြောင်းလိုက်၏။ လင်းကျန်းရှန့်မှ ခေါင်းညိတ် ပြသည်။

တစ်ဖက်တွင် ကျိကျစ်ရှီ သည်လည်း နားမလည်နိုင် လောက်အောင် ဖြစ်လာသည်ကို သတိထားမိလာသည်။

သူမထံမှ အပူရှိန်ကို သိသိသာသာ ခံစားမိ၏။ ယွဲ့ဝေဝေ အတွက်မူ ပြောစရာ မလိုချေ။

ကံကောင်းစေသည်မှာ ဤအမျိုးသမီး များထက် ပို၍ သန်မာနေခြင်း ပေပင်။ ထိုစဉ် အောင်းကြွယ်နှင့် ရှန်းထျန်းနန် ရောက်ရှိ လာခဲ့၏။

“ မင်းတို့ လိုက်ချင်လို့လား။ ”

လင်းယွန်က မေးသည်။

“ ဟုတ်တယ် ... ဒါက ကောင်းကင်ဘုံ ပျက်စီးမြေရဲ့ ဧည့်ခံပွဲပဲ ... ငါတို့ ခွန်အားကြောင့် မပါဝင်နိုင်ပေမယ့် ... မင်းနဲ့ မရီးတွေရဲ့ ဖျော်ဖြေမှုကို လက်လွတ် မခံနိုင်ဘူး။ ”

“ ဟား ဟား ဟား ... ။ ”

ရှန်းထျန်းနန်က စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ပြန်ဖြေလာ၏။ သူ့စကားကြောင့် အောင်းကြွယ်ပင် ရယ်မောတော့သည်။

“ ထျန်းနန် မင်းက မရီးတွေ ဆိုတော့ ... မင်းမှာ မရီးဘယ်နှစ်ယောက်တောင် ရှိနေ တာလဲ။ ”

“ သုံး ... အိုက်ရား ... ။ ”

ရှန်းထျန်းနန်က လက်သုံးချောင်း ထောင်ပြတော့မည့် အချိန်တွင် အေးစက်သော လေထုကို ခံစားလိုက်ရသဖြင့် ချက်ချင်း ပါးစပ် ပိတ်သွားပြီး လင်းယွန်ထံ လှည့်ကြည့်မိ၏။

လင်းယွန်က သူ့ကို ကူညီရန် စိတ်ဝင်စားပုံမပြဘဲ တစ်ဖက်လှည့်နေခဲ့သဖြင့်၊

( တစ်ယောက်လား ... နှစ်ယောက်လား ... ဒါမှမဟုတ် သုံးယောက်လုံးလား အစ်ကိုလင်း ... မင်းငါ့ကို အတည်ပြုပေးပါဦး။ )

-ဟု လေသံတိုးတိုး မေးမြန်း လိုက်ရသည်။

သို့သော် လင်းယွန်က သူ့အသံကို မကြားဟန်ပြုကာ နားအတွင်း တစ်စုံတစ်ခု ဝင်နေဟန် သန့်ရှင်းရေး လုပ်နေ၏။

“ မင်း ... သုံးယောက်အဖြစ် သတ်မှတ်လို့ ရတယ်။ ”

ရုတ်တရက် ယွဲ့ဝေဝေက ပြန်ဖြေလိုက်ရာ လင်းယွန်အပါအဝင် လူတိုင်း မျက်လုံးပြူးသွား တော့သည်။

“ ဂလု ... ။ ”

“ သုံးယောက်တောင် ... ။ ”

ကျိကျစ်ရှီက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး အောင်းကြွယ်နှင့် ရှန်းထျန်းနန်က တံတွေးနင် သွားသည်။

သူမကို ထည့်သွင်း ရေတွက်မှုကြောင့် လင်းကျန်းရှန့်သည်လည်း အံ့အားသင့်သွားရာမှ အဆုံးတွင် ခေါင်းညိတ်လျက်၊

“ မှန်တယ် ... ဒါက ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်သမီး၊ ကောင်းကင်ဘုံ ဖီးနစ် သမီးတော်နဲ့ ငါ ... ။ ”

-ဟု ဝန်ခံလိုက်တော့သည်။

သူမ၏ အပြုအမူနှင့် ဖြည့်စွက် စကားကြောင့် ရှန်းထျန်းနန်က ဟာသ တစ်ခုလို အော်ဟစ် ရယ်မောတော့၏။

“ အိုက်ရား ... လင်းကျန်းရှန့် ... နင် နင်ရောလား ... ဟား ဟား ဟား ကောင်းတယ် ... ကောင်းတယ် အရမ်းကောင်းတယ်။ ”

ယနေ့သည် ကောင်းကင်တံခါး အတွက် အရေးကြီးသောပွဲဖြစ်သည်။ သို့သော် သူတို့တွင် စိုးရိမ်စရာများ မရှိတော့ဘဲ တဟားဟား အော်ဟစ် ရယ်မောလိုက်မိတော့၏။

ဤသည်မှာ လင်းယွန် ခရီးအတွက် နောက်ဆုံးသော တိုက်ပွဲ ဖြစ်သည်။ ထို့ကြောင့် ဤလေထုသည် သူ့ကို အနည်းငယ် သက်တောင့် သက်သာဖြစ်စေ၏။

လမ်းမများပေါ်တွင် ရထားတွဲများဖြင့် ပြည့်နှက်နေခဲ့သည်။ လူတိုင်းက သူတော်စင် ခြံဝင်းထံ ဦးတည်နေ၏။

ဘုံသုံးထောင်မှ သက်ကြီးရွယ်အိုများနှင့် ဉာဏ်ကြီးရှင် များစွာလည်း တက်ရောက်လာ ခဲ့သည်။

ထိုစဉ် မိုးကုပ်စက်ဝိုင်းကို ဖြတ်၍ ပုံသဏ္ဍာန်တစ်ခု ပျံသန်းလာသဖြင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

“ ဒါ ... ကောင်းကင်ဘုံ ချီလင် နတ်ဘုရားသားတော်ပဲ။ ”

ထိုလူငယ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းယွန်နှင့် တွေ့ဆုံခဲ့သူ ဖြစ်သည်။

သူနောက်၌ ချီလင်တောင်မှ တပည့် အများအပြား လိုက်ပါလာ၏။ ၎င်းမှာ အသက် (၃၀)မျှသာ ရှိသော်လည်း ဒဏ္ဍာရီတစ်ခုလို ကျော်ကြားလှသည်။

“ မကြာသေးမီက ချီလင်နတ်သားကို ကောင်းကင် ရနံ သင်းသင်းရဲ့ နတ်သမီးလေးနဲ့ ဓားသမား တစ်ယောက်က အရှက်ခွဲခဲ့တယ်လို့ ငါကြားတယ်။ ”

“ မှန်တယ် ဓားသမားက ပန်းသင်္ချိုင်း ... နဝမမြောက် စမ်းသပ်ကွင်းမှာ ... မောက်မာတဲ့ လူငယ်ပဲ။ ”

လူအုပ်အတွင်းမှ စကားသံများကြောင့် ရှန်းထျန်းနန်က လင်းယွန်ကို ပြန်ကြည့်မိ၏။

“ အစ်ကိုကြီးလင်း၊ မင်းအကြောင်း ပြောနေကြပြီ။ ”

ယွဲ့ဝေဝေက ပြုံးကာ ပြောသည်။ ကျိကျစ်ရှီက တစ်စုံတစ်ရာကို တွေးမိသွားပြီး တခစ်ခစ် ရယ်လျက်၊

“ ဟုတ်တယ် ... သူတို့ အားလုံး အစ်ကိုကြီးလင်းကို ရိုက်ချင်နေကြပုံပဲ။ ”

-ဟု မှတ်ချက် ဝင်ပေးလာ၏။

ဤတစ်ကြိမ် သူမ စကား၏ အဓိပ္ပါယ်ကို လင်းယွန် သိသည်။ ထို့ကြောင့် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိ၏။

ဤအမျိုးသမီး သုံးယောက် အနက် မည်သူမဆို ၎င်း၏ အလှတရားဖြင့် အင်ပါယာ တစ်ခုကို ပျက်သုဉ်းစေနိုင်မည်။

ထို့ကြောင့် ပြိုင်ပွဲအတွင်း အမျိုးသား ထုကြီး၏ ရန်လိုသော အကြည့်များ သူ့အပေါ် ကျရောက်လာမည်မှာ သံသယ ဖြစ်နေစရာ မလိုချေ။

***

All Chapters