ဘာလို့ ငါ့ကို စိတ်ဆိုးအောင် လုပ်နေတာလဲ
Vol. 1-8 Ch. 94
နေဝင်ချိန်တွင် သဲသောင်ပြင်မှာ နွေးထွေးသည့် အနီရောင်အလင်းဖြင့် တောက်ပနေသည်။ ကျောင်းသားများသည် သားရဲအရိုးတချို့ကို မှိန်ပျပျ မြင်နေရသည်။ အတောမသတ်နိုင်သည့် ပူပြင်းမှုမျိုးက မြေပြင်ပေါ်မှ ရေအားလုံးကို အငွေ့ပျံစေချင်သည့်အလား သူတို့အားလုံးကို တိုးဝှေ့နေသည်။
သဲပြင်မှ ယခင်ထက်ပိုမို ထိတ်လန့်စရာကောင်းသည့် ဖိနအားတစ်မျိုး လှိုင်းသဖွယ် တရိပ်ရိပ်တက်လာပြီး သင်္ဘောပျံကို မတည်မငြိမ် ဖြစ်စေကာ ဘေးတိုက် လွှဲရမ်းသွားစေသည်။ အထူးသဖြင့် အပြင်ဘက်အလွှာမှာ လောင်ကျွမ်းနေသည့်အလား ထင်ရသည်။
အပူချိန်မှာ မြင့်မားလွန်းလှသဖြင့် ကမ္ဘာမြေပြင်ကို မီးလောင်တိုက်သွင်းနေသည့်အလား ထင်ရသည်။ သင်္ဘောပျံ၏ အကာအကွယ်မှ ထွက်ခွာသွားလျှင် သူတို့သည် ခန္ဓာကိုယ်ထဲမှ ရေဓါတ်အားလုံး တခဏအတွင်း ဆုံးရှုံးကာ အသက် အန္တရာယ်ရှိနိုင်သည်။
ဤမြင်ကွင်းက သင်္ဘောပျံပေါ်ရှိ ကျောင်းသားများ၏ နှလုံးသားကို လှုပ်ရမ်းသွားစေသည်။ ကျိုးရိဖန်၏ မျက်လုံးများက အရောင်ပြောင်းသွားပြီး ကျောက်ယမုန့်မှာ တည်ငြိမ်နေဟန် ပေါ်သော်လည်း သူမ၏ မျက်လုံးများမှာ တုန်လှုပ်သွားသည်။ အခြားလူများမှာလည်း အလားတူပင် ဖြစ်သွားကြသည်။
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်လာပြီး မသိစိတ်မှ ကြောက်လန့်မှုကြောင့် သင်္ဘောပျံ၏ လက်ရန်းမှ နောက်သို့ လေး၊ငါးလှမ်း ဆုတ်လိုက်မိသည်။ ကံကောင်းသည့်အချက်မှာ အပူလှိုင်းများကြား လေအေးလေးတစ်ချက် တိုက်လာသောကြောင့် သက်သာရာရသွားသည်။ သင်္ဘောပျံမှာလည်း ဆက်မလောင်တော့ဘဲ လေထုမှာ ပုံမှန်ဖြစ်သွားသောကြောင့် အားလုံးမှာ နှလုံးခုန်နှုန်း နှေးသွားကြသည်။
တဖြည်းဖြည်းနှင့် မြင်ကွင်းအဆုံးတွင် ဧရာမအိုအေစစ်ကြီး တစ်ခုကို မှုန်ဝါးဝါး တွေ့မြင်ရသည်။
ဤအိုအေစစ်၏ အနားသတ်မှာ ကျယ်ပြောလှပြီး သီးသန့်နေရာ တစ်ခုဖြစ်နေသည်။ အထဲတွင် တောင်တန်းများ၊ မြစ်များ ရှိနေပြီး အလယ်တည့်တည့်တွင် တောင်ကြီးတစ်လုံး ရှိနေသည်။ သို့သော် ခြုံပြောရလျှင် ထိုအိုအေစစ်နေရာကို ရှင်းလင်းစွာ မမြင်ရပေ။ ၎င်းပတ်ဝန်းကျင်တစ်ခုလုံးကို ထူးဆန်းသည့် စွမ်းအားတစ်မျိုးက ဝန်းရံထားပြီး လူ့အမြင်အာရုံကို လှည့်စားကာ အရာအားလုံးကို ပုံပျက်နေသည့်အလား မြင်နေရပြီး အာနာပါနအဆင့် မဝင်နိုင်အောင် ကာကွယ်ထားသည်။
ဤအိုအေစစ်၏ ဘေးတွင် လူအများ စုဝေးရာ ကွင်းပြင်တစ်ခုနှင့်အတူ လေဆိပ်ငယ်တစ်ခု ရှိသည်။ ထိုအခိုက် လေဆိပ်ထဲတွင် အဖြူ၊ အနက်နှင့် လိမ္မော်ရောင် သင်္ဘောပျံများ ရှိနေသည်။ အဖြူ၊ အနက်၊ လိမ္မော်ရောင် ဝတ်ရုံများ ကိုယ်စီ ဝတ်ဆင်ထားကြသည့် လူတစ်ထောင်စီက ကွင်းပြင်ထဲတွင် စုဝေးလျက် ရှိသည်။
ကွင်းပြင်ကို ဝန်းရံထားသည့် နံရံတစ်ခုလည်း ရှိနေသည်။ အပူလှိုင်းများက သဲများကို တွန်းဖယ်လိုက်သည့်အခါ အိုအေစစ်သို့ ဆက်သွယ်ထားသည့် လမ်းသွယ်လေးတစ်ခုကို တွေ့နိုင်သည်။ ဤသည်မှာ အိုအေစစ်ကို ဝင်နိုင်သည့် တစ်ခုတည်းသော ဘေးကင်းသည့် လမ်းဖြစ်ပုံပေါ်သည်။
နံရံဖြင့် ကာကွယ်မထားသည့် ကွင်းပြင်၏ အပြင်ဘက်နေရာတွင် အပူချိန်မှာ မြင့်တက်နေဆဲ ဖြစ်ပြီး သာမန်လူသားများ ထိုနေရာတွင် အသက်မရှင်နိုင်ပေ။
ကွင်းပြင်၏ ဘေးဘက်တွင် အမြင့်ပေ ဆယ်ဂဏန်းရှိသည့် ကျောက်တိုင်တစ်တိုင် ရှိပြီး ၎င်းပေါ်တွင် စကားလုံးငါးလုံး ရေးထိုးထားသည်။
ဝိညာဥ်အမြစ်ရွာ
ဤနေရာသည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံး အကျိုးအပဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကာ တာအိုကျောင်းလေးခုက ထိန်းချုပ်ထားသည့် ဝိညာဥ်အမြစ်ရွာ ဖြစ်သည်။
အခြား တာအိုကျောင်းသုံးခုမှ ကျောင်းသားများကို သယ်ဆောင်လာသည့် သင်္ဘောပျံသုံးစင်းက ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်တာအိုကျောင်းတော်မှာ အဝေးဆုံး ဖြစ်သောကြောင့် နောက်ဆုံးမှ ရောက်ရှိလာခြင်း ဖြစ်သည်။ ကောင်းကင်တာအိုကျောင်းတော်မှ သင်္ဘောပျံ နီးလာလျှင် အခြား တာအိုကျောင်းသုံးခုမှ ဆရာများနှင့် ကျောင်းသားအားလုံးတို့က ခေါင်းမော့ ကြည့်လိုက်ကြသည်။
သူတို့၏ အကြည့်များအောက်တွင် ကောင်းကင်တာအိုကျောင်းမှ သင်္ဘောပျံမှာ အကာအကွယ် နံရံအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာပြီး နေရာလွတ်၌ ဆင်းသက်လာသည်။ တာအိုကျောင်းဆရာများ၏ စီစဉ်ညွှန်ကြားချက်ဖြင့် ကျောင်းသားအားလုံး သင်္ဘောပျံမှ ဆင်းသက်လာကြသည်။
“ သေချာ ကြည့်ထားကြ။ အဖြူဝတ်ထားတဲ့သူတွေက သမင်ဖြူတာအိုကျောင်းတော်က။ အနက်ဝတ်ထားတဲ့သူက ကျောင်းခွဲက။ အဝါနဲ့လူတွေက မဟာမြစ်တာအိုကျောင်းက”
ကျောင်းသားများ သင်္ဘောပျံထဲမှ ဆင်းသက်ချိန် ကောင်းကင်တာအိုကျောင်းမှ ဆရာများက ရှင်းလင်းပြောပြသည်။
ဝမ်ပေါင်လဲ့က လူအုပ်ကြားထဲ၌ လျှောက်လာရင်း အကာအကွယ် နံရံကို စူးစမ်း ကြည့်လာသည်။ ဆရာများ၏ ရှင်းလင်းချက်ကို နားထောင်ပြီးနောက် အခြားသော တာအိုကျောင်းမှ လူများကို ကြည့်လိုက်သည်။ သူ့အကြည့်များက လူအုပ်ထဲသို့ ဝေ့ဝဲသွားပြီး ကျောက်စိမ်းပြားပေါ်မှ မြင်ခဲ့ရသည့် ကျောင်းသားများကို ရှာကြည့်မိသည်။ မကြာခင် သူက မီးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသည့် သမင်ဖြူတာအိုကျောင်းတော်မှ လီယီကို တွေ့သွားသည်။
လီယီမှာ ခန္ဓာကိုယ်သေးသွယ်ပြီး လှပချောမောသူဖြစ်သည်။ သူမသည် ဆံပင်ကို ခပ်မြင့်မြင့် မြှောက်စည်းထားကာ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသောကြောင့် နတ်သမီးအလား ထင်ရလေသည်။ သို့ရာတွင် ယခု သူမသည် ကောင်းကင်တာအိုကျောင်းမှ လူများကို အာရုံမစိုက်အားပေ။ သူမသည် မှန်သေးသေးတစ်ချပ်ကို ကြည့်ကာ ပေါင်ဒါများ လိမ်းခြယ်နေသည်။
သူမသည် မှန်ကို ဟိုဘက်၊ သည်ဘက် စောင်းကြည့်ကာ မျက်နှာအမူအရာမှာ ကျေနပ်နှစ်သိမ့်ခြင်းများ ပြည့်လျှံနေသည်။ ဝမ်ပေါင်လဲ့နှင့် အခြားကျောင်းသားများမှာ ဤမြင်ကွင်းကို မြင်လျှင် အံ့ဩသွားကြသည်။ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။
“ ငါနဲ့ မျိုးဆက်တူ ကျောင်းသားတစ်ယောက်က ဘာလို့ ဒီလောက်တောင် မာန်တက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်တွေကြီးနေရတာလဲ ”
ဝမ်ပေါင်လဲ့က သမင်ဖြူတာအိုကျောင်းတော်ကို စိတ်ပျက်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ သူသည်လည်း စိတ်မထိန်းနိုင်ဘဲ မှန်တစ်ချပ်ကို ထုတ်ကြည့်ပြီး အမြန် ပြန်ချလိုက်သည်။ ထို့နောက် အခြားတာအိုကျောင်းသုံးခုမှ ကျောင်းသားများကို ဆက်လက် လေ့လာ စူးစမ်းနေတော့သည်။
မကြာမီ သမင်ဖြူတာအိုကျောင်းခွဲမှ ဝူဖန်နှင့် မဟာမြစ်တာအိုကျောင်းတော်မှ စွန်းယွင်တို့ကို တွေ့သွားလေသည်။ သူသည် ကျိုးရိဖန်နှင့် အတော်လေး ဆင်တူသည့် အရပ်ရှည်ရှည်၊ တောင့်တောင့်ဖြောင့်ဖြောင့် ကျိုးရိရှန်ကိုပါ သတိထားမိသွားသည်။
သူတို့မှာ အမှန်တကယ် ဆက်စပ်နေနိုင်သည်။ ကောင်းကင်တာအိုကျောင်းမှ ပေးထားသည့် ကျောက်စိမ်းပြားထဲ၌ တချို့လူများ၏ ရုပ်ပုံမပါချေ။ ကျိုးရိရှန်မှာလည်း ထိုကျောင်းသားထဲမှ တစ်ယောက်ဖြစ်သည်။ ယခု ဝမ်ပေါင်လဲ့က ကျိုးရိရှန်၏ မျက်နှာကို ပထမဆုံး မြင်လိုက်ရလျှင် အံ့ဩစွာဖြင့် ကျိုးရိဖန်ကို လှည့်ကြည့်လိုက်သည်။
သို့သော် ကျိုးရိဖန်မှာ အဝေးသို့ ထွက်ခွာ ပျောက်ကွယ်သွားလေပြီ။ ဝမ်ပေါင်လဲ့နောက်ကွယ်၌ သူသည် ကျိုးရိရှန်ကို စူးစိုက်ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
တချိန်တည်းမှာပင် ကောင်းကင်တာအိုကျောင်းကလည်း အခြားတာအိုကျောင်းများကို ပြန်ကြည့်နေကြသည်။ ကောင်းကင်တာအိုကျောင်းမှ ကျောက်စိမ်းပြားများကဲ့သို့ အခြားတာအိုကျောင်းသုံးကျောင်းမှာလည်း အလားတူ ပစ္စည်းများ ရှိနေသည်။ ယခု အခြားတာအိုကျောင်းများက စီနီယာကျောင်းသားများကိုသာမက ကျိုးရိဖန်၊ ချန်းကျစ်ဟန်၊ လီနန်နှင့် အခြားကျောင်းသားများကိုလည်း ကြည့်နေကြသည်။ သို့သော် အထူးတလည် စိတ်ဝင်စားခံရသူများမှာ ကျောက်ယမုန့်နှင့် ဝမ်ပေါင်လဲ့တို့ ဖြစ်သည်။
ကျောက်ယမုန့်၏ စွဲေဆာင်ခြင်းကို ခံရသည်မှာ အထူးအဆန်းမဟုတ်ပေ။ ကျောက်ယမုန့်၏ ထီမထင်ဟန်နှင့် ထူးခြားလှသည့် အလှတရားတို့ကြောင့် မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ သူမသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံရလေ့ရှိသည်။ သူမသည် အထူးတလည် မပြင်ဆင်ရဘဲ အလိုလို ဆွဲဆောင်မှု ရှိနေသည့်အလား အခြားတာအိုကျောင်းများမှ ကျောင်းသားများကို မှင်သက်မိသွားစေသည်။
တုမင်ကို ကြည့်ကြသူများလည်း ရှိသည်။ သူမ၏ခန္ဓာကိုယ်မှာ ဖွံ့ထွားလာပြီးနောက် နဂိုချောမောလှပသော မျက်နှာလေးနှင့် ခပ်မြင့်မြင့် အရပ်တို့ကြောင့် ပို၍ပင် ဆွဲဆောင်မှု ရှိလာသည်။
ဝမ်ပေါင်လဲ့မှာမူ သူ၏ ကျော်ကြားမှုက မသိသူမရှိလောက်အောင် ပျံ့နှံ့ခဲ့သူဖြစ်သည်။ ထို့ပြင် သူ့ခန္ဓာကိုယ်မှာလည်း ထူးခြားလှရာ သူ့ကို သတိမထားမိစရာ အကြောင်းမရှိပေ။ ဝမ်ပေါင်လဲ့ကိုယ်တိုင်လည်း သတိထားမိသည်။ သူက မျက်တောင်ခတ်ကာ သူ့ကျောင်းမှ စီနီယာကျောင်းသားကြီးများကို ကြည့်၍ သက်ပြင်းချလိုက်သည်။
“ ရုပ်ချောတဲ့လူတွေက ဘယ်သွားသွား အမြဲတမ်း လူကြည့်ခံရတာပဲ။ ငါ ဒီလောက် သိုသိုသိပ်သိပ်နေတာကို သူတို့က ငါ့ကို ကြည့်နေကြသေးတယ်။ ငါ ကျောက်ယမုန့်နဲ့ ဘေးချင်းယှဉ်ရပ်နေရမလား။ အဲဒီလိုဆို တခြားတာအိုကျောင်းက လူတွေ ငါ့ကို ကြည့်ရမလား၊ သူ့ကို ကြည့်ရမလား စဉ်းစားစရာကို မလိုဘူး ”
ဝမ်ပေါင်လဲ့က သက်ပြင်းချကာ ပြောလိုက်စဉ် သူ့ဘေးမှ ကျောင်းသားက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ထိုကျောင်းသားမှာ ခေါင်းကို ခါယမ်းကာ ခါးသီးစွာ ရယ်မောလိုက်ပြီး ဝမ်ပေါင်လဲ့ကို လျစ်လျူရှုလိုက်သည်။
တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားများက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ သူတို့စိတ်ထဲမှ ထင်မြင်ချက်ကို အတည်ပြုနေကြစဉ် ပါမောက္ခများ၊ ဆရာများ၊ ကျင့်ကြံသူများကလည်း အတူတကွ စုဝေးလိုက်ကြသည်။ သူတို့ စကားစမြည်ပြောကာ ရယ်မောနေစဉ် အချိန်ကို သတိထားမိလိုက်ကြသည်။ ကျောင်းလေးခုလုံးမှ ပါမောက္ခများ၏ အမူအရာများ လေးနက်သွားကြသည်။
“ အချိန်အများကြီး မကျန်တော့ဘူး။ ငါတို့ ပြင်ဆင်သင့်ပြီ။ သံလိုက်ဒီရေလှိုင်းတက်လာရင် မှော်ဝင်နယ်မြေကို ဖွင့်မယ် ”
ဆွေးနွေးပြီးနောက် ပါမောက္ခလေးယောက်က အမိန့်များ ပေးလိုက်ကြသည်။ မကြာမီ တာအိုကျောင်းလေးကျောင်းမှ လိုက်လာခဲ့ကြသည့် ကျင့်ကြံသူများက ချက်ချင်းပင် ဖြန့်ကျက်ကာ နေရာယူလိုက်ကြသည်။ စုစုပေါင်းတစ်ရာခန့် ရှိပြီး အားလုံးက ကွင်းပြင်ထဲ၌ တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
အားလုံး၏ လှုပ်ရှားမှုများကို တွေ့မြင်ပြီး ကျောင်းလေးကျောင်းမှ ကျောင်းသားလေးထောင်တို့ ငြိမ်ကျသွားသည်။ ညရောက်လာလျှင် ကွင်းပြင်၏ ဘေးပတ်လည်နှင့် အရှေ့ဘက်မှ ပုံစံပျက်ယွင်းခြင်းများက ထင်ရှားသိသာလာသည်။ ၎င်းတို့က မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မြေပြင်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။
ညကောင်းကင်အောက်တွင် ထိုအလင်းရောင်က တစတစ ပိုလင်းလာကာ နောက်ဆုံးတွင် ထိန်ထိန်သာအောင် လင်းလက်သွားပြီး ညအမှောင်ကို ခွင်းကာ နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။ အဝေးမှ ကြည့်လျှင် ကောင်းကင်ယံသို့ မြင့်တက်နေသည့် မီးလုံးကြီးအလား ထင်ရသည်။
ကောင်းကင်တစ်ခုလုံးမှာ အရောင်များ လွှမ်းနေပြီး အိပ်မက်ဆန်ဆန် အသွင်မျိုး ဖြစ်ပေါ်နေသည်။
ဤသည်မှာ အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားသောကြောင့် ကျောင်းသားများမှာ အလန့်တကြား ဖြစ်ကုန်ကြသည်။ တာအိုကျောင်းလေးကျောင်းမှ ပါမောက္ခများက ခေါင်းမော့ကာ ကြည့်လိုက်ကြပြီး မန္တန်များ အသီးသီး ရွတ်ဆိုကာ လက်ချောင်းများ လှုပ်ရှားသွားကြသည်။ သူတို့ထဲမှ သမင်ဖြူတာအိုကျောင်းပါမောက္ခက ရုတ်တရက် စကားတစ်ခွန်း ပြောလိုက်သည်။
“ တာအိုရောင်းရင်းတို့၊ စတင်ကြတော့”
သူ့စကားများ ထွက်သွားသည်နှင့် ကွင်းပြင်ထဲမှ ကြုံးဝါးသံ ထွက်ပေါ်လာသည်။ ကျင့်ကြံသူတစ်ရာခန့်က မန္တန်များ စီရင်ကာ လက်ဟန်များဖော်လိုက်ကြပြီး သူတို့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကြသည်။ ထိုအခိုက်အတန့်တွင် မန္တာန်အစီအရင်၏ စွမ်းအားက မုန်တိုင်းတစ်ခုအလား ကောင်းကင်သို့တိုင် မြင့်တက်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြတ်သန်းသွားပြီး ကွင်းပြင်နှင့် အစိမ်းရောင် သမုဒ္ဒရာတို့ တွေ့ဆုံသည့် နေရာတစ်လျှောက် ရွေ့လျားသွားကာ သမုဒ္ဒရာဆီသို့ လိမ့်ဆင်းသွားသည်။
၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ကောင်းကင်နှင့် ကမ္ဘာမြေကို လှုပ်ခတ်သွားစေလောက်အောင် မြည်ဟည်းသံကြီး လွင့်ပျံနေပြီး နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။ အစိမ်းရောင် သမုဒ္ဒရာနှင့် လေမုန်တိုင်းတို့ တွေ့ဆုံသည့် အခိုက် မီးလျှံမှာ လေပြင်းတိုက်သည့် မီးတောက်အလား စောင်းသွားသည်။ ယင်းက တစ်ဖက်တည်းသို့ စောင်းနေစဉ် မုန်တိုင်းအခြေတည်ရာ အရပ်မှာ ဟာကွက်များ ဖြစ်ပေါ်လာသည်။
“ မဝင်ကြသေးဘူးလား ”
ကောင်းကင်တာအိုကျောင်းမှ ပါမောက္ခက သူတို့ကို မျက်လုံးပြူးကာ ကြည့်နေသည်။ သူက ပုံမှန်လေသံဖြင့် ပြောသည့်တိုင် သူ့အသံမှာ မိုးခြိမ်းသံအလား ကျယ်လောင်သွားသည်။
ကွင်းပြင်ထဲမှ ကျောင်းသားလေးထောင်တို့က အသက်ကို ပြင်းပြင်း ရှိုက်ကာ အတွင်းစိတ်ထဲမှ ထိတ်လန့်မှုကို ချုပ်တည်းလိုက်ကြသည်။ သူတို့အားလုံးက အရှိန်ကို မြှင့်တင်ကာ တွေဝေနေသည့်စိတ်နှလုံးဖြင့် အိုအေစစ်ဆီ အမြန်ပြေးသွားကြသည်။
“ ဟွမ်ကွေ့”
ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်သွားသည်။ သူနှင့် ရင်းနှီးသည့် တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည့် ပျော်ရွှင်မှုက ယခင်က ထိတ်လန့်မှုကို ဖယ်ရှားသွားသည်။ သူ့ဘေးမှ လူမှာ သူ့ဇာတိမြို့ စုဝေးပွဲတွင် တွေ့ခဲ့သည့် မဟာမြစ်တာအိုကျောင်းသို့ ဝင်ရောက်ပြီးနောက် အသီးအရွက် ကျောင်းသားခေါင်းဆောင် ဖြစ်သွားသူ ဖြစ်သည်။
ဟွမ်ကွေ့သည် ဝမ်ပေါင်လဲ့ကို သတိထားမိသည်မှာ ကြာပြီ ဖြစ်သည်။ ကျောင်းသားတွေ့ဆုံပွဲမှာ ကသိကအောက်ဖြစ်ခဲ့သောကြောင့် ဝမ်ပေါင်လဲ့ကို နှုတ်ဆက်ရန် မျက်နှာပူနေခြင်း ဖြစ်သည်။ ယခု ဝမ်ပေါင်လဲ့က သူ့ဆီလာပြီး နာမည်ကို ခေါ်ကာ စကားပြောချင်နေသည်ကို တွေ့လိုက်ရသည်။ သို့ရာတွင် ထိုအခိုက် လှောင်ပြောင်နှိမ့်ချသည့် အသံတစ်သံကို ကြားလိုက်ရသည်။
“ မင်းက ဝမ်ပေါင်လဲ့လား။ မင်းက ကိုယ့်အလေးချိန်တောင် မထိန်းနိုင်တာ။ ဘာကောင်မှ မဟုတ်ဘူးထင်ပါတယ် ”
ပြောလိုက်သည့်လူမှာ သမင်ဖြူတာအိုကျောင်းခွဲ၏ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက် ဖြစ်သည်။ သူ့မျက်လုံးထဲမှ အထင်သေးကာ ရန်စလိုသည့် အမူအရာများကို ဖုံးကွယ်မထားပေ။
အကြောင်းမရှိ ပုတ်ခတ်ပြောဆိုခံရသောကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးပြူးကာ ကြည့်လိုက်သည်။
“ ငါ ရုပ်ချောတာကို မနာလိုနေတာလား။ ဒီအရူးက ဘယ်ကောင်တုန်း။ ဟွမ်ကွေ့ မင်း အဲ့ကောင်ကို သိလား ”
ဟွမ်ကွေ့မှာ မျက်မှောင်ကြုတ်သွားသည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ပိုရင်းနှီးပြီး ဝမ်ပေါင်လဲ့ကို သူ့ရှေ့တွင် နှိမ့်ချလှောင်ပြောင်နေသည်ကို မြင်ရသောကြောင့် စိတ်မသက်မသာ ဖြစ်သွားရသည်။ တာအိုကျောင်းလေးကျောင်းသို့ ဝင်ခွင့်ရသူများမှာ လူတစ်ယောက်ကို ရန်ငြှိုးရန်စ မရှိဘဲ ထိုမျှ ရိုင်းရိုင်းစိုင်းစိုင်း ပြောသည်အထိ ထုံထိုင်းကြသူများ မဟုတ်ပေ။
ပိန်ပိန်ပါးပါး လူငယ်က ဝမ်ပေါင်လဲ့စကားများကို ကြားပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။
“ ငါ မင်းကို ပြောမယ်။ ကောင်းကင်တာအိုကျောင်းက သုံးထပ်ကွမ်း ကျောင်းသားခေါင်းဆောင်ဆိုတာ သမင်ဖြူတာအိုကျောင်းခွဲအတွက် ဘာမှ မဟုတ်ဘူး။ ဒီတော့ မင်းက တကယ်ကြီး အစွမ်းထက်နေသလိုမျိုး မလုပ်စမ်းပါနဲ့၊ မဟုတ်ရင် ငါ မင်းကို ကောင်းကောင်းကြီး သင်ခန်းစာပေးပစ်မယ် ”
သူက ပြောနေရင်း ခေါင်းကို မော့ထားပြီး ထွက်ခွာချင်နေသည်။
သို့သော် သူက ဝမ်ပေါင်လဲ့ကို သေချာနားမလည်ပေ။
သူက လှည့်ထွက်ရန် ပြင်လိုက်စဉ် ဝမ်ပေါင်လဲ့က ဒေါသတကြီး ကြည့်ကာ ရှေ့သို့ တိုးလိုက်သည်။ လူငယ်မှာ ရပ်တန့်သွားစဉ် ဝမ်ပေါင်လဲ့က ညာလက်ကို မြှောက်ကာ လူငယ်၏ လက်ချောင်းကို ဆွဲယူလိုက်ပြီး လိမ်ချိုးကာ ကြုံးဝါးလိုက်သည်။
“ ငါ့ကို အဖေခေါ်စမ်း ”