ရှန့်ထိုဖြစ်လာခြင်း
Vol. 012 Ch. 1159
လူတိုင်းက ကောင်းကင်ကို မော့ကြည့်သည်။ အနက်ရောင် တိမ်တိုက်များက စုစည်းနေပြီး တစ်စထက်တစ်စ ကြောက်မက်ဖွယ် ကောင်းလာနေ၏။ နတ်ဘုရားဆေးကြော သန့်စင်ခြင်း အလင်းရောင်က ကောင်းကင်ထက်မှ ကျဆင်းလာသည်။
ရီဖူရှင်း၏ နတ်ဘုရားပြစ်ဒဏ်တွင် မတူညီသော အရောင်များ များပြားစွာ ပါဝင်နေသည်။ ကောင်းကင်မှ ရောင်စဉ်များသည် အလွှာများစွာ ဆင့်ကဲဖြစ်ပေါ်လာကာ ကမ္ဘာလောကကြီး တစ်ခုလုံးအား ဖျန်းပက်တော့မည့်နှယ် ထင်မှတ်ရ၏။
သို့သော် ရီဖူရှင်းသည် ထိုနေရာမှာပင် ရုပ်တုအလား ရပ်နေကာ ရှောင်ရှမ်းသည်လည်း အလားတူ လှုပ်ရှားခြင်း မရှိပေ။
ရှောင်ရှမ်းကား သူလုပ်ခဲ့သည်များအား ဝန်ခံခဲ့ပြီဖြစ်သည်။
ရှောင်ရှမ်းသည် ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့ရာ ရှောင်မိသားစုက ဧကရီရှောင်ထံ၌ နောက်ထပ် အခွင့်အရေးပေးရန် တောင်းဆိုခဲ့ကြ၏။ သူတို့က သူ့အား စစ်တပ်သို့ ပို့ဆောင်ရန် အသင့်ဖြစ်နေခဲ့ကြပြီ။ များပြားလှစွာသော ဧည့်သည်များကလည်း သူ့ကို လိုက်ပါပို့ဆောင်ရန် ရောက်လာကြပြီး သူ၏အနာဂတ်မှာ တောက်ပနေပြီ ဖြစ်၏။
သို့သော်လည်း အင်ပါယာရှားဘုံတွင် လျှမ်းလျှမ်းတောက် ကျော်ကြားလာခဲ့သော လူငယ်မျိုးဆက် ပြိုင်ဘက်ကင်းသည် သူ့အား လာရောက် တားဆီးခဲ့၏။
ရှောင်မိသားစုမှ လူများမှာ မျက်နှာများ သိပ်မကောင်းကြတော့ပေ။ သူတို့က ရှောင်ရှမ်း၏ အနာဂတ်အတွက် မျှော်လင့်ချက် ကြီးမားခဲ့ကြသည်။ သူက ရှန့်ထိုအဆင့်သို့ ရောက်သွားခဲ့ပြီး သူ့စိတ်နှလုံးများသည်လည်း ပြောင်းလဲခဲ့ပြီဖြစ်သည်။ သူက ရှောင်အိမ်တော်အား အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုများ သယ်ဆောင် လာနိုင်သည်။ ထို့ကြောင့် ရှောင်အဘိုးအိုက သူ၏ မျှော်လင့်ချက်များကို သူ့အပေါ်တွင် တစ်ဖန် ပုံအပ်လိုက်ခြင်း ဖြစ်၏။
သို့သော်ငြား ယခုအချိန်မှာတော့ သူတို့အားလုံး နားလည်ခဲ့သည်မှာ ရှောင်ရှမ်းကား အဆုံးသတ်လေပြီ။
ရီဖူရှင်းပြောသည်ကို သူတို့အားလုံး ကြား၏။ သူသည် အင်ပါယာလီဘုံမှ လူများနှင့် ပူးပေါင်းကာ အင်ပါယာလီဘုံသို့ ရောက်နေသည့် ရီဖူရှင်းကို သတ်ရန် ကြိုးစားခဲ့သည်။ ၎င်းက ခွင့်လွှတ်ရန် မသင့်သော ရာဇဝတ်မှုဖြစ်သည်။ ရှားရှင်းယွန်သည်ပင် သူ့ကို ဒီအတိုင်း ခွင့်လွှတ်မည် မဟုတ်ပေ။ ရီဖူရှင်းကလည်း အလွတ်ပေးမည် မဟုတ်ပေ။
တိမ်တိုက်တောင်ကြားမှ လူများကလည်း လေထဲကို မော့ကြည့် လိုက်ကြသည်။ ကုန်းစွန်းနီ၊ ကုန်းစွန်းကျောင်းနှင့် အခြာလူများ အားလုံးမှာ ခံစားချက်များ ရှုပ်ထွေးနေကြသည်။
သူတို့ ရီဖူရှင်းကို ပထမဆုံးတွေ့ဆုံသည့် အချိန်ကို အမှတ်ရမိကြ၏။ ထိုစဉ်က ရှောင်အိမ်တော်တွင် ရှောင်အဘိုးအို၏ မွေးနေ့မင်္ဂလာအား ကျင်းပနေခဲ့၏။
ရီဖူရှင်းသည် အထက်ဘုံသို့ ရောက်ကာစ၌ပင် နာမည်ကျော်ကြား လာခဲ့သည်။ သူက လီဟန်ဓားနန်းတော် စိန်ခေါ်မှုကို အံ့အားသင့်ဖွယ် ပြန်လည် အနိုင်ယူခဲ့သည်။ ထိုစဉ်က လူတိုင်းသည် ရီဖူရှင်းက အလွန်တရာ မောက်မာလွန်းသည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့သော်လည်း ရီဖူရှင်းက လီဟန်ဓားနန်းတော်မှအတော်ဆုံးတပည့်ဖြစ်သော ဝမ်ချွန်းအား သူ အနိုင်ယူပြခဲ့၏။
ထို့နောက် နတ္ထိဘုံတိုက်ပွဲတွင် သူသည် ရှားရှင်းယွန်နှင့် ပူးပေါင်းပြီး ယွင်ကျင်းကို သတ်ဖြတ်ကာ အောင်မြင်မှုအားလုံးကို တစ်ကိုယ်တော်အစွမ်းဖြင့် ဆောင်ကျဉ်းပေးခဲ့၏။ နတ္ထိဘုံ၌ အင်ပါယာလီဘုံမှ ရီဖူရှင်းအား လုပ်ကြံရန် ကြိုးစားခဲ့ရာ မထင်မှတ်ထားစွာ လီဟန်ဓားသမားက ရီဖူရှင်းကို ကယ်တင်ပေးခဲ့ပြန်၏။ ထိုအရာက ရီဝူချင်းအား ကူညီခြင်းလား၊ ရီဖူရှင်း၏ပါရမီကို တန်ဖိုးထားခြင်းလား တစ်ခုခု ဖြစ်သည်မှာတော့ သေချာသည်။
သူသည် အင်ပါယာရှားဘုံ၏ လူငယ်မျိုးဆက်တွင် အထွန်းတောက်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။ ယခု ထိုပါရမီရှင်သည် ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့လေပြီ။
အနာဂတ်တွင် သူက မင်းသမီးနှင့် ပခုံးချင်း ယှဉ်ရပ်နိုင်မှာလား။
ထိုအခိုက်အတန့်တွင် ရှားရှင်းယွန်က အဘယ်ကြောင့် ရီဖူရှင်းကို တန်ဖိုးထားကြောင်း နားလည်လိုက်ကြသည်။ ရှားရှင်းယွန်နှင့် အင်ပါယာရှားတို့သည် မူလကတည်းက ရီဖူရှင်း၏ ပါရမီကို သိနေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ရန်သူ့နယ်မြေမှ တော်ဝင်အကြံပေးကပင် သူ့ကို တန်ဖိုးထား၏။ အမှန်တကယ် ထူးချွန်သော သူဆိုသည်မှာ ပြိုင်ဘက် သို့မဟုတ် ရန်သူများကပင် လေးစား တန်ဖိုးထားခြင်း ခံရ၏။
ဘုန်း ...
မိုးချုန်းသံကဲ့သို့ ကျယ်လောင်သံတစ်ခုက လူတိုင်းအား အတွေးထဲမှ ဆွဲထုတ်သွားသည်။ နတ်ဘုရားဆေးကြော သန့်စင်ခြင်း အလင်းများက ကောင်းကင်မှ ကျဆင်းလာပြီး ရီဖူရှင်းကို ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ သူ၏ငွေရောင်ဆံပင်များက လေထဲတွင် ကခုန်နေပြီး သူ့အဖြူရောင် ဝတ်ရုံကလည်း တဖျတ်ဖျတ် လွင့်နေသည်။
နတ်ဘုရားအလင်းများသည် သူ့ခန္ဓာကိုယ်ကို ပိုမိုအားကောင်းစွာဖြင့် ဖြတ်သန်း စီးဆင်းလာနေခဲ့၏။ သို့သော်လည်း သူသည် အနည်းလေးမျှပင် ယိမ်းယိုင်မသွားဘဲ မားမားမတ်မတ် ရပ်နေဆဲပင်ဖြစ်၏။
ကြောက်မက်ဖွယ် စွမ်းအားများက ရီဖူရှင်းကို စီးဆင်းနေသော်လည်း သူ့ခန္ဓာကိုယ်အတွင်းတွင် အလွန်တရာ သန်မာအားကောင်းကြောင်း လူအများက သတိထားမိကြသည်။ နတ်ဘုရားအလင်းက သူ၏ စိတ်ဝိညာဉ် စွမ်းအားများကို စတင်သန့်စင်သည်။ တစ်ချိန်တည်းမှာ ၎င်းက သူ့အသွေးအသားများကို သန့်စင်၍ ရှန့်ထိုအဆင့်သို့ တက်ရောက်စေသည်။
သူ့အရှေ့တွင်ရှိနေသော ရှောင်ရှမ်းမှာ ရှန့်ထိုတစ်ယောက် ဖြစ်သော်လည်း နတ်ဘုရားပြစ်ဒဏ်၏ ရိုက်ခတ်မှုကြောင့် ကြီးစွာသော နာကျင်မှုများအား ခံစားနေရ၏။ သူ၏ အားနည်းလှသော ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူက သွေးတစ်ပွက် အန်ထုတ်လိုက်ကာ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့လာ၏။
ရှောင်ရှမ်း၏ အသက်ရှူနှုန်းမှာ တဖြည်းဖြည်း အားနည်းသထက် အားနည်းလာသည်။ သူက အရှေ့မှ မယုံနိုင်ဖွယ် လင်းလက် တောက်ပနေသော ပုံသဏ္ဌာန်ကို ကြည့်ကာ ဝမ်းနည်းမှုတို့အား ခံစားလာရသည်။ အဆုံးသတ်က ဤသို့သော အခြေအနေ ဖြစ်လာမည်ဟုသာ သိခဲ့ပါက သူသည် မိုက်မဲစွာ လုပ်ဆောင်ခဲ့မည် မဟုတ်ပေ။
ရီဖူရှင်းသည် သူ အန်တု ယှဉ်ပြိုင်မရသူမှန်း ထိုစဉ်က သူ နားမလည်ခဲ့။ သူက အဘယ်ကြောင့် ရီဖူရှင်းအား မနာလိုဝန်တို ဖြစ်ခဲ့ရသနည်း။ သူ၏အောင်မြင်မှုများအား ဖျက်ဆီးရန် ကြိုးစားခဲ့ရသနည်း။ သူသည် တစ်ချိန်လုံး မှားယွင်းသော လမ်းကို လျှောက်လှမ်းနေခဲ့သည်။ သူ့အနေဖြင့် နောင်တရနေပြီ ဖြစ်သည့်တိုင်အောင် ရီဖူရှင်းက သူ့အား ခွင့်လွှတ်မည် မဟုတ်သည်ကို နားလည်၏။
“ဘယ်သူလဲ” ရီဖူရှင်းက ရှောင်ရှမ်းကို မေးသည်။
ရှောင်ရှမ်းက ထိုကိစ္စများကို သူတစ်ယောက်တည်း မလုပ်နိုင်ပေ။ သူ့အပြင် တခြားလူများလည်း ပါဝင်နေပေ၏။
ရှားရှင်းယွန်က ရှောင်ရှမ်းနှင့် ရှောင်မိသားစုကို အမြဲတမ်းအားဖြင့် စောင့်ကြည့် နေခဲ့သည်ဟု သူ့ကို ပြောသည်။ ထိုသို့သော အခြေအနေတွင် ရှောင်ရှမ်းအနေဖြင့် သူကိုယ်တိုင် လှုပ်ရှားကြံစည်ရန် လုံးဝ မဖြစ်နိုင်ပေ။ ရှားရှင်းယွန်ကလည်း လိမ်ညာမည် မဟုတ်သည်မှာ သေချာ၏။
သူ့မေးခွန်းကို ကြားသောအခါ အားလုံး တုန်လှုပ်သွားကြသည်။ သည်ကိစ္စများ နောက်ကွယ်တွင် နောက်တစ်ယောက် ရှိနေသေးသည်လား။
ရှောင်ရှမ်းအပြင် မည်သူတို့ ပါဝင်ပတ်သက် နေသနည်း။
လူတိုင်းက အမှတ်တမဲ့ဖြင့် ရှောင်မိသားစုကို လှမ်းကြည့်လိုက်ကြသည်။ ဤတွင် ရှောင်အဘိုးအို၊ ရှောင်ချိန်ဟေးနှင့် အခြားသူတို့မှာလည်း စိုးရိမ်စိတ်များ ဖြစ်လာကြ၏။ ပြဿနာက ရှောင်ရှမ်းတစ်ဦးတည်းနှင့် သက်ဆိုင်ခြင်း မဟုတ်တော့။
ရှောင်ရှမ်းက အင်ပါယာလီဘုံမှ လူများနှင့် ပူးပေါင်းခဲ့သည်။ ထို့အပြင် သူကြံစည်ခဲ့သည့်သူမှာ အရှင်မင်းကြီးနှင့် မင်းသမီးတို့က တန်ဖိုးထားရသောသူ ဖြစ်နေခဲ့၏။ ရှောင်ရှမ်းအနေဖြင့် ရှောင်မျိုးနွယ်ဝင်ဖြစ်လျှင်ပင် သည်ကဲ့သို့ကိစ္စမျိုးအား ခွင့်လွှတ်ပေးနိုင်ရန် မဖြစ်နိုင်ပေ။
“ရှင်းယွန်” ရှောင်အဘိုးအိုက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည် ... “မင်းအဘိုးကိုတော့ မင်း ဒီလိုမတွေးဘူးမလား”
ရှောင်မိသားစုသည် အင်ပါယာရှားဘုံတွင် မြင့်မားသော အာဏာရှိသည်။ ရှောင်အဘိုးအိုသည် အင်ပါယာ၏ ယောက္ခမဖြစ်ပြီး ဧကရီရှောင်သည် မင်းသမီး၏ မိခင်ဖြစ်သည်။ သူတို့မိသားစု၏ အဆင့်အတန်းက အလွန်မြင့်မားပေသည်။ သူတို့က တာလီပြည်ထောင်နှင့် ပူးပေါင်းကာ အင်ပါယာရှားဘုံကို သစ္စာဖောက်ခြင်းမှာ ဖြစ်နိုင်ပါ့မလား။
သည်ကိစ္စမှာ အလွန်တရာ အရေးကြီး လာခဲ့လေပြီ။
“သူက ဒီလိုပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှောင်ရှမ်းက ဒါတွေကို တစ်ယောက်တည်း လုပ်ခဲ့တာ မဟုတ်ဘူး” ရှားရှင်းယွန်ကလည်း ပြောသည်။
ထိုစကားကို ကြားသည့်အခါ ရှောင်အဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ အဖြစ်အပျက်များ အားလုံးကို သေသေချာချာ သုံးသပ်ဆင်ခြင်ပါက သည်ကိစ္စများ အားလုံးကို ရှောင်ရှမ်း တစ်ယောက်တည်း လုပ်ခဲ့ခြင်း မဟုတ်ကြောင်း သူလည်း နားလည်လာရသည်။
သူက ရှောင်မိသားစုမှ လူများကို တစ်ချက် ဝေ့ကြည့်သည်။ ထို့နောက် ရှောင်ချိန်ဟေးကို ကြည့်သည်။ သူတို့က သည်မျှရဲတင်းကြပါသလော။
နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အလင်းက တစ်ဖန်ထပ်ပြီး အော်မြည်ကာ ကျဆင်းလာပြန်သည်။ ရီဖူရှင်းသည် နတ်ဘုရား ပြစ်ဒဏ်အတွင်း၌ လုံးဝနစ်မြုပ်သွားခဲ့ကာ စစ်မှန်သော နတ်ဘုရားအလား ထင်မှတ်ရ၏။ သို့သော်လည်း နတ်ဘုရားပြစ်ဒဏ်က သူ့ကို အနည်းငယ်မျှပင် တုန်လှုပ်စေခြင်း မရှိခဲ့။ သူက ကောင်းကင်နတ်ဘုရား တစ်ပါးကဲ့သို့ စွမ်းအားအပြည့်ဖြင့် တည်ငြိမ်စွာ မတ်မတ် ရပ်နေနိုင်ဆဲ ဖြစ်၏။
လူတိုင်းက သူ့အား ကြည့်ကြသည်။ ရီဖူရှင်းသည် ယခင်က မည်မျှ ထူးချွန်ပါစေ သူသည် လူငယ်မျိုးဆက်တစ်ဦးသာ ဖြစ်သည်။ သို့သော်လည်း ယနေ့ သူက ရှန့်ထိုအဆင့်သို့ တက်လှမ်းအပြီးတွင် သူသည် အမှန်တကယ် စွမ်းအားကြီးသူ ဖြစ်လာပေတော့မည်။
ယခုအချိန်တွင် ရီဖူရှင်းလိုအပ်သည်မှာ အမှန်တရား ဖြစ်၏။ ထို့ကြောင့် သူက ရှောင်ရှမ်းကို မေးမြန်း စစ်ကြောနေခြင်းဖြစ်၏။
ရှောင်ရှမ်းက နတ်ဘုရားပြစ်ဒဏ်၏ လှိုင်းများကြောင့် နာကျင်နေရပြီး သူ ချောင်းဆိုးလိုက်တိုင်း သွေးတို့ အန်ထွက်လာသည်။ ထို့နောက် သူက ရီဖူရှင်းကို ကြည့်သည်။ သူ့မျက်လုံးများက တည်ငြိမ်နေ၏။ သူက ခေါင်းကို ခါယမ်းလိုက်ကာ ပြောသည် ... “ငါ တစ်ယောက်တည်းပဲ လုပ်ခဲ့တာ။ လီယောင်ကို သတင်းပေးလိုက်တာလည်း ငါပဲ။ ငါတစ်ယောက်တည်း အားလုံးလုပ်ခဲ့တာ”
ရီဖူရှင်း သူ့ကို ကြည့်လိုက်လျှင် သူ့ပုံစံမှာ တည်ငြိမ်နေသည်ကို မြင်၏။ သူက အရာရာကို ရင်ဆိုင်ရန် အသင့်ဖြစ်နေဟန်ရသည်။ ရှောင်ရှမ်းက နောက်ထပ် ပါဝင်ပတ်သက်သူများအား ထုတ်ပြောမည့်ဟန်မတူ။
ရှောင်ရှမ်းက အပြစ် ဝန်ခံပြီးလျှင်ပင် ထိုလူအား ကာကွယ်ပေး နေခဲ့သေး၏။ ထိုလူသည် ရှောင်မိသားစုထဲက တစ်ယောက်ယောက်လား။
“ဒီကိစ္စတွေကို မင်းတစ်ယောက်တည်း မလုပ်နိုင်ဘူး” ရီဖူရှင်း အေးစက်စွာ ပြောသည်။
“ငါ တစ်ယောက်တည်း လုပ်တာပါလို့ ပြောပြီးပြီး။ မင်း ငါ့ကို မယုံရင်လည်း ရတယ်” ရှောင်ရှမ်းက ပြောသည်။ သူက အခုထိ ဝန်မခံသေးပေ။
ရီဖူရှင်းက သူ့ကို ကြည့်သည်။ ရှောင်ရှမ်းက အရာအားလုံးကို ဝန်ခံခဲ့ပြီးပြီ ဆိုကတည်းက နောက်ပိုင်းကိစ္စများမှာ များစွာ လွယ်ကူ သွားပေတော့မည်။
ရှီဟွာတောင်ရှန့်ထိုက နန်းတော်ကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ လင်းအာနှင့် ဖီးနစ်တို့ အဆိပ်မိခဲ့၏။ သူ့သတင်းများမှာ အင်ပါယာရှားဘုံသို့ ပေါက်ကြားခဲ့၏။ ရှောင်ရှမ်းက သည်ကိစ္စများအား မည်သို့ တစ်ယောက်တည်း ကြံစည်နိုင်မည်နည်း။ အလွန် စွမ်းအားကြီးသည့် လူတစ်ယောက်က နောက်ကွယ်မှ အားလုံးကို ထိန်းချုပ်နေခြင်း ဖြစ်ရမည်။
သည်ကိစ္စမှာ မပြီးသေးပေ။
အထက်ကောင်းကင်တွင် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အလင်းက လောင်ကျွမ်းနေ၏။ ရှားရှင်းယွန်က ပြောသည် ... “နင် ရှန့်ထိုအဆင့်သို့ အရင် တက်လိုက်သင့်တယ်”
ရီဖူရှင်း ခေါင်းညိတ်၏။ သူက ရိပ်ခနဲ ကောင်းကင်သို့ ထိုးတက်သွားသည်။
မှောင်မိုက်နေသည့် တိမ်စိုင်များသည် အရာအားလုံးကို ဖုံးအုပ်ထားပြီး မိုးသက်မုန်တိုင်းများ ကျသည့်အလား ဖြစ်လာသည်။ နတ်ဘုရားပြစ်ဒဏ်က ရီဖူရှင်းထံသို့ ကျဆင်းလာပြီး သူ၏ ဝိညာဉ်စိတ်စွမ်းအင်များကို ပြင်းထန်စွာ နာကျင်စေသည်။ ထိုစွမ်းအားများကပင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီအား သန့်စင်၏။ သူ့စွမ်းအားများက ကောင်းကင်၊ မြေကြီးတို့နှင့် တစ်သားတည်းဖြစ်လာပြီး အာရုံခံစားမှုမှာ အဆမတန် အားကောင်း လာနေသည်။
နတ်ဘုရား ဆေးကြောသန့်စင်ခြင်း စွမ်းအား၏ စီးဆင်းလှည့်ပတ်မှု အောက်တွင် သူ့ခန္ဓာကိုယ်သည် တစ်စတစ်စ ပြောင်းလဲလာခဲ့၏။ သူ့ရုပ်ခန္ဓာကိုယ်သည် ရတနာဖြစ်လာပြီး သူ့ပညာရပ်သည် လမ်းစဉ်ဖြစ်လာ၏။ သူက ကောင်းကင်တွင်ပင် တည်ငြိမ်စွာ ထိုင်သည်။ သူ့အနေဖြင့် နတ်ဘုရား ဆေးကြေသန့်စင်ခြင်း ဖြစ်စဉ်ကို မကျော်ဖြတ်နိုင်စရာ မရှိပေ။
လူတိုင်းက အထက်ကောင်းကင်၌ ထိုင်နေသော အဖြူရောင်ဝတ်ရုံနှင့် လူငယ်ကို မော့ကြည့် လိုက်ကြသည်။ နတ်ဘုရားအလင်းက သူ့အပေါ်သို့ ဖျန်းပက် ရိုက်ခတ်လာလာလေ သူ့အရှိန်အဝါက တဖြည်းဖြည်း အားကောင်းသန့်စင်လေ ဖြစ်သည်။
အဆုံးမှာတော့ သူသည် ပိုးအိမ်ထဲမှ ဖောက်ထွက်လာသည့် လိပ်ပြာသဖွယ် ဖြစ်လာ၏။ နတ်ဘုရားအလင်းများသည် သူ့ကို လှပငြိမ်သက်စွာ စီးဆင်းလာပြီး ရုန်းရင်းဆန်ခတ် တိုက်ခတ်နေသော စွမ်းအားလှိုင်းများ တည်ငြိမ်သွားကာ မနက်ခင်း နေရောင်ခြည်က ကျယ်ပြောသော ကောင်းကင်တွင် ဖြာကျလာသကဲ့သို့ ကြောက်မက်ဖွယ် နတ်ဘုရားအလင်းမှာ ငြိမ်သက် ပျောက်ကွယ်သွား၏။
နတ်ဘုရားပြစ်ဒဏ်မှာ တဖြည်းဖြည်း အားနည်းလာပြီး အနက်ရောင် တိမ်တိုက်များက ကျယ်လွင့်သွား၏။ မနက်ခင်း နေရောင်ခြည်သည် ကောင်းကင်ကိုးလွှာမှ ရွှေမှုန်ရွှေစက်များနှင့်အတူ ကျဆင်းလာသည်။
အဖြူရောင် ဆံပင်များနှင့် လူငယ်က သူ့မျက်လုံးများကို ဖွင့်သည်။ မျက်လုံးတစ်စုံသည် ယရင်ကထက်ပို၍ နက်ရှိုင်းသွားကာ စိန်ပွင့်များအလား တလက်လက် ထနေ၏။
သူက ထရပ်လိုက်ပြီး လူအုပ်ကို ကြည့်သည်။ ထူးကဲ ဆန်းကြယ်လှသည့် အရှိန်အဝါများက သူ့ထံမှ ထွက်ပေါ်နေသည်။
ရီဖူရှင်းက ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့၏။
***