ယွဲ့ဝေဝေ ... ။
Vol. 171 Ch. 2390
လင်းကျန်းရှန့်က လင်းယွန် နံဘေးသို့ ပြန်လာ ထိုင်သည်။ ထက်ရှသော ဓားတစ်လက် ကဲ့သို့ ဤတိုက်ပွဲက သူမကို နာမည်ကြီးစေ၏။
လူများစွာက သူမ မူလကို လျင်မြန်စွာ စုံစမ်းလာကြသည်။ ကောင်းကင်ဓားခန်းမ၏ အကိုင်းအခက်တွင် ထိုကဲ့သို့ ဉာဏ်ကြီးရှင် တစ်ပါးကို မွေးထုတ် ပေးခဲ့သည်မှာ မယုံနိုင်စရာ ပေပင်။
“ သူမက တကယ့် ဓားသမားပဲ။ ”
“ ပန်းသင်္ချိုင်းက ... ဓားသမား တစ်ယောက်လို့ ငါကြားဖူးတယ် ဒါပေမယ့် လူမှားနေ သလိုပဲ ပန်းသင်္ချိုင်းကို တောက်ပဖို့ လင်းကျန်းရှန့်က အခွင့်အရေး ပေးခဲ့တာ များလား။ ”
နဝမမြောက် စမ်းသပ်ကွင်း အကြောင်း ဆွေးနွေး ကြသောအခါ လင်းယွန်အကြောင်းကို သဘာဝအတိုင်း ရှောင်လွှဲ၍ မရခဲ့ချေ။
နောက်ဆုံးတွင် ထိုသူသည် ကောင်းကင်ဓားခန်းမ၊ တာအိုဂိုဏ်းနှင့် အရိပ် နတ်ဘုရား နန်းတော်ကို ကိုင်တွယ် ဖြေရှင်းပြီး နေရာလွတ် ငါးနေရာ ဖန်တီးခဲ့သည်။
သို့သော် လင်းယွန်၏ ခွန်အားကို မည်သူမျှ မမြင်ဖူးသောကြောင့် လူအများက သံသယဝင် လာမိကြ၏။
ရှယွမ်က လင်းကျန်းရှန့်ကို ကြည့်ကာ ထိတ်လန့်သွားသည်။ သူမသည် လင်းယွန်နှင့် အဖွဲ့ကို လက်ခံရန် တာဝန်ယူစဉ်က အနည်းငယ် အထင်သေးခဲ့၏။
“ မင်းရဲ့ဓားက အရမ်းမြန်တယ်၊ ငါတောင် မမြင်နိုင်တော့ဘူး။ ”
လင်းယွန်က ချီးကျူးလိုက်သည်။
“ ဒါဆို ... နင့်ကို ငါ အမီလိုက်နိုင်ပြီပေါ့။ ”
လင်းကျန်းရှန့်မှ ပြန်ပြော၏။ ထို့ကြောင့် လင်းယွန်က ပြုံးလိုက်သည်။ နောက်ဆက်တွဲ တိုက်ပွဲ အနည်းငယ် သည်လည်း ရင်သပ်ရှု မောဖွယ် ဖြစ်၏။
ပထမ စမ်းသပ်ကွင်းမှလာသော တုကုကြွယ်သည် အုပ်စိုးရှင်း နက္ခတ်ဖြင့် စင်မြင့်ကို သိမ်းယူခဲ့သည်။
၎င်း၏ တိုက်ပွဲဝင် ပုံစံသည် ရက်စက် ကြမ်းကြုတ်ကာ လင်းယွန်ကို အတွေးနက်လာ စေ၏။
သူ၏ နတ်နဂါး ခန္ဓာကိုယ်သည် နဂါးဗတ္တိဇံပေးပြီး ဖြစ်သည့်အတွက် မိုးပြာနဂါး နက္ခတ်ကို ခေါ်နိုင်သည်။
ထို့ကြောင့် ၎င်းကို အုပ်စိုးရှင် နက္ခတ် အဖြစ်ယူဆပါက အုပ်စိုးရှင် နက္ခတ် နှစ်ပါး ပိုင်ဆိုင်ကြောင်း ယူဆနိုင်မည်။
များမကြာခင် ကျိကျစ်ရှီ နာမည်ကို အော်ခေါ်သံ ကြားလိုက်ရသည်။
“ အို ... လှလိုက်တာ သူ့အလှက ရှချင်းယွင်ထက် လုံးဝမနိမ့်ဘူး ... နဝမမြောက် စမ်းသပ်ကွင်းကနေ လင်းယွန်နဲ့အတူ လာခဲ့တဲ့ မိန်းကလေးပဲ။ ”
“ ဒါဆို သူက ပန်းအိုးလေးပေါ့ … နှမျောစရာပဲ … ။ ”
“ ဟား ဟား ဟား ... ။ ”
ကျိကျစ်ရှီ မူလကို သိလိုက်သောအခါ အားလုံး၏ အကြည့်များက ရယ်မောဖွယ် ဖြစ်သွားကြသည်။
ကျိကျစ်ရှီ၏ အပြုံးများ ပျောက်ကွယ် သွား၏။ ဒေါသ မရှိလျှင်ပင် ထိုစကားများက သူမကို စော်ကားရာ ရောက်သည်။
ထို့ကြောင့် တိုက်ပွဲ စတင်သည်နှင့် ခွန်အားကို မဖုံးကွယ်ဘဲ ကောင်းကင်ဘုံ ဖီးနစ် သမီးတော် အထောက်အထားကို ပြသလိုက်တော့၏။
“ ဖရူး ... ။ ”
သူမ နောက်တွင် သက်တန့်ရောင် အတောင်ပံတစ်စုံ ပေါ်လာပြီး လူတိုင်းထံမှ အာရုံကို ရရှိသွားသည်။
“ တကယ်လှတဲ့ ကောင်မလေးပဲ ... အရင်က ငါဘာလို့ သတိ မထားမိရတာလဲ။ ”
လင်းယွန်က လွှတ်ခနဲ ညည်းတွား လိုက်မိသည်။
“ အစ်ကိုကြီးလင်း ... မင်း သဘောကျလား။ ”
ယွဲ့ဝေဝေက ပြုံးပြီး မေးမြန်းလာ၏။
“ ပွဲကောင်းနေပြီ ... ။ ”
လင်းယွန်မှ အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်မိသည်။ ကျိကျစ်ရှီက သွေးသားကို လောင်ကျွမ်းလျက် ပြိုင်ဘက်များကို အနိုင်ယူ နေခဲ့သည်။ စိတ်နေစိတ်ထားနှင့် ခွန်အားမှာ ပြောင်းလဲနေပြီဖြစ်၏။
အားကောင်းသော ဖီးနစ်ရောင်ဝါများ ပေးစွမ်းပြီး အတောင်ပံ ခတ်လိုက်ချိန်တိုင်း လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။ ယင်းက သူမကို မြင်ကွင်းမှ မကြာမကြာ ပြောက်ကွယ်စေ၏။
ကောင်းကင်ဘုံ လွင်ပြင်သို့ ရောက်ရှိ ပြီးနောက် သူမ၏ ကျင့်ကြံမှုသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
အဟုန်မှာ လင်းယွန်ပင် လိုက်မမီနိုင်ချေ။ ထို့နောက် လင်းကျန်းရှန့် ကဲ့သို့ပင် သူ့အနားသို့ ပြန်လည် ရောက်ရှိလာသည်။
“ တစ်ခုခုတော့ မူမမှန်ဘူး ... လင်းယွန် အနားမှာ အလှတရားတွေ ဘာလို့ အများကြီး ရှိနေရတာလဲ။ ”
“ ဟမ့် ... မင်းပြောမှ ငါလည်း သတိထားမိတယ်။ ”
လူတော်တော် များများက တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလာ၏။ ကျိကျစ်ရှီ၊ ယွဲ့ဝေဝေ ဟူသည် ကောင်းကင်ဘုံ ဖီးနစ် သမီးတော်နှင့် ကောင်းကင် ရနံ့ သင်းသင်း နတ်သမီး ဖြစ်သည်။
လင်းကျန်းရှန့်သည် ကောင်းကင် ဓားခန်းမ၏ ပါရမီရှင် ဓားသမား ဖြစ်၏။ ရေခဲ အလှတရား အဖြစ် နာမည်ကြီးသည်။ ယခုမူ ထိုသုံးယောက်လုံး လင်းယွန်ကို ဝိုင်းရံနေ၏။
လူတိုင်း၏ မကျေမနပ် ဖြစ်မှုကို ခံစားမိလိုက်သဖြင့် လင်းကျန်းရှန့်က ပြုံးသည်။
“ ပန်းသင်္ချိုင်း ... နင်က အမျိုးသားထုကြီးရဲ့ ဘုံရန်သူ ဖြစ်သွားပြီ။ ”
လင်းယွန်က ကူကယ်ရာမဲ့စွာ နှာခေါင်း ပွတ်လိုက်သည်။ သူတို့ဘေးရှိ ရှယွမ်သည်ပင် ပြုံးရယ်လာမိ၏။
လင်းယွန်၏ အသွင်အပြင်သည် မှော်ဆန်ကာ စကား အနည်းငယ် ပြောဆိုကြည့် ပြီးနောက် နှစ်လိုဖွယ် ကောင်းကြောင်း သူမ သိရှိခဲ့သည်။ ထွေးနွေးသော လေထုမျိုး ရှိ၏။
“ ဘာလို့ ဘယ်သူကမှ ငါ့ကို မထင်ကြတာလဲ။ ”
ရုတ်တရက် ရှန်းထျန်းနန်က ရွှတ်နောက်နောက် ဝင်ပြောလာသည်။
“ တခြား လူတွေက အရမ်းသန်မာတဲ့ အတွက် ပစ်မှတ်ထားခံရတယ် ... အစ်ကိုလင်း မင်းကတော့ အရမ်းချောတဲ့အတွက် ရန်ငြိုးဖွဲ့ ခံနေရတယ်။ ”
အောင်းကြွယ်က ပြုံးပြီး ပြောကြား လာတော့၏။ ထိုအချိန်တွင် ယွဲ့ဝေဝေနှင့်အတူ လင်းယွန်အမည် ခေါ်သံ ကြားလိုက်ရသည်။
“ ဒါ ... ။ ”
“ ဒီကောင် ... ။ ”
နှစ်ယောက်သား လက်ချင်းချိတ်ကာ စင်မြင့်ပေါ် လှမ်းသွားသဖြင့် လူအုပ်ကြီးမှာ ပို၍ ဒေါသကြီး လာတော့၏။
“ ဒါဆို အမှန်ပဲပေါ့ ... ကောင်းကင် ရနံ့သင်းသင်းရဲ့ နတ်သမီးက ပန်းသင်္ချိုင်းကို စောင့်နေတာပဲ။ ”
အိပ်မက်များ ကွဲကြေသွားသည့်အလား လူအချို့က ညည်းတွားကုန်၏။ စင်မြင့်ပေါ်ရှိ ကျန်(၉၈)ယောက်လုံး၏ အကြည့်များက လင်းယွန်အပေါ် ကျရောက်သွားသည်။
“ ဒီကောင့်ကို အရင်ရိုက်ရအောင်။ ”
“ ဟုတ်တယ် ... ရုပ်ရည်က လွဲပြီး ဘာမှ မရှိတဲ့ကောင် ... မျက်နှာကို ဖြတ်ရိုက်။ ”
လူအုပ်အတွင်းမှ စကားသံများကြောင့် လင်းယွန်က ပတ်ပတ်လည်ကို ဝေ့ကြည့်ကာ ပြုံးလိုက်မိသည်။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”
ထိုစကားကြောင့် တော်ဝင် ကောင်းကင် သခင်သည်ပင် လင်းယွန်ကို ဆင်းရိုက်ချင်စိတ် ပေါက်လာသည်။
“ အစ်ကိုကြီးလင်း ... သူတို့ကို ကိုင်တွယ်ခွင့်ပေးပါ ... ။ ”
ရုတ်တရက် ယွဲ့ဝေဝေက မျက်စိမှိတ်ပြလိုက်သည်။
“ ဒါဆို သူတို့က ... ငါ့ကို ချက်ချင်း လာသတ်ကြလိမ့်မယ်။ ”
“ ဘာဖြစ်လဲ ... ဝေဝေက ဒီကမ္ဘာပေါ်မှာ အစ်ကိုကြီးလင်းသာ ကံအကောင်းဆုံး လူသား အဖြစ် သူတို့ကို သိမြင်စေချင်တာ။ ”
စကား ပြောလျက်မှ အနား ကပ်ပြီး လင်းယွန်နှုတ်ခမ်းကို ရွှတ်ခနဲ မော့နမ်းလိုက် တော့သည်။
“ စလိုက်ရအောင် ... ။ ”
တော်ဝင် ကောင်းကင် သခင်က သည်းမခံနိုင်တာချေ။ တိုက်ပွဲစရန် ကြေငြာ လိုက်ရသည်။
ပြိုင်ဖက် ကိုးဆယ့်ရှစ်ယောက်က နက္ခတ်များ ဆင့်ခေါ်လိုက်ပြီး တန်ခိုးကြီးသော ရောင်ဝါ အဖြစ် ပေါင်းစည်းတော့၏။
၎င်းတို့၏ နှလုံးသားထဲရှိ ဒေါသများကို ဖုံးကွယ်ရန် စိတ်ကူးမရှိတော့ခေျ။
“ အရမ်းမိုက်တယ်။ ”
လူကိုးဆယ့်ရှစ်သည် ဤမျှ မြန်မြန် စည်းလုံးသွားသည်ကို ရှန်ထျန်းနန် တစ်သက် မမြင်ဖူးသဖြင့် မျက်ခုံးပင့်လိုက်မိသည်။
ထိုအချိန်တွင် ယွဲ့ဝေဝေက ပြုံးလျက် ထိုလူ(၉၈)ယောက်ထံ လှည့်ကာ မျက်နှာချင်း ဆိုင်လိုက်သည်။ အပြုံးသည် ချစ်စရာကောင်း လွန်းသဖြင့် လူတိုင်း ခဏမျှ ရပ်တန့်သွား၏။
“ ဝှစ် ... ။ ”
ယွဲ့ဝေဝေက မည်သည့် အရပ်မှ ထွက်ပေါ်လာမှန်း မသိသော ဖဲကြိုးများဖြင့် လူတိုင်းထံ ပစ်ထုတ်လိုက်သည်။
ထို့နောက် လင်းယွန်ကို လှည့်ပတ်ကာ ကခုန်တော့၏။ ဤအရာက ပြိုင်ဘက်များကို အသက်ရှူ မှားကုန်စေသည်။
“ အရမ်း လှတယ် ... ။ ”
တိုက်ရမည်လော။ ကပွဲကို ကြည့်ရ မည်လော။ မသဲကွဲတော့ချေ။ ဤအရာက တိုက်ပွဲကို မေ့လျော့သွားစေ၏။
သူတို့အားလုံး၏ တစ်ခုတည်းသော အတွေးမှာ လင်းယွန်အပေါ် မနာလိုဖြစ်လာခြင်း ပေပင်။
ရုတ်တရက် လင်းယွန်က ပြုံးပြီး နတ်ကျောက်စိမ်း ဝါးပလွေကို ထုတ်ယူကာ တီးမှုတ်တော့သည်။ လူတိုင်း သူ့ဂီတ၌ နစ်မျောသွား၏။
များမကြာခင် ရောင်စုံချည်မျှင်များက သက်တံအလား ကောင်းကင်မှ ကျဆင်းလာပြီး ယွဲ့ဝေဝေအပေါ် ဖုံးလွှမ်းလာသည်။
ဆံပင်များ ဝဲပျံလျက်ဖြင့် သူမက လင်းယွန်ကို ပြုံးပြ၏။ တေးသံအောက်တွင် သူမ အသွင်မှာ မှော်ဆန်နေခဲ့သည်။
ကောင်းကင် ပိုးကြိုးမျှဉ်များက သူမ သွားလေရာ လိုက်ပါလာပြီး အင်္ကျီတစ်ထည်ကို ယှက်လုပ်နေတော့၏။
***